Tuesday, May 29, 2012

လင်္ကာရည်ကျော် ၏ တိမ်တွေ တောင်တွေ နှင့် ခရီးသည်, အပိုင်း (၁၁)

" နှင်းက အချစ်ဆိုတာ နှစ်မျိုးရှိတယ်လို့ တကယ် ယုံနေတာကိုး၊ တို့အတွက်ကတော့ အချစ် တစ်မျိုးပဲ နား လည်တယ်၊ ညီမလေးလည်း ချစ်တာပဲ၊ ချစ်သူလည်း ချစ်တာပဲ၊ မိဘလည်း ချစ်တာပဲ၊ သူငယ်ချင်းလည်း ချစ်တာပဲ၊ ချစ်တဲ့သူအားလုံးကို စိတ်ချမ်းသာစေချင်တာပဲ ရှိတယ်၊ ဘ၀ လက်တွဲဖော် အနေနဲ့ ရွေးဖို့ကျ တော့ ဦးနှောက်က ပါသင့်၏။ မသင့်၏ ၀င်စဉ်းစားတာ၊ ကျန်တာ အတူတူပဲ၊ လူတွေ ပြောနေတဲ့ ၁၅၀၀ တို့၊  အချစ်စစ် အချစ်မှန်တို့၊ အဲဒါတွေတို့ ဘယ်တုန်းကမှ နားမလည်ခဲ့ပါဘူး " မနှင်းဖွေး ပါးစပ် အဟောင်းသား ဖြစ်သွားပါသည်။ ကို ဆက်ဖတ်ရန်....

ရဲဝင့် (၁၁)

တကယ်တော့ ရဲဝင့် ခုတလော ညဥ့်နက်နက်နေသည်မှာ မနှင်းဖွေး ထင်သလို အဆောက်အအုံ အသစ် ကိစ္စ များ လေ့လာနေတာ မဟုတ်ပါ။
အာသာခိုင်ဦး ဆိုသည့် လူငယ် တစ်ယောက်နှင့် ပတ်သက်၍ နိုင်ငံခြားမှ မိတ်ဆွေ အဆက်အသွယ် များဆီမှ ရနိုင်သမျှသော အချက်အလက်တွေကို စုဆောင်း လေ့လာနေတာပါ။
ဟန်ပို ကတော့ နှာခေါင်းရှုံ့သည်။ " သူတို့ တတွဲတွဲ ဖြစ်နေတာ မင်း သိနေတယ်လို့တော့ မင်း စိမ်းဝေ ကို သတိပေးသင့်တယ်၊ ဟေ့ကောင် "
ရဲဝင့်က စာရွတ်ပုံကို ပြန်စီရင်းက မော့ကြည့်၍ ပြုံးသည်။

" အဲဒါ စိမ်းဝေရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်လေ၊ ငါနဲ့ မဆိုင်ဘူး "
" ဆိုင်တယ်၊ စိမ်းဝေကို မင်း ကျောင်းထားပေးတာ၊ စိမ်းဝေ ပညာရေးထက် တခြားကိစ္စကို ပိုစိတ်ဝင်စား သွားမှာ ကို မင်း ပူတတ်ရမယ် " ရဲဝင့်က ရယ်သည်။
" တက္ကသိုလ်ကျောင်းသူ တက္ကသိုလ်တက်ရင်းနဲ့မှ အဲဒီကိစ္စ စိတ်မ၀င်စားရင် ဘယ်အချိန် သွား စိတ်ဝင်စား မလဲ၊ မင်းတို့ ငါတို့ နှင်းတို့လို ဖြစ်သားမှာပေါ့ " ဟန်ပိုက နဖူးကို လက်ဝါးနှင့် ရိုက်သည်။
" ဘုရားရေ မင်းက သဘောတူနေတာလား " " သဘောတူတယ်လည်း မရှိဘူး၊ မတူဘူးလည်း မရှိပါဘူး၊ ကလေကချေ နဲ့ တွေ့တာ၊ လူမျိုးခြားနဲ့ တွေ့တာ ထက်စာရင် တော်တယ် ပြောရမှာပဲ၊ သိရသလောက်တော့ လည်း ကောင်လေးက စိမ်းဝေကို တော်တော် တန်ဖိုးထားပုံရပါ တယ်၊ လေးလေး စားစား စောင့်ရှောက် ကူညီနေပုံပါပဲ " ဟန်ပို က ကျွတ်ခနဲ မြည်တမ်းသည်။

" မင်း ပြောနေတာ မင်းနဲ့ လက်ထပ်ဖို့ လူကြီးတွေက သိပ်သဘောတူနေတဲ့၊ ပြီးတော့ မင်းကလည်း သိပ် ချစ်သိပ်တန်ဖိုးထားတဲ့ မိန်းကလေး အကြောင်းနော် ဟေ့ကောင် " ရဲဝင့်က ပခုံးတွန့်ပြသည်။
" ငါ စိတ်ဝင်စားတာက သူ စိတ်ချမ်းသာရေးပဲ၊ သူ ဘယ်သူနဲ့ တွေ့တွေ့ အဲဒီလူကြောင့် သူ စိတ်ချမ်းသာ ရမယ်ဆိုရင် ငါ ကြည်ဖြူတယ် " " မချမ်းသာရင်ရော " " မချမ်းသာရင် အဲဒီ မချမ်းသာတဲ့ နေ့မှာ သူ နောက်ဆုတ် လို့ရတယ် " ဟန်ပို ခေါင်းခါသည်။
" နောင်တ ဆိုတာ အချိန်မီတဲ့အခါ ရှိသလို အချိန်မမီတဲ့အခါ ရှိတယ်၊ အမှားဆိုတာ ပြင်ဆင်ခွင့်ရှိတဲ့ အခါရှိ တယ်၊ ပြင်ဆင်ခွင့် မရှိတဲ့ အခါ ရှိတယ် " " သူ့အတွက် မဟုတ်ဘူး " ဟန်ပို မျက်လုံးပြူးပြသည်။

" ဘာဖြစ်လို့လဲ "
" စိမ်းဝေမှာ နောက်ကျသွားတဲ့ နောင်တ ဆိုတာ မရှိဘူး၊ ပြင်ဆင်ခွင့်မရှိတဲ့ အမှားဆိုတာ မရှိဘူး၊ သူ့ နောက် မှာ ငါအမြဲရှိတယ် " ဟန်ပို စိတ်ပျက်လက်ပျက် ခေါင်းခါသည်။
" ငါ အဲသလောက် တန်ဖိုးထားတဲ့ မိန်းကလေး ဆို ငါဘယ်သူ့ရင်ခွင်ထဲက မဆို ငါလုယူမှာပဲ "
ရဲဝင့်က ရယ်သည်။ " မင်းက မင်း၊ ငါက ငါလေကွာ "

မနှင်းဖွေးက တယ်လီဖုန်းကို ပြန်ချပြီး ရဲဝင့်ဘက်သို့ မျက်စိပျက် မျက်နှာပျက်နှင့် လှည့်ကြည့်သည်။
" ခုထိ တစ်ခန်း မှ မထွက်သေးဘူးတဲ့ " ရဲဝင့်က ပြုံး၍ ခေါင်းညိတ်ပြသည်။
" ရီဆက်ရှင်လေ၊ တို့ပြောဖူးသားပဲ၊ တစ်နေ့နေ့မှာ ဈေးကွက်က ဆက်ကျူရိတ်တစ် ဖြစ်မှာပဲ၊ အရောင်းတွေ ရပ်ကုန်လိမ့်မယ်၊ ရှိတာ ထုခွဲစားသောက်ရလိမ့်မယ်လို့၊ ဘယ်လောက် ကြာမလဲ၊ အလွန်ဆုံး သုံးနှစ်ပေါ့၊ တခြား လုပ်ငန်းကလေးတွေလည်း စထားတာပဲ၊ တို့တွေ ခံနိုင်မှာပါ "
ခြေသံကြား၍ လှည့်ကြည့်တော့ စိမ်းဝေ၏ အစ်မ၀မ်းကွဲ နှစ်ဦး။

" ဘာလဲ "
" ဆင်ဖြူကျွန်း ခဏပြန်ချင်လို့ တစ်ပတ်လောက် ခွင့်ပေးပါတဲ့ "
နောက်က ပါလာသော ဟန်ပို က ၀င်ပြောသည်။
" သွားလေ " " လခလည်း ကြိုထုတ်သွားချင်တယ်၊ သုံးစရာ ရှိလို့တဲ့ "
ရဲဝင့်က ခပ်ထေ့ထေ့ ပြုံးသည်။ " ယူသွားလေ "
ကျေးဇူးပဲ ကိုရဲဝင့်ဟုပြော၍ အချင်းချင်း လက်မထောင်ပြပြီး စားပွဲတွေ ရှိရာကို ပြန်ပြေးသွားသော ညီအစ်မ နှစ်ယောက် ကို ကြည့်၍ ရဲဝင့် ပြုံးပြီး ခေါင်းခါမိသည်။ " စိမ်းဝေ က ဒီကျောင်းပိတ် လာမှာလား "
မနှင်းဖွေးက မေးတော့ ရဲဝင့်ပြုံး၍ ခေါင်းညိတ်ပြသည်။

" မနှစ်ကတော့ ပထမနှစ်ဆိုတော့ နေသားကျအောင် နေလိုက်ပါလို့ တို့ပဲ ပြောလိုက်တာပါ၊ ဒီနှစ်တော့ လာလိမ့်မယ်၊ ဖေဖေ နဲ့ အန်တီခင်တောင် ရန်ကုန် ဆင်းလာလိမ့်မြယ် "
" ဒါကြောင့် ဘော့စ် ဒီနေ့ သဘောကောင်း နေတာကိုး " ဟန်ပိုက ၀င်ထော့တော့ ရဲဝင့် ရယ်သည်။
" မရှိစေချင်လို့ပါကွာ၊ စိမ်းဝေ ရောက်နေတုန်း သူတို့ရှိနေရင် သူတို့အကြောင်း စိမ်းဝေ ကို ပြောမိလိမ့်မယ်၊ စိမ်းဝေ ခဏလာတုန်း စိတ်မညစ်စေချင်ဘူး "
ဟန်ပို က အစာနင်သွားသည့် အမူအရာလုပ်ပြတော့ မနှင်းဖွေးက လိုက်ရယ်မိသည်။

မနှင်းဖွေး (၁၀)

စိတ်၏ ခံစားချက်တို့ကို စိတ်ကသာ ပြန်၍ လျစ်လျူရှူချင်ရှုနိုင်မည်။ ကိုယ်ခန္ဓာအပြုအမူ၊ လှုပ်ရှားမှုတို့က လျစ်လျူရှူနိုင်ဟန် မတူ။
စိမ်းဝေကလေးနှင့် ပတ်သက်လာလျှင် ကိုရဲဝင့် တော်တော် သွေးအေးသည်ဟု မနှင်းဖွေး အမြဲ ယူဆခဲ့သည်။ စိမ်းဝေ အကြောင်းပြောနေစဉ်တွေမှာပင် ဘာခံစားချက်မှ မပါသော လေသံ အေးအေးနှင့်ပဲ ပြောနေ ကျ။
သည်နေ့တော့ တစ်နေ့လုံး ရဲဝင့် ဂနာမငြိမ် ဖြစ်နေသည်။ ထိုင်လိုက်၊ ထလိုက်၊ ရေသွား သောက်လိုက်၊ ဖုန်း ကို မလိုက်၊ ပြန်ချလိုက်။ အလုပ်အကြောင်း သွားပြောရင်လည်း ခေါင်းတွေပဲ ညိတ်ပြနေသည်။ ဘာအဖြေမှ မပေး။ သေချာပါပြီ။ သည်နေ့ စိမ်းဝေ ရောက်ရမည့် နေ့ပါပဲ။

စိမ်းဝေ ၂၁ နှစ် ပြည့်တော့မည်။
၁၄ နှစ် သမီး အရွယ် ကတည်းက ထင်းနေအောင် လှသော မိန်းကလေးအရွယ်လည်း ရောက်လာပြီ၊ မြို့ကြီး မှာသာမက နိုင်ငံကြီးမှာပါ ကျင်လည်ခဲ့ပြီမို့ ရုပ်ရည်ရော၊ ကိုယ်ဟန် အမူအရာတို့ရော အစွမ်းကုန် အရွယ်ရောက်နေကြတော့လိမ့်မည်။ ၂ နှစ် လုံးလုံး မတွေ့ခဲ့ရသည့် ညီမလေး။
ညီမ လိုလည်း ချစ်တာပါပဲ။ ချစ်သူလည်း ချစ်တာပါပဲ။ အချစ်မှာ နှစ်မျိုး နှစ်စား ရှိတယ်လို့ မသိပါဘူး၊ စိတ်ချမ်း သာစေချင်တာပဲ ရှိတာပါ ဟု ရဲဝင့် လေးလေးမြတ်မြတ်ပြောခဲ့သော မိန်းကလေး။
အဲသည် မိန်းကလေး က သည်နေ့ ညနေ ရောက်မည်တဲ့။

ရဲဝင့် ဂနာမငြိမ် ဖြစ်နေတာ အဆိုးမဆိုသာ။ အန်တီခင် ပင်လျှင် အပေါ်ထပ် ကနေ အောက်ဆင်းလာလိုက်၊ ရေတစ်ခွက်ငှဲ့သောက်ပြီး ပြန်တက်သွားလိုက်။ အပေါ်မှာ လည်း ရေခဲသေတ္တာ တစ်လုံးရှိသည် ဆိုတာကို မသိ၍တော့ ဟုတ်မည် မထင်။
" ကိုရဲဝင့် " " စောသေးတယ် နှင်းရဲ့၊ လေယာဉ်က ၆ နာရီကျော်မှ ဆိုက်မှာ "
မနှင်းဖွေး သတင်းစာ ကိုင်လျက်က ပါးစပ် အဟောင်းသား ဖြစ်သွားပြီး ဟန်ပိုက ခွက်ထိုးခွက်လန် ရယ် တော့ မှ ရဲဝင့် ကြောင်တက်တက်နှင့် လှည့်ကြည့်သည်။ " ဒီမှာ ကြော်ငြာပြမလို့ "
သည်တော့မှ ရဲဝင့် ရှက်ရယ် ရယ်၍ မနှင်းဖွေးပြသော သတင်းစာ ကြော်ငြာကို ငုံ့ကြည့်၍ ကိုကြင် တို့အုပ်စု အဆောက်အအုံ ကြော်ငြာတာ မဟုတ်လား၊ ဘာဖြစ်လို့လဲဟုမေးသည်။
" ထူးခြား လို့လေ၊ ကြိုပွိုင့်တော့ ခေါ်တယ်၊ ဒါပေမဲ့ သတ်မှတ်ရက်မှာ မအပ်နိုင်ရင် တစ်ရက်ကို ငွေ ဘယ်လောက်နှုန်း နဲ့ လျော်မယ်ဆိုတာ ပါတယ်၊ ကြိုပွိုင့်ကုမ္ပဏီတွေ အကုန် ကပ်ဆိုက်နေတာ၊ ဒီနည်း ကလေးကများ မတ်နိုင်မလားလို့ " ရဲဝင့်က ပြုံး၍ ခေါင်းခါသည်။

" ၀ယ်တဲ့လူက အခန်းလိုချင်တာ၊ ငွေတိုးလိုချင်တာမှ မဟုတ်တာ၊ လျော်ရပြီ ဆိုကတည်း က ငွေတင် ဆုံးရှုံးရတာမှ မဟုတ်တာ၊ နာမည်လည်း ဆုံးရှုံးသွားတာ၊ နာမည်မှ သူတို့ နာမည်တင် ဆုံးရှုံးတာ မဟုတ်ဘူး၊ ဒီမှာရှိတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေ အားလုံးရော နာမည်ပျက်တာ၊ တို့တော့ မကြိုက် ပါဘူး၊ ကြိုပွိုင့် အေးနေရင် ရှိတဲ့ငွေနဲ့ နိုင်တဲ့ ခွင်ပဲကိုင်မယ်၊ ပြီးတာပဲ ရောင်းမယ်" " ဘိုဆန်တာပေါ့ "
ဟန်ပိုက ခနဲ့တဲ့တဲ့ လှမ်းစတော့ ရဲဝင့်က မျက်စောင်းထိုးသည်။ " ဘာ ဘိုဆန်တာလဲ၊ မင်းက "
" အင်္ဂလိပ်ဆန်တာလေ၊ မင်းပဲ ပြောပြောနေတယ်၊ အင်္ဂလိပ်တွေ သိပ်ရှေးဆန်တယ်၊ အိမ်အိုကြီးတွေ တောင် ပြင်ဆင် ချင်ရင် အထဲကပဲ ပြင်ဆင်ပြီး အပြင်မျက်နှာတွေ ဒီအတိုင်းထားကြတယ် ဆိုတာလေ၊ မင်းလည်း ရှေးထုံးပဲ အမြဲလုပ်တာဆိုတော့ ဘိုဆန်တာပေါ့ " ရဲဝင့်က ပခုံးတွန့်ပြသည်။

" ကောင်းတာ တွေ့ရင်တော့ အင်္ဂလိပ်မှ မဟုတ်ဘူး၊ တရုတ်၊ ကုလားလည်း အတုယူသင့်ယူရမှာပဲ၊ အင်္ဂလိပ်တွေ က အဲဒီလို ကွန်ဗင်းရှင်းနယ် ဖြစ်လို့ ကမ္ဘာတစ်ခုလုံး စနစ်တကျ သိမ်းယူနိုင်ခဲ့တာ မမေ့နဲ့ "
ဟန်ပို က ခေါင်း တဆတ်ဆတ် ညိတ်၍ အခုတလော ယူကေကို အကောင်းချည်း ပြောတာကွာ။ စိတ်နဲ့ ဘယ်နှစ် ခေါက်သွားလည်နေလဲ မသိဘူးဟု ခနဲ့သည်။
ရဲဝင့်က နာရီကို ငုံ့ကြည့်၍ ဟုတ်ပါရဲ့၊ စောသွားလိုက်တာ ကောင်းပါတယ်ဟု ပြောပြီး နေရာမှထတော့ မနှင်းဖွေးနှင့် ဟန်ပို ပခုံးကိုယ်စီ တွန့်မိကြပါသည်။
.................................................................................................................................
ဟုတ်ပါရဲ့။ လှလိုက်တာ။
အကောက်ခွန် စစ်ဆေးရေး ဂိတ်မှ ထွက်လာသော စိမ်းဝေမှာ မနှင်းဖွေး ကြိုတွေးထားမိသည်ထက်ပင် အများကြီး ပိုလှနေ သည်။
မဖြူ မညို အတိအကျ ညီညာစွာ လတ်နေသော အသား ညိုညို စိမ့်စိမ့်ကလေးကတော့ အဖြူဘက် ကို တော်တော် လုနေပြီ။ အင်းလေ ယူကေမှာ နှစ်နှစ်တောင် နေမှတော့ အဲသလောက်တော့ ရှိရောပေါ့။
ဆံပင်ရှည် ကလေးတွေက သည်အတိုင်း ညီညာစွာ ဖြန့်ကြဲချထားသည်။ လူက ပိန်လည်းမသွား၊ ၀လည်း မလာ။ သိသာတာ ကတော့ ပိုအရွယ်ရောက်လာသည်။ အလှစုံလာသည်။ ထို အလှစုံနေသော ကိုယ်ကလေးပေါ် မှာ ထူးထူးခြားခြား ရင်ဖုံး အင်္ကျီတစ်စုံနှင့် ဇင်းမယ်လုံချည် တစ်ထည် ကို မြန်မာ ဆန်ဆန် သပ်သပ်ရပ်ရပ် ၀တ်စားပြီး ရှမ်းလွယ်အိတ်ကလေးပါ လွယ်ထားလိုက်သေးသည်။
အလှဆုံးကတော့ အပြုံး ကလေးပါပဲ။ ငယ်ငယ်တုန်းက အတိုင်း။

ကလေး သူငယ်ကလေးတစ်ယောက်၏ ဟန်ဆောင်မှု ကင်းမဲ့သော အားပါးတရ အပြုံး။
ထို အပြုံးနှင့် သူ့ အမေ ဒေါ်ခင်ခင်ဆီကို အရင်ဆုံး အားပါးတရ ပြေးဝင်သွားပြီး ဒေါ်ခင်ခင်ကို တင်းတင်း ကျပ်ကျပ် ဖက်ထားသည်။ ဒေါ်ခင်ခင်ကတော့ မျက်ရည်ပါ စို့သည်။ " သမီးလေး၊ နေကောင်းရဲ့လား သမီးရယ် " စိမ်းဝေက လူချင်းခွာ၍ အားရပါးရ ရယ်သည်။
" ကောင်းလို့ ၁၂ နာရီကြာတဲ့ ခရီးကြီး လာတာပေါ့ မေမေရဲ့၊ ဖေဖေနဲ့ မေမေရော နေကောင်းရဲ့လား "
ဦးအောင်ဝင့်နှင့် ဒေါ်ခင်ခင် ခေါင်းသာ ညိတ်ပြနိုင်ကြသည်။
စိမ်းဝေက ဘေးမှာ ကြောင်တက်တက် ရပ်နေသော ရဲဝင့်ကို လှည့်ကြည့်၍ နွမ်းလျလျ ပြုံးပြသည်။
" ကိုကို့ကို တစ်ချိန်လုံး သတိရနေတာ၊ သိလား " ရဲဝင့် အာစေးမိသွားသည်။ ဘာပြန် ပြောရမှန်းမသိ။

ကြားထဲက မနှင်းဖွေးက အလိုက်တသိ ၀င်ပြောရသည်။
" စိမ်းဝေ ကိုကိုကတော့ လာမယ် ကြားကတည်းကအလုပ် အကြောင်းတောင် ဘာမှ ပြောလို့ မရတော့ ဘူး " စိမ်းဝေက ချမ်းမြေ့စွာရယ်၍ မနှင်းဖွေးနှင့် ဟန်ပို ကို နှုတ်ဆက်သည်။
" မမနှင်းနဲ့ အစ်ကိုဟန်ပိုလည်း ဒီအတိုင်းပဲ၊ မပြောင်းလဲဘူး "

" စိမ်းဝေကတော့ ပြောင်းလဲတယ်၊ အများကြီး ထပ်လှသွားပြီ၊ အဲဒါကို သိရဲ့လား "
မနှင်းဖွေး ကပြောတော့ စိမ်းဝေက ရယ်သည်။
" ယောက်ျားလေးထဲ ကပဲ အဲသလို ပြောတဲ့လူ ရှိတော့ မယုံဘူး၊ မမနှင်းလောက်လှတဲ့ မိန်းကလေး က ပြောတော့ ယုံလိုက်တော့မယ် "
ရဲဝင့် က အခုမှ အသက်ဝင်လာဟန်နှင့် မေးသည်။
" စိမ်းဝေ မြန်မာ အ၀တ်အစားအသစ်တွေ ဘယ်က ရလာသလဲ "
စိမ်းဝေက ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်၍ ရှက်ကိုးရှက်ကန်းရယ်သည်။
" ဘန်ကောက် ထရန်စစ် မှာ ၀ယ်ပြီး ရေချိုးခန်းထဲ တစ်ခါတည်း ၀င်လဲလာတာ၊ စိမ်းဝေနဲ့ တော်တယ် မဟုတ်လား" ရဲဝင့်ကပြုံးသည်။

" တော်ပါတယ်၊ ဒီကျလည်း ၀ယ်လို့ရတာ ဘာလို့ ချက်ချင်း မြန်မာမလေး လုပ်ချင် စိတ် ပေါက်သွားရတာလဲ "
" ဟိုကောင်လေ " စိမ်းဝေက နောက်ကို မေးငေါ့ပြတော့မှ နောက်မှ တီရှပ်နှင့် ဂျင်းဘောင်းဘီ ၀တ်ထားပြီး အရပ်ရှည်၊ အသားဖြူသော်လည်း အရှေ့တိုင်းသားမှန်း သိသာသည့် လူငယ်တစ်ဦး ချဉ်းကပ် လာတာ တွေ့မိကြတော့ သည်။
" ဒီကောင် က နင် မြန်မာ လို မ၀တ်တတ်တော့ဘူး မဟုတ်လားလို့ စိန်ခေါ်တာနဲ့ ငါ မြန်မာမလေ၊ မြန်မာ အ၀တ်အစား ကို တခြားဝတ်စုံ အားလုံးထက်ပို ကျွမ်းကျင်တယ်၊ အခု ငါဝတ်လို့ တော်ရင် နင် ရှင်း မလား၊ လောင်းကြေးလို့ ပြောလိုက်တာ၊ သူ ရှင်းလိုက်ရရော "
သူစိမ်း ယောက်ျားကလေး တစ်ယောက်ကို သည်မျှ ရင်းရင်းနှီးနှီးပြောနေသော စိမ်းဝေကို အားလုံးက အံ့သြနေကြသည်။ မနှင်းဖွေး ကတော့ စိမ်းဝေထက် တစ်ဦးတည်းသော အံ့သြဟန်မပြဘဲ ပြုံးပြနေသော ရဲဝင့် ကို ပို၍ အံ့သြနေမိသည်။

" ကိုကို၊ ဒါ အာသာခိုင်ဦး တဲ့၊ အာသာ့မိဘတွေက ယူကေမှာ နေတဲ့ မြန်မာလူမျိုးတွေ၊ အာသာလည်း ဒီက အဘိုးအဘွား ဆီ မရောက်တာကြာလို့ စိမ်းဝေနဲ့ ချိန်းပြီး အတူတူ လာတာ၊ သူလည်း ကင်းဘရစ်ခ်ျ မှာပဲ အင်ဂျင်နီယာရင်း တက်နေတယ်၊ စိမ်းဝေကို အစစ ကူညီနေတဲ့ သူငယ်ချင်းပေါ့ "
" ကျေးဇူးတင်တယ်နော် ညီလေး " ရဲဝင့်က တည်ငြိမ်စွာ ပြုံး၍ လက်ကမ်းပေးသည်။ အာသာက အားပါးတရ ပြုံး၍ လက်ဆွဲ နှုတ်ဆက်သည်။
" မနာလိုဘူး အစ်ကိုရာ၊ စိမ်းဝေက အစ်ကို့အကြောင်းကို ကျွန်တော့်ကို နေ့တိုင်းနီးနီး ပြောတာ၊ ကျွန်တော့် အကြောင်းတော့ အစ်ကို့ကို ခုမှ ပြောတာ ဆိုတော့၊ စိမ်းဝေ နင် သူငယ်ချင်းထက် အစ်ကို့ကို အများကြီး ပိုချစ်တာတော့ သေချာပြီ " စိမ်းဝေက အာသာ့ကို မျက်စောင်းထိုးရင်းက ရဲဝင့် လက်မောင်းတစ်ဖက် ကို သူ့လက်နှစ်ဖက်နှင့် ပွေ့ဖက် လိုက်သည်။

" ပိုချစ်စရာလား၊ နင့်ကို ငါ့အစ်ကိုထက် " မနှင်းဖွေးနှင့် ဟန်ပို တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြသည်။ ရဲဝင့်ကတော့ အမူအရာမပျက် ခပ်အေးအေးပင် မေးသည်။
" ညီလေး ရန်ကုန်မှာ တည်းစရာရှိလား၊ အစ်ကိုတို့ဆီမှာ တည်းချင်လည်း ၀ဲလ်ကမ်းနော် "
သည်တစ်ခါတော့ စိမ်းဝေရော၊ အာသာပါ အံ့အားသင့်သွားကြသည်။

" ကျွန်တော့် အဘိုးအဘွားက မန္တလေးမှာ ရန်ကုန်မှာတော့ ဟိုတယ်ပဲ တည်းမလို့ လုပ်ထားတာ၊ အစ်ကိုက ဘယ်လိုလုပ် သိသလဲ၊ ရဲဝင့် မျက်နှာ တစ်မျိုးဖြစ်သွားသည်။
" ကြိုတဲ့ လူ မတွေ့လို့ပါကွာ၊ ဘာမှ အားမနာနဲ့၊ စိမ်းဝေ သူငယ်ချင်းကို ခေါ်လေ၊ ကိုကိုတို့ အခု အလုပ်ခန်း အပေါ်ထပ် နေ တဲ့ နေရာက အကျယ်ကြီးပဲ "
စိမ်းဝေ က ခေါင်းခါသည်။ " နေပါစေ၊ အာသာ ဟိုတယ်ပဲ သွားဟာ၊ ညကျ ငါနဲ့ကိုကို စကားတွေ ၀အောင် ပြောချင်သေးတယ် " " သမီး ဧည့်သည်ကို အဲသလို မပြောရဘူးလေ "

ဒေါ်ခင်ခင်က ၀င်ဟန့်သော်လည်း အာသာက လက်ကာပြ၍ " ရတယ် အန်တီ၊ သူနဲ့ ကျွန်တော်က အဲသလိုပဲ တည့်တိုး ပြောနေကျ၊ သူ အဲ့သလို တည့်တိုး ပြောလို့ရတဲ့ သူငယ်ချင်းဖြစ်ရတာကိုပဲ ကျွန်တော်က ကျေနပ်နေတာ " ဟု ဖြေသည်။ ရဲဝင့်မျက်နှာ အထားရခက်ဟန် ပေါ်သွားသည်။
မနှင်းဖွေးကတော့ ပွင့်လင်း ရိုးသားဟန်ရှိသော အာသာခိုင်ဦးကို သဘောကျ မိသော်လည်း အာသာခိုင်ဦး၏ စကားများအရ စိမ်းဝေအပေါ်ထားသော သူ့သဘောထားကို ၀န်ခံပြီး သလို ဖြစ်နေခြင်းအတွက်တော့ ရင်လေး နေမိသည်။

စိမ်းဝေ (၁၀)

အပေါ်ထပ် ၇န်တာတံခါးကို ဖွင့်လိုက်သည်နှင့် စိမ်းဝေ ပါးစပ်အဟောင်းသားဖြစ်သွားသည်။
ဝရန်တာတွင် ကြည့်မြင်တိုင် အိမ်မှာ ကိုကိုနှင့် စိမ်းဝေ အတူတူ ထိုင်နေကျ ဒန်းကလေးက အခန့်သား ရှိနေ ပါသည်။
နေပါဦး။ ဟိုဒန်းက ငှားတဲ့ အိမ်ရှင်ပိုင်တဲ့ ဒန်းပဲ။ ကိုကို ယူလာမှာတော့ မဟုတ်ပါဘူး။ ပုံတူ ဒန်း တစ်ခု ထပ် ၀ယ်ပြီး အရောင်တူ သုတ်ထားတာပဲ နေမှာ။
ဝရန်တာသို့ ဖိနပ်ပင် မစီးဘဲ ဆင်းလာခဲ့ပြီး ဒန်းနား သွားကြည့်လိုက်တော့ သူ့ အထင်မှားကြောင်း စိမ်းဝေ သိလိုက်ရသည်။
ဒန်း၏ နောက်မှီ တွင် အင်္ဂလိပ် စာကြောင်းကလေး တစ်ကြောင်းရှိနေသည်။

" If you are sad and lonely, stay with me" တဲ့။
" ၀မ်းနည်းပြီး အထီးကျန် နေတယ်ဆိုရင် ငါနဲ့နေပါ" ဟု အဓိပ္ပာယ်ရသော စာကြောင်းကလေး။ ညတိုင်း ဒန်းပေါ်မှာ ထိုင်ပြီး အလုပ် လုပ်နေတတ်သော ကိုကို့ကို ကျီစယ်လိုသဖြင့် စိမ်းဝေကိုယ်တိုင် စိမ်းဝေ လက်ရေးဖြင့် ရေးခဲ့တာ ဖြစ်သည်။
စိမ်းဝေ ဒန်းပေါ်မှာထိုင်၍ စာသားကလေးတွေကို လက်ချောင်းကလေးတွေနှင့် ထိတို့ ကြည့်မိသည်။
တကယ်ပဲ ၀မ်းနည်းပြီး အထီးကျန်နေပြီလား ကိုကိုရယ်။ အဲဒါဆို မနှစ်က စိမ်းဝေ ပြန်မလာတော့ဘူး လို့ ပြောတုန်းက ဘာလို့ ကောင်းသားပဲလို့ အေးအေးလေး ပြောနိုင်ခဲ့ရတာလဲ။ " စိမ်းဝေ "
ရုတ်တရက် ရဲဝင့် အသံ ပေါ်လာသဖြင့် စိမ်းဝေ လှည့်ကြည့်မိသည်။ ရဲဝင့်က ၀ရန်တာ အထွက်တံခါးလေးမှာ ရပ်လျက်က လှမ်းခေါ်နေခြင်းဖြစ်သည်။ " ရှင် ကိုကို " " အထဲမှာ အဲယားကွန်း ဖွင့်ပေးထား တယ်လေ၊ အထဲမှာ နေပါလား၊ စိမ်းဝေက အရမ်းအေးတဲ့ နေရာက ရုတ်တရက် ရောက်လာတာ၊ အပူမခံနိုင်မှာ စိုးလို့ " စိမ်းဝေက ချမ်းမြေ့စွာ ပြုံး၍ ခေါင်းခါသည်။

စိမ်းဝေ မြန်မာမကလေးပါ ကိုကို။ ပြီးတော့ ဖေဖေ မေမေနဲ့ ကိုကို့ မေတ္တာရိပ်အောက်ကို ရောက်လာတာ။ အစစ အေးမြပြီးသားပါဟု စိတ်ထဲက ပြောမိသည်။ " ဒန်းကလေးက ကိုကို ၀ယ်လာခဲ့တာလား "
ရဲဝင့်က အခုမှ ဒန်းကို သတိထားမိဟန်နှင့် လှမ်းကြည့်ပြီး ခေါင်းခါသည်။ " အိမ်ရှင်က လက်ဆောင် ပေးလိုက်တာပါ " စိမ်းဝေ နှုတ်ခမ်းကလေးစူတူတူ ဖြစ်သွားသည်။ သို့သော် ရဲဝင့်က ပြုံး၍ ဆက်ပြောသည်။ " ကိုကိုက သွားဝယ်လို့လေ " ကဲ ကြည့်။ စိမ်းဝေ ပြန်ကျေနပ်သွားသည်။

" ပူလိုက်တာဟာ၊ နင် မပူဘူးလား "
ဟမ်ဘာဂါဆိုင်ထဲတွင် အေးစက်နေအောင် ဖွင့်ထားသောလေအေးစက်ကိုမှ အားမနာ။ အာသာခိုင်ဦးက အင်္ကျီကုပ် ကို တဖျပ်ဖျပ် ခါရင်းက ညည်းတွားသည်။
သူ အပို ပြောနေတာတော့ မဟုတ်။ သူ့နဖူး တစ်ခုလုံး ချွေးသီးချွေးပေါက်တွေနှင့် ဖြစ်နေသည်။ စိမ်းဝေ က သူ့ကို ကြည့်၍ ရယ်သည်။
" မြန်မာလူမျိုး၊ ယူကေမှာကြီးရင် ပူတာရော၊ အေးတာရော ခံနိုင်ရမှာ ပေါ့ဟ၊ နင်ကလည်း ရှုံ့မဲ့ မနေစမ်းပါနဲ့ "
အာသာခိုင်ဦးက ပြုံးဖြီးဖြီးလုပ်ပြသည်။
" အဲ့ဒီစကားက နင့်အတွက်ပဲ မှန်မှာပါဟာ၊ နင်ကတော့ ပူလည်းလှ၊ အေးလည်းလှ "
ရင်ဖုံး အင်္ကျီ ချည်လုံချည်ကလေးနှင့် သပ်သပ်ရပ်ရပ်ကလေး လှနေသော စိမ်းဝေကို စိုက်ကြည့် ၍ ပြောတော့ စိမ်းဝေက မျက်စောင်းထိုးသည်။

" မြန်မာပြည်ကျရင် ပြောပုံ၊ ဆိုပုံတွေ ဆင်ခြင်ဖို့ ငါပြောထားတယ်နော် အာသာ "
အာသာက တဟားဟား ရယ်သည်။
" လှလို့လှတယ်လို့ ပြောတာများဟာ၊ ဘာဖြစ်လို့လဲ "
" ဒီမှာက မိန်းကလေးတွေကို လှတယ်လို့ သူတို့ ချစ်သူတွေကပဲ ပြောပိုင်ခွင့် ရှိတာဟ "
အာသာက စုတ်သတ်၍ ခေါင်းခါသည်။
" ငါလည်း မြန်မာပါပဲဟာ၊ အဲဒီ့ ထုံးစံကြီးတော့ မကြိုက်ပါဘူး၊ ဒီက မိန်းမလှကလေးတွေခမျာ ဘယ်ယောက်ျား ကလေးကမှ သူတို့ကို လှတယ်လို့ မပြောကြဘူးဆိုရင် တော်တော် သနားစရာ ကောင်း တာပဲ " " သနားရင် နင် ဒီဆိုင်ရှေ့ထွက်ပြီး ဟို ယုဇန စူပါမားကတ် ဘက်က ထွက်လာတဲ့ မိန်းကလေး လှလှ ကလေးတွေ အကုန်စောင့်ပြီး လှလိုက်တာလို့ ပြော၊ ဖူးရောင်ပြီး ပြန်ဝင်လာရမှာ သေချာတယ် "
အာသာက ရယ်ပြန်သည်။ ပြီးတော့ အရယ်ရပ်၍ စိမ်းဝေ မျက်နှာကို ထူးဆန်းစွာ စိုက်ကြည့်သည်။
 
 " စိမ်းဝေ "
" ဘာလဲ "
" ကိုရဲဝင့်ကရော နင့်ကို လှတယ်လို့ တစ်ခါမှ မပြောဖူးဘူးလား "
စိမ်းဝေ ခဏ စဉ်းစားကြည့်သည်။ ပြီးတော့ ခေါင်းခါသည်။
" ဟင့်အင်း၊ ဒီမှာက မောင်နှမတွေလည်း အဲသလို မပြောတတ်ကြပါဘူး၊ ဘာဖြစ်လို့လဲ "
အာသာက ခေါင်းသာခါပြသည်။
စိမ်းဝေ ဖျတ်ခနဲ တစ်စုံတစ်ခုကို သတိရ၍ ထိတ်ခနဲ ဖြစ်သွားသည်။

" စောစောက နင့်နဲ့ ကိုဟန်ပိုကြီးနဲ့ ဘာတွေ ပြောနေကြတာလဲ "
ရဲဝင့် နှင့်စိမ်းဝေ အပြင်သွားနေတုန်း အာသာက စိမ်းဝေကို လာခေါ်၍ ဟန်ပိုနှင့်ဆုံပြီး စကားလက်ဆုံ ကျနေ ခဲ့ကြသည်ကို စိမ်းဝေ ပြန်အလာတွင် တွေ့ခဲ့ရ၍ မေးခြင်းဖြစ်ပါသည်။
" ငါနဲ့ အဲဒီ့အစ်ကိုကြီးကြား ပြောစရာဆိုလို့ နင့်အကြောင်းပဲ ရှိတာပဲ "
စိမ်းဝေ မသိမသာ အံကြိတ်သည်။
" နင် လျှောက်မေး နေတာပေါ့လေ "
အာသာက ရယ်သည်။

" မျက်နှာကြီး အဲဒီ့လို မလုပ်ပါနဲ့ဟာ၊ နင်က မမေးရဘူးလို့လည်း ငါ့ကို မှာမထား၊ မပြောရဘူးလို့လည်း ကိုဟန်ပို ကို ပိတ်ထားတာမှ မဟုတ်တာ၊ လက်ရှိမှာ နင့်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း အနေနဲ့ နင့်အကြောင်း တွေမေးမိ၊ ပြောမိတာ နင် အပြစ် မယူသင့်ပါဘူး "
စိမ်းဝေ သက်ပြင်းချသည်။
" ဒါဆို နင် ငါနဲ့ ကိုကို မောင်နှမ အရင်းမဟုတ်ဘူးဆိုတာ သိပြီးပြီပေါ့ "
အာသာက ပြုံးသည်။
" လူကြီးတွေက လက်ထပ်ပေးချင်တာကို ကိုရဲဝင့်က နှမလေး လိုပဲ စောင့်ရှောက်ချင်တယ် လို့ ငြင်းတာ လည်း သိပြီးပါပြီ " တော်တော် ဆိုးတဲ့ ကိုဟန်ပို ပါလား။ စိမ်းဝေ မျက်မှောင်ကြုတ်၍ ငြိမ်သွားသည်ကို ကြည့်ရင်း အာသာ ဖွဖွ ရယ်သည်။

" ဒါလေး သိတာများဟာ၊ နင်နဲ့ငါ သူငယ်ချင်း အရင်းကြီးပါ။ ငါ့အတွက်တော့ အဲ့ဒါ ဘာမှ နင် လျှို့ဝှက်စရာ လို့ မထင်မိတဲ့ ကိစ္စပါ။ ပြီးတော့ နင့်လောက်လှပြီး ချစ်စရာကောင်းတဲ့ မိန်းကလေး တစ်ယောက်ကို အစ်ကို အရင်းတစ်ယောက်လိုပဲ စောင့်ရှောက်ချင်တယ်လို့ ပြောတဲ့ ကိုရဲဝင့်ရဲ့ စိတ်ဓာတ် ကို ပိုပြီးတောင် လေးစား သွားသေးတယ်၊ ငါ အံ့သြတာက နှစ်ခုပဲ "
စိမ်းဝေက မျက်လုံးလှန်၍ ကြည့်သည်။
" ဘာနှစ်ခုလဲ "
" တစ်ခုက နင် ငါ့ကို အဲဒါ ဘာလို့ ပြောမပြချင်သလဲ ဆိုတာ "
စိမ်းဝေက မျက်စောင်းထိုးသည်။
" ကိုကိုနဲ့ငါ့ကို ဟိုလို ဒီလို ထင်တာမျိုးတွေ ပြောလာရင် နင်မှ မဟုတ်ဘူး။
ဘယ်သူငယ်ချင်းနဲ့မဆို မိတ်ပျက်မှာပဲ၊ အဲဒါကြောင့် မပြောပြတာ "
အာသာက ရယ်သည်။

" ပြောစရာလားဟာ၊ အခုလို သိရတော့ ပိုတောင် မပြောသေးတယ်၊ သူနင့်ကို နှမလေးအရင်းလိုပဲ ချစ်တာ သိပ်သေချာတယ် ဟ၊ သိလား "
စိမ်းဝေ မျက်လုံးပြူးပြသည်။
" ဘာဖြစ်လို့လဲ " " နင်နဲ့ ဒီလောက် ရင်းရင်းနှီးနှီး နေခဲ့ပြီး နင့်ကို ချစ်မသွားစရာအကြောင်း အဲ့ဒီ့ တစ်ခုတည်း ပဲ ရှိတဲ့ဥစ္စာ " " အာသာ " " ဆောရီး ဆောရီး၊ နင် မေးလို့ ငါပြောရတာလေ " စိမ်းဝေ မျက်စောင်း ထိုးမိပြန်သည်။
" ပြော၊ နောက်တစ်ခု အံ့သြစရာဆိုတာ " အာသာ တွေဝေသွားသည်။

" ငါ မသေချာပါဘူး၊ ထင်တာပါ၊ ကိုရဲဝင့်က ငါ့ကို သိနေသလိုပဲ "
စိမ်းဝေ မင်သက်သွားသည်။ ပြီးမှ "မဖြစ်နိုင်တာဟာ" ဟု တိုးတိုးပြောသည်။
" အေးပါ။ ငါလည်း ထင်တာပါလို့ ပြောသားပဲ၊ ကဲ ငါ့ကို အဖြေပေးဦး "
" ဘာအဖြေလဲ "
" မန္တလေး လိုက်လည်ဖို့လေ "
စိမ်းဝေ နှုတ်ခမ်း စူပြသည်။
" ငါဘယ်နှခါ ပြောရမလဲ၊ ဒီမှာ ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေ သူငယ်ချင်းဖြစ်ရင် အဲသလို လိုက်မလည်ပါဘူးလို့၊ ပြီးတော့ ငါဒီမှာ ဖေဖေ၊ မေမေတို့နဲ့ ကြာကြာ နေချင်သေးတယ် " ရင်ထဲကတော့ ကိုကိုနဲ့ရောပဲဟု ပြောမိသည်။ အာသာကတော့ ရယ်၍ " ကဲကဲ၊ နောက် မပြောတော့ပါဘူး" ဟု ဆိုသည်။

ညဥ့်နက်နေပြီ။
ကိုကို ပြန်မလာသေး။ ပဲခူးအထိ သွားရမှာမို့ နောက်ကျမည်ဟုတော့ ပြောအသွားသား။ သို့သော် ညစာ စားလာမည်ဟု ပြောမထားသဖြင့် စိမ်းဝေ ညစာ မစားသေးဘဲ ရဲဝင့်ကို စောင့်နေသည်။ အပေါ်ထပ် ဧည့်ခန်းထဲမှာ ထိုင်၍ ယခုတလော သိပ်အောင်မြင်နေသည်ဟု ပြောသည့် အမျိုးသမီး အဆိုတော်အသစ် ၏ သီချင်းခွေကို ဖွင့်ကြည့်တော့လည်း စိမ်းဝေ ကြားဖူးပြီးသော မလေးရှား သီချင်းများ အလိုက် ဖြစ်နေ၍ ပြန်ပိတ်လိုက်သည်။
ဝရန်တာဘက် ထွက်မည် စိတ်ကူးပြီး နေရာမှအထ တယ်လီဖုန်းဘက်မှ "တီ" ခနဲ အသံရှည်ကြားရသည်။
တယ်လီဖုန်းက ဘာကြောင့် "တီ" သံမြည်ရတာတဲ့လဲ။
စိမ်းဝေ အံ့သြစွာဖြင့် တယ်လီဖုန်းဘက် သွားကြည့်တော့ စာရွက်တစ်ရွက်ထွက်လာနေသော စက် ကလေး ကို တွေ့ရသည်။ အလို ဖက်စ်ပါလား။

ဒါဆို မြန်မာပြည်မှာ ဖက်စ် ရနေပြီပေါ့။ ရရုံသာမက ရဲဝင့်ပင်လျှင် ကုမ္ပဏီအတွက် ဖက်စ် တပ် ဆင်နိုင်နေပြီ။ ကောင်းလိုက်တာ။ ဒါဆိုရင် ကျောင်းမဖွင့်ခင် ကျောင်းကို ဆက်သွယ်ချင်ရင် အိမ်ကနေ အသာ ဖက်စ် ထိုး လိုက်ရုံပေါ့။
အောက်က ရုံးခန်းမှာလည်း ကွန်ပျူတာနှစ်လုံး တွေ့ခဲ့သည်။ အာသာ ပြောသည့် ၀င်းဒိုးစနစ်လည်း ပါပြီး သား။ အဆင်သင့်လိုက်တာ။

စိမ်းဝေ စာရွက်ကလေးကို ကောက်ကိုင်ကြည့်သည်။ စင်ကာပူ ကုမ္ပဏီတစ်ခုမှ ဓာတ်လှေကား ဈေးပို့သော "အင်ဗွိုက်စ်"။ ဆောက်လုပ်ရေးလုပ်ငန်းတွေ အရောင်းထိုင်းနေသည် ဟုသာ ပြောသည်။ ကိုကို အလုပ်တော့ ပြတ်ဟန် မတူဟု တွေးရင်း တယ်လီဖုန်း အောက်က စားပွဲအံဆွဲ ကလေးကို ဖွင့်၍ စာရွက်ကို ထည့်မည်ပြု သည်။ အံဆွဲထဲက စာရွက်ပုံ အပေါ်ဆုံးမှ စာရွက်ထောင့်တွင် ပါသော Ref: Aurthur Khaing Oo ဆိုသည့် အင်္ဂလိပ်စာလုံးက စိမ်းဝေ မျက်စိကို ဖမ်းချုပ်လိုက်သည်။
ဘုရားရေ။

အာသာကို ကိုကို တကယ်ပဲ သိနေတာလား။
စာရွက်ကို ဆွဲထုတ်ကြည့်လိုက်သည်။ အင်္ဂလိပ်ဘာသာဖြင့် ကွန်ပျူတာ စာစီထားသော စာလုံးများ ယူကေက ဖက်စ် ပါလား။
" အာသာ မြန်မာပြည် ခရီးစဉ်မှာ ခင်ဗျားညီမနှင့်အတူ ဖြစ်သည်။ အကြောင်းရင်းကို သေချာစွာ မသိရသေး သော်လည်း မန္တလေး မှ အဘိုး၊ အဘွားများကို စိမ်းဝေနှင့် မိတ်ဆက်ပေးရန် ကြိုးစားဖို့ဟု ယူဆသည်" စိမ်းဝေ မျက်လုံးများ ပြာဝေသွားသည်။
အဲသည် အချိန်မှာပင် အိမ်အောက်က ကားဟွန်းသံကို ကြားရလေသည်။

ဆက်ရန်
.

No comments: