Tuesday, September 27, 2011

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၁၄)

သည်နှစ်ဦး
မန်းတင်

(၁၉၅၀ ပြည့်နှစ်၊ ဇွန်လထုတ် ပဒေသာမဂ္ဂဇင်းတွင် စာရေးဆရာ မန်းတင် က၊ (သည်နှစ်ဦး)ဆောင်းပါး၌ ကိုယ်တွေ့ ရေးသားထားပုံ ဖော်ပြလိုက်ရပါကြောင်း)
ထုတ်ဝေသူ

နေရူး၊ အိန္ဒြာ နှင့် ကိုအောင်ဆန်း တက္ကသိုလ်သို့ သွားရတော့မည်။
မသွားမီ နွေဥတု ကျောင်းပိတ်ချိန်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၏ဒုတိယအကြိမ် မြောက် ညီလာခံသဘင်ကြီး ကျင်းပလေသည်။ ကျင်းပသည့်နေရာကား မန္တလေးမြို့ ဗဟိုအမျိုးသားအ ထက်တန်း ကျောင်းတွင် ဖြစ်လေသည်။ မြန်မာပြည်အရပ်ရပ်မှ ကျောင်းသားကိုယ်စားလှယ်များ အစုံအ ညီ ရောက်ရှိနေကြလေသည်။ တက္ကသိုလ်မှ ကျောင်းသားခေါင်းဆောင်များကိုလည်း ထိုနေရာတွင်တွေ့ မြင်ရ လေသည်။

ကိုအောင်ဆန်း၊ ကိုလှရွှေ၊ မစ္စတာရာရှစ်၊ ကိုညွှန့်၊ ကိုထွန်းတင်၊ ကိုစိန်၊ ကိုဗဟိန်း၊ ကို သိန်းအောင်၊ ကိုခင်မောင်လေး ကျွန်တော်လည်း ထိုနေရာတွင် ရောက်နေပါသည်။ မည်သည့်ကျောင်း ကမှ ကိုယ်စားလှယ် အဖြစ် နှင့်ရောက်ရှိနေကြခြင်း မဟုတ်ပါ။ သပိတ်မှောက်ဆောင်ရွက်ဖွယ် ကိစ္စအဝဝ တို့ကို ကူညီ ဆောင်ရွက်ရန် ရောက်ရှိနေကြခြင်းဖြစ်ပါသည်။ ညီလာခံသို့ရောက်ရှိလာကြသည့် ကျောင်း သူ ကျောင်းသား များ အားထမင်းကျွေးရန် "အိုးသူကြီး"အဖြစ် တာဝန်ယူဆောင်ရွက်ရမည့်သူမှာ မန္တလေး သား ကိုစိန်ဖြစ်ပါသည်။ ကျွန်တော်သည် သူ့အား အကူအညီပေးရင်း ထမင်းပွဲပြင်ခြင်း၊ ပန်းကန်သိမ်း ခြင်း အစရှိသည့် ဝေယျာဝစ္စကိစ္စများကို လုပ်ကိုင်နေရပါသည်။

ကျွန်တော်တို့မီးဖိုချောင်တာဝန်ခံများ သည် အများကို ကျွေးပြီးသည့်နောက်ဆုံးမှ ထမင်းစားကြရပါသည်။ အများ အားဖြင့် ထမင်းရောဟင်းပါ တက်တက်ပြောင်နေတတ်သည်က များသောကြောင့် အစာငတ် ခံကြရသည်။ ညီလာခံကျင်းပရာ အမျိုး သားကျောင်းကြီးသည် မြန်မာဆန်ဆန်ဆောက်လုပ်ထားသဖြင့် စုလစ်မွန်းချွန် များ အနည်ငယ်တပ်ထား သောကြောင့်၊ အလွန်ကျက်သရေရှိလေသည်။ မော်တော်ကား စိမ်း ကြီး နှင့် ဓါတ်ရထားစိမ်းကြီးတို့သည် နံနက်တစ်ခါ၊ နေ့လည်တစ်ခါ၊ ဖုံသိပ်စေခြင်းငှာ၊ ဘယ်လောက် ပင် ရေဖြန်းဖြန်း နေမင်း၏အရှိန်ကို မနိုင် နိုင်ပါ။ ခဏကြာလျှင် ဖုံတို့သည် ထမြဲတိုင်းထကြကုန်ပါသည်။ လမ်းမကြီး ဆီမှ ဖုံတို့သည် မကြာခဏ ပင် လေယာဉ်စီးကာ ညီလာခံကျင်းပရာ အမျိုးသား ကျေုာင်းဝင်း အတွင်းသို့ ရောက်လာကြလေသည်။

ညီလာခံသဘင်ကြီးကား နှစ်ရက်လား သုံးရက်လား ကြာပါသည်။ မည်သည့်အဆိုတွေသွင်း၍ မည်ကဲ့ သို့ မိန့်ခွန်း စကားတွေကို ပြောကြပါသလဲ။ သည်ဟာတွေကိုတော့ ကျွန်တော် သတိမရတော့ပါ။ သို့ သော် မျက်စိ ထဲတွင် စွဲနေရစ်သည့် ပုဂ္ဂိုလ်သုံးဦးရှိပါသည်။ သူတို့ကား "နေရူး၊ သူ့သမီး အိန္ဒြာနှင့် ကို အောင်ဆန်း" တစ်နေ့သော် အစည်းအဝေး တွင် နေရူးနှင့်သူ့သမီး အိန္ဒြာတက်ရောက်လာကြလေသည်။ သူတို့ကို ကျောင်းသားကြီးများက ခရီးဦးကြိုကာ အစည်းအဝေးခန်းမအတွင်းသို့ ခေါ်ဆောင်လာလေ သည်။

ဂျဝါဟာလနေရူးသည် တစ်ကိုယ်လုံးပင် တိုင်းရင်းဖြစ် အဖြူများကို ဝတ်ဆင်ထားလေသည်။ ဦးထုပ်ပါး ကလေး အဖြူ၊ အင်္ကျီခပ်ရှည်ရှည်အဖြူ၊ ဒိုတီအဖြူ၊ သူ့နှာခေါင်းသည် ပေါ်လွင်၍ သူ့မျက်လုံး အစုံသည် တောက်ပ နေလေသည်။ သူ့ချစ်သမီး အိန္ဒြာကား အဝါနုဆာရီကို ဝတ်ခြုံ၍ ဖခင်၏နောက်မှ ကပ်ပါ လာလေသည်။ ကြီးပွားရေးမဂ္ဂဇင်းများတွင် နေရူးက ထောင်တွင်းမှ သူ့ချစ်သမီးထံပေးစာများကို ဖတ်ဖူး နေသည်။ ကျွန်တော်သည် စာရေးသူဖခင်နှင့် စာလက်ခံသူ သူ့သမီးကို အသေအချာကြည့်နေရ ပါ တော့သည်။ အိန္ဒြာသည် အရှေ့တိုင်း၏အလှကို ပေါ်လွင်စေလေသည်။ နေရူးသည် မိန့်ခွန်းစကား အနည်းငယ် ပြောပြီး နောက်သူ့သမီးနှင့်အတူ ပြန်သွားလေသည်။

ပြီးလျှင် ကိုအောင်ဆန်း မိန့်ခွန်းပြော လေတော့သည်။ သူသည် အစည်းအဝေး၏သဘာပတိဖြစ်လေသည်။ ပင်နီအင်္ကျီနှင့် ပိုးလုံချည်အနီကို ဝတ်ဆင်ထားလေသည်။ သူသည် စကားကို အားရပါးရ ပြော နေလေသည်။ ပြောစက ခပ်လေးလေးပင် ထစ်ထစ်ငေါ့ငေါ့နှင့် ပြောနေလေသည်။ တော်တော် အရှိန် ရလာသောအခါ သွက်လာလေသည်။ အထစ် အငေါ့လည်း အစတုန်းကလောက် မရှိတော့ပါ။ ကြာလာ လေလေ ဒေါပါလာလေလေ၊ စားပွဲနောက်မှ ပြောနေရာမှ တဖြည်းဖြည်း စားပွဲစွန်းသို့ ရောက် လာလေသည်။ နောက် စားပွဲရှေ့သို့ ရောက်လာလေ သည်။ နားထောင်နေသည့် ကျောင်းသား-ကျောင်းသူ များမှာ စိတ်ဝင်စားစွာ နားထောင်နေသည့်ဟန် မတူပါ။

တစ်ခါတစ်ရံ ကြွက်စီကြွက်စီဖြစ်လာပါသည်။ မိန့်ခွန်းကလည်း ရှည်လျားပါသည်။ ပြောရင်း ပြော ရင်းပင် သူ့လုံချည် ကို မ၍ ဒူးနှင့်ညှပ်ထားလေသည်။ ခဏခဏ မပါများသောအခါ၊ ဒူးပေါ်ကာနီးလာလေ သည်။ သည်အထဲ လုံချီက ရုတ်တရက်ပြုတ်ကျ၍ ကတိုက်ကရိုက်ဖမ်းပြီး ပြန်ဝတ်ရသေးသည်။ အတော်ကြီး ကြာမှ မိန့်ခွန်းဆုံးသွားလေ၏။ ညီလာခံကြီးကျင်းပနေပုံကို ကျွန်တော့်မျက်စိထဲတွင် ရေးရေး သာမြင်ပါ တော့သည်။

မန်းတင်

ပဲခူးကဝေ
ဂန္ထလောကမဂ္ဂဇင်း ၁၉၂၅ သည် တက္ကသိုလ်နယ်မြေအတွင်းရှိ မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်း၏ လစဉ်ထုတ်စာစောင်ဖြစ်လေသည်။

ထိုအသင်း၏ရည်ရွယ်ချက်မှာ ကမ္ဘာအရပ်ရပ်မှ စာပေများကို မြန်မာပြန်ဆိုရန် စာကြည့်ခန်းများ တည် ထောင်ဖွင့်လှစ်ရန် စာပေဝါသနာရှင်များကို မြေတောင်မြှောက်ပေးရန်ဖြစ်ရာ ဂန္ထလောကမဂ္ဂဇင်း၌လည်း အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ဝတ္ထုကောင်း၊ ဆောင်းပါးကောင်း၊ အက်ဆေးကောင်း၊ ကဗျာကောင်း၊ စာပေဝေဖန်စာကောင်းများ၊ စာကြည့်ခန်း၊ စာကြည့်တိုက်၊ သတင်းများအပြင် ဘာသာပြန်ပြိုင်ပွဲ စာမူ ကောက်နုတ်ချက်များ ထည့်ပေးလေ့ရှိ၏။

ပြိုင်ပွဲစာမူများသည် နိုင်ငံခြားဝတ္ထုတို၊ ဆောင်းပါး၊ အက်ဆေး၊ ကျမ်းကောက်နုတ်ချက်စသည်ဖြင့် အမျိုး အစားများလေသည်။ ဘာသာပြန်အကောင်းဆုံး စာမူအတွက် ချီးမြှင့်ငွေမှာမူ စာအတိုအရှည်လိုက်၍ ၁၅ ကျပ်သော်လည်း၊ ၁၀ ကျပ်သော်လည်းကောင်း ဖြစ်တတ်လေသည်။

ထိုဘာသာပြန် စာပေပြိုင်ပွဲများကို စာပေဝါသနာရှင် အများအပြားဝင်ရောက်ပြိုင်ဆိုင်ခဲ့ကြသည်တွင် မောင်ညွှန့်(ပုဂံဆောင်)၊ (သခင်)ဘသောင်း၊ သီလဝ(မောင်သန့်)၊ မောင်ဝ(ဦးစိန်တင်)၊ မောင်မျိုးမင်း (ပခုက္ကူမြို့)၊ ဟင်္သာတဆရာ(ဦးဘိုးရင်)၊ မေအုန်း(ကိုအုန်း)၊ သူရိယကန္ထိ(ဂျေအေသန်း) စသူတို့လည် စာမူဆုချီးမြှင့်ခြင်းခံခဲ့ကြရသည်။

ဤတွင် ကိုအောင်ဆန်းသည် ရေနံချောင်းအမျိုးသားကျောင်းမှ ၁၀ တန်း ၁၉၃၂ ကို အထူးအမှတ်များ ဖြင့် အောင်မြင်၍ တက္ကသိုလ်ကျောင်းတိုက်သို့ရောက်လာခဲ့လေသည်။ ပဲခူးကျောင်းဆောင်သားဖြစ်လာ ခဲ့လေသည်။

သူသည် ဥပစာတန်းတက်ရင်း အားအားရှိသမျှ နိုင်ငံရေး၊ လူမှုရေးစာများကို ဖတ်ရှုလေ့လာတတ်လေ သည်။ စာပေမဂ္ဂဇင်းများနှင့်လည်း နီးစပ်ရင်းနှီးလေသည်။
ထိုအခါ ၁၉၃၃ ခုနှစ် နိုဝင်ဘာလထုတ် ဂန္ထလောကမဂ္ဂဇင်းဘာသာပြန်စာပေပြိုင်ပွဲ အမှတ် ၄၁ ကို သူ သတိပြုမိလေသည်။ ထိုစာမူမှာ ပါမောက္ခဟာရိုဂျေလတ်စကီး၏စာတစ်ပုဒ်ဖြစ်လေသည်။
ပါမောက္ခလတ်စကီးသည် နာမည်ကျော် လန်ဒန်တက္ကသိုလ် ဘောဂဗေဒကျောင်းတိုက်မှ  နိုင်ငံရေးပ ညာရှင်ဖြစ်လေသည်။ သူရေးသမျှ စာများသည် ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံရေးပညာ လေ့လာသူများအပေါ် အလွန်သြဇာညောင်း၏။

ယခု ဂန္ထလောကမဂ္ဂဇင်းလာ ကောက်နုတ်ချက်တွင် လွတ်လပ်စွာ တွေးခေါ်မှုအကြောင်းကို ပါမောက္ခ ကြီးက တင်ပြထားသည်ဖြစ်ရာ ထိုစာကောက်နုတ်ချက်သဘော အချုပ်မှာကား ပြည်ရွာအကျိုးအတွက် လူအများလွတ်လပ်စွာ တွေးခေါ်ခွင့်ရဖို့လိုပါသည်။ လူအများ လွတ်လွတ်လပ်လပ်စဉ်းစားတွေးခေါ်၍ သဘောတူလက်ခံသော တိုင်းပြည်နိုင်ငံသာလျှင် အရာရာအခြေခိုင်ပါသည်။ ထိုအခါ လူတစ်ဦးတစ် ယောက်အဖို့ အရာကိစ္စ သင့်မသင့်၊ ကောင်းမကောင်း ချင့်ချိန်ဝေဖန်လိုသော စိတ်မျိုးကို နိုင်ငံတော်က လေးစားရမည်ဖြစ်ပါသည်။ ဤသို့တွေး၊ ဤသို့လုပ်ဟူ၍ နိုင်ငံတော်က စေခိုင်းသော် တစ်ခါတစ်ရံထိ ရောက်သလိုလို ထင်ရသော်လည်း နောက်ဆုံးတစ်နေ့တွင် ပြင်းထန်သော ပြုပြင်မှုနှင့် ကြုံရတတ်ပါ သည် ဟူ၍ ဖြစ်လေသည်။

ကိုအောင်ဆန်းသည် ပါမောက္ခလတ်စကီး၏စာကိုဖတ်ရှုဘာသာပြန်ဆို၍ ပဲခူးကဝေဟူသော ကလောင် အမည်သုံးကာ ပြိုင်ပွဲဝင်လေသည်။
၁၉၃၄ ခုနှစ် ဇန်နဝါရီလထုတ် ဂန္ထလောကမဂ္ဂဇင်းတွင် ဘာသာပြန်စာပေပြိုင်ပွဲအမှတ် ၄၁နှင့်ပတ်သက် ၍ အကဲဖြတ်စာပါလာလေသည်။ အောက်ပါကောက်နုတ်ချက်ကို ကြည့်ပါလေ။

ပဲခူးကဝေမှာ တိုးတက်ရန်အလားအလာရှိ၏။ သို့သော် ဘာသာပြန်ပုံ တိုက်ရိုက်ကျလွန်း စင်းလွန်း၏။ ဘာသာပြန် ဆရာကောင်းဖြစ်ဖို့ မြန်မာစာပိုမိုဖတ်ရှုလေ့လာရမည်။ မောင်သိန်း၏အရေးအသားကား ရှင်းလင်းလွယ်ကူ၍ အနက်ပေါ်လွင်ပါ၏။ ဘာသာပြန်ပုံ အကောင်းဆုံးဟုဆိုနိုင်သော်လည်း ဘာသာ ပြန်ရာတွင် အမှားအယွင်းတွေပါနေသည်။ ပဲခူးကဝေကဲ့သို့ပင် ခက်ခဲသော ဘာသာပြန်အတတ်တွင် အလေ့အကျင့်လိုနေပေသေးသည်။ ယခု ပြိုင်ပွဲအတွက် အကောင်းဆုံးစာမူ သတ်သတ်ချီးမြှင့်နိုင်ဖို့ အဆင့်အတန်းလိုသေးသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဆုငွေ ၁၀ ကျပ်ကို မြောင်းမြအစိုးရအထက် ကောင်းမှ မောင်သိန်းနှင့် ပဲခူးကဝေ(အောင်ဆန်းယူနီဘာစတီကောလိပ်)တို့နှစ်ဦးအား ခွဲဝေချီးမြှင့် လိုက်သည်။

တိုက်စိုး

ကြည့်ရန်စာ-
(၁) "Prize Competition No.41" The World of Books,
Vol. 17, No.106 (November 1933), 461.
(၂) "Competition No.41 Award" The World Books,
Vol. 18, No. 108 (January 1934), 563-564.
(၃) ဒဂုန်ရွှေမျှား၊ မြန်မာနိုင်ငံစာပေဆုများ၊ ရန်ကုန်၊ စာပေဗိမာန်၊ ၁၉၇၂

ဆက်ရန်
.

No comments: