Saturday, July 28, 2012

ဆရာမောင်တင်ဆင့် ၏ ကျီးကန်း

မောင်တင်ဆင့်
ကျီးကန်း


ကျွန်တော့်စိတ်ထဲမှာ ကျွန်တော်သည် ကောင်းကင်မှ မြေပြင်ကို ငုံ့ကြည့်နေမိသည်။
ယခု ကျွန်တော်သည် မြို့ပြဟု ခေါ်ဆိုသော ရပ်ကွက်ကြီးတစ်ခုက တိုက်ခန်းရှိ ခြောက်ထပ်တွင် ရောက်နေ၏။ ကျွန်တော် တိုက်ခန်းရှေ့ ၀ရန်တာမှ ငုံ့ကြည့်နေခဲ့သည်။ ကျွန်တော်တို့ တိုက်ခန်း အိမ်ယာရှေ့တွင် ကတ္တရာလမ်း တစ်စင်း လဲလျောင်းနေ၏။ လမ်းမကြီးမဟုတ်သော်လည်း ကား အသွားအလာ၊ လူအသွားအလာများသော လမ်းတစ်စင်း ဖြစ်သည်။
ကျွန်တော့်မျက်နှာစာတွင် တိုက်ခန်းအိမ်တွေ။ ညဘက်မျှော်ကြည့်လည်း တိုက်ခန်း။ တိုက်ခန်း အိမ် တွေ ပြွတ် သိပ်နေပြီး တိုက်ခန်းရပ်ကွက်ကြီး။ ဘယ်ဘက်လည်း ထို့အတူ။ သို့သော် တိုက်ခန်းအိမ် နှစ်လုံး ကျော် ပြီး ဖြတ်လမ်းမတစ်စင်း။ ထိုဖြတ်လမ်းမကြီးက တောင်ဘက်က လာပြီး အနောက် မြောက် ဘက် ကွေ့ ချိုး သွားသော အဝေးပြေးလမ်းမကြီးတစ်စင်းထဲ ပေါင်းစည်းသွား၏။

ထိုလမ်းနှစ်လမ်းဆုံရာ ထောင့်တွင် ဘူးသီး၊ ခရမ်းသီးလို ပုံရောင်းနေသော ကားအရောင်းကွင်း တစ်ခု ရှိသည်။ ဇိမ်ခံကား မှ ကုန်တင်ကားကြီးတွေအထိ ရောင်းနေသည်။ (ကျွန်တော်တို့ တိုက်ခန်း အိမ်၏ အနောက်ဘက် အရှေ့ရပ်ကွက်ထဲတွင်လည်း ကားအရောင်းပြကွင်းတစ်ခု ရှိသေးသည်။) ကားအရောင်းပြကွင်းဟု သုံးရသည်မှာ ကားတွေ ကို အမိုးအကာ မရှိ ကွင်းထဲမှာ ပုံထားသော ကြောင့် ဖြစ်သည်။
ဒီလို ကလေးကစားစရာလို ရောင်းဝယ်နေသော ကားဆိုသော စက်တပ်ယာဉ်မျိုးကို ကျွန်တော် တစ်စီးမှ ၀ယ်မစီးနိုင်သေး တာ ကျွန်တော် လူညံ့တစ်ယောက် ဖြစ်သောကြောင့် ဖြစ်သည်။ ကျွန်တော့်ဇနီးကတော့ ငယ်စဉ် က စီးပွားမရှာခဲ့တာကြောင့်ဟု သေချာပေါက် ကောက်ချက်ချ သည်။ အသက်ကြီးလာတော့လည်း စီးပွား မရှာတတ်သေးတာ သူ သိပါသည်။ ကျွန်တော်က စာရေးဆရာဖြစ်ဖို့ လူဖြစ်လာတာ၊ စီးပွားရှာဖို့ လူဖြစ် လာတာ မဟုတ် ဆိုတာတော့ သူ သိချင်သိ မည်၊ မသိဘဲလည်း ရှိမည်။ စာရေးဆရာဆိုတာ ဘာလဲပင် သူ့မှာ မသေချာ။

တကယ်လို့ ကျွန်တော်သာ ကျီးကန်းတစ်ကောင်ဆိုလျှင် ကားတစ်စီးလောက်ကတော့ ဘူးသီး ကြော်တစ်ခု ၀ယ်စားသ လို ၀ယ် စီးနိုင်မည် ထင်သည်။
ကျွန်တော် ငုံ့ကြည့်လိုက်တော့ ကျွန်တော်တို့ တိုက်ခန်းအိမ်ရှေ့ ဘေးကျကျ ကွန်ကရစ်မြေပြင်တွင် ထီးရောင်စုံကြီး လေးငါးပွင့်ကို တွေ့ရ၏။ ထီးပွင့်တွေအောက်မှာ စားပွဲခုံပုလေးတွေ။ လူတချို့ လက်ဖက်ရည်သောက်နေကြ မည်။ အီကြာကွေးကြော်နံ့က ပျံတက်လာ၏။

ခေတ်ပေါ်ရေသည် ပြဇာတ်ခင်း ကျင်းနေသော ဂါလီ (ကုန်တင်ဆိုက်ကား) နှစ်စီး၊ သုံးစီး။ သောက်ရေသန့် ယဉ်ကျေးမှု လည်း မြို့ပြ၏ အဆောင်အယောင်တစ်ခု ဖြစ်လာသည်။ အလုပ်ရှိရာ သွားရန် ထွက် လာသော ခေတ်ပေါ်ကောင်လေး၊ ကောင်မလေးတွေ။ ကိုယ်ပိုင်ကား၊ တက္ကစီကား အများစု သွားလိုက် လာလိုက်။ တဂျိမ်းဂျိမ်းနှင့် ကျွန်တော်တို့တိုက်အိမ်ခန်း ရပ်ကွက်တွေကို မြေငလျင် အသေးစား (ရစ်ခ်ျတာစကေး ၁.၅ လောက်) လှုပ်ခတ်သွားစေသော ၁၆ဘီး ကုန်တင်ကားကြီး တချို့ အဝေးပြေး လမ်းပေါ် မောင်းနှင်သွားသည်။
အနောက်တောင်ဘက် တွင် ရှိသော မြစ်တစ်စင်းက ကျွန်တော့်ထံ အောက်ဆီဂျင်အသစ် လက်ဆောင်ပေးပို့ လိုက်၏။
ထိုအချိန် မှာပဲ ကျီးကန်တစ်ကောင် စစ်ချီသံကြွေးကာ ကျွန်တော့်ထံ ပြေးဝင်လာသည်။ ကျွန်တော် တကယ် ကို မျှော်လင့်မထား။

ကျွန်တော်တို့ မြို့ပြရောက်စ နံနက် အရုဏ်ဖြန့်အခင်းတွင် ဦးဆုံးကြားရသည်က ကျီးကန်းတွေ အူမြူး အော်ဟစ်သံနှင့် ရုတ်တရက် ဖြတ်သွားသော ရထားတစ်စင်းအသံ ဖြစ်သည်။ ပထမစရောက်ရက်များတွင် ကျွန်တော် တို့ သောတာရုံျွှေက ထိုအသံတွေနှင့် ထိမိသည်နှင့် အထိတ်တလန့် ကွဲကြေ သွားတတ်သေးသည်။ နှလုံးကန်ရေပြင်ထဲ ထိကျဂယက် သွားတတ်သေး သည်။
မြို့ပြ သည် ကျီးကန်း တို့ တည်ထောင်ခဲ့သလား။

ကျီးကန်းတွေ ၏ မြို့တော်လို ကျီးကန်းတွေ များပြားနေတာ ယုံကြည်နိုင်လောက်စရာပင် မရှိ။ ကျီးကန်းတွေက တစ်ပြိုင်တည်း (တစ်နာရီ၊ တစ်မိနစ်၊ တစ်စက္ကန့်) အကောင်တွေ ထောင်ချီ ပေါက်ဖွားတတ်သလား။ တကယ်တော့ ကျီးကန်းတွေကို တွေ့မြင်နေရသော်လည်း ကျီးကန်းတွေ အကြောင်း ကျွန်တော် သိပ်မသိ။ ကျွန်တော့် မိတ်ဆွေတွေ ထဲမှာ ကျီးကန်းတစ်ကောင်မှ မပါဝင်ပါ။
ကျွန်တော် ယောင်မှားပြီး (မသိစိတ်၏ ကိုယ့်ကိုယ်ကိုယ် တုံ့ပြန်ကာကွယ်မှု) လက်တစ်ချောင်းကို မျက်နှာရှေ့မြောက် ကွယ်လိုက်သည်။ ကျီးကန်းသည် သူ့ကို ကျွန်တော် တိုက်ချင်းပစ် ဒုံးပျံနှင့် ပစ်လွှတ်တော့ မည်ထင်ကာ အသံထက်မြန်သော လေယာဉ်တစ်စင်း ရှောင်တိမ်းသလို အပေါ်ထောင်တက် သွားပြီး ကွန်ကရစ်ခေါင်မိုး တွင် ပျောက်ကွယ်သွားသည်။
ကျွန်တော် သည် ကျီးကန်း၏ ရန်သူလား။

ကျီးကန်းဟစ်ကြွေးသံတွေ၊ တိုက်နံရံတွေကြား ဆူဝေပွက်ထလာသည်။ ကျီးတစ်ကောင် ကျွန်တော့် မျက်နှာနှင့် တစ်ကိုက် အလိုက ဖြတ်ပျံသည်။ နောက် ... တစ်ကောင်။ နောက် ... တစ်ကောင်။ ကြက်ခြေခတ်ပျံသည်။ အနိမ့်အမြင့် ပျံသည်။ ခေါင်းပေါ်ထောင်တက်သည်။ ကျွန်တော် လက်နှစ်ဖက်ကို ယှက်မြောက် ဝှေ့ရမ်း။ ဦးဆုံး တိုက်ခိုက်ဖို့ ပြေးလာသည့်ကောင်က ရုတ်ခြည်း ကွန်ကရစ်မှ ထိုးစိုက်ဆင်းလာပြီး ကျွန်တော့်ဦးခေါင်းကို ကုတ်ခြစ် ဖို့ ကြိုးစား။ ကျွန်တော် လက်နှစ်ဖက်ကို ဝှေ့ရမ်း။ သူရော၊ ကျွန်တော်ရော ထိခိုက်မှု မရှိ။

တစ်ရှိန်ထိုးဝဲပြီး မျက်နှာစာတိုက်ခန်း အိမ်ခေါင်ရှိ စကိုင်းနက် လင်ပန်းချပ်မှာ သွားရပ်သည်။ တစ်ချက် စူးစူးရှရှ အော်လိုက်သည်။ သူ့ကို ကျွန်တော် မှတ်မိသွားသည်။ သူက တခြား ကျီးကန်း တွေထက် ခေါင်းပိုကြီးသည်။ နှစ်ဆလောက်ကြီးသည်။ ခေါင်းကြီး။ နှုတ်သီးက ကြီးမားကောက်ကွေ့ နေသည်။ ကျီးကန်းတစ်ကောင်ထက် သိမ်းငှက်တစ်ကောင်နှင့် ပိုတူမလား။ အခြား ကျီးကန်းတွေ လည်း မျက်နှာစာတိုက်ခန်း အိမ်ခေါင်တွေပေါ်၊ ၀ရန်တာပေါ် တပ်ဖြန့်ချီတက်ရောက်ရှိလာသည်။
နောက်တော့ ခေါင်းကြီးက ဝေါခနဲ ပျံလာပြီး ကျွန်တော့်အခန်းရှေ့ အောက်ဘက် အုန်းပင်က အုန်းလက် တစ်ခု အပေါ် နားလိုက်သည်။ အာခြစ်အော်ပြန်သည်။

အဲဒီနေရာမှာ ကျီးကန်းတစ်ကောင်ဟာ
ကန္တရကြီး တစ်ခုလုံးကို မပျက်ပြယ်နိုင်တဲ့ အသံနဲ့ ပျံ့နှံ့သွားစေခဲ့တယ်။
ပြီးတော့ ခုထိ သူက အော်နေဆဲ၊ ခုထိလည်း လောကကြီးက လိုက်လံရှာဖွေဆဲ
ညစ်ပတ် တဲ့ နားဝဆီမှာ "အား ဟား၊ အားဟား" အသံ
ပြီးတော့ အချိန် ရဲ့ အခြားသစ်ငုတ်တိုခြောက်တွေအကြောင်း
နံရံတွေပေါ်မှာ ပြောကြတယ်။
စူးစူးဝါးဝါး စိုက်ကြည့်နေတဲ့ ပုံသဏ္ဍာန်တွေဟာ အပြင်ဘက် မှီထွက်နေကြ။
(တီအက်စ်အဲလီယော့ ကဗျာတစ်ပိုဒ် ကို နည်းနည်း ဖြည့်စွက် ပြင်ဆင်ထား။)

တကယ်တော့ ကျွန်တော်တို့ တိုက်ခန်းအိမ်ရာရှေ့ ၀ါးတစ်ရိုက်လောက် ကားလမ်းဘေးမှာ အုန်းပင် တစ်ပင် ရှိနေတာ ရောစရက်မှာပင် ကျွန်တော် သိထား၏။ အုန်းပင်ထိပ်ဖျားများက ကျွန်တော်တို့ တိုက်ခန်း ၀ရန်တာမှ ဆိုလျှင် ၁၀ပေလောက်ပဲ နိမ့်ပါမည်။ ထိုအုန်းပင်၏ အုန်းလက်တွေပေါ်မှာ ယခုတော့ ကျီးကန်းတွေ သီးနေ၏။ သူတို့က ညာသံပေးနေကြသည်။
ခေါင်းကြီးက ကျွန်တော်တို့ ၀ရန်တာဘက် ထိုးထွက်နေသော အုန်းလက်ပေါ်မှာ။ ဖျတ်ခနဲ၊ ဖျတ်ခနဲ သူ့အကြည့်က တလက်လက်။ ကျွန်တော့်ကို ကြည့်မနေဘူး ထင်ရသော်လည်း ကျွန်တော့်ကို ကြည့်နေသည်။

ကျွန်တော့်အနေဖြင့် ကျီးကန်းလောက်ကို အရေးထားစရာဟု မထင်ပါ။ တကယ်တော့ ကျီးကန်း သည် ခန္ဓာကိုယ်ထည်အားဖြင့် ကျွန်တော်နှင့် ဆိုလျှင် ၅၀ဆ တစ်ဆလောက် ရှိပါမည်။ ဦးနှောက်ချင်း ယှဉ်လျှင် အဆထောင်ချီ ကွာမည် ထင်သည်။
သို့တိုင် ကျီးကန်းတွေမှာလည်း အတုယူစရာ။ လေးစားလောက်စရာ သိစိတ်ရှိနေကြောင်း ကျွန်တော် သိလာရ၏။
ဝေါခနဲ၊ ခေါင်းကြီးသည် ဦးဆောင်ကာ ကျွန်တော့်ဆီ ထပျံလာပြီး တိုက်ထောင့်စွန်းဆီ ကွေ့သွား သည်။ ကျွန်တော့်ဦးခေါင်းနှင့် တစ်ပေအကွာလောက်အထိ ချဉ်းနင်းလာနိုင်ခဲ့သည် ထင်သည်။ နောက်တော့ ကျီးဂျက်လေယာဉ် များ တစ်ကောင်ပြီးတစ်ကောင်။ ကျွန်တော့်မြင်ကွင်းရှေ့ ဘေးနီးဝေး။

တကယ်တော့ ဒီကောင်တွေ အမှန်တကယ် ကျွန်တော့်ကို တိုက်ခိုက်ဖို့ မဟုတ်ဘဲ ခြောက်လှန့်နေ တယ်ဆိုတာ ကျွန်တော်ရေးရေး။ သေတော့ မသေချာ။
ကျွန်တော် အိမ်ခန်းထဲ ၀င်တော့ ဇနီးက ပြောသည်။ အုန်းပင်မှာ ကျီးသိုက် ရှိတယ်။ ကျီးမက ၀ပ်နေတာ။ ဒါကြောင့် ကျီးကန်းတွေ ဒါလောက်များနေတာ။ ဟိုနေ့က သားကြီး ၀ရန်တာမှာ ရပ်နေတာ ရုတ်တရက် ၀င်ထိုး လို့။ အ၀တ်နဲ့ ရမ်းလိုက်ရတယ်။ ၀ရန်တာထွက်ရင် သတိထား။ ခေါင်းကြီးတစ်ကောင် ရှိတယ်။ သူက ကျီးဖိုကြီး။ သူက ခေါင်းဆောင်ပဲ။ ကျီးကန်တွေ အမျိုးကို စောင့်ရှောက်တာကတော့ လေးစားစရာ။

ရက်သတ္တတစ်ပတ်ကြာမြင့်ပြီးနောက် ကျွန်တော် တိုက်ခေါင်းမိုး ကွန်ကရစ်ပေါ်တက်၍ အ၀တ်လှမ်း သည်။
တိုက်ခေါင်မိုးပေါ် မှ ကြည့်လျှင် အရှေ့၊ အနောက်၊ တောင်၊ မြောက် တိုက်အိမ်ပင်လယ်မြို့ကြီးကို တွေ့ရသည်။ အရောင်တွေက နီပြာစိမ်း၊ စိမ်းနု၊ ညိုနု ဖောက်ဝင်နေသော်လည်း များသောအားဖြင့် အဖြူထည်။ သို့မဟုတ် ဖြူညစ်ညစ် တိုက်ပင်လယ်ကြီး။ သစ်ပင်စိမ်းစိမ်း အချို့ ရက်ဖောက်ထား ပေမယ့် အကွက်သေး သဘောလောက်သာ။
တိုက်ခေါင်းမိုးထွက်ပေါက် တံခါးကို လှေကားမှတက်ပြီး ဖွင့်ကာ ခေါင်းမိုးကွန်ကရစ်ပေါ် အ၀တ် ဇလုံကိုင်လျက် ကျွန်တော် ရောက်သွားချိန်တွင် ခေါင်းမိုးကွန်ကရစ်အကာဘောင်မှာ ကျီးကန်း တစ်ကောင် ကင်းစောင့်နေတာ တွေ့ ရ၏။ ကျီးကန်းတစ်ကောင်အတွက် ကျွန်တော့်တွင် ရတက်ပွားစရာ အကြောင်း မရှိ။

ကျွန်တော့် တိုက်ခန်းအိမ်၏ တောင်ဘက်ဘေးတွင် ကပ်လျက်တိုက်ခန်းအိမ်တစ်လုံး ရှိသော် လည်း မြောက်ဘက်ဘေးတွင် မရှိသေး။ တစ်ထပ်ပျဉ်ထောင်အိမ်တစ်လုံးနှင့် ခြံကျယ်ကြီး ရှိသည်။ အုန်းပင်၊ ကွမ်းသီးပင်၊ သရက်ပင်၊ ကုက္ကိုပင်၊ ကုန်းသဖန်းပင် စသည်ဖြင့် ရှိ၏။ သစ်ပင်အုန်အုပ်က ဟိုအောက်ဘက်မှာ။ တိုက်ခန်းအိမ် အနောက်ဘက်မှာ ကျူးကျော်အိမ်လေးတွေ လေးငါးဆယ်လုံး။ ကုက္ကိုပင်ကြီး၊ သရက်ပင်၊ အုန်းပင်တွေ ၀ိုင်း။ ကျွန်တော့်တို့ တိုက်ခန်းအိမ်မြောက်ဘက်၊ ကုန်းသဖန်းပင်ထိပ်ဖျား၊ အနောက်ဘက် အုန်းပင်ကြားတွေမှာလည်း ကျီးကန်းကောင်ပေါက်တွေ၊ ကျီးမ၀ပ်နေတဲ့ အသိုက်တွေ ရှိနေတာ နောက်တော့ ကျွန်တော် သိရ၏။

သို့တိုင် ကျွန်တော် အချိန်နှောင်းသလို ရှိသွားပြီ။
ကျွန်တော် အ၀တ်စိုတွေ တန်းမှာ လှန်းနေတုန်း ခေါင်မိုးကွန်ကရစ်ဘောင်က ကျီးအစောင့်သမား သည် အချက်ပေး အော်ဟစ်လိုက်၏။ ရန်သူတဲ့။
ကျီးကန်းတွေ တဝေါဝေါ ပျံဝဲပြိုဆင်းလာသည်။ ကွန်ကရစ်ဘောင်တွေဆီ ရောက်လာ၊ ကျွန်တော့် ခေါင်းဘေးပတ်လည် ပျံဝဲ။ လူ ... လူ ... ရန်သူ။ တိုက်ကြခိုက်ကြ အော်သံတွေ ညံလာသည်။ ကျွန်တော့် ဆီ ပြေးဝင်လာတာ တစ်ကောင်တည်း မဟုတ်။ ရှေ့နောက်ဘေးဝဲယာ။ ကုတ်ခြစ် ထိုးသုတ်။ ကျွန်တော် ၀ါးလုံးတစ်လုံး ယူရမ်းခါခုခံသည်။ သူတို့က ကျွန်တော့်ဝါးလုံးကို ထိုးသုတ် ကုတ်ဖဲ့ရိုက်ချ။ ကျွန်တော့် လက်ထဲ က ၀ါးလုံးလွတ်ကျသွားသည်။ ကျွန်တော့်မျက်နှာနှင့် ခေါင်းကို ကွယ်ရင်း ကြည့်လိုက်တော့ ခေါင်းကြီး က ဦးဆောင်ကာ ကျီးတပ်ကြီး။

ကျွန်တော် ခေါင်မိုးကွန်ကရက် ထွက်ပေါက်ကို ပြေးသည်။ သူတို့ တစ်ဟုန်ထိုးလိုက်လာသည်။ အဆင်းအတက်တံခါးပေါက်ကို ပြေးရင်းပိတ်။ မင်းတုပ်ထိုးနေစဉ် သူတို့ သစ်သားတံ ခါးကို နှုတ်သီးနှင့် ထိုးဖောက်နေ ၏။ ကျွန်တော် လှေကားမှ ပြေးဆင်း။ တိုက်ခန်းပြန်ရောက်လာ၏။ မှန်တံခါးတွေပိတ်။ မှန်တံခါးပြတင်းပေါက်တွေ ပိတ်နေစဉ် ကျွန်တော်တို့ တိုက်ခန်းထဲ ကျီးကန်း တွေနှင့် ပြည့်နေပြီ။
"ကျီးအော်သံတွေ ကြားတယ်။ အ၀တ်တွေ လှန်းခဲ့ပြီလား" ဇနီးက မေးသည်။

"အေး လှန်းပြီးပါပြီ။ နေက တအားပူတာပဲ"
"ရေချိုးတော့ ပြီးရင် ထမင်းစား ကြရအောင်"
တိုက်ခန်း ပြတင်းပေါက်တွေ ကျယ်ကျယ်ဖွင့်လိုက်သည်။ လေနုအေးများ အပြေးဝင်ရောက်လာနေ ၏။

မောင်တင်ဆင့်
ရုပ်ရှင်တေးကဗျာ .. ဇူလိုင် ၂ဝ၁၂
.

No comments: