Thursday, November 7, 2013

ဆရာမာန် (တောင်လုံးပြန်) ၏ ပဲ့ကိုင်ရှင် မဂ္ဂဇင်းအယ်ဒီတာ များနှင့် တွေ့ဆုံခြင်း အပိုင်း (၁)

ချစ်သောစာချစ်သူ မိတ်ဆွေများ အား စာကောင်းလေးများ ဖတ်စေချင်သော စေတနာ ဖြင့် ဘလောဂ်လေး တည်ဆောက်ထားခဲ့သည်မှာ အတော်ကြာခဲ့ပါပြီ ... စာကောင်းလေး များလည်း တင်ပေးခွင့်ရသလောက် တင်ပေးခဲ့ပါပြီ ... 

ယခုအခါ ခေတ်ပြောင်းသွားသည့်  အတွက် ( .. ခစ် .. ခစ် .. ) အရင် က ပိတ်ပင် ထားခဲ့သော Blogspot လို လိုင်း များလည်း ပွင့်လာခဲ့ပါပြီ .. ရှားပါး စာအုပ်များလည်း ပြန်လည်၍ ထုတ်ဝေ လာကြပါပြီ .. သို့ဖြစ်ပါ၍ စာရေးဆရာများ ၏ အကျိုးစီးပွား .. ထုတ်ဝေသူများ ၏ အကျိုးစီးပွား ကို ကြည့်၍ စာများ မတင်ဖြစ်ခဲ့တော့ ပါ ...
သို့ပေမဲ့ ဟင်းကောင်းလေးများချက်ရင် ကိုယ်ချစ်တဲ့ သူများ ကို စားစေချင်တဲ့ စေတနာ မျိုးရှိတဲ့ .. မြန်မာ ဓလေ့ထုံးစံလေး များအတိုင်း စာကောင်းလေးများ ဖတ်ရရင် ပေးဝေချင် တဲ့ စိတ် မကုန်တဲ့ ရွှေစင်ဦးလေး မှာ ရွစိ ရွစိ နဲ့ အနေရ ခက်လှပါသည် ...

ခင်မင်ကြတဲ့ စာချစ်သူများ အထူးသဖြင့် အမမကြာညို ၏ တိုက်တွန်းချက်များ အရ ... စာတချို့ ကို ပြန်တင် ပေးပါတော့မယ် ... အခုတင်မဲ့ မာန်(တောင်လုံးပြန်) ရဲ့ စာအုပ်ကတော့ ဖတ်သင့်တဲ့ စာမျိုးလို့ ကျနော် ယူဆတဲ့အပြင် စာရေးဆရာ ကိုမာန် ကလည်း ခွင့်ပေးပြီးသားဖြစ်တဲ့ အတွက် ဒီနေ့ က စပြီး ကော်နက်ရှင် အဆင်ပြေသမျှ ရက်တွေမှာ စာအုပ်ပြီးဆုံးတဲ့ အထိ ဆက်လက်တင်ပေးပါမယ် .. စာချစ်သူ များ သာဓု ခေါ်ကြ ... အဲ .... ဖတ်ကြ ကုန်လော ...ဖတ်ရင်းနဲ့ မစောင့်နိုင်ကြလျှင်လည်း နီးစပ်ရာ စာအုပ်ဆိုင် များတွင် ၀ယ်ကြ ကုန်လော ... ကောင်းလေစွ ကောင်းလေစွ ... ကောင်းလေစွ

ရွှေစင်ဦး (ဖဘ တွင် နေထိုင်သည့် အချိန် ပိုများပါသည်)
.

 ပဲ့ကိုင်ရှင် မဂ္ဂဇင်းအယ်ဒီတာ များနှင့် တွေ့ဆုံခြင်း

ဆရာဝင်းငြိမ်း
(၂၀၁၀)ခုနှစ်


ကျွန်တော့်အတွက် ပထမဆုံး ကြည်နူးဝမ်းသာစေတဲ့ ဖြစ်ရပ်လေးက ဆရာဟာ ဘယ်သူနဲ့မှ ဒီလို ဘ၀ပုံရိပ်တွေ အင်တာဗျူး မလုပ်ဘဲ ကျွန်တော်မို့လို့ လုပ်ဖြစ်တာဆိုတဲ့ စကားလေးပါပဲ။ ဆရာ့ရဲ့ ချီးမြှင့်မှုလို့ ကျွန်တော် ကြည်နူးဝမ်းမြောက်စွာ ခံယူမိပါတယ်။

ဆရာဟာ ကျွန်တော်နဲ့တကွ ''ရွှေ''က ထွက်တဲ့ ကလောင်ရှင်တွေအပေါ် အစဉ်အမြဲ ခိုင်မာတဲ့ မေတ္တာ၊ စေတနာနဲ့ ပံ့ပိုးကူညီခဲ့တာ ကြိမ်ဖန်များစွာပါ။ ဆရာ့ရဲ့ ဘ၀ပုံရိပ်တွေကို စာအုပ်ရေးဖို့ ကျွန်တော့်ကို ခွင့်ပြုခဲ့တဲ့အတွက် ကျွန်တော့်ဘက်ကလည်း ဆရာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို လနဲ့ချီပြီး လေ့လာခဲ့ရပါ တယ်။ ပြီးတော့မှ ဆရာ့ရဲ့ ပုခက်တွင်းကနေ စခဲ့တဲ့ ငယ်ဘ၀ပုံရိပ်အချို့ကို နမူနာမေးခွန်း ပြလိုက်တော့ ဆရာ ကျေနပ်သွားပါတယ်။ ဝေေ၀၀ါးဝါး လုပ်နေတာ မဟုတ်မှန်း ဆရာ လက်ခံသွားပြီဆိုမှ မေးခွင့်ရခဲ့တာ ပါ။ ဆရာ့ရဲ့ ဘ၀ဖြတ်သန်းမှုတွေ သိရဖို့အတွက် ဆရာ ၀န်ထမ်း လုပ်ခဲ့ဖူးတဲ့ ရသုံးမှန်းခြေငွေစာရင်းဌာန၊ နေပြည်တော်က မိတ်ဆွေတွေဆီ ဖုန်းဆက်။ ဆရာနဲ့ တွဲဖက် တာဝန်ယူခဲ့ကြတဲ့ လူဟောင်းတွေကို စုံစမ်း၊ မှတ်သင့်တာမှတ်၊ အမျိုးသားစာကြည့်တိုက် ကိုသွား။ ပေဖူးလွှာ၊ ရွှေအမြုတေ နဲ့ ဆရာ့စာအုပ်တွေ လေ့လာ၊ မေးခွန်းတွေ ထုတ်ခဲ့ပါတယ်။

ဆရာနဲ့ အင်တာဗျူးချိန်မှာတောင် အချိန်ကို ပိုင်းဖြတ်ပြီး ၃ ကြိမ်ခွဲပြီး တွေ့ခဲ့ပါတယ်။ တစ်ကြိမ်တည်းမေး လိုက်ရင် အလောတကြီးဖြစ်ပြီး မစုံမလင်ဖြစ်သွားမှာစိုးလို့ပါ၊ ဖြစ်ချင်တော့ ပထမအကြိမ် တွေ့ဆုံနေချိန် မှာပဲ အစ်မ၀ိုင်းရဲ့ ယောက္ခကြီးဖြစ်သူ၊ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ ဇနီး ကြီးကြီး ဒေါ်နီနီခင် နေအိမ်မှာ အနုကြမ်းစီး ခံရလို့ ဆေးရုံကြီး (ဦးနှောက်နှင့်အာရုံကြော)အရေးပေါ်ဌာနကို တက်ခဲ့ရ ပါတယ်။ ကျွန်တော် လည်း မနက်ပိုင်း လူနာစောင့် ၀င်လုပ်ပေးခဲ့ပါတယ်။ ဆေးရုံမှာ ၁၀ ရက်ကုသမှု ခံယူခဲ့ ရပါတယ်။ ဆရာနဲ့ တတိယ အကြိမ် တွေ့ဆုံချိန်မှာတော့ အစ်မ၀ိုင်းလည်း နည်းနည်းစိတ်အေးလက်အေး ဖြစ်နေပါပြီ။
ကျွန်တော့်အပေါ် အစဉ်အမြဲ စေတနာ၊ မေတ္တာထားခဲ့တဲ့ ဆရာ့ရဲ့ဂုဏ်ကျေးဇူးများကို မှတ်မှတ် ရရ ကျေးဇူးတင်နေမိပါတော့တယ်။

စာတည်း။      ။ ဆရာ့ကို မင်္ဂလာပါလို့ ဦးစွာ နှုတ်ခွန်းဆက်ပါရစေ ဆရာ။
ကျွန်တော် ဆရာ့ကို ငယ်ဘ၀ပုံရိပ်တွေ အရင်ဆုံးမေးခွင့်ပြုပါဆရာ။ ဆရာ ငယ်ငယ်ကတည်းက အမေ့ ဆီမှာ နို့စို့ပြီး အဘိုးက ချီချီသွားတယ် ဆိုတာတွေ၊ နောက်ပြီးတော့ နည်းနည်းကြီးလာတဲ့ အချိန်မှာ ဆရာ့မိဘတွေ ရန်ကုန် ပြောင်းသွားတဲ့အတွက် ကျောင်းပိတ်ရက် ရောက်မှ မိဘတွေရှိတဲ့ ရန်ကုန်ကို လိုက်လာခွင့် ရတာ တွေ၊ ဆရာ့မိသားစုအကြောင်းတွေ နည်းနည်းပြောပြပေးပါဦး။

ဆရာဝင်းငြိမ်း။        ။ ကျွန်တော့် အဘိုး အဘွားမှာ သား လေးယောက်ရှိပါတယ်။ ကျွန်တော့်အဖေက ကျားဘညိမ်းပါ။ အဖေ ဦးဘညိမ်းရယ်၊ ဦးဘသိန်းရယ်၊ ဦးဘစိမ်းနဲ့ ဦးဘဟိန်း ဆိုပြီး ရှိပါတယ်။ ဦးဘသိန်း ဆိုတာ '' ချစ်ညို'' ကလောင်နဲ့ စာလည်း ရေးတယ်။ လူထုသတင်းစာမှာ အယ်ဒီတာလည်း လုပ်ခဲ့ပါတယ်။ ဦးဘစိမ်းနဲ့ ဦးဘဟိန်းတို့က သူတို့ရဲ့ မိဘရိုးရာအလုပ်ဖြစ်တဲ့ ဆေးဆိုးပန်းရိုက်လ်ုငန်း လုပ်ပါတယ်။ အခုအချိန်အထိလည်း မန္တလေးမှာ ဆေးဆိုးပန်းရိုက်လုပ်ငန်းကို လုပ်ကိုင်နေကြပါတယ်။ သားအကြီးဆုံးက မွေးတဲ့ ကျွန်တော့်ကို အမေက ဘယ်မှာ မေးသလဲဆိုတော့ မန္တလေးမြို့မှာ။

မန္တလေးက ကာတစ်တိုက် (surtis) လို့အမည်ရတဲ့ ဆေးတိုက်မှာ မွေးပါတယ်။ သားဖွားခန်းရှိပါတယ်။ သူ့ရဲ့ အထိမ်းအမှတ် က ခုခေတ် လို ဘာဆေး၊ ဘာဆေးသောက်ဆိုပီး ဆရာဝန်က ညွှန်းတာမျိုး မဟုတ်ဘဲ ဆေးစပ်သမား (ကွန်ပေါင်ဒါ)ရှိ တယ်။ အဲဒီဆေးစပ်တဲ့လူက ဆရာဝန်ပြော တဲ့ ဆေးညွှန်းအတိုင်း ဆေးလုံးတွေကို ဆေးထောင်းတဲ့ ဆုံမှာ ဆေးထောင်း ပါတယ်။ ထောင်းပြီးတဲ့ အခါကျလို့ရှိရင် ရေနဲ့ဖျော် mix လုပ်၊ ပုလင်းထဲကို ထည့်ပါတယ်။ ပုလင်းမှာက အမှတ်အသား လုပ်ထားတယ်။ တစ်မှတ်ကို တစ်ခွက်ပေါ့လေ။ 

အဲဒီဆေးထောင်းတဲ့ဆုံကို အထိမ်းအမှတ်ပြုပြီး ဆေးထောင်း တဲ့ ဆုံပုံ ချိတ်ဆွဲထားပါတယ်။ အခုထိ ရှိသေးတယ်ဗျ။ ၂၈ လမ်းနဲ့ ၈၃ လမ်းဆုံတဲ့ထောင့်မှာရှိပါတယ်။ အဲဒီ ကာတစ် ဆိုတဲ့ ဆုံကို အကြောင်းပြုပြီးတော့ မန္တလေးမှာ ပြောစမှတ် တွင်လာတာရှိပါတယ်။ ဆုံ ဆိုတာက အပေါ်မှာ ကားတယ်၊ အလယ်မှာ စုတယ်၊ အောက်မှာ ကားတယ် မဟုတ်လား။ ဒါကြောင့် အမျိုးသမီးတွေကို ပြောရင် ဟာ ... ကာတစ်ကတော့ ကွာ ... ဆိုပြီး ဒီလိုတောင် ပြောစမှတ်တွင်ခဲ့ပါတယ်။ ကာတစ် ကတော့ ကောင်းတယ်၊ ဘာညာပေါ့ဗျာ၊ ဆုံကို ပြောတာပါ။ ကျွန်တော့်ကို အဲဒီမှာ မွေးတယ်။

ကျွန်တော်က မြေးဦးတော့ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်အဖေရဲ့ညီ ဦးဘသိန်းက အရင် အိမ်ထောင်ကျတာပါ။ သူက မိန်းမအိမ်မှာ လိုက်နေတာဆိုတော့ မြေးဦးက ကျွန်တော့်အဘိုး အဘွား ဘက်ရောက် မလာဘဲ ဟိုဘက် အဘိုး အဘွားလက်ထဲ ရောက်နေတာပေါ့။ ဒီဘက်မှာ မြေးမရှိဘူး။ ကျွန်တော် မွေးလာတော့ မြေးဦးလိုဖြစ်ပြီး အဘိုးက တအားချစ်တဲ့အတွက် တစ်ခါတည်း ခေါ်ထားပါတယ်။ အဘိုး က နေ့လယ်နေ့ခင်း အိပ်လေ့ရှိပြီး သူ အိပ်ရင်တောင် သူ့လက် မှာ ကြိုးလေးချည်ထားပြီး ကျွန်တော့် ပုခက် ကို တွှဲရင်း အိပ်ပါတယ်။ နို့တိုက်ချိန်ရောက်ရင် ကျွန်တော့် မိဘတွေက မြို့ဏ်ရောင် ရုပ်ရှင်ရုံနားက ၀င်းတစ်ခုထဲမှာ နေတယ်။ အဲဒီအိမ်ကို ပို့ပေးပါတယ်။ စက်ဘီးနဲ့ ခေါ်သွားတယ်။ နို့တိုက်ပြီးရင် ပြန်ခေါ် သွားတယ်။

ကျွန်တော် သိတတ်တဲ့ လေး ငါးနှစ်အရွယ် ... နို့မစို့ရတော့တဲ့အရွယ်မှာ အဘိုးအိမ်မှာ ပဲ တောက်လျှောက်နေ ရတယ်။ ကျွန်တော့်အဖေနဲ့ ဦးလေးတစ်ယောက်က အိမ်ထောင်ကျပြီး ကျန်တ့ ဦးလေး နှစ်ယောက် က လူပျိုပဲရှိသေးတယ်။ ကျွန်တော် နေတဲ့အိမ်မှာ အဘိုးရယ်၊ အဘွားရယ်၊ ဦးလေး လူပျိုနှစ်ယောက် ရယ် ရှိပါတယ်။ သူတို့နဲ့ အတူနေတဲ့ တူ အနေနဲ့ ဦးလေးတွေက ချစ်ပါတယ်။ ဦးလေး တစ်ယောက် က ရုပ်ရှင်အရမ်းဝါသနာပါတယ်။
    သူက အဲဒီတုန်းက ရွှေဘတို့၊ တင်ညွန့်တို့ဆို သိပ်ကြိုက်တယ်။ ရုပ်ရှင်တွေက ဘယ်မှာ ပြသလဲဆို တော့ ဆိုင်းတန်း ရုပ်ရှင်ရုံလို့ ခေါ်တဲ့ ရုံမှာပြတာ များတယ်။ တောကြိုက်လိုဟာမျိုးပေါ့။

    ဦးလေးက ရုပ်ရှင်သွားကြည့်ရင်း စက်ဘီးလေးနဲ့ တင်ခေါ်သွားတာပဲ။ ကျွန်တော့် ဦးလေး ရုပ်ရှင် ၀ါသနာ ပါတာက ဟိုတုန်းက မန္တလေးမှာ နယ်လိုပဲဆိုတော့ ရုပ်ရှင်ကားတွေ လှည့်ရင် handbill တွေဝေတယ်ဗျ။ အဲဒီ handbill ဆိုတာတွေ ပါတယ်။ အဲဒါတွေ ဝေတော့ ဦးလေးက စုထားတာ။ သူ့ဗီရိထဲ မှာ သေသေချာချာ စုထားတာ။ ရုပ်ရှင်ကို အဲဒီမှာ ကျွန်တော် ၀ါသနာပါလာတာပါ။ ကျွန်တော့်ညီ အစ်ကို ၀မ်းကွဲ မောင်မောင့် ကိုလည်း ခေါ်တတ်တယ်။ သူ တစ်လှည့်၊ ကျွန်တော် တစ်လှည့် စက်ဘီးနဲ့ ခေါ် ခေါ်သွားတယ်။ တစ်ခါတလေ လည်း နှစ်ယောက်စလုံး ကြည့်ရတယ်။

အဲဒီလိုကနေ ကျွန်တော် ကျောင်းတက်တဲ့အရွယ် ရောက်တော့ မန္တလေးမှာ သာသနာပြုကျောင်း ဖြစ်တဲ့ ဟိုခေတ်က သီပေါမင်းတို့၊ ဘာတို့ ကျောင်းတက်ခဲ့တဲ့ ကျောင်းဖြစ်ပြီး၊ မင်းတုန်းမင်းကြီး လှူဒါန်း ထားတဲ့ကျောင်း မှာ တက်ရပါတယ်။ သာသနာပြုပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဒေါက်တာမတ်ခ်ကို လှူဒါန်းထား တဲ့ ကျောင်းပါ။ သူက မင်းတုန်းမင်းကြီးရဲ့ သားတော်တွေကို စာသင်ပေးခဲ့တဲ့သူပါ။ (သံတဲ) သံတမန်တွေ တည်း ဖို့အတွက် ဆောက်ပေးထားတဲ့ ''သံတဲ''နားမှာ ကျောင်းလုပ်ထားတာပါ။ အဲဒီထဲမှာ ထူးခြားတဲ့ အချက်က သူတို့ ခရစ်ယာန် နှစ်ခြင်းခံမယ့်ခွက်၊ အဲဒီခွက်က ကျောက်စိမ်းနဲ့ လုပ်ထားတာ။

အသားကျောက်နဲ့ လုပ်ထားတာပါ။ ကျွန်တော် မန္တလေးရောက်ခဲ့တုန်းက ဘာဖြစ်လို့လဲဆိုတော့ နှစ်ပေါင်း တစ်ရာကျော်နေပြီကိုး။ အထဲမှာ အရင်ကကျွန်းတိုင်ကြီးတွေဆိုတာ ကျွန်တော် မှတ်မိနေတယ်။ အခုတော့ သံကူကွန်ကရစ်တွေနဲ့ ပြင်နေပါပြီ။ ကျွန်တော်တို့ တက်ခဲ့တုန်းက ကျောင်းမှာ ဆင်ချည်တိုင်၊ မြင်းချည်တိုင် တွေတောင် ရှိပါသေးတယ်။ မင်းညီမင်းသားတွေစီးလာတဲ့ ဆင်တွေ၊ မြင်းတွေ ချည်ဖို့ တိုင်တွေပေါ့။ သူက ဟိုးတုန်းကဆိုရင် မြို့ထဲကနေ အသုဘတွေ ဘာတွေ ထုတ်တဲ့ တံတားဆိုတာ ရှိပါတယ်။ စီလမ်း ၂၂ လမ်းလို့ ခေါ်နေပြီ။ အဲဒီလမ်းတည့်တည့်သွားရင် ''ရွှေတချောင်း'' ရဲ့ဘေးမှာ တံတား တစ်ခုရှိပါတယ်။  နာမည်ရင်းက ဘာလဲတော့ မမှတ်မိတော့ဘူး။ မန္တလေးမြိုခံတွေကတော့ အသုဘတွေ ထုတ်တဲ့အတွက် ''မသာတံတား'' လို့ခေါ်တယ်။ အဲဒီတံတားကနေ ဖြတ်ပြီးတော့ ကျောင်းတက်ရပါတယ်။ အဲဒီမှာ ၁၀ တန်း အောင်တဲ့အထိ ကျွန်တော် ကျောင်းတက်ခဲ့ပါတယ်။

နောက် မန္တလေးတက္ကသိုလ်မှာ ၁၉၆၃ ၀န်းကျင်လောက်မှာ တက္ကသိုလ်တက်ရင်း ကျောင်းတွေ ပိတ် တယ်။ အရေးအခင်းတစ်ခုဖြစ်တယ်။ ကျောင်းပြန်ဖွင့်တဲ့အခါ ပညာရေးစနစ်တွေ ပြောင်းသွားတယ်။ အသက်မွေး ၀မ်းကျောင်းတက္ကသိုလ်တွေ ဖွင့်လာတယ်။ စီးပွားရေးတက္ကသိုလ်တို့၊ ပညာရေးတက္ကသိုလ်တို့ ... ခွဲပြီး ပေါ်လာတယ်။ ၁၉၆၄ မှာ ကျွန်တော် ရန်ကုန်ကို ရောက်လာပြီး စီးပွးရေးတက္ကသိုလ် တက်ဖြစ်ပါ တယ်။ ဖြစ်ချင်တော့ ကျွန်တော့် မိဘတွေက ရန်ကုန်မှာ ရှိနေရာကနေ မန္တလေးကို ''ထရန်စဖာ'' သွားရ တယ်။ ကျွန်တော်က ရန်ကုန် ရောက်လာပြီး အဆောင်နေခဲ့ရပါတယ်။ တစ်နှစ် နေခဲ့ရပြီးနောက်နှစ်မှာ အဖေက ရန်ကုန်ကို ထရန်စဖာနဲ့ ပြန်ရွေ့လာပါတယ်။ ၁၉၆၇ ခုနှစ် နိုဝင်ဘာလမှာ ကျွန်တော် ''၀ါဏိဇ္ဇဗေဒ''ဘွဲ့ရပါတယ်။ စီးပွားရေးတက္ကသိုလ်က ရခဲ့တာပါ။ အောင်စာရင်းမထွက်ခင်မှာ ဘဏ္ဍာရေး ၀န်ကြီးဌာန ကို ပို့ပေးတယ်။

ကျောင်းသား တစ်ရာ့အစိတ်လောက် ရှိလိမ့်မယ်။ Grading နဲ့ခွဲပြီး ဒီဂရီမြင့်တဲ့ သူတွေကို ပို့ပေး လိုက်တာပါ။ အောင်စာရင်း မထွက်ခင် အလုပ်သင်အရာရှိအဖြစ်နဲ့ လုပ်ရပါတယ်။ အောင် စာရင်း ထွက်တော့မှ ကျတဲ့သူတွေက ကျောင်းပြန်၊ အောင်တဲ့သူတွေက အလုပ်ဆက်လုပ်။ ရတဲ့ လခက ၁၂၅ကျပ်ပါ။ အိုဗာတိုင်လည်း လုပ်ရပါတယ်။ အိုဗာတိုင်လုပ်တဲ့အတွက် ညနေအထိ လုပ်ရတဲ့နေ့ဆိုရင် လက်ဖက်ရည်တစ်ခွက်၊ မုန့်တစ်ချပ် ကျွေးပါတယ်။ 

ရုံးနေရာက ၀န်ကြီးများရုံး အဆောက်အအုံမျာ ရှိတာ ပါ။ အိုဗာတိုင်မှာ လက်ဖက်ရည်နဲ့ မုန့်မစားရင် ပြား ၇၀ ရပါတယ်။ တကယ်လို့ ည ၁၂ နာရီ၊ ၁ ချက်အထိ လုပ်ရတဲ့နေ့ဆိုရင် ၂ ကျပ်ရပါတယ်။ အဲဒီတုန်းက အဲဒီလစာနဲ့ လောက်တယ်။ ကျွန်တော် ရတဲ့လစာကို အမေ့ကို အကုန်ပေးပြီးတော့ တစ်နေ့မှ တစ်ကျပ်ပဲ ကျွန်တော့်အသုံးစရိတ်ရှိတယ်။ ကျွန်တော် အလုပ် လာတဲ့အခါ ကျွန်တော်တို့နေတဲ့ ပုဇွန်တောင်နဲ့ စိန်ပေါလ်ကျောင်း ကားမှတ်တိုင်ဆိုရင် ကားခ ၅ ပြားပဲပေး ရတာပါ။ ကျွန်တော် ယူလာတဲ့ တစ်ကျပ်နဲ့ နေ့လယ်မှာ ထမင်းမစားဘဲ လက်ဖက်ရည်သောက်မယ်၊ မုန့် စားမယ်၊ တခြားသူငယ်ချင်းတွေတောင် ကျွေးလို့ရပါသေးတယ်။

အဲဒီလို နေလာရင်းနဲ့ ကျွန်တော် တခြားသင်တန်းတွေ တက်ဖြစ်တယ်။ R.A သင်တန်း တက်တယ်။ Registered Accountant လို့ ခေါ်တဲ့ စာရင်းကိုင်သင်တန်းပါ။ အဲဒါက လုပ်သားကောလိပ်မှာ မနက်ပိုင်း တက်ဖြစ်တဲ့ အပိုင်း။ အဲဒီ ဒီပလိုမာရတယ်။ နောက်တစ်ခုက R.L လို့ခေါ်တဲ့ ရှေ့နေသင်တန်းပါ။ အဲဒီမှာပဲ တက်ရပါတယ်။ ကျွန်တော် အောင်ခဲ့ပါတယ်။ နောက် Diploma In Management And Accounting သင်တန်းလည်း တက်ဖြစ်ခဲ့ပါတယ်။ နောက် နိုင်ငံခြားဘာသာ တက်ချင်တဲ့အတွက် IFL မှာ ညနေပိုင်း အချိန်ပိုင်း သွားတက်ပါသေးတယ်။

 ပြင်သစ်ဘာသာ တက်ပါတယ်။ ၁၉၇၉ ခုနှစ်ပါ။ အဲဒီမှာ ကျွန်တော့်အဖေ အသည်းအသန်ဖြစ်ပြီးတော့ ရန်ကုန်အရှေ့ပိုင်း ဆေးရုံတင်ခဲ့ချိန်ကြုံရပါသည်။ တင်တဲ့ အချိန်မှာ ကျွန်တော် ကျောင်းပျက် သွားပါတယ်။ ကျောင်းမှာ သင်တဲ့စနစ်က ရုပ်ပြထားပြီး အသံဖွင့်ပေး ထားတာကို နားထောင်၊ ပြီးတော့ ပြန်ပြောရ တဲ့ သင်ကြားမှုပါ။ လိုက်မရေးရဘူး။ လိုက်ရေးရင် ပရော်ဖက် ဆာက လက် ကို ခေါက်တယ်။ စာသင်သား လက်ထဲမှာ စာရွက်မပါရဘူး၊ ဘောပင် မပါရဘူး။ ကြည့်၊ နားထောင်၊ ဘာပြောတယ် အဓိပ္ပာယ်ပေါက်အောင် စဉ်းစား၊ အဲဒီအသံထွက်အတိုင်း လိုက်ပြောရတယ်။ အဲဒီနည်းနဲ့ သင်တာ ဆိုတော့ လေး ငါးရက်လောက် ကျောင်းပျက်သွားပြီဆိုရင် လိုက်လို့ မမီတော့ဘူး။ ကျွန်တော် အဲဒီသင်တန်း မပြီးခဲ့ဘူး။

ကျွန်တော် မန္တလေးမှာ အဘိုး၊ အဘွားတွေနဲ့ နေလာစဉ်ကတော့ နွေကျောင်းပိတ်ရက်ဆိုရင် မိဘ တွေရှိတဲ့ ရန်ကုန် ကို လာပါတယ်။ ကျောင်းပိတ်ရက်တွေ ရန်ကုန်ရောက်တဲ့အခါ ကျွန်တော့်အဖေက မဂ္ဂဇင်း မှာ အားကစားဆောင်းပါးတွေ ရေးနေတော့ မဂ္ဂဇင်းစာအုပ်တွေ လက်ဆောင်ရပါတယ်။ ရှုမ၀၊ မြ၀တီ၊ ငွေတာရီ၊ သွေးသောက် အဲဒါတွေ ရပါတယ်။ အမေကစာဖက်တာ အရမ်းဝါသနာပါတယ်ဗျ။ ညီတွေ က ငယ် သေးတော့ စာမဖတ်ကြသေးဘူး။ အိမ်မှာဆိုရင် အမေရယ်၊ အဖေရယ်က စာဖတ် ၀ါသနာ ပါတယ်။ အမေက သူ ဖတ်ပြီးရင် စာအုပ်တွေ၊ မဂ္ဂဇင်းတွေ ထင်းရှူးသေတ္တာနဲ့ သေသေချာချာ သိမ်းထားပေး တယ်။ လစဉ် ရသမျှ မဂ္ဂဇင်းတွေ၊ တခြား လုံးချင်းတွေဆိုရင် စနစ်တကျ ဗီရိုနဲ့ ထည့်သိမ်းထားပါတယ်။ ကျွန်တော် နွေရာသီ ကျောင်းပိတ်တဲ့ ၂ လမှာ လာပြီဆိုရင် အဲဒါတွေ ဖတ်တော့တာပဲ။ ဒါက စာဖတ်ဝါသနာ အစပါ။

ဆက်ရန်
.

No comments: