Wednesday, October 31, 2012

ခါးရှားဒင်းအောင် ၏ ခရီးသွားဖော်, အပိုင်း (၁၁)

ထိုဒေသ ထိုကာလ ထိုသူတို့၏ဘဝ

ခေါ်ဘူဒဲ မြို့သူမြို့သားများသည် နေမင်း၏ ရောင်ခြည်ကို မမြင်ရသည်မှာ လနှင့်ချီရှိပြီ။ တိမ်သလ္လာများသည် မြို့ ကို ဖုံးအုပ်ထားပြီး မိုးစက်ကလေးများအဖြစ် ဘ၀ပြောင်းကာ မြေကြီးပေါ်သို့ ကြွေ ကျနေသည်။ မိုးသည် အဆက်မပြတ် ရွာချနေသော်လည်း ''ရွာသော်လည်းမိုးမသည်း'' အစားထဲကဖြစ်၏။ မိုးရေဒလဟော သွန်ချလျှင် ခဏချင်း ကုန်ခမ်းသွားမည်စိုးသည့်အလား ဖြည်းဖြည်းချင်း ဇိမ်ဆွဲ၍ ယိုကျနေ သည်။ ယနေ့ မြို့လမ်းများပေါ် လူသူ သွားလာမှု ကင်းမဲ့နေသည်။ မြို့သည် ပကတိငြိမ်သက်လျက် ရှိ၏။ သို့သော် နားအာရုံဆန့်လိုက်လျှင် မနီးမဝေး အိမ်များဆီမှ ရယ်မောသံလေးများ၊ ၀ိုင်းဖွဲကတွတ်ထိုးသံလေးများကြားရသည်။

သို့ဖြစ်လျှင် မြို့သူမြို့သားများ ဘယ်သွား ဘာတွေများလုပ်နေကြပါသနည်း။ ရုံးပိတ်ရက်များတွင် ၀န်ထမ်း များ က အသိမိတ်ဆွေချင်း ၀ိုင်းဖွဲ့ကြမည်။ ယမကာ တတ်နိုင်လျှင် ယမကာဝိုင်းဖွဲ့မည်။ ယမကာ မတတ် နိုင်လျှင် မီးဖို ပတ်ကာ ၀ိုင်းထိုင်၍ ပြောင်းဖူးပေါက်ပေါက်ဆုပ် လုပ်စားကြမည်။
ပြောင်းဖူးပေါက်ပေါက်ဆုပ် လုပ်စားသည့် နည်းကလည်း ပျော်ဖို့ကောင်းပါသည်။ မီးဖိုပတ်လည် ၀ိုင်းထိုင် ကြမည်။ ပထမပြောင်းဖူးခြောက်ကို အစေ့ချွေပြီး ဘယ်လက်ဝါးဆန့်သလောက် ဆုပ်ကိုင်ထားပါ။ ညာလက် ဖြင့် အထူးပြုလုပ် ထားသော ၀ါးမီးညှပ်ကိုင်ထားပါ။ ပြီးလျှင် မိမိရှေ့တည့်တည့် မီးဖိုထင်းချောင်းကြား လက်ဝါးလောက် ပြာပူ ကို ညီအောင် မီးညှပ်ဖြင့်ညှိထားပါ။ ပြီးလျှင် ပြောင်းစေ့ ၂၀ လုံးခန့် အသာချပြး မီး အပူပေး ထားပါ။ ခဏကြာလျှင် မီးညှပ်ဖျားဖြင့် မီးဖိုအလယ်မှ ပြာပူညှပ်ယူပြီး ပြောင်းစေ့များပေါ် အုပ်လိုက် ပါ။ ထိုအခါ မီးဖိုပတ်လည် တိုက်ပွဲငယ်အလား၊ တဖောင်းဖောင်း ပေါက်ကွဲသံနှင့် အတူ ဖြူဖြူဖွေးဖွေး ပေါက် ပေါက်ဆုပ် များခုန်ထွက်လာပါလိမ့်မည်။

ဤအချိန်တွင် လက်လျင်ဖို့ လိုသည်။ လျင်မြန်စွာ မီးညပ်ဖြင့် ကောက်ယူရမည်။ သို့မဟုတ် လျှင် ပေါက်ပေါက်ဆုပ် များ မီးကျွမ်းသွားမည်။ တချို့ ပေါက်ပေါက်ဆုပ်များက တော့တစ်ဖက်သား ဧ၇ိယာသို့ ခုန်ကူး တတ်ပြီး တချို့ကျတော့ မီးဖိုအလယ် ဗဟိုသို့ ခုန်ချပြီး ခဏချင်း ပြာဘ၀သို့ လျင်မြန်စွာ ကူးပြောင်း သွားကြသည်။
အကယ်၍ သင့်ဘေးတွင် ကညာပျိုရှိနေ၍ သင့် ပေါက်ပေါက်ဆုပ်သည် သူမ၏ဧရိယာသို့ ခုန်ထွက်သွားလျှင် ဒါငါ့ဟာဟု လျင်မြန်စွာ ညှပ်ယူပြီး သူ၏ မျက်နှာကို ကြည့်လိုက်လျှင် သူမ၏ တုန့်ပြန်လာသည့် အပြုံးသို့မဟုတ် စကားလုံးများသည် သင့်အား ထိုတစ်နေ့တာ၏ ပျော်ရွှင်ကြည်နူးမှုရရှိစေမည်ဖြစ်ပါသည်။
ဤသို့ ၀ိုင်းဖွဲ့ ပေါက်ပေါက် ဆုပ်လုပ်စားလျှင် လက်လည်းလှုပ်၊ ပါးစပ်လည်း လှုပ်၊ မီးလည်းလုံပြီးသားဖြစ်၍ မည်မျှပင် ခိုက်ခိုက်တုန်ပါစေ ခဏချင်း နွေးထွေးလာစေပါသည်။
ဂင်ရန်လီ သည် ရုံးပိတ်ရက်ဖြစ်၍ အိမ်တွင်အောင်းနေသည်။ တစ်မြို့လုံးမြူတွေ အုပ်ဆိုင်းနေသည်။ မှန်ပြူတင်း တံခါးမအပြင်ဘက် လှမ်းကြည့်တော့ သိပ်သည်းလွန်းသည့် မြူနှင်းတွေကြောင့် မည်သည့်အရာမျှ မမြင်ရ။

တစ်နေကုန် တစ်ယောက်တည်းနေရ၍ ပျင်းရိလာပြီ။ သူသည် မည်သူ့အိမ် ဘယ်သူ့ထံ သွားလည်ရလျှင် ကောင်းမည်နည်းဟု ဦးနှောက်ကစားလိုက်သည်။ ဟုတ်ပြီ၊ သူ့ဆီသွားမည်ဟု ဆုံးဖြတ်ကာ အနွေးထည်ဝတ်၊ ထီးဆောင်း၍ ထွက်လာ၏။
အပြင်ထွက်ာကည့်တော့ ရှေ့တစ်လံကျော်လျှင် ဘာမျှ မမြင်ရ။ တစ်မြို့လုံးကို ဖြူညစ်ညစ်အရာတွေက လွှမ်းခြုံ ထားသည်။ အကယ်၍သာ ခုမှ ထိုနေရာ၌ ရောက်နေသော လူတစ်ယောက်ဖြစ်ပါက မည်သည့် ဘက်သို့ ခြေလှမ်းရမည်ကို ပင် သိမည်မဟုတ်။ သို့သော် ဂင်ရန်လီက မည်သည့်ဘက်တွင် မည်သူ့အိမ် ရှိသည်ကို သိထားပြီ။ မြူနှင်း ဘယ်လောက်ထူပါစေ။ မြူနှင်းတို့၏ သဘောမှာ မိမိရွေ့လျှင် သူတို့ရွှေ့သွားတယ် ထင်ပါရဲ့။ ကြည့် ဘာမှ မမြင်ရသည့်နေရာသို့ တိုးသွားရာ ရှေ့တစ်လှမ်းတော့မြင်ရပြီ။
ဤသို့ တရွေ့ရွေ့နှင့်သွားရာ သူ့အိမ်သို့ ရောက်သွား၏။ အိမ်သည် တိတ်ဆိတ်၍နေ၏။ သူ ရှိများရှိနေပါ့ မလား ဟု ဂင်ရန်လီ ရင်ထိတ်နေသည်။ အိမ်မကြီးတံခါးအသာဖွင့်ပြီး မီးဖိုဆောင်ဘက်သွားရာ သူ့အား မီးဖိုဘေးတွင် ထိုင်နေသည် ကိုတွေ့ရသည်။ ဟန်ကျပြီ၊ ဂင်ရန်လီဝင်လာသည်ကိုတွေ့၍ သူက " လာ လာ ငါ့ညီ၊ ငါ့ညီလာတာ နဲ့အတော်ပဲ" ဟုဆိုကာ မီးဖိုဘေးတစ်နေရာ၌ နေရာပြပေး၏။ သူ့ရှေ့မီးနားတွင်ကား ပုလင်း တစ်လုံးထောင်ထားသည်။

" သိပ်အေးတယ် ငါ့ညီရယ်၊ ဒီတော့ နည်းနည်းပါးပါး လုပ်ရအောင်၊ ဒီမှာ အေးလွန်းလို့ မီးကင်ထားတယ်" ဟု ဆိုကာ ပုလင်း ကို ပြလေ၏။ အင်း ပုလင်းဟာ အရက်နဲ့ တူပါရဲ့၊ဘယ်နှယ့်ဗျာ၊ အရက်ကို မီးကင်သောက် ရတယ်လို့ ဟု စိတ်ထဲတွင် ဘ၀င်မကျဖြစ်နေ၏။ " အောက်အရပ်မှာတော့၊ အရက်သောက်ရင် ရေခဲရှာရတယ် မဟုတ်လား ငါ့ညီ ရဲ့၊ ဒီမှာတော့ ရေခဲဖိုးသက် သာတယ် ဟီးဟီး" ဟု ရယ်လေသည်။ သူ့တပည့်သည် သူတို့ အား အမြည်းလုပ်ပေး၏။ ဟင်၊ လတ်လတ်ဆတ်ဆတ် အသားပါလား"အစ်ကိုကြီး အဲဒါက ဘာအသားလဲ" ဟု အံ့သြစွာမေးလေ၏ ဤမြို့၌ အသားစိမ်းစားရသည်မှာ အထူးအဆန်းတစ်ခုဖြစ် သည်။ သုံးလေးလတစ်ကြိမ် အသားစား ရဖို့မလွယ်၊ မင်္ဂလာဆောင်ရှိပါမှ၊ အိမ်သစ်တက်ရှိပါမှ အိမ်မွေးတိရစ္ဆာန် ၀က်သား၊ နွားနောက်သား စားရသည်။ ထိုပွဲများသည် လည်း တစ်နှစ်တစ်ကြိမ် ကြုံဖို့မလွယ်၊ ငါးဆို ရှားမှရှား။

မိုးတိမ်ကင်းစင်သောနေ့ များတွင် ခေါ်ဘူဒဲမြို့မှ အရှေ့တောင်ဘက်ငုံ့ကြည့်လိုက်လျှင် "အင်မိုင်ခ" မြစ်ကို မြို့၏ အောက်ချိုင့်နှစ်မိုင် ခန့်မှာ ပြာမှိုင်းမှိုင်းအရောင်ဖြင့် လဲလျောင်းနေသည်ကို မြင်ရမည်။ သေချာ ဂရုစိုက် နားထောင် ပါက ရေလုံးများ ကျောက်ဆောင်ကျောက်ကမ်းပါးများကို ပွတ်တိုက်စီးဆင်းသံကို သဲ့သဲ့ကြားရ မည်။ သို့သော် ထိုမြစ် မှ ငါး တစ်နှစ် တစ်ကြိမ် မစားရပါ။ တချို့ ကလေးများ ငါး ပင်မမြင်ဖူး။ ဟိုတရားသူကြီး ဦးအဆင် လာပေးတဲ့ချေသားလေ၊ မနေ့ည သူ့အိမ်က အသံတစ်ချက် တစ်ချက် ကြားရတယ်။ ကျုပ် လည်း တောကောင် ရလာပြီလို့တော့ ထင်ပေမယ့် ချမ်းလွန်းလို့ မသွားဖြစ်ဖူး" ဟု ဦးအဖူးက ပြောပြ၏။ ဂင်ရန်လီ ၏ အစ်ကိုကြီးဆိုသူမှာ အခြားသူမဟုတ်။ သူ၏ရုံးအကြီးအကဲလည်းဟုတ်၊ ကျောင်းနေဘက် သူငယ်ချင်း လည်း ဟုတ်သူ ဦးအဖူးဖြစ်သည်။ သူတို့သည် မီးကင်ထားသော ပြောင်းဖူးအရက်နှင့် ချေသားကို မီးလှုံရင်း ဇီမ်ခံ၍ စားသောက်ကြ၏။ ထိုအချိန်တွင် -
" ဥက္ကဋ္ဌကြီး၊ ဥက္ကဋ္ဌကြီး" ဟုခေါ်သည့် မိန်းမအသံကိုကြားရသည်။ ခဏတွင်းပင် အသံနှင့်အတူ၊ ဆေးရုံမှ ဆရာမနှစ်ဦး ၀င်လာကြသည်။

" ဥက္ကဋ္ဌကြီးတို့ ဘာတွေစားသောက်နေကြလဲ၊ ကျွန်မတို့တော့ လျှာမြက်ပေါက်တော့မယ် အသားမစားရတာ လနဲ့ချီပြီ" ဟု ဆိုကြ၏။
" ထိုင်ကြပါ ဆရာမကြီးတို့၊ ဟဲ့ ငါ့တပည့် အိုးထဲက မင်းအတွက် နည်းနည်းချန်ထားပြီး ဆရာမကြီး တို့ကို ကျွေးလိုက်" ဟု အမိန့်ပေးလေသည်။ ဦးအဖူးသည် အရေးအကြောင်းရှိက ပြဿနာဖြေရှင်းရန် ဆိတ်မွေး ထား သည်။ ကြက်လည်း မွေး၏။ " ကဲ ကဲ ဆရာမတို့ ဒီလောက်တောင် တောင်းဆိုမှာတော့မနက်ဖြန် ဆိတ် တစ်ကောင် ပေါ်မယ်" ဟု ဆို လိုက်ရာ ဆရာမနှစ်ဦးက " ဒါမှ ငါတို့ဥက္ကဋ္ဌကြီးကွ" ဟု ပြိုင်တူဆိုကြ၏။ သူတို့ သည် ချေသား ကို ရေနွေးကြမ်းဖာ့ခါးနှင့် မြည်းပြီး ထိုအိမ် မှ ပျော်ရွှင်စွာ ထွက်ခွာသွားကြသည်။ ဦးအာဖူးနှင့် ဂင်ရန်လီ သည် မီးကင်အရက်နှင့် ချေသားစည်းစိမ်ကို ဆက် ခံစားနေကြသည်။ ဟိုအကြောင်း ဒီအကြောင်း ပြောကြသည်။ ဦးအာဖူး သည် စကားဖြတ်ပြီး ဂင်ရန်လီအား " ငါ့ညီ ဦးအဆင အကြောင်း ပြောပြ မယ်" ဟု ဆိုကာ အောက်ပါအတိုင်း ပြောပြ လေသည်။

ဦးအဆင် သည် ခေါ်ဘူဒဲမြို့ ၏ အရှေ့တောင်ယွန်းယွန်းအင်မိုင်စမြစ်၏ အရှေ့ဘက်ကမ်းရှိရွာတွင် မွေးဖွား လာသူဖြစ် ၍ ပတ်ဝန်းကျင်တစ်ဝိုက်တွင် တောကျွမ်းသည်။ မည်သည့်လျှိုမြောင်တွင်၊ တောင်စောင်း များ တွင် မည်သည့် သတ္တ၀ါရှိသည်ကို သိသည်။ ထို့ကြောင့် ရုံးပိတ်ရက်များတွင် တောလိုက်ထွက်တတ်သည်။ သူ့တွင် အမဲလိုက်ခွေး လည်း ရှိသည်။ ကံကောင်းထောက်မ၍ ချေတစ်ကောင်လောက် ရလျှင် မြို့ရွာမပြန်။ တောထဲ မိုးချုပ်သည် အထိနေသည်။ မိုးချုပ်၍ လမ်းသွားလမ်းလာမရှိမှ ချေကို ကျောပိုးထမ်း၍ အိမ်ထဲတိတ်တဆိတ် ၀င်လာသည်။ ပြီးတော့ ချေကို မီးဖိုဆောင်သို့ ယူမသွား၊ သူတို့၏ အိပ်ခန်းသို့ယူလာ သည်။ အိပ်ခန်း ဆိုသော်လည်း အေးသည့်ဒေသဖြစ်၍ လေးဒေါင့်ပုံမီးဖိုရှိသည်။ ချက်ပြုတ်၍ရသည်။
သူသည် ကန့်လန့်ကာချ၊ တံခါးပိတ်ပြီး ချေကို ဖျက်တော့သည်။ ချေကိုဖျက်တော့ အရိုးခုတ်ရန် လိုလာ သည်။ အရိုး ကို အဆက်မပြတ်ခုတ်က အသံထွက်မည်။ အသံထွက်က အိမ်နီးနားချင်းများသိကုန်မည်။ ဒီတော့ သူ ဘာလုပ် သနည်း။ အရိုးကို စဉ်းတီတုံးပေါ်တင်၍ တစ်ချက်တည်း ပြတ်အောင်ခုတ်သည်။ ပြီးတော့ ရေနွေးကြမ်းသောက်၊ ဆေးလိပ်ဖွာ ငါးမိနစ်လောက် နားသည်။ နောက်တစ်ချက် ခုတ်သည်။ နား ပြန် သည်။ ဤနည်းဖြင့် အိမ်နီးချင်းတို့ မရိပ်မိတော့။ ထိုညအဖို့ သူ့မိသားစုတစ်စုတည်း အသားကို ၀အောင် စားကြသည်။

နောက်နေ့နံနက် အိမ်နီးချင်းများမိတ်ဆွေရောင်းရင်းများကို ၁၀ သား ၁၅ ကျပ်သားစီ လိုက်ဝေငှပြီး နှုတ်မှ လည်း မနေ့က ခွေးလောက် ချေတစ်ကောင်ရသည်။ တောထဲ ဖျက်ခဲ့သည်။ ညနက်မှ အိမ်ပြန်ရောက်သည် ဟု ယုတ္တိရှိရှိ ပြောပြသည်။ မိတ်ဆွေ သူငယ်ချင်း အိမ်နီးချင်းများကလည်း ရတောင့်ရခဲသည့် ချေသားတစ် ဖဲ့တစ်ဖတ်စားရလည်းမနည်းဟု ကျေနပ်ကြကြောင်း ရှည်လျားစွာ ပြောပြလေသည်။ ဂင်ရန်လီက "ဒီလိုလုပ် တဲ့ အကြောင်း အစ်ကိုကြီး ဘယ်လိုလုပ်သိသလဲ" ဟုမေးရာ " လွန်ခဲ့တဲ့နှစ်က ကျုပ် သူ့အိမ်အလည်သွားရင်း မိသွားတယ်လေ၊ အိပ်ခန်းဆီက ထူးခြားတဲ့ အသံကြား လို့ အိမ်ထဲ မ၀င်ဘဲ ထရံ ပေါက်က ချောင်းကြည့်တော့ လားလား အိပ်ခန်းတံခါးပိတ်ပြီး ချေဖျက်နေတာကိုး၊ ဒါနဲ့ ကျုပ်လည်း သူ့လုပ် ပုံကိုင်ပုံကြည့်ပြီး အသံမပြုဘဲ ထွက်လာခဲ့တယ်။ နောက်နေ့တော့ ခုလိုပဲ တစ်တွဲရတာပေါ့" ဟု ပြောပြလေ သည်။

ဂင်ရန်လီသည် ဦးအဆင်အိမ်ရောက်ဖူးသည်။ သူ့တွင် စုစုပေါင်း သားသမီးရှစ်ယောက်ရှိသည်။ အကြီးဆုံးက ၁၃ နှစ်တဲ့။ လေးဒေါင့်ပုံမီးဖိုဘေးတွင် ၀ိုင်းထိုင်နေကြသည်။ ဦးအဆင်သည် မင်္ဂလာဆောင်ပွဲ မှ ရလာသည့် အသားတုံးများကို လှီးဖြတ်၍ သူ့ကလေးများအား ဝေငှကျွေးမွေးနေသည်။
ဤနေရာတွင် ထိုဒေသ လီဆူများ၏ မင်္ဂလာဆောင်ပွဲအကြောင်း ပြောပြလိုပါသည်။ လက်ထပ်မင်္ဂလာကိစ္စ အထူးပြော၇န်မရှိသော်လည်း ဧည့်ပရိသတ်များအား ထမင်းဟင်း ဝေငှပုံမှာ ထူးခြားသည်။ တစ်ဦးခြင်းမပေး။ တစ်အိမ်ထောင် မိသားစုတစ်ပန်းကန်သာရမည်။ ပန်းကန်ဆို၍ သေးသေးသောသောဟု မမှတ်လိုက်ပါနှင့်။ ဆန်ပြာသည့် စကောလောက်နီးနီးရှိသည်။ ထိုစကော သို့မဟုတ် ကွမ်းကလပ်လို ပုံစံခြင်း ကြီးတွင် ငှက်ပျောရွက် သို့မဟုတ် ဖက်ရွက်ခင်းသည်။ ပြီး ထမင်းပုံမှန် ပန်းကန် ၁၀ လုံးစာ ထည့်သည်။ ထမင်းပေါ်တွင် ၂၀ ကျပ် သားခန့် အသားတုံးလေးတုံးထည့်ပြီး ဝေငှပေးသည်။ ထိုအရာကို "စာဘာ" ဟုခေါ်သည်။ " စားပွဲတော်စကော" ဟုဘာသာပြန်ရမည် ထင်သည်။

မင်္ဂလာပွဲသို့ တစ်အိမ်သားလုံးကြွချီရင်လည်း ထို " စားပွဲတော်စကော" တစ်ခုသာ ရမည်။ တစ်ယောက် တည်း လာလည်း " စာဘာ" တစ်ခုရမည်။ ရပ်ဝေးသို့မဟုတ် အခြားရွာမှ လာသော ဧည့်သည်မျးကို မင်္ဂလာ အိမ်နီးဝန်းကျင် အိမ်များတွင် နေရာချပေးသည်။ တစ်ယောက်တည်းသမားသည် ထို"စားပွဲတော်စကော" တစ်ခုကုန်အောင် မစားနိုင်ပါ။ ဒီတော့ ဘာလုပ်ကြသနည်း။ အိမ်ရှင်က ဧည့်သည်၏ ခေါင်းရင်းတည့်တည့် ထရံတွင် ချိတ်တစ်ခုစီ ပြုလုပ်ထားပေးသည်။ စားမကုန်သော အသားတုံးများ ကို ကြိုးနှင့်သီ၍ ချိတ်ဆွဲထား ရန်ဖြစ် သည်။
အခြားရွာမှလာသော ဧည့်သည်များသည် အနည်းဆုံး နှစ်နပ်စားပွဲတော်စကော ရမည်။ တစ်ခါတစ်ရံ မင်္ဂလာ ရက်နေ့လည်စာ၊ ညနေစာနှင့် နောက်နေ့ နံနက်စာပါရမည်။ ဒီတော့ တစ်ယောက်တည်းလာသူ အဖို့ စားမကုန် သည့်ထမင်းနှင့် အသားတုံးကြီးများထမ်း၍ အိမ်အပြန်ခရီး လှပနေတော့သည်။

အသားတုံးဟင်းချက်ပုံ ပြောရန် ရှိသေးသည်။ ၀က်သို့မဟုတ် နွားနောက်ကိုဖျက်၊ ၁၅ ကျပ်သား ၂၀ ကျပ် သားခန့်ရှိအောင် ခုတ်၊ အူအသည်း ကလီစာမျးကို သန့်စင်ပြီး ခုတ်ဖြတ်။ ပြီးလျှင် ဒယ်အိုးကြီး ထဲတွင်ထည့်၊ ရေနှင့်ပြုတ်။ ကိစ္စပြီးပြီ၊ ဆားမထည့်ပါ။ ဤမျှလွယ်သည်။ ကျက်လောက်ချိန်တွင် ဟင်းပြုတ်ရည် များကို ၀ါးကျည်ထောက်ထဲထည့်ပြီး ဝေငှသောက်ကြသည်။ ဂင်ရန်လီ ထိုဆားမဲ့ စွပ်ပြုတ်ရည် ကို သောက်ဖူးသည်။ ချိုဆိမ့်ဆိမ့် ရှိသည်။ ကမ္ဘာကျော် ငါးမန်းဆူးတောင် စွပ်ပြုတ်မသောက်ဖူးသော်လည်း ထိုအမဲစွပ်ပြုတ် ကို မှီမည်မထင်ပါ။ မည်သည့်အနံ့ထွက်သည်ကိုတော့ သဘောထားတိုက်ဆိုင်မည်မဟုတ်၍ မဖော်ပြတော့ ပါ။
အရည်သောက်ပြီးဖြစ်သည့် ထိုဆားမဲ့အသားတုံး၏ အရသာမည်သို့ရှိမည်ကို ခန့်မှန်းလို့ရပြီ ထင်ပါသည်။ တချို့ အတွေ့အကြုံရှိသူ မြို့ပေါ်က လူလည်ဝန်ထမ်းများသည် ဆားကိုလျှို့ဝှက်၍ ယူလာတတ်ကြသည်။ ထမင်းစားချိန် အသားတုံးကို ပါးပါးလှီးဆားနယ်မီးကင်ပြီး ထမင်းနှင့် လွေးရန် ဖြစ်သည်။ မင်္ဂလာပွဲပြီးလျှင် မကုန်ထမင်း၊ မကုန်ဟင်း အသားတုံးထမ်းပြီး အိမ်ပြန်ကြသည်။ ဤရှားပါးဒေသတွင် ထိုအသားတုံးများ၏ တန်ဖိုး ကား ကြီးမားလှသည်။ အသားက အသားပဲလေ။

ကျောင်းအုပ်ဆရာကြီး ဂျိန်းသည် ၀က်သားတစ်တွဲရလာ၍ပျော်နေသည်။ ဤဒေသမိသားစုတစ်စု တစ်နှစ်  ၀က်တစ်ကောင် ပေါ်ဖို့မလွယ်၊ အေးလွန်းသည့်ပြင် ၀က်စာရှား၍ တစ်နှစ်မွေးမှ ပိဿာ ၂၀ ခန့်သာရှိသည်။ ယခုဆရာကြီးသည် ၀က်သားတစ်ပိဿာကြီးများတောင် ရလာပြီ။ ၀န်ထမ်းတစ်ဦးနှစ်ချီမွေးထားသော ၀က် ပေါ်၍ရသောအသားဖြစ်သည်။ ဆရာကြီးသည် ဤအသားတစ်ပိဿာအား တစ်ခါချက်နှစ်ကျပ်သားခန့် ဆရာတပည့်နှစ်ဦး တစ်လခန့်မျှဉ်း၍ စားမည်။ ၀က်သားဆိုတော့ ဆီလည်းသက်သာမည်ဟု တွေးကာ ပီတိ ဝေဖြာ လျက်ရှိသည်။ အိမ်ရောက်လျှင် သူ့တပည့်ကြီး (၁၆)နှစ်အရွယ် ငါးတန်းကျောင်းသားအား အပ်ထား လေသည်။

သူသည် ကျောင်းပိတ်ရက်ဖြစ်၍ ၀န်ထမ်းမိတ်ဆွေအပေါင်းအသင်းထံ သွားလည်သည်။ ညနေထမင်းစားချိန် ဂင်ရန်လီ အား အလည်ခေါ်ပြီး အိမ်ပြန်သည်။ သူသည် မီးဖိုချောင်ဝင်ပြီး သူ၏ ၀က်သားတွဲကို ဦးစွာရှာ၏။ " ဟိုက် " ၀က်သားတွဲ မတွေ့ပါလား။ ခွေးများဆွဲသွားပြီလားဟု ရင်ထဲက ထိတ်ခနဲ ခံစားလိုက်ရသည်။ ရှာမတွေ့တော့၍ တပည့်အား " ဒီမှာ ငါ့တပည့် ၀က်သားတွဲကော" ဟု မေး လေ၏။ " ဆရာ ကျွန်တော် အားလုံး ချက် လိုက်ပြီ" ဟု ဖြေလေသည်။ ဆရာကြီး၏ နှလုံးအိမ်ထဲ ဒိန်းခနဲ မြည်ဟီးသွားသည်။ ဟင်းအိုးဖွင့်ကြည့်တော့ ဖြစ်သလို ခုတ်ထစ်ပြီး ချက်ထားသည်ကို တွေ့ရ၏။ ငါးဆယ် သားချက်ခန့်သာ ကျန်တေ့သည်။

" ငါ့တပည့်ရာ ဘာဖြစ်လို့အားလုံး ချက်လိုက်သလဲ ငါက အသားနည်းနည်းနဲ့ ဟင်းသီးဟင်းရွက် ရောချက် စား မလို့ ခုတော့ကွာ ... " ဟု စိတ်ပျက်စွာ ညည်းလေသည်။ ထိုအခါ သူ့တပည့်ပြောလိုက်ပုံက " ဆရာကြီး ရှိတစ်ခါစား မရှိတစ်ခါမစား" တဲ့ ဆရာဂျိန်း၏ ပါးစပ်အဟောင်းသားပွင့်သွားပြီး တပည့်ဖြစ်သူအား စေ့စေ့ ကြည့်လေ၏။
" ငါ့တပည့် မင်းပြောလိုက်တဲ့ ဗမာစကား ဆရာ တစ်ခါမှ မကြားဖူးဘူး၊ ဘာတဲ့ ရှိတစ်ခါစား၊ မရှိတစ်ခါမစား၊ ဟုတ်လား " ဟုပြောပြီး " မင်းက ဗမာကိုတောင် ကောင်းကောင်းမြင်ဖူးတာမဟုတ်ဘူး မင်းရဲ့ ဗမာစကားက မှတ်သားလောက်ပေတယ်။ ဆရာ တစ်သက်လုံး မှတ်ထားပါ့မယ်၊ မင်း ဒီနှစ်မြန်မာစာ ဂုဏ်ထူးထွက်မယ်" ဟု မကျေမချမ်းနှင့် ချီးမွမ်းခန်းဖွင့်ဆိုလေသည်။ တပည့်ကြီးကတော့ ရှိတစ်ခါစား ငါးဆယ်သားခန့်ဝါးပြီ။

ဦးဂင်ရန်လီသည် တန၈င်္နွေနံနက်တစ်ခုတွင် ဒေသခံ လူကြီးဦးဖုန်းဇီးခင်ထဲ အလည်သွားလေသည်။ သူသည် မီးဖိုဘေးတွင် ထိုင်ကာ တစ်စုံတစ်ခုလှော်နေသည်။ ဂင်ရန်လီက " ဦးဖုန်ဇီးခင် အဲဒါဘာလဲဗျ" ဟု မေးရာ ဦးဖုန်ဇီးခင်က " အူလိုင် လေ၊ မနက်စာအတွက် လုပ်နေတယ်" ဟု ဖြေလေသည်။
ဤဒေသတွင် အူလိုင် သည် အဒိကအစားအစာတစ်ခုဖြစ်သည်။ တချို့ ဆန်ထမင်းကို ရံဖန်ရံခါမှသာ စားရ သည်။ အူလိုင်၊ ပြောင်း၊ ထုပ်၊ ကွာများကို စားကြ၏။ အူလိုင်ကို အူလိုင်ပင်ခေါ် မင်းဘောပင်မှရသည်။ ဂင် ၇န်လီ " ဒါနဲ့ အူလိုင်ဝယ်တာလား၊ ကိုယ့်ဟာကိုယ် လုပ်ယူသလား" ဟု စပ်စုကြည့်သည်။ " ကျွန်တော် ကိုယ်တိုင် လုပ်တာ ကျွန်တော့် မိဘဘိုးဘေးများ စိုက်ထားတာ တစ်တောလုံး တစ်တောင်လုံး ရှိတယ်။ ခုခေတ် စကားနဲ့ပြောရင် ကျွန်တော့် ဘိုးဘေး များ အမျှော်အမြင်ကြီးတာပေါ့လေ၊ သူတို့ အူလိုင်ပင်စိုက်ထား လို့သာ ကျုပ်မိသားစု ခုလို အသက် ဆက်နေနိုင်တာပေါ့" ဟု မိဘဂုဏ်ကျေးဇူး ကို ထုတ်ဖော်လေသည်။

ဂင်ရန်လီက "ဦးဖုန်ဇီးခင် စပ်စုတယ်လို့တော့ မအောက်မေ့ပါနဲ့၊ အူလိုင် ထုတ်ယူပုံပြောပြပါလား" ဟု စပ်စု ပြန်၏။ " နည်းနည်းတော့ခက်တယ်၊ ဦးစွာ လူတစ်ဖက်စာရှိတဲ့ အူလိုင်ပင်ရဲ့ ပင်စည်ကို ဆောက်နဲ့ အနည်း ငယ်ထွင်းပြီး အထဲကအသားကိုယူ၊ ပြီးတော့ ရေဆွတ်ပြီး လက်ဖ၀ါးပေါ်တင်၊ ပြီးတော့ လက်ညှိုးနဲ့ ပွတ်ကြည့်။ လက်ဖ၀ါးမှာ အူလိုင်မှုန့်ဖွေးဖွေးလေးကပ်နေရင် အဲဒီအပင် အူလိုင်မှုန့်ထုတ်လို့ရပြီ။ ထုတ်လုပ်ပုံကိုတော့ ပါးစပ်နဲ့ပြောပြရင် နားရှုပ်သွားမယ်။ ဒီတော့ တစ်နေ့ အူလိုင်ထုတ်တဲ့နေရာ ခေါ်သွား မယ်" ဟု ဆိုလေသည်။
ဂင်ရန်လီ သည် ယခင်ကလည်း အူလိုင် တွေ့ဖူးစားဖူးသည်။ အူလိုင်မှုန့်သည် ဂျုံမှုန့်ထက် ပိုညက်သည်။ ရေနွေးပူပူနှင့် ရောမွှေလျှင် ပျစ်ပျစ်ကျိုထားသည့် သာကူစေ့ကော်ရည်နှင့်တူသည်။ မီးဖုတ်စား၍ရသည်။ နံပြားလုပ်၍ရသည်။ အူလိုင်မှုန့်အပြင် ထုပ်နှင့် ကွာခေါ်အစားအစာများရှိသည်။ ထုပ်ကို သစ်မင်းပင်မျိုးကွဲ တစ်မျိုးမှ ထုတ်ယူရရှိသည်။ ကွာမှုန့်ကို ပန်းဂျုံပင်မှရသည်။ ကချင်ဘာသာအားဖြင့် ရှရိမမ် (Shari mam) ဟု ခေါ်သည်။ တောချဉ်ပေါင်စပါး ဟု အဓိပ္ပ္ပာယ်ရသည်။

ဂင်ရန်လီသည် ဦးဖုန်ဇီးခင် တည်ခင်းသော အူလိုင်နံပြားနှင့်ဖာ့ခါးခေါ် လက်ဖက်ရေနွေးကြမ်းနှင့် မျိုချလေ သည်။ သူက " ဦးဖုန်ဇီးခင်၊ ခင်ဗျား လှေကားထစ်လယ်မလုပ်ဘူးလားဗျာ၊ ဒီဒေသမှာ လှေကားထစ်လယ်က အသင့်တော်ဆုံးမဟုတ်လား" ဟုမေးသည်။ ဦးဖုန်ဇီးခင်က " တစ်ဝက်လောက်တော့ လုပ်ထားတယ် လက်ဖော်ဖို့က မလွယ်ဘူးလေ။ နိုင်ငံတော်က ဖွံ့ဖြိုးရေးချပေးရင်တော့ တိုးချဲ့ဖို့ စိတ်ကူး ထားတယ်။ တစ်နေ့မှာတော့ ကျုပ်ရဲ့ မိသားစု ကျုပ်ရဲ့ဘ၀ ရည်မှန်းချက်ပါပဲဗျာ" ဟု ဘ၀ရည်မှန်းချက်ကို ပြောပြလေသည်။ ဂင်ရန်လီသည် အူလိုင်နံပြားနှင့် ဖာ့ခါးစားသောက်ပြီး ဦးဖုန်ဇီးခင်၏ အိမ်မှ ထွက်သွား လေသည်။ ထိုမျဆက်၍ ဆရာဝန် ဦးကျော်အိမ်သွား၏။

မီးဖိုချောင်ဘက်မှ အသံဗလံ ကြားရသည်။ ဒီတော့ ဆရာဝန် ထမင်းဟင်းချက်နေပြီဆိုတာ ဂင်ရန်လီ သိ လိုက်ပြီ။ ဆရာကျော်သည် ဆေးပညာသာ ကျွမ်းကျင်သည်မဟုတ်။ ချပ်ပြုတ်ရေးမှာလည်း အိတ်စပတ်ဖြစ် သည်။ လူနာရှားပါးသော ဤဒေသ၏ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော အချိန်တွေကို အိုးခွက်ပန်းကန်များကို အဖော်ပြု၍ ကုန်လွန်စေသည်မှာ အကောင်းဆုံးနည်းလမ်းဖြစ်တော့သည်။
ဂင်ရန်လီသည် ဆးရုံဝန်ထမ်းဇနီးသည်ကို အကြောင်းပြု၍ ဆရာကျော်၏ မီးဖိုနှင့်ကပ်လျက် မီးဖိုတွင် ချက် ပြုတ်စားသောက်ဖူး၏။ ဆရာကျော်သည် ချက်ပြုတ်ပြီဆိုလျှင် ပါးစပ်လည်း အငြိမ်မနေ၊ အမြဲတမ်းသီချင်း ဟစ်လျက်ရှိပြီး ထမင်းစားတူကို ဒရမ်စတစ်လုပ်ကာ အနီးရှိအိုးခွက်ပန်းကန်များကို စည်းဝါးကျကျ ထုနှက် တတ်သည်။ ထိုအခါမျိုးတွင် ဂင်ရန်လီသည်လည်း မိမိအခန်းထဲမှ ကူညီ ထုနှက်ပေးမြဲဖြစ်သည်။ ဆရာကျော် အမြဲသီဆိုသောသီချင်းမှာ လက်သီးဆုပ်မလား လက်ဝါးဖြန့်မလားဖြစ်သည်။ ယခုတော့ ဂင်ရန်လီ၏ ဇနီး ပြောင်းသွားပြီဖြစ်၍ သူသည်လည်း မိခင်ဌာနသို့ ပြောင်းရွှေ့နေရပြီ။

ဂင်ရန်လီ မီးဖိုချောင်သို့ တန်းဝင်ရာ ဆရာကျော်က "ဘယ်ကလှည့်လာသလ ဦးဂင်ရန်လီ" ဟုမေးလေ
 သည်။ " ကျွန်တော်တစ်ယောက်တည်း ပျင်းတာနဲ့ လျှောက်လည်တယ်ဗျာ၊ ခု ဖုန်ဇီးခင်အိမ်က ထွက်လာ တာ သူ့ဆီသွားတော့လည်း ချက်ပြုတ်နေတာ နဲ့ တိုးတယ်။ ဒါပေမယ့် ဆ၇ာ ချက်ပြုတ်တာနဲ့ သူချက်ပြုတ် တာတော့ မတူဘူးပေါ့လေ " ဟု ဖြေလေသည်။ ကြည့်ပါ၊ ဆရာကျော် စတိုခန်းမှာ ရိက္ခာက အပြည့်။ ယခု သူ ကုလားပဲဟင်းနှင့် ပင်လယ်ငါးခြောက်ဆီပြန်ချက်နေလေရဲ့။

နှစ်တွေ ကြာခဲ့ပြီ။ ခေတ်တစ်ခေတ်ပင် ပြောင်းခဲ့ပြီ။ ဂင်ရန်လီသည် နွေဦးရာသီ၏ နေ့တစ်နေ့တွင် အိမ်ရှေ့ သရက်ပင်အောက်တွင် ပက်လက်ကုလားထိုင်ပေါ်ထိုင်၍ မိမိကျင်လည်ခဲ့သော ဒေသများအကြောင်း၊ လုပ်ဖော်ကိုင်ဖက်များ အကြောင်း အတိတ်ကာလ အတွေးကမ္ဘာထဲတွင် လွင့်မျောနေ၏။
ဦးအဖူး၊ ဦးအဆင်၊ ဒေါက်တာကျော်၊ ဆရာဂျိန်း၊ သူတို့တစ်တွေနှင့် ခွဲခွာတာ နှစ်တွေကြာခဲ့ပြီ။ ဦးအဖူး၊ ဦး အဆင်။ ဖုန်ဇီးခင်တို့သည် ခေတ်တစ်ခေတ်နှင့်အတူ ထိုဒေသမှ ပျောက်ကွယ်သွားပြီ။ ဦးအဆင် သည် ဘာ သာရေးဆရာ၊ ဆရာဂျိန်းက တိုင်းအဆင့်၊ ဒေါက်တာကျော်ကတော့ နိုင်ငံတော်အဆင့် ရောက်နေကြပြီ။
သူတို့၏ ပုံရိပ်များသည် ယနေ့ ဂင်ရန်လီ၏ အတွေးကမ္ဘာထဲ တွင် ထူးကဲစွာ ၀င်လာနေသည်။ အထူးသဖြင့် အရက်ပုလင်းမီးကင်နေသော ဦးအဖူး၏ပုံရိပ်သည် သူ့အား ထူးထူးခြားခြား ဆွေးတမြည့်မြည့်ဖြစ်စေသည်။

ထိုစဉ် သရက်ပင်ထက်မှ သရက်ရွက်ဝါ၀ါတစ်ခုသည် သူ၏ နဖူးထိပ်တည့်တည့်ကျလာပြီး တစ်ထောက်နား ကာ ၀မ်းပိုက်ပေါ်သို့ လျှောကျလေ၏။
" အော် မင်းက ငါ့အထက်မှာ စိမ်းမြမြရောင်နဲ့ ငါကို အရိပ်ပေးခဲ့တာခုတော့ ငါ့ဝမ်းဗိုက်ပေါ်မှာ လာတင်နေပြီ ပေါ့" ဟု သံဝေဂသံနှော၍ ရွတ်ဆိုလိုက်၏။
ထိုစဉ် " ဖိတ်စာ၊ ဖိတ်စာဗျို့ အိမ်ရှင်တို့" ဟု ခြံတံခါးဝ အပြင်မှာ အော်သံကြား၍ ပက်လက်ကုလားထိုင်မှ ထကာဖိတ်စာသွားယူ၏။ ပြီးမှ ကုလားထိုင်ပေါ်ပြန်ထိုင်၍ ဖွင့်ဖတ်လေ၏။ " ဦးအဖူး၊ အသုဘရှု" ရင်ထဲ ထိတ်ခနဲ ဖြစ်လာပြီး စိတ်ထဲမှ ဟိုက်၊ ငါ့အစ်ကိုကြီးများလားဟု စိုးရိမ်တကြီး ဆက်ဖတ်လေသည်။ ဟုတ်ပါ သည် ဦးအဖူး ဥက္ကဋ္ဌကြီး ဦးအဖူးအစစ်ပါ။

" သိပ်အေးတယ် ငါ့ညီရယ်၊ ဒီတော့ နည်းနည်းပါးပါး လုပ်ရအောင် ဒီမှာ အေးလွန်းလို့ မီးကင်ထားတယ်" ဟု မီးဖိုနားတွင် ထောင်ထားသည့် ပုလင်းကိုပြသည့် အစ်ကိုကြီး ခုတော့" ဟု စိတ်ထဲရေရွတ်နေ၏။ ဆက်၍ " မနောကောင်း သဘောကောင်း၊ အစဉ်အမြဲ လန်းဆန်းတက်ကြွနေတဲ့ အစ်ကိုကြီးဟာ၊ အရက်မီးကင် သောက်ရန် မလိုတော့သည့် ဘ၀တစ်ပါးဆီ ခြေလှမ်းခဲ့ပြီကော" ဟု ရေရွတ်ကာ အသုဘရှုသွားရန် ပက် လက်ကုလားထိုင်ပေါ်မှ လေးကန်စွာ ထလိုက်လေသည်။

ဆက်ရန်
.

1 comment:

Anonymous said...

ကောင်းလိုက်တဲ့စာ။အရသာရှိတဲ့ပာင်းတခွက်စားလိုက်ရသလိုပါဘဲ။ဆရာ့စာထဲကလိုဆိုရင်တော့ရှားရှားပါးပါးအသားပာင်းနဲ့စားရသလိုမျိုးပေါ့။ကျေးဇူးပါဆရာ