Wednesday, June 27, 2012

ဆင်ဖြူကျွန်းအောင်သိန်း ၏ ငထွန်းကား ညီ မောင်ဆေးရိုး, အပိုင်း (၇)

အဲသည်ကတည်းက အိမ်ထောင်ရေးကို မစဉ်းစားတာ၊ အခုအထိပါပဲဗျာ" ထိုအပြောဖြင့် ကပ္ပိယကြီး ဦးပြား သည် သူအိမ်ထောင်မပြုခြင်း၏ အကြောင်းကို နိဂုံးချုပ်၏။
"ဒါလည်း ဟုတ်သာပဲ။ သို့ပေမဲ့ ခင်ဗျားလိုသာဆိုရင် တစ်လောကလုံးမှာ လူပျိုကြီး အပျိုကြီးတွေ ချည်း ဖြစ်ကုန်တော့ မှာပေါ့" သို့သော် ဦးပြား သည် မောင်ဆေးရိုးကို ရှင်းပြမနေတော့ဘဲ ကိုသော်ကို လက်ဆွဲ လျက် ကျောင်းဘက်သို့ ထွက် သွားပြီတည်း။
ကို ဆက်ဖတ်ရန်.......
(၇)

"သည်လှည်းဟာ ငါ့လှည်းနဲ့ အတော်တူသာကပဲ"
မောင်ဆေးရိုး သည် အိမ်ရှေ့တွင် ရပ်ထားသော နွားလှည်းကို အဝေးမှ လှမ်းမြင်စဉ်ကပင် သူ့လှည်း နှင့် တူသည် ဟု ထင်၏။ သို့တစေ ရမ်းဘိုကုန်းနှင့် မန်ကျည်းပင်ပုသည် လှမ်းလွန်း၏။ စိတ်က ထင် ခြင်း သာ ဖြစ်နိုင်၏။
"ဟ ဘယ်လိုဖြစ်သာတုံး"
ချုံပုတ်တစ်ခု ကို လွန်သောအခါ မြင်ကွင်းသည် ပိုမိုကျယ်ပြန်လာရာ ထမ်းပိုးတွင် ချည်ထားသော နွားနှစ်ကောင် ကို မြင်ရသည်။

"ဟင် နွားတွေကလည်း ငါ့နွားတွေပါတကား"
သို့သော် သည်လှည်းနှင့် သည်နွားများသည် ရမ်းဘိုကုန်းမှ မန်ကျည်းပင်ပုသို့ မည်သို့ မည်နည်းဖြင့် ရောက် လာ ရသနည်း။ မောင်ဆေးရိုး ဆက်စပ်စဉ်းစား၍မရ။ သို့တစေ နောက်ကြောင်းမူ မဆုတ်မိ။
မောင်ဆေးရိုး ပင်ပန်းတကြီး မစဉ်းစား ရပါ။ အိမ်ဝိုင်းထဲမှ ကလေးနှစ်ယောက် ပြေးထွက်လာ ကြသည်။
"ဟာ ငါ့သမီး နဲ့ ငါ့သားပါကလား"
သမီးကြီးချောစိန်နှင့် သားငယ်ဘညိန်းတို့ ဖြစ်သည်။ သူတို့သည် သူတို့အဖေကို မမြင်သေးဘဲ တစ်ယောက်ကို တစ်ယောက် ပြေးလွှားပုတ်ခတ်နေရာက မောင်ဆေးရိုးကို မြင်သွားကြသည်။ "အဖေ" ပြိုင်တူ ခေါ် လျက် ပြေးလာကြ၏။

"ဟဲ့ ခလုတ်တိုက်လဲမယ်"
လဲချင်းလဲလျှင် သူသာအလဲခံမည့်စိတ်ဖြင့် သူလည်း ပြေး၏။ ကလေးတွေ သူ့ကို ၀ိုင်းဖက်ကြသည်။ သားနှင့် သမီး ကို မမျှော်လင့်ဘဲ တွေ့ရသောကြောင့် ၀မ်းသာသော်ငြား ပြည့်ပြည့်၀၀ ၀မ်းမသာနိုင်။
"သားတို့ သမီး တို့ ဘယ်လိုလုပ်ပြီး ရောက်လာကြသာတုံး"
"ဘထွေး ဦးဘမင်း နဲ့ ဦးဘ၀င်း ပါတယ်"
ဘမင်း၊ ဘ၀င်း မှာ ဦးကြွက်နီ၊ ဒေါ်ရွှေအိမ်တို့၏ သားများ ဖြစ်ရာ၊ မောင်ဆေးရိုး၏ ယောက်ဖ တော်စပ်၏။ မကျည်းဒန် ၏ မောင်များ ဖြစ်သည်။ သည်အထိလည်း မောင်ဆေးရိုး မဆက်စပ်တတ် သေး။
"အမေ့ မှာ အဖေရာ နေ့ရှိသရွေ့ အဆဲခံနေရသာနဲ့ အဖီ ကလေးထဲ ပြန်ပြောင်းလာပေမဲ့ မသက်သာပါဘူးတော်။ အမေကြီး က နေ့တိုင်း လာဆဲနေသာ အဖေရဲ့"

ရုပ်လုံး လည်း အနည်းငယ်ပေါ်လာပြိ။ မယ်ကျည်းဒန်သည် ကလေးနှစ်ယောက်ကိုခေါ်လျက် ဦးကြွက်နီ ဒေါ်ရွှေအိမ် တို့ထံ ဆင်းသွား၏။ ဒေါ်ရွှေအိမ်သည် မြေးနှစ်ယောက်နှင့် သမီးကို လက်မခံ ချေ။ "င့ါအိမ်ပေါ် မတက်နဲ့" ဟု ပြောဆို ငြင်းဆန်၏။ သို့ပါလျက်က အိမ်ပေါ်သို့ ဇွတ်တက်၏။ သမီး က ခေါင်းထိုးဝင်ငြား မြေးတွေ က ခေါင်းမထိုး။ "အမေကြီး က သိပ်ပြီး အိမ်ဂုဏ်မောက်သာ ပဲ" မြေးတွေက ဒေါ်ရွှေအိမ် ပြန်မပြောတတ်။
သည်အထဲ ၌ ဘညိန်းက ပက်သေး၏။

"အမေကြီးအိမ် မဟုတ်ဘူး။ သာဟာ ဘရဲ့အိမ်"
ထိုအခါ တွင် မြေးမကြီးချောစိန်က မျက်စောင်းထိုးလျက် "သူ့အိမ်လဲမဟုတ်ဘဲနဲ့" ဟု ဆီမန်းမန်း သေး၏။
"နေစရာမရှိ လို့လာသာ ကို အမေကလဲဗျာ"
မြေးတွေ ကို သည်းခံခဲ့သော ဒေါ်ရွှေအိမ်သည် သားတွေကိုကား ငရုတ်ကျည်ပွေ့၊ ထင်းချောင်းများ ဖြင့် ပစ်သည်။ "င့ါကို ဆရာလုပ်ဦးဟဲ့" ဒေါ်ရွှေအိမ် သည် အိုးအလုပ် အပျက်ခံပြီး ဆင်းလာရကောင်းလားဟု သမီး ကို အချိန်ရှိသရွေ့ ဆဲဆို မောင်းမဲနေသည်။

"ကလေးတွေထားခဲ့။ နင်ဘာသာနင် ဘယ်သွားသေသေ ငါ့အိမ်မှာ မနေနဲ့"
ဒေါ်ရွှေအိမ် ကို ဘမင်း၊ ဘ၀င်းသာမက ဦးကြွက်နီလည်း မတားမြစ်နိုင်ပေ။ အချိန်ရှိသမျှ ဆဲဆိုနေ သည်။ ပေးလိုက်သည့် အမည်တွေကလည်း မသာမ၊ တိရစ္ဆာန်မ၊ ကာလနာမ၊ ကျက်သရေယုတ်မ စုံနေသည်။ ဦးကြွက်နီ ဒေါ်ရွှေအိမ် တို့ ချောင်းတစ်ဖက်ကမ်းရှိ ညောင်ကုန်းသို့ သွားနေချိန်တွင် မောင်ဆေးရိုး ရောက်လာ၏။
"မကျည်းဒန် က ဘာသာလ၀ါနေငြား ကလေးတွေက မနေ"
"စောစောတုန်း က အဖေလာသွားတယ်"
"ဘယ်မတုံး ဘယ်မတုံး" ဟု ဒေါ်ရွှေအိမ် မျက်ကလဲဆန်ပြာ ဖြစ်ငြား မောင်ဆေးရိုးမှာ ရွာတွင် မရှိတော့ချေ။ ထိုအခါ ဒေါ်ရွှေအိမ်သည် ပါးစပ်ဖြင့် ဆဲရုံသာမဟုတ်။ လက်ပါ ပါလာ၏။

"သွား ငါ့အိမ်မှာ မနေနဲ့။ အခုဆင်း"
ဒေါ်ရွှေအိမ် သည် သမီးကို ဆံပင်ဆွဲလျက် ပါးရိုက်ပြီးမှ နှင်သည်။ မကျည်းဒန်သည် နားမှအေးစေ တော့ဟု အမေ့အိမ် မှ ဆင်းလာ၏။ ကိုယ့်အိမ်တွင် ကိုယ်နေသော်ငြား နားမအေးပါ။
"င့ါသမက် ဘယ်သွားတုံး။ လိုက်ပြီး စုံစမ်း၊ လိုက်ရှာပြီး ခေါ်ချေ"
ဒေါ်ရွှေအိမ်မှာ သမီး ကို အကြောင်းပြုလျက် ဖရုဿဝါစာတုံးကြီး ဖြစ်နေ၏။ ထိုအခါ အိမ်ချင်းမနီး မဝေးနေသော ခမည်းခမက်များ ရောက်လာကြ၏။
"မရွှေအိမ် ရယ် ကျုပ်တို့ချွေးမကို သနားပါတယ်။ ဒါလောက် မဆဲပါနဲ့"
မယ်ရွှေအိမ် သည် ဦးကျန်ကြီးကိုသာ လေးစားရိုသေငြား မယ်ကြွယ်စိုးကိုကား ကစားဖော်မို့ မရိုသေ။

"ညည်း တို့ မ နေလို့ သည်ကောင်မ ရောင့်တက်သာ။ ငါ့က ပါးကို ဖိနပ်နဲ့ ရိုက်ချင်သာ။ ညည်းတို့ကို အားနာလို့"
ထိုသို့သာ ငါ့သမက်ကို လိုက်ရှာချေဟု နေ့ရှိသမျှ ခိုင်းစေနေစေကာမူ မယ်ကြွယ်စိုးရော မယ်ရွှေအိမ် ပါ ဆေးရိုးရောက်နေ သည့် အရပ်ကို မသိကြပေ။ ထိုအတောအတွင်း မန်ကျည်းပင်ပုမှ လူကြုံ တစ်ယောက် ရောက်လာ၏။
"ဆေးရိုး ကို မြင်ခဲ့သဗျ"
မောင်ဆေးရိုး သည် မယားနှင့် စိတ်ဆိုးပြီး အစ်ကိုငထွန်းကား ရှိရာအရပ်သို့ ရောက်နေသည်။ နေရာကို သိရသော်ငြား မကျည်းဒန် မသွားတတ်။ သို့အတွက် ဘမင်းကို အကူအညီ တောင်းရ တော့သည်။ ဘမင်း သွားမည် ဆိုသောအခါ ဘ၀င်းပါ ပါလာတော့သည်။

"အစ်မ ကျုပ်လည်း လိုက်မယ်"
"သမီး လည်း လိုက်မယ်"
"သားတစ်ယောက်တည်း မနေခဲ့ဘူး"
သွားမည့်လူက ငါးယောက် ဖြစ်သည်။ မည်သို့သွားမည်နည်း။ စလင်းသို့ မြင်းလှည်းစီးပြီးမှ မန်ကျည်းပင်ပု သို့ ခြေကျင်သွားမည်လော။ မြင်းလှည်းခမှာ တစ်ယောက် ခြောက်ပြားဖြင့် ရသည်ထား၊ ကလေးနှစ်ယောက်ကို အခမဲ့တင်မည် မဟုတ်။ ကလေးနှစ်ယောက်ကို လူကြီး တစ်ယောက်ခယူသော် ရထားခ သုံးမူးကြီးများတောင်။ ဤသို့ဖြင့် မောင်ဆေးရိုးနောက်သို့ လူစုံ တက်စုံ လိုက်ရေးသည် မရေမရာဖြစ်နေစဉ် နွားတွေက အငြိမ်မနေပေ။ သူတို့သည် တလင်းတက် ကတည်းက အားနေခဲ့ကြ၏။ သည်ကြားထဲ၌ "လှည်းတိုက်" ကလေး တစ်ခေါက်တလေ လိုက်သည်။ တလောတုန်းက တစ်ရက်နှစ်ရက် "နှမ်းထရေး" ထွက်ထွန်ရသည်မှအပ အားနေကြ သည်။ နွားသည် အားလပ်၍ ကြိုးညောင်းသောအခါ တွန်သည်။ မြေကြီးတွေကို ရှေ့ခြေဖြင့် ယက်ပြီး ရင်ဘတ်အောက် သို့ သွင်းသည်။ ဤသည်ကို မကျီးဒန် သတိမပြုမိငြား ဦးကျန်ကြီး မြင် သည်။

"နွားတွေ အားနေသာပဲ။ လှည်းနဲ့သွား"
ဤသည်တွင် ဘမင်း၊ ဘ၀င်းက မန်ကျည်းပင်ပုသို လှည်းဖြင့် သွားသောလမ်းကို မသိကြချေ။
"အဲသည်လမ်း မှ ကိုဆေးရိုးတို့ ညီအစ်ကို ဓားပြတိုက်ခံရတယ် ကြားဖူးတယ်။ ကျုပ်တို့လည်း မကျွမ်းဘူး"
"အဲသည်လမ်း မကျွမ်း လဲ တာလမ်းအတိုင်းသွားကွာ"
တာလမ်း ဆိုသည်မှာ ကျောက်ခင်းထားသော ကားလမ်း ဖြစ်သည်။ ထိုလမ်း ၌ မြင်းရထား သာမက မော်တော်ကား များပါ အသွားအလာရှိတတ်သဖြင့် ဓားပြ မကြောက်ရပေ။
ကလေးနှစ်ယောက်နှင့် ယောက်ဖနှစ်ယောက်ပါ ၀န်းရံလာသည့်အတွက် မောင်ဆေးရိုးမှာ ၀မ်းသာ မဆုံး ပျော်မဆုံးတော့ပေ။ သို့စဉ်တွင် အိမ်တွင်း၌ ရောက်နေသော မကျည်းဒန်ပါ ထွက်လာ ၏။ ဘမင်းနှင့် ဘ၀င်း က ကလေးနှစ်ယောကို ခေါ်ကာ ရှောင်တိမ်းသွားကြလေ၏။

"ဘာလာလုပ်တာတုံး"
မောင်ဆေးရိုးသည် ၀မ်းသာပျော်ရွှင်ပါလျက်ဟု ဟန်လုပ်ပြီး မျက်နှာထား တင်းသည့်နည်းတူ ငေါက်ငေါက် ငမ်းငမ်း မေးသည်။ မကျည်းဒန် မှာ ကိုယ့်ဘက်လွန်ထားသည်လည်း ရှိ၊ အမေကလည်း ဓားကြိမ်း ကြိမ်းနေသော အခါ မောင်ဆေးရိုးကို တုပပြီး မမာနိုင်ချေ။
"တော့် ကို လာခေါ်သာပေါ့တော်"
ဤနှယ် အောက်ကျို့လာလိမ့်မည်ဟု မျှော်လင့်မထားသော မောင်ဆေးရိုးမှာ ပြောစရာစကား ရှာမရသည့် နည်းတူ မျက်နှာ လည်း မထားတတ်ပေ။ သို့ရာတွင် မာန်သွင်းပြီး ပြော၏။
"လာခေါ်တိုင်း လိုက်ရမလား"
"ကိုဆေးရိုး ရယ် ရန်သူတောင် လက်နက်ချရင် ခွင့်လွှတ်ရသာပဲ။ တော်နဲ့ ကျုပ်နဲ့က ရန်သူမှ မဟုတ်သာ။ လင်မယားပါတော်" မောင်ဆေးရိုး မထင်သော ခယမှု၊ ပျော့ပျောင်းမှုများကြောင့် မောင်ဆေးရိုးမှာ ကသိ ကအောက် ဖြစ်နေစဉ် မကျည်းဒန် က ပြောသည်။

"တော့်အမေ နဲ့ တော့်အဖေ က တော်တော်ရယ်၊ ကျုပ်အမေက "သည်း" နေသာတော်ရဲ့"
မောင်ဆေးရိုး မှာ ယောင်ယမ်းပြီး ခေါင်းညိတ်၏။
"သည်ကြားထဲ မြောင်းရေလာရင် နှမ်းကြဲရမှာ မဟုတ်လား။ ကျုပ်မောင်တွေက်လည်း အားကိုးရ သာ မဟုတ်ဘူးတော့်"
အလုပ်စကား ပြောလာသောအခါ မောင်ဆေးရိုး စိတ်ညွတ်၏။ ဆင်ရေချိုးရွာထားသော မိုးစွမ်းဖြင့် ထွန် ထားသော ထွန်ရေးသည် နှမ်းကြဲရန် အသင့် ဖြစ်နေကြပြီ။ ဤအနေအထားတွင် မိုးရွာပါက။
"အေးဟ၊ ဟုတ်တယ်။ သည်ရာသီ က မြောင်းရေလွှတ်သဲ့ရာသီ။ မိုးရွာသဲ့ရာသီပဲဟ"
သို့ရာတွင် မောင်ဆေးရိုး သည် စိတ်ကို တင်းလိုက်သည်။ သူ့ကို မကျည်းဒန် နှင်ချပုံ ကို ပြန်လည် မြင်ယောင် လာ၏။

"သာပေမဲ့" "သာပေမဲ့တွေ ဘာတွေ လုပ်မနေပါနဲ့တော်။ ကျုပ်တို့သားအမိ မောင်နှမတစ်တွေ အခုလာသာ ကလည်း ငါးယောက် တောင်တော်ရဲ့။ ကျုပ်ခဲအိုကြီးကို အားနာစရာကြီး"
"သာပေမဲ့ အိမ်ထဲက ထွက်သွားတာ နင့်သဘောနဲ့နင်။ အဲသာကို လိုက်ခေါ်ပြန်တော့လည်း မထော် မလန်း ပြောလွှတ် တာ နင်။ အဲသည်တော့"
"အဲသည်တော့ ဘာဖြစ်သတုံး"
မကျည်းဒန် သည် အသင့်ပါလာသော တဘက်ကလေး ပခုံးပေါ်တင်ပြီး မောင်ဆေးရိုးရှေ့တွင် ကျုံ့ကျုံ့ ထိုင်သည်။ ဦးချသည်။ မောင်ဆေးရိုး၏ မောင်းတင်ထားသောစိတ်သည် ခလုတ်မဆွဲရဘဲ နှင့် ပြုတ်ကျသည်။
"ကဲ လက်အုပ်ချီမိုး ရှိခိုးပြီး တောင်းပန်ပါသတော်" "သည်လို လူမသိသူမသိ ကန်တော့တာမျိုး မရဘူးဟေ့"
"အမယ်လေးတော်။ ကိုယ့်ယောက်ျား ကိုယ်ရှိခိုးသာ ဘာဖြစ်တုံး။ လူမြင်သူမြင် ရှိခိုးသာပဲဖြစ်ဖြစ်။ လူမမြင် သူမမြင် ရှိခိုးသာပဲဖြစ်ဖြစ် ရှိခိုးသာဟာ ရှိခိုးသာပဲ။ ကဲ လာလာ"
မကျည်းဒန် သည် မောင်ဆေးရိုးကို အိမ်ပေါ်ဆွဲခေါ်လာပြီး ခေါင်းရင်းခန်း၌ အထိုင်ခိုင်းသည်။ ကန်တော့သည်။

"ကျုပ်အမေ က နေ့ရှိသရွေ့လာဆဲနေပေမဲ့ တော့်အဖေနဲ့ အမေက အေးနေတော့ တော်တယ်ထင် သာပေါ့။ လက်စသတ်တော့ ဘယ်ဟုတ်လိမ့်မတုံး။ သူတို့က လွမ်းဖျားလွမ်းနာကျသာကို မြုံနေကြ သာ"
"အမေနဲ့ အဖေ ဟုတ်လား"
အဖေနှင့် အမေ ဆိုသောကြောင့် မောင်ဆေးရိုး သတိလက်လွတ်၏။
"ဟုတ်တယ်။ တော့်အမေ က ပိန်သွားသလားတောင် မသိဘူး"
အမေ အဖေဖြင့် ကိုင်လှုပ်သည့်အတွက် မောင်ဆေးရိုး လှုပ်လှုပ်ခတ်ခတ် ဖြစ်၏။
"နင် ရောက်ရောက်ချင်း အဲသည့်အကြောင်းကို ဘာကြောင့် မပြောသတုန်း"
"ရော်၊ တော်ပဲ စားတော့ မလို ၀ါးတော့မလို ဖြစ်နေပြီးတော့"
"မဖြစ်ဘူး၊ ညစာစားပြီး အို ရှုပ်ပါတယ်၊ ထမင်းကို လမ်းကျမှ လှည်းပေါ်မှာပဲ စားသာပေါ့၊ အခု ထွက်မယ်"
ပါးစပ်က်အခုထွက်မယ်ပြောသော်ငြား လက်တွေ့တွင် မထွက်နိုင်ပေ။ ဘမင်းနှင့် ဘ၀င်းက အိမ်နီးချင်း တစ်ယောက် ကို အဖော်ခေါ်ကာ လျှောက်လည်နေသည်။ အိမ်ရှင် အစ်ကိုငထွန်းကားကို ဦးခိုက်ရဦးမည်။ သို့သော် ငထွန်းကားကို ရှာမတွေ့။

"မရီး၊ အစ်ကို ဘယ်သွားတုံး"
"ရွာခေါင်း ကိုသာမြတ်နဲ့ အနောက်ဘက်ကိုသွားတာမြင်လိုက်ရဲ့"
ရွာအနောက်ပိုင်းသို့ မောင်ဆေးရိုး လာသည်။ ကိုသာမြတ်နှင့် ငထွန်းကားတို့၏ သတင်းကို တစ်အိမ်ဝင် တစ်အိမ်ထွက် စုံစမ်းသည်။ နောက်ဆုံး ထန်းရည်တဲ၌ လမ်းဆုံးသည်။
ကိုသာမြတ်နှင့် ငထွန်းကားရှေ့တွင် မြူအိုးတစ်လုံး၊ သရက်သီး ပိုးတီးတစ်ဖက်သာ တွေ့သည်။ သူတို့ ထိုင်သောနေရာကလည်း တဲနှင့် လှမ်းသည်။ သို့ကြောင့် မောင်ဆေးရိုးက သူတို့ကို ကျော ပေးလျက် ၀င်သွားသည်။ ထို့နောက် သူတို့နှင့်နီးသော ထန်းပင်ပေါက်ကလေးကို အကွယ် အကာပြုလျက်၊ ထန်းရည် တစ်မြူ မှာသောက်ရသည်။
"မင်းကိုအစကတည်းက ပြောသားပဲ၊ ဒါဟာ ငါ့ပိုက်ဆံ မဟုတ်ဘူးလို့"
မောင်ဆေးရိုး ဦးစွာ ကြားရသော စကား ဖြစ်သည်။ ငွေရေး ကြေးရေး ပြောနေကြပါကလားဟု မောင်ဆေးရိုး ပိုပြီး အာရုံစိုက်၏။

"ဧည့်သည်ရောက်နေတော့ ကနေ့ မဆပ်နိုင်ဘူးဗျာ"
"သြော် ငထွန်းကား ရယ်။ ယုန်တစ်ထုပ်ရမှ ငါးမူးဆပ်၊ တစ်မတ်ဆပ်တာ ပြောနေတာ မဟုတ်ဘူး ဟေ့။ မင်း ငါးဆယ် နဲ့ ပေါင်ထားတဲ့ ယာကို ပြန်ရွေးရင်ရွေး၊ မရွေးနိုင်ရင် အတိုးပေး။ မပေးနိုင်ရင် ယာကိုအပ်ကြောင်း လက်မှတ်ထိုးပေး ပါတဲ့ သိပြီလား"
"ကိုသာမြတ် ရယ် သည်ယာကလေးပဲ ရှိတာပါဗျာ"
"အေးလေ၊ ငွေချေးတဲ့လူကလည်း ယာမြင်လို့ ချေးတာပေါ့ကွ"
"ဆိုင်းပါဦးဗျာ"
"ဆိုင်းဖို့ ငါ တောင်းပန်ထားတာ သုံးခါရှိပြီ ထွန်းကား။ မရတော့ဘူးထင်တယ်။ သူတို့ ထန်းရည်ဝိုင်းမှ စကားပြောသံများ စဲသွားသည်။ ထန်းရည်ငှဲ့သံများ ကြားရသည်"

"ငါက ထန်းရည်လည်း မကြိုက်ဘူးကွ။ မင်းနဲ့စကားပြောရအောင်လို့ လာထိုင်တာ။ အဲဒီတော့ ငါသွားမယ်။ သုံးရက် ဆိုင်းမယ်။ သုံးရက်အတောအတွင်းမှာ ရွေးပါ၊ သို့မဟုတ် အတိုးပေးပါ၊ ဒါမှမဟုတ် ယာကိုအပ်ပါ။ ဟုတ်ပြီလား"
ကိုသာမြတ် ထွက်သွားငြား၊ ငထွန်းကား ကျန်နေခဲ့သည်။ မောင်ဆေးရိုးမှာလည်း သူတစ်ပါး စကားပြောသည်ကို ခိုးပြီး နားထောင်သည်။ အလုပ်ပြီးစီးသွားသဖြင့် ထသည်။ ထန်းရည်ရောင်းသူ က နှစ်ပြားသာ ယူလိုက်သည်။ ထိုနေ့ည တွင် ငထွန်းကား ညဥ့်နက်မှ ပြန်လာသော်ငြား သန်းခေါင် ကျော်သာသာတွင် မောင်ဆေးရိုး ထပြီး နှိုး သည်။ "အစ်ကို ထဟေ့၊ ငါတို့ ပြန်တော့မလို့၊ လိုက်ပို့ဦး"
"အခုမှ ဗြုန်းဗျင်းနောင်ဗျင်းနဲ့ကွာ"
"ညတုန်းက အစ်ကို နင်ပြလာတဲ့အချိန်ကို ကြည့်ပါဦး။ ငါလည်း အေးအေးဆေးဆေးမှ ပြန်ချင်သာ။ သာပေမဲ့ အမေနေ မကောင်းဘူး ဆိုလို့"

ငထွန်းကား စကားဆက်မပြောဘဲ လူးလဲထသည်။ သူထချိန်တွင် ဘမင်း ဘ၀င်း မောင်းလာသော လှည်းသ်ည အိမ်ဝိုင်းထဲမှ ထွက်၏။ သူတို့ ညီအစ်ကိုနှစ်ယောက်သည် ထိုလှည်း၏ နောက်မှ မလိုက်ဘဲ စလင်း သို့ ဖြတ်လမ်းမှ သွား၏။ ညီအစ်ကိုနှစ်ယောက် ပြောသောစကားမှာ ငကျော်နှင့် ငသော် အကြောင်းသာ ဖြစ်၏။ စလင်းမြင်းရထားဂိတ် ပေါင်းနားသို့ ငထွန်းကားနှင့် မောင်ဆေးရိုး ရောက်ချိန် တွင် နွားလှည်းမရောက်သေး။ သူတို့ညီအစ်ကိုသည် ဗယာကြော် တစ်ခု စီ စားပြီး ရေနွေး သောက်သည်။ ထိုအခါ တွင် မောင်ဆေးရိုးက စကားလမ်းကြောင်း ပြောင်း၏။
"အစ်ကို့ မှာ သားနှစ်ယောက်နဲ့ နောင်ရေး ရှိတယ်။ ယုန်ကလေး လုက်ပြီး၊ ဖွတ်ကလေးလိုက်ပြီး စီးပွားရှာနေလို့ မဖြစ်တော့ ဘူး"
"ယာသီးယာနှံ ကလဲ မဖွံ့ဖြိုးတော့ ဒါပဲ လုပ်စရာရှိတယ်ကွာ။ ဓားပြကျတော့ မတိုက်ရဲဘူးကွ"
ငထွန်းကား ရယ်စရာပြောငြား၊ မောင်ဆေးရိုး မရယ်မောပါ။

"ငါ့လှည်း နဲ့ ငါ့နွားကို အစ်ကို ယူထားလိုက်။ "လှည်းတိုက်" လိုက်စားရင် တစ်လကို တစ်ဆယ်တော့ ၀င်မှာပဲအစ်ကို။ ကြွေးရှိရင် တစ်လကို ငါးကျပ်တော့ ဆပ်နိုင်မှာပဲ"
ထိုအချိတ်တွင် ဘမင်းမောင်းသောလှည်းသည် "ပေါင်းနား" ဂိတ်သို့ ၀င်လာပြီ။ ကလေးတွေ အပြေးအလွှား ဆင်းကာ၊ ငါးပေါင်းကြော် ဆိုင်တွင် ထိုင်သည်။
"ဘမင်းရေ၊ လှည်းကို လာလမ်းဘက် ပြန်လှည့်ထားခဲ့။ နကန် (နှင်တံ)ကို သည်ယူခဲ့"
ဘမင်းသည် ခိုင်းသည့်အတိုင်း လုပ်၏။ ယောက်ဖ၏ အပြုအမူကို အမေးအမြန် မထူငြား၊ ငထွန်းကားက လျှာရှည်၏။
"ဘာလုပ်မလို့တုံး ညီလေး"
"ဟ အစ်ကိုရ။ နင့်မှာ လှည်းနွားရှိရင် သူများ အထင်မသေးဘူးကွ။ ဆူးစူးမြွေကိုက်သဲ့ မုဆိုးလုပ်မဲ့ အစား "လှည်းတိုက်" လိုက် စားမှာပေါ့ကွာ။ အဲသာကြောင့် အဲသည်လှည်းနဲ့ နွားကို ထားခဲ့မလို့"
"လှည်း နဲ့ နွား ထားခဲ့တော့ မင်းက ဘာနဲ့ပြန်မှာတုံး"

"မြင်းရထားနဲ့ ပြန်မယ်၊ ခြေကျင်ပြန်မယ်"
"လယ်လုပ်တော့ကော" "ဟေ့ အစ်ကို စကားများမနေနဲ့။ လှည်းနဲ့ နွား အစ်ကို ငထွန်းကား ကို ပေးခဲ့တယ်ပြောရင် ပြီးပြီ။ နွားဖိုးနဲ့ လှည်းဖိုးယူမလား။ နွားအစား လှည်းအစား ယူ မလား၊ ပေးဖို့ အသင့်ပဲ ရော့"
မောင်ဆေးရိုး သည် ဘမင်းလာပေးသော နကန်ကို ငထွန်းကား၏ လက်ထဲသို့ ထည့်လိုက်သည် တွင် ငထွန်းကား မအီမသာ ပြော၏။
"င့ါဘာသာငါ လွတ်လွတ်လပ်လပ် နေတာ အကောင်းသား။ အခုတော့ နွားကျွေးရတော့ မယ်။ နွားကျောင်း ရတော့မယ်"
"နွားမကျွေးချင်၊ နွားမကျောင်းချင်ရင် လွယ်ပါတယ် အစ်ကိုရဲ့"
"ဟုတ်လား ညီလေးရေ၊ အကြံပေးစမ်းပါဦး"
"သတ်စားလိုက်ပေါ့ဟာ" ငထွန်းကားသည် နှင်တံဖြင့် ရွယ်၍ မိုးမွှန်အောင်ဆဲပြီးမှ "ရွာရောက်အောင် ငါ လိုက်ပို့မယ်၊ လှည်းပေါ်တက်" ဟု ပြော၏။

"သည်မယ် အစ်ကိုငထွန်းကား၊ အစ်ကို့ခယ်မနဲ့ ကလေးနှစ်ယောက်က ရထားခ သုံးပဲပေးပြီး စီးသွားသာ အခုလောက် ရှိ ရွာကို ပြန်ရောက်လောက်ပြီ"
"မင်းတို့ ကျန်သေးတာပဲ"
"ကျုပ် တို့က မြင်းခေါင်းဘက်မှာ ကိစ္စရှိသေးလို့၊ အဲဒါကြောင့် အေးအေးဆေးဆေးပဲ ပြန်ပေတော့"
ငထွန်းကား မည်သို့မျှ မတတ်နိုင်။ လှည်းမောင်းပြီး ရွာသို့ ပြန် သွားရချေ ပြီ။ မောင်ဆေးရိုးနှင့် ယောက်ဖနှစ်ယောက် လည်း ငထွန်းကား၏ လှည်းထွက်သွားသည် အထိ စောင့်ကြည့်ပြီး မှ မြောင်းပေါင်လမ်း သို့ လှမ်းဝင်ခဲ့ကြလေ၏။ မယ်ကြွယ်စိုးနှင့် ဦးကျန်ကြီးတို့မှာ မကျီးဒန် ရောက်သွားသည်နှင့် ၀မ်းသာနေကြရပြိ။ ငွေပေးလဲ မယူ၊ နွားပေးလဲ လက်မခံသော ထိုသားသည် မိသားစု ကို "ကျွန်ကြီး ငနွား" လုပ်ကိုင်ကျွေးခဲ့၏။ သို့ကြောင့် စို့စို့ပို့ပို့ ထောက်ပံ့ချင်ရာ ယခုမှ အာသာပြေတော့ သည်။

ဆွမ်းခံပြန်ချိန်လောက်တွင် မောင်ဆေးရိုး ပြန်ရောက်လာ၏။
"ဖဲသမား အရက်သမားကြီးကို လှည်းနဲ့နွား ပေးခဲ့တယ် အမေရေ့"
လူချင်းမဆုံမီ လှမ်းပြီး သတင်းပေးသော မောင်ဆေးရိုးအဥံ။
"ဘယ်လိုလုပ်ပြီး သူလက်ခံအောင် ပြောသတုံးဟဲ့"
အမေ မယ်ကြွယ်စိုးကလည်း သားအငယ် မည်ကဲ့သို့ ပြောသောကြောင့် သားကြီး လက်ခံသနည်း သိချင်နေသည်။ မောင်ဆေးရိုးကလည်း သူ့အစ်ကို ဘေးကျပ်နံကျပ်ဖြစ်နေပုံကို မြိန်ရေရှက်ရေ ပြောပြ၏။
"ကောင်းတယ်၊ ကောင်းတယ်၊ သူ့လက်ထဲရောက်မှ ဖဲပဲပေါင်ရိုက်ရိုက်၊ ထရေပဲ ပေါင်သောက်သောက်"

"အဲသလိုကျတော့လည်း လုပ်မှာ မဟုတ်ဘူး အဖေ၊ အငယ်ကောင် ငသော်က တော်တော် ချက်ချက်ချာချာ ရှိတယ်။ အဲသည်ကောင်ကို ငထွန်းကား လွန်ဆန်နိုင်မှာ မဟုတ်ဘူး အဖေ"
"ခေါ်ခဲ့ရောပေါ့ကွာ"
"သူ့အမေက ကလေးတွေကို ပစ်ခတ်ထားပေမဲ့ အဲသည်လိုကျတော့ ထည့်မှာ မဟုတ်ဘူး အဖေ၊ နမဒန်း သားမခင် ဆိုသာမျိုး သူက လုပ်တော့၊ ကလေးတွေကလည်း ကျောင်းအိပ်ကျောင်းစား ဘ၀မှာ ပျော်ပုံပဲ"
ဦးကျန်ကြီး ခေါင်းညိတ်သော်ငြား၊ သက်ပြင်းချ၏။

"အဖေ မတွေ့သေးလို့၊ တွေ့များတွေ့ရင် သြချလောက်တယ်။ အကြီးကောင်ကို ကျော်ပြောတဲ့ အထဲမှာ သူ့အမေအကြောင်း တစ်စွန်းတစ်စပါးသွားရင် အဲသည်အငယ်ကောင် ကိုသော်က သတိပေးသဗျား"
"တွေ့ချင်သကွာ"
"အဲသာနဲ့ အဖေရေ့၊ ဆင်ကဲဘို့မယ်ဇာတ်ထုပ်ထဲက "ဒွေးနှစ်ဖက် သံဝါညှိစဉ်က ကံပါဘိရယ်တဲ့ မဘို့မယ်" ဆိုဆိုနေ တဲ့ လူတစ်ယောက်ဆီကို သွားချင်လို့ ကိုရင်ကြီးဆီခွင့်တောင်းပြီး ကိုသော်ကို ခေါ်သွားရသဗျ"
"အဲသည်တော့ ဘာဖြစ်သတုံး"
"သူ့အစ်ကိုပြောစဉ်က တဟင်းဟင်း အသံပေးလိုက်ပေး၊ ဆိတ်ဆွဲလိုဆွဲ လုပ်ခဲ့တဲ့အကောင်ဟာ သူ ကိုယ်တိုင်ပြောတော့ လည်း သူ့ အမေ မယ်ငြိမ်းစည်ရဲ့အကြောင်းတွေ ပါသာပဲ အဖေရေ"
ဦးကျန်ကြီး သည် မြေးအငယ်အကြောင်း ထက် ဘုန်းကြီးကျောင်းနားက ယာသမား ကိုကျော်အေး ကို ပိုပြီး အာရုံရောက်ဟန် တူ၏။

"မင့် ဟိုယာသမားက ဘယ်သူ"
"ကိုကျော်အေးတဲ့ အဖေရဲ့၊ သူက အဲသည်ငိုချင်းကို အပျင်းပြေဆိုသာ မဟုတ်ဘူးဗျ။ နာနာ ကြည်းကြည်းနဲ့ ဆိုနေသာ။ ဘာကြောင့် အဲသလို ပြောနိုင်သေးတုံးဆိုတော့ မနှစ်တုန်းကလည်း သည်ငိုချင်းကို ဆိုနေသော ကြားခဲ့ရသာကိုး"
"အဲသည်တော့ မင်းတူငသော်ကို ခေါ်ပြီးသွားတော့ကော တွေ့ခဲ့လား"
"တွေ့ပါတယ်။ ကျုပ်ထင်တဲ့အတိုင်းပဲ အဖေရေ့၊ ကျုပ်မရီး မယ်ငြိမ်းစည်နဲ့ ငြိစွန်သလားတောင် မသိဘူး အဖေ"
"ဘာကွ"
ထိုသတင်းကို မောင်ဆေးရိုး အတိအကျ မရခဲ့ပါ။ ရိပ်ဖမ်းသံဖမ်း မျှသာရစဉ်က မတုန်လှုပ်ငြား၊ ယခု ဦးကျန်ကြီး တုန်လှုပ်သည်။

"ငါ့ချွေးမက သာလောက်ပဲနန့်သလား"
"ထင်ရသာ ပဲ အဖေရေ့။ သူ့မျက်လုံးက ကိုသော့်ဆီပဲ ရောက်ရောက်နေတော့ သူ့တေးချင်းထဲက မဘို့မယ်ဟာ မရီးပဲပေါ့ အဖေရာ"
"ဘာကွ"
ထိုသတင်းကို မောင်ဆေးရိုး အတိအကျ မရခဲ့ပါ။ ရိပ်ဖမ်းသံဖမန်း မျှသာရစဉ်က မတုန်လှုပ်ငြား၊ ယခု ဦးကျန်ကြီး တုန်လှုပ်သည်။
"ငါ့ချွေးမက သာလောက်ပဲနန့်သလား"
"ထင်ရသာပဲ အဖေရေ့။ သူ့မျက်လုံးက ကိုသော့်ဆီပဲ ရောက်ရောက်နေတော့ သူ့တေးချင်းထဲက မဘို့မယ်ဟာ မရီး ပဲပေါ့ အဖေရာ"
"တယ်ခက်သကိုးကွ"
ထိုသို့ ညည်းတွားခါမျှဖြင့် မပြီးသေး။ ဦးကျန်ကြီးက ဆက်လက် မြည်တမ်းသေး၏။

"ချောချောလှလှ မြင်တိုင်းသာ လိုက်နေရင် ယောက်ျားတွေလည်း လိုက်လို့ဆုံးမှာ မဟုတ်ဘူး။ အေး မိန်းမတွေ ကတော့ ဟိရိသြတ္တပ္ပတရားနဲ့ ထိန်းထားတော့ စိတ်သွားတိုင်း ကိုယ်မပါဘး။ မင့်မရီး ကျတော့ စိတ်သွားတိုင်း ကိုယ်ပါပေမဲ့ ငယ်ငယ်မြင်သမျှ၊ လှလှချောချော မြင်သမျှနောက် ကို အတောမသတ်အောင်လိုက်နေရင် လိုက်လို့ဆုံး မှာ မဟုတ်သဲ့အပြင် နာမည်ပါပျက်မှာ"
"ရေနံချောင်းမှာ နာမည်ပျက်လို့ မန်ကျည်းပင်ပုကို ပြောင်းလာသာပဲ အဖေရ။ ရွာမှာလည်း နာမည်က ခပ်ပျက်ပျက်ပဲ"
သို့သော် မောင်ဆေးရိုးမှာ စကားပြော၍ မကောင်းတော့ပြီ။ အငယ်ကောင် ဘညိန်းသည် ၀ါးခြမ်း ပြားဓား တကားကားဖြင့် ရောက်လာသောကြောင့် ဖြစ်၏။

"မင်းအစ်မကော လူလေး"
စိတ်ဝင်တစားမေးခြင်းမဟုတ်သော်ငြား ဘညိန်း၏အဖြေကြောင့် မောင်ဆေးရိုးမှာ ကျောနှင့်တိုင်နှင့် ကပ်ထားရာက ခွာမိ၏။
"အမေကြီး နေမကောင်းလို့ နှိပ်ပေးနေလေရဲ့"
ဦးကျန်ကြီးသော်ကား "ဟဲ့ ဟုတ်လား" ဆိုကာ ထသွားလေ၏။ မောင်ဆေးရိုးကား ဦးကျန်ကြီးနှယ် မလွတ်လပ်။ ဘညိန်းကပ်နေသောကြောင့် ချော့မော့ပြီး တွန်းဖယ်ပစ်ရသည်။
"အဖေ ပြဿဒ်လုပ်ပေး"
"မင်း ပြဿဒ်က လက်ဝင်တယ်ကွ။ အခု အမေကြီး နေမကောင်းသာ သွားပြီးကြည့်ရဦးမယ်။ ထထ"

ဆယ်နှစ်သားပင် ရှိပြီဖြစ်ငြား ဘညိန်းသည် အယုယခံဆဲ ရှိသေး၏။ သူကလည်း ချွဲဆဲနွဲ့ဆဲပင်။ ဖအေကို တွယ်ဖက် ထားသဖြင့် ဖအေက ခါးထစ်ခွင်လျက် သူတို့၏ကနဖျင်း (ကန္နားဖျင်း)သို့ လာခဲ့ကြ၏။ မယ်ကြွယ်စိုးမှာ ချွေးမထံသို့ ခဏအ၀င်တွင် လူမမာဘ၀ သို့ ရောက်သွားခြင်း ဖြစ်၏။ မောင်ဆေးရိုး တို့သားအဖ ရောက်သွားချိန်တွင် ဦးကျန်ကြီး တွင် ခေါင်းရင်း တွင် ရောက်နေပြီ။ ချောစိန်သားအမိက ဒူးခေါင်းတစ်ယောက်၊ ဖမျက်တစ်ယောက် နှိပ်ပေးနေကြ၏။

"အမေ ဘယ်နှယ့်နေသတုံး။ ကျုပ် နင်းပေးရမလား"
အိုးကြိုအိုးကြား က လှည့်ပတ်လျှောက်လာပြီး သားအမိ သားအဖ လေးယောက် အိပ်သာရုံ ရှိသော စင်ကလေးပေါ်တွင် လှဲနေသည့် မယ်ကြွယ်စိုးရှေ့တွင် ၀င်ထိုင်ရင်း မောင်ဆေးရိုးက မေး၏။
"နင်းပေးရလောက်အောင်လဲ မဟုတ်ပါဘူးဟယ်။ ညောင်းဆွေးဆွေးကြီးလို့ ပြောမိသာနဲ့ ၀ိုင်းနှိပ်နေကြသာ"
သူ့ကိုယ်သူ စိုးရိမ်ဖွယ်မရှိကြောင်း ပြောအပြီးတွင် "နင့်အသားအသက်ဘယ်လောက်ရှိပတုံး" ဟု မေး၏။
မောင်ဆေးရို အဖြေမပေး။ မအေ့မျက်နှာကို ကြည့်နေ၏။

"အမေ့အသက်အရွယ်က မင်းတို့ထက် သင်္ခါရ စစ်သပေါ့။ အခုနေကောင်းပေမဲ့ ညနေစောင်းမှာ လဲချင်လဲနေသာဟဲ့"
"အမေက အမာကြီး ရှိပါသေးသဗျာ"
မောင်ဆေးရိုးက ထိုသို့အားပေးစကားပြောတော့မှ ရင်ခွင်ထဲက ဘညိန်းသည် မဆီမဆိုင်တွေ ၀င်ပြော၏။
"အမေကြီး၊ သားအသက် ဆယ်နှစ်ပြည့်တော့မယ်"
ထိုအခါ မယ်ကြွယ်စိုးသည် နှိပ်ပေးနေသော မြေးမကိုတစ်လှည့် ဖအေ့ရင်ခွင်ထဲရှိ ယခုထက်တိုင် လက်ညှိုး စုပ်နေသော မြေးကိုတစ်လှည့် ကြည့်ရင်း ခပ်ညည်းညည်းပြော၏။
"အမေ မသေခင်မှာ သည်မြေးကို သင်္ကန်းချီချင်တယ်ကွယ်။ ဖြစ်နိုင်ရင်တော့ ကိုကျော်တို့ ကိုသော်တို့ပါ အပါအ၀င်ပေါ့"
မောင်ဆေးရိုးမှာ လူကြားကောင်းမည့် စကားကို ရှာရသေး၏။ ခဏကြာမှ ငကျော်၊ ငသော်နှင့် စပ်လျဉ်းသော စကားကို ပြောနိုင်၏။

"ကျုပ်သားကို ကျုပ်အာမခံနိုင်ပေမဲ့ ကိုကျော်တို့ ကိုသော်တို့ အမေက ရမ်းဘိုကုန်းကို လာပါ့မလား အမေ"
မောင်ဆေးရိုး၏ စကားမှာ ဤမျှဖြင့် မပြည့်စုံသည့်အတွက် ထပ်မံရှင်းပြ၏။ သားနှစ်ယောက်ကို ဘုန်းကြီးကျောင်း တွင် ကျောင်းအိပ် ကျောင်းစားထားပုံ၊ လင်မယား ကြင်ကြင်နာနာ မရှိပုံများပါ ထည့်သွင်းကာ ရှင်းလင်းမပြချင်ဘဲနှင့် ပြရလေသည်။
"သို့ပေမဲ့ လူကြုံနဲ့ဖြစ်ဖြစ် လူလွှတ်ပြီးတော့ပဲဖြစ်ဖြစ် အကြောင်းကြားပေးပါ့မယ် အမေ"
ထိုအချိန်အခါက စာတိုက်နှင့် စာပို့စာဝေစနစ် ပေါ်ပေါက်ပြီး ဖြစ်ငြား တောသို့ ဆင်းမည့် စာပို့သမား မရှိ။ တောသူတောင်သား အများစုက အားမထား မယုံကြည်ကြသေး။ သို့ဖြစ်သည့်အတွက် ကိုကျော် ကိုသော် ဘညိန်း တို့ ညီအစ်ကိုသုံးယောက် စုပေါင်းရှင်ပြုလိုကြောင်း လူလွှတ်ပြီး အကြောင်းကြားရ၏။ သုံးရက်အကြာ တွင် မောင်ဆေးရိုးလွှတ်လိုကသော ကိုပိတ်စ ပြန်ရောက်လာ လေသည်။

"မင်းအစ်ကိုက အိမ်ပြန်မအိပ်ဘူးကွ"
"အဲသည်တော့ ငါ့မရီးနဲ့ မင်းနဲ့"
ကိုပိတ်စသည် ခါးစန့်သွားရာက မောင်ဆေးရိုးကို စိုက်ကြည့်၏။
"မင်းစကးက ဘာစကားတုံး"
"ဟ ငထွန်းကား အိမ်ပြန်မအိပ်တော့ အိမ်မှာ မင်းနဲ့ ငါ့မရီးနဲ့ နှစ်ယောက်တည်း ရှိမှာပေါ့။ ငါက ဘာပြောလို့တုံး"
"မင်းပြောချင်တာ သာမဟုတ်ပါဘူးကွာ"
ကိုပိတ်စသည် မောင်ဆေးရိုးကို မကျေနပ်ပေ။ မကျေနပ်သော်လည်း ပြောမနာ ဆိုမနာ သူငယ်ချင်း အချင်းခင်ျးကို ဗွေယူနေ၍မရသဖြင့် လက်လျှော့လိုက်ကာ စကားကို ဆက်၏။
"အပြုံး ဆိုသဲ့ ကောင်မလေး ရှိပါတယ်ကွ"
မောင်ဆေးရိုးသည် အပြုံးအကြောင်းကို ပြောရန် ပါးစပ်ဟ ပြီးမှ ပြန်ပိတ်၏။ ထို့နောက် မူရင်းစကား ကို ပြော၏။

"ဟုတ်ပါပြီ။ ငထွန်းကားနဲ့ ဘယ်လိုလုပ်ပြီး တွေ့သတုံး"
"နောက်တစ်နေ့ မနက်မှာ ရောက်လာတယ်ကွ။ သူတို့လင်မယားကို ကြည့်ရသာ ခေါ်ခေါ်ပြောပြော တွေပဲကွ။ စိတ်ကောက်နေသာတွေ ဟုတ်ပုံမရဘူး"
"ထားစမ်းပါကွာ။ သူတို့လင်မယားအကြောင်းကို မင်းမသိပါဘူး။ ဒါကြောင့် လိုရင်းပဲပြောပါ"
ရှုံ့ရှုံ့မဲ့မဲ့ဖြင့် မောင်ဆေးရိုးက တားမြစ်သည်။
"အဲသာနဲ့ မင်းမှာလိုက်သာ ပြောရသာပေါ့"
"အမေ့ကျန်းမာရေး တစ်နေ့ရွှေ တစ်နေ့ငွေ ဖြစ်နေတဲ့အကြောင်း မပြောဘူးလား"
"ပြောသာပေါ့ကွာ၊ ဘယ်မေ့မတုံး။ အဲသာကွာ ချိုသည် ခါးသည် မဖြေဘဲ ကျောင်းကို ခေါ်သွားသကွ"
"လုပ်မယ်လေ။ အကျင့်က"
"ကျောင်းခေါ်သွားပြီး ကလေးနှစ်ယောက်ကို ပြသကွာ။ အကြီးက ကိုကျော်တဲ့ ၁၅နှစ်၊ အငယ် ကိုသော် ၁၃နှစ်။ ရှင်မပြုရသေးဘူးတဲ့။ ဒါပဲပြောပြီး ကျောင်းမှာပဲ နှစ်ယောက်အတူ ထမင်းစားကြသကွ"
အစ်ကို၏ အပြုအမူကို မောင်ဆေးရိုး သဘောမတွေ့ငြား ခေါင်းညိတ်ရုံသာ ညိတ်ပြ၏။

"အဲသာကွာ ဘုန်းကြီးကျောင်းမှာ ကျောင်းထမင်း ကျောင်ဟင်း စားအပြီး မကြာခင်မျာပဲ "သွားရအောင်" ဆိုပြီး ထပါလေရောဟေ့။ ငါကတော့ ဖဲဝိုင်းလား ကြက်ဝိုင်းလားပေါ့။ ဘယ်ဟုတ် မတုံး ထန်းရည်ဆိုင်ပဲကွ"
"မင်းအကြိုက်ပေါ့"
ကိုပိတ်စသည် တစ်ချက်ဆဲပြီးမှ ဆက်ပြော၏။
"သာလောက် အစောကြီးသောက်ရသာ ကြောင်စီစီကြီးကွ" အဲသည်ကျမှ ကိုယ်တော်ချောက အရေးကြီးတဲ့စကားတွေ ပြောတော့သာကိုး"
"ဘာတဲ့တုံး"
"ဖြစ်နိုင်ရင် မယ်ငြိမ်းစည်ပါခေါ်ပြီး သားနှစ်ယောက်နဲ့အတူ လာခဲ့ပါ့မယ်တဲ့"
"ဘယ်လောက်ကြာမှတုံး။ မမေးခဲ့ဘူးလား"
"သြော် သြော် ငါမေ့သာပါကွာ။ မင့်အစ်ကိုက ပြည့်ပြည့်စုံစုံ ပြောပါတယ်။ ခုနစ်ရက်အတွင်းတဲ့"
"သူ့အိမ်မှာ လှည်းနဲ့ နွား မြင်ခဲ့လား"
မေးသာမေးရငြား သူပေးထားခဲ့သော လှည်းနှင့် နွား မရှိတော့ဟု သိလျက်ဖြင့် မေးခြင်း ဖြစ်၏။

"အေးဟ။ မင်းနွားနှစ်ကောင်ကို တွေ့ခဲ့သမောင်။ မယ်ငြိမ်စည်က နွားစာတွေ ဘာတွေ စဉ်းလို့ဗျာ။ အစောကြီးမို့ ငါက အားနာနေပေ မဲ့ မဟုတ်ဘူးတဲ့။ ဆန်အိတ်သယ်ရအောင်လာရာမှာ ငါ့ကို ခရီးကြုံ လိုက်ပို့သာတဲ့"
မောင်ဆေးရိုး လွန်စွာ ကျေနပ်၏။ သည်ပုံအတိုင်းသာ "လှည်းငှား" လိုက်စားနေလျှင် ငါးဆယ် ကျပ် ဖြင့် ပေါင်နှံ ထားသော ဆယ်ဧကကျော် ကျယ်သည့် ယာကြီးကို မကြာမြင့်မီ ရွေးနိုင်တော့မည် ယုံကြည်သောကြောင့် ဖြစ်၏။

ဆက်ရန်
.

No comments: