Thursday, March 29, 2012

သာဓု ၏ အတာ, အပိုင်း (၂၁)

 (မကြာမီ ပင် ကျောင်းဝင်းထဲသို့ မောင်းဝင်လာသောဘတ်စ်ကားကြီးနှင့်အတူ စက်သံသည် တစ်ကျောင်း လုံး ဆူညံ သွားတော့၏။ ဤတွင် ကျောင်းကားနှင့် ပြန်ကြရမည်ဖြစ်သော ယောက်ျားလေးများ၏ ဝမ်း မြောက်ပျော်မြူးသံ မှာ ထိန်းမရအောင် ညံနေသည်နှင့်
"အတာ မင့်ဘက်က ဘာလို့ ဒီလောက်ဆူနေသလဲ၊ ပြောလို့မရရင် ရိုက်လို့ မမ မှာထားတယ်မဟုတ် လား" ဟု ဆရာမ က လှမ်းပြောလိုက်မှ စကားဖြင့်သာ ဖျောင်းဖျောင်းဖျဖျ ပြောလေ့ရှိ၏။) ကိုဆက်ဖတ်ရန်

"မင်းတို့ ငါ့ကိုချစ်ရင် မဆူကြနဲ့ကွာ"
ထိုစကား သည် အတာ၏လက်သုံးစားဖြစ်၏ ယခုတစ်ကြိမ်မှာမူ သူတို့စီးရတော့မည် ဘတ်စ်ကား ကြီးရောက် လာသောကြောင့် ပျော်ရွှင်ဝမ်းမြောက်သံဖြင့် ဆူညံသွာခြင်းဖြစ်လျက် အတာကိုယ်တိုင် ပင် ထိုကားကြီး ကိုကြည့်၍ အလိုလို ကြည်နူးမိသေး၏။
ကျောင်းလွှတ်လိုက်လေပြီ။ ဘတ်စ်ကားတစ်စင်းလုံး ကလေးများဖြင့် ပြည့်ကျပ်၍ တ၀ုန်းဝုန်းဖြစ် နေတော့၏။ ရုတ်ရက်စီမံလိုက်သည်ဖြစ်၍ ထုံးစံအတိုင်း ကလေးများကိုလာကြိုနေသော မိဘနှင့် အုပ်ထိန်းသူများမှာ ယောင်ချာချာဖြစ်ကုန်တော့၏။

သို့ရှိနေစဉ်မှာ အသင့်ရောက်လာသော လက်ထောက်ကျောင်းအုပ်ကြီးက ဤသို့ရုတ်ရက် စီစဉ် သည်မှာ အခြားကြောင့်မဟုတ်။ ကလေးရော လာကြိုသူများကိုပါ တွဲ၍ ကားနှင့်ပိုရင်း ဒရိုင်ဘာနှင့် အဖော်တို့အား မိမိတို့ နေထိုင်ရာအခန်းများကို အသေအချာပြထားရန်ဖြစ်ကြောင်း ရှင်းပြပြီးမှ ကလေးနှင့် လာကြိုသူများကို နှစ်သုတ်ခွဲ၍ ပို့ပေးလိုက်၏။
အတာလည်း တရုန်းရုန်းနှင့် ခုန်ပေါက် မြူးပျော်နေသော ကားကြီးပေါ်မျ သူငယ်ချင်းများကို ကြည့်ရင်း သူတို့နည်းတူ ပျော်နေမိ၏

"ဟေ့ အတာ၊ ဘာလဲကွ မင်းကော ကျောင်းကားနဲ့ ပြန်မလို့လား"ဟု ပခုံးကိုလာဖက်ရင်း မေး လိုက်သောကြောင့် အတာက လှကြည့်တဲ့ကာ
    "ဟင် ကျော်ကျော်၊ မင်းကော မပြန်သေးဘူးလား"
"တို့အိမ်က လာမကြိုသေးလို့ စောင့်နေတာကွ၊ ဘာလဲ မင်းကျောင်းကားနဲ့ ပြန်မှာလား" ဟု ကျော်ကျော်က ထပ်မေးလိုက်သဖြင့်
    "မဟုတ်ပါဘူးကွ၊ ငါတို့က ဆင်းရဲတာပဲ မစီးနိုင်ပါဘူးကွာ" ဟုအတာက အားငယ် သွားသည့် အမူအရာဖြင့် ပြောလိုက်ပြီးမှ
    "ဒါနဲ့ မင်းတို့က သူဌေးမဟုတ်လား၊ ကျောင်းကားနဲ့ ပြန်ပါလား မင်းတို့က ပိုက်ဆံ လဲချမ်းသာ ရက်နဲ့"
    "အေးပါကွာ၊ ခုငါခါတိုင်း လို လန်ခြားနဲ့ မပြန်ရတော့ဘူး၊ တို့အိမ်က မြင်းလှည်းတစ်စီး ၀ယ်ထားပြီကွ၊ ကြည့် တော်ကြာ လာကြိုလိမ့်မယ်"
    "ဟုတ်လားဟေ့ ဒီလိုဆို ဟန်ကျတာပေါ့နော်"ဟု ပြောရင်း အတာသည် တစ်စုံတစ်ခုကို အလု အယက် တွေးနေမိ၏။

    "ဟေ့ ကျော်ကျော် မင်းတို့နေတာက ၂၂လမ်း၊ ငါကမောင်ခိုင်လမ်း (ယခုဗိုလ်ရွဲလမ်း) ဆိုတော့ လမ်းချင်းကပ်နေတာပဲ မဟုတ်လားကွ"
    "ဒါ ဘာဖြစ်သလဲကွ၊ မင်းကလဲ ဒါများအဆန်းလုပ်ပြီး ပြောနေပြန်ပြီ"
    အတာည်း ခပ်သုတ်သုတ်ကလေး တံတွေးကို မျိုချလိုက်ပြီးမှ
    "ဟုတ်ဘူးလေကွာ၊ မင်းတို့ပြန်ရင် မင်းတို့မြင်းလှည်းနဲ့ ငါလိုက်ချင်လို့ကွ၊ မလိုက်ရဘူး လား ဟင်၊ မင်းတို့အိမ်ရောက်တော့ ငါဆင်းပြီးလျှောက်သွားမှာပေါ့"
    "အေးလိုက်လေ၊ ဒါပေမဲ့ တို့အမေကို မေးကြည့်ဦးမယ်နော်"
    သို့နှင့် သုံးမိနစ်ခန့်အကြာတွင် အသစ်စက်စက်ဖြစ်သော ကျော်ကျော်တို့မြင်းရထား ကြီး ရောက်လာတော့၏။
    "ကျော်ကျော် မင်းတို့မေမေကို ပြောပါကွ နော်၊ ငါလဲလိုက်ပါရစေ"

ကျော်ကျော်ကလည်း သွက်လက်စွာပင် ခေါင်းညိတ်ပြရင်း မြင်းရထားဆီသို့ ပြေးကွား ကာရုတ်ရက် အပေါ်မတက်သေးလဲ အသင့်ဖွင့်ထားသော ရထားတံခါးကိုကိုင်ရင်း ဖြူဖြူ၀၀ အဒေါ် ကြီးတစ်ယောက်အား တီးတိုးပြောလိုက် အတာအား လှည့်ကြည့်လိုက်ဖြင့် အမူအရာအ မျိုးမျိုးဖြစ်နေ၏။
အတာတွင်လည်း ထိုရတားနှင့် လိုက်ခွင့်မရသည့်တိုင်အောင် လမ်းလျှောက်ပြန်ရ၍ ၀န်းလေးစရာ မရှိပါဘဲလျက် ရင်ကလေးတထိတ်ထိတ်ဖြင့် ငေးကြည့်နေမိ၏။
မြင်းရထားပေါ်မှ အဒေါ်ကြီး၏ မျက်နှာထားမှာ မကျေနပ်သည့်အမူအရာဖြင့် တစူစူ တခါခါ ဖြစ်နေ၏။

ကျော်ကျော်ကလည်း သူ့သူငယ်ချင်းအား ရထားဖြင့် တင်ခေါ်သွားလိုကြောင်း မရမကနားပူနေ သည့်အသွင် ခြေကလေးတဆောင့်ဆောင့်ဖြင့် ပြောနေ၏။ နောက်ဆုံး၌ ကျော်ကျော်လည်း လိုလားချက် ရသွားသည့် ပမာ အတာအား အပြုံးနှင့် လှည့်ကြည့်ရင်း လက်ယပ်ခေါ်လိုက်၏။
အတာ လည်း ကျောင်းဝင်းဝမှ ကဆုန်ချပြေးသွား။ ကျော်ကျော်ရှေ့က တက်နှင့်သဖြင့် အတာ ကလည်းရထားပေါ်လိုက်တက်မည်အပြုတွင် အဒေါ်ကြီးသည် တံခါးကို ရုတ်ရက် ဆွဲပိတ်လိုက်ပြီး
"ဟဲ့ကောင်လေး၊ သွားနောက်မြီးကတိုင်"ဟု မျက်နှာထားတင်းတင်းဖြင့်အမိန်းပေးလိုက် သောကြောင့် အတာတွင် ယောင်ချာချာဖြစ်သွားတော့၏။ ကျော်ကျော်ကလည်း သူ့အမေ၏အပြု အမူကို သဘောမကျ သကဲ့သို့ တစ်စုံတစ်ရာပြုတော့မည်မှာပင် "ဟေ့ ဂါရီဝါလား"ဟု ရထားမောင်းသည့် ကုလားကိုခေါ်ကာ
"ဒီကောင်လေးကို နောက်မှာတင်ပေးလိုက်၊ ဟဲ့ကောင်လေး သေသေချာချာကိုင်ပြီးထားနော်"

သို့လျှင်တစ်ဆက်တည်း အမိန့်ပေးလိုက်သည်နှင့် ရထားကုလားသည် အတာအား ရထားနောက် ပြီးရှိ တစ်ယောက်စာ ထိုင်ခုံကလေးပေါ်တွင် တင်ပေးကာ လက်ကလေးလည်း မြဲမြဲဆုပ်ကိုင်ထား ရန် သတိပေးပြီး မှ ရထားပေါ်တက်၍ မောင်ထွက်သွားတော့၏။
ရထားမှာ ကိုယ်ပိုင်အလှစီးရင် လုပ်ထားသည်ဖြစ်ပြီး မြင်းကိုလည်း အကောင်းဆုံး အပြေးဆုံးကို ၀ယ်တပ်ထားသောကြောင့် ရထားထွက်သည်နှင့် မြင်းလည်း တလှစ်လှစ်ပြေးတော့၏။
အတာမှာ တစ်ကြိမ်တစ်ခါမျှပင် အချို့သော ကလေးများကဲ့သို့ မြင်းလှည်းခိုးစီးခြင်း စသည့်ဆော့ ကစားမှုမျိုးပြုလုပ်ခဲ့ဖူးသည် မရှိသောကြောင့် ယခုကဲ့သို့ အဟုန်နှုန်းပြေးနေသော မြင်းလှည်း နောက်မှထိုင်လိုက်ရသည်မှာ အတာ့အဖို့ ဧရာမစွန့်စားမှုကြီးလို ဖြစ်နေတော့၏။ ကြောက်လိုက် သည်မှာလည်း ပြောစရာမရှိ။ အဘယ်ကိုကြည့်ကြည့် တရိပ်ရိပ်နှင့် ထိတ်စရာဖြစ်နေသောကြောင့် နောက်ဆုံး၌ မျက်လုံးကို စုံမှိတ်ကာ အည်းတထိတ်ထိတ်နှင့်ပင် လိုက်ပါခဲ့ရတော့၏။

၂၂လမ်းရှိ ကျော်ကျော်တို့အိမ်ရှေ့တွင် ရထားဆိုက်သည်နှင့် အတာလည်း ချွေးသီးနေသော မျက်နှာ ကလေးဖြင့် အမောတကြီး ခုန်ဆင်းလိုက်၏
"ဟင်း မေ့လို့ ငါစီးလာမိတယ်"ဟူ၍လည်း ညည်းညည်းညူညူရေရွတ်လိုက်မိ၏။
"ဟေ့ကျော်ကျော် ငါပြန်တော့မယ်နော်"
အဒေါ်ကြီးနှင့်အတူ ရထားပေါ်မှဆင်းလာသော ကျော်ကျော်အား အတာက ဤလို သွားရောက် နှုတ်ဆက်သည်ကိုပင် သဘောမကျနိုင်သလို အမူအရာဖြင့် အဒေါ်ကြီး သည် ကျော်ကျော်အား လှေကားပေါ်သို့ တွန်းပို့ရင်း
"ဟဲကောင်လေး ပြန်တော့လေ"ဟု မျက်နှာထားမောက်မောက်နှင့်ခပ်ငေါက်ငေါက် ပြောလိုက် သောကြောင့် အတာတွင် ၀မ်းနည်းသွားသည့်အသွင်သို့ ရုတ်ချည်းပင် ပြောင်းလဲသွားကာ ဘာတစ်ခွန်းမျှမပြောတော့ဘဲ ချာခနဲလှည့်ထွက်ခဲ့၏။

ထိုနေ့သည် စနေနေ့ဖြစ်သည့်အတိုင်း ယခင်တစ်ပတ်ကနည်းတူ အတာသည် စောစောစီးစီးပင် သူ့မေမေဆိုင်သို့ လျှောက်လာခဲ့၏။ အတာကလေးရောက်လာသည်နှင့် ကောက်ကာင်ကာ သူ့ မေမေသည် ထူးထူးခြားခြား သင့်ချန်ထားသော နံပြားနှင့် ဟင်းပန်းကန်လှလှကို အတာ့ရှေ့သို့ ချပေးလိုက်၏။
အတာ တွင်လည်း မယုံကြည်နိုင်လောက်အောင် အံ့သြသွားပြီးမှ ၀မ်းမြောက်ဝမ်းသာ ဆာဆာနှင့် စား လိုက်သည် မှာ သူ့ပါးစပ်ကိုပင် အနားပေးရမှန်းမသိအောင် အရသာတွေ အိသွားတော့၏။
မသိန်းမေမှာ ပေါ်ပင်ကိုသာတင်၍ ရောင်းသူဖြစ်သည့်အတိုင်း ယနေ့သော် သူ့ဗန်းပေါ်မှာ သန့်စင်ပန်းမရှိတော့ဘဲ အဖုံးအဖန်လှ၍ ပွပွနှင့်ဝင်းနေသော လိမ္မော်သီးများကို တွေ့ရ၏။
အချိန်ကျ သည်နှင့် မသိန်းမေလည်းလွန်းခဲ့သော အပတ်ကနည်းတူပင် လိမ္မော်သီးများကို သုံးပုံသုံး စားခွဲ၍ မည်သည့် အစား ကို မည်သည့်ဈေးရောင်းရန်စသဖြင့် အတာအား မှာကြားထားခဲ့ပြီး မြင်းပွဲ သို့ထွက် သွားတော့၏။

ထိုစဉ်က မြူနီစီပယ်စည်းကမ်းမှာ လူသွားစင်္ကြံပေါ်တွင်ရောင်းမှ ဖမ်းသည်မဟုတ်ဘဲ ရောင်းကုန် ဖြစ်စေ၊ အခြားမည်သည့်ပစ္စည်းပင်ဖြစ်စေ၊ ရေမြောင်းများအပေါ်တွင် ထားပါက ဖမ်းနိုင်၏။ ဈေးပတ် ၀န်းကျင်၌သာ မဟုတ်၊ လူနေရပ်ကွက်များတွင်လည်း ရေမြောင်းပေါ်၌ မည်သည့်ပစ္စည်း ကိုမျှထားခွင့်မရ။
မသိန်းမေ တွင် ဆိုင်ဟူ၍ အတည်တကျမရှိ၊ သို့သော် ဗန်းတစ်ချပ်စာနေရာရလျှင် ကိစ္စပြီး၏။ ဈေးအ၀င်အထွက်ပေါက်ရှိ ရွှေဆိုင်ဘေးတွင် ကပ်ကာမြောင်းပေါ် တစ်ဝက်၊ ဈေးပိုက်နက်မြေတွင် တစ်ဝက်စသည်ဖြင့် ဈေးဗန်းကို နယ်နိမိတ် တစ်ဝက်စီ ချ၍ မြူနီစီပယ်ပုလိပ် လာလျှင် ဈေးဘက်ကို ဗန်းကိုဆုတ်လိုက်၏။ ဈေးမန်နေဂျာက စကားများ မည်ကြံလျှင်လည်း ဈေးဗန်းကို အပြင်ဘက်သို့ ရွှေ့လိုက်ရုံဖြင့်ကိစ္စပြီးသွား၏။ ဤပရိယာယ်ကို အတာကလည်း ကျင်လည်နေပြီ ဖြစ်၍မသိန်းမေ စိတ်ချလက်ချ မြင်းပွဲသွားနိုင်ခြင်းဖြစ်စေ။

ထိုနေ့က အတာ့ရောင်းရငွေမှာ စုစုပေါင်းခုနစ်ကျပ်ခွဲဖြစ်၏။ အတာကလေးဘက်က အရောင်းအ ၀ယ်ဟန်ကျ သလောက် မသိန်းမေတွင်မူ ပါသွားသော ငွေနှစ်ဆယ်ကျော် တကတက်စင်ပြောင်းခဲ့ ရုံ သာမက နီးစပ်ရာမြင်းသမားချင်းထံမှ ဆွယြူကစားခဲ့သော ငွေငါးကျပ်င် အကြွေးအဖြစ်တင်ခဲ့ သေး၏။
သို့သော် ယခင့်ယခင် မြင်းရှုံးခဲ့စဉ် အချိန်များသကဲ့သို့ အတာကလေးအဆူအကြိမ်းမခံရ။ သူရောင်း ထားသဖြင့် ဟန်ကျခဲ့သော ငွေခုနစ်ကျပ်ခွဲကြောင့် အမာန်အမဲမခံရမှုမှ သက်သာရာရ သွားတော့၏။
ယနေ့သည် အတာအထူးမျှော်လင့်ခဲ့သော တနင်္ဂနွေနေ့ဖြစ်သည့်အတိုင်း မသိန်းမေမထသေးမီ ပင်အတာ အိပ်ရာမှနိုးနေပြီး သူ့မေမေလုပ်လေ့ရှိသည့်အတိုင် လက်သုတ်ပ၀ါကို ရေဆွတ်၍ လိမ္မော်သီး များကို တစ်လုံးစီပွတ်သုတ်နေ၏။ လေးငါးဆယ်လုံးမျှသာ ကျန်တော့သောအချိန်တွင် မသိန်းမေနိုးလာပြီး မျက်နှာသစ်အ၀တ်အစားလဲပြီး ဈေးထွက်ရန်အသင့်ရှိလောက်နေပြီကို တွေ့ရသည်နှင့် အတာလည်း ရုတ်တရက်ထိုင်ရာမှ ထကာ
"လိမ္မော်သီးတွေအားလုံးသုတ်ပြီးပြီ မေမေ၊ လန်ခြားသွားခေါ်ရတော့မလား"

ကလေး တို့သဘာဝအတိုင်း မျက်နှာလိုမျက်နှာရ အမူအရာကလေးဖြင့် မေးလိုက်သည်ကို မသိန်းမေ ကလည်း ကြည်ကြည်သာသာပင် ခေါင်းညိတ်လိုက်၏။ သားအမိနှစ်ယောက် လန်ခြား နှင့်ထွက် လာခဲ့၍ ဈေးရောက်သည်နှင့် မသိန်းမေက လက်ဖက်ရည်ကုလားတစ်ယောက်ကိုခေါ်ကာ လက်ဖက်ရည် နံပြားနှင့် မလိုင်တစ်ပန်းကန်ကို မှာလိုက်၏။
မကြာမီ လက်ဖက်ရည်ကုလား ရောက်လာကာ မသိန်းမေမှာသမျှကို ချပေးသွားသည်တွင်
"အတာ လာစား"

မိဘတစ်ခုခုစားနေလျှင် ဝေးဝေးသို့ ရှောင်ရှားနေရသည့်ထုံးစံအတိုင်း မလှမ်းမကမ်းတွင် သွား၍ ရပ်နေသော အတာအား သို့လျှင် မသိန်းမေကခေါ်လိုက်သောကြောင့် အတာတွင် အပျော်ကြီး ပျော်သွားရ၏။ သို့ ပျော်သွားသည်မှ စားရတော့မည်ဟူသော စိတ်မျိုးဖြင့်မဟုတ်။ "ငါ့မေမေက အရင် လို မဟုတ်တော့ဘူး၊ ငါ့ကိုနည်းနည်းချစ်လာပြီ" ဟူသော ၀မ်းမြောက်မှုကြောင့် အလု အယက် ပျော်သွားခြင်းသာ ဖြစ်၏။
အချိန်မှာ ၇နာရီခွဲသာသာမျှသာ ရှိသေးသောကြောင့် သိမ်ကြီးဈေးတစ်လျှောက်ရှိ ဆင်ဝင်အောက် တွင်လူသွားလူလာနည်းသေးသလောက် ဈေးသည်များလည်း စုံစုံလင်လင် ရောက်မလာကြသေး။ တစ်ဦးစ နှစ်သည်။ လောက်သာ တံမြက်စည်းလှည်း၊ ဖယောင်းပုဆိုးခင်းဖြင့် ပြင်တုန်းဆင်တုန်း ရှိကြသေး၏။

အတာ့မျက်လုံး များမှာမူကား သူ့အတွက် ရပေါက်ရလမ်းရှိသော စွပ်ကျယ်ကုလားများအလာကို သာမျှော်ငေးရင်း သူ့အတွေးနှင့်သူ စိတ်ကူးဖြောင့်နေတော့၏။
"ဒီနေတော့ စွပ်ကျယ်သေတ္တာအလွတ်တွေ အကုန်လုံး ငါရအောင်ကောက်ထားမယ်၊ အားလုံးစု ထားပြီ ညနေကျ သွားရောင်းရင် တစ်မူးလောက်တော့ ရမှာပဲ"
သို့တွေးနေခိုက်မှာပင် မသိန်းမေတို့ဆိုင်နှင့် မလှမ်းမကမ်းနေရာလွင် တစ်ခုတွင် စွပ်ကျယ်သည် တစ်ဦးရောက်လာသဖြင့် အတာတွင် သိသိသာသာသဘောကျသွား၏။
ဤလိုနေ့မျိုး၌ ဆိုင်ခင်းကြရာတွင် သူ့နေရာ ကိုယ့်နေရာဟူ၍ သတ်မှတ်ထား၍မရ။ ဦးရာလူက ကြိုက်ရာနေရာ တွင် တည်းခင်းရောင်းချတတ်၏။ ယခင်တနင်္ဂနွေနေ့ကဆိုလျှင် စွပ်ကျယ်ဆိုင် များမှာ အတာ တို့နှင့် အတော်ကလေး အလှမ်းဝေးဝေးတွင် ရောင်းကြ၏။ ယနေ့မူ ဆယ်ပေ လောက်ကွာသောနေရာတွင် လာခင်းသဖြင့် အတာလည်း နီးနီးနားနား ပင် သေတ္တာလွတ် များ ကောက်ရပေတော့မည်ဟု အတော်ကလေး ၀မ်းသာသွား၏။

သို့နှင့် ကိုးနာရီခွဲလောက်အရောက်တွင် စွပ်ကျယ်ဆိုင်မှာ သုံးဆိုင်ဆက်၍ တည်ခင်းပြီးဖြစ်သွား သောကြာင့်။
"ငါတော့ ပွတာပဲ၊ ဒီနားမှာ သုံးဆိုင်တောင်ဆိုတော့ သေတ္တာတွေအများကြီးရမှာပဲ"ဟု စိတ်ကူးနှင့် ရေရွတ်နေစဉ်မှာပင်
"အတာရေ"ဟု လှမ်းခေါ်လိုက်သောအသံကြောင့် အတာလှည့်ကြည့်လိုက်သည်တွင် သူ့အား မုန့်ဖိုးတစ်မတ်ပေးခဲ့သော လုံချည်သည် ကြီးကြီးမေကို တွေ့ရသည်နှင့် အပြေးကလေး လှမ်း သွားကာလန်ခြားပေါ်မှ အထည်ထုပ်များကို ကူညီသယ်ချပေးရင်း
"ဘယ်နေရာမှာ ခင်းမလဲ ကြီးကြီး"
"နီးနီးနားနားမှာ အဲဒီစွပ်ကျယ်ကုလားဘေးမှာပဲ ခင်းပေါ့ကွယ်"

အတာလည်း ဖုန်များကို ဖယောင်းပုဆိုးနှင့်ပင် ရိုက်ခါလိုက်ပြီးမှ စန့်စန့်ပြန့်ပြန့်ခင်းလိုက်၏။ လိုလေသေး မရှိ အစစပြည့်စုံအောင် ခင်းကျင်းပြီးသည်နှင့်ပင်
"ကဲ အတာ မင်းကလာဘ်ကောင်းတယ်၊ မင်းပဲ စပြီးဈေးဦးပေါက်အောင် ရောင်းပေတော့ ဟုတ်လား၊ ကြီးကြီး ကုန်တိုက်သွားပြီး အထည်ကလေးစုံသွားအောင် ၀ယ်ချည်ဦးမယ်"
ကြီးကြီးမေ က ဤလိုမှာ၍ ထွက်သွားသည်မှာ သုံးလေးလှမ်းမျှသာ ရောက်သေးသည်။
"ဟောဒီမှာနော် သေသေချာချာထိုင်ကြည့်၊ သေသေချာချာကိုင်ကြည့် ကြိုက်မှဝယ်ပါ၊ ဇင်းမယ် ဆင် လင်နမစ် လုံချည်ကလေးတွေ တစ်ထည်မှခြောက်မူးစီခင်ဗျ"ဟူသော အတာ့အသံ စူးစူးက လေးသည်ပွဲဦးထွက်ပေါ်လာတော့၏။

အတာသည် အခြားသော ဈေးသည် တစ်ဦးတစ်ယောက် အော်ရောင်းသည်ကို ကြားခဲ့ရ၍လော၊ သို့တည်းမဟုတ် သူ့ပါးစမ်မှ အလိုအလျောက်ဖြစ်ပေါ်လာခြင်းလော ဟူ၍မသိ။ (ထိုင်ကြည့်၊ ကိုင်ကြည့်) စသော ကာရန်ငြိသည့်စကားလုံးများပင် ညှပ်၍ အော်တတ်နေပြီဖြစ်၏။
" လာ လာ လာ အဆင်ကလေးတွေ ကောင်းတယ်၊ လျှော့ဈေးလဲ ရောင်းတယ် ခင်ဗျနော်"ဟူ၍ လည်းကောင်း
"အင်းလေးဆင်ယူမလား၊ ဇင်းမယ်ဆင်ယူမလား၊ ကျေးတစ်ရာ၊ မြစကြာ ကြိုက်ရာအဆင်ယူ၊ တစ်ထည်ခြောက်မူး၊ တစ်ကျပ်တန်ပေးရင် သုံးမူးပြန်အမ်းမယ်ခင်ဗျ"ဟူ၍လည်းကောင်း
"ခြောက်မူးထဲနော်၊ တစ်ထည်မှ ခြောက်မူးထဲ၊ ခြောက်မူးဆိုပေမဲ့ မူးစေ့ ငါးမူးထဲပေးရင် လဲ ရောင်းပါတယ်ခင်ဗျာ"ဟူ၍လည်းကောင်း အတာသည် ပြက်လုံးကလေးပင် ညှပ်၍ရွတ်နေ လိုက် သေး၏။
အမှတ်မဲ့အားဖြင့်ဆိုသော် ကလေးမျှသာဖြစ်သော အတာ၏စကားကို ကြားရသူတို့က ရယ်စရာ အဖြစ်ပြုံးသွားကြ၏။ အချို့က သဘောကျသလိုလိုရှိ၍ ၀ယ်သွားကြ၏။

အကယ်၍သာ အယူအဆပြောင်မြောက်ပြီး စေ့စေ့ပေါက်ပေါက်တွေးတတ်သော သတင်းစာဆရာ တစ်ဦး တလေသာ ထိုအနားရောက်လာ၍ အတာ့အော်သံကြားခဲ့လျှင် မျက်နှာမည်း စားလုံးကြီး ဖြင့် အတာ့စကား အကြောင်းကို ဓာတ်ပုံပါဖော်ပြ၍ ရေးကောင်း ရေးပေလိမ့်မည်။

"ခြောက်မူးဆိုပေမဲ့ မူးစေ့ငါးစေ့ပေးရင်လဲ ရပါတယ်"
ထိုစကားကို အတာကိုယ်၌သာ ရယ်စရာသဘောမျိုး သုံးလိုက်ဟန်တူသည် မှန်သော် လည်း ခြောက်မူးဟု ခေါ်၍သုံးသော တန်ဖိုးထဲ၌ စင်စစ်မူးစေ့ငါးစေ့သာ ရှိပါတကားဟူ၍ အတာ အတွေး ပေါက်ခဲ့သည်ပင်။ အရွယ်နှင့်မမျှအောင် အံ့စရာ အံ့စရာ ဖြစ်နေတော့၏။ တစ်နည်းအားဖြင့်လည်း မူးစေ့လေးစေ့ ကို ငါးမူးဟု အမည်တပ်လျက် မူးစေ့ငါးစေ့ ကိုလည်း ခြောက်မူးဟူ၍ ခေါ်ဆိုသုံးနှုန်း နေကြသည့် မူးပဲစံနစ်ကို ကလေးမျှသာ ဖြစ်သော အတာက ဟာသနှင့် သရော်လိုက်သလို ရှိနေတော့၏။ သို့သော် ထိုအချက်ကို နက်နဲသည့်စကား တစ်ခုအဖြစ် မည်သိုမျှ သတိမထားမိ။ အတာကိုကြည့်၍ ပြုံးကာ ပြုံး၍သာလျှင် ကြည့်သွားကြ၏။

အတာသည် ဤလို တကြော်ကြော်အော်၍ ရောင်းနေရာမှပင် စွပ်ကျယ်ဆိုင်များဘက်သို့လည်း တစ်ချက် တစ်ချက်လှည့်ကြည့်ရသေး၏။ သေတ္တာအလွတ်တစ်ခုပစ်လိုက်သည်နှင့် အတာလည်း အအော်ရပ်၍ ဆတ်ခနဲ ပြေးကောက်လိုက်၏။
ဟစ်ကာအော်ကာဖြင့် အတော်ကလေး အာသွက်နေသော အတာလည်း ဆိုခဲ့သည့်အတိုင်း အော်ပုံခေါ်ပုံ သုံးလေးမျိုး ကိုသာလျှင် တစ်လှည့်စီးရေရါတ်နေ ရာမှ
"လာ လာ လာ အဆင်ကလေးတွေ ကောင်းတယ်"ဟူသော ၀ယ်ယူခေါ် ၀ါကျကလေးကို အတာ လျှာတွေ့နေ၏။ သူ့ဟာသူလည်းအတော်သဘောကျနေပြီး အတန်ကြာသော် တစ်စုံတစ်ရာကို အတာ စိတ်ကူး ရလာ၏။ ထိုရလာသော စိတ်ကူးမှာ အခြားအဟုတ်၊ သူရွတ်နေခဲ့သော ထိုဝါကျ ကလေးကို သီချင်းအဖြစ် စပ်ဆို၍ အော်ရသော် ပိုကောင်းမည်ဟု တွေးမိလာ၏။
"ထိုစဉ် အချိန်က အတာတို့ပါးစပ်ဖျားတွင် ခေတ်စားခဲ့ဖူးသော သီချင်းတစ်ပုဒ်ရှိ၏။ ထိုသီချင်းမှာ"

"တလည်လည် ပျိုအောက်မေ့တယ်၊ အိုကိုဟောင်းကြီးရယ်၊ မွှေးရင်ပန်း နံတော့ပစ်မှာ အလွန် စိုးတယ်၊ ကိုကိုရယ် ကြည်ကြည်ကို မေ့ပါနဲ့လို့ မောင်မောင်ရယ်၊ မေ့ပါနဲ့လို့ ပျိုပျိုတစ်မယ် ချစ်တယ် ကြိုက်တယ် ချစ်ပရစေကွယ် ဟူသော ကြင်စဦး အငြိမ့်သီချင်းဖြစ်၏။"
စောစောက သူအော်ခဲ့သော "လာ လာ လာ လျှော့ဈေးရောင်းမယ်"  ဟူသော စကားလုံးများကို ပထမရိုးရိုးပင် အော်ဟစ်ရွတ်ဆိုခဲ့သော်လည်ကြာသော် အသံနေအသံထားနှင့် ဖြစ်လာ၏။ သို့နှင့် ပင်အလိုအလျောက်အားဖြင့် ထို "လာ လာ လာ လျှော့်ဈေးရောင်းမယ်"ဟူသော စကားမှာ "တ လည်လည်ပျိုအောက်မေ့တယ်"ဟူသည့် တေးသွားလို ဖြစ်လာ၏။
ဤတွင် နဂိုအခံဥာဏ်ကလည်း ထက်လှသောအတာသည် သီချင်းတစ်ပုဒ်မှ စာသားစကားလုံး များကိုဖြုတ်၍ အခြားသော စကားလုံးများကို အဆင်ပြေအောင် ဖြည့်စွက်လိုက်လျှင် ကိုယ်အလို ရှိသော အကြောင်းအရာပါသည့် သီချင်းတစ်ပုဒ်ကို ဖြစ်လာနိုင်သည် ဟူသော အသိကလေး ၀င်လာ၏။

သို့စိတ်ကူးကလေးရခဲ့သည့်အတိုင်း အတာလည်း ကြီးကြီးမေ၏ စာရင်းစာအုပ်ကြားမှ ခဲတံကို ဆွဲယူပြီး ချက်ချင်း ပင် စွပ်ကျယ်သေတ္တာကျောဘက်၌ ရေးခြစ်ရင်း သီချင်းတစ်ပိုဒ်ကို ကတိုက်က ရိုက်ရေး စပ်နေတော့၏။
ရေးလိုက် ဖျက်လိုက် ပြင်လိုက် ခြစ်ပစ်လိုက်နှင့်ပင် သူလိုချင်သော သီချင်းတစ်ပိုဒ်သည် အထိုက် အလျောက်ပြီးစီး သွားတော့၏။
"လာ လာ လာ လျှော့်ဈေးရောင်းမယ်၊ လာပါ အဆင်ကလေးကောင်းသည်၊ ကောင်းပေသည်၊ ဒီအဆန်းကလေး ကို အလွန်ကြိုက်တာ လိုချင်သည်၊ ကိုကိုယရယ် ၀တ်ချင်လှပြီ၊ မောင်မောင် ရယ် ၀တ်ချင်လှပြီ၊ လိုချင်သည်၊ ကောင်းသည်၊ ရောင်းမည်၊ တစ်ထည်ခြောက်မူးပါ"

အတာသည် သူ့သီးချင်းကို သူတိုးတိုးနှင့် ဆိုကြည့်ရင်း ပွဲမ၀င်ခင် အပြင်က ကျင်းပနေ၏။ သို့လေးငါးခြောက်ကြိမ်းလောက် ဆိုကြည့်နေပြီးမှ ရဲရဲတင်းတင်းကလေး ထရပ်တဲ့ကာ
"လာ လာ လာ လျှော့်ဈေးရောင်းမယ်"
ထိုအပိုဒ်သည်သာ အသံနေအသံထားနှင့် ထွက်လာ၏။ နောက်ထပ်ဆက်ရမည့် စကား လုံးများကို ရုတ်တရက်မေ့ သွားသောကြောင့် အတာလည်း ကြောင်အမ်းအမ်းကလေး ဖြစ်သွားကာ သူရေး ထားသော သေတ္တာအလွတ်ကို ဆက်ခနဲ ကောက်ယူလိုက်ရသည်။

မထူးတော့ပြီ ဖြစ်သည့်အတိုင်း အတာသည် စောစောကကဲ့သို့ အလွတ်မဆိုတော့ဘဲ ရေးစပ် ထားသော စာကိုပင် ကြည့်ကာ ထစာစာအော်၍ ဆိုနေတော့၏။ သီချင်းအစအဆုံး ထိသုံးလေးခါလောက် ဆိုမိသည်တွင် မှ အတာကလေး အရှိန်ရလာ၏။ လေယူလေသိမ်း ရောအဖြတ်အတောက်ပါ အဆင်ပြေလာ၏။
သို့လျှင် အတန်ကြာ အော်ဆိုပြီးမှ အတာလည်း တစ်စုံတစ်ရာ သတိရလာသလို စွပ် ကျယ်ဆိုင်များ ဘက်သို့ လှည့်ကြည့်လိုက်၏။ စွပ်ကျယ်သေတ္တာလွတ်ဆို၍ တစ်ဘူးတ လေမျှမတွေ့ရသောကြောင့် အတာတွင် အတော်ကလေး စိတ်ပျက်သွားတော့၏။ သူသီ ချင်းရေးစပ်နေခဲ့သည်မှာ ယခုထိဆိုလျှင် အချိန်သည် တစ်နာရီမျှ လစ်ဟင်းသွားသည် ဖြစ်၍သေတ္တာပေါင်း အဘယ်မျှလောက် အခြားသူများ ကောက်သွားလေပြီနည်းဟု အတာတွေးနေမိ၏။

သို့သော် သူ့တွင် ကြာကြာတွေးခွင့်မရ၊ ငယ်ငယ်ရွယ်ရွယ်နှင့် လည်လည်ပတ်ပတ် အော် တတ်ပြောတတ်နေသည်ကို သဘောကျနေ၍လားမသိ၊ ၀ယ်သူများမှာ အတာ့ဆိုင်တွင် သာရုတ်ရက်ခတ်နေသောကြောင့် ပြောရဆိုရ၊ ၀ယ်သော်လုံချည်ကို စာအိတ်ထဲ ထည့်ပေး ရဖြင့်သာ အလုပ် ရှုပ်နေရှာ၏။
လူအနည်းငယ် ရှင်းသွားသည်နှင့် အတာလည်း စွပ်ကျယ်ဆိုင်များသို့ ပြေးသွားကာ
ဒီမှာ အရာကြီး၊ ဒီသေတ္တာအလွတ်ကို လွှင့်မပစ်ပါနဲ့နော်၊ ဒီနားမှာပဲ ချထားပါ၊ ဟုတ်လား၊ ကျွန်တော် လာယူ ပါ့မယ် ဟုသုံးဆိုင်စလုံးကို အတာက တောင်းပန်သံကလေးဖြင့် ပြောလိုက်၏။
"မင်း ဘာလုပ်မလဲ၊ ကစားဖို့လား"
"မဟုတ်ပါဘူး၊ ရောင်းစားမယ်၊ ဟိုတစ်ခါလေ သေတ္တာရှစ်ခု ရောင်းတာ နှစ်ပြားရတယ်"

စောစောက အတာကလေး တကြော်ကြော်အော်ရောင်းခဲ့သည်ကို ပရိသတ်ပွဲကျသလောက် ထိုကု လားများ ကလည်း သဘောကျမျက်မှန်းတန်းမိ နေသည်တစ်ကြောင်း၊ ယခုကဲ့သို့ ရိုးရိုးမှန်မှန်ပင် ရောင်းစားမလို့ဟု ပွင့်လင်းစွာဝန်ခံသည်ကို နှစ်သက်သွားသဖြင့် တစ်ကြောင်း၊ သုံးဆိုင်စလုံး သောစွပ်ကျယ်ကုလားများက သေတ္တာများကို လွှင့်မပစ်ဘဲ သိမ်းထားပေးမည် ဖြစ်ကြောင်း မေးဆွဲ ပါးဆွဲဖြင့် ပြောလိုက်ကြ၏။
ဤတွင် အတာလည်း သူလိုချင်နေသော သေတ္တာများအတွက် တစ်ဖက်က စိတ်အေးသွားရပြီ ဖြစ်သည်နှင့်အမျှ လုံချည်ကိစ္စတွင်သာ စိတ်ဝင်စားခွင့်ရလာသောကြောင့် အတာသည် စောစော ကထက်အော်၍ ပျော်ပျော်ကြီး ရောင်းတော့၏။ ဆိုင်ရှင်ဖြစ်သူ ကြီးကြီးမေ ရောက်လာသော အချိန်၌ အတာလည်း စုစုပေါင်း လုံချည်ခုနစ်ထည်မျှ ရောင်းခဲ့ရပြီဖြစ်၏။

ဈေးအတွင်းမှ ထမင်းစားထွက်လာကြသော အထည်ဆိုင်အသီးသီးမှ အရောင်းစာရေးများလည်း အတာသီချင်း တအေးအေးနှင့် ဆိုရောင်းနေသည်ကို တွေ့ရသည်နှင့် ၀ိုင်းအုံး ရပ်ကြည့်ရင်း သဘော ကျနေရာ မှ "ဟေ့ မသိန်းမေသားက အလာကြီးပါလား"
"အသံတွေ ဘာတွေလဲ မခေဘူးဗျ၊ လေယူလေသိမ်းကလဲ အတော်ပိုင်တဲ့ ငတိလေးပဲ"
သို့လျှင် တစ်ယောက်တစ်မျိုး ချီးကျူးနေကြ၏။ ထိုအချိန်နှင့် မသိန်းမေက ကြီးကြီးမေထံ အကြွေ လာ အမ်းခိုက် ကြုံကြိုက်နေသည်ဖြစ်၍
"ဘယ့်နဲ့ မသိန်းမေ၊ ခင်ဗျားသားက တယ်လုပ်နေပါလားဗျ"
"အစစ် ပဲ ဒီကောင်ကို ကောင်းကောင်းမွေးပါဗျာ၊ ခင်ဗျား တစ်နေ့ အားကိုးရမယ်"
ထိုထို ဂုဏ်ပြုသံများကို မသိန်းမေက အပြုံးဖြင့် လက်ခံရင်း

"အင်း ဒါကြောင့် ကျွန်မတောင် စိတ်ကူးနေမိသေးတယ်၊ ဒီကောင် ကို ကျောင်း ထုတ်ပြီး  ဈေး ရောင်းခိုင်းရ ကောင်းမလားလို့"
ထိုစကား ကြားလိုက်ရသည်နှင့် စားရေးအားလုံးလိုလိုပင် "ဟာ"ခနဲ ရေရွတ်လိုက်မိကြလျက်
"ခင်ဗျား တော်တော်ခက်တဲ့ မိန်းမကြီးပဲကိုးဗျ၊ ခု ပညာသင်ချိန်မှာ သင်ပစေဦးဗျ"ဟု တစ်ယောက် ကပြော၍ "ကျွန်တော်တို့ ဆိုလိုတာက ဒီကောင်လေး သွက်သွက်လက်လက်နဲ့ လူစွမ်းလူစရှိလို့ ကြီးလာ ရင်ထူးချွန် မယ်ဆိုတဲ့ သဘောမျိုးပြောတာပါ"ဟု တစ်ဦးက ရှင်းပြကာ
"နင်ကတော့ ဒါပဲသိန်းမေ၊ ပိုက်ဆံသာရမယ်ဆိုရင် ဘာမှမစဉ်းစားတော့ဘူး ဟုတ်လား၊ ဒီအရွယ် ကလေးကို ကျောင်းကထုတ်ပြီး ဈေးရောင်းခိုင်းတော့ကြီးလာရင် နလပိန်းတုံး ဈေးသည်ပဲဖြစ်မှာ ပေါ့ဟ၊ ပညာကို ကောင်းကောင်းတတ်ပြီးမှ အရောင်းအ၀ယ်ခိုင်းချင် ခိုင်၊ အဲသလိုဆိုမှ ပညာ တတ်ကုန်သည်ကြီးဖြစ်လာမှာ၊ ကဲ နင့်ဟိုမှာ ၀ယ်သူစောင့်နေတယ်၊ ပိုက်ဆံသွားအမ်းချေဦး"
ဤလို အပြစ်တင်ကြိမ်းမောင်းလိုက်သူမှာ အသက်ငါးဆယ်ကျော် ဖြူဖြူခန့်ခန့် ယောက်ျားကြီး တစ်ဦးဖြစ်၏။ ကြည့်ရသည်မှာ အထည်ဆိုင်ရှင်တစ်ယောက်နှင့်တူပြီး ကြည်ညိုလေးစား ဖွယ် သောမျက်နှာထားမျိုးတွင် သြဇာရှိသည့်အသွင်ပါ ဆောင်နေသောကြောင့် မသိန်းမေ က ဘာတစ် ခွန်းမှပြန်မပြောဝံ့ဟန် တူ၏။

"ဟေ့ အတာ၊ ခုန မင်းဆိုတဲ့ သီချင်းကို ဘယ်သူရေးပေးတာလဲကွ၊ ဟေ"ဟု တစ်ယောက်သော စာရေး က မေးလိုက်သည်တွင်
"ကျွန်တော့ဟာ ကျွန်တော် စပ်တာလေ"
အတာက ရင်ကလေးကော့၍ ကြော့ကြော့မော့မော့ ဖြေလိုက်သဖြင့် အားလုံးပင် ၀ါခနဲ သဘောကျ သွားရာမှ
"မင်း တကယ်ပြောတာလား အတာ၊ ဟေ"
"ဘုရားစူးရစေရဲ့၊ ဒီမှာ ကြည့်ပါလား"
အတာသည် ပြောပြောဆိုဆို သူကိုယ်တိုင် ခဲတံကလေးဖြင့် ရေးခြစ်ထားသော သေတ္တာကလေးကို ကုန်းယူ၍ ပြလိုက်သဖြင့် စာရေးအားလုံးနှင့် ဖြူဖြူခန့်ခန့် လူကြီးပါ စိတ်ဝင်တစား ၀ိုင်းကြည့် လိုက်ကြ၏။

"တယ်ဟုတ်တဲ့ကောင်ပါလား အတာ၊ ဟေ"
"အေးဗျာ၊ ဒီကောင်လေး ခုမှ သူ့အသက် ဘာရှိဦးမှာလဲ၊ သီချင်းတွေ ဘာတွေတောင်မှ စပ်တတ် နေပြီ"
"ဒါတော့မပြောနဲ့လေဗျာ၊ သူကငယ်ငယ်လေးပေမဲ့ ခေတ်ကိုကတရားဟော မောင်ထွန်းကြိုင်တို့ ခေတ်မဟုတ်လား၊ ကလေးပညာတတ် ထွန်းကားရောပေါ့"
သို့လျှင် ၀မ်းသာအားရ သဘောကျသွားကြသည်နှင့်အမျှ အတာကလေးအား ထိပ် ပွတ်သူပွတ်၊ မေးဆွဲသူဆွဲ၊ ပါးလိမ်သူက လိမ်ြဖင့် တရုန်းရုန်းဖြစ်သွားကြတော့၏။
ထိုအချိန်ထိဆိုလျှင် လုံချည်သည်ပေါင်း ငါးဦးလောက်ရှိသည့်အနက် အတာတိုက ကြီးကြီးမေ ဆိုင်သည် ရောင်းအကောင်းဆုံးဖြစ်နေတော့၏။ သို့နှင့်တစ်ချက်တီးသာသာလောက်တွင် အရပ်ဝတ် အရပ်စားဖြင့် မြူနီစီပယ်ပုလိပ် တစ်ယောက်သည် မသိန်းမေအနီးတွင် ရုတ်ရက် ထိုင်လိုက်သောကြောင့်
"အမယ်၊ ငါ့ လူတွေဘာတွေမှားလို့၊ ဘာလဲလှမောင်၊ ဒီနေ့ မြူနီစီပယ်တွေ လာဦးမှာလား"

"အဲဒါ ကျွန်တော်လာပြောတာပဲ၊ ဒီနေ့ ၂ချက်တီးလောက်မှာ လာဖမ်းကြလိမ့်မယ်၊ ကျွန်တော့်ပါ ခေါ်ထားလို့၊ ခုရုံးကိုသွားရမှာပဲ၊ အဲဒါဈေးသည်တွေကို အစ်မကြီး ကြည့်သာပြော လိုက်ပါတော့ နော်၊ ကျွန်တော်သွားမယ်"
အကယ်၍ မြူနီစီပယ် လာဖမ်းရာ၍ မိသွားပါက ဆိုင်တစ်ဆိုင်လျှင် တစ်ကျပ်မှ ငါးကျပ် တစ်ဆယ် အထိဆိုင်အကြီး အငယ်အလိုက် ဒဏ်ရိုက်လေ့ရှိသည်ဖြစ်ရာ ဈေးသည်များသည် ဤလိုစေတ နာကောင်းဖြင့် လာရောက်သတင်းပေးသူများကို ကျေးဇူးတင်စွာဖြင့် တစ်ပဲမှ တစ်မတ် အထိဆိုသလို စု၍ လက်ဖက်ရည်ဖိုးအဖြစ် ကျေးဇူးဆပ်တတ်ကြ၏။
လာရောက်သတင်းပေးသူကလည်း ဈေးသည်များအပေါ် သနားကြင်နာသောစိတ်ထားဖြင့် သတင်း ပေးသွားခြင်းဖြစ်သောကြောင့် အလိုက်သိတတ်သော မသိန်းမေကလည်း အတာကောက် ထားသောသေတ္တာ လွတ် တစ်ခုကိုယူ၍ ထိပ်ဆုံးဆိုင်မှစ၍ အကျိုးအကြောင်းရှင်းပြရင်း လက်ဖက် ရည်ဖိုး အလှူခံတော့၏။ ဆိုင်များသည်လည်း နှစ်ပြားစ၊ တစ်ပဲစ စေတနာရှိသလောက် ထည့်ပြီး သည်နှင့် သူတို့ဆိုင်များကို ခပ်သုတ်သုတ်သိမ်းဆည်း ထုပ်ပိုးလိုက်ကြတော့၏။

သို့နှင့် နာရီဝက်လောက်အတွင်းမှာပင် ဆိုင်အားလုံးလိုလို သိမ်းသွားပြီးပြန်သူပြန်၊ ချောင်ကပ် သူကပ်ဖြင့် တစ်တန်းလုံး ရှင်းသွားတော့၏။
အတာကလေးတစ်ယောက်သာလျှင် စွပ်ကျယ်သုံးဆိုင်မှ ပေးထားခဲ့သောစက္ကူသေတ္တာ အလွတ် များကိုစုကာသိမ်းကာဖြင့် အလုပ်ရှုပ်နေ၏။ ဘူးလွတ်များမှာ စုစုပေါင်း အလု့းနှစ်ဆယ်ခန့် ဖြစ်သောကြောင့် တစ်ခေါက်တည်း သယ်သွားရန် မဖြစ်နိုင်သည်နှင့် အကြီးနှင့် အသေးသပ်သပ် စီပြန်ရွေးနေရပြန်၏။
သို့ရွေး၍ အသေးသေတ္တာချင်းထပ်နေခိုက်တွင် အတာသည် ရုတ်ရက် အံ့အားသင့်သလို တွေ သွား၏။ လက်ထဲ တွင် ကိုင်လျက်သားဖြစ်နေသော သေတ္တာကိုလည်း ချိန်ဆသလို တလှုပ်လှုပ် ရှိနေရာမှ ချက်ချင်း ပင် သေတ္တာကို ဖွင့်ကြည်လိုက်၏။

အတာလည်း အတန်ကြာသည်တိုင်အောင် ကြောင်သွား၏။ သေတ္တာကိုသာ ငေးကြည့်နေမိ၏။ နောက်ပြုံးလာ၏။ ထို့နောက် မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသားနှင့် ထူးထူးခြားခြား ၀မ်းမြောက် သွားရာ မှ ဘေးပတ်ဝန်းကျင်မြင်သွားမည်စိုးသကဲ့သို့ သေတ္တာကလေးကို ပြန်ပိတ် လိုက်၏။
သေတ္တာ ထဲတွင် တွေ့လိုက်ရသည်မှာ လွန်ခဲ့သော တနင်္ဂနွေနေ့က အတာမျက်စိအကျကြီး ကျခဲ့သော စွပ်ကျယ် အင်္ကျီကလေးများ ဖြစ်သောကြောင့် အတာ ဤမျှလောက်ဝမ်းသာသွားခြင်း ဖြစ်၏။ သူ့ပိုက်ဆံနှင့်ပင် သူသုံးပဲပေး၍ ၀ယ်တော့မည်ဟု ဆုံးဖြတ်ခဲ့သည့် သူအလွန်နှစ်ခြိုက် နေခဲ့သော ချော့ကလက်ရောင် အကွက်ကလေးနှင့် အင်္ကျီမှာ ဆိုက်ဆိုက်မြိုက်မြိုက် အင်္ကျီ အထပ် လိုက်၏ အပေါ်ဆုံးတွင် တွေ့ရလျက် အောက်ပိုင်းသို့ လက်ညှိုးကလေးဖြင့် မ၍ကြည့်မိသည် ၌ လည်းအရောင်စုံပါနေသည်ကို တွေ့ရပြန်သောကြောင့် အတာတွင် မျက်ရည်လည် မတက်ပင် ရင်တလှပ်လှပ်နှင့် အူမြူးနေတော့၏။

သို့ပါသော်လည်း ရွှင်နေသော အတာ၏ မျက်နှာကလေးသည် အချိန်ကြာကြာ မကြည်လင်နိုင်ဘဲ ရုတ်ရက် ဆိုသလို ငိုင်သွားပြန်၏။
"ဘာပစ္စည်းပဲ ကောက်ရကောက်ရ ပိုင်ရှင်ကို ပြန်ရှာပြီး ပြန်ပေးရမယ်" အစရှိသော ဘုရားရှိခိုး တိုင်း ဆရာမဟောပြောသည့် သြ၀ါဒကို အတာကြားယောင်လာ၏။

ဆက်ရန်
.

2 comments:

Anonymous said...

အစ်မရေ ၂၁ မြန်မြန်တင်ပေးပါ

MaMaGyi said...

ဆရာကြီး စာအုပ်များမှာသိမ်းထားလိုသော်လဲအရမ်းဈေး
ကြီးပါတယ် တင်ပေးတဲ့အမကိုကျေးဇူးအထူးပဲတင်ပါတယ်
ဘ၀တိုင်းမှာအသိပညာကြွယ်ဝပါစေ