Thursday, March 28, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၅၇)

ညသန်းခေါင် မတိုင်မီ ၁၅မိနစ်မှာ နှစ်သစ်ကိုကြိုဆိုကြမဲ့ တီးဝိုင်းအဖွဲ့ကြီးက ပစ္စည်းအစုံအလင်နဲ့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်မမြေးများအပါအ၀င် တီးကြမဲ့သူများကလည်း မစောင့်နိုင်အောင် လက်ယားနေကြပြီလေ။ သူတို့တီးခတ်လိုက်တဲ့ ပစ္စည်းတွေကို ကြည့်မိတော့ လကွင်းလည်း ပါ၊ နှဲအော်လံ လည်းပါ၊ မောင်းလည်းပါ၊ ကြေးစည်လည်းပါ၊ ဗုံလည်းပါ၊ ချူတွေလည်းပါ ထွက်လာ တဲ့ မဆီမဆိုင် အသံပေါင်းစုံ ကို နားကွဲမတတ်ခံစားကြရင်း ၁၉၉၂ခုနှစ်၊ နှစ်သစ်ပွဲကို ကြိုခဲ့ရတဲ့ အဖြစ်က ကျွန်မတစ်သက် မမေ့နိုင်စရာ ပါပဲလေ။ ကို ဆက်ဖတ်ရန် ....

အပိုင်း (၅၉)

"မသိစိတ်ရဲ့စွမ်းအင်"စာအုပ်ကို ရေးသားခဲ့တဲ့ ဒေါက်တာဂျိုးဇက်မာဖီက အလုပ်ခွင်က အနားယူ လိုက်တာဟာ ကိုယ့်အတွက် ဘ၀်သစ်တစ်ခုကို စခြင်း၊ ကမ်းသစ်ကို လျှောက်ရခြင်းအပြင် အိမ်မက်တွေကိုပါ လက်တွေ့အကောင်အထည်ဖော်ဖို့ အခါအခွင့်သာတာမို့ "ဘ၀နေ၀င်ချိန်ရဲ့ လှပစွာ ရောင်စုံဖြာတဲ့ တန်ဖိုးရှိ ကာလ"လို့ ဆိုတားပါတယ်။

ကျွန်မအတွက် ဘ၀သစ်တစ်ခု စရခြင်း ဆိုတာကတော့ တကယ်ပါပဲ။ နေရာသစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ဘ၀ရဲ့နေ၀င်ချိန် ဆည်းဆာ ကာလကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီးသားပါ။ အဲဒီပြင်ဆင် ထားတဲ့ စာရင်းဇယား ထဲမှာ ငယ်ရွယ်စဉ်ကတည်းက ၀ါသနာရှိရင်းစွဲဖြစ်တဲ့ စာဖတ်ခြင်းနဲ့ စာရေးခြင်းလည်း ပါလေ တယ်ပေါ့။ ကျွန်မဖတ်ချင်လို့ စုဆောင်းထားတဲ့ စာအုပ်တွေက အထပ် လိုက်၊ အပုံလိုက်။ ကုန်အောင် မဖတ်နိုင် ခင် နောက်ထပ်တိုးတိုးလာတာတွေက မနည်းမနော။ အနားယူလိုက်ကာမှ စိတ်တိုင်းကျ စာရေးချိန်ရော၊ စာဖတ်ချိန်ပါပိုရတာမို့ အိမ်မက်တွေ လက်တွေ့ အကောင် အထည် ဖော်ခွင့်ရတာ အမှန် ဖြစ်တာကြောင့် ကြည်နူးပျော်ရွှင်ရတဲ့ "တန်ဖိုး ရှိကာလ"ဆိုတဲ့ စကားကို ထောက်ခံရမှာပါပဲ။

ဒီအထဲမှာ မမျှော်လင့် မကြံရွယ်ရဘဲ သားသမီးတွေ ရဲ့ မေတ္တာ၊ စေတနာကျေးဇူးကြောင့်ပြည်ပ ခရီး တွေ သွားခွင့်ကြုံရ တာကတော့ ကျွန်မအတွက် စိတ်ကူးယဉ် အိမ်မက်ကို အထောက်အကူပြုဖို့ အပို ဆုပေါက်ခြင်းလို့ ပြေရမှာပါ။ အိမ်မှာထိုင်နေခြင်းက ကမ္ဘာကြီးရဲ့ စာတစ်မျက်နှာသာ ဖတ်ရသ လိုဖြစ်ပြီး ခရီးသွားခြင်း က စာတစ်အုပ်လုံး ဖတ်ရတာနဲ့ တူတယ်ဆိုတဲ့ စကားအတိုင်း စာရေးလိုသူ အနေနဲ့ စာရေးဖို့ အတွေ့ အကြုံကုန်ကြမ်းတွေ များစွာရရှိလေတယ်ပေါ့။
ပြီးခဲ့တဲ့ နှစ်ဦး ကတည်းက စလိုက်တဲ့ ခရီးတွေက ပြည်တွင်းရော ပြည်ပပါ တစ်နှစ်ပတ်လုံး ဆက်နေ တာကြောင့် ဒီနှစ်မှာတော့ လန်ဒန်က ပြန်ရောက်ပြီး အေးအေးဆေးဆေး အနားယူရင်းစာတွေ ထိုင် ရေးလိုက်မယ်၊ ဖတ်စရာအကြွေးတွေလည်း တစ်ဝကြီးဖတ်လိုက်မယ် အားခဲထား ပါတယ်။ နှစ်လယ် လောက်ကျမှ တခြားပြည်နယ်အသီးသီးမှာ ရောက်ရှိနေကြတဲ့ သားသမီးသုံးယောက်ဆီ တစ်လှည့် ဆီ သွားတွေ့ပြီး နှစ်ကုန်ပိုင်းမှာ ပါရီက သားဆီသွားမယ်လို့ ကိုယ့်စိတ်ကူးနဲ့ကိုယ် ခရီးစဉ်ဆွဲ ထားတယ်ပေါ့။

စောစောပိုင်းလတွေကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဟုတ်လို့ပါပဲ။ မေလအစပိုင်းတစ်နေ့မှာ တော့ အစီ အစဉ်တွေ ပြောင်းဖို့ အကြောင်းတစ်ခုက ကြုံလေပါရော။ ခြေထောက်မှာဗွေဘယ်နှလုံး ပါလေတယ် မပြောမပြ တတ်အောင် အမြဲတမ်းခရီးသွားဖို့ ခြေယားနေတတ်တဲ့ သမီးကေသီက အိမ်ကိုရောက်လာပြီး "မာမီ့ အတွက် Surprise"တဲ့။ စာအိတ်အကြီးကြီးတစ်ခုကို ကျွန်မမျက်နှာ ရှေ့မှာယပ်တောင်ခတ်သလို လှုပ်ခါရင်း ရွှတ်နောက်နောက် နဲ့ လုပ်ပြနေတာကြောင့် ဆွဲယူပြီး...
"ဘာလဲ၊ ဘယ်ကိုသွားဖို့ လမ်းရှာလာပြန်ပြီလဲ"လို့ သူ့ Surprise တွေကို နောကျေနေပြီဖြစ်တဲ့ ကျွန်မက အတပ်ဟောဗေဒင်ဆရာမ လုပ်လိုက်တယ်ပေါ့။
"ဖွင့်ကြည့်လေ၊ မာမီ့အတွက် ခရီးသွားဆောင်းပါးကောင်းတစ်ပုဒ် ရမှာသေချာတယ်"တဲ့။

သူပြောတဲ့ အတိုင်းပါပဲ။ လက်မှတ်နဲ့အတူ ကတ်ကလောက်စာအုပ်က ဓာတ်ပုံတွေပါ ပါလိုက်သေး တယ်။ ဟော်လန်အမေရိကား  အပျော်စီးသင်္ဘောနဲ့ အလက်စကာ ခရီးစဉ်တဲ့လေ။
"ဟယ်... အလက်စကာကို သွားရမှာ"
တကယ့်ကို အံ့သြပျော်ရွှင်စွာ ကျွန်မထအော်မိပါတယ်။
စဉ်းစားကြည့် ပါဦး။ ကျွန်မက နေပူပူ၊ ဖုန်ထူထူမှာ ကြီးပြင်းခဲ့တဲ့ မန္တလေးအညာသူလေ။ စနိုး ဆိုတာ ကိုအမေရိကား ကိုရောက်မှ မြင်ဖူးရတာပါ။ Glacierလို့ခေါ်တဲ့ တစ်မျှော်တစ်ခေါ် ရေခဲပြင်ကြီးတွေ ကိုလည်း ရုပ်ရှင်ထဲမှာသာ မြင်ဖူးထားရတာ မဟုတ်လားနော်။ အလက်စကာဆိုကတည်းက ဖွေးဖွေး ထနေ တဲ့ရေခဲပြင်ကြီးတွေနဲ့အတူ Iglooခေါ်တဲ့ အိမ်ဝိုင်းဝိုင်းလေးတွေရယ်၊ ပုပုလုံးလုံး ပုံသဏ္ဌာန်နဲ့ အက်ခါတီမို လူမျိုးတွေရယ် မျက်စိထဲတန်းမြင်မိတော့ အညာမြေနဲ့ ဝေးလံလှတဲ့ နေရာဌာနကို ရောက်ဖူးရမှာအတွက် စိတ်လှုပ်ရှားစွာနဲ့ ပျော်ရွှင်မိတာ အမှန်ပါပဲ။

ခရီးက သြဂုတ်လ ၂၂ရက်နေ့မှာ စထွက်ရမှာမို့ ကြိုတင်ပြင်ဆင်ဖို့ အချိန် လိုအပ် တာကြောင့် ပြည်နယ်တွေ က သားသမီးတွေဆီ ဇွန်၊ ဇူလိုင်၊ သြဂုတ်လမှာ သွားဖို့ စီစဉ်ထားတဲ့ အတိုင်း မလုပ်နိုင်တော့ဘဲ ရက်စောပြီး မေလထဲမှာ ထွက်ဖို့ ဆုံးဖြတ်ရပါတယ်။
တက္ကဆက်၊ အီလင်နွိုင်း၊ ကာလီဖိုးနီးယား တစ်နယ်စီ ကူးရင်း သားသမီးမြေးတွေနဲ့ တပျော်တပါး နေခဲ့ပြီး အိမ် ကို သြဂုတ်လဆန်း မှာ ပြန်ရောက်ပါတယ်။ ကျွန်မတို့ သွားမဲ့အချိန်က သြဂုတ်လမို့ နွေရာသီဖြစ်ပေမဲ့ ဟိုးထိပ်ဖျား မြောက်ဝင်ရိုးစွန်းနားနီးတဲ့ အလက်စကာမှာတော့ အေးဆဲမို့ အနွးထည်တွေ လုံလောက်စွာ ပါအောင် ရွေးထည့်ရသေးတယ်လေ။ နောက်ပြီး သင်္ဘောခရီးစဉ်က ဆယ်ရက်တိတိကြာမှာ ဆိုတော့အေးအေးဆေးဆေး ဖတ်စရာ စာအုပ်တွေရော ရေးစရာတွေပါ ပြည့်စုံအောင် ထည့်နဲ့ အလုပ်တွေ ရှုပ်ပေါ့။

မာယာမီက Seattleအရောက် လေယာဉ် ၆နရီကြာမျှစီးပြီး လေဆိပ်မှာ အကြိုရောက်ရှိနေတဲ့ တာဝန်ခံ မိန်းကလေး အစီအစဉ်နဲ့ ကားတစ်တန်စီးပြီးမှ အလက်စကာကိုထွက်တဲ့ သင်္ဘောပေါ်ကို ညနေ၆နာရီလောက် မှာ ရောက်ရှိသွားပါရော။ သင်္ဘောကြီးကျယ်လိုက်တဲ့ဖြစ်ခြင်း။ အထက်ပေါင်း ကိုးထပ် ရှိပါတယ်။ ခရီးသည်ပေါင်း ၁၅၀၀ကျော်၊ ၀နထမ်းပေါင်း ၆၃၀နဲ့ စုစုပေါင်း လူနှစ်ထောင် ကျော် မို့ ရေပေါ်ဟိုတယ်ကြီးတစ်ခုလို့ ဆိုနိုင်လောက်ပါရဲ့။
ကျွန်မ တို့ နေရမဲ့အခန်းကို ရောက်လို့ ပစ္စည်းတွေလည်း နေရာချထားပြီးရော အ၀တ်လဲမယ်လုပ် ကာ မှသေတ္တာတော့ ရှာမရတော့ဘူး။ ပိုက်ဆံအိတ်တစ်ခုလုံး မှောက်လှန်ရှာလည်း မတွေ့၊ ထုံးစံ အတိုင်း ကျွန်မက မရှပ်ပြာလေ။ ဘယ်နေရာမှာ သော့တွေချထားခဲ့လေတယ် မသိတော့ပါဘူး။ ဒါနဲ့ ဂယ်ရီက သင်္ဘော ရုံးခန်း ကိုဖုန်းဆက်ပြောပြတော့ သော့ဖျက်ပေးမဲ့ ၀န်ထမ်းတစ်ဦး လွှတ်ပေးတာ နဲ့အဆင်ပြေ သွားပါတယ်။ နောက်တစ်နေ့မှာဖျက်ထားတဲ့သော့ကို ပြန်သုံးလို့ရအောင် ပြင်ပေး မယ်ဆိုပြီး ယူသွားလေရဲ့။

နောက်တစ်နေ့မနက် မိသားစုအားလုံး အတူတူ စားသောက်ခန်းမထဲမှာ နံနက်စာစားနေကြဆဲ အသံချဲ့စက်က အခန်းနံပါတ်(-)က ခင်မကြီး ရုံးခန်းကိုအမြန်ဆုံး ဆက်သွယ်ပါဆိုတာ ကြားလိုက်ရ ပါရော။ သော့ပြင်ပြီးလို့ လာယူဖို့ပြောတာ ဖြစ်မှာပါဆိုပြီး အေးအေးဆေးဆေး ဆက်ပြီး စားနေ လိုက်သေး တယ်။ ပြီးမှ သမီးကေသီနဲ့အတူ ရုံးခန်းသွားကြတော့ ကောင်တာက မိန်းကလေးက "ရှင့်အတွက် တယ်လီဖုန်း လာတယ်။ အဲဒါအပေါ်ထပ်က ရေဒီယိုခန်းမှာ သွားပြောပါ"တဲ့။
အဲဒီတော့ မှ ကျွန်မရင်ထဲ ဒိုင်းခနဲ ဆောင့်သွားပြီး နှလုံးသွေးရပ်တော့မလောက်ထိတ်လန့် တုန်လှုပ် သွားတော့ တာပဲ။ ခရီးထွက်မလာခင်မှာ သမီးကေသီယူလာပေးတဲ့ ကတ်တလောက်စာအုပ်ကို ဖတ်ကြည့် ထားပြီးသားပါ။ ဆောင်ရန် ရှောင်ရန်တွေလည်း လေ့လာမှတ်သားထားပြီးသားပေါ့။ သင်္ဘောပေါ်ကို ကမ္ဘာအရပ်ရပ် က တယ်ဖီဖုန်း တိုက်ရိုက်ဆက်သွယ်လို့ရပါတယ်။ ဈေးကတော့ မသေးဘူး။ တစ်မိနစ်ကို ဆယ်ဒေါ်လာ ကျမှာတဲ့လေ။

ကျွန်မ သားသမီးတွေက အမေ သွားရောကို အကြောင်းမဲ့တစ်နေ့သုံးလေးခါ ဖုန်းဆက်တတ်တာ ကရှိသေး တယ်။ ရေးကြီးခွင်ကျယ် ကိစ္စလည်း မဟုတ်။ "မာမီဘာလုပ်နေလဲဟင်"ဆိုတာမျိုးလေ။ ဒါကြောင့် ကျွန်မ ထွက် မလာခင်မှာ သေသေချာချာ မှာထားခဲ့ပါတယ်။ တစ်မိနစ် ဆယ်ဒေါ်လာဆို တဲ့ငွေကို တွက်ပြီး သေရေးရှင်ရေး မဟုတ်သမျှ ဖုန်းမဆက်ကြနဲ့လို့။
အခု ဖုန်း လာတယ်ဆိုတာလည်း ကြားလိုက်ရော "သားသမိးတစ်ယောက်ယောက်တော့ သေလေ ပြီ"လို့ အသေအချာ တွက်လိုက်မိပြီး ရင်တွေတုန်ခါသွားတော့တာပါ။ သားလေးကိုဇာနည် ဆုံးတုန်း ကလည်း တယ်လီဖုန်းက တစ်ဆင့်ကြားသိရတဲ့ သတင်းမို့ တယ်လီဖုန်းဆိုတာနဲ့ ကျွန်မသွေးပျက် အောင် ထိတ်လန့်နေတတ်ပါပြီ။ ရေဒီယိုခန်းထဲ ရောက်မှဖုန်းခေါ်သူက သားအငယ်ဆုံး အိန္ဒာဆီက ဆိုတာ သိရပါတယ်။ ကျွန်မတို့က ရုံးခန်းကို ချက်ချင်းထမလာခဲ့တော့ သူလည်း ဆက် မစောင့်နိုင် တော့ဘဲဖုန်းချသွားပြီး နောက်နာရီဝက်ကြာရင် ပြန်ခေါ်မယ်ဆိုတာ မှာထားခဲ့တယ်တဲ့။

အချိန်ကိုတွက်လိုက်တော့ အလက်စကာနဲ့ ဖလော်ရီဒါက လေးနာရီ ကွာခြားတာမို့ မနက် ၆နာရီ စောစောစီးစီး ထခေါ်တာ အရေးပေါ်အကြောင်းအရာတစ်ခုဖြစ်ရမယ် တွေးရပြန်ရော။ တွေးတယ် ဆိုကတည်း က အမြဲတမ်း အဆိုးကိုသာ ဦးစားပေး တွေးတတ်မြဲဖြစ်တဲ့ သဘောအရ ကျွန်မရဲ့ အတွေးတွေ ကလည်း အဆိုးဇာတ်လမ်းတွေ ပုံဖော်တော့တာပါပဲ။
မနေ့က လေဆိပ် ကို လိုက်ပို့ပေးသူက သမီးအထွေးဆုံး သူဇာပါ။ ကျန်ခဲ့တဲ့ မောင်နှမနှစ်ယောက် ထဲကအိန္ဒာ က ဖုန်းဆက်လာတာ ဆိုတော့ ကျွန်မသမီးလေး သူဇာတစ်ခုခုဖြစ်လေပြီပေါ့။ လေဆိပ် က အပြန်ကားတိုက်ပြီး ဆေးရုံတွေ ဘာတွေရောက်၊ အသက်လု ကုသရာကအခုဆုံးသွားလို့ ဖုန်းဆက် အကြောင်းကြား တာဖြစ်မယ် တွေးရင်းခြေဖျားလက်ဖျားတွေ အေးလာပြီး မျက်ရည်တွေ ပါပေါက်ပေါက် ကျလာပါရော။

သမီး ကေသီက ကျွန်မလက်ကို ဆွဲဆုပ်ထားပြီး "မာမီ စိတ်ထိန်းထားလေ၊ ဘာဖြစ်တာမှန်း မသိ ရ သေးဘဲ၊ စောင့်ကြည့်ပါဦး"နဲ့ အားပေးပါတယ်။ ကျွန်မအဖြစ်ကိုကြည့်ပြီး ရေဒီယိုအရာရှိက "အခန်းထဲက သွားစောင့်နေ ပါ၊ ဖုန်းလာရင် သူအခန်းထဲကို လွှဲပေးပါ့မယ်"ပြောတာနဲ့ အခန်းထဲ က ပြန်စောင့်ကြ ရတယ်ပေါ့။ စောင့်ရတဲ့နာရီဝက်အချိန်က ကျွန်မအတွက် ငရဲတမျှ ဆင်းရဲပင်ပန်း လှတဲ့မကုန်ဆုံးနိုင်သော ကာလ တစ်ခုပါပဲ။
တယ်လီဖုန်း မြည် လာတော့ ကျွန်မ မကိုင်ရဲဘူး။ သမီးကေသီက ထူးလိုက်ပါတယ်။ သမီးရဲ့ မျက်နှ ရိပ်ကို တထိတ်ထိတ် နဲ့ စောင့်ကြည့်ရသေးတယ်။ သမီးကအလိုက်သိစွာ "ကဲ...ကဲ...ဒီမှာ မာမီ စိတ်ပူနေတယ်။ မာမီနဲ့ အရင်ပြောလိုက်ဦး"ဆိုပြီး သူ့မောင်နဲ့ခဏပြောအပြီး ဖုန်းကိုထိုးပေးမှ သားနဲ့ပြောရပြီး အကြောင်းစုံ သိရပါတယ်။ အတွေးထဲကအတိုင်း ကျွန်မသမီးလေး ကားတိုက်သေ တာမဟုတ် လို့ တော်သေးရဲ့ပေါ။

အရေးပေါ်ကိစ္စကတော့ အမှန်ပါ။ ကျွန်မတို့နေတဲ့ မြို့နယ်ဘက်ကို "အင်ဒရူး"ဆိုတဲ့ အားအင် အ ပြည့်မုန်တိုင်းကြီးတစ်ခုက ဦးတည်ပြီး လာနေတယ်တဲ့။ ဒါကြောင့် ကျွန်မနဲ့ သမီးကေသီရဲ့ အိမ်က ထိခိုက် ကွဲရှဖြစ်မဲ့ပစ္စည်းမှန်သမျှကို သားကသိမ်းဆည်းပေးဖို့ အစောကြီးထလာပြီး လုပ်နေရတာ တဲ့။ အဖိုးတန် ဘာပစ္စည်းတွေ အရေးတကြီး သိမ်းယူသွားပေးရမလဲဆိုတာ မေးရအောင် ဖုန်းဆက် တာတဲ့။
အခုမှ ကျွန်မစိတ်လက်ပေါ့ပါးသွားရတော့တယ်။ လေမုန်းထိုင်းတဲ ပါသွား လို့ ပြန်ရောက်တဲ့ အခါ နေစရာအိမ်မရှိလည်း အရေးမကြီးပါဘူး။ ပစ္စည်းသင်္ခါရ ဆိုတာကို ကျွန်မကောင်းစွာ ခံ ယူနိုင်နေပါ ပြီ။ လူသင်္ခါရအဖြစ်ကိုတော့ ရင်ဆိုင်နိုင်တဲ့စွမ်းအား ကျွန်မမှာ မရှိတောသေချာလှပါတယ်။ အဲဒီနေ့ ကသင်္ဘောကိုနှစ်ခါ ဖုန်းခေါ်တာ ဒေါ်လာ ၃၄၀ကျသွားလေရဲ့။ ငွေကုန်ရပေမဲ့ သေရေးရှင်ရေး မဟုတ်တာအတွက် ကျေးဇူးတင်ရပါသေးတယ်။

သင်္ဘောခရီးဆိုတော့ ပျင်းစရာကောင်းအောင် တအိအိသွားနေတာမျိုး ဖြစ်မှာပဲဆိုပြီး အချိန်တွေကို ဖြိုဖို့ ဖတ်စရာ စာအုပ်တွေရော၊ ရေးစရာတွေပါ တနင့်တပိုး မိုက်မဲစွာနဲ့ သယ်လာခဲ့တာပါ။ အပျော် စီးသင်္ဘော ရဲ့အတွေ့အကြုံလည်း မရှိသေးဘဲကိုး။ လက်တွေ့မှာ စာဖတ်စာရေးဖို့ အချိန်ကို ရှာလို့ မရနိုင်ပါဘူး။ အပျော်စီး သင်္ဘော ဆိုတဲ့အတိုင်း လူကြီး၊ လူငယ်၊ လူရွယ်၊ လူလတ်နဲ့ ကလေးပါ မကျန်အောင် အပန်းဖြေ စရာ ဖျော်ဖြေရေးတွေက အမျိုးအမယ်စုံစွာ အချိန်ပြည့် စီစဉ်ထားပြီးသား လေ။
ရောက်တာ နဲ့ သင်္ဘောခရီးမှာ အန္တရယ် တစ်စုံတစ်ခုကြုံခဲ့သော် အသက်ကယ်ဆယ်ရေးအတွက် လိုအပ်ချက်တွေ သိဖို့ နည်းပြဆရာနဲ့ Drillဒရေးလ် အစမ်းလေ့ကျင့်ခန်း လုပ်ကြရသေးတယ်။ အဓိကကျတဲ့ အသက်လုံခြုံရေးကိစ္စပြီးမှ သင်္ဘောပေါ်မှာ ကိုယ့်စိတ်ကြိုက် အပန်းဖြေကြရင်း စိတ် ၀င်းစားစရာတွေ လုပ်ကြပေါ့။ ခရီးသည်များ မငြီးငွေ့ရအောင် အကုန်စီစဉ်ထားတာပါ။

အားကစားဆိုရင်လည်း တင်းနစ်၊ ဘော်လီဘော၊ ရေးကူး၊ လမ်းလျှောက်၊ ပြေးလိုက်ပြေးစရာ နေရာအပြင် ကိုယ်လက်ကြံ့ခိုင်ရေးအတွက် လုပ်ချင်ရင်လည်း အေးရိုးဗစ်သင်တန်းပေးတဲ့ဆရာပါ အဆင်သင့်၊ အားကစား ခန်းမမှာလည်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်စရာ ပစ္စည်းတွေအမျိုးစုံရှိပါ သေးတယ်။ ဒီမှမဟုတ် အေးအေးဆေးဆေး အပန်းဖြေချင်ရင်ဘရစ်ခ်ျတို့၊ ပိုကာတို့ စတဲ့ဖဲချပ်တွေ ကစားချင်ကစား၊ ကျားထိုးရင်း ဗိုလ်လုချင်လု၊ ဘိလိယက်ခုံမှာ အချိန်ကုန်ချင်ရင်လည်းကုန်၊ ဒီထက် ပိုလို့လောင်းကစား ၀ါသနာ ပါခဲ့ရင် ကာစီနိုမှာ စလော့မရှင်းတွေဆွဲရင်း ငွေဖြုန်းလိုကဖြုန်း။
အစားအသောက်ကြိုက် တဲ့ လူတွေအတွက်တော့ အပျော်စိးသင်္ဘောခရီးက အတန်ဆုံးပါပဲ။ မနက် စာ၊ နေ့လယ်စာ၊ ညစာမက သန်းခေါင်ယံအထိ ပွဲကြီးပွဲငယ် ဖွယ်ဖွယ် ရာရာတွေ ကို အော တိုက်ပြီး ကျွေးတာများလွန်းတာကြောင့် စူစကာတောင် လက်မြှောက်ရမဲ့ အခြေအနေမျိုးမို့ လူတိုင်းခရီး က ပြန်ရင်အနည်းဆုံး အလေးချိန် ငါးပေါင်ဆယ်ပေါင်လောက်တော့ အသာလေး တိုးမှာ သေချာပါရဲ့။

ဖျော်ဖြေရေးတွေကလည်း အစုံ၊ ရုပ်ရှင်ရော၊ ပြဇာတ်ရော၊ ကပွဲရောအပြင် လူငယ်တွေအတွက် ဒစ် စကိုနဲ့ Life Musicနဲ့ ညလုံးပေါက် ပျော်ပွဲရွှင်ပွဲတွေမှာ ကကြ၊ ခုန်ကြ၊ သီချင်းဆိုကြတာတွေလည်း ရှိရဲ့။ ယမကာ ကြိုက်သူတွေ လည်း ဘားမှာထိုင်ရင်း အမူးလွန်သူတွေလည်း လွန်ကြပေါ့။ ကလေး ငယ်တွေအတွက်ကျ ပုံပြင်ပြောပြ၊ ဆေးရောင်စုံနဲ့ အရုပ်တွေဆွဲကြ၊ သီချင်းဆိုကြ၊ ကစားနည်းမျိုး စုံတွေကစားကြ စတဲ့ စိတ်ဝင်စားစရာတွေလည်း သူ့အချိန်နဲ့သူ။
အမျိုးသမီးတွေ အတွက် အလှပြင်စရာ Beauty Palour၊ အမျိုးသားတွေအတွက်ဆံပင်ညှပ်ဆိုင်၊ ဓာတ်ပုံဆိုင်၊ ဂျူတီဖရီး အကောက်ခွန်မဲ့ အရောင်းဆိုင်၊ အခြားအခြားအမှတ်တရလက်ဆောင်ပ စ္စည်းဆိုင်တွေအပြင် ဇိမ်ခံ လိုသူတွေအတွက်လည်း အနှိပ်ခံဖို့ အခန်းထိပါသေးတာပါ။ နေမ ကောင်းရင်လည်း ဆရာဝန် အဆင်သင့်၊ ဆေးခန်းအဆင်သင့်၊ ကျွန်မတို့လို စာပေမြတ်နိုးတဲ့ စာ ကြမ်းပိုးတွေအတွက် စာကြည့်တိုက်တစ်ခုလည်း ပါပါတယ်။

သင်္ဘောဝန်ထမ်းတွေ အားလုံးကဖိလိပီနိုလူမျိုးနဲ့ အင်ဒိုနီးရှားလူမျိုးတွေဖြစ်လို့ ကျွန်မ တို့ မြန်မာ တွေ နဲ့ရုပ်ချင်းက ခပ်ဆင်ဆင် မဟုတ်လား။ ရှားရှားပါးပါး သင်္ဘောတစ်ခုလုံးမှာ အရှေ့ တိုင်းသား ဆိုလို့ ကျွန်မတို့ သားအမိနှစ်ယောက်နဲ့ တရုတ်ဇနီးမောင်နှံနှစ်ဦးပဲ ပါတာကြောင့် အသားညိုတဲ့ ကျွန်မသမီး ကေသီကိုဝန်ထမ်းတွေက အင်ဒိုနီးရှားလားနဲ့ တစ်ချိန်လုံးလာမေးနေကြလို့ သူ့ခမျာ "မြန်မာ"ပါဆိုတာ ဖြေရှင်းရတာ အမော။
အလက်စကာက စိတ်ဝင်စားစရာကောင်းတဲ့ ပြည်နယ်တစ်ခုပါ။ ၁၈၇၆မှာ ရှရှားဆီက ဒေါ်လာ ၇.၂၀၀၀၀၀ ခုနှစ်သန်းကျော်နဲ့ အမေရိကားက ၀ယ်ယူလိုက်တာအဲဒီအချိန်က ရလိုက် တဲ့ပေါက် ဈေးနဲ့တွက်ရင် တစ်ဧကကို နှစ်ပြားပဲပေးခဲ့ရတာတဲ့လေ။ အလက်စကာက အမေရိကားနဲ့ ၄၉ခု မြောက်ပြည်နယ်အဖြစ် သတ်မှတ်ပါတယ်။ အမေရိကပြည်ထောင်စုကြီးတစ်ခုလုံးရဲ့ ငါးပုံတစ်ပုံ အကျယ်အ၀န်းရှိပေမဲ့ လူဦးရေအရကျတော့ အားလုံးထဲမှာ အနည်းဆုံးဖြစ်နေပြန်ရော။

အများအားဖြင့် Askimo Indiansနဲ့ Aleutsတွေ နယ်ခံအဖြစ် နေကြပါတယ်။ Alaskaဆိုတာ အက်စ်ကီမိုးတွေရဲ့ စကားအရ Alygskbe Great Landလို့ အဓိပ္ပာယ်ရပါတယ်တဲ့။ သူတို့ညွှန်း ဆိုချက်က အတယ်အမှန်ပါပဲ။ အကျယ်အ၀န်း က ဧကပေါင်း ၃၇၅သန်းရှိတာဆိုတော့ တွက်သာ ကြည့်ပါတော့နော်။ အလက်စကာက ပထ၀ီ အနေအထားအရ နယ်မြေသုံးခု ပိုင်းခြားထားသလိုပဲ။ ပစိဖိတ် ပင်လယ် ကမ်းခြေ နဲ့ မြင့်မားလှ တဲ့ တောင်တန်းကြီးတွေက တစ်ပိုင်း၊ အတွင်းဘက်မြေပြန့် နဲ့ ကုန်းမြေမြင့်က တစ်ပိုင်း၊ မြောက်ဝင်ရိုးစွန်း အာတိတ် ပင်လယ်က တစ်ပိုင်းနဲ့ ထူးခြားစွာ တည်ရှိ နေတာမို့လည်း အလည် လာရောက်ကြ ရသူတွေအတွက် ရင်ခုန်ဖွယ်ရာ ဖြစ်နေတာပေါ့နော်။

နောက်တစ်နေ့မှာ အလက်စကာ နယ်မြေထဲ ၀င်ရောက်လာပြီမို့ တောင်တွေပေါ်က ဖွေးဖွေးထနေ တဲ့ရေခဲပြင်ကြီးတွေနဲ့ ပြောင်းလဲလာတဲ့ ရှု့မျှော်ခင်းတွေကို မြင်တွေ့နေရပေမဲ့ သူများတကာတွေ လို အားရပါးရ စိတ်မ၀င်စားနိုင်ဘဲ ဖလော်ရီဒါမှာ မုန်တိုင်းနဲ့ ရင်ဆိုင်နေရတဲ့ သား နဲ့သမီး အတွက် ဘေးရန်ကလွတ်ကင်းဖို့ အချိန်ပြည့်နီးပါး ဆုတောင်းမေတ္တာပို့ရင်း ရင်ထဲမှာ ဘ၀င် မကျဖြစ်နေတာ ကြောင့် တီဗွီသတင်းကိုလည်း မလွတ်အောင် ပြေးပြေး ကြည့်ပြီးနားစွင့်နေရပါသေးတယ်။
သြဂုတ်လ ၂၄ရက်နေ့ မနက်လင်းအားကြီး (၄နာရီ ၅၂မိနစ်)မှာ ၁၉၉၂ခုနှစ်အတွက် ဗွေဆော်ဦး မုန်တိုင်းအနေနဲ့ Andrewလို့ နာမည်ပေးထားတဲ့ အဆင့်(၄)သတ်မှတ်ခံရတဲ့ အင်အားကြီးမုန်တိုင်း ကတစ်နာရီ ၁၆၄မိုင်နှုန်းနဲ့ ဖလော်ရီးဒါကို ၀င်ကျုံးသွားလိုက်တာ Home Stead ဆိုတဲ့ မြို့ကြီး တစ်မြို့ လုံး ပျောက်သွားလေရဲ့။ အနီးအနားက မြို့များစွာလည်း အဖျားခတ်ခံကြရလို့ အပျက် အစီးအတော် များပါတယ်။ ကျွန်မတို့ နေထိုင်တဲ့ ဖို့ဒ်လော်ဒါဒေးလ်မြို့က ကံကောင်းထောက်မစွာ လက်တီကျူ့ ဒသမ ၁နဲ့ ကပ်လွဲ သွားပေလို့ ပြန်စရာအိမ်တော့ ရှိနေဦးမယ်ပေါ့။

တိုက်ရိုက်မထိုလို့ မုန်းတိုင်းဘေးက လွတ်တဲ့တိုင်အောင် မုန်တိုင်းပြီးချိန်မှာ မီးမရှိ၊ ရေမရှိ၊ တယ်လိဖုန်း လိုင်းမရှိနဲ့ ကသိကအောက် ဖြစ်တတ်တာကြောင့် သားနဲ့သမီးအတွက် စိတ်မောနေ ခိုက်မှာပဲ သင်္ဘောက ကက်ချီကင်မြို့ ကို ဆိုက်ကပ်တာမို့ ၀မ်းသာအားတက်ရပါတယ်။ ကမ်းကပ် လို့ကုန်းပေါ်ကို ခြေချရတာနဲ့ ဂယ်ရီ က တယ်လီဖုန်း၇ှိရာရှာပြီး သားအိမ်ကို ဖုန်းဆက်လိုက်တော့ ဘေးရန်ကင်းကြောင်းသိရမှ ကျွန်မ လည်း ဘ၀င်ကျစိတ်အေးရတော့တယ်လေ။
မောင်နှမ နှစ်ယောက် သား မီးမရှိလို့ စည်သွတ်ဘူးတွေ ဖောက်စားပြီး အာဟာရဖြည့်ကြရတယ် တဲ့။ မုန်းတိုင်း အရှိန်ကို လေးငါးရက်ကြာ ခံကြရတာတော့ ဓမ္မတာပါပဲ။ ဖလော်ရီဒါမှာ အနေကြာတဲ့ ကျွန်မ တို့တစ်တွေ အဖို့ မုန်တိုင်းအတွ့အကြုံက ရိုးနေပါပြီလေ။ ရေ မီး မရပေမဲ့ တယ်လီဖုန်း လိုင်း ကောင်းနေသေးတာအတွက်ပဲ ကျေးဇူးတင်ရပါသေးတယ်။ မဟုတ်ရင် ကျွန်မ စိတ်ဖြောင့်ဖြောင့် နဲ့ ပျော်နိုင်မှာမဟုတ်ပါဘူး။ ဖုန်းပြောပြီးကာမှ ရောက်ရှိနေတဲ့ ကက်ချီကင်မြို့ကို စိတ်ဝင် တစား လေ့လာနိုင်ပါတော့တယ်။

Ketchikan ဆိုတဲ့ အက်စ်ကီမိုအင်ဒီယန်း စကားရ Eagle Wingလို့ အဓိပ္ပာယ်ရပါတယ်တဲ့။ ပေ ၃၀၀၀မြင့်တဲ့ တောင်ပေါ်က တက်ကြည့်ရင် ကက်ချီကင်မြို့က သိန်းငှက်အတောင်ပံ ဖြန့်ထားတဲ့ နာမည်ပါ။ ဆိပ်ကမ်းမြို့ဖြစ်တဲ့အပြင် ရွှေထွက်တဲ့ မိုးများရှိရာ Klondike ကိုသွားချင်ရင်ဒီမြို့က ဖြတ်ရတာမို့ စည်ကား ပါတယ်။ Salmonလို့ခေါ်တဲ့ ပင်လယ်ငါးသလောများ အကြီးအကျယ်ထွက် ရာငါးဒိုင်များရှိ့ အလက်စကာပြည်နယ် ရဲ့ ငါးမြို့တော်အဖြစ်လည်း နာမည်ကြီးပါသေးတယ်။
ဒေသခံ လူမျိုးတွေက အာရှတိုက်ကနေ နှစ်ပေါင်းထောင်သောင်းကတည်းက ရောက်ရှိအခြေချနေ ကြတဲ့ Aleuts, Inuit နဲ့ Eskimo အင်ဒီယန်းလူမျိုးတွေပါပဲ။ ရှေးရှေးတုန်းကလို Igloosဆိုတဲ့ အိမ် ပုပုဝိုင်းဝိုင်းလေးတွေ မှာ နေကြတာ မဟုတ်ဘူး။ ခုတော့ အားလုံး ခေတ်မီအိမ်ကိုယ်စီနဲ့ ဖြစ်နေကြပြီ လေ။ လူဦးရေက ခုထိ အလွန်နည်းပါးသေးတယ်။ အမျိုးသမီး ၇ယောက်မှာ အမျိုးသားက ၁ယောက်နှုန်းပဲ ရှိတာကြောင့် မစွံနိုင်သော လူပျိုကြီးများ ကံစမ်းလိုပါက ကက်ချီကင်ကို အလည် ကြွကြပါ လို့ ပြောရမလို ဖြစ်နေတာပေါ့နော်။

ရှေးသရောအခါက အင်ဒီယန်းတွေ အခြေချခဲ့စဉ်က သူတို့ရဲ့ ယဉ်ကျေးမှုအရ မိဘဘိုးဘွား ဆွေ စဉ်မျိုးဆက် များရဲ့ ရာဇ၀င်သရုပ်ဖော်များလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဆေးခြယ်ထား တဲ့ Totem Doles တွေက ပေ ၈၀ထိမြင့်မားသော တွေ့ရတော့ ကျွန်မတို့တစ်တွေ အမှတ်တရ ဓာတ်ပုံ ရိုက်ကြပေါ့။ ဒီထဲမှာထူးထူးခြားခြား ပြတိုက်တစ်ခုလည်း တွေ့ခဲ့ရပါသေးတယ်။ ရှေးတုန်းက လှေဆိပ်ရှိရာ Creek လမ်းက မီးနီရပ်ကွက်ထဲမှာ အပါအ၀င်ဖြစ်တဲ့ အိမ်နံပါတ် ၂၄ Dolly House ဆိုတာက ရပ်ကွက်ထဲမှာ နာမည်ကြီးတဲ့လေ။ အမျိုးသားများပင်လယ်ပြင်က အပြန်စိတ်ရောကိုယ် ပါအပန်းဖြေတဲ့ နေရာပါတဲ့။ ခုတော့ ပြတိုက်အဖြစ် သတ်မှတ်ထားပါတယ်။

အလက်စကာပြည်နယ်ရဲ့ မြို့တော် Juneau ဂျူနိုကတော့ လှလည်းလှ၊ စိတ်ဝင်စားစရာလည်း အကောင်းဆုံးပါပဲ။ တောင်အမြင့်ကြီးတွေနဲ့ ပင်လယ်ကွေ့ကြားမှာ တည်ထားတဲ့မြို့မို့ အလျား ရှည်ပြီး အနံတိုပေမဲ့ အကျယ်အ၀န်းအရက ကမ္ဘာမှာ တတိယအကြီးဆုံးမြို့လို့ ဆိုပါတယ်။ ကျောက်တောင် ကြီးတွေနဲ့ ပင်လယ်ကြားမှာမို့ ပန်းချီကားတစ်ချပ်လို့ လှပတဲ့မြို့ပါပဲ။ တစ်မြို့လုံး ကိုမနက်ဘက် ကားနဲ့လျှောက်ကြည့်ကြပြီး နေ့လယ်ကျတော့ ပေ ၆၃၀၀မြင့်တဲ့ တောင်ထိပ်ပေါ် မှာခဲနေ တဲ့ ရေခဲပြင်ကြီးကို ကြည့်ဖို့ ရဟတ်ယာဉ်ခရီးစဉ်ကို ဂယ်ရီက လက်မှတ်ဝယ်လိုက်ပါတယ်။
ကျွန်မ ရဲ့မြေး ခန့်စန္ဒီနဲ့ ခန့်သီဟနှစ်ယောက်သားက ဟိုးတောင်အမြင့်ကြီးပေါ်ရောက်အောင် ရဟတ်ယာဉ် နဲ့ သွားရမယ်ဆိုတာလည်း သိရောပျော်လွန်းလို့ ခုန်ပေါက်နေကြလေရဲ့။ ကလေး တွေမပြောနဲ့။ အသက် ၇၀နာနီးနေတဲ့ အဘွားကြီး ကျွန်မတောင် မြေးတွေနဲ့ အပြိုင် စိတ်လှုပ်ရှား ပြီးပျော်လိုက်ရတာ။ ရေခဲဆိုလို့ အခုလို ခြေချဖို့ နေနေသာသာ ကွန်ဗင့်ကျောင်းဝ မှာ ရောင်းတဲ့ ရေခဲခြစ် ဦးလေးကြီးရဲ့ ရေခဲတုံး တစ်ထွာသာသာလောက်သာ ကြီးကြီးမားမားအနေနဲ့ တစ်သက် လုံးဖြင် ဖူးခဲ့တာ မဟုတ်လားနော်။

အခုအစီအစဉ်က ရဟတ်ယာဉ်ငါးစီးစုပြီး အုပ်စုဖွဲ့သွားကြမှာပါ။ တစ်စီးကို ခရီးသည်ငါးယောက် စီးရမှာ တဲ့။ ပေ ၆၃၀၀လောက်မြင့်တဲ့ တောင်ပေါ်မှာရှိနေတဲ့ ရေခဲပြင်ကြီးရဲ့နာမည်က Menderhall Glacier လို့ခေါ်ပါတယ်။ အဲဒီရေခဲပြင်ကြီးတစ်လျှောက်ကို အပေါ်စီးကနေ မြင်ရအောင် ရဟတ် ယာဉ်က တောင်ပေါ်မှာနာရီဝက်ကြာအောင် ပျံသန်းပြီးပြမဲ့အပြင် အလယ်ချိုင့်ဝှမ်းထဲကို ခရီးသည် တွေချပြီးရေခဲပြင်ပေါ်မှာ နာရီဝက်ကြာ လမ်းလျှောက်ဖို့လည်း စီစဉ်ပေးဦးမှာတဲ့လေ။

ရဟတ်ယာဉ်ပေါ် မတက်ခင် အအေးဒဏ်ကို ခံနိုငဖို့ သိုးမွေးအင်္ကျီအထူကြီးတွေရော၊ ခေါင်းစွပ် တွေရော၊ လက်အိတ်တွေပါ ထပ်ပြီးဝတ်စေတဲ့အပြင် Moon Boots လို့ခေါ်တဲ့ခြေသလုံးထိ ရောက်အောင်မြင့်တဲ့ သားရေ ရှူးဖိနပ် အထူစားကြီးတွေကိုလည်း ၀တ်ရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြည့်ပြီး အာကာသ ကို သွားကြမဲ့ ဂြိုလတုယာဉ်ဝတ်စုံတွေ ၀တ်ထားရတဲ့အတိုင်း ဖြစ် နေလို့ရယ်ကြရသေးတယ်။ ပုံမကျ ပန်းမကျ တစ်ကိုယ်လုံး ဖောင်းပွနေပေမဲ့ ရေခဲပြင်ပေါ်မှာ ချော် မလဲဖို့က အရေးကြီးသေးတယ် မဟုတ်လားနော်။

ရဟတ်ယာဉ်ပေါ်ရောက်တော့ ကျွန်မမြေးနှစ်ယောက်က ပိုင်းလော့ဘေးက ရှေ့ထိုင်ခုံမှာ ထိုင်ချင် လို့နေရာ လုကြလေရဲ့။ နောက်ဆုံးတော့ အငယ်ခန့်သိဟကို ထိုင်ဖို့ အဖေကအဆုံးအဖြတ်ပေး လိုက်တာကြေင့် အကြီးမ ခန့်စန္ဒီမကျေမနပ် စူပုပ်တဲ့ မျက်နှာနဲ့ နောက်တန်းကို ရောက်လာပါ ရော။ ရဟတ်ယာဉ် က တောင်ပေါ်မှာပေါက်နေတဲ့ စိမ်းစိုတဲ့ သစ်တောကြီးတွေပေါ် က ဖြတ်ကျော် ပြီး တဖြည်းဖြည်းနဲ့အမြင့်ကို တက်လာလိုက်တာ မကြာခင်မှာ တောင်ထိပ်ပေးမှာ ရှိတဲ့ရေခဲပြင်ကြီး ကို အပေါ်စီးကြည့်လို့ရတဲ့ မြင်ကွင်းထဲ ရောက်လာတော့တာပဲ။
ကျွန်မ သမီး ကေသီက အောက်ငုံ့ကြည့်ရင်း "အိုး...မိုင်ဂေါ့ဒ်"နဲ့ ဘုရားတွေ ဘာတွေတရတဲ့အထိ ဖြစ်လို့။ ကျွန်မ မှာလည်း ကိုယ့်မျက်စိတောငာ် ကိုယ်မယုံနိုင်ဘူး။ တစ်သက်တာမေ့မရနိုင်တဲ့မြင် ကွင်းတစ်ခုလို့ ဆိုရလောက်အောင် လှပပုံမျိုးမို့ ပြည့်စုံအောင် စာဖွဲ့ပြနိုင်စွမ်းမရှိပါဘူး။ ရုပ်ရှင်တွေ ထဲမှာ မြင်ရတဲ့ အိပ်မက်ခန်း တစ်ခုလို အရောင်မျိုးစုံဖြာနေပုံက အံ့မခန်း ထူးခြားဆန်းပြားလွန်းတာ မို့အသက်တောင် မရှူမိဘဲ ငေးမောကြည့်နေမိပါတယ်။

အခု ကျွန်မမြင်တွေ့နေရတဲ့ Menderhall  ရေခဲပြင်ကြီးက သက်တမ်းနှစ်ပေါင်းသုံးထောင်ကျော် ရှိတာ တဲ့လေ။ အလက်စကာမှာ အလှပဆုံးတစ်ခုဖြစ်ပြီး အကြီးဆုံးလို့ပြောနိုင်လောက်ပါတယ်။ သူရဲ့အကျယ်အ၀န်း က အမေရိကားနဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ Rhode Islandထက်တောင် ကြီးသေးတာဆိုပဲ။ စနိုးတွေ က ကျရင်းကျရင်းထူထပ်လာတဲ့အခါ ရေခဲအဖြစ် ပြောင်းလဲသွားရင်းက နှစ်ပေါင်းကြာလာတော့ ထုထည်ကြီးမား လွန်း တဲ့ ရေခဲချပ်ကြီးဖြစ်သွားလေတယ်ပေါ့။
အပေါ်က ကျရောက်နေတဲ့ နေရာင်နဲ့ ဟပ်မိချိန်မှာ ရေခဲပြင်ကြီးလို့တောင် မထင်မှတ်ရဘဲ စလင်း ကျောက်ဖြာချပ်ကြီးတစ်ခုလို ဖိတ်ဖိတ်လက် တောက်ပနေပုံက အရောင်အသွေးတွေ အမျိုးစုံ ဖြာထွက်နေတော့တာပဲ။ ဒီရေခဲပြင်ကြီးက တစ်နှစ်ကို ပေသုံးဆယ် ရွေ့လျားနေတာတဲ့။ တချို့ ဒီထက် ပိုပြီး လှုပ်ရှားတဲ့အခါ မြင်ရတဲ့ သတ္တ၀ါတွေထက်တောင် ဆိုးသေးတယ်။ ကွဲအက်ပြီး ရေခဲ တုံးနဲ့ အတူ ကျောက်တုံးကြီးတွေ အရှိန်နဲ့ ပင်လယ်ထဲပြုတ်ကျလိုက်ရင် မိုးချုန်းတဲ့အသံထက် ပို ကျယ်လောင်ပြီး တောင်တွေ ရဲ့ ပွဲတင်သံတွေပါ ဆက်ပြီးကြားနိုင်တယ်တဲ့။ ထူးခြားတဲ့ သဘာဝ တစ်ခု ပါပဲနော်။

ရဟတ်ယာဉ်ပေါ်က နာရီဝကကြာ ရေခဲပင်တစ်လျှောက် လှည့်ပတ်ကြည့်ပြီးမှ အလယ်ကချိုင့်ဝှမ်း ထဲကိုဆင်းပါတယ်။ မြင်ကွင်းတစ်ခုလုံးက ဖြူဖွေးသန့်စင်နေတဲ့အပြင် တိတ်ဆိတ်လွန်းတာကို လည်း ခံစား မိတော့ တခြားကမ္ဘာတစ်ခုကို ရောက်ရှိနေတဲ့အတိုင်းပါပဲ။ Moon Bootsကြီးတွေ စီးတာတာမို့ လမ်းလျှောက် လို့ကောင်းကောင်းရပါတယ်။ သတိတော့ ထားရတာပေါ့။ ကျွန်မတို့ရဲ့ လမ်းညွှန်ပိုင်းလော့က သိမှတ်ဖွယ်ရာတွေ ကို ပြောပြပါတယ်။
တောင်ပေါ် အမြင့်မှာမို့ လေကလည်း သန့်စင်လက်ဆတ်လို့ ရင်ထဲမှာငြိမ်းချမ်းမှုတွေ က အလိုလို ရောက်လာ သလိုပဲ။ အိပ်မက်ကမ္ဘာထဲ ရောက်နေတဲ့အတိုင်း အချိန်အတိုင်းအတာ ကိုပါမေ့ပြီး မြင် တွေ့ရတဲ့အလှမှာ ငေးရင်း နစ်မြောနေလိုကတာ။ နာရီဝက်ဆိုတဲ့ အချိန်ဘယ်လို ကုန် သွားမှန်း တောင်မသိပါဘူး။ အလက်စကာမှာ နေရင်ထူးခြားတဲ့ သဘာဝအလှတွေမှာ နစ်မြောရင်း အချိန် တွေ ကုန်တာနဲ့ ကိုယ့်တစ်သက်တာ ကုန်အောင် ငေးမောနစ်မြောဖို့ အချိန်လောက်မှာတောင် မဟုတ်ဘူးထင်ပါရဲ့။

လေ့လာကြည့်ရှု့သင့်တဲ့ Anchorage နဲ့ Sitka မြို့တွေကိုလည်း ရောက်ခဲ့ရပါသေးတယ်။ Sitka ကရုရှားအင်ပါယာ ထဲက ဖြစ်ခဲ့ဖူးတာကြောင့် ရုရှားယဉ်ကျေးမှု လွှမ်းမိုးရာတွေတွေရတဲ့အပြင် သဘာဝ အလှအပနဲ့ ရာဇ၀င်များစွာရှိခဲ့တဲ့ မြို့မို့ လေ့လာကြည့်ရှုစရာတွေ အများအပြားပါပဲ။ သင်္ဘောခရီးကတော့ ဆိပ်ကမ်းမြို့ကြီးတွေ ရောက်ခိုက်တက်ပြီး လေ့လာကြည့်ရှု့ မှတ်သားကြ၊ သင်္ဘောပေါ် ရောက်တော့ အပန်းဖြေ စရာတွေနဲ့ အချိန်ကုန်လိုက်ကြမို့ တခြားခရီးတွေလို မပင်ပန်းဘဲ စိတ်လက်ပေါ့ပါး ကြည်နူးပျော်ရွှင် စရာ ကောင်းလှပါတယ်။
အတွေ့အကြုံ အမျိုးစုံကလည်း မကုန်နိုင်အောင် များပြားလွန်းတာမို့ ဆယ်ရက်တာ ခရီးက ခဏ လေးလို့ ထင်မှတ် ရအောင် အကုန်မြင်လှပါရဲ့။ နှုတ်ဆက်ပွဲလုပ်တဲ့ နောက်ဆုံးနေ့ ညစာစားပွဲ က တော့ခရီးသည်အားလုံးအတွက် အပျော်ရဆုံးပါပဲ။ ဧည့်ခံဖျော်ဖြေတဲ့ အင်ဒိုနီးရှားလို နှုတ်ဆက် သီချင်းဆိုကြပြီး ကိတ်မုန့်ပေါ်မှာ မီးပန်းရောင်စုံတွေ ထွန်းညှိထားတဲ့ အချိုပွဲတွေကိုနောက်ခံတေး ဂီတနဲ့ စည်းချက်ညီ လျှောက်လှမ်းရင်း စားပွဲပေါ် လာချတော့ ၆နှစ်သာရှိသေးတဲ့ ခန့်ခန္ဒီတို့ မောင်နှမက Electric Cake ဆိုပြီး သဘောတွေကျ၊ လက်ခုပ်လက်ဝါးတီးလို့။

နောက်တစ်နေ့မနက်မှာ သင်္ဘောခရီးစဉ်ပြီးဆုံးတာမို့ ကနေဒါပြည်နယ်ရဲ့ နာမည်ကြီး ဆိပ်ကမ်းမြို့ တော်ဖြစ် တဲ့ ဗင်ဘူးဘားမြို့မှာ သင်္ဘောဆင်းရပါတယ်။ ဧည့်ကြိုဘတ်စ်ကားကြီးက လာကြိုပြီး တစ်ဆက် တည်း တစ်နေ့တာ လေ့လာဖို့ မြို့လုံးပတ်လည် လိုက်ပြပါတယ်။ မြို့လယ်မှာ မိုးပျံ တိုက်ကြီးများစွာအပြင် ရောင်စုံဖွင့်ဖူးနေတဲ့ ပန်းခြံတွေ၊ ဈေးဆိုင်တန်းတွေနဲ့ စည်ကားလှပလှပါ တယ်။ အယ်လီဇဘက်ဘုရင်မပန်းခြံမှာဆိုရင် ပန်းတွေက လှပလွန်းလို့ တစ်နေ့မှာ မင်္ဂလာဆောင် နှစ်ဆယ်လောက် အနည်းဆုံး ဓာတ်ပုံလာရိုက်ကြတယ်တဲ့။

ဧရာမတရုတ်တန်းကြီးမှာလည်း ကျွန်မတို့ သားအမိသွားရည်ကျစရာ ဒူးရင်း၊ မင်းဂွတ်၊ ကြက်မောက်သီးတွေ လတ်လတ်ဆတ်ဆတ်ရတာမို့ အပြေးအလွှား ၀ယ်စားခဲ့ရပါသေးတယ်။ ဗြိ တိသျှ အရိပ်အငွေ့တွေ လွှမ်းမိုးရာဒေသမို့ လမ်းတွေ၊ အိမ်တွေက လန်ဒန်မြို့နဲ့လည်း ခပ်ဆင်ဆင တူပါတယ်။ နောက်တစ်နေ့ ဗစ်တိုးရီးယားမြို့ကို ကားတစ်တန်၊ သင်္ဘောတစ်တန်နဲ့ သွား လည်ကြ တော့လည်း အိပ်မက်ဆန်အောင် လှပလွန်းတဲ့ Butchartပန်းခြံရဲ့ ဆွဲဆောင်နိုင်မှုကြောင့် တစ်နေ ကုန်မထွက်နိုင်အောင် ဖြစ်ရပါသေးတယ်။
ဗင်ကူးဘား မှာ နောက်ထပ်တစ်ရက်နဲ့ Seattleမှာတစ်ရက် အေးအေးဆေးဆေးဝ်လည်ပြီးမှ ပြန်ဖြစ်တော့ ဖလော်ရီဒါ ရောက်တာနဲ့ စက်တင်ဘာလဆန်း ဖြစ်နေပြီလေ။ ပါရီကို မသွားခင် သုံးပတ်လောက် အနားချိန် ရမှာမို့ တော်သေးရဲ့ပေါ့ တွေးထားပေမဲ့ တစ်ခရီးနဲ့ တစ်ခရီးကြားမှာ လျှော်စရာတွေ လျှော်၊ သိမ်းစရာတွေ သိမ်း၊ ထည့်စရာတွေထည့်နဲ့ အဲဒီသုံးပတ်ကလည်း ဘယ်လိုကုန်သွားမှန်း မသိလိုက်ဘဲ ပါရီ ကို ရောက်သွားလေရဲ့။

ပါရီမှာတော့ ကြည့်စရာ လည်စရာ လေ့လာစရာ မှတ်သားစရာတွေက များပြားလှတာကြောင့် ကိုယ့်မှာရှိတဲ့ အချိန်နဲ့ မလောက်နိုင်အောင်ပါပဲ။ သားကရောက်တာနှစ်နှစ်နီးပါး ရှိနေပြီဆိုတော့ အခြေတကျနဲ့ သွားတတ်လာတတ် ရှိနေပါပီ။ သားအမိနှစ်ယောက် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် တွေမှာ နေကုန်နေခန်း ထွ့်ကြတဲ့ အပြင် နွေဘက်မှာဆိုရင် ည၁၁နာရီထိ နေကမ၀င်သေးဘဲ လင်းထိန်နေဆဲမို့ ညစာစားပြီးတာနဲ့ စိန့်မြစ် ထဲ သင်္ဘောစီးထွက်တဲ့အခါထွက်၊ ဒါမှမဟုတ် ရွှန်စီလီဆေးလမ်းမကြီးတစ်လျှောက် လမ်းလျှောက် ရင်လျှောက်။
ပါရီရဲ့အလှ က ညဥ့်မှပိုပြီးပြည့်စုံတယ် ဆိုရမလားမသိ။ မီးဆလိုက်ထိုးထားတဲ့ အက်ဖဲမျှော်စင်နဲ့ စိမ့်မြစ်ရဲ့ ရေအလျဉ်ပေါ်မှာ အရိပ်ထင်နေပုံကိုက ကဗျာဆန်ဆန်လှပနေတာမျိုးလေ။ ဆောင်းပါး တစ်ခု ထဲမှာ "ဘုရားသခင်သာ ကောင်းကင်ဘုံတစ်ခု ကမ္ဘာမြေပေါ်မှာ ဖန်ဆင်းပေးမယ်ဆိုရင် အဲဒါဟာ ပါရီဖြစ်မှာပဲ" လို့ ဖွဲ့ဆိုထားတာ ဖတ်ရတုန်းက ပါရီရဲ့ အလှကို စိတ်ကူးနဲ့ ပုံဖော်ကြည့်မိ ခဲ့သေးတာပါ။ လက်တွေ့ က ပါရီကို မြင်ရတော့ စာရေးသူကို ထောက်ခံရမလိုဖြစ်နေပါရော။
အထူးသဖြင့် ပါရီရဲ့နာမည်ကျော် ရွှန်စီလီဆေး လမ်းမကြီးကတော့ တကယ်ကိုရင်ခုန်စရာ၊ ရှုမော ဖွယ်ရာအပြည့် ပါပဲ။ ပါရီကို အခေါက်ခေါက်အခါခါ ရောက်ဖူးသူတွေ ပြောလေ့ရှိကြတယ်။

"ပါရီဟာ ၀ိုင်အရက်လိုပဲ၊ နှစ်ချို့လာလေ ပိုကောင်းလေ ပိုအရသောရှိလေ ပိုယစ်မူးစရာကောင်း လေပဲ"တဲ့။
ပါရီမြို့ ရဲ့ အလှအပက လူကြီးလူငယ် မရွေး၊ ကျား မ မရွေး၊ လူမျိုးဘာသာမရွေး ရောက်လာသူမှန် သမျှကို ဖမ်းစားနိုင်သလား မသိ။ အထူးသဖြင့် မြင်မြင်သမျှကို ရင်ခုန်စေတတ်တဲ့ လူငယ်လူရွယ် တွေအတွက် ပိုပြီးကြည်နူး သာယာမှု ရစေနိုင်မယ် ထင်ပါတယ်။ ရွှန်စီလီဆေး လမ်းမကြီး တစ် လျှောက်ဈေးဆိုင်တွေ ကလည်း အမျိုးကိုစုံလို့။ ငွေကိုရေလို သုံးနိုင်သူတွေ အတွက် ၀ယ်ချင်စရာ တွေချည်းပါပဲ။ အပန်းဖြေစရာ ရုပ်ရှင်ရုံပေါင်းများစွာနဲ့ စားသောက်ဆိုငတွေဆိုတာလည်း အမျိုး အမည်စုံ၊ ကလေးခေါ်တဲ့ လက်ဖက်ရည်ဆိုင်တွေကလည်း အများအပြား။

လမ်းဘေးက ပန်းခင်းအစပ်မှာ ထိုင်ခုံလေးတွေ ဟိုတစ်ခု ဒီတစ်ခု ချထားတဲ့ နေရာတွေမှာလည်း အတွဲလေးတွဲ ထိုင်ပြီး အပန်းဖြေသူကဖြေ၊ လမ်းလျှောက်သူတွေကလည်း တစ်ယောက်ကို တစ်ယောက် မှီလို့ တွယ်လို့ လက်ချင်းချိတ်၊ ပခုံးဖက်လို့ ချစ်ကြင်နာတဲ့ အရိပ်အငွေ့တွေ၊ ကြည် နူးသာယာတဲ့ မျက်နှာပေးတွေ နဲ့ ကြည်ရွှင်ပြုံးနေကြတာ မြင်ရတော့ အရှိဟပ်ပြီး ကိုယ်ပါရော ပျော်ရွှင်ချမ်းမြေ့ရပါတယ်။
လမ်းလျှောက်ရင်း သားနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြ၊ ဖတ်ထားတဲ့စာအုပ်ထဲက အကြောင်း အရာတွေ ဆွေးနွေးကြ၊ ဝေဖန်ကြ၊ တစ်ခါတလေလည်း ရုပ်ရှင်ဝင်ကြည့်ကြ၊ ဒါမှမဟုတ် အေးအေးဆေးဆေး ကဖေးမှာဝင်ထိုင်ပြီး ကော်ဖီခါးခါးကို အရသာခံရင် သောက်ကြနဲ့ စိတ်ကြည် နူးပျော်ရွှင်ရပါတယ်။

လောကမှာ မထင်မှတ်တာတွေ ဖြစ်လာတတ်တာကို တွေးကြည့်ရင်း အံ့သြဖွယ်ရာပါပဲနော်။ ကျွန်မ တစ်သက်တာမှာ မိခင်က စိတ်ဝေဒနာရှင် ဖြစ်ခဲ့တာမို့ စိတ်ချလက်ချ ထားမသွားနိုင်တာကြောင့် အပျော်ခရီးထွက်ခြင်းကိစ္စ ကျွန်မဘ၀နဲ့ ဘာမှမသက်ဆိုင်လေဘူးလို့ လက်တွေ့ကျကျ ခံယူထား ခဲ့တာပါ။ သူများတကာတွေရဲ့ အပျော်ခရီး အတွေ့အကြုံတွေ ကြားသိရတဲ့အခါ အားကျမိပေမဲ့ ကိုယ့်ဝမ်းနာကိုယ်သာ သိမို့ စိတ်ကူးယဉ် အိမ်မက်တောင် မက်ရဲခဲ့သူမဟုတ်ပါဘူး။
အခုတော့လည်း ဘယ်သူ့အတွက်မှ ပူစရာမရှိ ကြောင့်ကြစရာမရှိ နောက်ဆံတင်းစရာမရှိ သွားလို ရာကောက်ကာ ငင်ကာ လွတ်လပ်ပေါ့ပါးတဲ့ စိတ်နဲ့ ထသွားလိုက်ရုံပါပဲ။ တစ်သက်နဲ့ တစ်ကိုယ် အတွေး ထဲမှာတောင် ယောင်လို့ ၀င်ရောက်မလာဖူးတဲ့ ပါရီက ရွှန်စီလီဆေးလမ်းမကြီး ပေါ်ကို ရောက်ပြီး သားနဲ့ အတူ ကြည်နူးအေးချမ်းစွာ ရှိလို့ ဖြတ်သန်းခဲ့ရတဲ့ကိုယ့်ရဲ့ ကန္တာရဘ၀နဲ့ လက်ရှိ အခြေအနေက မိုးနဲ့မြေကြီး လို ကွားခြားနေပြန်ပါရော။ အခက်အခဲ အကျပ်အတည်း ဆုတာတွေ လည်းမတည်မြဲ၊ အချိန် တန်ရင် ပြီးသွားတာပါပဲနော်။

သားသမီးတွေနဲ့ အတူတကွ နေခွင့်ရတဲ့ကြည်နူးချမ်းမြေ့ ကာလလေးတွေကတော့ ကျွန်မဘ၀မှာ အမြတ်တနိုး တန်ဖိုးထားစရာ ကဏ္ဍအပိုင်းအခြားတွေအဖြစ်နဲ့ နှလုံးသားတစ်နေရာမှာ တစ်သက် တာ သိမ်းဆည်း ထားရပါတယ်။ ဒီလိုနဲ့ ပါရီမှာနေခိုက် လည်စရာကြည့်စရာတွေ အပြင်စာဗေးလ်နဲ့ တူဇင်ဘတ်နေရာတွေ အထိ သူငယ်ချင်းဒေါက်တာခင်မြကြူမိသားစုတွေနဲ့ အတူစုပြီး သွားလည်  ဖြစ်ကြ ပါသေးတယ်။
ပါရီမှာ သားနဲ့တစ်ဝကြီး နေပြီးတော့ နိုဝင်ဘာလကုန်မှာ ဖလော်ရီဒါကို ပြန်ရောက်ပါတယ်။ သမီး ကေသီတို့ မိသားစုတစ်စုလုံး မာယာမီလေဆိပ် မှာ စောင့်ကြိုနေလေ ရဲ့။ နှစ်လစာ အတိုးချပြီး မြေး တွေ ကလည်း အမေးအမြန်းထူကြ၊ တစ်လမ်းလုံး သားအမိတစ်တွေ ပြောလို့ မကုန်ဖြစ်လာရာ က ဂယ်ရီက သူ့ဆေးခန်းကို ခဏ၀င်စရာရှိသေးတယ်နဲ့ လမ်းကွေ့ကို ချိုးလည်း ချိုး လိုက်ရော ဆေးခန်းရဲ့ ညာဘက်ထောင့်မှာ ကားအသစ်ကြီးတစ်စီး ခေါင်မိုးပေါ်မှာ ဧရာမ ဖဲပွင့်အဖြူကြီးကပ် ပြီးရပ်ထားတာ တွေ့လိုက်မိပါတယ်။

ကျွန်မကတော့ အမှတ်တမဲ့ပဲါ။ သမီးကေသီက "ဟော...ဟိုမှာ ဘယ်သူ့မင်္ဂလာဆောင်လဲ မသိဘူး" နဲ့ ပြောရင်း ကားကိုလှည့်ကြည့်နေလေရဲ့။ ဂယ်ရီက သူ့သားသမီးတွေကို ခေါ်ပြီးဆေး ခန်းထဲ ၀င်သွားတာပြောလက်စ ပါရီကအကြောငာ်းတွေ ဆက်ပြောရင်းကျွန်မတို့သားအမိ ကားထဲ ကစောင့်နေကြ တယ်ပေါ့။ ခဏကြာ ပြန်လာကြပြီး ကျွန်မမြေး ခန့်စန္ဒီက ပြောင်ချော်ချော် မျက်နှ ပေး နဲ့ကျွန် မလက်ထဲသော့တွဲတစ်ခု လာထည့်ရင်း "Merry X' mas ဘွားဘွား"တဲ့။
ကျွန်မ တို့ တုံးလိုက်ပုံများ လုံးဝကို သဘောမပေါက်ဘူး။ သမီးကေသီက "ဟာ...မာမီ ကားအသစ် ရတယ်" နဲ့ သူ့အသံအာပြဲပြဲနဲ့ ထအော်ရင်း ၀မ်းသာအားရနဲ့ ခုန်ပေါက်ပြီး ရပ်ထားတဲ့ ကားအသစ် ဆီပြေးလေရဲ့။ သမီးရောမြေးတွေ ပါ စိတ်လှုပ်ရှားစွာ ပျော်ရွှစ်စွာ ခုန်ပေါက်နေသလောက် ကျွန်မက အံ့သြစိတ် နဲ့ ကြောင်ကြည့်နေမိပါတယ်။ ဒါလောက်တန်ဖိုးကြီး ကားသစ်ကြီးကို ခရစ္စမတ်လက် ဆောင်အဖြစ် လက်ခံရ မှာ ရင်ထဲမှာ ဘ၀င်မကျသလိုကြီးပါပဲ။

ကျွန်မသမီး က ဂယ်ရီက ဘာလုပ်လုပ်သူတစ်ပါး ပိုပြီးဝမ်းသာအောင် Surpriseလုပ်ချင်တတ်တဲ့ လူစား မျိုးလေ။ ကျွန်မကိုလည်း မိခင်ရင်းတစ်ယောက်လို ချစ်ခင်လေးစားပြီး လိုအပ်တာမှန်သမျှ အလိုတသိနဲ့ ဖြည့်ဆည်းစောင့်ရှောက်ပေးတာမို့ ဂယ်ရီရဲ့ထားရှိ တဲ့ မေတ္တာစေတနာ ကိုလည်း ကျေးဇူးတင်ရှိ မဆုံးပါပဲ။ တကယ်က ကားအသစ်လည်း လိုသေးတာမဟုတ်ပါဘူး။ သုံးလေးနှစ် တစ်ခါ ကျွန်မ အတွက် ကားအသစ်လဲပေးနေကျပါ။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်ကမှ ၀ယ်ပေး ထားတဲ့ ခရွိုင်စလာ အမျိုးအစား ကားနဲ့ သတိမေ့တတ်တဲ့ ကျွန်မနဲ့ အဆင်ကိုပြေလို့။ တစ်ခါပဲ ဟိုင်းဝေးပေါ်မှာ အဲဒီကားနဲ့ ရန်ဖြစ်ဖူးတာက လွဲရင်ပေါ့။ ပြောရဦးမယ်၊ အဲဒီကားကို ယူလာတဲ့နေ့ က"မာမီ ဒီကားကို လာမောင်းကြည့်ပါဦး" ဆိုတာနဲ့ ကျွန်မက ကားပေါ်တက်ထိုင်ပြီး စက်လည်းနှိုး လိုက်ရော "Your Door is Atar" တဲ့။ ယောက်ျားအသံတစ်ခုက ထွက်လာလေရဲ့။

"ဂယ်ရီရဲ့ အသံလည်းမဟုတ်ပါဘူး။ ဘယ်ကယောက်ျားသံကြီးလဲ"ဆိုပြီး အထိတ်တလန့်နဲ့ ၀ဲ ယာကို လိုက်ရှာကြည့်တော့လည်း ဘယ်သူမှမရှိဘူး။ ကိုယ်ပဲအကြားမှားသလား၊ ဒီကာကပဲ သရဲ ခြောက်သလား ဇဝေဇ၀ါရှိနေဆဲ မှာ ဂယ်ရီကထွက်လာပြီး နောက်ခန်းကားတံခါးကို လာပိတ်ပေး ပါတယ်။ ကျွန်မကို စချနောက်ချင်လို့ တမင်တကာ တံခါးကို အသာလေး စေ့ထားခဲ့တာလေ။ အခု ခေတ်သိပ္ပံပညာ ထွန်းကားတာကလည်း တရားလွန်ပါရဲ့။ ဆရာသုခရဲ့ "စကားပြော အသည်းနှလုံး" လိုစံချိန်မျိုး စကားပြောသော ကင်မရာနဲ့ စကားပြောသော ကားနဲ့။

အဲဒီ ခရွိုင်စယ်လာကား ကလည်း ပြောလိုက်တာ အမျိုးကိုစုံလို့။ "ဓာတ်ဆီ နည်းနေပြီ" "ရှေ့မီး ဖွင့်ပါအုံး"တို့ "ပိတ်ပါဦး" တို့၊ တံခါးက ချက်မကျရင်လည်း ပြော၊ ကားပေါ်ထိုင်လို့ခါးပတ် မပတ်ရ သေးရင်လည်းပြော၊ တစ်ခါတလေတော့ ကိုယ်ကမေ့ တတ်သူမို့ သူသတိပေးပြောဖော်ရတာအ တွက်ကျေးဇူးတင်ပါရဲ့။ တစ်ခါ ကတော့ ဟိုင်းဝေးပေါ်ရောက်ကာမှ "ကားကအင်ဂျင်ပူနေ တယ်။ အမြန်ဆုံး ကားပြင်ဆိုင်ယူသွား စစ်ဆေးပါ" တဲ့။
သိတဲ့ အတိုင်း ဟိုင်းဝေးပေါ် တက်မိရင် Exitတစ်ခုနဲ့ တစ်ခုက အဝေးကြီး။ ဟိုင်းဝေးပေါ် မရောက်ခင် က ပြောပါလားလို့ ကားနဲ့ကျွန်မရန်ဖြစ်ကြရသေးတယ်။ နောက်တော့လည်း ကျေအေး ပြီးအနားမှာ အဖော်ကောင်း တစ်ယောက် ပါသလို အားကိုးရှိလို့။ အခုကားအသစ်ကြီး ရတာကြောင့် သူ့ကိုခွဲခွာရမယ် ဆိုရင် ကျွန်မလွမ်းနာကျရဦးမှာပဲ။

ဘ၀နေ၀င်ချိန် ဆည်းဆာကာလမှာ ကျွန်မအတွက် မထင်မှတ်ဘဲ ရောက်ရှိလာကြတဲ့ အပြောင်း အလဲဖြစ်ရပ်တွေ ကို တွေးရင်း ကံတရားရဲ့ ဆန်းကြယ်လှပုံကို အံ့မခန်းဖြစ်ရပါတော့တယ်။
တကယ်တော့ ဘ၀ ဆိုတာ ကောင်းတစ်လှည့် ဆိုးတစ်ခါနဲ့ ဒီရေကို တက်လိုက် ကျလိုက်ပဲ မဟုတ် ပါ လားနော်။

ဆက်ရန်
.

No comments: