Friday, November 8, 2013

ဆရာမာန်(တောင်လုံးပြန်) ၏ ပဲ့ကိုင်ရှင်မဂ္ဂဇင်းအယ်ဒီတာများနှင့် တွေ့ဆုံခြင်း, အပိုင်း (၂)

ကျွန်တော် မန္တလေးမှာ အဘိုး၊ အဘွားတွေနဲ့ နေလာစဉ်ကတော့ နွေကျောင်းပိတ်ရက်ဆိုရင် မိဘ တွေရှိတဲ့ ရန်ကုန်ကို လာပါတယ်။ ကျောင်းပိတ်ရက်တွေ ရန်ကုန်ရောက်တဲ့အခါ ကျွန်တော့်အဖေက မဂ္ဂဇင်း မှာ အားကစားဆောင်းပါးတွေ ရေးနေတော့ မဂ္ဂဇင်းစာအုပ်တွေ လက်ဆောင် ရပါတယ်။ ရှုမ၀၊ မြ၀တီ၊ ငွေတာရီ၊ သွေးသောက် အဲဒါတွေ ရပါတယ်။ အမေက စာဖက်တာ အရမ်းဝါသနာပါတယ်ဗျ။ ညီတွေက ငယ် သေးတော့ စာမဖတ်ကြသေးဘူး။ အိမ်မှာ ဆိုရင် အမေရယ်၊ အဖေရယ်က စာဖတ် ၀ါသနာပါတယ်။ အမေက သူ ဖတ်ပြီးရင် စာအုပ်တွေ၊ မဂ္ဂဇင်းတွေ ထင်းရှူးသေတ္တာနဲ့ သေသေချာချာ သိမ်းထားပေးတယ်။ လစဉ် ရသမျှ မဂ္ဂဇင်းတွေ၊ တခြား လုံးချင်းတွေဆိုရင် စနစ်တကျ ဗီရိုနဲ့ ထည့်သိမ်းထားပါတယ်။ ကျွန်တော် နွေရာသီ ကျောင်း ပိတ်တဲ့ ၂ လမှာ လာပြီဆိုရင် အဲဒါတွေ ဖတ်တော့တာပဲ။ ဒါက စာဖတ် ၀ါသနာ အစ ပါ။ ကို ဆက်ဖတ်ရန် ...

စာတည်း။   ဆရာတို့ မိသားစုထဲမှာ မန္တလေးမှာ မွေးတဲ့သူတွေနဲ့၊ ရန်ကုန်မှာ မွေးတဲ့သူတွေ ပြောပြပေးပါဦး ဆရာ။

ဆရာဝင်းငြိမ်း။   ကျွန်တော်တို့ မန္တလေးမှာ မွေးတာက ကျွန်တော်ရယ်၊ ဆန်နီညိမ်းရယ်၊ ရဲမြင့်ညိမ်းရယ်၊ မျိုးမြင့်ညိမ်းရယ် ... လေးယောက်ပါ။ ရန်ကုန်မှာ မွေးတာက ကျွန်တော့်ညီ . ညီမ . မာလာညိမ်း၊ စန္ဒာညိမ်း၊ ထွန်းမောင်ညိမ်း၊ ထွန်းအောင်ညိမ်းဆိုပြီး လေးယောက်က ရန်ကုန်မှာ မွေးပါတယ်။ မောင်နှမ ၈ ယောက် မှာ ကျွန်တော့်ညီမ စန္ဒာညိမ်းက ၁၉၇၆ ခုနှစ်၊ မေလ ၁၂ ရက်က မိသားစု လက်ခုပ်ကုန်းကို ပျော်ပွဲစားထွက် ကြရင်းရေနစ်ပြီး ဆုံးသွားပါတယ်။ ကျွန်တော် စာဖတ်ဝါသနာပါလာပြီးတဲ့နောက် ခုနစ်တန်း ကျောင်းသား ဘ၀မှာ ရန်ကုန် အလည်လာရင်း ၁၉၆၀ မှာ ကျွန်တော့်အဖေက Parade ဆိုတဲ့ စာစောင်ဝယ်ဖတ်တယ်။ အဲဒီထဲမှာ ၀တ္ထုတွေလည်း ပါတယ်။ ၂ ပုဒ်စီ ပါတယ်။ ကျွန်တော် အဲဒါတွေ ယူဖတ်ရင်း ၀တ္ထုရေးချင် လာတယ်။ ဖေဖေကလည်း ရေးကြည့်ပါလားလို့ တိုက်တွန်းပါတယ်။ ကျွန်တော်ရေးကြည့်မိ တယ်။ Adapt လုပ်ပြီး ရေးကြည့်တာပါ။

အဖေက မပြင်ဘူး။ မပြင်ဘဲနဲ့ စုံထောက်မဂ္ဂဇင်းကိုင်တဲ့ ဆရာ မိုးဝေဆိ ခေါ်သွားပါတယ်။ နေရာကတော့ ကမ်းနားလမ်း လို့ ထင်တယ်။ ကျွန်တော် မမှတ်မိဘူး၊ တိုက် အဟောင်းကြီးတစ်ခုပဲ၊ အဖေက ခေါ်သွားပြီးတော့ '' ဒါ ကျွန်တော့်သား'' ဆိုပြီး ဆရာမိုးဝေဆီ ဆိုတော့ ဟာ ... ကျွန်တော် အရမ်းပျော် သွားတယ်။ ဒီလို မမျှော်လင့်ဘဲ လွယ်လွယ်ကူကူနဲ့၊ အဖေ့ ကျေးဇူးလည်း ပါတာပေါ့လေ၊ ဖော်ပြ ခံရမှာဆိုတော့ အရမ်းဝမ်းသာသွားတယ်။ ကျွန်တော်က ကလောင်နာမည်တွေ ဘာ တွေမပေးတတ်တော့ အဖေကဘဲ ''ဂျူနီယာဘညိမ်း'' ဆိုပြီး ကလောင်နာမည် တပ်ပေးလိုက်တယ်။ အဲဒီ ၀တ္ထုလေးကို တစ်နေ့က ဆရာလေး ကိုတင် ကူးလာပေးလို့ ပြန်ရခဲ့သေးတယ်။

စာတည်း။    ဆရာ ၁၉၇၉ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှာ ဆရာ့ ဖေဖေ ဆုံးသွားခဲ့ပါတယ်။ ဆရာ့ဖေဖေ ကျားဘညိမ်း မကွယ်လွန်မီ ဖြစ်ရပ်လေးတွေနဲ့၊ ဆရာ့ ဖေဖေအကြောင်း ဆရာ မှတ်မိသမျှ ပုံရိပ်လေးတွေ ပြောပြပေးပါဦး ဆရာ။

ဆရာဝင်းငြိမ်း။     ကျွန်တော့်အဖေက ၁၃ နှစ်သားကတည်းက လက်ဝှေ့စထိုးတာပါ။ ဖေဖေက ကျွန်တော် တက်ခဲ့ တဲ့ သံတဲကျောင်းမှာပဲ ကျောင်းတက်ခဲ့ပါတယ်။ နောက်တော့ ''၀ယ်စလီယန်''ကျောင်းကို ပြောင်းပြီး တက်တယ်။ နောက် အမျိုးသားကျောင်းကို ပြောင်းတယ်။ အမျိုးသားကျောင်း ဆိုတာက အမျိုးသားခေါင်းဆာင် ကြီး ဦးရာဇတ်ရဲ့ ကျောင်းပါ။ အဲဒီမှာ လူထုဒေါ်အမာတို့လည်း တက် တယ်။ ဒေါ်ပတ္တမြားခင် နဲ့ ကျတော့ သံတဲကျောင်းမှာ အတူတက်ခဲ့တယ်။ အမျိုးသားကျောင်းမှာ တက်နေတုန်း က ဆရာကြီး ဦးရာဇတ် က ယောက်ျားလေးတွေ လက်ဝှေ့၊ ကိုယ်ခံ ပညာသင်ရမယ် ဆိုပြီး နိုင်ငံခြားသား လက်ဝှေ့နည်းပြ တစ်ယောက် ငှားပေးတယ်။ ''ဘီလ်ဖစ်ရှား''လို့ခေါ်တယ်။ ငှားပြီးတော့ ယောက်ျားလေးတွေ အားလုံး ကို ဘောက်ဆင် သင်ခိုင်းတယ်။

အဲဒီတုန်းက ဒေါ်အမာက ပြောတယ်။ သူ ရေးတောင် ရေးဖူးသေးတယ်။ သူက ဆရာကြီးဆီ သွားပြောတယ်။ ယောက်ျားတွေကျတော့ ဘောက်ဆင် သင်ပေးတယ်။ နိုင်ငံခြားက လက်ဝှေ့နည်းပြတောင် ခေါ်ပြီး သင်ပေးတယ်။ သူတို့ကျတော့ ဘာမှ မလုပ်ပေးဘူးဆိုပြီး ဆရာကြီးဆီ သွားပြော တာဗျ။ ဆရာကြီးက ဆေးပြင်းလိပ်ကြီးခဲပြီး အမြဲနေတတ်ပါတယ်။ ဒေါ်အမာက အဲဒါ သွားပြောတော့ ဆရာကြီးက ''ရတယ်၊ ငါ လုပ်ပေးမယ်''ဆိုပြီး သောက်ရေအိုးကို ရိုက်ခွဲလိုက်တယ်တဲ့။ ခွဲပြီးတော့ အစိတ်စိတ်အမြွာမြွာ ကွဲသွားတဲ့ အိုးခြမ်းတွေ ကောက်ပြီး ''ရော့ ... ရှပ်ဒိုးပစ်'' ဆိုပြီး ပေးလိုက်တာတဲ့။ ရှပ်ဒိုး ဆိုတာ အကွက် တွေဆွဲပြီး ကစားတာ။ ရန်ကုန်မှာတော့ ကုလားမစည်းနင်း ကစားနည်းပေါ့။ အဲဒါ လုပ်ပေးလိုက်ပါတယ်။  ကစားကြဖို့ ပြောတော့ ဒေါ်အမာတို့ တပ်ခေါက် ပြန်လာကြတယ်လို့ ပြောပြတယ်ဗျ။

အဖေက အဲဒီမှာ လက်ဝှေ့ထိုးသင်ခဲ့တယ်။ တစ်လျှောက်လုံး ထိုးခဲ့တယ်။ စစ်ပြေးတဲ့ ကာလတုန်း ကအဖေ တို့ ဘုံးအိုးဆိုတဲ့ ရွာလေးတစ်ရွာဘက်ကို ပြေးကြတယ်။ အခုဆိုရင် မန္တလေး ချမ်းမြသာစည် နားလို့ ပြော၇မှာပဲ။ ဘုံးအိုးဆိုတာ ဘုံးအိုး(ဗုံးအိုး)ပါ။ အရင်ခေတ်က နန်းတော်ကို အိုးတွေလုပ်ပြီး ဆက် သကြတော့ ဗုံလို ပုံစံ အိုးတွေ ဆက်ရင်း ဗုံးအိုးလို့ခေါ်တား။ နောက်တော့ ဗုံးအိုး (ဘုံးအိုးရွာ)ဖြစ် လာတာ နေမယ်။ အဲဒီ ရွာထဲကို အဖေတို့ စစ်ပြေးကြတယ်။ ကျွန်တော့်အဘိုး အဘွားတွေရော၊ ဆွေမျိုးသားချင်းတွေရော ပါတာ ပေါ့ဗျာ။ နောက် ... အင်္ဂလိပ်တွေ ရောက်လာတဲ့အခါ ရွာထဲ ကို အင်္ဂလိပ်စစ်သားတစ်ယောက် ရောက်လာပြီး လက်ဝှေ့အိတ်တွေကိုင်ပြီး လက်ဝှေ့ထိုးတတ်တဲ့သူ လိုက်ရှာတာ။ လိုက်ရှာတော့ ရွာထဲက လူတွေက ပထမ မပြောကြဘူးဗျ။ နောက်တော့ တစ်ယောက်က ရှိတယ်၊ ရွာထဲမှာ လက်ဝှေ့ထိုးတတ်တဲ့သူ ရှိတယ်၊ ဘယ်သူလဲ ပြဆိုတော့ ... ဘညိမ်းပေါ့လေ။ သူက တွေ့တော့ '' ရော့ လက်ဝှေ့အိတ် ယူ၊ ထိုးရမယ်'' ဆိုပြီး ထိုးခိုင်းရောဗျ။ ထိုးခိုင်းတော့ ... ကျွန်တော့် အဖေ လည်း ထိုးတာပေါ့။ ကျွန်တော့်အဖေ လက်ဝှေ့ထိုးတဲ့ ပုံစံက မရပ်မနားတရစပ်ထိုးတဲ့ပုံစံဗျ။ အဲဒါ ထိုးကြရင်းနဲ့ စစ်သားဟာ ဗုံးခိုကျင်းထဲ ကျသွားတယ်။

    သူကပဲ ကွန်ဂရက်ကျူးလေးရှင်းလုပ်ပြီး တံဆိပ်လေးတစ်ခု ပေးသွားတယ်။
    မြန်မာပြည်မှာ လုပ်တဲ့ ချစ်ကြည်ရေးပွဲတွေမှာလည်း အမြဲအနိုင်ရခဲ့ပါတယ်။ တစ်ခါတုန်းက အိန္ဒိယ လက်ဝှေ့ချစ်ကြည်ရေးအဖွဲ့ တစ်ဖွဲ့လာပါတယ်။ အဲဒီမှာ ပြိုင်ကြတော့ မြန်မာပြည် ကိုယ်စားပြုတဲ့ လက်ဝှေ့ သမားအားလုံးရှုံးပြီး ကျွန်တော့်အဖေ တစ်ယောက်ပဲ နိုင်ပါတယ်။ နိုင်တော့ မန္တလေး လူထုသတင်းစာက ဘယ်လို ရေးသလဲဆိုရင် ''ကျားကလေးကြောင့်သာ မြန်မာတွေ ခေါင်းဖော်နိုင်တော့လည်း''လို့ ခေါင်းစဉ် တပ်ပြီး ရေးခဲ့ပါတယ်။
    ကျွန်တော့်အဖေ မန္တလေးမှာ အသက်မွေးဝမ်းကျောင်းလုပ်တဲ့ အလုပ်က မည်မည်ရရ မရှိဘူး။ ကျားထိုးတာ တော်တော်ဝါသနာပါတယ်။ ပန်းချီဆွဲတာလည်း ဆိုင်းဘုတ်တွေရေးတာ လက်ခံတယ်။ လာ အပ်လို့ရှိရင် အမေ ပြောပြတာက ''မင်းအဖေက ဆိုင်းဘုတ် လာအပ်တဲ့အခါ စာရင်းရေးပြီး တစ်ခါတည်း တွက်ပြတာ၊ သံပြားဖိုးက ဘယ်လောက် ... ဆေးဖိုးက ဘယ်လောက် ... လက်ခက ဘယ်လောက် တစ်ခါ တည်းချတွက်ပြတာ။ တွက်ပြတော့ အပ်တဲ့သူက ဟာဗျာ လက်ခတော့ လျှော့လိုက်ပါဆိုရင် မင်းအဖေက လက်ခကို လျှော့ပြီး အရင်းအတိုင်း လုပ်ပေးလိုက်တာချည်းပဲ''။

အဲဒီတုန်းက အဖေတို့နဲ့အတူ ရွှေဘိုက လာနေတဲ့ ကျွန်တော့်အဖေရဲ့ first cousin တစ်ယောက် ရှိတယ်ဗျ။ နောင်မှာ '' မောင်သော်က'' ဆိုတဲ့ စာရေးဆရာ ဖြစ်လာတဲ့ ဗိုလ်မှူးဘသော်ပါ။ သူက အတူလာနေရင်း အဖေ ပန်းချီဆိုင်းဘုတ်တွေ အဆင်သင့် ဆွဲနိုင်အောင်လို့ အမေနဲ့ ဦးသော်က က သံပြားမှာ အောက်ခံ သင်္ဘောဆေးတွေသုတ်ထား ပေးတယ်။ အဲဒီသင်္ဘောဆေးမှာ အနံ့တစ်မျိုးပါတယ်ဗျ။ အဲဒီအနံ့ကြောင့် ဖြုတ်ကောင်လေးတွေ လာလာ နားတယ်။ လာနားတော့ သင်္ဘောဆေးနဲ့ ကပ်ပြီးခွာလို့မရဘဲသေကုန်တယ်။ အဖေက သူ ရေးတော့မယ်ဆိုရင် အဲဒီဖြုတ်ကောင်အသေတွေ တွေ့ရင် မရေးတော့ပြန်ဘူး။ စုတ်တံကို လွှင့်ပစ်ရော။ အဲဒီတော့ အောက်ခံဆေးတွေ ပြန်သုတ်ပေးရတယ်။

ကျွန်တော် ငယ်ငယ်ကနေ အသက် သုံးဆယ်လောက်အထိ မန္တလေးမှာ သူ ရေးခဲ့တဲ့ ဆိုင်းဘုတ် တွေ တွရရသေးတယ်။ သူ လက်ဝှေ့ထိုးနိုင်ဖို့ တကယ်ပံ့ပိုးပေးတာက မန္တလေးမှာရှိတဲ့ ၀င်းလိုက်ရုပ်ရှင်ရုံနဲ့ မြို့ဂုဏ်ရောင် ရုပ်ရှင်ရုံပိုင် တဲ့၊ ရန်ကုန်မှာ ဂလုပ်ရုပ်ရှင်ရုံ ပိုင်တဲ့ ဦးကျော်ဝင်း၊ ဦးကျော်မင်း ဆိုတဲ့ အမြွှာ ညီအစ်ကိုနှစ်ယောက် က ပံ့ပိုးပေးတယ်။ သူတို့ အစ်ကိုတစ်ယောက်လည်း ရှိသေးတယ်ဗျာ။ သူတို့ ညီအစ်ကို နှစ်ယောက်က ဘယ်လို ပံ့ပိုးပေးသလဲဆိုတော့ ဒီခေတ်မှာ အားကစားသမားတွေကို ဌာနဆိုင်ရာ တွေက ပံ့ပိုးပေးသလိုမျိုးပေါ့။ သူတို့က ရုပ်ရှင်ရုံတွေ ပိုင်တဲ့အတွက် အလုပ်ပေးနိုင်တယ်လေ။ အဖေ့ကို ရုပ်ရှင်ရုံစောင့်အဖြစ် ခန့်ပြီး တစ်နေ့ကို ၃ ကျပ်ပေးပါတယ်။ အဲဒီခေတ်က ၃ ကျပ်ဆိုတာ မနည်းဘူး။ ၃ ကျပ် ပေးထားပြီးတော့ အဖေတို့က မြို့ရုဏ်ရောင် ရုပ်ရှင်ရုံနားမှာ နေတော့ ကျံးပတ်လည် ပြေးတယ်။ ထရိန်နင်ပေါ့။ သူတို့လည်း လိုက်ပြေးတယ်။ အဲဒီညီအစ်ကို နှစ်ယောက်က ဦးကျော်မင်း ဆိုရင် ရန်ကုန်မှာ ဆုံးတယ်။ ဦးကျော်မင်း က အခု ယုဇနလက်ဖက်လုပ်ငန်းရှင်ရဲ့ အဖေပေါ့။ ဦးကျော်ဝင်း က မန္တလေးမှာပဲဆုံးတယ်။

အမေက အဲဒီတုန်းက စက်ပန်းထိုးပါတယ်။ စက်ပန်းထိုးတဲ့အခါ တပည့်တွေနဲ့ခေါ်ပြီး ထိုးပါတယ်။ အဲဒီတုန်းက အမျိုးသမီးဝတ် ဘော်လီတွေမှာ ကျောဘက်တွေက ပန်းတွေထိုးလေ့ရှိတယ်ဗျ။ အမေက ပန်းတွေ၊ ဒေါင်းရုပ်တွေကောက်ကြောင်းရေး၊ အဲဒါကို စက်နဲ့ပေါက်ပြီး ပုံဖော်ကြတာပေါ့။ အမေက အဲဒီနည်း နဲ့ မိသားစုအတွက် ဖြည့်ဆည်းပေးပါတယ်။ နောက်တစ်ခါ ဦးကျော်ဝင်းနဲ့ ဦးကျော်မင်းတို့က အာရဘီသိပ္ပံ ကျောင်း၊ နောက်တော့ အမှတ်(၃) ကျောင်းလို့ခေါ်တဲ့ ကျောင်းမှာ လက်ဝှေ့ကလပ် ဖွင့်ပေးတယ် ဗျ။ ''ရွှေကျား'' လက်ဝှေ့ကလပ်ဆိုပြီး ဖွင့်ပေးတယ်။ အဖေက အဲဒီကလပ်မှာ လက်ဝှေ့ ၀ါသနာပါတဲ့ ကလေးတွေကို စုပြီး တော့ အခမဲ့ လက်ဝှေ့သင်ပေးပါတယ်။ အဲဒီကလပ်ကနေ လက်ဝှေ့ကျော်တွေ အများကြီး ပေါ်ခဲ့ပါတယ်။ ရဲတင့်တို့၊ တိုကျိုအိုလံပစ်မှာ ၀င်ပြိုင်ခဲ့တဲ့ ရဲချစ် တို့၊ ကျော်မြင့်၊ ရွှေကျေးတို့၊ ဌေးမောင်တို့၊ စိန်အောင်မင်း စသည်ဖြင့် အများကြီး ပေါ်ခဲ့ပါတယ်။

နောက် ရန်ကုန်မှာ အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီမှာ တာဝန်ယူခဲ့တုန်းက အောင်ဆန်း ကွင်းပွဲကြည့်စင်အောက်မှာ အခန်းပေးတယ်။ အဖေက အဲဒီမှာ မနေဘဲနဲ့ ၁၁၀ လမ်းမှာ မိသားစုနဲ့နေပြီး အဲဒီအခန်းကို ''ဒဂုံကျား'' လက်ဝှေ့ကလပ်အဖြစ် ဖွင့်ပါတယ်။ အဲဒီမှာ တစ်ခါ အာရှလက်ဝှေ့ချန်ပီယံ ရခဲ့တဲ့ တင်ထွန်း၊ ၀င်းမောင်၊ လှရွှေ စသဖြင့် လက်ဝှေ့သမား အများကြီး ထွက်လာခဲ့ပါတယ်။

သူကိုယ်တိုင်ကတော့ ၁၉၅၉ ခုနှစ်မှာ အိန္ဒိယက လာတဲ့ ''အာလူး'' စစ်ကွဲရား ''ဆိုတဲ့ လက်ဝှေ့ သမားနဲ့ အောင်ဆန်းကွင်းမှာ ပြိုင်ခဲ့တာ နောက်ဆုံးအနိုင်ရတဲ့ ပွဲပါပဲ။ ဒါ နောက်ဆုံးထိုးခဲ့တဲ့ ပွဲပါပဲ။ အသက် ၃၆ နှစ် ရှိနေပါပြီ။ အဖေက တစ်ဖက်က ဘောက်ဆင်အလုပ် လုပ်နေသလို၊ တစ်ဖက်ကလည်း ရိုးရာ လက်ဝှေ့သမားတွေ သွားခေါ်ပြီး ရန်ကုန်မှာ ပွဲကျင်းပပေးပါတယ်။ အဲဒီတုန်းက ရန်ကုန်မှာ တစ်နှစ်ကို အစိုးရရုံးပိတ်ရက်ကြီး ၄ ရက်ရှိတယ်။ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တောင်သူလယ်သမားနေ့၊ ပြီးတော့ အလုပ်သမားနေ့ ဆိုတာရှိတယ်။ အဲဒီနေ့တွေမှာ စင်ထိုးပြီး လက်ဝှေ့ပွဲ လုပ်ပေးတယ်။ အဲဒီတုန်း ကကျိုက္ကဆံကွင်းမှာ ပျော်ပွဲရွှင်ပွဲတွေ လုပ်တယ်။ ဂီတပဒေသာပွဲ၊ ပြဇာတ်၊ ပြီးတော့ ... ရိုးရာလက်ဝှေ့ပွဲ တွေရှိတယ်။ ပြီးတော့ အခမဲ့ ဘောလီဘောပြိုင်ပွဲတို့၊ ဘက်စကက်ဘောပြိုင်ပွဲတို့လည်း ရှိတယ်။ အဲဒီမှာ လက်ဝှေ့ပွဲတွေက ရတဲ့ ၀င်ငွေနဲ့ပဲ အခမဲ့ပွဲတွေအတွက် ကော်မတီက ၀င်ငွေကို သုံးစွဲပေးတယ်။ အဲဒါတွေ လုပ်ခဲ့ပါတယ်။

ကျွန်တော် မှတ်မိသလောက် အဖေက မန်းရာပြည့်မတိုင်မီမှာကတည်းက မလွန်ကွင်းမှာဖြစ်မယ် ထင်တယ်။ လက်ဝှေ့ပွဲကို စစ်မဆောက်ဘဲ မြေစိုက်ကြိုးဝိုင်းနဲ့ ရိုးရာ Traditional ပုံစံမျိုး ကျင်းပပေးတယ် ကျွန်တော် မှတ်မိနေတယ်။ အောက်မှာ ဖွဲတွေ ခင်းပြီး လုပ်ခဲ့တာ။ မန်းရာပြည့်ပွဲမှာလည်း လက်ဝှေ့ အကြီး အကျယ်လုပ်ခဲ့တယ်။ အဖေက သားအငယ်ဆုံး မွေးတာနဲ့ တိုက်ဆိုင်လို့ ရာပြည့်လို့ ပေးထားပါတယ်။ အခုတော့ အဲဒီသားတောင် ငါးဆယ် ကျော်နေပြီ။ အဲဒီလိုတွေ လုပ်ခဲ့ပါတယ်။

ရိုးရာလက်ဝှေ့ပွဲတွေ လုပ်တော့ အဖေတို့ကို အဓိက အားပေးခဲ့တဲ့ သူက တော်လှန်ရေးကောင်စီ လက်ထက်တုန်းက ဗိုလ်မှူးချုပ်တင်ဖေ ဆိုတဲ့ ကုန်သွယ်ရေးဝန်ကြး တာဝန်ယူခဲ့သူပါ။ သူ အားပေးတာက တကယ့်ကို အားပေးတာဗျ။ လာလည်းကြည့်တယ်။ ညတိုင်း လာကြည့်ပါတယ်။ လက်ဝှေ့ပွဲပြီးသွားပြီ ဆိုတဲ့ အခါ လက်ဝှေ့သမားတွေကို ''ဒင်နာ'' ပေးတယ်။ သူ ''ဒင်နာ'' ပေးတယ်ဆိုတာ ပုံပြီး ထည့်ကျွေးတာမျိုး မဟုတ်ဘူးဗျ။ တကယ့်ကို ''ဒင်နာ'' အဖြစ်နဲ့ စနစ်တကျ ကျွေးတာ။ ပြီးရင် ပွဲတွေ၊ အငြိမ့်တွေ နဲ့ ဖျော်ဖြေ ပေးတယ်။ 

လက်ဝှေ့သမားတွေဟာ မြို့နဲ့ ဘယ်လောက်ထိ ကင်းကွာသလဲဆိုရင် ခြင်ထောင်နဲ့ အိပ်ရမယ်၊ ဒီမှာ က ခြင်ကိုက်တယ် ဆိုပြီး ဗိုလ်ချုပ်က ခြင်ထောင်တွေ ထုတ်ပေးတယ်။ အားလုံး အသစ်တွေ ချည်းပဲ။ တပ်ကနေ ထုတ်ပေးတဲ့ ခြင်ထောင်၊ စောင်၊ Ground Sheet အဲဒါတွေ ထုတ်ပေးတယ်။ ပြီးရင်တော့ အရေ အတွက်နဲ့ တပ်ကို ပြန်အပရပါတယ်။ ပထမတော့ သူတို့က ခြင်ထောင်နဲ့ အိပ်လေ့အိပ်ထ မရှိတဲ့အတွက် မွန်းတယ်ဆိုပြိးတော့ အပေါက်တွေ ဖောက်တယ်၊ မျက်နှာကို အပြင်ထုတ်ပြီး အိပ်ကြတယ် ဗျ။ နောက်ပိုင်း ကျတော့ နည်းနည်းလူရည်လည်လာပြီး ခြင်ထောင်အဟောင်းနဲ့ လဲယူသွားတာတို့၊ ဘာတို့ ဖြစ် လာတော့ တာပဲ။

၁၉၇၉ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှာ ကျွန်တော့်အဖေ ဆုံးပါတယ်။ အဖေ မဆုံးခင်မှာ မတ်လ လောက်က မန္တလေးက ရဟန်းပျိုအဖွဲ့ချုပ်ရဲ့ ဥက္ကဌဆရာတော် ပျံလွန်တော်မူသွားတယ်ဗျ။ ဥက္ကဌနေရာကို ဆက်ခံတဲ့ ဆရာတော် ဦးကုသလက ဆေးရုံမှာ လာတွေ့တယ်။ ဘုန်းကြီးပျံမှာ လက်ဝှေ့ပွဲ သွင်းမလို့ပါ။ အဖေကလည်း တော်တော်လုပ်ပေးချင်တယ်။ ထောင်ဆု ပေးမယ်ပေါ့။ ၁၉၇၉ ခုနှစ်က တစ်ထောင်ဆိုတာ အရမ်းတန်ဖိုးရှိတာကိုးဗျ။ အဖေက ဘယ်လို စာချိုးသွားသလဲဆိုတော့ ''မန်းတောင်ရိပ်မှာ၊ ဗြောင်းဆန် အောင် နှိပ်မယ်၊ တစ်ထောင်တန် ဒေါင်းအလံနဲ့ ဟိတ် '' ဆိုပြီး စာချိုးသွားသေးတယ်။ အဖေက တော်တော် စိတ်စွဲနေတော့ ကျွန်တော်က ဖျောင်းဖျတယ်။ '' ပါပါ ... အဲဒါကို စိတ်မပူပါနဲ့၊ ပါပါ မသွားနိုင်ရင် ကျွန်တော် သွားလုပ်ပေးပါ့မယ်'' ဆိုပြီး ဖျောင်းဖျပါတယ်။ ဖေဖေ ဆုံးပြီး နိုဝင်ဘာလမှ အဲဒီပွဲလုပ်တော့ ကျွန်တော် သွားလုပ်ပေးဖြစ်ပါတယ်။ ပွဲလုပ်တာကိုတော့ ကျွန်တော် ဆယ့်ခြောက်နှစ်သားလောက်ကတည်းက ကန်တော်ကြီး တင့်ကားတွေ ထားတဲ့နားမှာ ပျော်ပွဲရွှင်ပွဲတွေ လုပ်တော့ အဲဒီမှာလည်း လက်ဝှေ့ပွဲ ပါတယ်။ အဲဒီကတည်းက အဖေ့ကို ကူလုပ်ပေးခဲ့တာဆိုတော့ ပွဲလုပ်တဲ့ အတွေ့အကြုံရှိနေပြီးသားဖြစ်နေပါပြီ။

စာတည်း။     ဆရာ့မေမေက ၂၀၀၄ ခုနှစ်မှာ ဆုံးသွားခဲ့ပါတယ်။ အသက် ၈၁ နှစ်မှာ ဆုံးသွားခဲ့တာလို့ သိရပါတယ်။ ဆရာ့မေမေ မဆုံးခင်က ဖြစ်ရပ်လေးတွေနဲ့ ဆရာ့မေမေအကြောင်း ဆရာမှတ်မိသမျှ ပြောပြ ပေးပါဦးဆရာ။

ဆရာဝင်းငြိမ်း။     ကျွန်တော့်မေမေဟာ ဖေဖေ့ကို အင်မတန်မှ ချစ်တယ်။ သည်းခံတယ်။ ဖေဖေက ပြောရ ရင် မိန်းမပွေတယ်ဗျ။ အဖေ့ လက်သုံးစကား က '' ငါက ငါ့ဟာငါ နေတာ၊ မိန်းမတွေက ငါ့ လိုက်ကြိုက်တာကိုး'' ဆိုပြီး ပြောလေ့ရှိတယ်ဗျ။ အမေက ဘယ်လောက်အထိ သည်းခံသလဲဆိုရင် အဖေနောက် မိန်းမယူလာပြီး အိမ်မှာ လာနေတဲ့အခါ အမေက အတူနေပေးတယ်။ အဖေတို့ အိပ်တဲ့နေရာ အထိ လာပြီး ချက်ပြီး ပြုတ်ပြီးသား ကို ဗန်းနဲ့ ပို့ပေးတယ်။ အဲဒီမိန်းမ ချိုးဖို့ ရေကအစ တွင်းကနေ ခပ်ပြီး ရေစည် ထဲ ကိုထည့်ပေးတယ်။ အဖေက သူ ဆယ့်နှစ်ကောင်ကျား ထိုးနေရမယ်ဆိုရင်ပြီးပြီ။

အဖေ ရတဲ့ငွေနဲ့ မလောက် တဲ့အခါ အမေက သူ့ဘာသာ အလုပ်လုပ်တယ်။ ကျွန်တော့်အမေက အများကြီး အလုပ် လုပ်ကျွေးခဲ့တယ်။ မ.ဆ.လ ခေတ်မှာ ကားပစ္စည်းတွေ ရှားတဲ့အတွက် ယိုးဒယားဘက်က ၀င်တာတွေကို မော်လမြိုင်ဘက် မှာ အမေက မှောင်ခိုသွားသယ်တယ်။ မန္တလေးမှာ သွင်းတယ်။ အဲဒီတုန်းက မှောင်ခိုပစ္စည်းမိရင် ထောင်ချ တယ်။ နောက် ဆားတွေ အရမ်းရှားတဲ့အချိန် တစ်ချိန် ပေါ်ဖူးသေးတယ်။ ဆားက ရှားတာမှ တစ်ပိဿာကို ပြားနှစ်ဆယ်ကနေ တစ်ကျပ်လောက် အထိ ဖြစ်အောင် ရှားသေးတယ်။ ဆားက ဘယ်မှာပေါသလဲဆိုရင် အောက်ဘက်ဖြစ်တဲ့ မွန်ပြည်နယ် ပငတို့၊ ဘာတို့ဘက်မှာ ထွက်ပါတယ်။ နေလှန်းဆားတို့၊ ချက်ဆားတို့ အဲဒီမှာ သွားဝယ်။ ရထားနဲ့တင်၊ မန္တလေးကို ပို့တယ်။ နောက်ပြီးတော့ ရန်ကုန်မှာ ဆားလုပ်ငန်းပိုင်ရှင် ဦးဝင်းလို့ ခေါ်တဲ့လူ ရှိတယ်ဗျ။

သူက ဘယ်မှာ နေသလဲဆိုတော့ အခု ဗဟိုစည်အိမ်ရာလို့ခေါ်တဲ့ နေရာမှာ နေပါတယ်။ သူက ဆားလုပ်ငန်းရုံးမှာ ထိုင်ပြီးတော့ ဆားပါမစ်တွေ ကောက်တယ်။ ဦးဝင်းက ဆားပါမစ်တွေ ကောက်ပြီးတော့ ကျွန်တော်တို့အမေက သူ့ဆီက ပြန်ဝယ်။ ပြီးတော့ ဆားသွားထုတ်ပြီး ရထားနဲ့ မန္တလေးကို တင်တယ်။ မန္တလေးမှာ ငံပြာရည်လုပ်တဲ့ မိတ်ဆွေတစ်ယောက်ရှိတယ်။ သူ့ဆီကို ရောင်းတယ်။ ဒီမှာ ၃၅ ပြားလောက် ကောက်ရင် မန္တလေးမှာ ပြား ၅၀ လောက် ရတယ်။ အဲဒီ ၁၅ ပြားလောက် မြတ်တာက အမေ ပြန်လာတဲ့အခါ စုလိုက်ရင် သောင်းဂဏန်းလောက် ရပါတယ်။ 

အမေဟာ အဲဒီကာလတွေတုန်းက အိမ်မှာ နေရတာ နည်းပါတယ်။ တစ်လမှာ ဆယ်ရက်လောက် ပဲ နေဖြစ်ပါတယ်။ အမေ သွားတိုင်း မျိုးမြင့် လိုက်ရင် လိုက်၊ ကျွန်တော့်ညီ တစ်ယောက်ယောက် လိုက်ရပါတယ်။ အမေက အဲဒီနည်းတွေနဲ့ လုပ်ကျွေးခဲ့တယ်။ ကားပစ္စည်းမှောင်ခိုသယ်ရင်း လုပ်ကျွေး ခဲ့ကြတယ်။ အမေက အဲဒီနည်းနဲ့ သားသမီး ရှစ်ယောက် ကို ပညာသင်ပေး ခဲ့တယ်။ မချို့မတဲ့ရအောင် ရှာဖွေ လုပ်ကိုင်ကျွေးခဲ့ပါတယ်။ အဖေ့ ကျေးဇူးမပါဘူးလား ဆိုတော့ ပါပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေ့ လက်ထဲမှာ မှောင်ခိုဖမ်းဆီးရေးတွေက သိချင်လည်း သိမယ်၊ မသိချင်လည်း မသိဘူး။ လာရှာရင် လည်း အမေက ပါတိတ်ထဘီတွေ အပေါ်က တင်ထားပြီး ပြလိုက်တာမို့ ဒီလိုပဲ ပြီးသွား တာတွေ ရှိပါတယ်။ အဖေ့ မျက်နှာလည်း ပါပါတယ်။

အမေက ကျွန်တော့်ကို ဘွဲ့ရတဲ့အထိ ကျောင်းထားပေးတယ်။ ၁၉၆၇မှာ ကျွန်တော် အလုပ်ရတော့ အမေ့ ကို ထောက်ပံ့နိုင်ခဲ့ပါတယ်။ အမေ ဆုံးတော့ ၂၀၀၄ ခုနှစ်မှာ။ ကျွန်တော် လက်ထောက်ညွှန်မှူးကနေ အငြိမ်းစား ယူပြီး စာအုပ်လုပ်ငန်း လုပ်နေပါပြီ။

စာတည်း။     ဆရာ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှာ လက်ထောက် ညွှန်ကြားရေးမှူးတာဝန် ထမ်းဆောင်ရင်း နိုင်ငံခြား ကို ပညာတော်သင် သွားခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီ အကြောင်းလေး ပြောပြပေးပါ ဦး ဆရာ။

ဆရာဝင်းငြိမ်း။     ကျွန်တော်က ၁၉၆၇ မှာ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှာ အလုပ်ဝင်တယ်။ အလုပ် ၀င်နေရင်းနဲ့ တစ်ဖက်မှာ စာပေစိစစ်ရေးရုံးက ဦးမြလှိုင်ဆိုတဲ့ ဖေဖေ့မိတ်ဆွေတစ်ယောက် ရှိတယ်။

ရှိတော့ ဒီနေရာမှာ ကြားဖြတ် ပြောရရင် ကျွန်တော် မိုးဝေမှာ ရေးပြီးတဲ့နောက်ပိုင်း ၀တ္ထုရေးတာ အဆက် ပြတ်သွားတယ်။ လေး ငါး ခြောက်ပုဒ်ပါပြီး အဆက်ပြတ်သွားပါတယ်။ ပထမဆုံး ၀တ္ထု ကိုတော့ ခေါင်းစဉ် မှတ်မိတယ်။ ''တုံ့လှည့်ဝဋ်ကြွေးဆိုတာ'' ဆိုတဲ့ ၀တ္ထု။ နောက် ဟာတွေတော့ ကောင်းကောင်း မမှတ်မိတော့ ဘူး။ အဲဒီမှာ အဘိုး က စာရေးတာကို မကြိုက်ဘူး။ ကျွန်တော် ခုနစ်တန်း အောင်ပြီး ရှစ်တန်း ဖြစ်လာပြီဆို တော့ ပညာရေး ထိခိုက်မှာစိုးလို့ပါ။ မကြိုက်တော့ ကျွန်တော် စာရေးတာ အဆက်ပြတ်သွားပါတယ်။ ကျောင်းပိတ်ရက် ရန်ကုန်လာတဲ့အခါကျမှ အဖေ့ဆီက စာအုပ်တွေ ဖတ်ရင်း နိုင်ငံခြားရုပ်ရှင်တွေပါတဲ့ မဂ္ဂဇင်းတွေ ဖတ်မိပါတယ်။ ဖတ်မိတော့ ရေးချင် စိတ် ပေါက်လာပြီး ပြန်ရေးဖြစ်ပါတယ်။ အဖေက ကျွန်တော် ရေးပြီးတော့ ဘယ်ခေါ်သွားသလဲဆိုရင် တာမွေ ဘက်က ဦးဖိုးဟန် ပုံနှိပ်စက်ဆိုတာရှိတယ်။ အဲဒီပုံနှိပ်စက် မှာ ဆရာရန်ကုန်ဘဆွေက ရုပ်ရှင်ချစ်သူဆိုတဲ့ ရုပ်ရှင် မဂ္ဂဇင်းတစ်စောင်ထုတ်တယ်။ ကျွန်တော့်ကို အဲဒီကို ပို့ပေးတဲ့အခါ ဆရာ ရန်ကုန်ဘဆွေက သုံးပေးပါတယ်။

အန်ကယ်ဦးမြလှိုင်က စာပေစိစစ်ရေးမှာရှိတယ်။ ကျွန်တော့်အဖေနဲ့ ခင်တယ်။ အန်ကယ်ဦးမြလှိုင်ကို ကျွန်တော့်အမေက ပြောတယ်။ ကျွန်မ သားလေးက စာရေးတာ ၀ါသနာပါတယ်။ အဲဒါ ဆရာ ထည့်လို့ရရင် ထည့်ပေးပါ ဆိုတော့ အန်ကယ်ဦးမြလှိုင်က ရယ်ပါတယ်။ ကျွန်တော်က အမေ့ကို အဲဒီလို ဘာလို့ ပြောရတာလဲ၊ အားနာစရာကြီးလို့ ပြောတော့ အမေက ဘာအားနာစရာရှိလဲ၊ သူ လုပ်နိုင်ရင် လုပ်ပေး မှာပေါ့၊ အရည်အချင်းကြည့်ပြီး လုပ်လို့ရရင် လုပ်ပေးမှာပေါ့တဲ့။
ကျွန်တော် ၁၉၇၈ ခုနှစ်လောက်ကျတော့ ကိုစိုးမြင့်အောင် (ပျော်ဘွယ်စိုးမြင့်အောင်) မဂ္ဂဇင်း တစ် စောင်လုပ်ပါတယ်။ ရုပ်ရှင်အောင်လံမဂ္ဂဇင်းပါ။ ကျွန်တော်က အဲဒီတုန်းက ဘယ်မှာ ရေးနေလဲဆိုတော့ ချင်းတွင်း စာပေတိုက်က ထုတ်တဲ့ ရုပ်ရှင်ဂျာနယ်မှာ ရေးနေပါတယ်။ အယ်ဒီတာက လင်းယုန်မောင်မောင် ပါ။ အဲဒီလိုပဲ၊ ကျွန်တော့်အဖေက "Stars and Stripes" ဆိုတဲ့ နိုင်ငံခြား ဂျာနယ်တွေ ၀ယ်ပြီး ရေးနေတယ်။ ဘယ်မှာ ၀ယ်လဲဆိုတော့ မောင်ထော်လေးလမ်းမှာရှိတဲ့ သိင်္ဂီမော်စာအုပ်တိုက်က ၀ယ်တာပါ။ သူက သူ လိုချင်တာ ဖြတ်ပြီးလို့ ရှိရင် ဂျာနယ်ကို ဆရာလင်းယုန်မောင်မောင်ကို ပေးလိုက်တယ်။ အဲဒီထဲမှာ ရုပ်ရှင် အကြောင်းတွေ ပါတယ်။ သူ လုပ်နေတာလည်း ရုပ်ရှင်ဂျာနယ်ဖြစ်တော့ ဆရာလင်းယုန်မောင်မောင်တို့ အတွက် အဆင်ပြေ တာပေါ့။

ကျွန်တော်က အဲဒီလို ပေးတာ နှမြောနေတယ်။ ကျွန်တော် ရေးလို့ရတဲ့ ရုပ်ရှင် အကြောင်းတွေ ဖြစ်ရက်သားနဲ့ သူများကို ပေးနေတော့ နှမြောတာပေါ့။ ပါပါ ဘာဖြစ်လို့ ပေးပစ်တာလဲ ဆိုတော့ မင်း ရေးမှမရေးဘဲနဲ့ ပေးလိုက်တာပေါ့တဲ့။ ဟာ ... အဲဒါဆို ရေးမယ်ဆိုပြီး မခံချင်စိတ်နဲ့၊ တကယ် တော့ နှမြောတာပါ။ ကိုယ် ရေးနိုင်ရက်သားနဲ့ ကိုယ့်လက်ထဲကနေ လွတ်ပြီး သူများဆီ ရောက်ရတယ်ဆိုပြီး ရေးဖြစ်ပါတယ်။ ရေးဖြစ်တော့ ချင်းတွင်းစာပေတိုက်က ဆရာလင်းယုန်မောင်မောင်တို့ကလည်း သုံးပေးပါ တယ်။ အဲဒီတုန်းက တစ်ပုဒ်ကို အစိတ် (၂၅ ကျပ်)ရတယ်။ တစ်ခါတလေကျရင် တစ်ပတ်တည်းနဲ့ ၂ ပုဒ်၊ ၃ ပုဒ်လောက် ပါလာတယ်။

ကျွန်တော် အဲဒီမှာ ရေးဖြစ်နေတုန်း ကိုစိုးမြင့်အောင်တို့က စာမူလာတောင်းတယ်။ စာမူ လာတောင်းတော့ ကျွန်တော် ရေးဖြစ်သွားတယ်။ နောက်ကျတော့ ၁၉၇၉ ဇူလိုင် ၈ ရက်နေ့မှာ ကျွန်တော့် အဖေ ဆုံးသွားတယ်။ ၁၉၈၁ မှာ အန်ကယ်ဦးမြလှိုင်က သူ လုပ်ခဲ့တဲ့ ပေဖူးလွှာမဂ္ဂဇင်း ကို ပြန်ရတယ်။ ပြန်ထုတ်တဲ့ အခါကျတော့ ကျွန်တော့်ကို ပေဖူးလွှာမှာ ရေးပါတဲ့။ ကျွန်တော်ပေဖူးလွှာ  မှာ ရေးဖြစ်လာ ပါ တယ်။ ကျွန်တော် ရေးနေတာတွေက ရုပ်ရှင်အောင်လံမှာ မင်းသား၊ မင်းသမီး အကြောင်းတွေ ရေး တယ်။ အဆိုတော်တွေကို အင်တာဗျူးလုပ်တယ်။ 

ဆိုတော့ စတီရီယို အင်တာဗျူး ကို ပေဖူးလွှာမှာ ရေးဖို့ စိတ်ကူး တယ်။ ပထမဆုံး ရေးဖြစ်တာက အဆိုတော် ကိုခင်မောင်တိုး အင်တာဗျူး ရေးဖြစ်သွားပါတယ်။ အဲဒီမှာ ပေဖူးလွှာက စထွက်ခါစ၊ ဒီဘက်မှာ အရှိန်ကောင်းနေတာက သပြေမဂ္ဂဇင်း အရှိန်ကောင်းနေတယ်။ ဆရာ မောင်တည်ငြိမ်ရဲ့ အင်တာဗျူးတွေနဲ့ အရှိန်ကောင်းနေ ပါတယ်။ ပေဖူးလွှာမှာ ကျွန်တော်က အဆိုကျော် တွေနဲ့ အင်တာဗျူးလုပ်တဲ့အခါကျတော့ အခြေအနေက လုပြီး လုပ်ရသလို ဖြစ်နေတယ်။ အန်ကယ် ဦးမြ လှိုင်က ဘာပြောသလဲဆိုတော့ ''ခင်ဗျား သူများနဲ့ လုပြီး လုပ်ရတဲ့ အလုပ် မလုပ်နဲ့ ကိုဝင်းငြိမ်း'' တဲ့။ စာရေးဆရာ အင်တာဗျူး လုပ်ဗျာတဲ့။ အဲဒီတော့ ကျွန်တော် ဘယ်သူ့ ကို စလုပ်ရမလဲဆိုတော့ ''စမ်းစမ်းနွဲ့(သာယာ ၀တီ) ''က စလုပ်တဲ့။ ဒါကြောင့် ဆရာမ စာတွေ အများကြီး ဖတ်ပြီး သူနဲ့ စလုပ်ခဲ့ပါတယ်။

စာတည်း။     ဆရာ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနကနေ နိုင်ငံခြားသွားဖြစ်ခဲ့ပုံလေး ပြောပြပေးပါဦး။

ဆရာဝင်းငြိမ်း။      ဟုတ်ပြီ။ ကျွန်တော် စာတွေ ရေးနေတယ်။ ရုံးတစ်ဖက်နဲ့ စာတွေ ရေးနေတဲ့အခါ ကျတော့ ရုံးမှာ အဲဒီခေတ်က တွဲဖက်အတွင်းဝန်တို့၊ အတွင်းဝန်တို့ဆိုတာ ရှိတယ်။ သူတို့က သိပ်မကြည်ဘူးဗျ။ ကျွန်တော့်စိတ်ဓာတ်က တစ်မျိုး။ လုပ်စရာရှိတာ ပြီးအောင်လုပ်မယ်။ ပြီးရင် ကျွန်တော် လုပ်ချင်တာ လုပ်မယ်။ အိုဗာတိုင်ကို ကျွန်တော် မမက်ဘူး။ ကျွန်တော့်အတွက်က အိမ်မှာပိုပြီး free ဖြစ် တယ်။ ရုံးမှာထိုင်ပြီး ကျဉ်းကျပ်စွာနဲ့ ၀တ္ထုဖတ်ပြီးတော့ အဲဒီခေတ်မှာ ရမယ့် အိုဗာတိုင်ကြေး ၂ ကျပ်ကို ကျွန်တော် မမက်ဘူး။ အိမ်မှာ ဇိမ်နဲ့ နေရတာကို မက်တယ်။ အဲဒီအတွက်ကို သူတို့ မြင်တာက ကျွန်တော်က အိုဗာတိုင် မလုပ်ဘူးပေါ့။ အလုပ်မပြီးရင်တော့ ကျွန်တော့်တာဝန်ပေါ့။ အလုပ်မရှိဘဲနဲ့ ကျွန်တော် မလုပ်ချင် ဘူး။ သူတို့က တည့်တည့်လည်း မပြောဘဲ ကောက်တယ်ပေါ့ဗျာ။

နောက်ကျတော့ အခု ပထမမြန်မာပုဂ္ဂလိကဘဏ် တည်ထောင်တဲ့ ဒေါက်တာစိန်မောင် ဆိုတာရှိတယ်။ သူက ကျွန်တော်တို့ ဆီမှာ အတွင်းဝန် ဖြစ်လာတဲ့အခါ ကျွန်တော်နဲ့ ခင်တယ်။ ချစ်တယ်။ တပည့် တစ်ယောက်လိုပဲ ခိုင်းစရာ ရှိရင် ကျွန်တော့်ကို ခိုင်းတယ်။ သူက မေးတယ်။ မင်းကို ဘာဖြစ်လို့ ပရိုမိုးရှင်း မပေးတာလဲတဲ့။ မသိဘူး ဆရာ။ ကျွန်တော် အိုဗာတိုင် မထိုင်လို့ ဖြစ်မှာပေါ့လို့ ဖြေတော့ '' အေး မင်းရဲ့ remark မှာ အိုဗာတိုင် မထိုင်ဘူးလို့ တွေ့ရတယ်'' တဲ့။ ဟုတ်တယ်။ အိုဗာတိုင် ကျွန်တော် မထိုင်ဘူး။ မထိုင်ဘူး ဆိုတာ အလုပ်ရှိ ရင် ကျွန်တော် ထိုင်မယ်။ မိုးလင်းတဲ့အထိ ၂ ရက်၊ ၂ ရက် လုပ်ရင် လုပ်ရပါစေ၊ ကျွန်တော် ထိုင်မယ်။ အလုပ်မရှိဘဲ ကျွန်တော် မထိုင်ချင်ဘူးလေ။ ကျွန်တော်က ၂ ကျပ်ကို ညာ မယူချင်ဘူးဆိုတော့ ဆရာက ''မင်း အဲဒါ ခက်တယ်၊ လုပ်ရတယ်ကွ''တဲ့။ မဟုတ်ဘူးဆရာ၊ ကျွန်တော် ညာ မယူချင်ဘူးလို့ ပြောလိုက်တယ်။ သူလည်း ကျွန်တော့်ကို ဘောင်ထဲကနေ လုပ်ပေးရမှာ ဆိုတော့ဗျာ။

ကျွန်တော် အိုဗာတိုင် မထိုင်တာက အပြင်မှာ ကျွန်တော် စာရေးနေပြီ။ ကျွန်တော် ရုံးမှာ တာဝန် ကျေအောင်တော့ လုပ်တယ်။ မညာချင်ဘူး။ အဲဒီမှာ သူ World Bank ကို ရောက်သွားသေးတယ်ဗျ။ အဲဒီ မှာအွန်ဂျူတီနဲ့ လေး ငါးနှစ်လောက် သွားလိုက်ရတယ်။ သူ သွားနေတုန်းမှာ ရုံးမှာ ကျွန်တော့် "Same Match"တွေ လေး ငါး ခြောက်ယောက်က ပိုရိုမိုးရှင်းတွေ ရပြီး လက်ထောက်ညွှန်မှူးတွေ ဖြစ်သွားကြတယ်။ ကျွန်တော်က မဖြစ်ဘူး။ သူတို့ နိုင်ငံခြားတွေ ဘာတွေ သွားရတယ်။ ကျွန်တော် မသွားရဘူး။ ကျွန်တော့်ကို ချန်ကိုထားတာဗျ။

ကျွန်တော်လည်း နေပလေ့စေပဲ။ တစ်ခုက ကျွန်တော်က ကျွန်တော့်အထက်က လူကြီးအိမ်ကို လည်း အ၀င်အထွက် မလုပ်ဘူး။ လူကြီးရဲ့ မိန်းမရှိတဲ့ရုံးကို ကျွန်တော် သွားပြီး ''မမ ဘူး''။ သဘောက ရုံးတို့ အိမ်တို့ကို အ၀င်အထွက် လုပ်ရမယ်၊ သူ့မိန်းမကို မ ရမယ်။
တချို့ ကားမောင်းတတ်တဲ့သူက ကားသွားမောင်းတယ်။ ဒါတွေက ကျွန်တော့်အတွက် မလိုဘူး။ ဆိုတော့၊ ကျန်တဲ့လူတွေ ရာထူးတက်တယ်၊ ကျွန်တော် မတက်ဘူး။ ပြဿနာမရှိပါဘူး။ အဲဒီအချိန်မှာ ဒေါက်တာစိန်မောင် World Bank က ပြန်ရောက်လာတယ်။ လက်ထောက်ညွှန်မှူးတွေ အစည်းအဝေး ခေါ်တိုင်း သူက ကျွန်တော့်ကို ထည့်ခေါ်တယ်။ ရုံးခန်းမှာ လုပ်တဲ့ အစည်းအဝေးလောက်ကိုတော့ သူ တမင် ခေါ်တာပဲလေဆိုပြီး ကျွန်တော် မပြောသေးဘူး။ တကယ်တော့ သူ မသိသေးတာ။ သူက ကျွန်တော့်ကို လက်ထောက်ညွှန်မှူးပဲ အောက်မေ့နေတာ။ နောက် သူနဲ့ ကျွန်တော် အလုပ်လုပ်နေရင်း နှစ် ယောက်တည်း ရှိတဲ့အခါ ကျွန်တော်က ဆရာ့ကို ကျွန်တော်ပြောစရာ ရှိတယ် ဆိုတော့ သူက ပြောတဲ့။ ကျွန်တော် လက်ထောက်ညွှန်မှူး မဟုတ်ဘူး ဆရာ ဆိုတော့ ... ''ဟင် မဟုတ်ဘူးလား'' တဲ့။ မဟုတ်ဘူး ဆရာပေါ့။ သူက အံ့အားသင့်ပြီး မင်းကို ဘာလို့ မပေးသေးတာလဲတဲ့။ မသိဘူး ဆရာ ဆိုတော့။ သူက ပြန် ကြည့်တယ်။ အဲဒီမှာ အိုဗာတိုင်ကိစ္စသွားတွေ့တာပဲ။

အိုဗာတိုင် ကိစ္စက ရုံးက ၄ နာရီ ဆင်းတယ်။ ကျွန်တော်က ပေဖူးလွှာ မဂ္ဂဇင်းတိုက်ကို အရောက် သွားရတာဆိုတော့ အိုဗာတိုင်ကို ကျွန်တော် မမက်တော့ဘူး။ ၂ ကျပ်ကို မမက်တာထက် အလုပ်မရှိလို့ ကျွန်တော် မလုပ်တာပါ။ အဲဒီတော့ ဒေါက်တာ စိန်မောင်က ငါ ကြည့်လုပ်ပေးပါ့မယ် ကွာ တဲ့။ နောက်ကျ တော့ရုံးကို ဘယ်သူ ရောက်လာသလဲဆိုတော့ ကျွန်တော် စီးပွားရေးတက္ကသိုလ် တက်တုန်းက စာသင်ပေး တဲ့ ဒေါက်တာဒေါ်ခင်အုန်းသန့်ဆိုတာ ရှိတယ်။ သူကလည်း ကျွန်တော့်ကို တက္ကသိုလ်မှာကတည်းက မှတ် မိနေပုံရတယ်။ သူကလည်း ''မင်းက ဘာကြောင့်မရတာလဲ''တဲ့။ ''ဆရာမရယ် ... ကျွန်တော် ဘယ်သိမလဲ၊ မပေးလို့ မရတာပေါ့'' လို့ ပြောပြပါတယ်။

တစ်ခါကျတော့ အမေရိကမှာ ရှိတဲ့ IMF ကို သင်တန်းသွားတက်ဖို့ ၀ါရှင်တန်ဒီစီမှာ ရှိတဲ့ ၃ လ သင်တန်း သွားတက်ဖို့ အတွက် ကျွန်တော်တို့ အဆင့်တူတာတွေ စာမေးပွဲ ဖြေရတယ်။ ဖြေတဲ့အခါမှာ ဆရာမနဲ့ ဆရာ ဦးဘသန်း ဆိုတဲ့ ဆရာတစ်ယောက်တို့က ကျွန်တော့်ကို ထောက်ခံပေးတဲ့အတွက် ကျွန်တော် သင်တန်း သွားတက်ရပါတယ်။
တစ်ယောက်တည်းပဲ သွားတက်ရပါတယ်။ အဲဒီတုန်းက ၁၉၉၁ မှာ သွားရတာ။ ၁၉၉၀ အောက်တို ဘာမှာတုန်းက ကျွန်တော် ဘာဖြစ်သွားလဲဆိုတော့ လေဖြတ်သွားပါတယ်။ လေဖြတ်သွားပြီး ဆေးရုံတက်နေ တဲ့ အချိန်မှာပဲ ဟိုက အကြောင်းကြားလာတယ်။ ကျွန်တော့်ကို လက်ခံတယ်။ သင်တန်း လာတက် ရမယ်ဆိုပြီး အကြောင်းပြန်လာတယ်။ အဲဒီတော့ ရုံးကို ကျွန်တော်ပြောတယ်။ ကျွန်တော်တော့ ဘယ်လိုမှ သွားနိုင်မယ်မထင်ဘူး၊ လေဖြတ်ထားတယ်၊ လူလဲရင် လဲလိုက်ပါ ဆိုပြီး။ ရုံးက ပြောတယ်၊ လဲလို့ မရဘူး၊ Accept လုပ်ပြီးပြီ၊ မင်း မသွားနိုင်ရင်လည်း ဒီနှစ် ဒီ chance ကို အဆုံးရှုံးခံလိုက်ရုံပဲ ရှိတယ်ပဲ။ သွားနိုင်အောင် ကြိုးစားပါတဲ့။

ကျွန်တော်က အောက်တိုဘာ ၂၃ မှာ လေဖြတ်တယ်။ တကယ်သွားရမှာက ၁၉၉၁ ဧပြီလ last week မှာ သွားရမှာပါ။ နိုဝင်ဘာမှာ ဆေးရုံက ဆင်းလာပေမယ့် ခြေထောက်က လမ်းသွားနိုင်တယ်။ လက်က မကောင်းဘူး။ လက်အတွက် Physical Exercise ထပ်လုပ်ရတယ်။ အိမ်မှာ နေရင်းနဲ့ ညီ၊ ညီမ တွေက လုပ်ပေးတဲ့အတွက် အဆင်ပြေပါတယ်။ ကျွန်တော် ဆေးရုံတက်နေတဲ့ အတောအတွင်းမှာပဲ မျိုးမြင့်က အဖမ်းခံရတယ်။ အဖမ်းခံရပြီး သူ ရုံးထုတ်တဲ့အချိန်မှာ ကျွန်တော် မသွားနိုင်ဘူး။ မသွားနိုင်တော့ သူကလည်း ကျွန်တော် သေပြီပေါ့။ အဲဒီလို အောက်မေ့တယ်။ 

ကျွန်တော် ဆေးရုံက ဆင်းတဲ့အခါမှာ အသိ တစ်ယောက်က အိမ်မှာ လာမေးရင်း အမေက စပ်မိစပ်ရာ ပြောနေရာက အမေ့ပါးစပ်က မျိုးမြင့်လည်း ခုနစ် နှစ်ဆိုပြီး ... သူက ကျွန်တော့်ကို ဖျတ်ခနဲ ကြည့်ပြီး ရပ်လိုက်တယ်။ ကျွန်တော်က သူတို့ ပြောတာ နား ထောင်နေတာဆိုတော့ လက်က အောက်ကို ဆန့်ထားရင်း လက်ကို မ လိုက်ရာက အမေ့စကား ရပ်တာ သတိထားမိလိုက်တယ်။ ခုနစ်နှစ် ... ဆိုပြီး ရပ်သွားတာ ဘာတုံး ... နောက်တော့ မေးရတာပေါ့။ အမေက မဟုတ်ပါဘူး၊ ဘာညာပေါ့ဗျာ။ ကျွန်တော်က ပြောပါ ဆိုတော့ '' မင်း စိတ်ခိုင်ခိုင်ထားတဲ့၊ မင်းညီ မျိုးမြင့် ထောင်ခုနစ်နှစ် ကျတယ်'' တဲ့။ ကျွန်တော်လည်း ထိုင်ငိုမိတယ်ဗျာ။ နောက် ထောင်ဝင်စာ သွားတွေ့ပါတယ်။ အဲဒီတော့မှ သူကလည်း ကျွန်တော် မသေဘူး သိတာ။ ညီတွေက သူ့ကို ပြောပြတယ်။ ကျွန်တော် လေဖြတ်ထားတယ်ဆိုတာ သူက မယုံဘူး။ အဲဒီတော့မှ သွားတွေ့ရတာ။

အဲဒီလိုနဲ့ ၁၉၉၁ မှာ ၀ါရှင်တန်ဒီစီကို သွားရတယ်။ သင်တန်းတက်ရတယ်။ သင်တန်းတက်တော့ ဒီမှာတုန်း က မလုပ်ရတာတွေ ဟိုမှာ တစ်ယောက်တည်းဆိုတော့ ကိုယ့်ဟာကိုယ် လုပ်ရတာ။ အခန်းက တစ်ယောက်တည်းအခန်း။ ခုနစ်ထပ် ရှိတဲ့ "Concadia" ဆိုတဲ့ အဆောက်အအုံမှာ။ အခုတစ်ခေါက် ပြန် သွားရှာတော့ အဲဒီ Concadia အဆောက်အအု မတွေ့တော့ဘူးဗျ။ ကျွန်တော်ပဲ မျက်စိလည်နေသလား မသိဘူး။ အဲဒီအဆောက်အအုံကနေ ဘယ်လောက်ဝေးတဲ့ နေရာလဲဆိုတော့ ဒီန့ ရွှေပုဇွန်ဆိုင် (မဟာဗန္ဓုလ ပန်းခြံလမ်းမှ လမ်းသစ်လမ်း)လောက်ရှိတဲ့ သင်တန်းနေရာကို နေ့တိုင်း လမ်းလျှောက်ရတယ်။

 နောက်တစ်ခါ အဆောင်မှာ တစ်ယောက်ခန်းဆိုတော့ လမ်းလျှောက်ရတယ်။ နောက်တစ်ခါ အဆောင်မှာ တစ်ယောက်ခန်းဆိုတော့ ကိုယ့်ဟာကိုယ် အားလုံး လုပ်ရတယ်။ ချက်ရတယ်။ မီးဖိုချောင်နဲ့ ပတ်သက် တဲ့ ရေခဲသေတ္တာ၊ ဂက်စ် ... အကုန်ရှိတယ်။ ရေချိုးခန်းက bathtub ဆိုတော့ ရေချိုးခန်းမှာ ရေချိုးပြီး ပြန်ထွက် တဲ့အခါတိုင်း ကျွန်တော် ချွေးဒီးဒီးကျရတယ်။ ဘာဖြစ်လို့လဆိုတော့ ကျွန်တော့် ရေချိုးခန်းရဲ့ bathtub က ဘယ်ဘက်မှာ ကပ်ထားတာဆိုတော့ ဆင်းရင် ညာဘက်ကို ဆင်းရမှာ။ အဲဒီတော့ ဆင်းခါနီးတိုင်း ကျွန်တော် ရေချိုးပြီးရင် ချွေးပြန်ပြီ။ လဲလိုက်ရင် တစ်ယောက်တည်းလေ။

အဲဒီလိုမျိုးပေါ့ဗျာ။ ဒီကနေ ရွှေပုဇွန်လောက်ကို နေ့တိုင်း လမ်းလျှောက်ရတဲ့ အကျိုးကျေးဇူးက exercise ဖြစ်သွားပါတယ်။ ရောက်စက မိုးအုံ့သလို ရှိပေမယ့် သူတို့ဆီက ရာသီဥတုက တော်တော် ထူးဆန်းပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေး မကောင်းတဲ့အတွက် အနွေးထည် မချွတ်ဘဲ အမြဲဝတ် ထားဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စာသင်ခန်းထဲမှာလည်း အဲယားကွန်းက အမြဲဖွင့်ထားတာပါ။ အဲဒီမှာ ကျွန်တော် ရယ်၊ မလေးကရယ် ... ဘူတန်ကရယ် ... တရုတ်ရယ် ... ဖီဂျီကရယ် ... အပူပိုင်းက လာကြတာ ဆိုတော့ အအေးမခံနိုင်ကြဘူး။ ကျွန်တော်တို့က အအေးကို သွားလျှော့လိုက်။ တခြားလူတွေက ပြန်တိုး လိုက်နဲ့။ သုံးလလုံး အဲဒါ နေ့တိုင်း လုပ်နေကြတာ။ အအေးမခံနိုင်ဘူးလေ။ သူတို့က ဖွင့်၊ ကျွန်တော်တို့က ပိတ်နဲ့။

ကျွန်တော့် ပရိုမိုးရှင်းနဲ့ ပတ်သက်ပြီး နောက်တစ်ခါ အခက်အခဲကြုံတာက ကျွန်တော့်ကို ပရိုမိုးရှင်း ပေးတော့မယ့် အချိန်၊ စာမေးပွဲ စစ်ပြီးချိန်မှာပေါ့။ SB က ကျွန်တော့်ကို ခေါ်တယ်။ ဘာလုပ်မှာမှန်း ကျွန်တော် က မသိဘူး။ ကျွန်တော်က ဌာနက ဖြစ်တဲ့အတွက် ဌာနကို အကြောင်းကြားပြီး ခေါ်တယ်။ သွား လိုက်ပါဆိုတော့ ကျွန်တော် သွားတယ်။ အဲဒီတုန်းက ၀င်းငြိမ်း နာမည်နဲ့ စာပေစိစစ်ရေးက ထုတ်ဝေခွင့်ကတ်ပြား လျှောက်ဖို့ ထုတ်ဝေခွင့်ပုံစံ သွားတောင်းထားတယ်။ 

ကျွန်တော့်ကို စစ်တော့ ကျွန်တော့် ရာထူးက ပြန်တမ်းဝင်အရာရှိ ဖြစ်နေတဲ့အတွက် သုံးပွင့်က စစ်ရပြီး တစ်ပွင့်က လိုက်ရေးပါတယ်။ စစ်တော့ စားပွဲနဲ့ဗျ။ သူက စာရွက်ကို ဟိုဘက်မှာ ချထားတယ်။ ကျွန်တော်က ဒီဘက်မှာ ထိုင်တယ်။ စာရွက်မှာ တိုင်ကြားသူများ ဆိုပြီးတော့ အောက်က မျဉ်းပိတ်ပြီးတော့ ကျွန်တော့်ကို တိုင်ထား တာ တွေ့တယ်။ သူက စာရွက်တစ်ရွက်နဲ့ အပေါ်က လူစာရင်းကို ပိတ်ထား တယ်။ မေးရင်း၊ ရေးရင်းနဲ့ ရွှေ့သွားတယ်။ ရွေ့သွားတော့ သူ ထသွားတုန်း တွေ့လားလို့ တစ်ယောက် က မေးတယ်ဗျ။

တိုင်တဲ့သူတွေက ပေဖူးလွှာ ဦးမြလှိုင်ရယ်၊ ပေဖူးလွှာကို ရိုက်ပေးနေတဲ့ ဦးမြတ်ကျော်ရယ်၊ ဦးမြ လှိုင်ရဲ့တူ ကိုဝင်းနိုင်ရယ်က တိုင်တာ။ ကျွန်တော်ဟာ ၀န်ထမ်းတစ်ယောက် ဖြစ်ပါရက်နဲ့ ထုတ်ဝေခွင့်ကို လိမ်ပြီး လျှောက်ပါတယ်လို့ တိုင်တာ။ ၀န်ထမ်းတစ်ယောက်က၊ တိုင်းပြည်ရဲ့ လစာကို စားနေတဲ့ ၀န်ထမ်း တစ်ယောက်ဟာ နောက်ထပ် အလုပ်တစ်ခုကို လုပ်ခွင့်မရှိဘူးဆိုတဲ့အတွက် ကျွန်တော့်ကို အရေးယူမယ်ဆို တ့ သဘောပေါ့လေ။
သူ မေးတဲ့အခါကျတော့ ကျွန်တော်က ''ခင်ဗျား ထုတ်ဝေခွင့်လျှောက်လွှာ မြင်ဖူးလား'' လို့ မေး တယ်။ သူက မမြင်ဖူးဘူး တဲ့။ ''ရော့'' ဆိုပြီး ကျွန်တော် အိတ်ထဲက ထုတ်ပေးလိုက်တယ်။

သူက ဖတ်ကြည့် တယ်။ ကျွန်တော်က အဲဒီမှာ လက်ရှိအလုပ်အကိုင် ဆိုတာ ပါလားပေါ့။ မပါဘူး။ အခုလည်း မပါဘူး။ အဲဒီ တော့ မပါတဲ့ မေးခွန်းတစ်ခုကို ကျွန်တော်က ဖြေရမလား။ မပါတာကို ကျွန်တော် ဘယ်လိုသွားဖြေရမလဲ။ ဒီတော့ ကျွန်တော့်ကို ဘာကြောင့် ခေါ်မေးရတာလဲပေါ့။ တိုင်တဲ့လူ ရှိလို့တဲ့။ အဲဒီလိုဆို ကျွန်တော်လည်း တိုင်မယ်၊ စာရွက်ပေးဆိုတော့၊ ဘယ်သူ့တိုင်မှာလဲတဲ့။

 ဒေါက်တာတင်ထွန်းဦး က ကျန်းမာရေးဌာနက ၀န်ထမ်းတစ်ဦး။ သူက သုတစွယ်စုံ ဆိုတဲ့ စာအုပ်တိုက် လုပ်ထား တယ်။ မောင်သာချိုက တက္ကသိုလ်က နည်းပြတစ်ဦး။ သူက အိပ်မက်ဖူးဆိုတဲ့ နာမည်နဲ့ ထုတ်ဝေခွင့် ကတ်ပြား ရထားတယ်။ သူတို့ကို ကျွန်တော် တိုင်မယ်။ ကျန်တဲ့သူတွေကို ရှာပြီးတိုင်မယ် ဆိုတော့ မလုပ်ပါနဲ့၊ မတိုင်ပါနဲ့တဲ့။ တကယ်တော့ ကျွန်တော် လည်း မတိုင်ဖြစ်ပါဘူး။ အဲဒီ စစ်ဆေးမှုကြောင့် တကယ်ပရိုမိုးရှင်းပေးမယ်ဆိုတော့ ခြောက်လ ထပ်နောက် ဆုတ်သွား ပါတယ်။ ခြောက်လ ပြည့်ပြီးတော့ မှ ကျွန်တော် တစ်ယောက်တည်းကို သက်သက် ပရိုမိုးရှင်း အော်ဒါထွက်ပေးပါတယ်။

ဆက်ရန်
.

No comments: