Wednesday, September 28, 2011

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၁၅)

ဗိုလ်ချုပ်အကြောင်း ပြန်ပြောင်းသတိရမိစရာများ

ဓာတ်ပုံတစ်ပုံကို မြင်လိုက်ရလျှင် အတိတ်က အောက်မေ့စရာတို့ကို ပြန်၍သတိရမိသည်သာ ဖြစ်သည်။ အခြားအရာ တို့နှင့်မတူဘဲ ဓာတ်ပုံထဲတွင် ထိုအစွမ်းရှိနေသည်။ ကျွန်တော်သည် ဗိုလ်ချုပ်အောင်ဆန်း ၏ ဓာတ်ပုံတစ်ပုံ ကိုကြည့်မိရင်း စိတ်ထဲတွင် ဖော်ပြပါအတိုင်း ခံစားမိသည်။ ပုံထဲက ဗိုလ်ချုပ်၏ဘေးတစ် ဖက်တစ်ချက် တွင် သူ့မိတ်ဆွေများကို မြင်ရသည်။
ဓာတ်ပုံမှာ ၁၉၄၃ ခုနှစ်က ရိုက်ကူးထားသောပုံဖြစ်သည်။ ပုံထဲတွင် ဗိုလ်ချုပ်မှာ တည်ငြိမ်စွာဖြင့် စိတ် အေး လက်အေးရှိနေသည်။ သူ့မျက်နှာတွင် မသိမသာ ပြုံးရိပ်ထင်နေသည်။ ခါတိုင်းကဲ့သို့ မျက်နှာကြော တင်းတင်း မဟုတ်။

ဗိုလ်ချုပ်အောင်ဆန်းသည် ထိုအချိန်က အဓိပတိဒေါက်တာဗမော်၏ဝန်ကြီးအဖွဲ့တွင် ကာကွယ်ရေးဝန် ကြီး တာဝန်ကို ထမ်းဆောင်နေသည်။ ယင်းဝန်ကြီးအဖွဲ့ကား ဂျပန်သိမ်းပိုက်တပ်များ၏အရိပ်အောက် တွင် ဖွဲ့စည်းထားရသော အစိုးရဖြစ်သည်။ ဤဓာတ်ပုံကိုရိုက်ရန် "ဂရတ်စမီယာဗေးလ်"အမည်ရှိ သူ၏ နေအိမ် သို့ သူကဖိတ်ခေါ်ခဲ့သည်။ ထိုစဉ်က သူ့စိတ်ထဲတွင် စစ်ရေးကိစ္စများနှင့် အမျိုးသားလွတ်လပ် ရေးဆိုင်ရာ ကိစ္စများသည် အပူတပြင်းစဉ်းစားစရာကိစ္စများ ဖြစ်နေလိမ့်မည်ဟုမည်သူလျှင် ထင်မိပါမည် နည်း။

လူထူးဆန်းတစ်ယောက်

ဗိုလ်ချုပ်၏ဘဝတွင် နိုင်ငံရေးကျင်လည်မှုကာလသည် တိုတောင်းလွန်းလှသည်။ သူ့နိုင်ငံရေးသက် တမ်းသည် ၁၉၃၂ ခုနှစ်က ရန်ကုန်တက္ကသိုလ် ပရဝုဏ်တွင်စတင်သည်။ ကျွန်တော်သည် ၁၉၃၃ ခုနှစ် တွင် တက္ကသိုလ်သို့ရောက်သည်။ ပဲခူးဆောင်၏မြေညီထပ်ရှိ အခန်းတစ်ခန်းတွင် နေထိုင်ရသည်။ ထို အဆောင် သည် ဗိုလ်ချုပ်၏တက္ကသိုလ်ကျောင်းသားဘဝတစ်လျှောက်လုံးတွင် သူ၏အဆောင်သားအ ဖြစ် ထားရှိ ရ၍ ဂုဏ်တင့်သောအဆောင်ဖြစ်ခဲ့သည်။ ကျွန်တော် ပဲခူးဆောင်သို့ရောက်ရှိပြီး ရက်များမ ကြာမီပင် ဗိုလ်ချုပ်ကို ကျွန်တော်တို့အဖို့ လူထူးလူဆန်းအဖြစ် မျက်မှန်းတန်းမိလာသည်။
 
ကျွန်တော်သည် ဗိုလ်ချုပ်အား အတော်ကလေးဆန်းသော နည်းလမ်းဖြင့် သိကျွမ်းလာရသည်။ သူ သည် (၁၉၇၁ ခုနှစ်တွင် သစ်လုပ်ငန်းအဖွဲ့၏ဒုတိယအကြီးအကဲဖြစ်ခဲ့သော) ဦးကျော်သိန်း၏အခန်းသို့ သွားလေ့ ရှိရာ ကျွန်တော်၏အခန်းရှေ့မှ ဖြတ်၍သွားသည်။ ဦးကျော်သန်းနှင့် ကျွန်တော်မှာ အခန်းချင်း ကပ်လျက်။ သူသည် တစ်ရက်၊ သို့မဟုတ် နှစ်ရက်လောက်ခြားပြီး ဦးကျော်သိန်းအခန်းသို့ သွား၍လည် ပတ်သည်။ ထိုသို့ သွားသောအခါတိုင်း ဗိုလ်ချုပ်သည် ရှေ့တည့်တည့်ကိုသာကြည့်၍သွားတတ်သည်။ ကျွန်တော်၏ အခန်းဘက်သို့ မည်သည့်အခါမှ စောင်းငဲ့၍ကြည့်လေ့မရှိ။ စောင်းငဲ့ကြည့်သည့်အခါရှိပြန် လျှင်လည်း အမှတ်မထင် ကြည့်မိသလိုသာဖြစ်သည်။ ကျွန်တော်ဆိုသည့် လူသည် စိတ်ဝင်စားစရာ သတ္တဝါဟူ၍ သူထင်မှတ်သည့်ပုံ အနည်းငယ်မျှမပြ။

လေးနက်သည့်သွင်ပြင်

သူသည် အမြဲတမ်းပင် လေးနက်သည့်မျက်နှာသွင်ပြင်ကို ဆင်ထားသည်။ စဉ်းစားစရာတို့ကို စူးစိုက်၍ စဉ်းစားနေသည့်ပုံရှိနေသည်။ ကျွန်တော်သည် သူနှင့်သိကျွမ်းလိုစိတ် ပြင်းပြလျက်ရှိနေသည်။ သို့သော် သူ၏ စကားမပြောချင်သလို၊ ခပ်ကင်းကင်းနေချင်သလို ပုံစံများကြောင့် သူနှင့်အသိမဖွဲ့ရဲချေ။ တစ်ခါ သော် သူ့အတွက် စာတစ်စောင်ကို လက်ကမ်းပေးသည့်အခါ သူက "ကျေးဇူးတင်ပါတယ်" စကားလေး မျှပင် မပြော။ အခြားနည်းဖြင့်လည်း စာကမ်းပေး၍ ကျေနပ်ကြောင်းမပြ၊ ဤသို့ဖြင့် နောက်ဆုံးတွင် သူ နှင့် ကျွန်တော့်အကြား ပေါင်းကူးဆက်သွယ်၍မရသော အရံအတားကြီး ထူထားလိုက်သည့်ပုံဖြစ်သွား သည်။

ကျွန်တော့်စိတ်ထဲတွင် ဗြုန်းခနဲပင် သူနှင့်ကျွန်တော် အဆင့်မတူဟူ၍ ဒေါသဖြင့် ထင်မြင်မိလိုက်လေ သည်။ ဗိုလ်ချုပ်ကား အညာသားကျောင်းသား၊ သူတစ်ပါးထက် ကြီးမြတ်သည့်အမှတ်လက္ခဏာလည်း ဘာမှ မပါ၊ သူက ငါနှင့်မတူမတန်ဟု ထင်နေလျှင် ငါကလည်း ဤကျေးတောသားတစ်ယောက်ကို ဘာ လို့ဂရုစိုက်နေရမှာလဲ။ သူ့အပြုအမူမှာ ဤအတိုင်းသာဖြစ်နေသောကြောင့် ကျွန်တော်တို့အခန်းရှေ့ရှိ စင်္ကြံ လမ်း တွင် သူနှင့်ဆုံမိသည့်အခါများ၌ သူ့ကို သေသေချာချာကြည့်မိသည်။ ထိုသို့ ကြည့်မိသည့်အ ခါကျမှ သူ့စိတ်ထဲတွင် ပြဿနာတစ်ခုကို စဉ်းစားနေသည်ဆိုသည်ကို ကျွန်တော် သိလိုက်သည်။ ယင်း သို့ သိလိုက်သော အခါ သူ့အပေါ် အမြင်တစ်မျိုးပြောင်းသွားသည်။ သူ့မျက်နှာထားမှာ တကယ်အားဖြင့် တင်းနေခြင်း မဟုတ်။ ထိုမျက်နှာတွင်သိမ်မွေ့ပြီး စိတ်ထဲတွင် ရိုးသားသည့် လက္ခဏာများထင်နေသည်။

တစ်နေ့တခြားတိုး၍ခင်မင်

သို့သော် သူ့ကို လူအများ က နားမလည်ကြ။ ကျောင်းသားအတော်များများက သူ့ကိုလှောင်ပြောင်ကြ သည်။ အချို့က သူ၏ထူးဆန်းသော အမူအရာကို မကြိုက်ကြ။ အချို့ သူသည် "လူမဆန်သူ"ဟု သ မုတ်ကြသည်။ ထို့နောက်တွင် သူသည် ကျွန်တော်တို့နှင့် စတင်၍ ခင်မင်လာသည့်အပြုအမူကို မျှော် လင့်မထားဘဲ ဗြုန်းခနဲပြုလုပ်လိုက်သည်။ ပဏာမနှုတ်ဆက်ခြင်း အလျဉ်းမပါဘဲ သူသည် ကျွန်တော်၏ အခန်းတွင်း သို့ ဝင်လာသည်။ ကျွန်တော်က ညဉ့်အချိန် စာကြည့်နေသည်။ သူကဝင်လာပြီး "ခင်ဗျားက ဗုဒ္ဓဘာသာဝင် လား"ဟု ရုတ်တရက်မေးသည်။

ကျွန်တော်၏ဘုရားစင်တွင် ဖရောင်းတိုင်များ ပူဇော် ထားသည်ကို သူမြင်လျက်နှင့် မေးခြင်းဖြစ်သည်။ ထို ခေတ်အခါ က ကျောင်းသားအတော်များများ၏အိပ် ရာကုတင်ခေါင်းရင်းရှိ သစ်သားအဝတ်ဘီရို ခပ်နိမ့်နိမ့် ပေါ်တွင် ဘုရားစင်များ ထားလေ့ရှိကြသည်။

ထိုအချိန်က ကျွန်တော်က အင်္ဂလိပ်ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသဖြင့် ခရစ်ယာန်ဘာသာဝင်တစ် ဦး ဟု သူ ထင်လိုက်မိပုံရသည်။ သူ၏စကားနည်းခြင်း၊ ဟန်ကြီးပန်ကြီး ဘာသိဘာသာနေခြင်း၊ အမူအ ရာ တို့သည် မရှိတော့။ သူသည် ကျွန်တော့်အခန်းထဲတွင် ဗုဒ္ဓဘာသာအကြောင်းကို ရှည်ရှည်လျားလျား ကြီး ပြော နေလေတော့သည်။ ဤအကြိမ်သည် ကျွန်တော်တို့အဖို့ သူ၏စရိုက်ကို ပထမဆုံးအကြိမ်အ တွင်း ကျကျ မြင်ရခြင်းဖြစ်သည်။ သူ၏နိုင်ငံရေးအတွင်းသဘောကိုမြင်ရခြင်းဖြစ်သည်။ စင်စစ်မူနောက် တစ်နှစ်မျှ ကြာပြီးသည့်တိုင် နိုင်ငံရေးသည်သာလျှင် သူ ဝါသနာအပါဆုံးအရာဖြစ်ကြောင်း ကျွန်တော် အရိပ် အမြွက်မျှ မသိသေး။

သူ၏စရိုက်လက္ခဏာ နောက်တစ်ခုကို ကျွန်တော် မကြာမီပင်သိလာရပြန်သည်။ သူသည် အင်းယား ကန်ပေါင် ပေါ်တွင် ညနေခင်း အပြင်းပြေလမ်းလျှောက်သွားကြရအောင်ဟု အမြဲခေါ်သည်။ လမ်း လျှောက် ရင်း သူကစ၍ အင်္ဂလိပ်ဘာသာဖြင့် စကားပြောသည်။ အပြန်အလှန်ပြောရင်း ကျွန်တော်က သူ၏ သဒ္ဒါအသုံးအနှုန်းနှင့် အသံထွက်ကို ပြင်ပေးသည်။ ကျွန်တော်က မသိမသာပြုပြင်ပေးခြင်းဖြင့် သူ အင်္ဂလိပ်စာ တော်လာလိမ့်မည်ဟု သူ တကယ်ထင်နေသလား ကျွန်တော် တွေးတောမိသည်။
ဤသူကား သူများတကာ ထင်ထားသည့် လူစားမဟုတ်ပါတကား။ သူသည် ရိုးသားသည်။ တဲ့တိုးပြော ဆို ဆက်ဆံ တတ်သည်။ ဟန်လုပ်မနေပဲ သင်ယူဆည်းပူးတတ်သည်။ ကျွန်တော်က သူ့အားသင်ကြား ပေးစရာ မရှိသလောက်ပင်ဆိုသည်ကို မကြာမီ ကျွန်တော်သိလာရတော့သည်။

အင်္ဂလိပ်ဘာသာ သုံးစွဲနိုင်စွမ်း
သူရေးသော အင်္ဂလိပ်စာသည် တိကျသည်။ ရှင်းလင်းသည်။ ထိုဘာသာစကားကို နိုင်နင်းနိုင်သည့် ပင် ကို အရည်အချင်း ပေါ်လွင်သောအဆင့်အတန်းမျိုးဖြစ်သည်။ သူ အင်္ဂလိပ်စကားပြောသည့်အခါ ထင် ထားသည့် အတိုင်းပင် တစ်ချက်တစ်ချက်၌ အသံထွက်တွင် ချွတ်ချော်သည်။ နောက်နှစ်အနည်းငယ်အ တွင်း တွင် ဗိုလ်ချုပ်သည် စာအုပ်များကို အငမ်းမရဖတ်သည်။ ထို့ပြင် အင်္ဂလိပ်စာကို ထိထိရောက် ရောက် ဖော်ပြနိုင်သည့် အရာအဖြစ် အထူးကြိုစား၍ အသုံးပြုသည်။

တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအစည်းအဝေးများတွင် ခန်းမရှိနေရာမထ၍ အင်္ဂလိပ်ဘာသာစကား ဖြင့် စကားပြောတတ်သည်။ ဤအကျင့်မှာ သူ့အဖို့အဆန်းမဟုတ်တော့၊ အခြားသူများက "ဗမာလိုပြော ပါဗျ" ဟု ဝိုင်းအော်နေသည်ကို အမှုမထားဘဲ ပြောမြဲပင်ဆက်၍ ပြောသည်။ ဘာကိုမျှ သူမမှု၊ ပြောင်ကြ လှောင်ကြ လည်း သူမလျှော့၊ စိတ်လည်းမဆိုး၊ ဗိုလ်ချုပ်သည် သူ့ယုံကြည်ချက်အတိုင်း လုပ်ဆောင်နေ ခြင်း ဖြစ်သည်။ ကျောင်းသားများက အင်္ဂလိပ်စကားပြောခြင်းအပေါ် အမြင်ကျဉ်းမြောင်း၍ သေးသိမ် သော သဘောထားနေကြသည်ကိုလည်း လှစ်ဟပြပေးလိုက်သလိုလည်း ဖြစ်သည်။ သူ့အဖို့ အင်္ဂလိပ် စကား ကောင်းကောင်း ရေးတတ်သွားမည်ဟု သဘောထားသည်။

နိုင်ငံတကာနှင့် ဆက်ဆံရေးအတွက် အင်္ဂလိပ်ဘာသာသည် အရေးပါသည်ဟူသော တစ်ဆက်သတ်မ ကျသော အမြင်ကို ခေါင်းဆောင် အနည်းအပါးကသာ ကိုင်စွဲကြသည့်အနက် သူလည်းတစ်ယောက်အ ပါအဝင် ဖြစ်သည်။ သူသည် မြန်မာနိုင်ငံ၏အရေးကိစ္စ အဖြာဖြာတွင် အင်္ဂလိပ်စာသည် အရေးပါရမည် ဟူ၍ တန်ဖိုးထားတတ်သော ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။ အင်္ဂလိပ်ဘာသာသည် မြန်မာနိုင်ငံ ၏ တိုးတက်မှု အတွက် စွမ်းဆောင်နိုင်သည်ဟု ယုံကြည်ခဲ့သည်။

ကြီးမြတ်လိုစိတ်ပြင်းပြ
သူ၏စရိုက်လက္ခဏာတွင် ပေါ်လွင်သော အခြားအချက်တစ်ခုရှိသေးသည်။ သူသည် ကြီးမြတ်လိုခြင်း တည်း ဟူသော ပြင်းပြသောစိတ်ဆန္ဒ ပြည့်လျှမ်းနေသည်။ သူ့စိတ်အလျဉ်တွင် ကျွန်တော့်မှာ စိတ်ဓာတ် တည်ငြိမ် အေးချမ်းမှုရှိပြီး၊ သူ့မှာ ထိုအရည်အချင်းလိုသည်ဟု ထင်နေသည်။ တစ်ချိန်တွင် ရွှေတိဂုံစေ တီရင်ပြင် ၌ လှည့်ပတ်ကြည်ညိုနေစဉ် သူ့ကို ယခင့်ယခင်ကထက်ပို၍ ကျွန်တော် ခင်မင်သွားစေသော စကားတစ်ခု ကို သူပြောသည်။ သူက နည်းနည်းကလေးမျှ ချုပ်တီးခြင်းမထားဘဲ ကျွန်တော်နှင့်သူ အတူ ရှိနေချိန်တွင် သူ့မှာ စိတ်တွင် အေးဆေးတည်ငြိမ်မှုရသည်ဟုပြောသည်။ သူသည် သူ့ရင်တွင်းမှ ခံ စားချက် များကို အကုန်ထုတ်ပြောတတ်သည်။ သူ့စိတ်နှလုံးတွင် အဖြေရှာနေသော ပြဿနာများကို လည်း အမြဲတမ်း ထုတ်ပြောတတ်သည်။ သူ၏စရိုက်လက္ခဏာတွင် ရှိသော အခြားတစ်ဖက်ကား သူ ချ မှတ်တော့မည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ တစ်ချက်ကလေးမျှ ပွင့်မထွက်အောင် နှုတ်ပိတ်နေနိုင်ခြင်း ဖြစ်သည်။ ယင်းဆုံးဖြတ်ချက်မျိုးကား အလွန်အရေးကြီးလှသော အရေးကိစ္စနှင့်ပတ်သက်သော ဆုံး ဖြတ်ချက် မျိုးတည်း။

နောက်များမကြာမီပင် ဗိုလ်ချုပ်သည် ကျောင်းသားနိုင်ငံရေး ရုတ်ရုတ်ရက်ရက်ထဲတွင် နက်နက်နဲနဲ    ပါဝင် လာလေသည်။ သူသည် ကျောင်းသားရေးရာ ကော်မတီများတွင်စတင်၍ တာဝန်ယူလာသည်။ နောက်ပိုင်း တွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏အလုပ်အမှုဆောင်အဖွဲ့တွင် ပါဝင်လာသည်။ သမဂ္ဂ၏အာဘော်ဖြစ်သော "အိုးဝေ"မဂ္ဂဇင်း၏အယ်ဒီတာ(စာတည်းမှူး) အဖြစ် တာဝန်ယူသည်။ ကျွန် တော်က လက်ထောက်အယ်ဒီတာ (စာတည်း)အဖြစ် တာဝန်ယူသည်။ ထိုမဂ္ဂဇင်းတွင် ညိုမြ (ဦးသိန်း တင်) ရေးသားသော "ငရဲခွေးကြီး လွတ်နေသည်"အမည်ရှိ ဆောင်းပါးပါလာရာမှ ၁၉၃၆ ခုနှစ် တက္က သိုလ် ကျောင်းသားသပိတ်ကြီး စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ရှေ့တွင် ဘာဖြစ်လာမည်မသိသော ထိုနေ့က ဗိုလ်ချုပ်သည် ကျွန်တော့်အိမ်သို့ရောက်လာပြီးလျှင် မြန် မာ သွင်းကုန် လုပ်ငန်းဌာန မှ အသံချဲ့စက်တစ်ခု ခေတ္တငှားယူဖို့စီစဉ်သည်။ အသံချဲ့စက်ကို ရပြီးသောအ ခါ ကျွန်တော် တို့သည် သမဂ္ဂအဆောက်အအုံသို့ တန်း၍လာခဲ့သည်။ သမဂ္ဂတွင် အဆောင်နေကျောင်း သား တို့ စုဝေးရောက်ရှိနေကြပြီ။ ကျောင်းသားထု အစည်းအဝေးသည် (၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်) ညနေလေးနာရီတွင် စတင်သည်။ အစည်းအဝေးပြီးဆုံးသည့်အခါ ကျော်ကြားသည့် ကျောင်း သား သပိတ်ကြီးဖြစ်ပေါ်လာသည်။ ယင်းသပိတ်ကြီးသည် နောင်အခါတွင် မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှု အပေါ်တွင် ထူးထူးခြားခြားကြီး အရှိန်သြဇာသက်ရောက်မည့် သပိတ်ကြီးပင်တည်း။

"ငရဲခွေးလွတ်"ဆောင်းပါးကိစ္စ


တက္ကသိုလ်ပညာရေးလောကအတွင်းသို့ နိုင်ငံရေးပါဝင်လာအောင် ထိုးသွင်းခြင်းအတွက် ဗိုလ်ချုပ်နှင့် အခြားခေါင်းဆောင်များအား လူအချို့က အပြစ်တင်ကြသည်။ သပိတ်သည် လှိုင်းလုံးကြီးပမာ အလိုအ လျောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ စင်စစ်သော် သပိတ်ဖြစ်ပေါ်လာရခြင်းမှာ အာဏာပိုင်တို့ အခြေအ နေကို ကိုင်တွယ်ပုံ မလိမ္မာမှုအကြောင်းတရားကများသည်။ "ငရဲခွေးကြီး လွတ်နေသည်"ဟူသော ဆောင်းပါး ကိစ္စ ကို ပြန်ကြည့်သည့်အခါ ထိုဆောင်းပါး၏အဓိပ္ပာယ်ကို မည်သူမျှ ရေရေရာရာ နားမလည် ကြ။ "ငရဲခွေး"ဆိုသည့် ဇာတ်ကောင်မှာ မည်သူ့ကို ရည်ရွယ်သလဲဟူ၍လည်း တိတိကျကျမသိကြ။ မသိကြသည့် လူများထဲတွင် ဗိုလ်ချုပ်လည်း ပါသည်။

ကျွန်တော့်ကိုယ်ပိုင်အမြင် ကို ပြောရလျှင် ထိုဆောင်းပါးတွင် သုံးနှုန်းထားသော စကားလုံးများမှာ အတန်ငယ် ကြမ်းသည်။ ထို့ပြင် ကြံဖန်၍ ချီးမွန်းရလျှင် ခပ်ရိုင်းရိုင်း ရယ်စရာများပါသည်။ မည်သို့ဖြစ်စေ ဆောင်းပါး က ရည်ရွယ်သော ပုဂ္ဂိုလ်အဖို့ သူ့လုပ်ရပ်ကို ပြင်သွားနိုင်စေမည်ဆိုလျှင် ဤဆောင်းပါးသည် မဂ္ဂဇင်း တွင် ထည့်သွင်းသင့်သည်မှာ အမှန်ဖြစ်သည်။ ဤဆောင်းပါးကို ကျွန်တော်က ဗိုလ်ချုပ်အား တင်ပြသော အခါ သူက မဂ္ဂဇင်းတွင်ထည့်ရန် ခွင့်ပြုလိုက်သည်။ ဤသို့အားဖြင့် ဤဆောင်းပါးသည် "အိုးဝေ" မဂ္ဂဇင်းထဲ၌ လူကြိုက်အများဆုံး ဆောင်းပါးအဖြစ် ပါသွားပြီးလျှင် ၁၉၃၆ ခုနှစ် တက္ကသိုလ် ကျောင်းသား သပိတ်ကြီး ပေါ်ပေါက်စေသော အကြောင်းအချက်ကြီးတစ်ရပ်ဖြစ်ခဲ့လေသည်။

တက္ကသိုလ်ပရဝုဏ်တွင် "အိုးဝေ"မဂ္ဂဇင်းထွက်ပြီး မကြာမီ ဘာများဖြစ်မလဲဟူ၍ ထင်မြင်ချက်အမျိုးမျိုး ပေါ်ထွက် ဆူညံလာသည်။ ဆောင်းပါးက ရည်ညွှန်းသောပုဂ္ဂိုလ်သည်ကား ဟိုလူဖြစ်နိုး သည်လူဖြစ်နိုး ဖြင့် ပြောကြ ဆိုကြသံများလည်း စုံနေသည်။ ဆောင်းပါးကိုယ်တိုင်က မည်သို့မျှ လက်ညှိုးထိုးခြင်းမပြု ဘဲ ဆိုခဲ့သည့် အတိုင်း စကားများအမျိုးမျိုး စုံလင်အောင်ပြောကြဆိုကြခြင်းကြောင့်သာလျှင် ဆောင်းပါး က ရည်ညွှန်းသော သူကို လူသိသွားသည်။ ဤသို့ဖြစ်နေရာ ဤအကြောင်းကို ဆူဆူညံညံပြောဆိုနေ ကြသံ များသည် အာဏာပိုင်တို့က မကြားချင်ယောင်ဆောင်နေလိုက်လျှင် သူ့အလိုလိုငြိမ်သွားမည်မှာ သေချာ ပေသည်။

ယင်းသို့မနေဘဲ ဆောင်းပါးရှင် မည်သူဖြစ်သည်ဆိုသည်ကို ထုတ်ဖော်ပြောလျှင်ပြော၊ မပြောက အရေး ယူမည် ဟု ထိုအာဏာပိုင်တို့က ဗိုလ်ချုပ်အား ခြိမ်းခြောက်၍ ဖော်ခိုင်းသည်။ ဗိုလ်ချုပ်ကိုယ်တိုင်ဖော် ပြောလိမ့်မည် ဟူသော အထင်နှင့်ခိုင်းခြင်းဖြစ်သည်။ ဗိုလ်ချုပ်က ဖော်မပြောနိုင်ဟု ငြင်းလိုက်သောအခါ သပိတ်မှောက် မှုကြီး ဖြစ်ပေါ်လာလေသည်။ ကျောင်းသားတို့၏အရေးကိစ္စများထဲသို့ နိုင်ငံရေးဝင်လာရ ခြင်း မှာ ကျောင်းသားခေါင်းဆောင်တို့ လှည့်ပတ်မှုကြောင့်မဟုတ်ဘဲ မြန်မာနိုင်ငံကိုလိုနီကျွန်ဘဝတွင်း သို့ ရောက်နေရခြင်းကြောင့်သာဖြစ်သည်။

အကြီးအကျယ် စိတ်ပင်ပန်း

မြန်မာနိုင်ငံကို ဂျပန်တို့သိမ်းပိုက်ပြီးနောက် သူ့ကို စစ်ကိုင်းမြို့၌ ကျွန်တော်တွေ့သည်။ ထိုအချိန်က သူ သည် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဦးစီးကွပ်ကဲလျက်ရှိသည်။ ဂျပန်သိမ်းပိုက်မှုကာလရှည်လာပြီး ၁၉၄၄ ခုနှစ်ထဲသို့ ရောက်လာချိန်၌ ဗိုလ်ချုပ် အကြီးအကျယ် စိတ်ပင်ပန်းလျက်ရှိသည်။ တစ်နေ့သော အခါ သူသည် ကျွန်တော့်၏ရှေ့တွင်ပင် သူ့လက်အောက် တပ်မှူးကြီးအချို့အား ရယ်စရာသဘောဖြင့် ဂျပန် တွေ မကောင်းပုံအကြောင်း စိတ်ထဲရှိသမျှ ထုတ်ဖော်ပြီး နိုင်ငံရေးတရား ဟောရမည်ဆိုလျှင် အင်း ယားကန် အတွင်း လူမရှိသည့် ကျွန်းတစ်ကျွန်းပေါ်သို့ သွား၍ ပြောရဖြစ်တော့မည်ဟု ဗိုလ်ချုပ်ကပြော သည်။

ဂျပန်ပေးသော လွတ်လပ်ရေး၏နှစ်ပတ်လည်(၁၉၄၄ ခုနှစ် သြဂုတ်လ ၁ ရက်)နေ့တွင် ကျွန်တော်သည် ဗိုလ်ချုပ်အား ဂျူဗလီခန်းမအတွင်းရှိ စင်မြင့်ပေါ်တွင် တွေ့မြင်ရသည်။ သူနှင့်အတူ ဂျပန်လက်နက်ကိုင် တပ်များ၏အကြီးအကဲများနှင့် မြန်မာနိုင်ငံ၏အဓိပတိဖြစ်သူ ဒေါက်တာဘမော်အပြင် အိန္ဒိယအမျိုးသား တပ်မတော်၏သေနာပတိဖြစ်သူ ဆူဘတ်စ်ချန္ဒရာဘို့စ်တို့စီ၍ ထိုင်နေကြသည်။ ယင်းအခမ်းအနားတွင် မိန့်ခွန်းပြောသူများသည် လွတ်လပ်ရေးနှစ်ပတ်လည်ကို ဂုဏ်ပြုပြောဆိုရင်း အိန္ဒိယပြည်နှင့်ရင်ဆိုင်ဖြစ် သော အနောက်မြောက်စစ်မျက်နှာမှ ဂျပန်စစ်တပ်များ ဆုတ်ခွာခဲ့ခြင်းသည် စစ်ပရိယာယ်လုပ်ခြင်းဖြစ် ကြောင်း၊ (အင်္ဂလိပ်နှင့်)မဟာမိတ်တို့ အရှက်တကွဲဖြင့် နောက်သို့ဆက်ပြေးရအောင် စစ်ကစားခြင်းသာ ဖြစ်ကြောင်းဖြင့် ပြောဆိုကြသည်။ ဆူဘတ်စ်ကလည်း သူ၏စစ်တပ်များက မကြာမီ အိန္ဒိယပြည်ကြီး လွတ်မြောက်အောင် ကယ်တင်တော့မည်ဟူ၍ ပြောဆိုသည်။

ပြောရိုးပြောစဉ်ကို စွန့်၍

ဗိုလ်ချုပ်မိန့်ခွန်းပြောရမည့် အလှည့်ကိုရောက်သောအခါ သူသည် ပြောရိုးပြောစဉ်တို့ကို ဖြတ်ချလိုက် သည်။ မြန်မာနိုင်ငံ ရရှိသော လွတ်လပ်ရေးသည် အတုအယောင်ကြီးဖြစ်ကြောင်း အားမာန်ဖြင့်ပြော သည်။ မြန်မာနိုင်ငံသည် မည်သည့်ဘက်က  စစ်နိုင်သည်ဖြစ်စေ လွတ်လပ်ရေးကိုရရှိမည်သာဖြစ် ကြောင်း ပြောသည်။ မကြာမီပင် ပြည်သူလူထုများသည် တကယ့်ရန်သူ အစစ်ကို သိလာလိမ့်မည်ဟု သူက ဆိုသည်။ ဗိုလ်ချုပ်က ထိုသို့ကြောက်ရွံ့ခြင်း အလျဉ်းမရှိသော ရဲရင့်သတ္တိဖြင့် ဘွင်းဘွင်းကြီး ပြော ချလိုက်သော အခါ ပရိသတ်ကြီးက သောင်းသောင်းညံ သြဘာလက်ခုတ်တီးကြလေသည်။ လက်ခုပ် သြဘာသံ စဲသွားလျှင် သဲသဲကွဲကွဲ ကြားနိုင်သော တီးတိုးမှတ်ချက်ပြောကြသံများသည်။ တစ်လောပြီး တစ်လော ပေါ်ထွက်လာသည်။ ဗမာနိုင်ငံလိုအပ်နေတာ ဒီလိုလူမျိုးဟူ၍လည်းကောင်း၊ ကိုယ့်တိုင်းပြည် သားတို့ စိတ်ထဲတွင် ဖြစ်ပေါ်နေသော ဒေါသကို ထုတ်ဖော်ပြောရဲသည့် သည်လိုလူမျိုး ရှိမှဖြစ်မည်ဟူ၍ လည်းကောင်း ပြောဆိုနေကြသံများသည် အဆက်မပြတ်။

ကျွန်တော်တို့၏ ရှေ့ဘဝ၏ထူးခြားသော ဇာတ်လမ်းတစ်ခုကို မြင်နေရသည်။ လျှပ်စစ်မီးမောင်းကြီးများ သည် အလင်းအား အစွမ်းကုန်လင်းလျက် (ဇာတ်ခုံ)စင်မြင့်ပေါ်သို့ ထိုး၍ကျနေသည်။ စင်မြင့်ပေါ်တွင် သရုပ်ဆောင် ပုဂ္ဂိုလ်များရှိနေပြီး သူတို့အသီးသီး ပြောချင်သည်များကို ပြောနေကြသည်။ ဗိုလ်ချုပ်က မိန့်ခွန်း ကို စတင်၍ ပြောလိုက်သည်တွင် ခန်းမကြီးထဲ၌ ဗိုလ်ချုပ်၏စိတ်အားထက်သန်မှုဓာတ်ကြီး ကူး သွားသည်။ နားထောင်နေသော ပရိသတ်အား ထိုဓာတ်သည် ပျံ့နှံ့လွှမ်းမိုးသွားသည်။ မီးမောင်းများ၏ အလင်းရောင်သည် ခပ်စောစောက ထုတ်ဖော်ခဲ့ကြသော မုသားစကား အကြွားအဝါတို့ကို ထိုးဖောက် ပစ်လိုက်ပြီးလျှင် ဗိုလ်ချုပ်၏မျက်နှာပေါ်တွင် ထင်နေသော အမှန်တရားကို ထွန်းလင်းစေလျက်ရှိသည့် နှယ်ပင်။ ဗိုလ်ချုပ်၏နှုတ်ခမ်းမှ သစ္စာစကားတို့သည် အန္တရာယ်ပြည့်လျှမ်းသော ရေတံခွန်များသွန်၍ ကျ လာနေသည့်နှယ် အဆက်မပြတ် ထွက်ပေါ်လာနေသည်။

ဂျပန်စစ်ဘက် နယ်ဘက်ပုဂ္ဂိုလ်ကြီးတို့မှာ ဒုက္ခကြီးရောက်နေသည်။ အလင်းရောင်များ၏ အပူဒဏ် ကြောင့် ရဲရဲနီနေသော သူတို့၏မျက်နှာများပေါ်၌ ချွေးသီးချွေးပေါက်များ အပြည့်ဖြစ်နေသည်။ ချုပ်တီး နေရသော ဒေါသ၊ အနာပေါ် တုတ်ကျသလို အခံရခက်ခြင်းတို့သာမက မကြာမတင် သူတို့တွေ့ရတော့ မည့် အရေးနိမ့်ခြင်း ၏ ခပ်ရေးရေး အရိပ်အရောင်တို့သည်ပင် ထိုမျက်နှာများတွင် ပေါ်လွင်နေသည်။
ဗိုလ်ချုပ်သည် အောင်ပွဲရသွားပြီ။ ပြည်သူလူထုကြီး၏အသည်းနှလုံးတွင် သူ၏ပုံရိပ်စွဲထင်အောင် လုပ် ဆောင်နိုင်ပြီ။ ဤသည်ကား တစ်စိတ်တစ်ပိုင်းအားဖြင့် ဂျပန်သိမ်းပိုက်ရေးတပ်များ၏အမှားအယွင်းများ အတွက် ဗိုလ်ချုပ်က သူ့တွင် အပြစ်ကင်းစင်ကြောင်း ကြေညာချက်ပေတည်း။

သခင်တင်မောင်၏အသုဘ၌ မိန့်ကြားသောစကားများ


အလားတူ မိန့်ခွန်းမျိုး ဗိုလ်ချုပ် နောက်တစ်ခါ မိန့်ကြားရန်အခွင့်ကြုံပြန်သည်။ ဤအကြိမ်ကား သာမန် အားဖြင့်ဆိုလျှင် နိုင်ငံရေးမိန့်ခွန်းပြောဖို့ မသင့်လျော်လှသော အချိန်အခါနှင့် နေရာတွင်ဖြစ်သည်။ အ ချိန်အခါမှာ ရန်ကုန်တက္ကသိုလ် လှေလှော်အသင်း၏ကက်ပတိန်ဖြစ်သူ သခင်တင်မောင်၏ဈာပနာ အ ခမ်းအနားဖြစ်သည်။ နေရာမှ ကြံတောသုဿန်ဝင်းတွင်းမှ ဇရပ်တစ်ဆောင်ဖြစ်သည်။ ဗိုလ်ချုပ်မိန့်ခွန်း မပြောမီ အရှေ့က သခင်ဘရင်ကြီးနှင့် သခင်ကျော်စိန်တို့က မိန့်ခွန်းပြောသည်။ ထို့နောက် ဗိုလ်ချုပ်က မိန့်ခွန်း ပြောကြားရာတွင် သခင်တင်မောင် ကွယ်လွန်ရခြင်းမှာ နိုင်ငံအပေါ်၌မိုး၍တည်နေသော ဖက် ဆစ်ဝါဒ တည်းဟူသော ပတ်ဝန်းကျင်ဆိုးကြီးကြောင့်ဖြစ်ကြောင်း။

ယင်းကြောင့် ဆေးဝါးများရှားပါး၊ ဆေးကုသမှုဌာနများ မပြည့်စုံမှုဖြစ်ရကြောင်း စသည်ဖြင့် ပြောပြီးလျှင် ဂျပန်၏ သိမ်းပိုက်စိုးမိုးမှုကို သွယ် ဝိုက်၍လည်းကောင်း။ တစ်ချက်တစ်ချက်တွင် အတိအလင်း သော်လည်းကောင်း ပြစ်တင်ပြောကြား သွားသည်။ တစ်ခဏသော် အသုဘရူပရိသတ်သည် သူတို့ ရောက်နေသည့်နေရာမှာ အသုဘနေရာဖြစ် သည်ကိုပင် မေ့နေကြသည်။ ဗိုလ်ချုပ်အား ဂျပန်များက လက်စားချေ ကြလေမည်လားဟု သူတို့က စိုးရိမ်သွားကြသည်။ သို့သော် ဘာမျှမဖြစ်ခဲ့ချေ။

ထို့နောက်တွင်ကား ယခုတော်လှန်ရေးနေ့ဟူ၍ အမည်ထင်ရှားသည့် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ ရောက်လာသည်။ ထိုနေ့မတိုင်မီ လေးငါးဆယ်ရက်က ကျွန်တော်သည် ဗိုလ်ချုပ်နှင့်အတူရှိနေသည်။ ဦးကျော်သိန်း လည်း ကျွန်တော်နှင့်အတူရှိနေသည်။ ဗိုလ်ချုပ်သည် ပြည်မြို့ဘက်သို့ ခရီးထွက်မသွားမီ နှစ်ညလည်း အတူနေလိုက်ရသည်။ သူထွက်ခွာသွားသည့် ညနေပိုင်းတွင် ဗိုလ်မှူးကြီးလှအောင် (မြေ တိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်)၊ ဗိုလ်မင်းခေါင် (ပြည်ထောင်စုပါတီအစိုးရအဖွဲ့တွင် ဝန်ကြီးအဖြစ် ပါဝင်ခဲ့သူ)နှင့် ဦးထွန်းအုံ (ရန်ကုန်မြို့တော် မြူနီစီပယ်မင်းကြီး)တို့လည်း ဗိုလ်ချုပ်၏အိမ်တွင်ရှိနေခဲ့ကြ သည်။

အချိန်သတ်မှတ်ပုံ မှန်လိုက်လေ

ဗိုလ်ချုပ်က သူသည် မတ်လအလယ်လောက်တွင် ပြန်ရောက်လာမည်ဟု ကျွန်တော့်အားပြောသွား သည်။ သူ့အချိန်သတ်မှတ်ချက်သည် မှန်လေချေသည်တကား။ အကြောင်းကား ထိုအချိန်တွင် ဗြိတိသျှ တို့သည် ပြန်ရောက်နေကြပြီ။ ဗိုလ်ချုပ်သည်လည်း နိုင်ငံအတွက် အနာဂတ်အသစ်ကို သူ့လက်တွင် ကိုင်ဆောင်ကာ ပြန်ရောက်လာခဲ့ပြီ။

ဗိုလ်ချုပ်သည် စာအုပ်ကြီးသမား ဆိုရှယ်လစ်မဟုတ်။ သူသည် သူ့နိုင်ငံ၏အကျိုးကို ဆောင်သော သူ့ ခေတ်အလိုအရပေါ်ပေါက်သော ဆိုရှယ်လစ်တစ်ဦးဖြစ်သည်။ သူသည် လိုအပ်သည့်အချိန်အခါတွင် တခြားတစ်ဖက်ကို လှည့်ဖြားအနိုင်ယူရန် ပရိယာယ်ကို သုံးတတ်သည်သာဖြစ်ငြားလည်း အမြဲသဖြင့် ကား ပို၍မြင့်မားသော ရည်ရွယ်ချက်ကြီးအတွက်သာ သူရှေ့ရှုလုပ်ကိုင်သည်။
ကျွန်တော့် အဖို့ မှာ ဗိုလ်ချုပ်သည် အမြင့်မားဆုံးဂုဏ်ရည်ကို ရအောင် တက်လှမ်းသွားနိုင်သည့်အချိန်မှာ သူလုပ်ကြံသတ်ဖြတ်ခ့ရလုဆဲဆဲအချိန်တွင် ပြည်သူလူထုအား စက်ဆုတ်ဖွယ်ရာ အကျင့်များကို ကွင်း ရှောင်ကြဖို့ သတိပေးသည့်အချိန်ကဖြစ်သည်။ နိုင်ငံရေးနှင့် စီးပွားရေးတွင် အချောင်သမားဝါဒသို့ လိုက် ပါချင်လွန်းသူများအား ရည်ညွှန်းပြီး ထိုစကားများကို သူပြောလိုက်ခြင်း ဖြစ်ကောင်းဖြစ်ပေမည်။

ကျွန်တော်သည် ဤဆောင်းပါးကို နိဂုံးချုပ်သည့်အနေဖြင့် သူတက္ကသိုလ်ကျောင်းသားဘဝ (၁၉၃၃-၃၅ ခုနှစ်များအတွင်း) ကရေးခဲ့သော စာအချို့ထဲမှ ကောက်နုတ်ချက်များကို အောက်တွင် ဖော်ပြလိုက်ပါ သည်။
"ကျွန်တော်သည် ယင်းသို့သောအရာများကို ကျွန်တော်၏ဘဝခရီး၏ အစိတ်အပိုင်းအဖြစ် လက်ခံပါ သည်။ သစ္စာတရားနှင့် သီလစင်ကြယ်ခြင်းတို့ကို ရှာဖွေသော ဘဝခရီးကို ဆိုလိုပါသည်။ တွေးတောကြံ စည်မှုတွင် ရိုးသားခြင်း၊ အပြောနှင့်အလုပ်တွင် ရိုးသားခြင်းတို့ကို ကျွန်တော် ရှာကြံပါသည်"

"လူအများကြီးအဖို့နှင့် အထူးသဖြင့် အသက်ကြီးလာသူများအဖို့ အခွင့်အာဏာတည်းဟူသော အိပ်မက် ဆိုးနတ်ကို မစုံမက်ဘဲ မနေနိုင်ကြ။ သူတိုသည် အောက်ခြေအထိနှိုက်၍ မစဉ်းစားကြ။ ကျွန်တော်တို့ သည် ဗုဒ္ဓဘာသာသဘောအားဖြင့် သဗ္ဗညုတဉာဏ်ကို မရသေးသည့်အတွက် ယုံကြည်ကိုးကွယ်မှုဆိုင် ရာ တရားအချို့ကို လက်ခံရမည်လား မှန်၏။ သို့သော် ကျွန်တော်တို့သည် စိတ်မာန်မပါဘဲ လွတ်လပ် ကင်းရှင်းသောနည်းအားဖြင့် ကျွန်တော်တို့အနည်းငယ်မျှ စဉ်းစားခြင်းပြုကြရပေမည်။ ဤနည်းအားဖြင့် သာလျှင် ကျွန်တော်တို့သည် အမှန်(သစ္စာ)တရားကို ရရှိကြပေလိမ့်မည်။ သို့သော် ကျွန်တော်တို့ လူ ငယ်များအတွင်း၌ စိတ်ဓာတ်ပိုင်း၌ ကွက်လပ်ကြီးဟာနေသည်ကို ထင်းထင်းကြီး မြင်နိုင်နေသည်တ ကား။ ကျွန်တော်တို့သည် ရဲဆေးတင်ကာ မပြင်ကြပါလျှင် မကြာမတင်တွင် ကျွန်တော်တို့သည် စိတ် ဓာတ်ပိုင်းတွင် သြချရလောက်အောင် ချွတ်ချုံကျကုန်ကြမည်ကို စိုးကြောက်မိပါတော့သည်"

"ယခုအချိန်အခါ၌ ကျွန်တော်တို့တွင် တွေးခေါ်မြော်မြင်တရား အနည်းအပါးဖြစ်စေ လိုနေသည်။ ဘာ သာရေးဒဿနိကတရားဖြစ်စေ၊ အခြားဒဿနိကတရားဖြစ်စေ လိုနေသည်။ ကျွန်တော် နားလည်ခံယူ နိုင်စွမ်းမရှိသော ခေတ်သစ်ယဉ်ကျေးမှုကြီးက ကျွန်တော်တို့အပေါ် သက်ညောင်းလာနေစေသော ပျက် စီးခြင်း ကိုဆောင်သည့် သြဇာသက်ရောက်မှုကို ခုခံတွန်းလှန်နိုင်ရန်အတွက် ဒဿနိကတရားကို လိုပါ သည်။ ကျွန်တော်တို့သည် မဟတ္တမဂန္ဒီကြီး သမုတ်ခဲ့သလို "လိပ်ပြာကလေးတွေ"ဖြစ်နေခဲ့သည်မှာ ကာလ တာရှည်ခဲ့ပါပြီ"

သခင်လှထွန်း
Guardian Magazine (August, 1971) ပါ My Recollection of Bogyoke Aung San by Tin Aung ကို ဘာသာပြန်ပါသည်။

ဆက်ရန်
.

No comments: