Sunday, April 28, 2013

တင့်ဆန်း ၏ ငမိုးရိပ်မှ ငမိုးရိပ်သို့, အပိုင်း (၄)

ကျွန်တော်သည် ကိုယ့်ထက် အဆင့်အတန်း နိမ့်ကျသူ မြနှစ်ကလေးအား စိတ်ဝင်စားလာ မိသည်။ နှင်းအေး လို ကိုယ့်ထက် အဆင့်အတန်းမြင့်သူကို လပ်ထပ်မည့်အစား ကိုယ့်ထက် နိမ့်သူ မြနှစ်ကိ လက်ထပ်ရလျှင် ကောင်းလေမည်လားဟု စဉ်းစားကြည့်မိသည်။ သို့သော် မြနှစ် အား ကျွန်တော် မကြိုက်သော အချက်တစ်ချက် ရှိလေသည်။ ထိုအချက်မှာ မြနှစ်သည် နှင်းအေးလို သိမ်မွေ့ခြင်းမရှိဘဲ အပြောကြမ်း၊ အနေကြမ်း၊ အစားကြမ်းထဲက ဖြစ်သည်။ ထို့ကြောင့် ကျွန်တော် သည် မြနှစ် မှာ အောက်တန်းစား ဆန်လွန်းသည်ဟု ယူဆကာ မနှစ်သက်နိုင်ဘဲ ရှိနေရလေသည်။
    မြနှစ်သည် ကျွန်တော်ကသာ ဆွတ်မည်ဆိုက ညွှတ်ရန် အသင့်ရှိနေသည်ကို ကျွန်တော် သိပါသည်။ သို့သော် ကျွန်တော်သည် စဉ်းစားချိန်ဆ၍ မရနိုင်သောကြောင့် သူမအား ချစ်စကားစ၍ မဆိုဘဲ ခပ်တည်တည် သာ နေခဲ့လေသည်။
    “ဟေ့ လူလေး၊ မင်းမြနှစ် ကို ယူပါလားကွ” 
ကို ဆက်ဖတ်ရန် ...........

တစ်ည အဘိုးလေးနှင့် ကျွန်တော် လက်ဖက်ရည်ဆိုင်သို့ လဖက်ရည်သောက်လကြရင်းမှ လမ်းတွင် အဘိုးလေးက ပြောလေသည်။
    “ဟာ အဘိုးလေးကလဲ၊ ကျွန်တော် ငယ်ပါသေးတယ်ဗျာ”
    ကျွန်တော်သည် မျက်နှာဆီသို့ ရှက်သွေးဖြန်းတက်လာရင်းမှ ပြန်ပြောလိုက်သည်။
    “ငယ်ပေမယ့် ခုကတည်းက ရင်းနှီးအောင် လုပ်ထားမှပေါ့ကွ။ တော်ကြာ သူများလက်ထဲ ရောက်သွားလိမ့်မယ်”
    “ရောက်သွားလဲ သွားပေါ့အဘိုးလေးရာ။ ကျွန်တော် သူ့ကို သိပ်ပြီး သဘောမကျလှပါဘူး”
    “ဟင်း ဘာဖြစ်လို့လဲ”
    အဘိုးလေး က အံ့သြစွာ မေးလိုက်ပါသည်။

    “သူ့ကြည့်ရတာ ကြမ်းကြမ်းတမ်းတမ်းနဲ့ အောက်တန်းစားသိပ်ဆန်တာပဲ”
    “ဒါပေမယ့် အလုပ်အကိုင်တော့ သိပ်ကောင်းတယ်ကွ။ မင်းတို့လို ဖအေတစ်ခု သားတစ်ခု ရှိတဲ့ အိမ်မျိုးမှာ သူလိုဟာမျိုး နဲ့မှ နေရာကျမှာ။ ကြမ်းတ်ကတော့ကွာ မြို့သူမှ မဟုတ်ဘဲ။ တောသူ ဆိုတာ ကြမ်းမှဖြစ်တော့ မပေါ့။ နုနုနယ်နယ် မင်းကမတော်ဟန်လုပ်နေလို့ ဘယ်ဖြစ်မှာလဲ”
    အဘိုးလေးက ဤသို့ပြောလေရာ ကျွန်တော်သည် ဟုတ်သည်။ ကျွန်တော်တို့လို တောသူ တောင်သား လယ်သမားများအဖို့ ဇနီးဖြစ်သူသည် နှင်းအေးတို့လို နုနုနယ်နယ်များနှင့်မကိုက်။ ဒေါင်းနီမောင်းနီ၊ တုံးဆိုတိုက် ကျားဆိုကိုက် အစားမျိုး ကြမ်းကြမ်းတမ်းတမ်းနှင့်မှ ကိုက်ပေမည်။ လယ်သမား၏ ဇနီးသည် လယ်ထဲသို့ဆင်း၍ ကောက်စိုက်နိုင်ရမည်။ အရေးကြုံက ပျိုးနှုတ်တန်လျှင် နှုတ်နိုင်ရမည်။ နှင်းအေးတို့လို ကျွတ်တို့ မျှော့ တို့ကို ငယ်သံပါအောင် အော်ဟစ် ကြောက်လန့်သူ အမျိုးသမီးများနှင့် မဖြစ်နိုင်ပါချေ။ သို့သော် ကျွန်တော်မှာ လယ်အလုပ်ကို ရွံ့မုန်း သူဖြစ်သည်။ ကျွန်တော် အိမ်ထောင်သည် ဘ၀ သို့ ရောက်လျှင် လယ်အလုပ်ကို မလုပ်ဟုလည်း ဆုံးဖြတ်ထားသည်။ ပြီးနောက် နှင်းအေးအပေါ်၌ စွဲလန်းနေသော စိတ် များကလည်း ရှိနေသေး သောကြောင့် မြနှစ်အား ချစ်ရေးဆိုရန် မဆုံးဖြတ်သေး ဘဲ နေလိုက်ပါသည်။

    ကျွန်တော့်နှလုံးသားများ တမြေ့မြေ့နာကျင်လျက် ရှိနေရသည်။ မြင်မြင်သမျှတို့မှာ အကုန် ဟာလာဟင်းလင်း ပွင့်နေသကဲ့သို့ ထင်မှတ်မိသည်။ ဟုတ်ပါ၏။ အရာရာတိုင်းတို့သည် ကျွန်တော့် အတွက် တန်ဖိုးမဲ့များသာဖြစ်၍ နေတော့သည်။ ကျွန်တော့်အတွက် ဤလောကတွင် နှင်းအေးသည် တန်ဖိုး အရှိဆုံးဖြစ်၏။ ယခုတော့မူ ကျွန်တော်မြတ်နိုးလှသော နှင်းအေးမှာ သူတစ်ပါးလက် သို့ ရောက်ရပေတော့ မည်။
    နှင်းအေးအား သူမမိဘများက အရှေ့ဘက်ကမ်းမှ သူဌေးသားတစ်ယောက်နှင့် နေရာချထားပေးရန် စီစဉ်လျက် ရှိနေလေပြီ။ ယင်းသို့ စီစဉ်ရခြင်းမှာလည်း နှင်းအေးအဖေ သစ်ကုန် ရှုံးသောကြောင့် အရှေ့ဘက်ကမ်း ရှိ သူဌေး ဦးဖေ၀င်းထံမှ ငွေများချေး၍ အလုပ်ကို ဆက်လက် လုပ်ကိုင်ခဲ့လေရာ အလုပ်မှာ ရှုံးပြီးရင်းရှုံးရင်းဖြင့် နောက်ဆုံး၌ ကျွေးမဆပ်နိုင်တော့ဘဲ လုပ်ငန်းကို ရပ်ရမည့်အခြေသို့ ဆိုက်ရောက်နေ ရတော့သည်။ ဤအခြေ၌ ဦးဖေ၀င်းက သူ၏သား မြအောင်နှင့် နှင်းအေးအား လက်ထပ် မည်ဖြစ်က တင်ရှိနေသော ကျွေးတစ်ဝက်ကို လျော်ပစ်ခါ နောက်ထပ်၍ အလုပ်လုပ်ရန် လည်း ငွေထုတ်ပေးဦးမည်ဟု ဆိုလာသောကြောင့် ဒေါ်သန်းမြိုင်တို့မှာ မတတ်သာ တော့ ဘဲ နှင်းအေး ကို မြမောင်နှင့် ထိမ်းမြားရန် သဘောတူလိုက်ကြရလေတော့၏။

    ကျွန်တော်မှာ နှင်းအေးကို နှမျောတသရင်းဖြင့် အချိန်ရှိသမျှ စိတ်မချမ်းသာ ဖြစ်နေရလေ သည်။ ထို့ကြောင့် ရွာ သို့ပင် မသွားတော့ဘဲ လယ်ထဲ၌သာကုတ်၍ နေခဲ့သည်။ အဖေသည် ကျွန်တော့် အဖြစ်ကို သိ၏။ သူ့ကိုယ်နှိုက်ကလည်း ထိုအဖြစ်အတွက် ခံပြင်းနေပုံရသည်။ သို့သော် ကျွန်တော့်အားတော့ ဘာမျှ ဖွင့်ထုတ်၍ မပြောဘဲ ကျွန်တော့်အတွက် ကြင်ယာလောင်းကိုသာ လိုက်လံရှာဖွေစပ်ဟပ် နေလေသည်။
    အဖေသည် တစ်နေ့သ၌ ကျွန်တော့်အား မိန်းကလေး တစ်ယောက်ကို ယူရန် ပြောလေ သည်။
    မိန်းကလေး မှာ ပုတ်သင်ညိုရွာမှ သူကြီးသမီး ကရင်မကလေးတစ်ယောက်ဖြစ်၏။ ကျွန်တော်က မယူ လိုခဲ့။ သို့သော် အဖေက အတင်းခေါ်သဖြင့် လိုက်ကြည့်ခဲ့ရသေးသည်။ ရုပ်က လည်းမလှ၊ ၀၀အိုင့်အိုင့်မို့ စိတ်က မပါချေ။ အဘွားနှင့် အဘိုးလေးတို့ကလည်း သဘောမတူချေ။

    အဖေက သဘောတူလွန်းသဖြင့် ယူရတော့မည့်အခြေသို့ ရောက်လုဆဲတွင် ကံကောင်း ထောက်မပုံမှာ ထိုမိန်းကလေးသည် သူ၏ ရည်းစားဟောင်းနောက်သို့ လိုက်သွားသောကြောင့် ဖြစ်လေသည်။
    သူ၏ ဘ၀ရှေ့ရေးမှာ ကျွန်တော်နှင့် မသက်ဆိုင်သောကြောင့် ကျွန်တော် ထည့်၍မစဉ်းစား ပါ။ သူမှင့် လက် မထပ်ရခြင်းအတွက်သာ ကျွန်တော်က ၀မ်းသာနေရသည်။
    အဖေက “တယ်မိုက်တဲ့ ကလေးမ”ဟု တဖွဖွပြောနေပါသည်။ ကျွန်တော်၏ စိတ်မှာ လွတ် လပ်ပေါ့ပါးနေ သည်။ မိတ်ဆွေ သူငယ်ချင်းများက ကျွန်တော့်အား “ကျန်ရစ်”ဟုခေါ်၍ လှောင်ကြ သည်။ လှောင်ကြ ပါစေ။ ပြောင်ကြပါစေ။ ကျွန်တော်က စိတ်မဆိုးပါ။ ဤအမည်နာမကိုပင် ခံယူချင် ခဲ့သည်မှာ ကြာပြီ မဟုတ်ပါလား။
    နှင်းအေးအတွက် နာခဲ့ရသော အသည်းမှ ဒဏ်ချက်သည် ပျောက်ကင်းစပြုလေပြီ။ ကျွန်တော့်မှာ မိန်းကလေး သဖွယ် အိမ်ထောင်မှု ထိန်းသိမ်းနေရသည့် ဘ၀ကိုလည်း ငြီးငွေ့လာ သည်။ အမှန်အတိုင်း ၀န်ခံရ လျှင် သွေးသားကလည်း ကြင်ဘက်ကို တောင့်တနေလေသည်။

    ကျွန်တော်သည် တစ်ရွာလုံးရှိ အပျိုကလေးများထံသို့ စိတ်အာရုံကို စေလွှတ်ကာ ဇနီးလောင်းအဖြစ် တစ်ယောက် စီ ရွေးချယ်ကြည့်သည်။ ရုပ်ရည်အားဖြင့် မြနှစ်ကို သဘောကျ သည်။ မြနှစ်သည် နှင်းအေးနှင့် ဆင်ဆင်တူ သည် မဟုတ်လား။ ကျွန်တော်စွဲမြဲအမှတ်ထားခဲ့သော အလှအပမှာ နှင်းအေး၏ အလှသာဖြစ်လေ သည်။
    စီးပွားရေး ချောင်လည်လာသဖြင့် ကျွန်တော့်မှာ ရွှေကြယ်သီး၊ ရွှေလက်စွပ်၊ ရွှေလက်ပတ် ကြိုးတို့နှင့် အ၀တ် အထည် အမျိုးမျိုးလဲလျက် ရှိုးထုတ်နိုင်ခဲ့ပါပြီ။ ယင်းကြောင့်လည်း ရွာရှိ အပျို ကလေးများ ကျွန်တော့် အား အာရုံစိုက်လာကြသည်။ သူမတို့၏ မိဘများကလည်း အသိအမှတ်ပြု လာကြသည်။ တချို့ကဆိုလျှင် သူတို့၏ သမီးပျိုများနှင့် ကျွန်တော့်အား လာရောက် စပ်ဟပ်ကြလေသည်။ အမှန်တော့ ထိုအချိန်သည် ကျွန်တော့် အနေနှင့် စန်းပွင့်သော အချိန်ပေတည်း။
    ကျွန်တော်နှင့် လာရောက်စပ်ဟပ်ကြသည့် အမျိုးသမီးထဲတွင် မြနှစ်လည်း ပါလေသည်။ မြနှစ်၏ မိခင် သည် အဘွားလေးအား မြနှစ်နှင့် ကျွန်တော် နေရာချထားကြဖို့ လာရောက်ပြောဆို သည်။ သူမ အကြောင်းပြချက် မှာ ယခုနှစ်တွင် မြနှစ်ကို အိမ်ထောင်ချထားလိုသည်။ ထိုသို့ အိမ် ထောင် ချထားရမည်ဖြစ်ရာ ၌ ယခု လောလောဆယ် မြနှစ်နှင့် လာရောက်စပ်သူမှာ ကိုဘကိုး ဆိုသူ တောခေါင်းတစ်ယောက် ဖြစ်သည်ဟု ဆိုသည်။ ကိုဘကိုးမှာ မြနှစ်ထက် အသက် ၁၅ နှစ်ခန့်ကြီး၍ မုဆိုးဘိုဖြစ် သည်။ သို့သော် အကျင့်စာရိတ္တကောင်း၍ စုဆောင်းထားသော ငွေကြေးလည်းအသင့် အတင့် ရှိသူ ဖြစ်သည်။

    သူတို့သဘောက အကယ်၍သာ အဘွားလေးက မြနှစ်နှင့် ကျွန်တော် သဘောတူလျှင် ကိုဘကိုး ကို ငြင်းပယ်ရန် ဖြစ်လေသည်။ အဘွားလေးက ကျွန်တော်နှင့် သဘောမတူမှသာ မြနှစ် အား ကိုဘကိုး လက်သို့ အပ်ရန်ဖြစ်လေသည်။
    အဘွားလေးက ကျွန်တော့်အား ငယ်သေး၍ အိမ်ထောင်ချထားခြင်း မပြုလိုကြောင်းနှင့် ငြင်းပယ်သည်။ သို့တိုင် လည်း မြနှစ်၏ မိခင်သည် ကြီးသောအခါ နေရာချထားပေးရန် သဘောတူ မတူ ထပ်၍ မေးနေပြန်သောကြောင့် အဘွားလေးမှာ အကြပ်ရိုက်နေလေတော့သည်။
    “ဒီကိစ္စက ငါ့သဘော နဲ့လည်း မပြီးပါဘူး။ သူ့အဖေကလည်း သဘောတူမှ ဖြစ်ဦးမှာပါ”
    အဘွားလေးသည် မတတ်သာသောကြောင့် အဖေ့ဘက်သို့ လှည့်ချလိုက်လေသည်။ ကျွန်တော့်မှာ တကယ်ပင် စန်းပွင့်လှပါသည်။ ဟုတ်ပါ၏။ ခပ်စိမ်းစိမ်းအပျိုကလေးများသည် အလှူ၊ မင်္ဂလာဆောင်။ ဘုရားပွဲတော် တို့၌ ကျွန်တော်နှင့် ဆုံမိကြလျှင် အချင်းချင်းလက်တိ့၍ မေးမြန်းကြ သည်ဟု ကျွန်တော့် မိတ်ဆွေ အမျိုးသမီးများထံမှ တဆင့်ကြားရပါသည်။

    ကျွန်တော်သည် ရွာတွင် ရေပန်းစားသူဖြစ်နေ၏။ ယင်းသို့ ဖြစ်ရခြင်းမှာလည်း ကျွန်တော်မှာ မြို့အရပ်များ သို့ ရောက်လေတိုင်း မြို့သားများ၏ ၀တ်င်ပုံကို ကြည့်ရှုမှတ်သားပြီး အတုယူခဲ့၏။ ရှပ်အင်္ကျီများကိုပင် ရွာတွင် မချုပ်၊ မြို့သို့သွား၍ ချုပ်သည်။ ဘိုကေကိုလည်း မြို့ဆိုင် သို့စရိတ်အကုန်ခံ သွားညှပ်သည်။ ထို့ကြောင့် အခြားသော ကာလသားများနှင့် ခြားနား မြို့ဆန်နေ လေသည်။ ယင်းကြောင့်လည်း အမျိုးသမီး များက ကျွန်တော့်ကို အာရုံစိုက်နေကြခြင်းဖြစ်ပေလိမ့် မည်။
    ယင်းသို့ ရှိစဉ်တွင် ကျွန်တော်၏ တည်ငြိမ်သော ဘ၀ထဲသို့ အနှောက်အယှက်တစ်ခုက ၀င်ရောက် လပြန်တော့၏။ ၎င်းမှာ နှင်းအေး သူမလင်နှင့် ကွဲကွာလာခြင်းပင်ဖြစ်လေသည်။
    နှင်းအေးသည် သူ့မိဘများထံ ပြန်ရောက်ပြီး နောက်နေ့ ညနေဘက်တွင် ကျွန်တော့်အိမ် သို့ ရောက်ရှိလာသည်။ နှင်းအေးမှာ အနည်းငယ်ပိတ်၍ သွားသည်မှလွဲ၍ ယခင်ကအတိုင်း လှမြဲလှနေ တုန်းပင်။

    “မောင်ဆန်း။ ညကျတို့အိမ် အလည်လာခဲ့ပါဦး”
    သူမသည် အဘွားလေးနှင့် အတော်ကြာ စကားပြောနေပြီးနောက် ပြန်ခါနီးတွင် ကျွန်တော့် အား စူးစူး စိုက်စိုက်ကြည့်ရင်း မှာသွားလေသည်။ ကျွန်တော်က ခေါင်းကို ညိမ့်ပြလိုက်မိ၏။.
    ညနေဘက်သို့ရောက်လေလျှင် ကျွန်တော့်စိတ်မှာ အလိုလို နှင်းအေးထံသို့ သွားချင်စိတ် ပေါက်နေသည်။ သူမ ၏ စူးစိုက်ကြည့်ရှုသွားသောအကြည့်မှာ ကျွန်တော်၏ အသည်းနှလုံးအား စွဲငြိနေပြန်တော့သည်။
    ကျွန်တော့်မှာ နှင်းအေးထံ မသွားတော့ဟု ဆုံးဖြတ်ထားသော် လည်း မှောင်တရီ အချိန် လောက် တွင် နှင်းအေးတို့အိမ်သို့ ရောက်ရှိခဲ့ရပါတော့၏။

    “ လာ လာ မောင်ဆန်း၊ အမေလည်း ခုပဲအပြင်ထွက်သွားတယ်”
    အိမ်လှေကား မှ တက်လာစဉ်တွင် နှင်းအေးက ကျွန်တော့်အား ဆီးကြိုခေါ်ငင်ပါသည်။ ကျွန်တော်သည် သူမ ကို အကဲခတ်ရင်းနှင့်ပင် အိမ်ပေါ်သို့ ရောက်ရှိခဲ့ရလေသည်။
    နှင်းအေးသည် ကျွန်တော့်အား စူးစူးစိုက်စိုက် ကြည့်နေ၏။ သူမမျက်လုံးတွင် ကြေကွဲသော အရိပ်များ ထင်ဟပ်နေသည်။
    “ထိုင်လေဟယ်။ နင်ကလည်း မတ်တတ်ကြီး”
    နှင်းအေးက ဤသို့ပြောတော့မှ ကျွန်တော်မှာ သက်ပြင်းကို မသိမဟာ ရှိုက်လိုက်ကာ သင်ပြူး ကလေးပေါ်၌ ထိုင်ချလိုက်ပါသည်။
    “တို့တွေလည်း လူချင်းကွဲသွားလိုက်ကြတာ အတော်ကြာတယ်နော်”

    နှင်းအေးသည် ကျွန်တော့်မျက်နှာကို ခပ်ငေးငေးစိုက်ကြည့်ရင်းပြောပါသည်။ ကျွန်တော်က ဘာမှမပြော ဘဲ သူမကို ပြန်ငေးကြည့်နေမိ၏။
    “ငါကတော့ နင့်ကိုတစ်နေ့မှ မမေ့ပါဘူး။ အမြဲသတိရပါတယ်”
    “အေး၊ ငါ့နားက ပင်းမနေသေးတော့ ကြားရတာပေါ့”
    ကျွန်တော်က နှုတ်ခမ်းကို ခပ်မဲ့မဲ့လုပ်ရင်း ပြန်ပြောလိုက်ရာ နှင်းအေးမျက်နှာမှာ သိသိ သာသာ ညှိုးကျသွားရှာလေသည်။
    “အေးလေ ငါ့စကားကို နင် ဘယ်ယုံတော့မလဲ”
    နှင်းအေး၏ အသံမှာ ငိုသံပင်ပါလာသည် ထင်၏။ မူလအသံထက် အားနည်း၍ တုန်နေ သည်။

    “အလကားပြောတာပါ နှင်းအေးရာ။ ငါယုံပါတယ်။ ငါကလည်း နင့်ကို အမြဲသတိရလျက် ပါပဲ”
    “တကယ် နင် ငါ့ကို သတိရသလား မောင်ဆန်း”
    သူမအသံ မှာ အားတက်ဝမ်းသာသံဖြစ်၍ သူမမျက်လုံးများကလည်း အရောင်တောက်ပနေ လေသည်။
    “တကယ်ပါ နှင်းအေး။ နင် လက်ထပ်တဲ့နေ့ကဆိုရင် ငါ့အသည်းနှလုံးတွေဟာ ပြုတ်ကြွေ ကုန်ပြီလို့ ထင်ရတယ်။ ငါ့ရင်ထဲက မီးတောက်နေတယ်”
    ကျွန်တော်သည် ဤစကားစုများကို ထုတ်ဖော်၍ ပြောခဲ့သည်မဟုတ်ဘဲ အစီအစဉ်နှင့် လည်ချောင်းဆီသို့ ပြုံတက် လာကြခြင်းသာဖြစ်လေသည်။ သူမအမေးကိုတော့ ခေါင်းညိမ့်၍ အဖြေ ပေးခဲ့ပါသည်။
    “ငါ ၀မ်းသာလိုက်တာဟယ်”

    သူမက ညင်သာသောအသံနှင့် ပြန်ပြောပါသည်။
    “ငါလေ သူနဲ့ဘယ်တော့မှ ပြန်မပေါင်းတော့ဘူး သိရဲ့လား”
    “ဒီလိုလဲ ဘယ်ဟုတ်မလဲ နှင်းအေးရာ။ လင်နဲ့မယားဆိုတာ …”
    “အို ဘာလင်မယားလဲ။ သူနဲ့ငါ လင်မယားမဟုတ်တော့ဘူး။ ဘာမှ မဆိုင်ဘူး။ ပိုက်ဆံချမ်း သာတဲ့ လူများ ကောင်းကို မကောင်းဘူး”
    နှင်းအေး၏ မျက်နှာတွင် ဒေါသရိပ်များ သန်းလျက်နှင့် ကျွန်တော့် စကားမဆုံးမီ မဲ့ကာရွံ့ကာ ၀င်ဖြတ်ပြောပါလေသည်။ ကျွန်တော်သည် နှင်းအေးအား စိုက်ကြည့်ရင်း သက်ပြင်းချ လိုက်မိပါသည်။ ယင်းသို့ ရှိစဉ် ဒေါ်သန်းမြိုင် ပြန်ရောက်လာလေသည်။

    “အလို မောင်ဆန်းပါလား။ တို့အိမ်များ ခြေဦးလှည့်မလာတာ ကြာခဲ့ပါပြီ။ ခုမှပဲ ပေါ်လာ တော့တယ်”
    “ခုတောင်မှ သူ့ဟာသူလာတာ မဟုတ်ပါဘူး အမေရဲ့။ ကျွန်မ ညနေက သွားခေါ်လို့ လာတာ”
    “အေးအေး၊ စကားပြောနေကြ”
    ဒေါ်သန်းမြိုင်၏ ကြည့်ပုံရှုပုနှင့် ဆက်ဆံရေးမှာ ကျွန်တော့်မပေါ်တွင် ယခင်ကနှင့် မတူ၊ ပြောင်းလဲနေသည် ဟုထင်သည်။ ယခင်ကဆိုလျှင် ယခုလို နှင်းအေးနှင့် ကျွန်တော် စကားနှစ်ယောက် တည်း ပြောနေပုံမျိုးကိုတွေ့လျှင် သဘောမကျသည့် အရိပ်အယောင်များကို ပြသည်။ ပြီးနောက် ဥပါယ် တမျဉ်ငြဖ့် အကြောင်းတစ်ခုခုရှာကာ ကျွန်တော်နှင့် ကွဲကွာသွားအောင် နှင်းအေးအား ခိုင်းစေတတ်သည်။ ယခုတော့မူ နှစ်ယောက်တည်း စကားပြောခွင့်ကိုပင် ပေးထား သည်မဟုတ်ပါလား။ ကျွန်တော် သည် ပြောင်းလဲတတ်သော စိတ်သဘောများကို စဉ်းစားနေမိ သည်။

    “မောင်ဆန်းရေ၊ မင်းအဖေ နေကောင်းရဲ့လား”
    နှင်းအေးနှင့် ကျွန်တော် စကားပြောနေ၍ အချိန် အတော်ကြာသွားလေ ရာ ဒေါ်သန်းမြိုင် ပြန်ရောက်လာပြီး မေးလေသည်။
    “ဟုတ်ကဲ့ ဒေါ်ဒေါ်၊ နေကောင်းပါတယ်”
    “အင်း၊ မင်းတို့ သားအဖ နှစ်ယောက်တည်းကျမှ စီးပွားတော်တော် တက်တယ်နော်။ လယ်တွေ ဘာတွေ ပြန်ပေါ်ပြီလား”
    “ပြန်ဝယ်မယ်ဆိုရင်တော့ ၀ယ်နိုင်ပါတယ်။ ဒါပေမယ့် အဖေက လယ်ပြန်မ၀ယ်သေးဘဲ ငွေကို တိုးသထက် တိုးအောင် လုပ်ဦးမယ်တဲ့”
    “အေး အေး ကောင်းတယ်၊ ငွေရှိရင် ငွေတိုးတာပဲ”
    ကျွန်တော်နှင့် ဒေါ်သန်းမြိုင် စကားပြောနေစဉ် နှင်းအေးသည် ကျွန်တော့်အနီးမှ ထသွား လေတော့သည်။

    “အဒေါ်တို့တော့ကွယ် စီးပွားရေး သိပ်ကိုအဆင်မပြေပါဘူး။ ဒီကြားထဲ နှင်းအေးကို အိမ် ထောင်ချပေးမိတဲ့ အတွက် လဲ အဒေါ့်မှာ တစ်သက်သက် စိတ်မကောင်းဖြစ်နေရတယ်”
    ဒေါ်သန်းမြိုင်က ဤသို့ ပြောသော်လည်း ကျွန်တော်က ဘာမျှပြန်မပြောဘဲ ငြိမ်၍ နားထောင်နေ ပါသည်။ ဒေါ်သန်းမြိုင်သည် ကျွန်တော့်အား စိုက်ကြည့်လိုက်ပြီး သက်ပြင်းကို မသိ မသာရှိုက်ကာ စကားဆက်ပြန်လေသည်။
    “ပိုက်ဆံချမ်းသာတဲ့လူများ စိတ်ကောင်းမရှိကြပါဘူးကွယ်။ အဒေါ်တို့က ကိုယ့်သမီး ကလေးကို ရွှေပေါ်မြတင် မခိုင်းရက်၊ မစေရက်၊ မပြောရက်၊ ထားခဲ့တာမို့လား။ သူတို့ လက်ထဲ လည်းရောက်ရော သူတို့က ငွေဝယ်ကျွန် သဘောမျိုး ခိုင်းကြတယ်။ ပြီး နှင်းအေးယောက်ျားကလည်း ရိုးမလိုလို နဲ့ သောက်လိုက်တ့အရက်၊ ရိုက်လိုက်တဲ့ဖဲ၊ မပြောပါနဲ့ တော့”
    ဒေါ်သန်းမြိုင်သည် ပြောရင်းပြောရင်း ဆို့နင့်သံပါလာသည်နှင့် စကားကို ရပ်ပစ်လိုက် သည်။

    “အင်း၊ အိမ်ကဟာ မလိမ္မာလို့ ငါ့သမီးကလေး ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်ခုလပ်ဖြစ်ရတယ်”
    ဒေါ်သန်းမြိုင်သည် ဤသို့ပြောပြီး မျက်လုံးအိမ်အတွင်းတွင် မျက်ရည်များ ရစ်ဝိုင်း၍ လာလေသည်။
    “တော်ပြီ တော်ပြီ။ သမီးကို အပြီးအပြတ် ဒီကောင်နဲ့ ကွာခိုင်းပြီး သူနှစ်သက်တဲ့ လူနဲ့ပဲ ပေးစားလိုက်မယ်”
    ဒေါ်သန်းမြိုင် က ဤစကားစုများကို ငိုသံပါနှင့် ပြောလေသည်။ ကျွန်တော့်မှာ ဒေါ်သန်းမြိုင် အားကြည့် ရင်း စိတ်မောနေရ၏။
    ကျွန်တော်သည် စိတ်မောရုံသာမက ဦးနှောက်လည်း ရီဝေလာ၏။ ခေါင်းလည်း ကိုက်လာ သည်။ ထို့ကြောင့် နှင်းအေး အခန်းတွင်းမှ ပြန်ထွက်လာသောအခါ နှင်းအေးနှင့် ဒေါ်သန်းမြိုင်တို့ကို နှုတ်ဆက်ပြီး အိမ် သို့ ပြန်လာခဲ့သည်။
    အိမ်ရောက်လျှင်ရောက်ခြင်း အိပ်ခန်းတွင်းသို့ တန်းဝင်ခဲ့ကာ အိပ်ရာပေါ်၌ ကိုယ်ကိုပစ်လှဲ လိုက်ပြီး နှင်းအေးအကြောင်းကို စဉ်းစားသည်။ ယခုအခါ၌တော့ နှင်းအေးအား ကျွန်တော်အလိုရှိ လျှင် ရနိုင်သော အခြေသို့ရောက်ရှိနေပြီ။ သို့သော် သူမသည် အပျိုစင်မဟုတ်တော့၊ တစ်ခုလပ်ဟု ဆိုရမည်ဖြစ်သော်လည်း သူမလင်နှင့် တိတိလင်းလင်း ကွာရှင်းပြီးသည် မဟုတ်သေးပေ။

    နှင်းအေးအား ဟိုတုန်းက ပိုးပန်းကြသော ကာလသား လူပျိုများသည် ယခုလိုနှင်းအေး တစ်ခုလပ်ဖြစ် လာသောအခါတွင် အနားသို့လည်း မသီကြ။ စကားတည်းတွင်ပင် ထည့်၍ပြောသူက အလွန်နည်း သည်။ ပြောပြန်လျှင်လည်း “ကောင်းတယ်၊ ငွေမက်တဲ့ကောင်မ ထိပြီမို့လား”ဟူသော ကဲ့ရဲ့ရှုံချ စကားများ သာတည်း။
    ဘယ်ကာလသား လူပျိုတစ်ဦးတစ်ယောက်မှ စိတ်မ၀င်စားလောက်အောင် နှင်းအေး၏ ဂုဏ်သိက္ခာက ကျဆင်းနေ သည်။ ကျွန်တော့်မှာ အပျိုတော်များများက စိတ်ဝင်စားခြင်းခံရသည်။ အမျိုးသမီးတို့၏ မိဘများ က သဘောတူသည်။ ဤလို နှင်းအေးကျချိန်နှင့် ကျွန်တော်တက်ချိန်တွင် ဖြစ်လေသည်။ အမှန်မှာ ကျွန်တော့်အနေနှင့် နှင်းအေးအား စိတ်ကူးတည်း၌ပင် ထည့်၍စဉ်းစား စရာမလိုသော အချိန်ဖြစ်သည်။ ဒါပေမယ့် ကျွန်တော် နှင်းအေးအကြောင်းကို စဉ်းစားနေရသည်။ နှင်းအေးသည် ကျွန်တော်၏ အသည်းစွဲ ချစ်ခဲ့သူပင် မဟုတ်ပါလား။ ကျွန်တော်ချစ်သော နှင်းအေး ကျဆင်းနေချိန်၌ မြင့်တက်နေသော ကျွန်တော်က လျစ်လျူရှုကာ ဥပက္ခာမလုပ်သင့်ဟု ထင်သည်။
    အကယ်၍ ကျွန်တော်သဘောနှင့်သာ ဆုံးဖြတ်ရလျှင် ဘာပဲဖြစ်ဖြစ် နှင်းအေးအား ကျွန်တော် လက်ထပ်နိုင်သည်။ ပေါင်းသင်းနိုင်သည်။ ဒါပေမယ့် ကျွန်တော့်တွင် အဖေရှိသေးသည်။ အဖွားရှိသေးသည်။ အဖွားလေး၊ အဖိုးလေးတို့အပြင် ပတ်ဝန်းကျင်၌ တိုင်ပင်ရမည့်သူများရှိကြပေ သေးသည်။

    ပထမဦးဆုံး ကျွန်တော် ကိုသန်းမောင်၏ညီ ကျွန်တော်နှင့်ညီ တစ်ဝမ်းကွဲတော်သူ မောင်အုန်းမောင်ကို တိုင်ပင်ကြည့်သည်။ မောင်အုန်းမောင်က ကန့်ကွက်၏။
    “သူများစွန့်ပစ်လိုက်တဲ့ ပစ္စည်းတစ်ခုကို မင်းလိုလူတစ်ယောက်က ကောက်ယူရမယ်ဆိုတာ မကောင်း ပါဘူးကွာ။ မင်းရဲ့ ဂုဏ်သိက္ခာသာမကဘူး၊ တို့တစ်မျိုးလုံးရဲ့ ဂုဏ်သိက္ခကိုပါ ထိခိုက်လိမ့်မယ်”
    မောင်အုန်းမောင်၏ အကြောင်းပြချက်မှာ မှန်သည်။ ကျွန်တော်မှာ ရွာ၌ရှိသော ဂုဏ်သရေရှိ အပျိုချော တစ်ယောက်ယောက်ကို ခေါင်းခေါက်၍ လက်ထပ်ယူနိုင်သော အချိန်တွင် နှင်းအေးလို ကျဆင်းနေသော တစ်လင်ကွာ အမျိုးသမီး ကို လက်ထပ်လိုက်ပါက မိဘဆွေမျိုးများပင် ဂုဏ်ငယ်နိုင်စရာဖြစ်ပေသည်။ သို့သော် ကျွန်တော် က အုန်းမောင်၏ ကန့်ကွက် ချက်ကို လက်မခံလိုပါ။

    ထိုအကြောင်းကို အဖေ၊ အဖွားနှင့် အဖွားလေး၊ အဖိုးလေးတို့အား တိုင်ပင်သည်။ အိမ် ထောင်ရေး၌ လွတ်လပ်ခွင့်ပေး လိုသော အဖိုးလေး တစ်ယောက်ကသာ သဘောတူပြီး ကျန်လူ များက အပြင်းအထန် ကန့်ကွက်ကြသည်။ အဖေသည် အသည်းဆုံးဖြတ်၏။
    “ဟေ့၊ သူတို့ အခြေအနေ ကောင်းနေတုန်းက မင်းကို ဖုတ်လေတဲ့ငါးပိ ရှိလေတယ်မှ သဘော မထားကြဘဲဥစ္စာ။ မင်းက ဘာပြုလို့ ပြန်ဆက်ဆံချင်တာလဲ” ဟုပင် ဒေါနှင့်မောနှင့် ပြောပါ သည်။
    ကျွန်တော့်မှာ နှင်းအေးအတွက်နှင့် စိတ်ဆင်းရဲရပြန်ပြီ။ နှင်းအေးအား ကျွန်တော်ချစ်သည်။ ကျွန်တော့် အချစ်၌ ပျို၊ အို၊ ဂုဏ်မြင့်၊ ဂုဏ်နိမ့်ခွဲခြားမှုမရှိ။ ဒါပေမယ့် ကျွန်တော့် ပတ်ဝန်းကျင်မှာ ကျွန်တော်ကဲ့သို့ မဟုတ်ပါချေ။ သူတို့သည် အခြားလူသားများလိုပင် မာနရှိကြသည်။ အဆင့်အတန်း ခွဲလိုကြသည်။

    ကျွန်တော့်မှာ နှင်းအေးတို့အိမ်သို့ ခပ်မှန်မှန်ပင် ၀င်ထွက်သွားလာနေ ခဲ့ သည်။ နှင်းအေးရော ဒေါ်သန်းမြိုင်ပါ ကျွန်တော့်အား အရေးတယူ ဂရုတစိုက် ရှိကြသည်။ ရွာမှ အတင်း အဖျင်းပြော တတ်သူများသည် ကျွန်တော် သူများစွန့်ပစ်ထားသော အုန်းမှုတ်ခွက်ကို ကောက်တော့ မည်ဟု သတင်း စကားဖြန့်ကြသည်။ အဖေနှင့် အဖွားလေးတို့သည် ကျွန်တော့်အား နှင်းအေးအိမ် မသွားဖို့ ကန့်ကွက်ကြ သည်။ ထိုကန့်ကွက်ချက်ကိုတော့ ကျွန်တော် လက်မခံနိုင်။ ကျွန်တော့်အဖို့ နှင်းအေးနှင့် လက်မထပ် ရသည့်တိုင် နှင်းအေး၏ အလှကို ရှုကြည့်ရင်း နှစ်သိမ့်နေရပါသည်။

    တစ်ခါတစ်ခါတွင် ကျွန်တော့်မှာ နှင်းအေးအား ဇွတ်လက်ထပ်ချင်စိတ် ဖြစ်ပေါ်လာမိသည်။ မိဘများက စွန့်လွှတ် လိုပါက စွန့်လွှတ်ပါစေ။ ပတ်ဝန်းကျင်က ရှုတ်ချပါစေ။ ကျွန်တော် ဂရုမစိုက်လို။ ကျွန်တော့်အဖို့ တစ်ခု ခက်နေသည်က နှင်းအေးသည် သူမ လင်ယောက်ျားနှင့် တရား ၀င်ကွာရှင်းပြီးခြင်း မရှိသေးခြင်း ပင် ဖြစ်လေသည်။ ဒေါ်သန်းမြိုင်နှင့် နှင်းအေးတို့သည် တရားဝင် ကွာရှင်းနိုင်ရေးအတွက် ကြိုးပမ်းကြသော် လည်း နှင်းအေးယောက်ျားက ကွာမပေးဘဲ ကပ်နေ သည်။
    နှင်းအေးယောက်ျားသည် ကွာမပေးရုံသာမက လူမိုက်များကိုပင် ငွေပေး၍ ကျွန်တော့်အား သတ်ခိုင်း သည်။ ဒါကို ကျွန်တော် သိသော်လည်း နှင်းအေးတို့အိမ်သို့ ၀င်မြဲထွက်မြဲပင် လုပ်နေခဲ့ သည်။
    မြနှစ် သည် သူမနှင့်စပ်ထားသော တောခေါင်းနှင့် လက်ထပ်။ ထိုအကြောင်းကို စကားစပ် မိသော အခါ နှင်းအေးက မြနှစ်အား သနားကြောင်းပြောသည်။

    “မြနှစ်ကို ကိုယ်ချင်းစာပြီး သနားမိတယ်။ လောကမှာ ကိုယ့်ချစ်သူမဟုတ်ဘဲ လင်တော် ရတာဟာ စိတ် အဆင်းရဲဆုံးပဲ။ တကယ်လို့ ငါနောက်အိမ်ထောင်ပြုလို့ သမီးလေးများမွေးရင် သူချစ်တဲ့လူကိုပဲ ပေးစားမယ်။ ဘာကောင်ဖြစ်ဖြစ်”
    “နင်က နောက်အိမ်ထောင်ပြုဖို့များ စဉ်းစားသေးသလား”
    ကျွန်တော်က သူမအား ပြုံးကြည့်ရင်း မေးလိုက်သည်။
    “အို၊ ကိုယ်ချစ်တဲ့လူနဲ့ဆို ပြုဦးမှာပေါ့။ အိမ်ထောင်သာ ကျခဲ့ရတယ်။ အချစ်အရသာကို ဘာမှ မခံစားရသေးဘူးပဲလို့”
    “နင့်မှာ ချစ်တဲ့သူကော ရှိသလား”
    “ရှိတာပေါ့ဟ။ ဒါပေမယ့် သူက ငါ့ကို တစ်ခါမှ ချစ်စကားစမပြောလို့ ခက်နေတာ”
    နှင်းအေးက ကျွန်တော့်အား မျက်လွှာပင့်ကြည့်ပြီး ပြောလေသည်။
    “သူကသာ ဆွတ်လိုက်ရင် နင်က ညွတ်လိုက်မှာပဲလား”
    “အို၊ ဘယ်ပြောကောင်းမလဲ။ တစ်ပင်လုံးကို ဖိချလိုက်မယ်။ ဟီး … ဟီး”
    သူမသည် ဤသို့ပြောပြီး မျက်နှာ၌ ရှက်သွေးဖြန်းတက်သွားလေသည်။ ကျွန်တော်က သက်ပြင်း ချလိုက်မိသည်။
    “ခက်တာက နင့်ယောက်ျားနဲ့က မပြတ်မသားဆိုတော့ ဆွတ်တဲ့လူကလဲ ဆွတ်ဝံ့မှာ မဟုတ်ဘူးဟ။ တော်ကြာ မယားခိုးမှုနဲ့ တရားစွဲနေရင် ဒုက္ခ”
    ကျွန်တော်က ဤသို့ပောလိုက်လေရာ နှင်းအေး၏ မျက်နှာလေးမှာ ညှိုးကျသွားရှာလေ သည်။

    “အေးဟယ် ဒီမသာကလဲ၊ လူချင်း အဆင်မပြေလို့ မပေါင်းနိုင်တော့ပါဘူးဆိုတာ ဘာကြောင့်များ ဒီလောက်ကပ်နေရတယ် မသိဘူး”
    နှင်းအေးက ညည်းသံနှင့် ပြောရှာလေသည်။ ကျွန်တော့်မှ နှင်းအေးအား ပို၍ သနား စိတ် ဖြစ်လာမိသည်။ နှင်းအေးမှာ သူမ မိဘများ၏ စီးပွားရေးအခက်အခဲဖြေရှင်းမှု၌ တန်ဆာဝင်၍ ခံနေ ရရှာသော ဒုက္ခသည်ကလေးပင် မဟုတ်ပါလား။ ကျွန်တော်သည် သူမအား ဤ၀ဋ်ကြွေးမှ လွတ် မြောက်အာင် ကယ်တင်လိုလှပေသည်။ ဒါပေမယ့် ကျွန်တော့်မှာ မယားခိုးအဖြစ် အကျော်ဒေးယျ ဖြစ်လောက်အောင် သတ္တိမရှိခဲ့ပါချေ။
    နှင်းအေး  ကျွန်တော့်အဖို့ သဲပြင်ထဲမှ ဒိန်ခဲဖြစ်နေသည်။ ဟုတ်ပါ၏။ ပစ်ရမှာလည်း အဆီ နှင့်ဝင်းဝင်း။ စားရမှာလည်း သဲနှင့်ရှပ်ရှပ်ပါတကား။
    ကျွန်တော်သည် သက်ပြင်းကို အကြိမ်ကြိမ်ချရင်းနှင့်ပင် သူမအား နှုတ်ဆက်ပြီး နေအိမ်သို့ ပြန်ခဲ့ရသည်။

    ကျွန်တော့်အဖို့ သောကရောက်စရာများက ပိုမိုဆင့်ကဲ လာပြန်တော့သည်။ နှင်းအေး ယောက်ျားက ကျွန်တော့်အား သတ်ဖို့ ဖြတ်ဖို့ ကြံလာသောသတင်းကို အဖေကြားရသောအခါ အဖေသည် ကျွန်တော့်ကို အမြန်ဆုံး နေရာချထားပေးရန် စိုင်းပြင်းပါလေတော့သည်။
    ထိုအတွင်းတွင် ရွှေဆိုင်ရှင်၏ သမီး ခင်စန်းကြည်သည် အဖွားလေးမှတစ်ဆင့် ကျွန်တော် နှင့် စပ်စားလာ သည်။ အဖွားလေးနှင့် အဖေမှာ ဆွေ့ဆွေ့ခုန်မတတ် ခင်စန်းကြည်နှင့် ကျွန်တော့် အား သဘော တူကြလေသည်။ အဖေနှင့် အဖွားလေးတို့သည် ကျွန်တော့်ကိုပင် တိုင်ပင်ခြင်းမပြုဘဲ ထိုစပ်ဟပ်ချက်ကို သူတို့သဘောနှင့်သူတို့ လက်ခံလိုက်ကြလေသည်။
    “ဟာ အဖေတို့ ကျွန်တော့်ကို ဘာမှမပြောဘဲ ကိုယ့်သဘောနဲ့ကိုယ် လုပ်တာတော့ မကောင်းဘူး”
    ကျွန်တော်က  အပြစ်တင်စကား ဆိုလိုက်လေရာ အဖေသည် အလွန်ဒေါပွသွား၏။

    “အံမာ မင်းကပဲ အပြစ်တင်ရတယ်ရှိသေးသလား။ ဒီကလေးမလေးကို ငါသဘောကျနေ တာကြာလှပြီ။ သူတို့က တို့ထက် ချမ်းသာတဲ့အပြင် ရွာပေါ်မှာ သြဇာတိက္ကမ ရှိတဲ့လူတွေမို့ မပြော ရဲလို့နေခဲ့ရတာ။ ခုလို ဖုတ်သွင်းရထားဆိုက်တာကိုမှ ရှောင်ချင်သေးတယ်ဆိုရင် မင်းထက် မိုက်တဲ့ လူဒီလောကမှာ ရှိတော့မယ် မဟုတ်ဘူး”
    “ဟိုတစ်ခါလဲ အဖေသဘောကျလို့ပဲမို့လား။ ယောက်ျားနောက်လိုက်ပြေးသွားလို့ ကျွန်တော် အချောင် ကျန်ရစ်ဖြစ်ခဲ့ရတာ။ ဒီတစ်ခါ …”
    “ဒါက အဲလို မဟုတ်ဘူးကွ။ ကလေးမလေးကိုယ်က မင်းကို သဘောကျတယ်တဲ့”
    ကျွန်တော့်စကား မဆုံးမီ အဖေကဖြတ်၍ ပြောလိုက်ရာ ကျွန်တော့်မှာ သက်ပြင်းကိုသာ ရှိုက်ရှုလိုက်မိပါတော့သည်။ အမှန်တော့ ခင်စန်းကြည်မှာ ကျွန်တော့်ဘက် က ငြင်းစရာကောင်း လောက်သော အမျိုးသမီး တစ်ယောက် မဟုတ်ချေ။ သူမ မိဘများက ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝ ရုံသာ မဟုတ်။ သူမ၏ ရုပ်ဆင်းကလည်း လှပပြေပြစ်ပေသည်။ သူမအသက်မှာ ၁၆ နှစ်ကျော်ကျော် မျှသာ ရှိသေး၍ အသားက ဖြူဖွေးနေသည်။ ကိုယ်ထည်မှာ ခပ်လုံးလုံးရှိ၍ မျက်နှာ နည်းနည်းကောက် သည်မှလွဲလျှင် ကြည့်ကောင်းသူဖြစ်လေသည်။ အ၀တ်အစား ပြောင်လက် ၍ ရွှေတွေ များများ ၀တ်နိုင်ခြင်းတို့ကြောင့်လည်း ပို၍ထင်ပေါ်နေရလေသည်။ ရွာရှိ ကာလသားများမှာ သူမကိုသာ ရမည် ဆိုက အချိန်မရွေး လက်ထပ်ကြဖို့ ရှိနေကြသည်။

    အကယ်၍ နှင်းအေးသာ သူမယောက်ျားနှင့် အတူရှိနေသေးမည်ဆိုက ကျွန်တော်သည် ခင်စန်းကြည်အား အလွယ်နှင့်ပင် လက်ထပ်ဖို့ သဘောတူမိပေမည်။ ယခုတော့မူ ကျွန်တော်ချစ် သော နှင်းအေးမှလွဲ၍ မည်သူ့အားမျှ လက်မထပ်လိုတော့ပါ။
    ကျွန်တော်မှာ စိတ်ဆင်းရဲ ပင်ပန်းလှ၏။ ထိုအထဲတွင် ကျွန်တော်နှင့် ခင်စန်းကြည်တို့ လူကြီးချင်း စပ်စားပြီးကြပြီ ဟူသော သတင်းမှာလည်း တစ်ရွာလုံး ပျံ့နှံ့သွားလေသည်။
    “မောင်ဆန်း၊ နင် အိမ်ထောင်ပြုတော့မယ်ဆို”
    တစ်ည ကျွန်တော် နှင်းအေးထံသို့ ရောက်ရှိသွားလေရာ နှင်းအေးက နွမ်းလှညှိုးငယ်သော မျက်နှာနှင့် ဆီး၍မေးလေသည်။
    လူကြီးတွေက လုပ်နေကြတာပါဟာ။ ငါအနေနဲ့တော့ ဘာမှ မဆုံးဖြတ်နိုင်သေးပါဘူး”
    ကျွန်တော်ကလည်း စိတ်ပျက်စွာနှင့်ပင် ပြန်၍ ပြောလိုက်ပါသည်။

    “နင် ကံကောင်းပါတယ်ဟယ်။ ခင်စန်းကြည်က လှလည်းလှ၊ သူ့မိဘတွေကလဲ ချမ်းသာ ဆိုတော့”
    “တော်တော် နှင်းအေး။ အချစ် ဆိုတာ လှတာ ချမ်းသာတာနဲ့ မဆိုင်ဘူးဆိုတာ  နင် အသိဆုံး”
    ကျွန်တော်က စိတ်ဆိုးစွာပင် အော်ငေါက်ပြောမိပါသည်။ နှင်းအေးသည် ဘာမျှမပြောတော့ ဘဲ ခေါင်းကလေးငဲ့ကာ ဖျာကို လက်သဲနှင့် ကုတ်ခြစ်နေလေသည်။
    “တောက်၊ ငါ့ဘ၀ကိုက အဆင်မပြေချင်လှပါဘူး နှင်းအေးရာ၊ ငါ ဒီရွာက အမြန်ဆုံး ထွက် ပြေးသွားချင်ပါပြီ”
    ကျွန်တော်က တောက်ခေါက်၍ ညည်းညူလိုက်လေရာ နှင်းအေးသည် ခေါင်းကလေး မော့ ထောင်လာပြီး မျက်လွှာ ပင့်၍ ကျွန်တော့်ကို ကြည့်သည်တွင် သူမမျက်လုံးအိမ်၌ မျက်ရည် များ ပြည့်လျှံနေသည် ကို မြင်တွေ့ရသောကြောင့် ကျွန်တော့်ရင်မှာလည်း ဆို့နင့်၍ သွားရတော့သည်။

ဆက်ရန်
.

No comments: