Tuesday, August 28, 2012

မောင်ပေါ်ထွန်း ဘာသာပြန် ရေမြေခြားသော်လည်း, အပိုင်း (၆)

''ဘာလဲ....မင်းက သူ့ဘက်က သူ့ကလေး ပိစိကွေးကလေး အရွယ်ကတည်းကထွက်လာခဲ့တယ်။ အဲဒီ ကတည်းက လုံးဝပစ်ထားလိုက်တယ်။ ခုတော့...ကလေးကို ကျောင်းအပ်ဖို့ ကိစ္စတောင် မောင်က ပြောနေပြီ။ တကယ် ဆိုရင်....မောင်က ဒီလောက်ထိ မစိုးရိမ်သင့်ဘူး။ ဒီကလေး မှာ သူ့အမေ ရှိပါသေး တယ်။ မောင်က မေ့ထားတဲ့ ကာလတွေ တစ်လျှောက်လုံး သူ့အမေက ပြုစုစောင့်ရှောက်လို့ပဲ ဒီအရွယ်တောင် ရောက် လာပြီပဲ'' ''အဲဒါတော့ သေချာပေါက် ပြော လို့ ဘယ်ရမှာလဲ'' ''မောင် ဘာကို ဆိုလိုတာလဲ'' ''ဟာ...လော်ရာ။ ဟိုမှာ....ဒီရေတွေ တက်လာပြီ။ တို့ဆီရောက်လာတော့မယ်'' သို့ဖြင့် နှစ်ယောက်သား ကုတ်အင်္ကျီတွေ ကမန်းကတန်း ကောက်ယူပြီး လက်ချင်းယှက်ကာ ထပြေးလာခဲ့ ကြသည်။ ဒီရေလွတ်သော အပေါ်ပိုင်း သောင်ပြင် တစ်နေရာတွင် ပြန်၍ လှဲအိပ်လိုက်ကြသည်။
ကို ဆက်ဖတ်ရန်...........................................

သို့ဖြင့် နှစ်ယောက်သား ကုတ်အင်္ကျီတွေ ကမန်းကတန်း ကောက်ယူပြီး လက်ချင်းယှက်ကာ ထပြေးလာခဲ့  ကြသည်။ ဒီရေလွတ်သော အပေါ်ပိုင်း သောင်ပြင် တစ်နေရာတွင် ပြန်၍ လှဲအိပ်လိုက်ကြသည်။
ခပ်လှမ်းလှမ်း တွင် လူခြေတစ်ယောက်စ နှစ်ယောက်စ ဟိုနေရာသည်နေရာ လမ်းလျှောက် နေကြသည် ကို မြင်ရသည်။ သောင်ပြင် ငှက်ကလေးများ ပင်လယ်ထဲ ပြေးဆင်းသွားကြသည်။ လှိုင်းလုံးတွေ လှိမ့်တက် လာတော့ ကုန်းပိုင်း သို့ ပြန်လေးတက် လာကြသည်။ ''ဒါနဲ့.....တို့ စကာပြောတာ ဘယ်အထိ ရောက်ခဲ့သလဲ''
ခရစ္စက ဆေးတံထုတ်ပြီး မီးညှိသည်။ ''ဒါဖြင့်...မင်းက ငါနဲ့အတူလိုက်ဖို့ ဆုံးဖြတ်ချက် ချထားပြီးပြီ ဆိုပါတော့.... '' လော်ရာက သူ့မျက်နှာကို စေ့စေ့ကြည့်လိုက်သည်။

''အဲဒီိလု မဟုတ်ဘူး။ ကျွန်မက ကျွန်မ တစ်ယောက်တည်း သွားချင်တာ''
''ဘာကြောင့်လဲ'' ''ဘာကြောင့်လဲဆိုရင်....မောင်က ကျွန်မ မေးတဲ့ မေးခွန်း မဖြေတဲ့အချက်ကြောင့်ပဲ''
''ငါ ဘယ်လို ဖြေရမယ်ဆိုတာ မသိလို့ပါ။ ငါဟာ ကိုရီးယားမှာ အဖော်မဲ့ပြီး အထီးကျန် ဖြစ်နေတယ်။ စစ်ကာလ အတွင်းမှာ ငါ့အဖို့တော့ အရာရာဟာ စိတ်ပျက်စရာတွေချည်း ဖြစ်နေတယ်။ ဒါနဲ့...ထွက်ပေါက်ရှာ တဲ့သဘောနဲ့ ရနိုင်တဲ့ ပျော်ရွှင်မှုလေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဖြစ်သလိုဖြေဖျော်မိခဲ့တယ်။ ဒီလောက် ပြောပြလို့မှ မကျေနပ်နိုင်သေးရင်လည်း ငါနောက်ထပ် ဘယ်လိုမှ မပြောတတ်တော့ဘူး။ ဟုတ်ပါတယ်။ ငါဟာ လူပျို မဟုတ်ဘူး။ လက်ထပ်ပြီးစ မိန်းမရှိတဲ့ လူတစ်ယောက် ဆိုတာတော့ ငါသိပါတယ်။ ဒါပေမဲ့....ငါ့ အနေနဲ့ မင်းနဲ့ ပြန်တွေ့ခွင့် ရပါဦးမလား ဆိုတာတော့ ငါ လုံးဝ မသိတော့အောင် ဖြစ်ခဲ့မိတယ်။ ငါဟာ အချိန် မရွေး သေခြင်းတရားနဲ့ ရင်ဆိုင် တွေ့နိုင်တယ်ဆိုတဲ့ အသိကသာ ငါ့ကို လွှမ်းမိုးထားခဲ့တယ်။ အဲဒါကြောင့် မို့ လို့လည်း အချစ်ဆိုတာကိုတောင် ငါ မသိနိုင်ခဲ့ဘူး။ အဲဒီတုန်းက ငါ့အရွယ်နဲ့ အချစ်ဆိုတာကို ခွဲခြား နားလည်ဖို့ လည်း မလွယ်ဘူး''

''ဒါပေမဲ့...ကျွန်မကတော့ မောင်ဟာ သာမန် လူတိုင်းထဲက လူငယ်တစ်ယောက်လို့ မထင်ဘူး။ မောင် ကိုရီး ယားမှာ နေခဲ့တဲ့ တစ်ချိန်လုံး မောင့်အကြောင်းကိုပဲ ကျွန်မ တွေးနေခဲ့မိတယ်။ မောင်ဟာ ကျွန်မ မျှော်မှန်း ထားတဲ့ လူစားမျိုးအဖြစ်ပဲ ရှိနေလိမ့်မယ်လို့ အမြဲတမ်း ယုံကြည်နေခဲ့တယ်''
''ဒါပေမဲ့.... ကျွန်မကတော့ မောင်ဟာ သာမန် လူတိုင်းထဲက လူငယ်တစ်ယောက်လို့ မထင်ဘူး။ မောင် ကိုရီးယား မှာ နေခဲ့တဲ့ တစ်ချိန်လုံး မောင့်အကြောင်းပဲ ကျွန်မ တွေးနေခဲ့မိတယ်။ မောင်ဟာ ကျွန်မ မျှော်မှန်း ထားတဲ့ လူစားမျိုးအဖြစ်ပဲ ရှိနေလိမ့်မယ်လို့ အမြဲတမ်း ယုံကြည်နေခဲ့တယ်''
''ဒါပေမဲ့....ငါ့အပေါ် မင်းဘယ်လို မျှော်မှန်းချက် ရှိတယ်ဆိုတာ မင်းက ငါ့ကို တစ်ခါမှ မပြောခဲ့ပါဘူး''
''ဟုတ်ပါတယ်။ ကျွန်မ မပြောခဲ့ဖူးပါဘူး။ ကျွန်မကလည်း မျှော်မှန်းချက်ဟာ မျှော်မှန်းချက် အဆင့်ထက် ပိုလိမ့်မယ် လို့ မထင်ခဲ့ဘူး။ မောင်တိုက်ပွဲမှာ ကျသွားခဲ့ရင် ဘယ်လို လုပ်ပါ့မလဲ။ ဒါပေမဲ့.... ကျွန်မ ဆိုရင်တော့ မောင် လုပ်သလို လုပ်မှာ မဟုတ်ဘူး'' သူက သက်မတစ်ချက် ချလိုက်သည်။

''ကောင်းပြီလေ....ငါ့အနေနဲ့ ဒီဓာတ်ပြားဟောင်းကြီးကိုပဲ ထပ်တလဲလဲ ပြန်ပြီး မဖွင့်ချင်တော့ပါဘူး။ ဟိုက ယောက်ျား မိန်းမတွေ၊ လူငယ်တွေ၊ မိန်းကလေးတွေ ခေတ်ကာလ အခြေအနေအရ ဘာတွေ လုပ်နေကြ တယ် ဆိုတာ မင်းလည်း တွေးကြည့်ရင် သဘောပေါက်ပါ လိမ့်မယ်။ ဒါပေမဲ့ ငါဟာ သူတို့နဲ့ မတူဘူးဆိုတာ တော့ ငါ့မှာ ပြောစရာ အထောက်အထားတွေ အများကြီး ရှိပါတယ်။ ဘာပဲပြောပြော မင်းဟာ ငါ့ရဲ့ ခြောက်ပြစ်ကင်း သဲလဲစင် စံပြချစ်သူပါ...လော်ရာ'' ''ဆွန်ယာနဲ့ မတူဘူးလား'' ''လုံးဝ မတူဘူး'' ''ဘယ်လို မတူတာလဲ''
''အတိုင်းအဆ မရှိ ကွဲပြားတယ်။ အတိုင်းအဆ မရှိ ပိုတော်တယ်။ အတိုင်းအဆမရှိ ကျေနပ်စရာ ကောင်းတယ်''
''ဒါပေမဲ.....ဘယ်လို ကွဲပြားတယ်။ ဘယ်လို ပိုတော်တယ်။ ဘယ်လိုကျေနပ်စရာ ကောင်းတယ်ဆိုတာ ဖြေပါဦး''
သူက စိတ်ပျက်လက်ပျက်ဟန်ဖြင့် လက်နှစ်ဖက်ကို ဖြန့်တန်းလိုက်ပြီး....

''အို....လော်ရာ ရယ်။ မင်းဟာ အရင်က လော်ရာမျိုး မဟုတ်တော့ပါလား။ အရင်တုန်းက မင်းငါ့ကို အခုလို ဘယ်တော့မှ အကျပ်မကိုင်ခဲ့ပါဘူး'' ''ဟုတ်ပါတယ်။ ကျွန်မ တစ်ယောက်တည်း ကိုရီးယားကို သွားမယ်။ ကလေးကို ကျောင်းအပ်ဖို့ ကိစ္စ ကျွန်မ စီစဉ်ပေးမယ်။ သူဟာ မောင့်ရဲ့ရင်သွေး....မောင့်သားကလေး။ သူ့အတွက် လိုအပ်တာမှန်သမျှ အားလုံး ရစေရမယ်။ ဆွန်ယာ့ ကိစ္စတော့.... ကျွန်မ ဘာမှ မပြောနိုင်သေးဘူး။ ကျွန်မ သူနဲ့ သွားတွေ့မယ်။ အခြေအနေကို လေ့လာမယ်'' ''လော်ရာ...ဒါဟာ တို့လင်မယား ရန်ပွဲတော့ မဟုတ်ပါဘူးနော်'' သူက အမိန့်ပေးသံဖြင့် မေးလိုက်သည်။ လော်ရာက ဒေါသ ကင်းစင်သော မျက်လုံးများဖြင့် သူ့ကို ကြည့်နေသည်။ သူမ၏ မျက်နှာတွင် တစ်စုံတစ်ရာကို ယတိပြတ် ဆုံးဖြတ်ထားပြီးသည့် အရိပ်လက္ခဏာကို အတိုင်းသား မြင်နေရသည်။  ''ကျွန်မ သွားကို သွားမယ်'' သူမက အလေးအနက် ထပ်ပြောသည်။  ''ကျွန်မ... အမြန်ဆုံးသွားမယ်။ တစ်ယောက်တည်း သွားမယ်''

အပိုင်း(၂)

သူမက ဂျက်လေယာဉ်မှန်ပြတင်း အနီးသို့ကပ်ပြီး ခရစ္စအား နောက်ဆုံးအကြိမ် လှမ်းကြည့်လိုက်သည်။ သူသည် လေဆိပ်အဆောက်အအုံ အပေါ်ထပ် ၀ရန်တာတွင် ရပ်ရင်း အညိုရောင် လက်ကိုင်ပ၀ါ ကလေး ကို လေထဲတွင် ဝှေ့ယမ်းပြနေသည်။
သူသည် ဂျက်လေယာဉ် မြေပြင်မှ စတင်ထွက်ခွာချိန်ကို မီအောင် အပေါ်ထပ်သို့ လှေကားမှ ပြေးတက် လာခဲ့ရလိမ့်မည်။
သူမ တစ်သက်တာတွင် လွန်ခဲ့သောသုံးရက်ကာလသည် သူနှင့်ပူးပူးကပ်ကပ် နေခဲ့ ရဆုံးရက်များ လည်း ဖြစ်သည်။ တစ်ချိန်တည်းတွင် သူနှင့် အကင်းကွာဆုံး နေခဲ့ ရသော နေ့ရက်များ လည်း ဖြစ်သည်။
တစ်ယောက်၏ အချစ်ကို တစ်ယောက်ကလည်း အနည်းငယ်မျှ သံသယမ၀င်။ သူတို့နှစ်ယောက်စလုံး အသိ။ တစ်ယောက် အပေါ် တစ်ယောက် သစ္စာရှိတာကိုလည်း အကြွင်းမဲ့ ယုံကြည်ကြသည်။ သို့ပါ လျက်... သူတို့နှစ်ယောက် သည် လွန်ခဲ့သော သုံးရက်အတွင်းက တစ်ယောက်နှင့် တစ်ယောက် ဆက် သွယ်၍ မရအောင် ဖြစ်နေကြသည်။ နီးလျက်နှင့် ဝေးနေခဲ့ကြသည်။

လွန်ခဲ့သော ညတုန်းကဆိုလျှင် တစ်ကိုယ်တည်း အိပ်ရာပေါ်တွင် လှဲရင်း သူမကိုယ် သူမ မေးခွန်းတွေ အပြန်အလှန် ထုတ်နေခဲ့မိသည်။ သူငါ့အခန်းကို မလာရင် ငါက သူ့အခန်းကို သွားရမှာလား၊ မသွားဘဲ နေရမှာလား။ ငါ ကိုရီးယားမှာ ဘယ်နှရက်နေခဲ့ရမှာလဲ၊ ငါ ပြန်ရောက်လာရင်တော့ မနေ့ညကလိုပဲ တစ်ယောက် နဲ့ တစ်ယောက် သူစိမ်းဆန်ဆန် နေကြဦးမှာလား။
သူမ အဖြေ ရှာမရ။ သို့သော် ကိုရီးယားတွင် ရက်ပိုင်းလောက်ပဲနေမည်ဟုတော့ ဆုံးဖြတ်လာခဲ့သည်။
သူကတော့ ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် မင်း ကျန်းကျန်းမာမာနဲ့ ပြန်ရောက်လာရင်ပဲ ငါ ဝမ်းသာလှပါပြီ။ ငါ့ ခံစားချက်ကိုတော့ မမေ့ပါနဲ့။ မင်းတစ်ယောက်တည်း ထွက်သွားတာကို ငါ သဘောမတူချင်ဘဲနဲ့ သဘောတူလိုက်ရတယ်၊ ဒီမှာ ငါ တစ်ယောက် တည်း ကျန်နေခဲ့ရမယ့် အခြေအနေကို ခံစားကြည့်ပါ။ မင်း အိမ်ကို ပြန်မရောက် မချင်း ငါ စား လို့လည်း ဝင်မှာမဟုတ်ဘူး၊ အိပ်လို့လည်း ပျော်မှာမဟုတ်ဘူး။ မင်း ထွက်သွားတာဟာ ငါ့ကိုယ်တစ်ခြမ်း ကို ဖြတ်ယူသွားသလိုပဲ။ ဒီအချိန်မှာ ကိုရီးယားဆိုတာ ဘယ်လိုနိုင်ငံမျိုးဖြစ်နေမယ်ဆို တာ ငါတောင် စဉ်းစားလို့ မရတော့ဘူး" ကောင်းကင်ပေါ် တွင် မျောပါရင်း လွန်ခဲ့သော ရက်များက ဖြစ်ရပ်များ ကို ပြန်လည် သုံးသပ်နေ မိသည်။

ထိုရက်များအတွင်း သူမသည် ခံစားမှုမရှိသော စက်ရုပ်တစ်ခုလိုသာ လှုပ်ရှားနေမိခဲ့သည်။ အိမ်မှု တာဝန်အားလုံးကို ဂရီတာနှင့်လွှဲထားပြီး သူမက သူမ၏သိပ္ပံသုတေသန လုပ်ငန်းကိုသာ ဖိသွန်လုပ် ကိုင်နေခဲ့သည်။ အလုပ်သည် စိတ်သက်သာရာသက်သာကြောင်း ထွက်ပေါက်တစ်ခုဟု သူမ ယုံကြည် သောကြောင့် ဖြစ်သည်။ ယောက်ျားတွေလည်း ထိုနည်းလည်းကောင်းပင်…။ အလုပ်ကို ဖိလုပ်ခြင်းဖြင့် ထွက်ပေါက်ရှာကြသည်သာ ဖြစ်သည်။

လုပ်စရာအလုပ်တွေ တစ်ပုံကြီးရှိလျက်သားနှင့် မလုပ်ဘဲ ပစ်ထားခဲ့ခြင်းအတွက် ဘယ်လောက်ထိ ခံစားရမည် ဆိုသည်ကို စဉ်းစားကြည့်လျှင် လူတိုင်းသိနိုင်သည်။
သူမသည် ရေးလက်စ စာအုပ်အတွက် သမုဒ္ဒရာ ရေအောက်ရှိ ထူးဆန်းသောအပင်များနှင့် ထူးဆန်း သော သတ္တဝါငယ်များအကြောင်း စူးစမ်းတွေ့ရှိချက်များနှင့်ပတ်သက်၍ အခန်းတစ်ခန်းတော့ ရေးပြီးခဲ့ ပြီ။ ယင်းစာအုပ် ပြီးသွားလျှင် ဆေးသိပ္ပံပညာအတွက် ကြီးမားသော အထောက်အကူတစ်ရပ်ဖြစ်လိမ့် မည်ဟု မြေကြီး လက်ခတ် မလွဲ။ ဥပမာ… လျှပ်စစ်ငါးရှဥ့်မှ နာဗ်ကြောဓာတ်ငွေ့အဆိပ်ဖြေဆေးကို ထုပ် လုပ်နိုင်လျှင်။ ရောဂါကူးစက်ခြင်း တားဆေး ကို ပင်လယ်ဖြူမှ ထုတ်လုပ်နိုင်လျှင်။ ပင်လယ်ခူမှ ဆေးတောက်ခြင်း ကာကွယ်ဆေးကို ထုတ်လုပ်နိုင် လျှင် ခေတ်သစ်ဆေး သိပ္ပံပညာအတွက် အတိုင်း မသိ အကျိုးမျာေးပလိမ့်မည်။

သူမသည် သိပ္ပံပညာရှင်ပီပီ  စေ့စပ်သေချာသည်။ စည်းစနစ်ကြီးသည်။ အာရုံစူးစိုက်မှု ထက်သန် သည်။ ထို့ကြောင့်လည်း လုပ်လက်စနှင့် တန်းလန်းကြီးထားပစ်ခဲ့ရသော သူမ၏သုတေသန လုပ်ငန်း အတွက် အလွန် စိတ်စောနေမိခြင်းဖြစ်သည်။
ဂျက်လေယာဉ်ကြီး သည် ရုတ်တရက် တုန်ခါသွားပြီးနောက် တစ်ပြေးညီ အနေအထားမှ အာကာယံထဲ သို့ အရှိန်ပြင်းစွာဖြင့် ဦးထောင် ထိုးတက်သွားသည်။
သူမက ကုလားထိုင်တွင် ကျောမှီလှဲချလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။
သူမ သည် ကမ္ဘာသစ်တစ်ခုဆီသို့ အရှိန်ပြင်းစွာဖြင့် ရှေးရှုပျံသန်းလျက်ရှိသည်။ ဥရောပတိုက်သည် သူမ အဖို့ အိမ်ဦးနှင့် ကြမ်းပြင်ပမာ အကျွမ်းတဝင်ရှိသည်။ သို့သော်… အာရှတိုက်ကား သူမအဖို့ သူစိမ်းတရံ ဆံဖြစ်နေ သည်။ ခရစ္စ အိမ်ပြန်ရောက်လာတုန်းကတောင်မှ ကိုရီးယားနိုင်ငံကို သူမ လုံးဝ စိတ်ဝင်စား ခြင်း မဖြစ်မိခဲ့။ တို့ လင်မယား ပြန်ပေါင်းရပြီ ဟူသော အတွေးဖြင့် အတိုင်းမသိ ဝမ်းသာခြင်းသာ ဖြစ်မိခဲ့ သည်။

ဂျက်လေယာဉ်ကြီးသည် ဦးထောင်ပျံသန်းနေရာမှ တစ်ပြေးညီအနေအထားသို့ ပြန်ရောက်လာသည်။
သူမ မျက်လုံးများကို ပြန်ဖွင့်သည်။ သူမဘဝတွင် ယခုအကြိမ်လောက် အထီးကျန်ဝေဒနာကို ခံစားရခြင်းမျိုး တစ်ခါမှမဖြစ်ခဲ့စဖူး။ အတိတ်မှ အရိပ်ထိုးလာသော ပြဿနာကြီးတစ်ရပ်ကို သူမတစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းရန် အကျောက်အကန် အငြင်းအခုံပြု၍ တာဝန်ယူလာခဲ့ခြင်းမှာ မှန်ကန်သော လုပ်ရပ်ဖြစ်ပါ သလား။ သူမ၏ လင်တော်မောင် ခရစ္စနှင့် ကိုရီးယားသူ ဆွန်ယာတို့၏ တဒင်္ဂ တွေ့ဆုံမှုကြောင့် ဖြစ်ပေါ် လာသော ပြဿ နာတစ်ရပ်ကို ဖြေရှင်းရန် တာဝန်ယူလာခဲ့ရာတွင် သူမအနေဖြင့် မနာလို ဝန်တိုစိတ်များ ကင်းရှင်းပါ ၏ လော။

ဘယ်လိုပင်ဖြစ်ဖြစ် ခရစ္စ၏ပုဆိုးတန်းတင် တရားဝင် ဇနီးမယားတစ်ယောက်အဖြစ် သည်ကိစ္စတွင် သူမ လည်း တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်နေသည် မဟုတ်ပါလော။ သို့ဆိုလျှင် ကိုရီးယားသူ ဆွန်ယာ့ အခြေအနေကို သူမ ကိုယ်တိုင် သွားရောက်အကဲခတ်ရင် မလိုအပ်ပါသလော။
ဆွန်ယာက ခရစ္စလို လူတစ်ယောက်အား ဘယ်အရည်အချင်းတွေနှင့် ပြုစားထားခဲ့သနည်း။ ဆွန်ယာ က ဘယ်လောက်များ လှနေလို့လဲ။ ဘယ်လောက်များ ဆွဲဆောင်အားကောင်းနေလို့လဲ။
သာမန် အပေါစား မိန်းကလေးတစ်ယောက်အနေဖြင့်တော့ ခရစ္စလို လူတစ်ယောက်ကို ဘယ်တော့မှ ဆွဲဆောင်ဖမ်းစားနိုင်မည်မဟုတ်။ သည်အချက်ကိုတော့ သူမအနေဖြင့် အကြွင်းမဲ့ ယုံကြည်သည်။
ခရစ္စ၏စရိုက်က နက်နဲသိမ်မွေ့သည်။ ဇီဇာကြောင်သည်။ ဆန်းကြယ်ထွေပြားသည်။ ယင်းသို့ ရှုကွက်စုံ သော စရိုက်သဘာဝကိုပင် သူမက အလွန်သဘောကျသည်။
ဒါနဲ့ သူ့သားကလေးက ဘယ်လိုစရိုက်လက္ခဏာတွေ ရှိပါလိမ့်။ ဟုတ်တယ်… ကလေးကို ကိုယ်တိုင် သွားတွေ့ပြီး အကဲခတ် ရမယ်။

ပြီးတော့… ဆွန်ယာ။ ဆွန်ယာက ပိုအရေးကြီးတယ်။ ဆွန်ယာနဲ့ အရင်ဆုံးသွားတွေ့ရမယ်။ သူ့ ကို သေ သေချာချာ လေ့လာ ရမယ်။ ပင်လယ်ရေအောက်က သက်ရှိမျိုးပွားတစ်ခုကို ဓာတ်ခွဲလေ့လာသလို ဆွန်ယာ့ကိုလည်း အသေးစိတ် လေ့လာကြည့်ရမယ်။ ခရစ္စလို လူတစ်ယောက်ကို ဒီလောက်အထိ ဆွဲ ဆောင်နိုင် ခဲ့တဲ့ လူသားမျိုးပွား မိန်းမတစ်ယောက်ဟာ ဘယ်လိုအမျိုးအစားများပါလိမ့်။
အတောမသတ် တွေးရင်းတွေးရင်းဖြင့် အတွေးနယ် ကျယ်၍ကျယ်၍ လာခဲ့သည်။ သူမ၏စိတ်အာရုံသည် ခရစ္စနှင့် သူမ တို့၏ မင်္ဂလာဦးညဆီသို့ ပျံသန်းသွားသည်။

သူမက ဖိုသတ္တဝါဆို ယင်ဖိုတောင် မနားဖူးသေးသော အပျိုစင်စစ်စစ်။ သို့သော် သူက လူပျိုစစ်သ လား… မစစ်ဘူးလား ဆိုတာကိုတော့ သူ မမေးမိ။ မေးကြည့်ချစ်စိတ်တော့ ဖြစ်မိခဲ့ပါ၏။ သို့သော် မေးရ မှာ ရှက်လည်း ရှက်မိသည်။ ဘာဆိုင်လို့ မေးရမှာလဲဟူသော မာနစိတ်ကလည်းဝင်နေသည်။ ပြီးတော့… သူမကိုယ်တိုင် က ဖြူစင်ရိုးအလွန်းသောကြောင့်လည်း မမေးမိခဲ့ခြင်းဖြစ်သည်။
သူ့ကို ကြည့်ရသည်မှာ ကိုရီးယားသို့ရောက်ခဲ့ဖူးသူ တစ်ယောက်ဟု လုံးဝမထင်ရ။ သူ့ကိုယ်သူကလည်း ကိုရီးယား သို့ ရောက်ခဲ့ဖူးသည်ဟု လုံးဝထင်ပုံမပေါ်။
တကယ်တော့… သူက သူမအပေါ်တွင် ဆွန်ယာထက် ပိုချစ်ကြောင်း သိသာလှသည်။ ဆွန်ယာက လည်း သူ့ အပေါ် တွင် သူမလောက် ချစ်လိမ့်မည်ဟု သူမ မထင်။ တကယ်တော့ ဆွန်ယာဆိုတာ ရိုးအ လှသော သာမန် ကိုရီးယား သူကလေး တစ်ယောက်မျှသာ…။ သူမနှင့် အဘက်ဘက်က ဘယ်လိုယှဉ် လို့ ရနိုင်ပါ့မလဲ။

"ဒါနဲ့ သူက ဘာလုပ်သလဲ" မနေ့ညက ခရစ္စအား သူမက မေးခဲ့မိသည်။
ထိုအချိန်က သူတို့လင်မယားသည် ဧည့်ခန်းတွင်ထိုင်ကာ "ကောက်တေးလ်" စပ်အရက် သောက်နေ ကြသည်။
သူ အစောကြီး အိမ်ပြန်ရောက်သည်။ ဆည်းဆာ နေရောင်သည် ပြတင်းပေါက် သံတိုင်များကို ဖြတ်ဝင် လာပြီး တစ်ခန်းလုံး ကို ရွှေရောင်ပက်ဖျန်းထားသည်။
သူမ၏မေးခွန်းကြောင့် သူ့မျက်နှာ နီရဲသွားသည်။ သူ့မျက်နှာ ယခုလို နီရဲသွားတာမျိုးကို သည်တစ်ခါ ပဲ မြင်ဖူးသေး သည်။ "မင်းက ဘာကိုဆိုလိုတာလဲ" သူက ပြန်လှန်မေးခွန်းထုတ်သည်။

"သြော်… ကျွန်မ မေးတာက ရှင်းရှင်လေးပါ။ သူ ဘာအလုပ်လုပ်သလဲ၊ ကျောင်းဆရာမလား၊ ဒါမှမ ဟုတ် သူနာပြု ဆရာမလား… လို့ မေးတာပါ"
"သြော်… အင်း… အဲဒါ မေးတာလား။ ငါ့အထင်တော့ သူ့မှာ ဘာအလုပ်မှ မည်မည်ရရ ရှိပုံမရပါဘူး။ ဒါပေမဲ့… သူ ကျောင်းပညာတော့ အထိုက်အလျောက် တတ်ခဲ့ပါတယ်။ အထူးခြားဆုံးကတော့ သူ့အသံ ပဲ။ သိပ်ပြီး အသံကောင်း တယ်။ သူ သီချင်းဆိုတယ်။ ငါ သိရသလောက်ဆိုရင် ကိုရီးယား လူမျိုးတိုင်း သီချင်း ဆိုတတ်ကြတာ ချည်းပဲ။ သူတို့ကို ဂီတာကိုချစ်တဲ့ လူမျိုးလို့တောင် ခေါ်နိုင်တယ်။ ဒါပေမဲ့… ငါက ဆွန်ယာ တစ်ယောက်နဲ့ပဲ သိကျွမ်းခဲ့ရတာပါ။ တခြား ဘယ်သူနဲ့မှ မရင်းနှီးခဲ့ပါဘူး"
သူ စကားပြောရပ်လိုက်သည်။ လော်ရာက ဘာမှပြန်မပြောဘဲ ငြိမ်၍သာထိုင်နေသည်။ တကယ်တော့ ဆွန်ယာ့ အကြောင်း ခရစ္စက ဆက်ပြောမည်ကိုပင် သူမ စိတ်ထဲက တွေးကြောက်နေမိသည်။
ထို့ကြောင့် မင်္ဂလာဦးညက အတွေ့အကြုံများကို စိတ်ကူးထဲမှ ကြိုးစား၍ မောင်းထုတ်သည်။ သို့သော် အတွေးက ထွက်မသွား။ သူမ၏စိတ်အာရုံထဲတွင် တရစ်ဝဲဝဲဖြင့် ရှိမြဲရှိနေသည်။

မင်္ဂလာအခမ်းအနားကလည်း အလွန်ပျော်စရာကောင်းသည်။ သူမ ကလေးဘဝတုန်းက နာမည်ပေး ကင်ပွန်း တပ်ခဲ့သော ပတ်ခ်အဲဗင်းနယူးလမ်းပေါ်မှ ရှေးဟောင်းဘုရားရှိခိုးကျောင်းကြီးထဲတွင် ရိုးရိုး ကလေး ပင် ပြုလုပ်ခဲ့ သည်။ သို့သော် သူမ၏မင်္ဂလာဝတ်စုံကတော့ သူမ ဘွားဘွားလက်ထက်ကတည်း က ပါရီမှ အထူးမှာယူခဲ့သော ဝတ်စုံဖြစ် သည်။ ဖဲသားတံဆိပ်ပေါ်တွင် "ဝေါ့သ်" ဖက်ရှင်တိုက်ဟူသော နာမည်မှာ ယခုတိုင် လက်ရာမပျက် ရှိနေသေး သည်။
သူမ သည် ဘွားဘွားခြုံလွှမ်းခဲ့သော ဇာသားခြုံလွှာကိုပင် ခေါင်းပေါ်တွင် ခြုံလွှမ်းထားသည်။
ထိုနေ့က သူမ အလွန်ပျော်နေသည်။ ခရစ္စကလည်း သူမလိုပင် ပျော်နေသည်။
မင်္ဂလာ အခမ်းအနားပြီးဆုံး၍ ဂီတသံများ ထွက်ပေါ်လာသောအခါ နှစ်ယောက်သား လက်ချင်းချိတ်၍ ကခုန် ပျော်မြူးကြ သည်။

အခန်းအနားမှာ တည်ငြိမ်သော အချစ်ကိုလည်း ဆောင်သည်။ တစ်ချိန်တည်းတွင် ပျော်ရွှင်ကြည်နူးမှု ကို လည်း ပေးသည်။
သူမတို့ အိမ်တွင် မင်္ဂလာဧည့်ခံပွဲ လုပ်တော့လည်း အလွန်ပျော်ရွှင်ချမ်းမြေ့ခြင်းဖြစ်ရသည်။ သူမ က ကြောင်အိမ်လှေကားထိပ်တွင် ရပ်ရင်း ဧည့်ပရိသတ်များအား နှင်းပန်းများ ဖြန့်ကြဲပေးရသည်မှာ ပျော် စရာကောင်း လှသည်။
ထို့နောက်တွင်တော့ ကြင်စဦး ဇနီးမောင်နှံတို့သည် နယူးအင်္ဂလန်နယ်သို့ ပျားရည်ဆမ်းခရီးထွက်ခဲ့ကြ သည်။ သူမ အိမ်ထောင်ပြုလျှင် နယူးအင်္ဂလန်နယ်သို့သာ ပျားရည်ဆမ်းခရီးထွက်မည်ဟု သူမ ၁၂ နှစ် သမီးကပင် ဆုံးဖြတ် ထားခဲ့သည်။ နယူးအင်္ဂလန်တွင် ဘိုးစဉ်ဘောင်ဆက်ပိုင် ရှေးဟောင်းအိမ်ကြီးရှိ သည်။ အသက်အရွယ် ကြီးရင့်ပြီဖြစ်သော ဦးလေးနှင့် အဒေါ်တို့ နေထိုင်ကြဆဲဖြစ်သည်။
ဦးလေးနှင့် အဒေါ်တို့က အလွန်သဘောကောင်းကြသည်။ တူမလေး ဇနီးမောင်နှံတို့ စိတ်ချမ်းသာ သလို နေထိုင် ရန် အစွမ်းကုန် စီစဉ်ပေးကြသည်။

သူတို့နှစ်ယောက်သည် ခြံကြီးထဲတွင် ပျော်ရွှင်စွာ လမ်းလျှောက်ရင်း ချစ်သစ္စာ နှံကြသည်။
အရာရာတိုင်းသည် နှစ်ယောက်စလုံးအတွက် အသစ်ဖြစ်နေသည်။ ပထမဆုံး အတွေ့အကြုံဖြစ်နေ သည်။ သူမက သည်လိုပဲ ထင်ခဲ့သည်။  သူကလည်း သူမ၏အချစ်ဦး။ သူမကလည်း သူ၏အချစ်ဦး၊ သူကလည်း သူမအတွက် သည်တစ်မိုး အောက် သည်တစ်ယောက်သာ။ သူမကလည်း သူ့အတွက် သည်တစ်မိုးအောက် သည်တစ်ယောက် သာ။ သို့သော် ယခုတော့မူ… သူမသည် သူ့အတွက် သည်တစ်မိုးအောက် သည်တစ်ယောက် တည်း မဟုတ် တော့…။ ဤသည်ပင်လျှင် ပြဿနာ…။

သို့ပေမဲ့… သူမက ပြဿနာကို ဆင့်ပွားအောင် မလုပ်ချင်တော့။ တကယ်ဆိုတော့… သူမအား သူ ပြော ပြခဲ့သမျှသည် အမှန်တွေပင် ဖြစ်ပါလိမ့်မည်။
မနေ့ည က သူတို့နှစ်ယောက် လူချင်းနီးသော်လည်း စိတ်ဓာတ်ချင်း ဂဟေပြုတ်နေချိန်တွင် သူမက အရဲစွန့် ၍ ပြောခဲ့သည်။ “မောင်… ဘာကြောင့်မှန်းမသိဘူး။ ကျွန်မ တစ်ကိုယ်လုံး အေးစက်နေသလိုပဲ ခံစားရတယ်။ တစ်ကိုယ် လုံး တုန်တက်လာတော့ မတတ်ပဲ” “ဒါဆို ငါဖက်ထားမယ်လေ”
သူမက ဖက်ခွင့်ပြုလိုက်သည်။ ခဏအကြာတွင် သူက ဖက်ထားသော လက်ကို ရုတ်တရက် ပြန်ခွာ လိုက်ပြီးနောက်.. “ဒါနဲ့… မင်းစိတ်ပြောင်းသွားပြီလား... ဟင်” သူက ဆိုင်းမဆင့် ဗုံမဆင့် ကောက်ကာ ငင်ကာ မေးသည်။

“ဟင့်အင်း... ကျွန်မ စိတ်မပြောင်းပါဘူး။ ကျွန်မ နေမကောင်းချင်သလို ခံစားရလို့ပါ။ အားနည်းသွားသ လိုပဲ။ ဘာကိုမှလည်း သိပ်ပြီး အရေးမထားချင်တော့သလိုပဲ။ တော်တော်ဆန်းနေတယ်။ ဒါပေမဲ့ မကြာပါဘူး။ ခဏနေ ပျောက်သွားမှာပါ။ ရုတ်တရက် လန့်သွားသလိုဖြစ်သွားလို့ပါ”
သူမက ရယ်ပြီး ဆက်ပြောသည်။ “အဖြစ်ကတော့... ပင်လယ်ရေအောက်က ရုတ်တရက် ပြန်တက်လာတဲ့ အခါ ခြေကုန်လက်ပန်းကျပြီး အသက်မရှူနိုင်အောင် ဖြစ်သွားသလိုပဲ..”
“ငါစိတ်မကောင်းပါဘူး... လောရာ”
သူ့အသံက တိုပြီး တုန်နေသည်။
နောက်ပိုင်း သူမတစ်ယောက်လည်း ရှိသောအခါ ပြန်ပြီး တွေးကြည့်သည်။ ယခုလည်း ပြန်တွေးကြည့်မိ သည်။

သူမ တကယ် စိတ်ပြောင်းသွားတာလား။
အမှန်ကတော့ အရာရာတိုင်း ပြောင်းလဲသွားခဲ့သည်သာ ဖြစ်သည်။
ခရစ္စဟာ ငါမျှော်လင့်ထားတဲ့အတိုင်း ပြောင်းလဲသွားခဲ့ရင် အရာရာတိုင်းလည်း ပြောင်းလဲသွားပြီပေါ့။ တကယ်တော့ ငါဟာ ငါမသိတဲ့ ကမ္ဘာသစ်တစ်ခုထဲ ရောက်နေပါရောလား။
အတိတ်မှ အရိပ်များသည် သူမ၏ စ်တ်အာရုံပိတ်ကားပေါ်တွင် တစ်ပိုင်းစီ တစ်စီဖြတ်သန်း လွင့်မျော သွားကြသည်။ မိခင်ကြီး ပြောခဲ့သော် စကားတစ်ခွန်းကို ကြားယောင်လာသည်။ သူမ မင်္ဂလာမဆောင်မီ တစ်ညတုန်း က ပြောခဲ့သော စကား…။ “သမီး… မေမေကတော့ သမီးဟာ ခရစ္စပေါ်မှာ အချစ်ကြီးလွန်းတယ်လို့ ထင်မိ တယ်” သူမက မိခင်မျက်နှာကို မျက်လုံးပြူး မျက်ဆံပြူးနှင့် ကြည့်လိုက်သည်။

“ဘယ်နှယ်ပြောပါလိမ့် မေမေ။ သမီးရဲ့ လင်ယောက်ျားဖြစ်မယ့်လူကို သမီးက အချစ်ကြီးတာ သဘာဝ မကျဘူးလို့ မေမေက ဆိုလိုတာလားဟင်” “မေမေက သမီးအတွက် ပြောတာပါ သမီး” “ဒါပေမဲ့ သူ့ကို သမီးချစ်နိုင်သမျှ ချစ်ရတာ သမီးစိတ်ချမ်းသာပါတယ် မေမေ” “အဲဒါ အန္တရာယ်ပဲပေါ့ သမီး”
မိခင်ကြီး က သက်မ တစ်ချက်ချလိုက်သည်။ ပြီးတော့မှ... “ဒီအတွက်ကြောင့် တစ်နေ့မှာ သမီး အသည်းကွဲရလိမ့်မယ် သမီး” ယခုတော့ မိခင်ကြီး၏ စကားကို သူမနားလည်ခဲ့ပါပြီ။ သဘောပေါက်ခဲ့ပါပြီ။

သူမသည် လင်တော်မောင်အား တစ်သမတ်တည်းသော စိတ်ဖြင့် ချစ်ခဲ့သည်။ အသည်းနှလုံး တစ်ခု တည်းဖြင့် ချစ်ခဲ့သည်။ သူမ၏ ဘဝ၊ သူမ၏ အလုပ်။ သူမ၏ သတ္တိကို ချစ်သလို လင်တော်မောင်ကို လည်း အလားတူ ချစ်မြတ်နိုးခဲ့သည်။ သူတို့လင်မယားသည် သာမန် သူလိုငါလို လင်မယား မဟုတ်ကြ။ တစ်ယောက်အပေါ် တစ်ယောက် ချစ်သလို မိမိတို့၏ အလုပ်ကိုလည်း အလွန်ချစ်သော လင်မယားဖြစ်သည်။
သူမတွင် သားသမီး မထွန်းကားသောကြောင့် သူမ၏ အတွေးနှင့် အချိန်အားလုံးကို လင်တော်မောင် နှင့် အလုပ်တွင်သာ မြှပ်နှံထားခဲ့သည်။ တခြား မိန်းမတွေက အားအားရှိလျှင် သားသမီးအကြောင်း။ အိမ်မှုကိစ္စ အကြောင်း။ လင်ယောက်ျား အကြောင်းကိုသာ ပြောလေ့ရှိကြသည်။ သူမက သူတို့နှင့်မတူ။ သူမကိုယ် သူမ သူတို့ထက် ကြီးကျယ်သူ တစ်ယောက် ဟု သဘောထားခဲ့သည်။

ယခုတော့ သူမ မာနချပါပြီ။ သူမတွင် သားသမီးမရှိ။ အကယ်၍ သားသမီးရှိခဲ့လျှင် သူမအတွက်ရော လင်တော်မောင် အတွက်ရော ပိုကောင်းလိမ့်မည်ဟု တွေးမိသည်။
သူတို့ဇနီးမောင်နှံ တွင် အနည်းဆုံး ကလေးတစ်ယောက်သာရှိခဲ့လျှင် သူမ၏အချစ်ကို ခရစ္စအား မျှဝေ ပေးနိုင် လိမ့်မည်။ ခရစ္စအနေဖြင့် ယခုအချိန်တွင် တစ်ယောက်တည်း အိမ်တွင် အောင်းကာ အထီးကျန် ဖြစ်နေစရာမရှိ။ ကလေးနှင့် ကစားရင်း ပျော်ရွှင်ချမ်းမြေ့နေမည်မှာ မလွဲ။

ဆက်ရန်
.

1 comment:

နော်နော် said...

ဖတ်ပြီးစ်။ကျေးဇူးပါ မမ။