Tuesday, January 29, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၃၆)

ဒီခရီးဟာ တစ်ဖက်မှာ စောင့်မျှော်နေကြတဲ့ သားသမီးတွေအတွက် ၀မ်းသာအားတက်စရာ ဖြစ်ပေမဲ့ အဖေ့ လက်မှာ ကျန်ခဲ့ရစ်ရတဲ့ သားလေးအတွက် ၀မ်းနည်းအားငယ်စရာအဖြစ်ပါ ပဲ။ ကျွန်မဘ၀က ဆုပ်ကိုင်ရခြင်း နဲ့ စွန့်လွှတ်ရခြင်းတွေနဲ့မို့ ဆူးနဲ့နှင်းဆီလို အမြဲတမ်း ဒဏ်ရာတွေနဲ့ ချည်းပါပဲလေ။ကို ဆက်ဖတ်ရန် .......

အပိုင်း ( ၃၈ )
ကိုယ့်ရဲ့ ဇာတိဌာနေ မွေးရပ်မြေဆိုတဲ့ နေရာလေးတစ်ခုဟာ ကမ္ဘာမြေကြီးပေါ်မှာ ဘာနဲ့မှတိုင်းတာပြီး တန်ဖိုးဖြတ် လို့ မရနိုင်တဲ့ လူသားတိုင်းရဲ့ နှလုံးသားထဲမှာ ထာဝရစွဲမြဲကိန်းဝပ် သိမ်းဆည်းထားရာ ထူးမြတ်မွန်မြတ် တဲ့ နေရာလေးတစ်ခုပဲ မဟုတ်လားနော်။
ကျွန်မလည်း လေယာဉ်ပေါ်က ငုံ့ကြည့်လို့မြင်ရတဲ့ မြင်ကွင်းကို မျက်ရည်တွေကြားထဲက လုံးဝပျောက်ကွယ် သွားတဲ့ထိ တွယ်တာတဲ့ သံယောဇဉ်စိတ်နဲ့ မမှိတ်မသုန်ကြည့်နေမိပါ တယ်။ ရင်ထဲက ခွဲခွာရခြင်းကြောင့် နာကျင်ရတဲ့ ခံစားချက်ကတော့ စာဖွဲ့လို့မရနိုင်အောင် ဆူဝေပေါက်ကွဲနေလေရဲ့။ လမ်းခရီးတစ်လျှောက် ကိုယ်ကဦးဆောင်စောင့်ရှောက်သွားရ မဲ့မိခင်ကြီးနဲ့ လူမမလည်ကလေး နှစ်ယောက်ရဲ့တာဝန်က ရှိနေလို့သာ စိတ်လွတ် လက် လွတ်မဖြစ်ရအောင်မနည်းကြိုးစားပြီး ထိန်းနေရခြင်းပါပဲ။

ထွက်မလာခင် သုံးလေးရက်အလိုမှာ ဟောင်ကောင်မှာ ရောက်နေတဲ့ မောင်ငယ် မောင်မောင်မြင့်က ဖုန်းဆက် လာပါတယ်။ သူဘန်ကောက်မှာ လာစောင့်နေမယ်။ သုံးလေး ရက်ခဏ၀င်နားလိုက်ပါ။ အမေရိကားက ခရီးဝေး ကွာလွန်းတော့ နောက်ပြန်ပြီးတွေ့ကြဖို့ လွယ်ကူမှာမဟုတ်ဘူးလို့ ပြောရှာပါရဲ့။ သူမြန်မာပြည်က ထွက်သွားခဲ့ တာ ဆယ်နှစ်ရှိပြီ ဆိုတော့ကျွန်မလည်း ကိုယ့်မောင်ကို အလွန်အမင်းတွေ့ချင်တာပါ။ ဒါပေမဲ့ မာမီ့မှာ နှလုံး ရောဂါရှိနေတာကြောင့် နာရီပေါင်းသုံးဆယ်နီးပါး ကြာရှည်အောင်စီးရမဲ့ လောယာဉ်ခရီး အတွက်အဆင်း မှချောပါ့မလားလို့ သောကနဲ့ စိတ်မောနေမိတာကြောင့်။

"မ၀င်တော့ပါဘူး မောင်မောင်ရယ်၊ မာမီ့အခြေအနေကို စိတ်မချလို့ပါ"လို့ တောင်းပန် လိုက်ရပါ တယ်။ ပြန်တွေ့ကြ ဖို့ မလွယ်ဘူးဆိုတာ သူပြောခဲ့တဲ့အတိုင်းပါပဲ။ ကျွန်မဒုက္ခ ရောက်ခဲ့စဉ်ကာလက အရာရာ ကူညီစောင့်ရှောက်ပေးခဲ့တဲ့ ကျွန်မရဲ့မောင်ငယ် ကို အသက် ရှင်လျက်ပြန်တွေ့ခွင့်မကြုံတော့ပါဘူး။ ကျွန်မအမေရိကား ကို ရောက်ပြီးရှစ်နှစ် အကြာမှာ ကွယ်လွန်သွားခဲ့ပါပြီ။ သူကွယ်လွန်ကြောင်း တယ်လီဖုန်း သတင်း ရတော့ ကျွန်မဘန် ကောက်မှာသုံးလေးရက် ၀င်ပြီးမတွေ့ဖြစ်ခဲ့တာကို နောင်တကြီးစွာရပြီး စိတ်မကောင်းဖြစ် ရ တယ်။ ခုတော့သူ့ရဲ့ကျေးဇူးတရားတွေကို နှလုံးသားနဲ့ အသိအမှတ်ပြုပြီး နေ့စဉ် အမျှ ပေးဝေ ရင်း စိတ်ကိုဖြေရတော့တာပါပါပဲ။

ကျွန်မတို့ လာခဲ့တဲ့ ခရီးအစီအစဉ်အရ မြန်မာ့လေကြောင်းကုမ္ပဏီ ယူဘီအေနဲ့ ဘန် ကောက်ကိုရောက်တာနဲ့ ဘန်ကောက် မှာ လေးနာရီကြာနားပြီး Swiss Airလေယာဉ်ကို ပြောင်းပြီးစီးရမှာပါ။ ပြည်ပကို တစ်ခါမှ ထွက်ဖူးခဲ့တာမဟုတ်တော့ အတွေ့အကြုံမရှိတာ ကြောင့်စိတ်ကလည်း မ၀ံ့မရဲနဲ့ ဘန်ကောက်လေဆိပ်ကြီး ကလည်း ကြီးမားပါဘိ။ ရန်ကုန် ကိုတက်လာကြတဲ့ တောကဘုရားဖူးကမှ ဦးဆောင်လမ်းပြမဲ့ ဘုန်းကြီး တစ်ပါးပါးတော့ ပါလိုက်သေးတယ်။ ကျွန်မတို့မှာ ဦးဆောင်လမ်းပြမဲ့သူလည်း မရှိ၊ တောကတက်လာတဲ့ ဘုရားဖူး ပုံစံ အူလည်လည်နဲ့ ဟိုကြည့် ဒီကြည့်၊ ဘယ်သွားပြီး ဘာလုပ်ရမယ်ဆိုတာ အကဲ ခတ်ပြီးလေ့လာနေ ရပါတယ်။

ကျွန်မရဲ့သားငယ် အိန္ဒာကတော့ ကလေးပီပီ သွက်သွက်လက်လက် ချက်ချက် ချာချာ နေရာအနှံ့လျှောက် ကြည့်ပြီးနေပြီး "မာမီ ဟိုဘက် စင်္ကြံထိပ်မှာ အိမ်သာရှိတယ်၊ မာမီတို့ သွားချင်ရင် ပစ္စည်းတွေ သားစောင့်ပေးမယ်" တဲ့။ ဒီကောင်က ငယ်ပေမဲ့အားကိုးရပါတယ်။ မင်္ဂလာဒုံလေဆိပ်မှာတုန်းက အကောက်ခွန်ဌာန က ပါလာသမျှပစ္စည်းတွေကို တစ်ခုမကျန် မှောက်လှန်ပြီး ရှာတုန်းက ကျွန်မအမေက စိတ်မှန်သူ မဟုတ်လို့ ထည့်လာတဲ့သူ့ပစ္စည်း တွေဖရိုဖရဲဖြစ်ကုန်ရင် လူပုံအလယ်မှာ ဆူဆူပူပူပြဿနာ တက်မှာကြောက်ပြိး ကျွန်မက မာမီရဲ့စိတ်အာရုံကို တစ်ဖက်မှာရအောင် ပြောင်းပြင်းရှာ်နေတာတွေ မတွေ့မမြင်ေ စဖို့ အကြောင်းရှာကာကွယ်နေရတဲ့အချိန် သားငယ်အိန္ဒာက အကောက်အခွန်အရာရှိများ ကျေ နပ်တဲ့ အထိ သေတ္တာတွေဖွင့်ပြပြီး စနစ်တကျ ပြန်သိမ်း၊ ပိတ်ပေးနဲ့ တာဝန်ယူပေးလို့ ထွက်ခါနီးမှာ မာမီနဲ့ပြဿနာ ကင်းသွားတာပါ။

ငယ်ငယ်ကတည်းက ချက်ချက်ချာချာရှိလို့ ကျောင်းနေခါစက သူ့ရှေ့မှာပဲ သူ့အတင်းကို အင်္ဂလိပ်လိုပြောရင် နားမလည်ဘူး အထင်နဲ့ "He is too smart". လို့ပြောမိတော့ "No, Mommy I'am one smart"လို့ ချက်ချင်းပြန်ပြောတာ နဲ့ ကျွန်မမှာရယ်လိုက်ရတာ။ ကျွန်မဆိုလိုတဲ့ အလွန်အမင်း Too ကို သူကနံပါတ် Two(နှစ်)ဂဏန်း လို့ အဓိပ္ပာယ်ပေါက် လိုက်ပြီးနံပါတ် One(တစ်)က ပိုတော်တယ်လို့ ချေပလိုက်တာလေ။ အခုလည်း ၀မ်းစမတ် လေးကျေးဇူးနဲ့ အိမ်သာတွေ ဘာတွေရှာတွေ့သွားလို့ အပေါ့အပါး သွားလိုက် ရတယ်ပေါ့။ ပြီးခါမှ Swiss Airကောင်းတာလိုက်ရှာ၊ ကောင်တာမှာတန်းဝင်စီ၊ လက်မှတ်ပြ၊ နိုင်ငံကူးလက်မှတ်ပြ၊ အားလုံးစစ်ဆေးတာစောင့်၊ ထိုင်ခုံနံပါတ်တွေ ဘာတွေရပြီဆိုမှပဲ စိတ်အေးလက်အေး လေယာဉ်ထွက်မဲ့ ဂိတ်ဝမှာ ထိုင်ရင်းစောင့်ကြရပါတယ်။ ဒီကြားထဲ မာမီရဲ့အခြေအနေကိုလည်း အကဲခတ်ရသေးတယ်။ ကျွန်မကသာ စိတ်ပူနေ တာ။ မာမီက သူ့မြေးတွေ၊ မြစ်တွေနဲ့တွေ့ရတော့မှာ ဆိုပြီး စိတ်ဓာတ်တွေ တက်ကြွ လန်းဆန်းလို့လေ။

ကျွန်မရင်ထဲမှာလည်း မာမီ့နည်းတူ ကွဲကွာနေရတဲ့ သားသမီးတွေနဲ့ ပြန်တွေ့ရတော့မှာမို့ စိတ်လှုပ်ရှား မိတာလည်း မှန် ပါရဲ့။ သားကြီးဝင်းဆိုရင်ကျောင်းသားအရွယ် ၁၈နှစ်သားက တည်းကစာသင်ဖို့ ထွက်သွားခဲ့ တာ အခုသူ့အသက် ၃၄နှစ်၊ ကလေးသုံးယောက် ဖခင် တောင်ဖြစ်နေပါပြီ။ မတွေ့ရတဲ့ ၁၆နှစ်ကာလထဲမှာ ဘယ်လောက် များ ပြောင်းလဲသွားပြီလဲ ဆိုတာစိတ်ကူးနဲ့ မှန်းဆကြည့်နေမိပါတယ်။

ဒီလိုနဲ့ လေယာဉ်ထွက်ချိန်မတိုင်မီ တစ်နာရီအလိုမှာ ခရီးသည်တွေကို ခုံနံပါတ်စဉ်နဲ့ ကြေညာပြီး ခေါ်တော့ ကျွန်မတို့ အလှည့်ရောက်တာနဲ့ လေယာဉ်ပေါ် တက်ရတယ်ပေါ့။ ကံကောင်းထောက်မ စွာ လေးယောက် တစ်တန်းတည်း ထိုင်ခုံရလို့ အဆင်ပြေသွားလေရဲ့။ (ဘိုးရင်း 747ဆိုတဲ့ လေယာဉ်အကြီးကြီးကို ဒီတော့မှ စီးဖူးတာပါ) လေယာဉ် က အိမ်ကြီး တစ်လုံးစာလောက် ကြီးမားပြီး ခရီးသည်တွေကလည်း နှစ်ရာကျော်၊ သုံးရာ နီးပါး။ ကျွန်မ အမေကသူ့အတွေ့အကြုံသစ်ကို သဘောတွေကျနေလို့ တော်ပါသေးရဲ့။ လာသာလာရ တာ၊ လမ်းခရိးမှာ ဇီဇာချဲ့ပြီး အိမ်မှာတုန်းကလို ဒီဟာမစားဘူး၊ ဒါမလုပ်ဘူး၊ ဒီလိုမဟုတ်ဘူး နဲ့ပြဿနာတွေရှာနေရင် တစ်ဒုက္ခ လို့ ရင်ထဲမှာစိုးထိတ်နေခဲ့မိတာတွေ အခုလို မာမီ့မျက် နှာကြည်လင်ပျော်ရွှင်နေတာတွေ့ရမှ စိတ်သက်သာ ရာရပြီး အသက်၀၀ရှဥနိုင်ပါတော့ တယ်။

ဘုံဘေလေဆိပ် မှာ တစ်နာရီနားပြီး လေယာဉ်က ဇူးရစ်မြို့ကို တောက်လျှောက်ပျံသန်း ပါတယ်။ ညအချိန်ရောက်ပြီ မို့ ညစာစားပြီးတာနဲ့ ပြနေတဲ့ရုပ်ရှင်ကို မကြည့်တော့ဘဲ နည်းနည်းအပန်းပြေသွားအောင် တစ်မှေးတော့ကြိုးစားပြီး ရအောင်မှေးဖြစ်ပါရဲ့။ ဇူးရစ်ကို ရောက်တော့မနက်လင်းနေပါပြီ။ ဇူးရစ်လေဆိပ်မှာ ဘန်ကောက်မှာ တုန်းကလို လှေကားနဲ့ အောက်ကိုဆင်းပြီးမှ လေဆိပ်ရှိရာ အဆောက်အအုံကို သွားရမယ် လို့ထင်ထားတာ၊ လေယာဉ်ကမြေပေါ် ဆင်းပြီးတာနဲ့ ကားမောင်းသလို ဘီးနဲ့တစ်လှိမ့်ချင်း လှိမ်းရင်းလေ ဆိပ်အဆောက်အအုံ ရဲ့ အ၀င်ဝအထိ ရောက်သွာေးအာင် ထိုးဆိုက်ပေးတာမို့ ကျွန်မမှာ အထူးအဆန်း ကို ဖြစ်လို့။

လေယာဉ်တံခါးဝက ထွက်လိုက်တော့ လည်း လေဆိပ်ခန်းမ အ၀ ရောက်အောင်အမိုးလုံ ပေါင်းကူး ယာယီစင်္ကြံလေး နဲ့ ဆက်ပေးထားတော့ မိုးလုံလေလုံ လမ်းလျှောက်သွားလိုက်ရုံ နဲ့လေဆိပ် အဆောက်အဆုံထဲ တန်းရောက်သွားတော့ "အံမယ်၊ တယ်ဟုတ်ပါလား" ပေါ့။ တောသားမြို့ရောက်ဆိုတဲ့ ပုံစံမျိုးဖြစ်နေ တာလေ။ ဇူးရစ်မှာ Transit အနေနဲ့ ခြောက်နာရီ ကြာနားပြီးမှ နယူးယောက်ကို ထွက်မဲ့လေယာဉ် ကို ပြောင်းစီးရမှာပါ။ ဒါကြောင့်လေဆိပ်ထဲ ကဧည့်ဆောင်ခန်းမှာ ထိုင်ပြီး ခြေဆန့်လက်ဆန့် အပန်းဖြေရင်း နားနေကြ တယ်ပေါ့။ လေဆိပ်မှန်ပြတင်းက အပြင်ကိုလှည့်ကြည့်မိတော့ အပြင်မှာစနိုးတွေက တဖွဲဖွဲကျလို့။ ဟိုးအဝေးဆီက တောင်တန်းတွေပေါ်မှာလည်း ဆီးနှင်းဖြူဖြူတွေ ခဲနေတဲ့ ရှုမျှော်ခင်းက လှမှလှ။
စနိုးဆိုတာကို တစ်သက်မှာ ဒါပထမအကြိမ် မျက်ဝါးထင်ထင် မြင်ရဖူးခြင်းပါပဲ။ ကလေး တွေကလည်းစနိုးတွေ ကျနေတာ ကို ကြည့်ရင်းသဘောတွေကျလို့ အော်ဟစ်ဆူညံနေလေ ရဲ့။

"မာမီ အမေရိကားရောက်ရင် စနိုးထဲမှာ ထွက်ဆော့မယ်နော်"နဲ့ မောင်နှမနှစ်ယောက် စိတ်လှုပ်ရှားစွာနဲ့ လာပြောနေကြသေး တယ်။ ကလေးဆိုတော့လည်း ကြုံတွေ့ရမဲ့ နေရေး ထိုင်ရေးတွေ အတွက် တွေးမပူလေ ဘူးပေါ့။ မာမီကလည်း သူ့မြေးတွေပျော်နေတာကို ကြည့်ပြီးကျေနပ်လို့။ နားနေကြတာ သုံးလေးနာရီ ရှိတော့ နေမွန်းတည့်ချိန်ဖြစ်နေပါပြီ။ လေယာဉ်ပေါ်ကကျွေးလို့တဲ့ နံနက်စာ ကလည်း ကြေညက် လို့ ၀မ်းကဟာလာကြပြီလေ။
မကြာပါဘူး။ "မာမီ ဆာတယ်"နဲ့ သမီးနဲ့သားကပါ တဂျီဂျီလုပလာပါရော။

"မာမီရော ဆာပြီလား"လို့ ကျွန်မရဲ့အမေကို မေးတော့လည်း ခေါင်းညိတ်ပြတာနဲ့ ကျွန်မ ဘာလုပ်ရပါ့မလဲ စဉ်းစားရ ပါတော့တယ်။ အတူစီးလာကြတဲ့ ခရီးသည်တချို့ကတော့လေ ဆိပ်ထဲက စားသောက်ဆိုင်မှာ အကျအနထိုင်ပြီး စားသောက်နေကြလေရဲ့။ သူတို့လို ၀ယ်စားဖို့ ကျွန်မလက်ထဲမှာ ရှိတဲ့၂၁ဒေါ်လာနဲ့လောက်၊ မလောက် ကလည်း မသေချာ ဘူး။ ဒီထဲမှာနောက်ဆက်ရမယ့် ခရီးနှစ်တန်က ၇ှိနေသေးတယ် မဟုတ်လားနော်။ နယူး ယောက်ကိုရောက်ပြီးမှ ပြည်တွင်းထွက်မဲ့ လေယာဉ်နဲ့တစ်ခါ ဖလော်ရီဒါမာယာမီလေဆိပ် ကိုသွားရဦးမှာလေ။
ခေါင်းထဲ မှာ အပြေးအလွှားနဲ့ လက်ရှိ ၂၁ဒေါ်လာဘယ်လိုလုံလောက်အောင် သုံးရမလဲ ဆိုတာ ဂဏန်းစက် တွက်သလို တွက်နေမိတယ်။ ကိုယ်မစားဘဲ နေရတာကအကြောင်း မဟုတ်ပေမဲ့ အမေနဲ့သားသမိးတွေ ဆာနေတာကို သိသိကြီးနဲကတော့ ကျွန်မမနေနိုင်ရက် တာနဲ့ အရဲစွန့်ပြီး သူများတကာတွေ ထိုင်စားနေတဲ့ ဆိုင်ထဲ ကိုသွားလိုက်ပါတယ်။ ကောင်တာနောက်မှာ ရပ်နေတဲ့ မိန်းကလေးကို "နေ့လယ်စာ တစ်ယောက်အတွက် မှာရင် ဘယ်လောက်ကျမလဲ"လို့ မေးကြည့်တော့...

"ရှင်တို့ Swissလေယာဉ်နဲ့ ပါလာတဲ့ခရီးသည်တွေ မဟုတ်လား၊ ၀ယ်စားဖို့ မလိုပါဘူး။ လေယာဉ် လတ်မှတ်ကိုပြပြီး ကြိုက်တာမှာစားလို့ ရပါတယ်"တဲ့။ ဒီတော့မှ ကျွန်မရင်ထဲက အပူလုံးကြီး ကျသွားပြီး ကလေးတွေနဲ့ မာမီကိုပြေးသွားခေါ်ကျွေးရပါတယ်။ အခုခေတ် မှာ တော့လေဆိပ်မှာ ဘယ်လောက်ကြာအောင် စောင့်ရစောင့်ရ၊ အလဲလိုလေယာဉ်လက်မှတ် ပြပြီးစားလို့ရတယ်ဆိုတာတွေ မရှိတော့ ပါဘူး။ ကိုယ့်ဟာကိုယ် ပဲ ဈေးကြီးပေးပြီး ၀ယ်စား ရတာပါ။ ပါလာတဲ့ ၂၁ဒေါ်လာကလေး မထိဘဲ စားလိုက်ရလို့ ကျွန်မ လည်းစိတ်အားရှိ သွားလေရဲ့။
ဒီလိုနဲ့ အချိန်တန်လို့ နယူးယောက်ထွက်မဲ့ လေယာဉ်ပေါ်ကိုတက်ခဲ့ရပြန်ပါရော။ ဇူးရစ်က နေနယူးယောက်ကို ဆယ်နာရီကြာစီးပြီးမှ ရောက်လာပါတယ်။ ပါလာတဲ့ ခရီးသည်တွေ နည်းတူ လူဝင်မှုကြီးကြပ်ရေးကို ဖြတ်၊ ပစ္စည်းတွေ ရွေးပြီးတာနဲ့ အကောက်ခွန်ဌာနကို ဖြတ်၊ အကောက်ခွန်ဌာနက သေတ္တာတွေကို ဖွင့်လို့တောင် မကြည့် ပါဘူး။ ဖြည့်ထားတဲ့ Formစာရွက်လေး ယူထားလိုက်ပြီး ထွက်ခွင့်ပြုတာပါပဲ။ ပျားပန်းခတ်မျှ ရှုပ်ယှတ် ခတ်နေ တဲ့လူတွေကိုကြည့် စိတ်အားငယ်သလို ဖြစ်သွားချိန်မှာပဲ ကျွန်မနာမည် ရေးထားတဲ့ ဆိုင်း ဘုတ်ကြီး လူပ်အုပ်ကြီး အလယ်မှာ ထောင်ပြီးထိုးထွက်နေတာကို မြင်လိုက်မိတော့ ၀မ်းသာ အားတက် သွားတာ ပြောဖွယ်ရာမရှိပါပဲ။

ဆရာဦးသက်ကြီးရဲ့ အကူအညီပေးမှုနဲ့ ခရစ်ယာန်သာသနာပြုအဖွဲ့ဝင် အမျိုးသမီးတစ် ဦးကလူမှုရေး စိတ်ဓာတ် နဲ့ စေတနာ့ဝန်ထမ်းပရဟိတ လာကြိုပေးခြင်းမို့ ကျေးဇူးတင်ရှိလို့ မဆုံးပါပဲ။ မဏ္ဍပ်ကြီးထိုးပြီးလှူမှ အလှူ မဟုတ်ပါဘူး။ အားငယ်သူကို လိုအပ်တဲ့အခါမျိုး အချိန်ပေးပြီး ဖေးကူလမ်းညွှန်ပြခြင်းကလည်း ထိရောက်သော အလှူတစ်ခုပါပဲနော်။
အဲဒီအမျိုးသမီး ရဲ့ ဦးဆောင်ပေးမှုနဲ့ မာယာမီကို ခရီးဆက်ဖို့ ပြည်တွင်းထွက်မဲ့လေဆိပ် ရှိရာကို တက္ကစီ ကားငှားပြီး သွားရပြန်ပါရော။ လေဆိပ်ချင်းက သိပ်တော့မဝေးလှပါဘူး။ ဇူးရစ်မှာ နေ့လယ်စာ အလကားစား ခဲ့ရလို့သာ တက္ကစီခပေးစရာ ငွေလက်ကျန်လေး ရှိနေ သေးတာ မို့ တော်လေသေးရဲ့ပေါ့။ ကျွန်မ ကို လေဆိပ်ရောက်တာနဲ့ လေယာဉ်ထွက်မဲ့ အချိန်ကနီးကပ်နေတာကြောင့် ပြေးပြေးလွှားလွှားနဲ့ သွာလိးုက် ရတာ မီရုံလေးပဲ ရှိပါတယ်။ လာကြိုတဲ့အမေရိကန် အမျိုးသမီးလေးက ကျွန်မ တို့ လေယာဉ်ပေါ်တက် တဲ့ထိ စောင့်ပြီး အရာရာကူညီပေးရှာတာမို့ ကျေးဇူးတင်စကားကို အထပ်ထပ်ဆိုရင်း နှုတ်ဆက်ခဲ့ရပါ တယ်။

နယူးယောက်ကနေ မာယာမီခရီးက နှစ်နာရီကျော်ကျော်လေးပဲ စီးရတာပါ။ မာယာမီ ကို ရောက်ခါနီးမှာ လေယာဉ်မှူးက ရောက်မဲ့အချိန်နဲ့ ရာသီဥတုအနေအထားကို ကြေညာပါ တယ်။ လေယာဉ်ပေါ် က အောက်ကိုငုံ့ကြည့်လိုက်တော့ တန်ဆောင်တိုင် သီးတင်ကျွတ်ပွဲ တော်တွေကျရင် မီးရောင်စုံတွေ ထွန်းထားတဲ့ အတိုင်း ဧရာမအပြောကျယ်လှတဲ့ မီးရောင် စုံပွဲတော်ကြီးတစ်ခုကို မျက်စိ တစ်ဆုံး မြင်တွေ့လိုက်ရတာမို့ ရင်သပ်ရှုမော်တအံ့တသြနဲ့ ငေးမောကြည့်နေမိပါတယ်။ ရုပ်ရှင်တွေထဲ မှာမြင်ခဲ့ရဖူး၊ စာအုပ် ထဲမှာသာ ဖတ်ခဲ့ရဖူးတဲ့ နာမည်ကြီး မာယာမိမြို့တော်ကြီးကို ရောက်တော့မှာပါလားဆိုပြီး ကိုယ့်ဟာကိုယ် မယုံနိုင် အောင်ဖြစ်မိပါတယ်။
လေယာဉ်မှူးက ည၈နာရီတိတိမှာ ရောက်မယ်လို့ ကြေညာထားတာမို့ လေယာဉ်ဘီးမြေ ကြီးကိုထိလိုက်ချိန်မှာ ကျွန်မ ရဲ့လက်က နာရီကိုငုံ့ကြည့်လိုက်တော့ ဖေဖော်ဝါရီလ ၂၆ ရက်၊ နံနက် ၇နာရီခွဲအချိန် ကို ပြနေလေတယ်။ မြန်မာစံတော်ချိန်အတိုင်းဆိုရင် ကျွန်မတို့ ကျွန်မပြည် ရန်ကုန်မြို့တော်က ဖလော်ရီဒါပြည်နယ်၊ မာယာမီမြို့ ထက် ၁၁နာရီခွဲ အချိန် စောနေလေတယ်ပေါ့။

အချိန် တွက်မိပြီး ကိုယ်ချစ်ရတဲ့ အမိမြေနဲ့ ကမ္ဘာတစ်ခြမ်း ဝေးကွာ တာသေချာသွားလေပြီ ဆိုတဲ့အသိစိတ်က ရင်ကိုဆွဲဆုတ်ခြေမွ ပစ်လိုက်သလိုပါပဲ။ တစ်ဖက်မှာတစ်သက်တာ ပြန်မှတွေ့ခွင့်ကြုံပါတော့မလား ဆိုတဲ့စိုးထိတ်စိတ် နဲ့ တသသ လွမ်းခဲ့ရတဲ့ သားသမီးတွေကို တွေ့ရတော့မှာမို့ စိတ်လှုပ်ရှားနေမိတာလည်း တစ်ပိုင်း၊ ကျွန်မ ရဲ့ရင်မှာ ခံစားမှုမျိုးစုံနဲ့ လှိုက်ခါနေလေရဲ့။
လာခဲ့ကြတဲ့ ကျွန်မတို့တစ်တွေ စိတ်လှုပ်ရှားနေကြသလို လာကြိုကြတဲ့ သားသမီးတွေ အားလုံးလည်း စိတ်တွေ လှုပ်ရှားနေကြမယ်ဆိုတာ တွေးကြည့်နေမိပါတယ်။ လေဆိပ် ခန်းမထဲဝင်လိုက်တာနဲ့ စောင့်ကြိုနေတဲ့ သားသမီးတွေ ရဲ့ ၀င်းပပျော်ရွှင်နေကြတဲ့ မျက်နှာ လေးတွေကိုမြင်တွေ့လိုက်ရတာ ရင်ထဲမှာ အေးမြလှတဲ့ သီတာခုနစ်တန် စီးဆင်းသွား တယ်လို့ နှိုင်းပြရင်တောင် ခံစားရမှုက ပိုဦးမယ်ထင်ပါရဲ့။ ချမ်းမြေ့ခြင်း၊ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ ၀မ်းမြောက်ခြင်းဆိုတဲ့ ခံစားချက်တွေနဲ့ ကျွန်မရဲ့မျက်နှာလည်း ၀င်းပနေ မှာ သေချာပါတယ်။ ဘ၀မှာအပျော်ဆုံးအဖြစ် မှတ်တိုင်ထူနိုငသော နေ့တစ်ခုပါပဲ။

မောင်နှမတစ်တွေ အမေကိုလာကြိုဖို့ မလာခင်တည်းက အိမ်မှာခွဲတမ်းချလာခဲ့ကြရတာ တဲ့လေ။ ၁၆နှစ်ကြာ ကွဲကွာနေ တဲ့ သားကြီးခင်မောင်ဝင်းခန့် မိသားစုက နှုတ်ဆက်ဖို့ ရှေ့ဆုံးက နေရာယူရမယ်။ ၅နှစ်ကြာ ကွဲကွာနေ တဲ့ တက္ကဆက်ပြည်နယ်က ဆင်းလာခဲ့ရ တဲ့သမီးကြီးကေခိုင်တို့ ဇနီးမောင်နှံက ဒုတိယနေရာ ယူရမယ်။ ၂နှစ်ခွဲနေခဲ့ရတဲ့ သမီး လတ်ယမင်းကတော့ တတိယနေရာ။ သူတို့ အားလုံးပြီးကာ မှ နောက်ဆုံးအသုတ် ရောက် လာတဲ့ သမီးကေသီနဲ့ သားလတ်ရွှေစင်တို့က နေရမှာတဲ့။ ကြိုဆိုရေး အစီအစဉ်ကို စနစ်တကျ ဆွဲလာကြတဲ့ထိဖြစ်ပုံများကိုလည်း ကြည့်ပါဦးနော်။
သားသမီးတစ်တွေ တစ်ယောက်စီကို ရင်ခွင်မှာ ထွေးပွေ့နှုတ်ဆက်ဖက်နမ်းရင်း နောက် ဆုံးကိုရောက်လာတော့ "အရင်ရောက်နှင့်နေကြ တဲ့ မာမီ့ရဲ့ သားသမီးတွေတန်းစီပြီး နှုတ် ဆက်နေတာကို ထိုင်စောင့်ပြီးမှ သမီးတို့ အလှည့်ရောက် မှာမို့ သမီးတော့ ကာတွန်းစာ အုပ်တစ်အုပ် ယူလာခဲ့ရတယ်"နဲ့ မရွှေကေသီ က နောက်ဆုံးနေရတာ အတွက် မကျေမနပ် နဲ့တွေ့တွေ့ချင်း စကားနာထိုးလိုက်သေးတယ်လေ။

"မာမီကို မတွေ့ရတဲ့ ၁၆နှစ်သမားတို့၊ ၅နှစ်သမားတို့တော့ ဘယ်လိုနေကြလဲ မသိဘူး။ မာမီနဲ့ ခဏလေး ခွဲခဲ့ရတဲ့သမီးတော့ စိတ်တွေလှုပ်ရှားတိုင်း အိမ်သာကိုအရောက်ပြေးနေ ရတာနဲ့ မတတ်နိုင်တော့လို့ အိမ်သာပေါက်ဝ မှာပဲ ထိုင်နေရတာ။ လေယာဉ်ဂိတ်ဝက လူတွေထွက်လာတာမြင်မှ မီအောင်ပြေးပြီး တန်းစီရတာ"လို့လည်း သူ့အဖြစ်ကို ရှင်းပြနေ လို့ထိပ်ကိုချစ်စနိုးနဲ့ လမ်းပုတ်ရင်း ရယ်ရသေးတယ်။
ဒီအထဲ ၀င်း ရဲ့ဇနီး "ဘော်ဘီ"က တွေ့တွေ့ချင်း မာမီကို မြန်မာလို "မင်္ဂလာပါရှင်၊ ကြိုဆို ပါတယ်"ဆိုတဲ့ စကား နဲ့ နှုတ်ဆက်ရအောင် သူအလွတ်မနည်းကျက်ပြီး မှတ်လာခဲ့ရတာတဲ့ လေ။ သူတို့တစ်ယောက် တစ်မျိုး ပြောပြတာတွေ နားထောင်ရတဲ့ အပြန်ခရီးကတော့ ပွဲကို ကျလို့။ မာယာမီနဲ့ သားကြီးတို့နေတဲ့ Coral Springs(သန္တာစမ်း) က တစ်နာရီကြာမောင်း ရပါသေးတယ်။ အိမ်ကိုရောက်တော့ ည ၁၀နာရီတောင် ကျော်နေ ပါပြီ။

အ၀တ်အစားလဲ၊ အဆာပြေ နို့လေးတစ်ခွက်၊ မုန့်လေးတစ်ခုနှစ်ခုစားပြီးတာနဲ့ သားအမိ တစ်တွေအတိုးချပြီး စကားပြောလိုက်ကြတာ မိုးစင်စင်လင်းသွားတဲ့ထိ ပြောလို့က မကုန် ကြသေးဘူး။ အမေရိကားမှာ မိုးလင်းချိန်က မြန်မာပြည်မှာ နေ၀င်ချိန်ဖြစ်နေပါပြီ။ မြန်မာ ပြည်ကအိပ်ချိန်ရောက်တော့ မှေးငိုက်လာကြပြီလေ။ အဲဒီလို Jag Lagဖြစ်ပြီး နေ့နဲ့ ညမှား နေလိုက်တာ တစ်ပတ်လောက်ကြာမှပဲ ပုံမှန်ဖြစ်တော့တာပါပဲ။
ကျွန်မရဲ့ မြေးလေးတွေကိုလည်း ဒီကျမှ မြင်ဖူးရတာလေ။ သားကြီးက ကလေးတစ်ယောက်မွေးပြီးတိုင်း ဓာတ်ပုံတွေရိုက်ပြီး အမေ့ဆီပို့ပါရဲ့။ ကျွန်မက အဝေးကနေ ကိုယ် တိုင်ကိုယ်ကျ မမြင်ရသေးတဲ့ မြေးတွေကို ဓာတ်ပုံကြည့်ပြီး မြန်မာနာမည်လှလှလေးတွေ ရွေးပေးထားတယ်ပေါ့။

အကြီးဆုံးကောင်ကို "ခန့်ကိုကို"
ဒုတိယကောင် ကို "ခန့်ညီညီ"
တတိယကောင် ကို "ခန့်အောင်အောင်"
ဓာတ်ပုံလေးတွေ ရောက်လာတိုင်း ဒီမြေးလေးတွေကို ဘယ်သောကာလမှ မြင်တွေ့ခွင့် ရပါ့မလဲ ဆိုတာ တွေးရင်း ရင်ထဲမှာ အမြဲတမ်းလို တမ်းတမ်းတတ ဖြစ်နေမိတာပါ။ မမြင်ရ မတွေ့ရပေမဲ့ သူတို့အကြောင်းတွေ ကိုတော့ မသိချင်၊ မကြားချင် အဆုံးပါပဲ။
"မာမီ့မြေးစုတ်တွေ က ဘာလုပ်ကြပြန်ပြီ၊ ဘယ်လို ဆိုးလို့ ဘယ်လိုတေပြန်ပြီ"ဆိုတာ တွေ ကိုသမီး "ကေခိုင်"နဲ့ "ယမင်း"ဆီ က စာလာတိုင်း ဖတ်နေရတာမို့ မတွေ့ရပေမဲ့ စိတ်က တော့ရင်းနှီးနေပြီးသားပေါ့။ အကြီးဆု့းကာင် "ခန့်ကိုကို"က ကျွန်မရဲ့သားကြီး "၀င်း"နဲ့ တူလို့ ဆံပင်အနက်၊ မျက်လုံးအနက်နဲ့ မြန်မာနဲ့တူတယ်။ ဒုတိယကောင် "ခန့်ညီညီ" သူတို့အမေ အမေရိကန်သူကို တူလို့ဆံပင်က ရွှေဝါရောင်၊ မျက်လုံးကအပြာနဲ့မို့ အမေ ရိကန်ရုပ်ထွက်နေတယ်။ အငယ်ဆုံး "ခန့်အောင်အောင်"က အစ်ကိုအကြီး ခန့်ကိုကို လောက်လည်း ဆံပင်မမည်း၊ ခန့်ညီညီလောက်လည်း ဆံပင်မ၀ါဘဲ အညိုရောင်ရင့်ရင့်နဲ့ မျက်လုံးကလည်း အညိုရောင်၊ အမေနဲ့အမေ ရဲ့ရုပ်နှစ်ခု ပေါင်းစပ်နေတာမို့ တစ်မျိုးကြည့် လို့ကောင်းရဲ့။

ကျွန်မက ခုမှတွေ့ရတဲ့ မြေးလေးတွေကို အတိုးချပြီး တစ်ပွေ့တစ်ပိုက်နဲ့ ချစ်စနိုးဖြစ်နေဆဲ မှာသမီးလတ် "ကေသီ"နဲ့ "ယမင်း"တို့ ညီအစ် နှစ်ယောက်က အနားရောက်လာကြပြီး...
"မာမီ၊ မာမီ့မြေးတွေကို သမီးတို့မောင်နှမတစ်တွေ တိုင်ပင်ပြီးနာမည်ပြောင်ထားလိုက်ပြီ၊ သိလား"တဲ့။ သူတို့ အစ်ကို မကြားအောင် တိုးတိုးလေး လာပြောပါတယ်။
"ဘာဖြစ်လို့ ပြောင်းရတာလဲ၊ မြန်မာနာမည်မို့ ခေါ်ရခက်လို့လား၊ ဒါဆိုလည်း သူတို့ အမေပေးထားတဲ့ အင်္ဂလိပ် နာမည်ပဲ ခေါ်ပေါ့"လို့ပြောတော့..
"ခေါ်ရခက်လို့ မဟုတ်ပါဘူးမာမီရဲ့၊ မာမီ့မြေးတွေနဲ့ လိုက်ဖက်တဲ့ အနတ္တနာမည်မျိုးကို ရွေးပြီးမှ သမီးတို့က ပြောင်းလိုက်တာ"
"အံမယ်လေး၊ အမေရိကားရောက်မှ အနတ္တနာမည်တွေ ဘာတွေရွေးတတ်နေလိုက်တာ ဧကန္တမြန်မာစာ ဂုဏ်ထူးနဲ့ အောင် ခဲ့တဲ့ မကေသီရဲ့လက်ချက်ပဲ ထင်တယ်၊ ဟုတ်လား"
ဆယ်တန်းတုန်း က မြန်မာစာဂုဏ်ထူးနဲ့ အောင်ပြီးမြန်မာစကားကို အမြဲတမ်းတလွဲတချော် ပြောတတ်တဲ့ သမီးကေသီ ရဲ့အကြောင်းကို သိလို့ ကျွန်မကမေးလိုက်ရခြင်းပါ။

"သမီး တို့ မောင်နှမအားလုံး စိတ်တူကိုယ်တူ ဆုံးဖြတ်ပြီးပေးပါတယ်ဆိုမှ။ နားထောင်ပါဦး၊ နောက်ကျ မာမီ လည်း သူတို့နဲ့အနေကြာသွားရင် သမီးတို့ပေးတဲ့ နာမည်နဲ့ ဘယ် လောက်လိုကဖက်လဲဆိုတာ သိပြီး ထောက်ခံလာ မှာ။ မှတ်ထားဦးနော် မာမီ"
"ခန့်ကိုကိုရဲ့နာမည်က ခန့်ကလိမ်"
"ခန့်ညီညီ က ခန့်ငြိမ်ငြိမ်"
"ခန့်အောင်အောင်က ခန့်အီအီ"
"ဟင်...သမီးတို့ပေးထားတဲ့ နာမည်တွေကလည်း စုတ်ပဲ့လိုက်တာကွာ၊ ကြားလို့တောင် မကောင်းပါဘူး" လို့ ပြောရင်း ကျွန်မတော်တော်စိတ်ပျက်သွားမိပါတယ်။
"စောပါသေး တယ် မာမီရယ်၊ နောက်တော့မှ ငါ့သားသမီးလေးတွေ နာမည်ရွေးတော်လှ ချည့်ဆိုပြီး ဆုချချင်စိတ်ပေါက် ရင်တော့ မိုင်ခိုင်းမှာ Show နဲ့ Dinnerက တစ်ပြားမှ မလျှော့ဘူးနော်"တဲ့။ ညီအစ်မနှစ်ယောက် ပိုင်လှချည့်ပုံစံနဲ့ စပ်ဖြဲဖြဲရယ်နေကြလေရဲ့။

"နေပါဦး၊ သမီးတို့က အကြောင်းပြုပြီးပေးထားတဲ့ နာမည်တွေကို လည်း ရှင်းပြကြဦးလေ" နဲ့ကျွန်မ သိချင်လို့ မေးကြည့်တော့ ပြောချင်လွန်းလွန်ဖြစ်နေတဲ့ ညီအစ်မနှစ်ယောက်က အလုအယက်ပြောပြပါတယ်။
"ခန့်ကိုကိုက အမြဲကလိမ်ကျနေတာ မာမီရဲ့၊ သူ့ကိုအဖေနဲ့ အမေကသားဦးဆိုပြီး အဖြစ် သည်းနေကြတော့ သူကအိမ် မှာ ဗိုလ်ပဲ၊ အဖေကိုချွဲလိုက်၊ အမေကို နွဲ့လိုက်နဲ့ အခွင့်အ ရေးတွေအကုန်ယူနေတာ၊ အငယ် ခန့်ညီညီကိုလည်း အနိုင်ကျင့်တယ်။ ဟိုကောင်က မခံနိုင်လွန်းမှ သွားတိုင်ရင် ဟိုလွှဲချ၊ ဒီလွှဲချနဲ့ ကလိမ်ကျပြ လိုက်တော့ အဆူမခံရတော့ ဘူးလေ"
"ဒါဖြင့် ခန့်ငြိမ်ငြိမ်ကတော့ ငြိမ်နေလို့လား"

"ဟုတ်တယ်၊ ခန့်ညီညီက စာကြမ်းပိုးမာမီရဲ့၊ စာတစ်အုပ်နဲ့ ချောင်ထဲမှာငြိမ်နေတာပဲ။ ယောက်ျားလည်း ပီသ တယ်၊ စကားလည်း အပိုမပြောတတ်ဘူး၊ ချွဲလည်းမချွဲတတ်ဘူး၊ ဒါကြောင့် သူ့ကိုတော့ ခန့်ငြိမ်ငြိမ်"
"ခန့်အီအီ ကတော့ မာမီတွေ့ပါလိမ့်မယ်။ သူလိုချင်တာ မရမချင်တအီအီနဲ့ အီပြနေတာ။ ဒါကြောင့်ခန့်အောင်အောင် လို့ သဝေထိုးရေးချ ငသတ်ရမဲ့အစား လုံးကြီးတင်ဆန်ခတ် ပေးလိုက်တာ"
"အင်း၊ ကောင်းပါ့" ဆိုပြီး မြန်မာပညာရှိ ညီအစ်မကိုမိုင်ခိုင်းက ရှိုးနဲ့ဒင်နာအစား မျက်စောင်း ဆုပဲချပေးလိုက် ရပါတယ်။ ကြည့်ပါဦးလေ၊ အစ်ကို့အိမ်ပေါ်လည်း တက်နေကြသေး၊ အစ် ကို့ကွယ်ရာမှာ သူ့သားတွေကို ရစရာမရှိတဲ့ နာမည်ပြောင်တွေ ပေးထားလိုက်ကြသေး တယ်။ သူတို့ညီအစ်မတွေ ဆုံမိကြရင် သူတစ်ပြန် ကိုယ်တစ်ပြန် အရာရာကို ဟာသလုပ် နေကြတာနဲ့ ပါးစပ်ပိတ်ရတယ်လို့ မရှိဘဲ ရယ်နေရတာက များပါတယ်။ သူတို့ပဲ ရှာရှာဖွေ ဖွေတွေးတတ်၊ စကားလုံးရှာပြီး ပြောတတ်ကြလို့ ကျွန်မ လက်မြှောက်ထားရတာပါ။ အခု ဆိုတော့မြန်မာပြည် မှာ ကျန်ခဲ့တဲ့ သားငယ်လေး "ဇာနည်"ကလွဲပြီး မိသားစုအားလုံး စုစည်း မကြပြီမို့ ပိုပြီးပွဲစည်လေ တယ်ပေါ့။

သားရဲ့အိမ်က အိပ်ခန်း လေးခန်းပါတဲ့ အတန်အသင့်ကြီးတဲ့ အိမ်ကြီးပါ။ အိပ်ခန်းလေး အခန်းအပြင် DENလို့ခေါ်တဲ့ အခန်းပိုတစ်ခုလည်း ပါသေးတာမို့ ငါးခန်းပြောလို့ရတယ် ပေါ့။ အမေရိကန်က အိမ်တွေက ကျွန်မတို့ခေတ်က မြန်မာအိမ်တွေလို မဟုတ်ဘူး။ ကျွန်မတို့ဆီမှာက ဧည့်ခန်းတစ်ခု၊ ဘုရားခန်းတစ်ခု၊ ထမင်းစားခန်း တစ်ခု၊ အိပ်ခန်းသုံးခုနဲ့ မီးဖိုတစ်ခုဆိုရင် အဆင့်အတန်းမီ လူလတ်တန်းစားအတွက် အိမ်တစ်ခု လို့ ပြောလို့ရတာ ပဲမဟုတ်လားနော်။
ဒီမှာက ဧည့်ခန်း က သီးသီးသန့်သန့်တစ်ခု Family Roomလို့ခေါ်တဲ့ မိသားစုအခန်းက တစ်ခု၊ ထမင်းစားခန်း က တစ်ခု၊ မီးဖိုကတစ်ခု၊ အိပ်ခန်းကတော့ ကိုယ့်မိသားစုရဲ့လူဦးရေ ကိုလိုက်သုံးခု လေးခုရှိတတ်ပါတယ်။ ဖလော်ရီဒါ ပြည်နယ်က Sub Tropical မို့ မြန်မာ ပြည်လိုပဲ ပူအိုက်တာကြောင့် အိမ်နောက်ဘက် မှာ လေများများဝင်စေအောင် ခြင်ဆန်ခါ ပဲကာထားတဲ့အပန်းဖြေနားစရာ အခန်းကျယ် Patioတစ်ခုလည်း ပါပါသေးတယ်။ အများ အားဖြင့်အိမ်တိုင်းမှာလို ရေကူးကန်ရှိကြတာများပါတယ်။ ရာသီဥတုအခြေအနေကို လိုက် ပြီးနေသာ ထိုင်သာ၇ှိအောင် ဖန်တီးထားကြတဲ့ သဘောပဲထင်ပါရဲ့။

အနောက်တိုင်းသားတွေက လွတ်လပ်မှုကိုလည်း ဦးစားပေးတတ်သူများ ဖြစ်လို့အိမ်မှာ မိဘနှစ်ပါးအပြင် သားသမီးတွ ထွန်းကားလာရင် ကလေးတွေကိုလည်း တစ်ယောက်တစ် ခန်းစီသီးခြားနေစေတာမျိုးပါ။ ကျွန်မ တို့ အရှေ့တိုင်းသားတွေကတော့ မွေးကတည်းက ရင်ခွင်ထဲမှာ ထွေးပိုက်ထားရမှ ကျေနပ်ကြတာနော်။ ကလေး ကို အောက်မချရက်လို့ တချီ တပိုးလုပ်နေရင်း ကလေးက လက်ကြိုက်သွားပြီဆိုရင် လက်မောင်အောင့်တဲ့ထိ ချီပွေ့ ထား ပါလေရောပဲ။ တစ်ခန်းစီထားဖို့ ဆိုတာမျိုးများ ဝေးပါသေးရဲ့။
သားကြီးက သူ့မှာသားသုံးယောက်တောင်ရှိနေတာမို့ အမေရိကန်ထုံးစံအတိုင်း အိပ်ခန်း လေးခန်းပါ အိမ်ကို ၀ယ်ဖြစ်တာ ထင်ပါရဲ့။ အခုကျတော့ ကျွန်မတို့မိသားစု အုပ်စုကြီးနဲ့ အိမ်တစ်လုံး အပြည့်ဖြစ်နေပါလေရော။ ကျွန်မမြေးလေးတွေလည်း ကိုယ်ပိုင်အခန်းတွေ ပျောက်ကုန်ကြတာပေါ့။ အားလုံးအဆင်ပြေပြေဖြစ်အောင် အခန်းတွေ ကို ဝေငှလိုက်ရ တော့တစ်ဦးစီ သီခြားမဖြစ်တော့်ဘဲ သားကြီးတို့ ဇနီးမောင်နှံနဲ့ အငယ်ဆုံး ခန်အောင် အောင်ကတစ်ခန်း၊ ခန့်ကိုကိုနဲ့ ခန့်ညီညီက တစ်ခန်း၊ ယမင်း၊ ကေသီနဲ့ သူဇာညီအစ်မ သုံးယောက် က တစ်ခန်း၊ မာမီ၊ ကျွန်မနဲ့သားငယ် အိန္ဒာက တစ်ခန်း၊ အခန်းအပိုမှာ သားရွှေစင်က တစ်ယောက်တည်း တစ်ခန်း။

တိုးတိုးကျိတ်ကျိတ်နေရပေမဲ့ ခုမှမိသားစုက ဆုံစည်းမိတာဆိုတော့ စကားတွေကလည်း ပြော လို့မကုန်နိုင်ကြ ဘူး။ သားက ကျွန်မတို့ရောက်မလာခင်ကတည်းက မိသားစုဦးရေကို တွက်ပြီး ၁၃ယောက်အတူ တစ်ခါတည်း ထိုင်ပြီး စားလို့ရတဲ့ ထမင်းစားပွဲအရှည်ကြီးကို သူကိုယ်တိုင် ဆောက်ထားတာတဲ့လေ။ ဟုတ်တာပေါ့။ သူတို့မိသားစု က ၅ယောက်၊ ကျွန်မတို့ မိသားစုက ၈ယောက်၊ စုစုပေါင်း ၁၃ယောက်ဆိုတာ နည်းတဲ့အုပ်စုကြီးမှ မဟုတ် တာနော်။ နိုင်ငံရပ်ခြားမှာ လူတစ်ယောက်ဆိုတာတောင် မနည်းတာဝန်ကြီး တာပါ။ ချွေးမ ကနိုင်ငံခြားသူဖြစ်ပေမဲ့ စိတ်ရင်းစေတနာကောင်းရှာလို့ မျက်နှာတစ်ချက်မပျက်ဘဲ ၀တ္တ ရားကျေပေ လို့ ကျွန်မတို့လည်း နေနိုင်ကြတာပေါ့။

မလာခင်တုန်းကတည်းက ၁၆နှစ်ကြာ ကွဲကွာနေတဲ့ သားကြီး "၀င်း"ဘာတွေများ ပြောင်း လဲကုန်မလဲလို့ အတွေးနဲ့ စိတ်ကူးကြည့်နေမိတာ သားကိုပြန်တွေ့ရတော့ မြန်မာပြည်က ထွက်ခွာသွားစဉ် တုန်း ကလို နုငယ်တဲ့ရုပ်ကလေးနဲ့ ပါးလှပ်လှပ်ပိန်ပိန်လေး မဟုတ်တော့ ဘဲတကယ့်ယောက်ျားကြီး တစ်ယောက်လို ကြံ့ခိုင်ထွားကျိုင်းဖွံ့ဖြိုးပြီး နှုတ်ခမ်းမွေး၊ မုတ် ဆိတ်မွေးတွေနဲ့ ဖြစ်နေလို့...
"သားကလည်းကွာ၊ မုတ်ဆိတ်ကြီးတွေနဲ့ ရင့်သွားလိုက်တာ၊ ကြည့်မကောင်းပါဘူး"ဆို တော့
"မာမီ့ချွေးမ က ဒီပုံစံ ကြိုက်တယ်ဆိုလို့ ထားရတာမာမီရဲ့"တဲ့။
"အင်း...ဟုတ်ပေသားပဲ" ကျွန်မက မေ့သွားပြီး အရင်ကလို ပိုင်စိုးပိုင်နင်းပြောမိတာလေ။ လက်ထပ်ပြီးပြီဆိုရင် အမေ က မပိုင်တော့ဘဲ ဇနီးကသာ ပိုင်တယ်ဆိုတာ ကိုယ်ကသတိ ချပ်ပြီးနေတတ်ရမှာပါနော်။
ရုပ်ရှည်ပြောင်း သွားပေမဲ့ စိတ်ထားကတော့ မပြောင်းရှာပါဘူး။ အမေကိုချွဲချင် နွဲ့ချင်တာ အပြင်မိသားစု၊ ညီအစ်ကိုမောင်နှမတွေ ကို ချစ်တဲ့စိတ်က ခုထိရှိနေဆဲပါပဲ။ အဲ... စကား ပြောတာတွေကတော့ ကပြောင်း ကပြန်ဖြစ်နေလေ ရဲ့။ သူတစ်ယောက်တည်း နှစ်ပေါင်းကြာ မြင့်စွာမြန်မာစကားပြောဖော်မရှိဘဲ နေလာတာဖြစ်တော့ စကား အသုံးအနှုန်း တွေတော်တော်ကို မေ့ကုန်တာပါ။ ညီမတွေရောက်လာ မှ ပြောစရာအဖော် ရ လို့ တော် တော်တိုးတက် လာပေမဲ့ တလွဲလွဲ တချော်ချော်တွေက အများကြီး။

အမေကို သားကလို့ပြောလိုက်၊ တို့ကလို့ ပြောလို့၊ ဟော...ညီမတွေကျတော့ ကျွန်တော် ကဆိုပြီး ရိုကျိုးနေပြန်ပါရော။ ကျွန်မလာခါနီမှ သားသမီးတွေကို ဘာမှကြမလဲမေးတော့ သမီးတွေအားလုံးက တခြားဘာမှ အလေးခံပြီး သယ်မလာခဲ့နဲ့။ လက်ဖက်၊ အချဉ်ထုပ် နဲ့ ရှောက်သီးဆေးပြားတွေ ပဲ ခြင်းနဲ့အပြည့်အသိပ် ထည့်တဲ့အပြင် အမေရိကားရောက်ရင် မြန်မာလို ချက်စားဖို့ ၀ယ်မရမှာစိုးလို့ နနွင်းမှုန့်နဲ့ အရောင်တင်မှုန့်၊ မဆလာကအစ ပုစွန် ခြောက်အထိ အမျိုးအမည်စုံကို အလေးခံပြီးသယ်လာ ခဲ့တာပါ။
ပစ္စည်းတွေ ထုတ်ပြီး ဖြေကြတော့ ကျွန်မယူလာတဲ့ ပုစွန်ခြောက်တွေ၊ နနွင်းမှုန့်နဲ့ မဆလာ တွေကိုကြည့်ပြီး သားကြီးဝင်းက...
"မာမီ ကို စားစရာတွေ အလေးခံပြီး ခေါ်မလာခဲ့ပါနဲ့လို့ ပြောထားလျက်နဲ့၊ ကြည့်ပါဦး ခေါ်လာတာတွေ စုံလို့၊ အများကြီးပဲ" တဲ့။
သူ့စကား ကို ကြားတော့ အင်း...ကျွန်မသားလည်း ဘိုကြီး Made in Burmaဖြစ်နေပါရော လို့စိတ်မောမိပါရဲ့။

ဒါနဲ့တင်မပြီးသေးဘူး။ ကျွန်မယူလာတဲ့ ကျွဲချိုနဲ့လုပ်ထားတဲ့ ဗျိုင်းရုပ်အမည်လေးကိုကြည့် ပြီး "မာမီ၊ ဒါမျိုး အဖြူရောင်ကောင်လေး၊ သားတို့နောက်ဘက်က Canalထဲကို ခဏခဏ အလည်လာတယ်ဗျ"တဲ့။
"ဗျိုင်းလား"လို့ မေးကြည့်တော့ "ဟုတ်တယ်၊ ဟုတ်တယ်၊ အဲဒါ တို့ မေ့သွားလို့"ဆိုပြီး ဖြေရှင်းနေပါရော။
ဒီလိုနဲ့ ရောက်ပြီးနှစ်ရက်လောက် ရှိတော့ သားကြီးက သူ့ညီနဲ့ညီမတွေကို "မနက်ဖြန် ကျရင် ကျောင်း သွားစိုက်မယ်၊ စောစောထကြ"တဲ့။
အခုမှတွေ့ရမြင်ဖူးရ တဲ့ အစ်ကိုကိုလည်း စိမ်းနေသေးတော့ ကလေးတွေကပြန်လည်းမမေး ရဲ့၊ သူပြော တဲ့ ကျောင်းစိုက်မယ်ဆိုတာကလည်း ဘာကြီးမှန်းမသိ။ ဒါနဲ့ ကျွန်မဆီရောက် လာကြပါလေရော။
"မာမီ၊ ကိုကိုကနက်ဖြန် ကျောင်းသွားစိုက်မှာမို့ သားတို့ စောစောထရမယ်တဲ့၊ အဲဒါ လာလုပ်မှာလဲဟင်"ဆိုမှ ကျွန်မလည်း တစ်ခါမှမကြားဖူးတာနဲ့ အကျိုးအကြောင်းသွားမေးရ ပါတယ်။
"သူတို့ စာသင်ဖို့ ကျောင်းစိုက်ရမှာလေ"တဲ့။

သူရှင်းပြမှပဲ ကျောင်းအပ်ဖို့ သွားမယ်ဆိုတာ နားလည်ရတော့တယ်။ ကျွန်မလည်း အမေရိ ကားရောက်တာမှ ဆရာဦးထွန်းငြိမ်းနဲ့ အပြိုင်အဓိပ္ပာယ်ရှင်းရတဲ့ အဘီဓာန်ဆရာမဖြစ်ပါ ရောပဲ။ ကျွန်မတို့တစ်တွေနဲ့ အနေကြာ လာတော့မှ တဖြည်းဖြည်းမြန်မာစကားကို မှန်အောင်ပြောလာနိုင်ပေလို့ တောပါသေးရဲ့။
အဲဒီနေ့က သူပြောသလို ကျွန်မတို့ကျောင်းစိုက်ကြတယ်ပေါ့။ ရောက်တဲ့အချိန်က ကလေးတွေ ကျောင်းတက်ဖို့ စကောစက အချိန်ကြီး ဖြစ်နေတာပါ။ အမေရိကားကျောင်း တွေရဲ့ စာသင်နှစ်က စက်တင်ဘာလမှာ စပြီးဇွန်လဆန်း မှာ စာသင်နှစ်ကုန်ဆုံးတာနဲ့ နွေရာသီအတွက် သုံးလပိတ်ပါတယ်။ ကျွန်မ တို့ ကျောင်းအပ်တဲ့နေ့က မတ်လဆန်းဖြစ် နေတော့စာသင်ချိန် သုံးလပဲ ရှိတော့တာမို့ ၀င်ခွင့်မှ ရပါ့မလား ဆိုတာ တွေးပူနေမိသေး တာပါ။ ပြဿနာမရှိဘဲ လွယ်လွယ်ကူကူရလို့ ကျေးဇူးတင်ရပါသေးတယ်။

နောက်တစ်ခုကလည်း သူတို့အငယ်သုံးယောက်ဖြစ်တဲ့ သူဇာ၊ ဇာနည်နဲ့ အိန္ဒာတို့ လက် ထက်ကျတော့ အင်္ဂလိပ်စာက ငါးတန်းကျမှစပြီး သင်ကြရတာမို့ အစ်ကို အစ်မတွေလို အခြေခံမကောင်ကြတော့ဘူးလေ။ ဒီမှာ ဘာသာစုံအင်္ဂလိပ်လိုပဲ သင်ရမှာကြောင့် စာမ လိုက်နိုင်မှာကို စိတ်ပူမိပါသေးတယ်။ ကလေးတွေ ရင်ဆိုင်ရမဲ့ အခက်အခဲကို ကျောင်း အာဏာပိုင်များကို ရှင်းပြတော့..
"ဒီအတွက်မပူပါနဲ့၊ ပြည်ပကလာကြတဲ့ ကလေးအားလုံး အင်္ဂလိပ်စကား တတ်ကျွမ်း လာကြတာမှာ မဟုတ်ဘဲ၊ ရှင်တို့ ကလေးတွေကမှ ငါးတန်းမှ စသင်လာခဲ့လို့ အနည်းအ ကျဉ်းတော့ တတ်ဦးမှာပါ။ ဂျပန်တို့၊ ကိုရီးယားတို့၊ ထိုင်းနိုင်ငံတို့က လာကြတဲ့ ကလေးတွေဆို အင်္ဂလိပ်စားတစ်လုံးမှ မတတ်ကြပါဘူး။ အင်္ဂလိပ်စာလိုအပ်တဲ့ ကလေးတွေ အတွက် သီးခြားအင်္ဂလိပ်စာ သင်ပေးမဲ့ဆရာ၊ ဆရာမတွေရှိပါတယ်။ မကြာခင် သူတို့တက်ကျွမ်းပြီး စာတွေကောင်းကောင်း လိုက်နိုင်ကြတာချည်းပါပဲ။ ဒါက ပြဿနာ မဟုတ်ပါဘူး"တဲ့။

သူတို့ကတော့ ဒါမျိုးရိုးနေပြီဆိုတဲ့ ပုံစံနဲ့ အေးအေးဆေးဆေးပဲ တာဝန်ယူလိုက်ပေမဲ့ ကျွန်မစိတ်ထဲမှာ ဟုတ်မှဟုတ်ပါ့မလားနဲ့ ဘ၀မကျချင်ရယ်ပါ။ တကယ်သူတို့ တာဝန်ယူ လိုက်တဲ့အတိုင်း အစီအစဉ်တွေ ချက်ချင်းလုပ်ပေးပါတယ်။ ကျွန်မရဲ့သမီး သူဇာနဲ့ သားအိန္ဒာကို အင်္ဂလိပ်စာဆရာမက အတန်းသီးခြားယူပြီး သင်ပေးပါတယ်။ အဲလို အထူး ပြုသင်ပေးတဲ့အတွက် ကျူရှင်ခတွေ၊ ဘာတွေလည်း မပေးရပါဘူး။ သူတို့မောင်နှမနှစ် ယောက်က အခြေံနည်းနည်း ရှိထားပြီးသားဖြစ်လို့ မြန်မာစကားတတ်တဲ့ အင်္ဂလိပ်စာဆရာ မ ရှာစရာ မလိုပဲ အမေရိကန်ဆရာမနဲ့ အဆင်ပြေးသွားပေမဲ့ တခြားနိုင်ငံကလာတဲ့ အင်္ဂ လိပ်စာတစ်လုံးမှ မတတ်တဲ့တောင်အမေရိကားတိုက်က Spanishကလေးတွေအတွက် သူတို့လူမျိုး Spanish စကားပြောတတ်တဲ့ အင်္ဂလိပ်စာဆရာ၊ ဆရာမက သင်ပေးရသလို ဂျပန်တို့၊ ထိုင်းတို့ကျတော့လည်း သူတို့ဘာသာစကားနဲ့ သင်ပေးနိုင်တဲ့ ဆရာ၊ ဆရာမ တွေနဲ့ သင်ကြရတာကို တွေ့ရလို့ ပညာရရှိရေးအတွက် ကရိကထခံပြီး တာဝန်ယူနိုင်ပုံ ကိုကြည့်ပြီး အံ့သြမိပါတယ်။

ဒီမှာရှိကြတဲ့ Privateကျောင်းတွေကတော့ အလွန်အမင်းကို ဈေးကြီးပါတယ်။ တော်ရုံတန် ရုံပြည့်စုံရုံနဲ့ Private ကျောင်းတွေကို မထားနိုင်ကြပါဘူး။ အများစုက အစိုးရကျောင်းတွေ ကိုပဲ သွားကြတာပါ။ ကလေးတွေကျောင်းပို့ ရင် မူကြိုကနေပြီး ဆယ့်နှစ်တန်းပြီးတဲ့အထိ ကျောင်းလခ၊ စာအုပ်ဖိုး၊ ကျောင်းကားလ တစ်ပြားမှ မပေးရပါဘူး။ အားလုံးအစိုးရက တာဝန်ယူပါတယ်။ အဲဒီလို တာဝန် ယူနိုင်အောင် လည်း ပြည်သူလူထုတွေဆီက အကောက် ခွန်တစ်ခါတည်းထည့်ပြီး ယူထားလိုက်ပြီးသားလေ။ ရယူတဲ့ အတိုင်း ပြည်သူလူထုကို ခံစား ခွင့်အနေနဲ့ ပြန်ပေးတဲ့သဘောပါပဲ။
အကယ်၍ ၀င်ငွေ မပြည့်မီတဲ့ မိဘများရဲ့ သားသမီးများဆိုရင် နေ့လယ်စာမုန့်ကို အလ ကားကျွေးသေး တာနော်။ တတ်နိုင်သူတွေကတော့ ၀ယ်စားကြရတယ်ပေါ့။ ကျောင်းမှာ ကျွန်မတို့ ငယ်ငယ်တုန်းကလို အပြင်က လာရောင်းကြတဲ့ ဈေးသည်တွေလည်း မရှိဘူး။ မုန့်စားဆင်းချိန်မှာ ကျောင်းအဆောက်အအုံထဲမှာ ရှိတဲ့ကင်တင်းကပဲ ၀ယ်စားခွင့်ပြု ထားတာလေ။

အဲဒါလည် အလွန်ကိုသက်သာတဲ့ဈေးနဲ့ ရောင်းတာပါ။ ကလေးတွေအ တွက်အာဟာရဖြစ်စေမဲ့ အစာမျိုးကို တစ်နေ့ အစီအစဉ် တစ်မျိုးစီပြောင်းပြီး ရောင်းချတာ ဆိုတော့လည်း စားကြတဲ့ကလေးတွေအဖို့ မငြီးငွေ့တော့ဘူးပေါ့။ ဒီအပတ် အတွင်း ကျောင်းမှာရောင်းချမဲ့ နေ့လယ်စာအမျိုးအမည်တွေကိုလည်း ကျောင်းသားမိဘတွေ လေ့လာနိုင်အောင် မြို့နယ်အတွက် ထုတ်ဝေဖြန့်ချီ တဲ့ သတင်းစာမှာ ဖော်ပြပေးထားပါ တယ်။
ကျောင်းကင်တင်းက ရောင်းတဲ့အစားအစာက အဟာရလည်းဖြစ်၊ ဈေးကလည်းအဆမ တန် သက်သာနေတာ ဆိုတော့ ဘယ်သူမှအလုပ်ရှုပ်ခံပြီး မန့်ဘူးလည်း သယ်မလာကြ တော့ပါဘူး။ ဒီလိုစနစ်တကျ လုပ်ပေးထား တာကြောင့် ဖွံ့ဖြိုးဆဲကလေးတွေအတွက် ကျန်း မာရေးကောင်းအောင် အထောက်အကူ ဖြစ်စေတာလည်း အမှန်ပါပဲ။ ကျောင်းကားကို တော့် ကျောင်းနဲ့နှစ်မိုင်ဝန်းကျင်မှာ နေထိုင်တဲ့သူတွေအတွက် မပေးလို့ အိမ်ကမိဘတွေ ကကားနဲ့လိုက်ပို့၊ လိုက်ကြိုက်လုက်ရင်လုပ်၊ ဒါမှမဟုတ် ကလေးတွေက အိမ်ကနေ စက်ဘီးစီးသွားရင် သွားကြပေါ။ အများအားဖြင့်လည်း အဲဒီလို စက်ဘီးကိုယ်စီနဲ့ သွားကြ တာတွေ့ ရပါတယ်။ ကျောင်းကနေနှစ်မိုင်ကျော်တဲ့ နေရာမှာနေတဲ့ကလေးတွေကို ကျောင်း ကားက အခမဲ့ကြိုပို့ပေး တာပါပဲ။

သားနေတဲ့အိမ်က ကျောင်းနဲ့ ငါးမိုင်ကျော်ကျော်ဝေးတာမို့ သမီးသူဇာနဲ့ သားအိန္ဒာအ တွက်ကျောင်းကား စီးခွင့်ရပါတယ်။ ကျောင်းကားကြီးတွေက အ၀ါရောင်ကြီးတွေမို့ အဝေးကပင် မြင်နိုင်ပါ၏ဆိုတဲ့ ပုံစံမျိုးထဲကလေ။ အဲဒီကျောင်းကား ကလည်း ဘုန်းကြီးသ လားမပြောပါနဲ့တော့။ ကျောင်းကားရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ Stop(ရပ်ပါ) ဆိုတဲ့ စားလုံးရေးထားတဲ့ ဆင်နားရွက်ကလေးနှစ်ဖက် ပွင့်လာရင် ကျောင်းကားနောက်က ပါလာ သမျှ ယာဉ်တွေ အားလုံးရပ်ပြီး စောင့်ကြပေတော့ပဲ။ ကလေးတွေတန်းစီပြီး ဆင်းလို့ကုန်ပြီ ဆိုခါမှ ကားထွက်တာစောင့်ပြီး ကိုယ်ကလိုက်ထွက်ရပါတယ်။
ရပ်တော့ မဲ့ ကျောင်ားကိုကျော်ပြီးလည်း တက်ခွင့်မရှိပါဘူး။

ကျောင်းကားက ရှေ့တစ်ခေါ် လောက်မှာရပ်တော့မယ်ဆိုရင် ကားမီးကိုမှိတ်တုတ်မှိတုတ် Blink Lightအချပြထားတာပါ။ အဲဒါမြင်ရင် ကိုယ့်ကားကိုလည်းအရှိန်လျှော့ပြီး ကိုယ်ပါရပ်ဖို့ပြင်ဆင်ရမဲ့ဟာ။ တစ်ခါက ကျွန်မမြေးတွေ နဲ့ ကားပေါ်မှာ စကားဖောင်ဖွဲ့ကောင်းလာလိုက်တာ Blinkလုပ်ထားတဲ့ ကားမီးကို သတိမထား မိဘဲ ကျော်တတ်မိတာနဲ့ ရဲကားကချက်ချင်းရောက်လာပြီး ကျွန်မ ကို Ticketပေးတော့တာပဲ။ တခြား အမှုထက်ကျောင်းကားနဲ့ ပတ်သက်တဲ့အမှုကို ပိုပြီး အပြစ်ကြီးလေးတာမို့ဒဏ်ငွေဒေါ်လာတစ်ရာ အချခံလိုက်ရပါတယ်။ အဲဒီကတည်းက ကောင်းကောင်းမှတ်သွားပြီး နော်ကဆိုကျောင်းကားဝါ၀ါမြင်ရင် ကြိုတင်ပြင်ဆင် သတိ ထားတဲ့အကျင့်ရသွားတော့တယ်။ ကျောင်းကားမောင်းသူတွေက အများအားဖြင့် အမျိုး သမီး ယာဉ်မောင်းတွေချည်းပါပဲ။ ရောက်ခါစဆိုတော့ နေရာတိုင်းမှာအမျိုးသမီးတွေ ယောက်ျားနည်းတူ အလုပ် လုပ်နေတာ ကြည့်ပြီးဆန်းသလိုလို ရှိပေမဲ့ကြာလို့ တွေ့ရမြင်ရ ဖန်များတော့လည်း ရိုးသွားတာပါပဲ။

ကျွန်မမှာကလေးတွေ တစ်ပုံကြီးမွေးထားတာမို့ အနှစ်သုံးဆယ်နီးပါး ကျောင်းပို့ ကျောင်း ကြိုလုပ်လာခဲ့ ရတာလေ။ အကြီးတွေ တက္ကသိုလ်ရောက်တဲ့အထိ အငယ်တွေက မူကြိုက နေအတန်းစုံ တန်းစီနေကြ ဆဲဖြစ်တော့ မနက်ကျောင်း၊ နေ့ခင်းကျောင်းနဲ့ အချိန်မတူလို့ အခေါက်ခေါက် အခါအခါသွားရသလို တက္ကသိုလ်ကျပြန်တော့လည်း အတန်းတွေမတူလို့ တစ်ခါစီ အကြိုအပို့လုပ် ရတာကလည်း ရှိသေး။ ၀မ်းစာအတွက် ဓာတ်ပုံရိုက်ရင်း ကျောင်း တက္ကစီပါဆွဲခဲ့ရတဲ့အလုပ်က အမေရိကားရောက် ခိုက် ခေတ္တ အနား ရသွားတယ် ဆိုပါတော့။
သားလတ်ရွှေစင်ကတော့ ဂျီစီအီးဖြေလို့အောင်တာနဲ့ တက္ကသိုလ်ဝင်ခွင့်အဆင်ချောသွား လေရဲ့။ အရေးအကြီးဆုံးဖြစ်တဲ့ သားသမီးတွေရဲ့ ပညာရေး၊ ကျောင်းကိစ္စတွေ စီစဉ်လို့ ပြီးသွားတာမို့ တစ်မျိုး ရင်မော သက်သာသွားရပါတယ်။ ဒါပေမဲ့ ရှေ့ဆက်ရမယ့်ခရီးက ရှိသေးတယ်လေ။ သားကြီးကိုတာဝန်မပေးဘဲ ကိုယ့်ဝန်ကိုယ်ထမ်းဖို့ ဘယ်လို စရမလဲဆို တာလမ်းစရှာရဦးမှာပါ။
ကိုယ့်ရပ်မြေ ကိုယ်ဒေသမဟုတ်တာကြောင့် တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် ချမှုတွေပျောက်ပြီး ဒီလိုနေရာ သစ်တစ်ခုမှာ ရပ်တည်ဖို့ ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့ စိုးထိတ်မှု နဲ့အတူ ကိုယ့်အရည်အချင်းကို သံသယ ၀င်မိပါတယ်။ အတိတ်က ဖြစ်ခဲ့တဲ့ အရှုံးတွေကိုပါ ပြန်တွေးပြီး အားငယ်စိတ်ဝင်လာတော့ ပိုဆိုးလေတယ်ပေါ့။

ဒါကြောင့် ကိုယ့်စိတ်ကို မနည်းပြန်ပြီး သံပတ်တင်းရပြန်ပါရော။ အားငယ်စိတ်ကို လက်ခံ လိုက်မိရင် မှောင်အတိကျသွားတာနဲ့ အတူတူပါပဲ။ မျိုးစေ့တစ်ခုချမယ် စိတ်ကူးတဲ့ အခါ ရောင်ရှိမှ၊ ရေရှိမှ၊ မြေသြဇာဓာတ်ကလည်း ကောင်းပါဦးမှ ရှင်သန်ထွားကျိုင်းတဲ့အပင်လေး ကပေါက်လာနိုင် မှာပေါ့နော်။ အလင်းရောင်မရှိ၊ အမှောင်အတိထဲမှ ဘယ်လောက်ကောင်း တဲ့မျိုးစေ့ ကိုပဲချချ ပေါက်လာဖို့က လွယ်မှာမဟုတ်ပါဘူး။ ရပ်တည်ရေး မျိုးစေ့လေးတွေ ချပြီးရင်တော့ ကိုယ့်ကိုယ် ကိုယ်လည်း နေရောင်ခြည်လို ခံနိုင်ရည်စွမ်းအားတွေ မွေးဖို့ မာန်တင်းရဦးမှာပါ။ မဖြစ်ဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနဲ့ မာတဲ့စိတ်ဓာတ်ကလည်း မြေသြဇာကောင်းတစ်ခုလို လိုအပ်မယ် ထင်ပါရဲ့။

အခက်အခဲဆိုတာမျိုးက ဘယ်အရပ်၊ ဘယ်နေရာမှာပဲနေနေ ကြုံကြရမှာချည်းပါပဲ။ အခက်အခဲဆိုတာ အချိန် တန်ရင်လည်း ပြီးသွားစမြဲမို့ ရှေ့ကိုချက်ချင်းလက်လင်းခြေတစ် လှမ်းမတိုးနိုင်သေးတဲ့တိုင်အောင် တစ်လက်မ ချင်း တိုးလို့ရလည်း တိုးရမှာပဲ ဆိုတဲ့ဇွဲနဲ့ ကျွန်မရဲ့ရှေ့လာမဲ့ဘ၀ အခြေချနိုင် ဖို့ ပြင်ဆင်ရပြီဆိုပါတော့လေ။

ဆက်ရန်
.

3 comments:

Anonymous said...

Thank you ahma. My five-year-old daughter also says " ma kyaung thwar buu' whenever she doesn't want to go to school.LOL.

Anonymous said...

ဖတ်ရင်းဖတ်ရင်း အဒေါ်ကြီး (ဒေါ်ပတ္တမြားခင်)သူ့စာထဲမှာ ပရိသတ်ကို ပိပိရိရိ ထည့်ပေးနေတဲ့ message ကို ရိပ်မိလာသဗျ။ သူက စာဖတ်သူတွေကို ဘုရားတရားလဲ ကိုင်းရှိုင်းစေချင်တယ်၊ လောကဓံကို အရှုံးမပေးဘဲ ကြံ့ကြံ့ခံတဲ့စိတ်တွေလဲ မွေးစေချင်တယ်၊ ကံဆိုတာ မယုံလို့မရကြောင်း သူ့ဘ၀နဲ့ယှဉ်ပြီး ရှင်းပြချင်သလို ၀ီရိယလဲ ထားကြစေချင်တယ်။ ဒါကို အတုံးလိုက်အတစ်လိုက် ပညာပေးဆောင်းပါးလို ပလိန်းကြီး မရေးဘဲ ရသလေးနဲ့ ပါးပါးလေး လုပ်သွားတာ။ တတ်လဲ တတ်နိုင်တဲ့ အဒေါ်ကြီးပဲ။ :)

Anonymous said...

အရမ်းးးကောင်းတာပဲ..အမရာ...။
ကျနော့် ချစ်ချစ်လဲ တခါတလေ သူနဲ့စကားပြောရင် ရီရတယ်... ဒါတောင် ဒီဖက် ၅နှစ်မှာ တော်တော် မြန်မာစကားတိုးတက်လာတာ...
သူ့စာတွေ ဖတ်ရတာ... အရမ်းအားရတာပဲ...
မြတ်နိုး