Wednesday, June 26, 2013

ဆရာဝင်းဖေ ၏ ရေကြည်ရေသန့် ဝတ္ထုတိုများ, အပိုင်း (၆)

မြေလတ်တစ်နေရာ
ခွေးပုဟာ ရွှေဘိုဒီပဲယင်းသားဖြစ်တယ်။
သတ္တိရှိတယ်ပဲပြောပြော မိုက်တယ်ပဲပြောပြော
ရွှေဘိုဒီပဲယင်းသားတွေနဲ့ သာယာဝတီပေါင်းတည်သားတွေဟာ
မြန်မာပြည်မှာ နာမည်ကြီးတယ်။

    မိမိစိန်က တတိယအကြိမ် အရက်ငှဲ့ပေးဖို့ ကြိုးစားတော့ ကိုဘရင်က သူ့ဖန်ခွက်ကို လက်နဲ့ ပိတ်ထား လိုက်ပြီး "တော်ပြီ" လို့ ပြောလိုက်တယ်။
    ကိုဘရင် အရက်သောက်ရင် နှစ်ပက်ပဲလေ။ လစ်မစ်နဲ့ သောက်တာပဲ။
    အဲဒါပြီးတော့ ကိုဘရင် ထမင်းစားတယ်။ မိမိစိန်က ထမင်းတွေထည့်ပေး၊ ဟင်းတွေထည့်ပေးနဲ့ လုပ်နေ တယ်။
    ကိုဘရင်ဆိုတဲ့လူက အဲလိုလုပ်ပေးတာကို ကြိုက်တဲ့လူမှ မဟုတ်ဘဲ။ သူ့စိတ်ကူးနဲ့သူ၊ ထမင်းဟင်း ကို သူ့ဟာသူ စိတ်ကြိုက်ထည့်စားတတ်တယ်။
    ဒါပေမယ့် မိမိစိန်ကို ဘာမှမပြောပါဘူး။ ဟင်းတွေ ကောင်းတဲ့အကြောင်းတောင် ခပ်ထွေထွေ နဲ့ ပြောနေသေးတယ်။ မိမိစိန်ကတော့ ဆေးဖို့ကြောဖို့ ဟင်းအိုးနှစ်လုံး ကို ယူပြီး နောက်ဖေးရေစင် ရှိရာကို ထွက်သွား လိုက်တယ်။ ကြက်ဟင်းခါး သီးဟင်းထည့်မယ်ဆိုတော့ ကိုဘရင် က မိမိစိန်ကို မနည်းအော်ခေါ် ယူရတယ်။ မိမိစိန်ကို ကိုဘရင်က နားများလေးသွားသလား၊ ကန်းသွား သလား လို့ မေးသေးတယ်။ မိမိစိန် က ကြက်ဟင်းခါးသီးကုန်ပြီလို့ ပြောလိုက်တယ်။
    ကိုဘရင်က ဇိုးဇိုးဇက်ဇက်နဲ့ ထပြီး ကြောင်အိမ်ပေါ်က ဟင်းပန်းကန်ကို ကြည့်လိုက်တယ်။

    " ဒါတွေက ဘာတွေလဲ "
    " အဲဒါက ကျွန်မ စားဖို့ "
    " မင်း ဘာပြုလို့ ကုန်ပြီလို့ ပြောရတာလဲ။ မင်း ပြောချင်ရင် ကျွန်မမစားဖို့ပဲ ကျန်တော့တယ် လို့ ပြော ရမှာပေါ့"
    " ကျွန်မ အဲလို မပြောတတ်လို့ပေါ့ "
    " ပြီးတော့ ဒီဟင်းတွေက အများကြီးပဲကွ။ မင်းတစ်ယောက်အတွက်မကပါဘူး။ မိမိစိန် ... မင်း ဘာဖြစ်နေ တာလဲ။ နားလေးရုံတင်မကဘူး၊ မျက်စိလည်း မှုန်သွားပြီထင်တယ်။ ဒီမှာကြည့်စမ်း"
    မိမိစိန်က အိမ်နောက်ဖေးဘက်ထွက်သွားတယ်။ ကိုဘရင်က သူ့လက်ထဲမှာ ကိုင်ထားတဲ့ ကြက် ဟင်းခါးသီး ဟင်းပန်းကန်နဲ့ လှမ်းထုလိုက်တယ်။
    ပန်းကန်ဟာ တံခါးစောင်းကို တည့်တည့်မှန်ပြီး အစိတ်စိတ်အမြွာမြွာ ကွဲသွားတယ်။ ထမင်းစားခန်း ထဲမှာ ကိုဘရင်ကြမ်းတော့ ရမ်းတော့မလို ဖြစ်သွားသေးတယ်။ ဒါပေမယ့် ဘာမှ မလုပ်ဖြစ်ဘဲ ကုလား ထိုင် နောက်မှီ တစ်ခုကိုထိုင်ရင်း အချိန်ခပ်ကြာကြာ ရပ်နေတယ်။
    မိမိစိန် အိုးတွေခွက်တွေ ဆေးကြောနေတဲ့ အသံတွေကို ခပ်ပြင်းပြင်း၊ ခပ်ကြမ်းကြမ်းကြားနေရ တယ်။

    ကိုဘရင် အိပ်ခန်းထဲကို ၀င်သွားပြီး ဂျပန်ငွေစက္ကူရှစ်သောင်းကျော်ယူပြီး အိမ်ပေါ်ကဆင်းသွား တယ်။
    သူ ခြံဝလောက်အရောက်မှာ မိမိစိန် အိပ်ခန်းထဲ ရောက်သွားတယ်။ ဗီရိုအံဆွဲကို ဖွင့်လိုက်ကတည်းက သိတယ်။ ဂျပန်ငွေစက္ကူ ရှစ်သောင်းကျော် မရှိတော့ဘူးဆိုတာ။ ကိုဘရင် ယူသွားပြီ။ ဒါဆို သေချာသွားပြီ။ ဒီနေ့ည ကိုဘရင် အိမ်ပြန်လာမှာ မဟုတ်တော့ဘူး။ ဖဲဝိုင်းမှာ မိုးလင်းတော့မှာပဲ။

    ညရှစ်နာရီခွဲလောက်မှာ မိမိစိန် စောစောစီးစီး အိပ်ရာဝင်ဖို့ ပြင်ဆင်တယ်။ ရေမိုးချိုးပြီး သနပ်ခါး ကို ခြေဆုံးခေါင်းဆုံး လိမ်းလိုက်တယ်။ ပြီးတော့မှ အိပ်ရာခင်းကို အတတ်နိုင်ဆုံး သပ်ရပ်သန့်ရှင်းအောင် ပြင် လိုက်ဆင် လိုက်တယ်။ အိမ်ရှေ့တံခါးတွေ၊ ပြတင်းတွေအားလုံး သေသေချာချာ စေ့စေ့စပ်စပ် ပိတ် လိုက်တယ်။ နောက်ဖေးဘက်က မီးဖိုချောင်တံခါးချက်ကို အပြင်က ဆွဲလိုက်ရင် ဒေါက်ခနဲပြုတ်ကျ အောင် ချက်ထိပ်က အကောက်ကလေးကို မတွန်းဘဲ တည့်တည့် အတိုင်းထားခဲ့တယ်။ ပြီးတော့ အိပ်ရာ ထဲ ၀င်ခဲ့တယ်။ မီးအိမ်မီးကတော့ မှိန်မှိန်ကလေးချန်ထားလိုက်တယ်။
    အဲဒီညက ကိုသာဌေး မိမိစိန်နဲ့လာအိပ်တယ်။ မနက်လေးနာရီလောက်မှာ ကိုသာဌေး ထပြန် ဖို့ ပြင်ဆင်တယ်။

    "ကိုဌေးအတွက် မိစိန် စိတ်မကောင်းပါဘူး ကိုဌေးရယ်"
    "ဘာအတွက်လဲ "
    " သြော် .. မိစိန်က မလွတ်မလပ်ကြီးမဟုတ်လားလို့"
    "ဒီမယ် .. သာဌေးဆိုတဲ့ကောင်က အဲဒါမျိုးတွေ လက်ခံတဲ့ကောင်မဟုတ်ဘူး"
    " ဘာပဲဖြစ်ဖြစ် နောက် .. မိစိန်ဆီမလာပါနဲ့တော့ ကိုဌေးရယ်နော်။ ကိုဌေး ဒုက္ခရောက်မှာ စိုးရိမ် လို့ ပြောတာပါ"
    " ဘာလဲ၊ မင်းက ဘရင်ရန်ကြောက်လို့ ပြောနေတာလား "
    " ကြောက်ရတာပေါ့၊ သူသာသိသွားလို့တော့ မလွယ်ဘူး။ နှစ်ယောက်စလုံးကို သတ်မှာသိလား"
    " လွယ်ပါတယ်ကွာ၊ သူက ကိုယ့်ကိုမသတ်ခင် ကိုယ်က သူ့ကို ဦးအောင်ဖျောင်လိုက်ရင်ပြီး နေတာပဲ "

    ခွေးပုဟာ ရွှေဘို၊ ဒီပဲယင်းသားဖြစ်တယ်။ သတ္တိရှိတယ်ပဲပြောပြော၊ မိုက်တယ်ပဲပြောပြော၊ ရွှေဘို ဒီပဲယင်းသားတွေ နဲ့ သာယာဝတီပေါင်းတည်သားတွေဟာ မြန်မာပြည်မှာ နာမည်ကြီးတယ်။ ဒီမြေလတ်ပိုင်း ကို ခွေးပု စစ်ကြောင်းနဲ့ ရောက်လာတာပဲ။ စစ်ကြောင်းဆိုပေမယ့် လျှို့ဝှက်ဂျပန်တော်လှန်ရေး စစ်ကြောင်း ဆိုတော့ သိပ်သိပ် သည်းသည်းနဲ့ လှုပ်ရှားကြရတယ်။
ကိုသာဌေးတို့၊ သခင်သန်းကြွယ်တို့ဆိုတာတွေက ဒီမြေလတ်ပိုင်းက နယ်ခံ၊ လူခံတွေလေ။ လောလောဆယ် စစ်ရေး တစ်ခုရှိတယ်။ အရေးပေါ်အစည်းအဝေးမှာ လူကိုးယောက်ပဲ တက် တယ်။ သခင်သန်းကြွယ် က ဦးဆောင်ဆွေးနွေးတယ်။ ခေါင်းဆောင်မှုအပြည့်ပေးတယ်။ ပြတ်သားတဲ့ ညွှန်ကြား ချက်တွေ လည်းပေး တယ်။ အရေးတကြီး စွန့်စားရမယ့် တာဝန်တွေကိုလည်း သူကိုယ်တိုင် စွန့်စား မှဖြစ်မယ် လို့ဆုံးဖြတ် လိုက်တယ်။
    
ကိုသာဌေးက ဒီကိစ္စမှာ ဒုတိယခေါင်းဆောင်ပါ။ သခင်သန်းကြွယ်က တကယ့်အန္တရာယ်များတဲ့ တာဝန်တွေ ကို သူကိုယ်တိုင် လုပ်မယ်လို့ ဆုံးဖြတ်လိုက်တော့ ကိုသာဌေးနဲ့အားလုံးက ၀ိုင်းပြီးကန့်ကွက်ကြ ပါသေးတယ်။ ဒါပေမယ့် သခင်သန်းကြွယ်က ဒီကိစ္စမှာ သူဟာ သူရဲကောင်းဝင်လုပ်တာမဟုတ်ကြောင်း၊ ဒီကိစ္စမှာ အခြေခံအသိဥာဏ်ဗဟုသုတလိုကြောင်း၊ မိမိမှာသာ အဲဒီလိုအပ်ချက်တွေရှိနေတာမို့ မိမိကိုယ်တိုင် ပဲ စွန့်စားရတော့မှာဖြစ်ကြောင်း အကြေအလည် တုံ့ပြန်ဆွေးနွေးပါတယ်။
    ခွေးပုဟာ ငယ်သားနောက်လိုက် တစ်ယောက်သက်သက်သာ ဖြစ်ပါတယ်။

သူ့အနေနဲ့ကတော့ သတ္တိရှိတယ်။ သွေးအေးတယ်၊ လုပ်ရဲကိုင်ရဲ စွန့်စားရဲတယ်။ ခြေလုံတယ်၊ နှုတ်လုံတယ်၊ ဒါပဲ။ ကျရာတာဝန် ကို သူကျေအောင် လုပ်ဆောင်သွားမှာပဲ။ သူ့ကို အမိန့်ပေးပါ။ သူ အမြန်ဆုံး အထိရောက် ဆုံး အသေသပ်ဆုံးဖြစ်အောင် လုပ်မယ်။ ဒါပဲ။
    ခွေးပုဟာ သခင်သန်းကြွယ်နဲ့ ကိုသာဌေးတို့ အချေအတင် ဆွေးနွေးနေကြတာကို ငြိမ်ပြီး နားထောင် နေတယ်။ မျက်တောင်တောင်မခတ်ဘူး။ ဒီလူတွေဟာ အလွန်ကြီးကျယ် တက်ကြွ တဲ့ တော်လှန်ရေး သူရဲ ကောင်းတွေပဲ။
    အစည်းအဝေးပြီးသွားတော့ ကိုသန်းကြွယ်နဲ့ လူ(၆)ယောက် ခရီးထွက်သွားကြတယ်။ ကိုသာဌေး နဲ့ ခေါးပုက နေရစ်ကြရတယ်။ ခွေးပုဟာ ကိုသာဌေးရဲ့ညွှန်ကြားချက်ကို ဆောင်ရွက်ရမှာဖြစ်တယ်။

    ညနေဘက်ကျတော့ ခွေးပု၊ မကြီးရွှေ့ရဲ့ အကြော်ဆိုင်မှာ ထိုင်နေတုန်း လက်ဖျစ်သံနှစ်ချက် ကြားရ တယ်။ ခွေးပု အကြော်စားနေရင်းက မသိမသာ တုံ့သွားတယ်။ ဘယ်သူမှ မရိမိနိုင်လောက်တဲ့ အတိုင်း အတာပါ။ ဒါပေမယ့် ခွေးပုကတော့ သူ့ကိုယ်သူ အဲဒီလောက်တောင် ချို့ယွင်းစေချင်တာမဟုတ်ဘူး။ သူ ဆက်ပြီး နားစွင့်နေတုန်း လက်ဖျစ်သုံးချက် ကြားရပြန်တယ်။ ဒီတစ်ခါတော့ ခွေးပု လုံးဝ ဣနြေ္ဒမပျက် အကြော်စားနေ လိုက်နိုင်တယ်။ ခဏလည်းနေရော လက်ဖျစ်သံတစ်ချက် ကြားရပြန် တယ်။ သေချာ သွားပြီ။ နှစ်သုံးတစ်၊ နှစ်သုံးတစ်။ ခွေးပုက သူ့ညာဘက်လက်ဖျစ်သံ ထွက်လာတဲ့ဘက်ကို လှမ်းကြည့် လိုက်တယ်။ သူ့ကို ကျောပေးရင်း ခွေးတစ်ကောင်ကို လက်ဖျစ်တီးခေါ်နေတဲ့ ကိုသာထွေးကို တွေ့ရတယ်။

 ခွေးပု အကြော်ဖိုးပေးပြီးချိန်မှာ ကိုသာဌေး ရွာအရှေ့ဘက် စထွက်နေပြီ။ ခွေးပု က ခြေလှမ်းနှစ်ဆယ် လောက် ခွာပြီး လိုက်သွားတယ်။ အရှေ့ရွာစွန်မှာ လက်ပံပင်ကြီးသုံးပင်ရှိတယ်။

    အဲဒီ လက်ပံပင်ကြီးတွေ ဖိုခုံလောက်ဆိုင်ရှိနေတဲ့အကြားမှာ စေတီပျက်ကြီးတစ်ခုနဲ့ အုတ်ဇရပ်ပျက် ကြီး တစ်ခု လည်း ရှိတယ်။ တစ်ချိန်က စိတ်မနှံ့တဲ့ကုလားမကြီးတစ်ယောက် နေခဲ့ဖူးလို့ ကုလားမစေတီလို့ လည်း ခေါ်ကြတယ်။

ကိုသာဌေးနဲ့ ခွေးပုတို့က အဲဒီစေတီထဲမှာ ဆုံကြတာလေ။ ခွေးပုစိတ်ထဲမှာ ကြိတ်ပြီးပျော်နေတယ်။ တက်ကြွနေ တယ်။ ဒီလိုအချက်ပေးနည်းမျိုးနဲ့ အချိန်းအချက်လုပ်ပြီဆိုရင် အလွန်အရေးကြီးတဲ့ တာဝန် ကို ပေးတော့မှာသေချာတယ်။ နေရာကလည်း ကြည့်ဦး။ ကုလားမစေတီပျက်က အုတ်ဇရပ်ထဲမှာ ချိန်းတာ။ သိပ်သေချာတာပေါ့။ ဂျပန်အလိုတော်ရိ၊ သစ္စာဖောက်လောက်ကောင် တစ်ကောင် ကို ဖျောင်ပစ်ရမယ်တဲ့။ ကိုသာဌေးက သူ့ကို ညွှန်ကြားချက်တွေပေးတယ်။

သူ သတ်ရမယ့်လူက ကိုဘရင်။ သစ္စာဖောက်လောက်ကောင်လို့ဆိုတယ်။ ဟုတ်သလားမဟုတ်လား ခွေးပု မသိ။ တစ်နေ့မနေ့ ကမှ ရွှေဘို ကရောက်လာတဲ့ ခွေးပု။ ဒါက သူ့အတွက် အရေးမကြိး၊ ကိုသာထွေးကို သူ ယုံတယ်။ တိုင်းပြည်အတွက် လုပ်နေတဲ့လူတွေ။
ကိုဘရင် လို ဖဲသမားတစ်ယောက်ကို ကိုသာဌေးလို နိုင်ငံရေးသမားတစ်ယောက်က အရေးတကြီး တွေ့ချင် ပါတယ် ဆိုတော့ ကိုဘရင် တော်တော်ဖြုံသွားတယ်။ ကိုရွှေညွှန့်တို့ လင်မယားဖွင့်ထားတဲ့ ထနောင်းရွက် သုတ် ဆိုင်ကလေးကနေပြီး ထလိုက်သွားလိုက်တာ အရီးမြတို့အိမ်နောက်ဖေး စပါးကျီဘေး က ဇောင်းချမ်း ပင်တွေအောက် မှာ စကားပြောကြရတယ်။

ကိုသာဌေး ကို ကိုဘရင်က ဘာမှန်းမသိဘဲ အထင်ကြီးနေခဲ့တဲ့ အပိုင်း ရှိတယ်။ နိုင်ငံရေး လုပ်လို့၊ နိုင်ငံရေးတွေ သိတယ် ဆိုလို့။ နောက်ပြီး ဘာမသိညာမသိနဲ့လည်း အမြင်ကတ်နေခဲ့ဖူးတယ်။ အဲဒါ ကလည်း နိုင်ငံရေးလုပ်လို့ပဲ။ သူကတော့ ဖဲသမား။ သာဌေးတို့က နိုင်ငံရေးသမားတဲ့။ ဘာကောင်တွေ လဲ။ အမြင် သာကတ်နေတာ။ အထင်ကတော့ ကြီးနေမိတာအမှန်ပဲ။

လောလောဆယ် ပိုအရေးကြီးတယ်။ ဖက်ဆစ်ဂျပန်တွေကို ပြန်ချနေတဲ့ အချိန်မဟုတ်လား။ ဘယ်လို ဘယ်လိုချနေကြတယ်တော့ ကိုဘရင် ဘယ်သိမလဲ။ ရိုးတိုးရိုးတိတ်တော့ သိတာပေါ့။ အဲဒီမှာ ကြိတ်ပြီး အထင်ကြီးတဲ့အပိုင်းရှိတယ်။ နောက်ပြီး သာဌေးတို့ အသိုင်းအ၀ိုင်းက ကိုယ့်ကို အထင်သေး အမြင် သေးနေတဲ့ကိစ္စကလည်း အထူးသဖြင့် ဒီလိုအချိန်မျိုးမှာ မကောင်းဘူးလေ။

တကယ်တမ်းကျတော့ ကိုဘရင်လည်း သိပ်တော့ မခေပါဘူး။ ထန်းလျက်ကုန်သည် တစ်ယောက် ပါပဲ။ ဒါပေမယ့် သူ့တစ်သက်မှာ အင်္ဂလိပ်ရော ဂျပန်ကိုရော ဆပ်ပလိုင်းမလုပ်ခဲ့ဘူး။ ဆပ်ပလိုင်းဝင်လုပ်ရင် အကြီးကျယ်ပွမယ်ဆိုတာ သူများတကာ သိသလို ဘရင်လည်း သိတာပေါ့။ ဒါပေမယ့် ဘရင် မလုပ်ခဲ့ဘူး။ ဘရင်မှာ ပြောစရာဆိုလို့ ချို့ယွင်းချက်နှစ်ချက်ပဲ ရှိတယ်။ ဖဲသမားဖြစ်နေတာရယ်၊ အကျင့်မကောင်းတဲ့ မိန်းမတစ်ယောက်ရထားတာရယ်၊ အဲဒါပဲ။
    နောက်တစခု သူညံ့တာက သူ့မိန်းမဖောက်ပြန်နေတာကို မသိတာ၊ မရိပ်မိတာပဲ။

    ကိုသာဌေး က ကိုဘရင်ကို လျှို့ဝှက်တဲ့တာဝန်တစ်ခုလုပ်ဆောင်ပေးပါလို့ အကူအညီတောင်းတယ်။ ကိုဘရင် တကယ်ပဲ လိုလိုလားလား လက်ခံလိုက်တယ်။ တာဝန်က တော်လှန်ရေးသမားတွေကို အကူငွေ ထည့်ဝင်မယ့် ပုဂ္ဂိုလ်တစ်ယောက်က ငွေလာပေးမယ့်ကိစ္စပဲ။ လက်လွှဲပေးအပ်တာကို လက်ခံယူလာခဲ့ဖို့ ကိစ္စပဲ။ သတ်မှတ်ထားတဲ့နေရာမှာ ည (၁၂)နာရီနဲ့ (၁)ချက်အကြား သွားစောင့်ယူဖို့ပဲ။ ဘာကြောင့် အဲဒီလို လုပ်ရတယ် ဆိုတာ မမေးနဲ့။ သူ့ဟာနဲ့သူ အဓိပ္ပာယ်ရှိတယ်တဲ့။
    ဘာပဲဖြစ်ဖြစ် ကိုဘရင် သူ့ကိုယ်သူ အတော်ကျေနပ်သွားတယ်။ တိုင်းပြည်တာဝန်ကို တစ်ဖက် တစ်လမ်းက ထမ်းခွင့်ရတာ နည်းမှတ်လို့။

ည၁၁ နာရီထိုးပြီ။ ကိုဘရင်အိမ်ရှေ့ပေါက်က ဣနြေ္ဒရရပဲ ဆင်းပြီးတော့ ဘူတာကလေးရှိတဲ့ မြို့ တောင်ဘက် ကို ထွက်ခဲ့တယ်။ ဖျင်ကြမ်းတိုက်ပုံအင်္ကျီကို ဘယ်ဘက်လက်တစ်ဖက် သိသိသာသာ ခေါက် တင်ပြီး ၀တ်ခဲ့ရတယ်။ ဒါက အချိန်းချက် အမှတ်အသားတစ်ခု။ ပြီးတော့ ချိန်းထား တဲ့နေရာ ရောက်ရင် ကွမ်းသီးဖက်လိပ်ကို မီးညှိသောက်ရမယ်။ ညာလက်နဲ့မြှောက်ပြီး ကိုင်သောက်ရမယ်။ ဒါလည်း မေ့လို့ မဖြစ်ဘူး။

နည်းနည်းစောနေပေမယ့် ကိစ္စမရှိဘူး။ ကိုယ်ကစောနေလည်း စောင့်လိုက်မယ်။ (၁၂)နာရီနဲ့ (၁)နာရီ အကြားမှာ ဟိုလူလာမယ်။ ငွေတွေနဲ့ ရွှေငွေလက်ဝတ်လက်စားအားလုံး ကာလတန်ကြေး သိန်း (၈၀)ဖိုးလောက် ရှိမယ်တဲ့။ အဲဒါတွေကို လက်ခံယူရမယ်။ လက်ခံယူရာမှာ လျှို့ဝှက်အချက်ပေးစနစ်နဲ့ သင်္ကေတတွေ ရှိတယ်။

အဲဒါတွေလည်း သေသေချာချာ မှတ်မိတယ်။ ပြီးရင် အဲဒီပစ္စည်းတွေကို လက်ပံကုန်းကိုသွားပို့ရမှာ ဖြစ်တယ်။ အင်း ... လက်ခံပြီးမပို့ဘဲ လစ်ပြေးရင် ဘာဖြစ်မလဲ။ မိရင်မသက်သာဘူး။ မမိရင် အကြီးအကျယ် ပွမယ်။ ငွေတွေကထားတော့။ လက်ဝတ်ရတနာတွေပါတယ်လို့ ပြောတယ်။ အဲဒါတွေကတော့ ဘယ်တော့ မဆို တန်ဖိုး ရှိနေမှာပဲ။ ဒီအခွင့်အရေးမျိုးက တစ်သက်မှာ တစ်ခါပေါ်ချင်မှ ပေါ်တတ်တာမျိုး။ ကိုဘရင်ရဲ့ စိတ်တွေ ဖောက်ပြန်လာတယ်။ ကိုဘရင် ဘာလုပ်မလဲ။ ဟာ ... ရှုပ်ပါတယ်။ လုပ်မယ်မလုပ်ဘူး ဘာမှ တွေး မနေနဲ့။ ပထမဆုံး ပစ္စည်းလက်ခံလိုက်။ နောက် ပစ္စည်းအခြေအနေကို ကြည့်ပြီး လစ်တန်လစ်ပေါ့။
    ဘူတာလေး ရဲ့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေတယ်။ တစ်ခါတစ်ခါမှာသာ ပိုးကောင်ကလေး တွရဲ့ အသံဗလံလေးတွေ နည်းနည်းပါးပါး၊ နောက်ပြီး ဟိုးအဝေးကြီး ရွာထိပ်ဆီက ခွေးဟောင်သံ။

    ဘူတာလေးရဲ့ မြောက်ဘက်ခြမ်းတစ်ခုလုံးဟာ ကုက္ကိုပင်ကြီးတွေ အုပ်နေလို့ ပိုပြီး မှောင်ရိပ်ကျနေ တယ်။ ခွေးပု က အဲဒီဘူတာရဲ့ မြောက်ဘက် မှောင်ရိပ်ကို ချီလိုက်ပြီး တဖြည်းဖြည်း ချဉ်းကပ်သွားတယ်။
    ဘူတာနဲ့ အနီးဆုံး ကုက္ကိုပင်ကြီးကိုလည်း ကျော်လိုက်ရော ဘူတာတောင်ဘက်စွန်း ပလက် ဖောင်း ထိပ်မှာ ၀ပ်နေတဲ့ လူတစ်ယောက်ကို တွေ့ရတယ်။ ဟုတ်ပြီ .. ဖျင်ကြမ်းအင်္ကျီဝတ်ထားတယ်။ ဒါလည်း ဟုတ်နေပြီ။ ဘယ်ဘက်လက်တစ်ဖက်ကို သိသိသာသာ ခေါက်တင်ထားတယ်။ ဒါလည်း ဟုတ်ပြီ။ ညာဘက်လက်မှာ ကွမ်းသီးဖက်ဆေးလိပ် ရှိရမယ်။ သိသိသာသာ မြှောက်မြှောက်ကိုင်တတ်တယ်တဲ့။ ဟုတ်တယ်။ သေချာပြီ။
    ခွေးပု ပတ်ဝန်းကျင်တစ်ခုလုံးကို နောက်ဆုံးတစ်ကြိမ် ထပ်ပြီး သေသေချာချာ လေ့လာလိုက်တယ်။ တခြား လူသူအရိပ်အရောင် လုံးဝမရှိ။ အဲဒီညက ကိုဘရင် ကို ခွေးပုက လွယ်လွယ်ကလေးနဲ့ အသေသတ် လိုက်နိုင်ပါတယ်။

ဘူတာကနေ ခွေးပုထွက်လာပြီး မိနစ်နှစ်ဆယ်လောက် အကြာမှာ အုံးအုံးအုံးအုံးနဲ့ ဗုံးကျဲ တဲ့ လေယာဉ်ပျံတွေ လာသံကို ကြားလာရတယ်။ ခဏနေတော့ မြို့အထက်ကောင်းကင်တစ်ပြင်လုံး မီးကျည် တွေထိန်နေအောင် ကျလာတယ်။ အဲဒီမီးကျည်တွေနောက်ကမှ ဗုံးတွေ တဝေါဝေါ ကျလာတယ်။ မြို့ ဘူတာလေး တစ်ခုလုံး ကျေမွသွားတယ်။ မြို့ထဲမှာလည်း ဗုံးတွေအများကြီးကျတယ်။ ကိုဘရင်ရဲ့ အိမ် လည်း ဗုံး တိုက်ရိုက်ထိမှန်ခံရလို့ စေ့စေ့ညက်ညက်ကြေပြီး တစ်စစီ ဖြစ်သွားတယ်။ တခြားအိမ်တွေ လည်း တော်တော်ပျက်စီးကုန်တယ်။ ခွေးပုလည်း ဗုံးဆံမှန်လို့ ပေါင်တစ်ဖက်ပြတ်သွားတယ်။
    မနက်မိုးလင်းတော့ အားလုံး ဆယ့်ခုနစ်ယောက်သေတယ်။ သုံးဆယ့်နှစ်ယောက် ဒဏ်ရာရတယ်။ အိမ် ၁၂ လုံး နဲ့ ဇရပ်နှစ်ဆောင်၊ ဘူတာရုံကလေး ပြင်းပြင်းထန်ထန် ကျေမွပျက်စီးသွားတယ်။

    မီးလောင်ဗုံးကျတဲ့ ကိုဘရင် တို့အိမ်ထဲက မီးကျွမ်းနေတဲ့ အလောင်းနှစ်လောင်းတွေ့ရတယ်။ ကိုဘရင်နဲ့ မိမိစိန်ပဲပေါ့။ တစ်ရွာလုံးက ဒီလိုပဲ နားလည်လိုက်ကြတယ်။ ဘူတာရုံမှာ မီးကျွမ်းနေတာက တစ်လောင်း၊ အဲဒါ ကတော့ ဘယ်သူဘယ်ဝါ ဆိုတာ မပြောတတ်ကြဘူး။ ကိုသာဌေး ပျောက်နေတာကို သတိထား မိကြတော့ အဲဒီအလောင်းဟာ ကိုသာဌေးပဲဖြစ်မယ်လို့ ရွာသားတွေက ယူဆလိုက်ကြတယ်။ အဲဒီဘူတက အလောင်း ဟာ ကိုသာဌေးမဟုတ်ဘူးဆိုတာ သိတဲ့လူတစ်ယောက်တည်းပဲရှိတယ်။ အဲဒါ ခွေးပုပဲ။
    ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတော့ ခွေးပုဟာ နောက်ထပ် နှစ်ပေါင်း သုံးဆယ်ကျော် နေသွားသေး တယ်။ ရွှေဘို၊ ဒီပဲယင်းဘက်မှာပဲ ပြန်ပြီး နှီးရက်၊ တောင်းရက်ဆိုသလိုပါပဲ။ မရှိမရှားဘ၀နဲ့ သိပ်မဆိုးပါဘူး။
    သူဟာ လုပ်စရာရှိရင်လုပ်ပစ်လိုက်၊ နောက်ပြန်ပြန်တွေးမနေနဲ့။ စဉ်းစားလည်းမနေနဲ့။ ပြန်ပြောဖို့ ဆိုတာတော့ ဝေးရောဆိုတဲ့ လူစားမျိုးဖြစ်ပါတယ်။

ပြီးပါပြီ
နောက်တပုဒ်အသစ်ဆက်ရန်
.

No comments: