Friday, June 29, 2012

ဦးဝင်းတင် ဘာသာပြန် ဥတ္တရအလင်း, အပိုင်း (၄)

မိတ်တလန် သ ည် မြောက်ပိုင်းဒေသ သစ်တော်သီး ကောင်းကောင်းတစ်လုံးကဲ့သို့ပင် မာကျော၏။ အပြစ် အနာအဆာ ကင်း ၏။ ၀ါသနာအရာမှာပင် ကိုယ်စိတ်နှစ်ပါးစလုံး အကျိုးပွားများမှုအတွက် သာ သူ ရှေ့ရှု သည်။ မြင်း ဆိုလျှင် တန်းတန်းခွဲ ခုံမင်သည်။ တစ်တိုက်လုံးတွင် အခြားသူများထက် ပို၍ ပေ့နှင့် ရင်းနှီးသည်။ ကို ဆက်ဖတ်ရန်..........
"ပြဿနာတွေကတော့ သောင်းခြောက်ထောင်ပဲ"
နှစ်ယောက်သား ခေါင်းကြီးပိုင်းရေးရမည့် အကြောင်းရပ်ကို ဆွေးနွေးကြသည်။ ဟင်နရီပေ့က စိတ်တိုတို အားငယ်ငယ် ပြောသည်။ ခါတိုင်းထက်ပို၍ အကဲဆတ်နေသည်။
"ပြောစရာတွေ က တစ်ပုံတစ်ခေါင်း။ အဲဒါတွေကို ပြောရမယ့် အချိန်က တိုတို တောင်းတောင်း။ ကောင်းပေ့ဗျာ"
မိတ်တလန် က ခေါင်းညိတ်သည်။

"ကျွန်တော်တို့ နိုင်ငံလည်း ကြွေး လည်ပင်းခိုက်နေပြီ"
"ဒီပေယျာလကန် အကျင့်ကို ခွာချပစ်မှကို ဖြစ်တော့မှာပဲ။ လူတွေကလည်း ဆေးအလကားကုရ ပြီးရော၊ ဘောလုံးပွဲ လောင်းကစားဒိုင်တွေ ရှိနေသမျှ ပြီးရော ဖြစ်နေတယ်။ အနောက်ဂျာမနီကို ကြည့်စမ်း။ သူတို့ ဘယ်လိုလုပ် ရှိစုမဲ့စုနဲ့ ကုန်းရုန်းထလာခဲ့သလဲ။ ၁၉၄၃ တုန်းက သူတို့ပြာပုံမှာ လူးနေတာ ။ ဂျာမဏီတော့ တစ်စခန်းသိမ်း ပြီ ဘယ်တော့မှ ပြန်လမ်းကောင်း မရှိတော့ဘူးလို့ ထင်ထားခဲ့တာ။ နာလန်ထူလာတယ်ဗျာ။ အံ့ရော။ အခုကမ္ဘာမှာ ထိပ်သီးဖြစ်နေပြီဗျ"
"သူတို့ အကျောရထားတာကိုလည်း ထည့်ပြောဦးလေဗျာ။ သူတို့က စစ်ရူံးနိုင်ငံဗျ"
"ဒါအဖြေ မဟုတ်ဘူး မယ်လ်ကမ်ရဲ့။ သူတို့က ချွေးတရွှဲရွှဲ ဇွဲတရှိရှိ လုပ်ကြတာဗျ။ ကျွန်တော်တို့က ပဲ့မပါတဲ့လှေ လို မျောနေတာဗျ"
"ဟုတ်ပါတယ်။ ကျွန်တော်တို့ကလည်း နည်းနည်းတော့ အိုးနင်းခွက်နင်း ဖြစ်နေတာကိုး။ ဒါပေမယ့် ဒါထက် အဖြစ်ဆိုး တာတွေ ကျွန်တော်တို့ ကြုံဖူးခဲ့တာပဲ"
"ကွပ်ကဲနိုင်မယ့် လူ လိုနေတာဗျ။ တကယ့်ခေါင်းဆောင် လိုနေတာပဲ။ ဒစ္စရေလို လူဆိုပါတော့ဗျာ"
ဟင်နရီပေ့ ၏ အခန်းရှေ့အရောက်တွင် မိတ်တလန် ရပ်လိုက်သည်။ ဟာသကလေးစွက်ကာ ပြောလိုက်သည်။

"ခင်ဗျား ခေါင်းကြီးပိုင်း ရေးစရာ ရပြီလေဗျာ။ ဒစ္စရေသာ ယနေ့အသက်ထင်ရှား ရှိနေလျှင် ဆိုတဲ့ခေါင်းစဉ် နဲ့ ရေးပေါ့ဗျ"
ပြီးမှ နာရီကြည့်လိုက်သည်။
"၁၁ နာရီမှာ ဘုရားသားတော်နဲ့ ချိန်းထားတာလည်း မမေ့နဲ့ဦးနော်"
အချိန်က ၁၁ နာရီတောင်ထိုးလုနေပြီ။ ပေ့ ခမျာ ကြော်ငြာဌာနသို့သွားပြီး ညှိနှိုင်းပွဲ လုပ်ချိန်ပင် မရလိုက်။ စိန့်မတ်ခ် ဘုရားရှိခိုးကျောင်းမှ ဘုန်းကြီးဂီလ်မိုး ရောက်လာသည်။ ပေ့နှင့် လက်ဆွဲနှုတ်ဆက်သည်။ ဘုန်းကြီးက သွက်လက် သည်။ မုတ်ဆိတ် ပါးသိုင်း အပြောင်ရိတ်ထားသည်။ ပေါင်းဟောင်း သင်းဟောင်း ပြောဟန် ဆိုဟန်နှင့်။
"တွေ့ခွင့် ပေးတာ တော်ရှာပါပေ့ဗျာ။ ခင်ဗျားကလည်း ကျုပ်လိုပဲ အလုပ်များတဲ့လူ မဟုတ်လား"
ဇန်န၀ါရီလ မှစ၍ ယိုင်နေ ခဲ့ သည့် ဘုရားရှိခိုးကျောင်း ပြာသာဒ်ချွန်းကြီးကစ္စအတွက် သူ လာခြင်းဖြစ် ၏။ ပြာသာဒ်ချွန်းကြီး က လှလည်းလှ ၊ အထင်ကရလည်း ဖြစ်သည်။ ဥတ္တရအလင်း က ပြုပြင်ထိမ်းသိမ်းရေး ရန်ပုံငွေ ကောက်ခံပေး ခဲ့သည်။
"နောက်ဆုံး ခန့်မှန်းချေတော့ရပြီ" ဘုန်းကြီးက ဆက်ပြောသည်။

"ကျွန်တော်တို့ မှန်းထားတာထက် အများကြီး ပိုနေတယ်။ ပေါင်တစ်သောင်းလေးထောင် တောင်မှပဲ"
"နည်းတဲ့ငွေ မဟုတ်ပါလား"
"မနည်းဘူးပေါ့ မိတ်ဆွေကြီးရယ်။ ခင်ဗျားတို့ ရန်ပုံငွေ ကောက်လို့ရတာက ပေါင် ၅၀၀၀၀ တောင် မပြည့်သေးတော့…..
ဟင်နရီပေ့ က နည်းတာများတာ အမှုမထား။ သတင်းစာမှတစ်ဆင့် ရန်ပုံငွေ ကောက်ခံပေးသည့် ကိစ္စမှာ သူ့ဆန္ဒ အလျောက် စီစဉ်မှုသက်သက်သာဖြစ်သည်။ လူချမ်းသာကြီး မဟုတ်ပါလျက် ဂီနီဒင်္ဂါး ၁၀၀ မတည်ခဲ့သည်။

"တိုင်းပြည်ကလည်း ကျပ်တည်းနေတယ်လေဗျာ။ အခွန်အတုတ်တွေကလည်းထူပြော၊ အချိန်ကလည်း အလှူအတန်း ရာသီမဟုတ်။ နောင်နှစ်နာတာလူး ပွဲတော်ရက်အထိ စောင့်ပေဦးတော့ပေါ့။ ဟန်ကျလာပါ လိမ့်မယ်"
"ဒါပေမယ့် ဟင်နရီရေ…လိုတာက နေ့မဆိုင်း ညမဆိုင်းလိုနေတာဗျ"
ဘုန်းကြီးက ဤအချိုးအတုင်း အတန်ကြာ ဆက်ပြောနေသည်။ ပေ့က ကျွဲမြီးတိုလှပြီ။ မလိုအပ်သော စီမံကိန်း များ၊ ကိုယ်ကျိုးကိစ္စများ၊ ပေးပါ ပေးပါ တစာစာနှင့် ထာဝစဉ်လကလ၀ါးဖြန့်မှုများ အားလုံးကို တိုင်းပြည်ကြီး ချွတ်ခြုံ မကျ ရလေအောင် ချိုးနှိမ်ထားရမည် ဖြစ်ကြောင်း ဘုန်းကြီးနှယ်မသိဆိုးရွား လိုက်လေခြင်း။ ပေ့က စိတ်ချုပ်တည်းပါ၏။ နားထောင်ပါ၏။ နည်းလမ်းရှာပါ၏။ သတင်းစာအလယ် စာမျက်နှာတွင် နေရာပေးရန် ကတိပြုလိုက်လေ ၏။

ဘုန်းကြီးထလိုက်တော့မှ စိတ်ထဲမှ လန်းသွားသည်။ ဘုန်းကြီးက စားပွဲပေါ်၌ လက်နှိပ်စက်ဖြင့် ရိုက်ထားသည့် စာရွက်တစ်ရွက် ကို ထားသွားသေးသည်။
"အီစတာပွဲတော် ကဗျာတွေ ထားခဲ့မယ် ဟင်နရီ၊ စိတ်မရှိပါနဲ့၊ သတင်းစာထဲ ထည့်ပေးပါဦး၊ စိတ်ချ သွားမယ်နော်"
ဘုန်းကြီး ထွက်သွားပြီး တံခါးပိတ်လိုက်မှ ပေ့က စာရွက်ကို ကောက်ယူကြည့်သည်။ ပထမဆုံး စာ ကြောင်း ကိုသာ ကြည့်ရသေးသည်။ တယ်လီဖုန်းခေါင်းလောင်းမြည်သံပေါ်လာသည်။ မစ်မော့ဖတ် က အောက်ထပ်ရှိ တယ်လီဖုန်း ခလုတ်ခုံမှနေ၍ ပြောသည်။

"လန်ဒန်က ခေါ်ပြန်ပြီ"
"ဆမ်မာဗီးလ်များ ဖြစ်နေမလားဗျာ" သူ့ပါးစပ်က လွှတ်ခနဲ ထွက်သွားသည်။
"မဟုတ်ပါဘူး။ မစ်ဂ်ဟီးလ်တိုက်က လာတာ။ မစ္စတာဂျူန်း တဲ့"
ခဏ ငြိမ်နေပြီးမှ ပေ့က ပြောလိုက်သည်။
"ဆက်ပေးလိုက်လေ"
"မစ္စတာ ဟန်နရီပေ့လား ခင်ဗျာ။ ကျန်းခံ့သာပါစ ခင်ဗျာ"
အသံက ဝေလနယ်သား လေသံပေါက်သည်။
"ခုပြောနေတာ ထရေဗာဂျူန်းပါ။ ဆာအီသီယယ် မစ်ဂ်ဟီးလ်ရဲ့ အတွင်းရေးမှူးပါ။ လူကြီးမင်းနဲ့ ကျွန်တော် ဆုံဆည်းခွင့် မကြုံသေးပါဘူး ခင်ဗျာ၊ ဒါပေမဲ့ မကြာခင် ဆုံဆည်းရလိမ့်မယ်လို့ မျှော်လင့် ပါတယ်။ ဆာအီသီယယ် က မစ္စတာပေ့ လန်ဒန်လာပြီး သူနဲ့တွေ့စေချင်ပါတယ်တဲ့။ ဒါမှမဟုတ် လည်း ဆပ်ဆက်နယ် မှာရှိတဲ့ သူ့ကျေးလက်အိမ်မှာ လာတွေ့စေချင်ပါတယ်တဲ့ ခင်ဗျာ။ လူကြီးမင်း အဖို့ အစောဆုံး အဆင်ပြေတဲ့ အချိန်ပေါ့ ခင်ဗျာ"
ဘာပြောတော့မည် မှန်း ဟင်နရီပေ့က အလိုလို တွက်ဆမိနေသည်။

"ကျွန်တော် အချိန်ပေးနိုင်မယ် မထင်ဘူးဗျာ"
"ဆာအီသီယယ်က သူ့ကိုယ်ပိုင် လေယာဉ်ပျံလွှတ်ပြီး လူကြီးမင်းကို ခေါ်ရမယ်ဆိုရင်လည်း ခေါ်ချင် တာပါ"
"မလို ပါဘူး။ ဒါလည်း မဖြစ်နိုင်ပါဘူး"
"စိတ်ချပါ မစ္စတာပေ့။ လူကြီးမင်းမှာ အကျိုးထူးမှာပါ ခင်ျော"
"ဘာဖြစ်လို့လဲ"
"အကြောင်းလေးတွေ ရှိလို့ပေါ့ခင်ဗျာ"
"ကျွန်တော် မေးနေတာက ဘာဖြစ်လို့လဲ"
"ဥတ္တရအလင်း ကို ရောင်းတော့မယ်လို့ ဆာအီသီယယ်က ကြားထားတယ်။ သူက လူကြီးမင်းနဲ့ သူနဲ့ တေ့တေ့ ဆိုင်ဆိုင် မပြောရသေး မချင်း ဘာမှမလုပ်စေချင်ပါဘူးတဲ့ ခင်ဗျာ"
ဟင်နရီပေ့ ဒေါသဖြင့် လည်ချောင်းပင် တစ်ဆို့နေမိသည်။ တယ်လီဖုန်းကို ဇက်ခနဲ ချလိုက်သည်။

ဘာသဘောပါလိမ့်။ တစ်ပြည်လုံးတွင် အကြီးဆုံးသတင်းစာ လုပ်ငန်းရှင် ထိပ်သီးနှစ်ယောက်က နယ်သတင်းစာ ကလေး တစ်စောင် ကို ဘာအကြောင်းကြောင့် ဗြုန်းစားဗြင်းစား အာရုံစိုက်လာကြရ တာလဲ။ ဖြစ်နိုင်ဖွယ်ရာ ရှိသမျှ ကို စေ့ငုကြည့်မိသည်။ မေးခွန်းနှစ်ခုစလုံးအတွက် အသင့်ယုတ္တိရှိရှိ အဖြေမထွက်။
သူ့ကို ဖိစီးစပြုနေ သည့် သွေးလန့်မှုကို စိတ်အားတင်းပြီး ခွာချလိုက်သည်။ ခေါင်းကြီးပိုင်းကို ဇွတ် မှိတ်ရေး သည်။ တယ်လီဖုန်းခေါင်းလောင်းသံက ကောက်ကာငင်ကာ ပေါ်လာပြန်သည်။ ပေ့ ထခုန် မိမတတ် လန့်တုန် သွားသည်။ ဒေါက်တာဘတ်၏ ဆေးခန်းစာရေးမက လစဉ်ကျန်းမာရေးစစ်ဆေး မှုအတွက် မွန်းတည့်အချိန်တွင် ချိန်းထားခြင်း ကို သတိပေးခြင်း ဖြစ်၏။ ခါဆိုင်းဆိုလျှင် ဤသို့သော အရေးကောင်း ဒိန်းဒေါင်းဖျက်ခြင်းမျိုးကို သူဒေါပွ တတ်သည်။ ယနေ့မူ သူကိုယ်တိုင်က အပြင်သို့ ထွက်ချင်နေ၍ အကြိုက်တွေ့သွားသည်။ အာရုံ စိုက်ပြီး ရေးလိုက်ရာ ခေါင်းကြီးပိုင်းရေးပြီး သွားသည်။ ခေါင်းလောင်းတီးပြီး မစ်မော့ဖတ်ကို ခေါ်လိုက်သည်။

မစ်မော့ဖတ်က စာများကို ယူပြီး ၀င်လာသည်။ ပေ့က စာများကို လက်မှတ်ထိုးသည်။ ခေါင်းကြီး ပုတ်ကို မစ်မော့ဖတ် လက် သို့ အပ်လိုက်သည်။
"ဟုတ်ကဲ့"
မစ်မော့ဖတ် ၏လေသံက အေးတိအေးစက်။ စောစောက ပေ့ တိုတို တောင်းတောင်း ပြောခဲ့ခြင်း အတွက် စိတ်ကွက်နေဆဲ ဖြစ်ဟန်တူသည်။
"ကော်ဖီ သောက်တော့မလား"
မစ်မော့ဖတ် က မေးသည်။ "၁၂နာရီ ကျော်နေပြီ"
"မသောက်တော့ ပါဘူးဗျာ။ အပြင်သွားလိုက်ဦးမယ်။ ၂နာရီမှာ ပြန်လာခဲ့မယ်"
"ရှင်မသွားခင် ဒါလေးတော့ ကြည့်သွားရင် ကောင်းမယ်"
မစ်မော့ဖတ် က ကြေးနန်းစာကို လှမ်းပေးသည်။

"အကြောင်းကြားချက် ပို့ပြီးပြီဖြစ်၍ လာမည့် အင်္ဂါနေ့တွင် လူကြီးမင်းထံ ကျွန်တော် လာရောက် တွေ့ဆုံပါမည်။ လူကြီးမင်းအား အသိပေးရန် ဆမ်မာဗီးလ်က ယနေ့နံနက် ညွှန်ကြားပါသည်။ မျှော်လင့်စောင့်စားချက်။ စေတနာ သန့်သန့်ဖြင့်။ ဟာရိုးလ်စမစ်"
ဤအခြေအနေရောက် မှတော့ ပေ့ အဖို့ တအံ့တသြ ဖြစ်နေစရာ မရှိတော့။ သို့သော် ကြေးနန်း စာရွက်ကို ကိုင်ထား သည့် သူ့လက်တွေကတော့ တင်းတင်းကျပ်ကျပ် ဆုပ်မိရက်သား ဖြစ်နေလေ ၏။
"သူတို့စိတ်ထဲ ဘာတွေ ရှိနေသလဲ ဆိုတာ သိချင်လိုက်တာဗျာ"
မစ်မော့ဖတ် က တိုတိုပင် ပြောသည်။
"အမြန်ဆုံး သိရတော့မှာပေါ့ရှင်"
ပေ့က ဘာမှ ပြန်မပြော၍ မစ်မော့ဖတ် ထွက်သွားသည်။

ဟင်နရီပေ့သည် တစ်ယောက်တည်းထိုင်ပြီး မျက်လုံးများကို အပေါ်လှန် ကြည့်နေသည်။ ဥတ္တရ အလင်း သတင်းစာ တည်ထောင်သူ သူ့အဘိုး၏ အဘိုးတော်သူ ဒင်နီပယ်ပေ့၏ နံရံပေါ်မှ ဓာတ်ပုံ ကို မျက်မှောင်ကြုတ်ပြီး ကြည့်နေမိသည်။ ဓာတ်ပုံတွင် ဒယ်နီယပ်ပေ့က ထိုင်လျက်။ ၀တ်စုံနတ်ဖြင့်။ ကိုယ်ဟန် က တောင့်တောင့်ကြီး။ လက်တစ်ဖက်က အပေါ်ကုတ်အင်္ကျီ ရင်ဖုံး အောက်တွင် ထိုးထား၏။ လက်တစ်ဖက်က လက်ချောင်း များကို ဆန့်ကားလျက် နဖူးကို ထောက်ထား၏။ အဘိုးကြီး၏ အာဏာမာန်ပါပါ မျက်နှာထားတွင် ရှစ်ခေါက်ချိုး ဣနြေ္ဒကြီး တစ်ခွဲသားကပါ ရောစွက်နေသည်ကို ကွဲကွဲပြားပြား မြင်နေရသလို သူ့စိတ်တွင် ထင်မိလေ သည်။
ဟင်နရီပေ့ သည် ဦးထုပ်ကိုဆွဲကာ အခန်းထဲမှ ကမြောသောပါး ထွက်ခဲ့လေသည်။

 (၄)

လေယာဉ်ပျံ အချိန်မှန်ဆိုက်သည်။ စမစ်၏ ၀ိုင်အမ်စီအေ ဂုဏ်ထူးဆောင်ဆု လက်ပတ်နာရီ အလိုအရ ၁၂နာရီ၊ မိနစ် ၄၀ ရှိပြီ။ စမစ်က သူ့နာရီကို စက္ကန့်မလွဲ အချိန်မှန်အောင် အမြဲတိုက်ထားသည်။
"ဒီအိတ် နှစ်အိတ် စလုံး သယ်ခဲ့။ ကားငှားထားတာ ရှိတယ်။ မစ္စတာ ဟာရိုးစမစ်နာမည်နဲ့ ငှားထားတယ်" စမစ် က အထမ်းသမားကို ပြောသည်။
အညာ သို့ လေယာဉ်ပျံစီးလာခဲ့ရသည်မှာ စိတ်ချမ်းသာသည်။ စမစ်သသည် စူးစူးရှရှ တိုက်နေသည့်လေကို တ၀ကြီး ရှူသွင်း လိုက်သည်။ တိုင်းကာဆယ်မြို့သို့ သမား မောင်းလာသည့် ဒင်မလာကားနက်ကြီး ဆိုက်လာ သည်။ စမစ် က အထမ်းသမားအား ၁၀ ရှီလင် ပေးလိုက်သည်။ အသုံးစာရင်းစာအုပ်တွင် တေးမှတ်လိုက်သည်။ ပြီးမှ လီယိုနည်းညေးနှင့်အတူ ကားပေါ်တက်သည်။ "ကျွန်တော် ဒီကို မရောက်တာ အတော်ကိုကြာပြီ"
ကားအထွက် တွင် စမစ်က စကားပျိုးသည်။

"၁၅ နှစ် ရှိပြီပေါ့လေ"
ညေးက စီးကရက်အသစ်တစ်လိပ် မီးညှိပြန်သည်။ ပါးစပ်နှင့် စီးကရက်ပြတ်အောင် သောက်သူ ဖြစ်၏။ ထိုအကျင့် သည် ဘယ်သူ့ကိုမှ ဘာကောင်းကျိုးမှ မပေးသော အကျင့် ဖြစ်သည်။
"ခင်ဗျား ကို ဘင်ခရာအဖွဲ့နဲ့ ကြိုဖို့တောင် ကောင်းနေတာပေါ့"
ညေးက ခနိုးခနဲ့ ပြောသည်။
စမစ်က မျက်ကြောတင်းသွားသည်။ ညေးသည် သူ စိတ်လိုလျှင် လူချစ်အောင် လုပ်တတ်သည်။ သို့သော် နှုတ်သီး စွာသည်။ စမစ်က ဗွေမယူ။ ခန္ဓာကိုယ်ထွားကျိုင်းသလောက် သဘောသကာယ အရာမှာ လည်း ကြီးမား သည်ဟု စမစ်က သူ့ကိုယ်သူ ထင်ထားသည်။
"ကျွန်တော့်ဆောင်ပုဒ် ကတော့ လူတိုင်းရဲ့ အကောင်းဆုံးကို ရှာပြီး လူတိုင်းနဲ့ သင့်တင့်အောင်နေ" ဆိုတာပဲ ဟု ပြောလေ့ရှိသည်။

ထို့ပြင် ယနေ့အဖို့ရာ သူ့ဘ၀ကို သူ ကျေနပ်စရာ အကြောင်း ရှိနေသည်။ တာကုတ်လမ်းတစ်လျှောက် သူတို့ ကားဖြတ်မောင်း သွားသည်။ သူ ဖွင့်ဟမပြောစေကာမူ ထိုနေရာသည် သူ နွမ်းနွမ်းပါးပါး နေထိုင်ခဲ့ဖူးသည့် အခန်း ကလေးနှင့် တစ်ခေါ်လောက်ပင်မဝေး။ သူ ချာတာစာရင်းကိုင်ကြီး ဖြစ်လာသည်အထိ သူ့အမေ မုဆိုးမကြီး က ရုန်းကန် အနစ်နာခံခဲ့သည်။ ထိုအောက်တန်း နောက်တန်းကျသော ရပ်ကွက်အနီးမှနေ၍ လုပ်ငန်းကိုင်ငန်း တက်လမ်းရှိရာသို့ ယခု သူ သွားနေရပြီ။ မြို့တွင်းကို ကျော်ဖြတ်လာခဲ့ကြပြီးနောက် စမစ်က ကားမောင်းသမား ကို မေးသည်။
"ကိုယ့်လူ မင်းနည် ဘယ်သူလဲ"
"ပါတစ်ပါ ခင်ဗျာ"
"မဟုတ်ဘူး … မဟုတ်ဘူး။ ငယ်နာမည်ကို ပြောတာ"
စမစ်က သူ့ အလုပ်သမားတိုင်းနှင့် ဖတ်လဲတကင်း ပြောတယ် ဆို တတ်သည်။

"ဖရက်ပါ ခင်ဗျာ"
"ကောင်းသကွယ်။ ကဲ … ဖရက်ရေ၊ ဟက်ဒယ်လ်စတန်ကို တန်းမမောင်းနဲ့ဦးဟေ့။ ဘင့်ခိဝယ်မှာ ကွေ့ပြီး အတ်တလေ က ဖြတ်သွားကွာ"
"အဲဒီလမ်း က တစ်ပတ်ကြီး ခင်ဗျ။ လမ်းကလည်း သိပ်ကောင်းတာ မဟုတ်ဘူး"
"ကိစ္စမရှိပါဘူး ဖရက်ရေ။ မောင်းသာမောင်း"
ဤဒေသ သည် စမစ်၏ ကိုယ့်ရပ်ကိုယ့်ရွာ ဖြစ်၏။ ၁၉၄၉တွင် သူ သြစတြေးလျမှ ပြန်လာခဲ့သည်။ လန်ဒန်၌ အတည် တကျ အခြေစိုက်ခဲ့သည်။ သို့သော် လန်ဒန်တွင် ဘယ်တုန်းကမှ ပျော်ပျော်ပိုက်ပိုက် မရှိ။ ဆမ်မာဗီးလ် ကဲ့သို့ ကာဇန်လမ်း တွင် အိမ်ကြီးရခိုင်ရှိပြီး အပြောင်းအလဲသဘော မြို့ပြင်၌ ခြံကြီးဝင်းကြီး ရှိလျှင် လန်ဒန် က နေပျော်ထိုင်ပျော် ရှိနိုင်ပါ၏။ သို့သော် သူ နေထိုင်ရသည့် မတ်စ်ဝယ်ဟီးလ်လို ဆင်ခြေဖုံးရပ်ကွက်မှာမူ စိတ်ချမ်း သာစရာ တစ်ကွက် မရှိ။ ဇနီးဖြစ်သူ မင်နီက သူ့ကို ပစ်သွားချိန်မှစ၍ စိတ်ချမ်းသာစရာ မကောင်းတော့။ ယခုမူ ထိုရပ်ကွက် မှ သူ ခွာနိုင်တော့မည်။

အတ်တလေ စိမ့်မြေကွင်း သို့ သူတို့ ရောက်လုနီးလာပြီ။ ညေးက မျက်စိ မှိတ်ထားသည်။ သူ့ခေါင်းကို ကုတ်အင်္ကျီ ထဲ မြုပ်နေအောင် မြှုပ်ထားသည်။ မနေ့ညက မြို့လုံးပတ်လည်လှည့်ပြီး ကပွဲတကာ၊ အရက်ဆိုင် တကာ စေ့အောင် ခြေစင်္ကြာမွှေ့ခဲ့သည်။ စမစ်က သူ့ကို မသိမသာ လူကဲခတ်သည်။ ကိုယ်လုံး ကိုယ်ပေါက်က အချိုး ကျသည်။ မျက်နှာအဆက်အပေါက်က ချက်ချာသည်။ ညိုဝါ၀ါ ဆံပင်က လှိုင်းတွန့်ထနေသည်။ လက်သည်း များကို သပ်သပ်ရပ်ရပ် လှီးဖြတ်ပြုပြင်ထားသည်။ အပေါ်ဝတ်စုံနက်၊ နံ့သာရောင် ကိုယ်ကြပ်ခါးပြတ် အင်္ကျီ၊ မီးခိုးရောင် လည်စည်း၊ အနက်ရောင် ပုလဲရင်ထိုး၊ ကြိုးမြှောင်းမြှောင်း လက်ပတ်နာရီ၊ စာလုံး ဖော်ဒိုင်း လက်စွပ် စသည် တို့ဖြင့် သားသားနားနား ၀တ်ဆင်ထား၏။ တကယ့် လူ့ဘော်ကြော့ပါပေ။ ထူအမ်းအမ်း နှုတ်ခမ်း၊ ပြူးတူးပြူးမျက်စိ၊ သူ့အသက် ၃၂နှစ်ထက် ရင့်သလို ထင်ရစေသည့် မျက်ရစ်တို့ကသာ ဖျက် မနေလျှင် အတော် ရုပ်ဖြောင့်မည်။

ရည်မွန်သော၊ အညွှန့်လူသော၊ ပြေပြစ်သော သူ့အမူအကျင့်၊ ဘာသာလ၀ါလုပ်သော သူ့ဟန်ပန်လေသံ၊ အကုန်အကျ ကြီးလွန်းသော သူ့အထုံအကြိုက်၊ ငွေကိုရေလိုမှတ်သော သူ့အသုံးအဖြုန်း၊ တစ်လောကလုံး ထီ မထင်သော သူ့ကိန်းခန်းတို့ကြောင့် ညေး၏ ပေါက်လွှတ်ပဲစား ဇာတိပတ္တိကို မည်သူမျှ ရိပ်မိကြလိမ့်မည် မဟုတ်။
ခရစ်ယာန်ကိုယ်ကျင့်တရားစွဲမြဲသူ စမစ်အဖို့တော့ သည်းမခံနိုင်စရာ။ သို့သော် လေးစားတော့ လေးစားရမည် သာ။ ညေး မှာက အသိဥာဏ်မရှိ၊ မခံစားမှု မရှိဟု ဆိုစေကာမူ ထက်မြက်မှုတော့ ရှိသည်။ လက်တွဲရန် ခက်ပုံ ပေါ်သည်။ သို့သော် အရေးကြုံလျှင် သက်လုံကောင်းမည့်ပုံတော့ ပေါ်သည်။

"ထတော့ လီယိုနစ်ရေ။ ကျွန်တော်တို့ အတ်တလေ ရောက်နေပြီ"
စမစ်က ကားရပ်ပြီး ဆင်းကြည့်ချင်သည်။ သို့သော် ဤဝေးဝေးခေါင်ခေါင် နေရာကိုမှ ရွေးပြီး သူတို့ စိတ်ဝင်စားပုံကို ကားမောင်းသမား မယုံသင်္ကာ ဖြစ်မည်စိုးသည်။ ဖက်လဲတကင်းနေသည်က တခြား။ ကိုယ့်အလုပ်တွင် ၀င်၍ မစပ်စုအောင် ကင်းကင်းရှင်းရှင်း လုပ်သည်က တခြား။ မည်သို့ပင်ဖြစ်စေ ကားကလည်း တလိမ့်လိမ့်သာ မောင်းနေရသည်။ ချိုင့်ကျင်းတွေအပေါ် ခုန်ဆွခုန်ဆွ သွားနေရသလို၊ ကွင်းပြင်ကြီးကို အတိုင်းသား မြင်နေရ၏။ ချုံပုတ်များကို တစ်မျှော်တစ်ခေါ်ကြီး မြင်နေရ၏။ ကျောက်တံတိုင်း နိမ့်နိမ့်ကလေးများ ကွက်ကြားပေါ်နေသည်။ တကယ့် မြောက်ပိုင်းဒေသ စိမ့်မြေကွင်းပါတကား။
"ကိုင်း … ဒါ … နေရာပဲ"
စမစ် က မပွင့်တပွင့် ပြောသည်။

"ပို့စကဒ် ပုံကလေးကျနေတာပဲ။ လှလိုက်တာ။ ဒါကို သူတို့ လုပ်ပစ်မယ့်ဟာကတော့ ရှက်စရာ ပဲ။ ခေါင်းတိုင် တွေ၊ အိမ်နံရံတွေ တစ်ကွင်းလုံးအနှံ့ ပေါ်လာတော့မှာပဲ"
"ဘာဖြစ်သေးလဲ ဗျာ။ တခြားရော ဘာအသုံးဝင်လို့လဲ။ အေးလိုက်တာကလည်း သောက်ရမ်းပဲ။ ဆက်မောင်း ခိုင်း ပါတော့ဗျာ"
"အခုမှ ၁နာရီ ၁၅မိနစ်ပဲ ရှိပါသေးလား။ ညနေပိုင်းအထိ ပေ့က အတွေ့ခံမှာ မဟုတ်ဘူး။ ဟိုတယ်မှာပဲ အရင် ၀င်ကြတာပေါ့ဗျာ"
"အမှိုက်ပုံလိုနေရာမျိုး ပဲ ဖြစ်နေမှာ ထင်ပါရဲ့ဗျာ"
"မဟုတ်ပါဘူးလေ။ ပထမတန်း ဟိုတယ် ပါ။ ခြင်္သေ့နီလေဗျာ"
"အဲဒီလိုပဲ ဖြစ်သင့်တာပေါ့။ ဒီကိစ္စက ခင်ဗျားမှန်းတာထက် ပိုကြာလိမ့်မယ်လို့ ကျွန်တော်တော့ ထင်နေတာပဲ ဗျာ" "မပူပါနဲ့လေ" "မစ်ဂ်ဟီးလ်က မှ ၀င်မလုပ်တော့တာ ရှောရှောရှူရှူ ဖြစ်မှာပါ" စမစ်က ပြောသည်။

"ဘာကြောင့် သူဒီလောက် မြန်မြန်ဆုတ်သွားတာလဲ ဆိုတာကို ကျွန်တော် တွက်ကြည့်နေ တာ" ညေး က ပြောသည်။
"မစ်ဂ်ဟီးလ် လုပ်ပုံက တစ်မူထူးနေတာတော့ အမှန်ပဲ"
"သူအသစ် ထုတ်တဲ့ ရုပ်စုံတနင်္ဂနွေကလည်း ငွေသိပ်ကုန်တော့ ကျွန်တော်တို့ သုံးသလောက် သူ လိုက်မသုံးနိုင် လို့ နဲ့ တူပါရဲ့ဗျာ"
"ဒီလောက် စင်းစင်းကြီးတော့လည်း မဟုတ်သေးပါဘူး။ မစ်ဂ်ဟီးလ်နဲ့ ဆမ်မာဗီးလ်က တစောင်းစေးနဲ့ မျက်ချေး ဗျ။ ဆမ်မာဗီးလ် ကိုယ်တိုင်ကလည်း အခုအချိန်မှာ ငွေသိပ်ဖော့တော့တာ မဟုတ်ပါဘူး"
"ကျွန်တော် တို့ကိုတော့ တော်တော်များများ ပေးထားသားပဲ"
"ဘာဖြစ်လို့ ပေးတာကောလဲ သိရဲ့လား" "ဥတ္တရအလင်းကို ၀ယ်ချင်လို့ပေါ့ဗျ"
ညေးက သူငယ်နှပ်စား စကားကြားလိုက်ရသည့်အလား စမစ်ကို ကြည့်နေသည်။

"၀ယ်ကို ၀ယ်မှ ဖြစ်မယ် လို့ ဆိုချင်တာလား"
နောက်ထပ် စကားမပြော ဖြစ်ကြတော့။ ကုန်းလျောတစ်ခုကို ဆင်းလာသည်။ သူတို့ မျက်စိအောက်တွင် ဟယ်ဒယ်လ်စတန်မြို့ ကို ချိုင့်ဝှမ်းထဲတွင် မြင်ရ၏။ မြို့တော်ခန်းမ အမိုးစိမ်းကြီး၊ စိန့်မတ်ခ် ဘုရားရှိခိုးကျောင်း ပြဿဒ်ချွန်းကြီး၊  ဘူတာတွင် ရပ်ထားသည့် ရထားတစ်စင်းမှ မီးခိုးလုံးတို့ကို မြင်ရ၏။
"အဲဒါ ကျွန်တော် တို့ မြို့ပဲ" စမစ်က ပြောသည်။
"အတော်ကောင်း တဲ့ မြို့ပါပဲဗျာ။ အလုပ်လက်မဲ့ မရှိဘူး။ စက်မှုလုပ်ငန်းလည်း နှစ်ခုပဲ ရှိတယ်။ တစ်ခုက မြောက်ပိုင်းဒေသ စက်ပစ္စည်းကုမ္ပဏီနဲ့ တစ်ခုက စထရိုက်ကလန်ဖိနပ် ကုမ္ပဏီပဲ"
ညေးက အထင်မကြီး။ ဆင်ခြေဖုံးရပ်ကွက်များကို ကားဖြတ်မောင်းနေစဉ် ထော်လော်ကန့်လန့် ထင်မြင်ချက် တွေကို ပေးနေလေသည်။ ထင်မြင်ချက်အချို့က အတော်ရယ်ရသည်။ စမစ် က ခြင်္သေ့နီဟိုတယ်အနီးသို့ ရောက်သည်အထိ စကားမပြော။ ဟိုတယ်အနီးရောက်လာမှ စကားစပြောသည်။

"ဒီမှာ ညေး။ လေယာဉ်ပျံပေါ် ကျွေးတဲ့ နေ့လယ်စာက မ၀ရေစာပဲဗျာ။ ဟိုတယ်ရောက်ရင် တမြုံ့လောက် ၀ါးလိုက်ကြ ဦးစို့လား"
ညေး ပြောပုံဆိုပုံ က ပို၍ ကလိတိတိ ဖြစ်လာသည်။
"ခင်ဗျား ကတော့ အစားပုပ်ပဲဗျို့။ အဒါ ရောဂါဗျ။ ခင်ဗျား ငယ်ငယ်တုန်းက ငတ်များလာရော့လားဗျာ"
စမစ် က ပြုံးသည်။ စိတ်ထဲတွင်တော့ အတော်အောင့်သွား၏။ ကိုယ့်ဒူးကိုယ်ချွန်သမားတို့ ထုံးစံ အညတရ ဘ၀ဖြင့် စတင်ခဲ့ရခြင်း ကို ဂုဏ်ယူသည်။ ထိုအဖြစ်မျိုးကို ချဲ့ချဲ့ထွင်ထွင် ပြောမိတတ်သေးသည်။
ဟိုတယ်ရုံးခန်း တွင် စမစ်က တစ်ယောက်အိပ်ခန်း ကောင်းကောင်း နှစ်ခန်းအလယ်တွင် ဧည့်ခန်း ပါသည့် နှစ်ခန်း ပါသည့် နှစ်ခန်းတွဲပေးရန် ဟိုတယ်စာရေးကို ပြောသည်။
"ကြာကြာနေမှာ လား ခင်ဗျာ"
ညေး က စာရေးကို ခြေဆုံးခေါင်းဆုံးကြည့်သည်။

"ကိုယ့်လူ စောင့်ကြည့်ပေါ့။  အခုတော့ အရက်ခန်းကို ဘယ်က သွားရမလဲသာပြော"
ညေး ထွက်သွားသည်။ စမစ်အခန်း သို့ တက်လာခဲ့သည်။ အခန်းက သန့်သည်။ ကြမ်းတိုက်ဖယောင်းနံ့ သင်းနေ၏။ မျက်နှာသစ်ခွက် တွင် မျက်နှာသုတ်ပ၀ါ အသစ်များ ချိတ်ထားသည်။ အိပ်ရာပေါ် ထိုင်ကြည့်သည်။ စပရိန်တွေ က တောင့်သေးသည်။ သူ့သေတ္တာ ကို ဖွင့်ပြီး အ၀တ်အစားများကို ဗီရို ထဲ၌ သပ်သပ်ရပ်ရပ် ထည့် သည်။ သားရေဘောင်တပ် သူ့ဇနီး ဓာတ်ပုံ ကို ဗီရိုပေါ်တွင် တင်သည်။  လွန်ခဲ့သည့် နှစ်အတန်ကြာက ရိုက်ကူး ထားခဲ့ သည့် ဓာတ်ပုံ။ ပွဲထိုင် အ၀တ်အစား ၀တ်ထားသည့် လက်လုပ်လက်စား မိန်းကလေးတစ်ဦး၊ လက်ထဲ မှာက သမ္မာကျမ်းစာအုပ်။
စမစ်က ဓာတ်ပုံကို တမြတ်တနိုး ကြည့်နေ၏။ သူ့အထားအသိုကို သူ ကျေနပ်သည်။ သူက စနစ်တကျ နေတတ်သူ ဖြစ်၍ အရာရာကို စီကာစဉ်ကာ ရှိစေချင်သည်။ လူခေါ် ခေါင်းလောင်းနှိပ်ပြီး ၀က်ပေါင်ခြောက် ညှပ် ပေါင်မုန့်နှစ်ချပ်နှင့် နွားနို့တစ်ခွက် မှာလိုက်သည်။

ညေး အရက်သောက်တာကိုတော့ စမစ် မပူလှ။ ညေးက ကြွက်တွင်း။ ဘယ်လောက် သောက်သောက် မူးရုပ် မပေါက်။ ပြီးတော့ ရှစ်စပ်က ဂျင်ခြေလည်သည်။ ဖျံကျလွန်းသည်ဟုပင် ဆိုနိုင်သည်။ တစ်ချိန်ချိန်မှာတော့ ဘယ်သူ ဗိုလ်လဲဆိုတာ ပြရသေးတာပေါ့ဟုသာ စိတ်ထဲတွင် တေးထားလိုက်သည်။
မြိန်ရေယှက်ရေ စားပြီးနောက် မျက်နှာသစ်ကာ ကိုယ်ဟန်သည်။ သူ့ကိုယ်သူ မှန်ထဲတွင် ကြည့် သည်။ ပေ့နှင့် တွေ့ချိန်တွင် ပြောရမည့် စကားကို စိတ်ထဲမှ ပြန်ရွတ်သည်။ ကိန်းဂဏန်း စာရင်းဇယားတွေက သူ့ခေါင်းထဲ မှာ အသင့်။ လွန်ခဲ့သည့် သုံးပတ်လုံးလုံး ဒါတွေကိုပဲ လေ့လာမှတ်သားနေခဲ့သည်။ ဟန်ကျမှာပါဟု သူ ယုံကြည် ထားသည်။
ငွေကြေး၏ တန်ဖိုးရှိန်စော်ကို စမစ် နားလည်သည်။ ငွေပုံပေး၍မှ ၀ယ်မရလျှင် ဆက်လုပ်ရမည့် အခြားနည်းလမ်း များကို ရုံးချုပ် က အသေးစိတ် စီမံချက်ချပြီး ဖြစ်သည်။ စမစ်က စာသမား ပေသမား မဟုတ်။ သို့သော် လုပ်ငန်း ကိုင်ငန်းနှင့် ပတ်သက်လာလျှင် နောကျေပြီးသား။

သူ့အမေ ကွယ်လွန်ပြီးနောက် ကြီးပွားလမ်းရှာရန် သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့သို့ သင်္ဘောဖြင့် သွားခဲ့သည်။ လမ်းခရီးတွင် သြစတြေးလျ လုပ်ငန်းရှင်ကြီး မစ္စတာ ဂလန်ဒန်နှင့် တွေ့သည်။ မစ္စတာဂလန်ဒန်နင်က နို့မှုန့် လုပ်ငန်းကို ပင်တိုင်လုပ်သည်။ သို့သော် စီးပွားရေးအမြင်ကျယ်သူပီပီ သိုးခြံပေါင်းများစွာကိုလည်း ပိုင်သည်။ မဲလ်ဘုန်း ပဲ့တင်သံ ညနေသတင်းစာကိုလည်း ပိုင်သည်။ ဆစ်ဒနီမြို့အနီး ဘွန်ဒီပင်လယ်ကမ်းခြေရှိ ကလပ် တစ်ခုကို လည်း ပိုင်သည်။ သင်္ဘောမဆိုက်မီ တစ်ညအလိုတွင် မစ္စတာ ဂလန်ဒန်နင်က စမစ်ကို ဘွန်ဒီပင်လယ် ကမ်းခြေသို့ လွှတ်သည်။ ကလပ် အခြေအနေကို စစ်ဆေးခိုင်းသည်။

ကလပ်က စာရင်းအင်းတွေ ဖြစ်ချင်တိုင်း ဖြစ်နေသည်။ အခြေယိုင်နေသည်။ မန်နေဂျာက စမစ်ကို လာဘိုး သေးသည်။ စမစ်က စိတ်ဆိုး မာန်ဆိုးငြင်းသည်။ လုပ်ငန်းတစ်ခုလုံး ကို နေသား တကျဖြစ်အောင် ပြန် လုပ်သည်။ တစ်နှစ်ခွဲအကြာတွင် အမြတ်ကောင်းကောင်းဖြင့် ပြန်ရောင်းနိုင် သည် အထိ လုပ်ငန်း အောင်မြင် ခဲ့သည်။
မစ္စတာဂလန်ဒန်နင် က သူကောင်းပြုသည့်သဘောဖြင့် မဲလ်ဘုန်းပဲ့တင်သံ ညနေသတင်းစာတိုက်တွင် သူ့ကို အလုပ် ခန့်သည်။ ကောင်းစားချင်သည့် ဇောကပ်နေ၍ စမစ်လုပ်ငန်း အတက်မြန်သည်။ သုံးနှစ်အတွင်း စီမံ ခန့်ခွဲရေး မှူး ဖြစ်လာသည်။
ထိုအချိန်မှာပင် မင်နီလန်လေနှင့် သူ အိမ်ထောင်ကျသည်။ မင်နီက တရားဟောဆရာတစ်ဦး၏ သမီး။ ခရစ်ယာန် အသင်း မိတ်ဆုံပွဲတစ်ခုတွင် သူနှင့်ဆုံစည်းခဲ့သည်။ ထိုအသင်းတွင် စမစ် ရှေ့ဆောင်ရှေ့ရွက် တစ်ဦး ဖြစ်လာသည်။ မဲလ်ဘုန်း ပဲ့တင်သံ သတင်းစာတွင် ၉နှစ်တိတိ သူ လုပ်ခဲ့သည်။

ဆက်ရန်
.

No comments: