Thursday, September 29, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အပိုင်း (၂၃)

"ဟာနီ က ကလေးကို စင်တိန့်ပေါင်ပေါ်တွင် တင်ပေးလိုက်သည်။ ဆက်လက်၍လည်း စင်တိန် ကလေးကို နို့တိုက်၍ ရအောင် ၀ိုင်းဝန်းကိုင်တွယ် ကူညီပြသပေးရာ အဆင်ပြေသွားသည်။ နို့စို့နေသော ကလေး၏ လက်သီးဆုပ် ကလေးကို စင်တိန်က ကိုင်ကြည့်လိုက် ဖြေကြည့်လိုက်နှင့် လုပ်နေသည်။ လက်ချောင်း ကလေး များက နီရဲပြီး လက်သည်းခွံကလေးများက စပါးစေ့ခန့်သာ ရှိသည်။

ကလေး က နို့စို့၍ ၀သွားသောအခါ မှိန်းပြီးအိပ်လိုက်သည်။ ထိုအခါကျမှပင် စင်တိန်သည် ကလေးမျက်နှာ ကို ပြုံး၍ ကြည့်နေသည်။ နှာခေါင်းက မိုက်ကယ့်နှာခေါင်းမျိုး၊ အထူးသဖြင့် ဗိုလ်ချုပ်ကြီး ရှောင်ကုတ်နေ ၏ နှာခေါင်း နှင့် ပိုတူသည်။

"တကယ့်ကို ကုတ်နေမိသားစုရဲ့ နှာခေါင်းကျပုံမျိုးပါပဲလား" စင်တိန်က အသံထွက်ပြီး ပြောလိုက်သည်။
ကလေး က နို့ပြန်စို့လာပြန်သဖြင့် စင်တိန်က ဂရုစိုက်ပြီး တိုက်လိုက်ပြန်သည်။ ဟာနီက လွှင့်ပစ်စရာ ရှိသည် များကို သစ်ရွက်ကြီးများနှင့် ထုပ်ပြီး အဝေးသို့ သွားလွှင့်ပစ်သည်။ ဟာနီပြန်လာသောအခါ ကလေး က စင်တိန့်ပေါင်ပေါ်တွင် အိပ်ပျော်နေချေပြီ။

"နမ်ချိုင်း၊ မင်း ခွင့်ပြုမယ်ဆိုယင် င့ါအဖေကြီး အိုဝါ ကို သွားခေါ်လာချင်တယ်၊ သူလဲ ကလေးငိုသံ ကြားတော့ စိတ်စောနေမှာပဲ" ဟာနီက စင်တိန်ကို ပြောသည်။
"အို ... ဟုတ်သားပဲ၊ အဖေကြီးကို သွားခေါ်ပါ မြန်မြန်သွားခေါ်ပါ၊ သူလဲ မြေးလေးကို တွေ့ချင်လှရောပေါ့" စင်တိန် က ၀မ်းသာအားရ ပြောလိုက်သည်။ သူသည် အိုဝါကို မေ့နေရာမှ အခု သတိရလာပြီး သူမ မွေးထား သော ကလေးကို ပြချင်လာသည်။

အိုဝါ သည် ရှက်ကိုးရှက်ကန်းဖြင့် မရွံ့မရဲ ရောက်လာသည်။ စင်တိန်နှင့် ခပ်လှမ်းလှမ်းတွင် ဆောင့်ကြောင့် ယို့ယို့ကလေး ထိုင်လိုက်သည်။
"ရှေ့တိုးပါ အဖေကြီးရဲ့" စင်တိန်က ပြောလိုက်သည်။ အိုဝါသည် ရှေ့သို့ မသိမသာ တိုးလာပြီး စင်တိန့် ပေါင်ပေါ် မှ ကလေးကိုသာ အာရုံစိုက်ကြည့်ပြီး အကဲခတ်နေသည်။
"ဘယ်လိုမြင်သလဲ အဖေကြီး၊ သူဟာ အမဲလိုက်သမား ဖြစ်မှာလား၊ အိုဝါလိုပဲ ရဲရင့်ပြီး ကျွမ်းကျင်တဲ့ အမဲ လိုက် သမား ဖြစ်မှာလား"

အိုဝါသည် ပြောစရာစကား ရှာမတွေ့သဖြင့် ခစ်ခနဲ ရယ်လိုက်သည်။ ကလေးက ခြေထောက်နှစ်ဖက်ကို စုံကန် လိုက်သောအခါ အိုဝါပိုသဘောကျသွားပြီး တခစ်ခစ်ရယ်ကာ ပြောလိုက်သည်။
"အခုလို မွေးကင်းစကလေးကို ထပ်တွေ့ရလိမ့်မယ်လို့လဲ မထင်ခဲ့ဘူး၊ ကလေးငိုသံကိုတောင် ကြားရလိမ့် မယ် မမျှော်လင့်ခဲ့တော့ပါဘူးကွယ်၊ အခုတော့ အိပ်မက် မက်နေရသလိုပါပဲလား" အိုဝါက ကလေး ခြေထောက် ကလေးကို တယုတယ ကိုင်ပြီး ပြောလိုက်သည်။

အိုဝါဖွဖွလေးကိုင်ထားသော ကလေးခြေထောက်က ထမ်မံ လှုပ်ရှားကာ ကန်လိုက်ပြန်သည်။ အိုဝါသည် ထိုင်နေရာက ခုန်ထပြီး ကတော့သည်။ ပူဇော်ပသချီးမြှောက်သော အကဖြင့် ကသည်။ သာရေအခင်းပေါ် တွင် ထိုင်နေသော စင်တိန်တို့သားအမိအား လှည့်ပတ်ပြီး ကသည်။ အိုဝါက၍ သုံးပတ်လောက် ရသွား သော အခါ ဟာနီလည်း မည်သို့မျှ အောင့်အည်း ထိန်းသိမ်းထား၍ မရနိုင်တော့ဘဲ အိုဝါနောက်မှလိုက်ကာ ကတော့သည်။

အဘိုးကြီးအဘွားကြီးတို့၏ ၀မ်းသာကြည်နူးမှုကား ပြောပြ၍ မရနိုင်လောက်အောင်ပင် ရှိတော့သည်။ အိုဝါ၏ တေးသီချင်းသံကား တောတောင်အားလုံးကို ပဲ့တင့်ထပ်လာသည်။ ဟာနီကလည်း သံပြိုင်လိုက်ဆို သည်။
အိုဝါ က ကလေးငယ်ကို ချီးကျူးထောပနာပြုကာ တေးဖွဲ့သီဆိုနေသည်။

"သူမြားတွေက ကြယ်တာရာတွေအထိ ပျံတက်သွားလိမ့်မယ်၊ လူတွေက သူ့အကြောင်း ချီးကျူးပြောဆိုကြ တာ စကြာဝဠာတစ်ဆုံး ပဲ့တင်သွားလိမ့်မယ်"
"ရေကောင်းကောင်းကို သူရှာတွေ့လိမ့်မယ်၊ ဘယ်နေရာသွားသွား ရေကောင်းရေသန့်ကို သူ တွေ့ လိမ့် မယ်"
"တစ်ခြားသူ တွေ မျက်စိမှောက်နေတဲ့အချိန်မှာ သူဟာ အမဲကောင်းကောင်း လိုက်နိုင်လိမ့်မယ်"
"ကျောက်ဆောင် ကျောက်သား ထူထပ်တဲ့နေရာမှာတောင် သူဟာ အလွယ်တကူ သားကောင်ခြေရာ ခံနိုင် လိမ့်မယ်"

"ပြီးတော့ သူ ရေကောင်းရေသန့်ကို ရှာတွေ့လိမ့်မယ်၊ စခန်းချရာနေရာတိုင်းမှာ ရေကောင်းကို ရှာတွေ့ လိမ့် မယ်"
"အချောဆုံး အလှဆုံး အပျိုစင်ကလေးက ညဘက် သူစခန်းချရာ မီးပုံဆီ ကို လာလိမ့်မယ်"
အိုဝါ နှင့် ဟာနီတို့သည် ဆန်လူမျိုးတို့၏ အကောင်းဆုံး ချီးကျူးထောမနာပြုမှုများဖြင့် ကလေးငယ်အား ဆုတောင်း ပထနာပြုကာ သီဆိုကခုန်ကြသည်။
နောက်ဆုံး အဘိုးကြီးနှင့် အဘွားကြီး နှစ်ယောက်စလုံး မောပန်းကာ မဆိုနိုင် မကနိုင်ကြတော့ဘဲ စင်တိန် တို့ သားအမိ ရှေ့တွင် လာထိုင်ကာ အမောဖြေနေကြသည်။

"ဒီကလေးရဲ့ အဘိုးအဘွားတွေ အဖြစ်နဲ့ ငါတို့က ဒီကလေးကို နာမည်ပေးချင်တယ် နမ်ချိုင်း မင်းခွင့်ပြုမှာ လား" ဟာနီက ရှက်ဟန်ပါပါဖြင့် မေးလာသည်။
"ခွင့်ပြုပါတယ် အဖေကြီး အမေကြီးတို့ရယ်၊ စိတ်ကြိုက်သာ ပေးပါ၊ ပေးစမ်းပါ"
ဟာနီက အိုဝါကို လှမ်းကြည့်သည်။ အိုဝါက ခေါင်းဆတ်ပြီး အားပေးလိုက်သည်။
"ဒါဆိုယင် ဒီကလေးကို တို့က ရှာဆာလို့ နာမည်ပေးလိုက်မယ်"
အိုဝါ နှင့် ဟာနီတို့၏ ကြီးမားသော မဟာဂုဏ်ပြု အမွှမ်း တွင် မျက်ရည်ဥများပင် စို့လာသည်။ ဆန်လူမျိုး တို့၏ ကမ္ဘာတွင် အဘိုးအတန်ဆုံးနှင့် အသက်ရှင်ရေးအတွက် မရှိမဖြစ် အလိုအပ်ဆုံးအရာကို သူ့ သားငယ် အား ပေးလိုက်ခြင်းပင် ဖြစ်သည်။

"ရှာဆာ ... ကောင်းသော ရေ"
စင်တိန် က မျက်တောင်ကို တဖျပ်ဖျပ်ခတ်ကာ မျက်ရည်ပေါက်များကို ပြန်သွင်းလိုက်ပြီး ပြောလိုက်သည်။
"ဒီကလေး ကို ကျွန်မက မိုက်ကယ်ရှာဆာဒီသိရီကုတ်နေလို့ နာမည်ပေးလိုက်မယ်"

ရေပူအိုင်မှ ကန်ဓာတ်ပါသော ရေများတွင် စိမ်၍ ချိုးရခြင်းက မျက်နှာမြင်ပြီးစ စင်တိန်အား ကျန်းမာရေး ကို လျင်မြန်စွာ ပိုကောင်းလာစေသည်။ စင်တိန်၏ အသားအရေက ပြန်လည် စိုပြည်လာပြီး ဗိုက်သား ကလည်း နဂိုအတိုင်း ချပ်ချပ်ရပ်ရပ် ပြန်ဖြစ်သွားသည်။ သားကလေးရှာဆာသည် နို့အား ကောင်းစွာ စို့ရ သဖြင့် ရေထိ ပန်းသဖွယ် လန်းဆန်းရှင်သန်လာသည်။ ဖွံ့ဖြိုးလာသည်။
"ရေပူအိုင် က ရေကို သောက်တဲ့ မိခင်ရဲ့ နို့ချိုကို စို့ရတဲ့ ကလေးရဲ့ အရိုးတွေဟာ ကျောက်ဆိုင် ကျောက်သား လို မာကျောမယ်၊ သွားတွေ ဆင်စွယ်လို ဖြူစင်တောက်ပလာမယ်၊ ဒါဟာ ဒီရေဒီမြေရဲ့ ထူးခြားချက်ပဲ" ဟာနီက စင်တိန်ကို ရှင်းပြသည်။

မွန်းလွှဲပိုင်းတွင် စင်တိန်သည် ရှာဆာကို သားမွေး အခင်းပေါ်တွင် သိပ်ကာကန်စပ်တွင် ထားပြီး သူမက ကန်ထဲ ရေ ဆင်းချိုးသည်။ စင်တိန်သည် ရေထဲတွင် လည်းပင်အထိ ဇိမ်ခံရေချိုးသည်။ ကလေးကို ကန်စပ် ဘေးတွင် သူ့မျက်စိတစ်ကမ်း၌ ထားရှိသည်။ ကလေး၏ အိပ်နေသော ဟောက်သံများကိုပင် ကြား ရသည်။

ရေကန်အောက်ခြေ တွင် ကျောက်တုံးကျောက်ခဲများဖြင့် ခြေဖြင့် စမ်းမိသည်။ ထိုကျောက်တုံးများကို ရေငုပ် ပြီး လက်ဖြင့် ဆယ်ယူကာ နေရောင်တွင် ထောင်ကြည့်လိုက်သည်။ ကျောက်တုံးများက အရောင်မျိုးစုံ ဖြင့် ထူးခြား လှပသဖြင့် စင်တိန်အဖို့ စိတ်ကြည်နူးလာသည်။ အချို့က မဟူရာကျောက်နှင့် တူသည်။ ပျံလွှားဥ များသဖွယ် ချောမွေ့နေသည်။ အချို့ ကျောက်တုံးများက အပြာနုရောင် ရှိပြီး အတွင်း ၌ အနီရောင်ကြိုး အဆင်းကြောင်းများ ပါရှိသည်။ အချို့တွင် ပန်းရောင်နှင့်အ၀ါရောင် အစင်းများ ရှိသည်။ ကျောက် များက အရောင်အသွေးမျိုးစုံ ပုံစံမျိုးစုံဖြင့် ဖိတ်ဖိတ်တောက်နေသည်။
"ငါ ဒီကျောက်တွေနဲ့ လည်ဆွဲတစ်ခု လုပ်ပြီး ဟာနီကို ပေးမယ်၊ ရှာဆာက ဟာနီအတွက်  အမှတ်တရ လက်ဆောင်ပေါ့"

စင်တိန်သည် အလှဆုံးနှင့် ပုံသဏ္ဍာန် အဆန်းအပြားဆုံး ကျောက်တုံးများကို ရွေးချယ် ထုတ်လိုက်သည်။ ထို့နောက် လည်ဆွဲအလယ်ခေါင်မှ ဗဟိုမဏ္ဍိုင်ထားရန် စိတ်ကြိုက် ကျောက်တစ်လုံးကို ထပ်မံ ရှာဖွေ ရွေးထုတ်လိုက်ပြန်သည်။ သူမ စိတ်ကြိုက်ပုံစံရွေးထုတ်လိုက်သော ထိုကျောက်တုံးမှာ ဖန်သားလို ကြည်လင်နေသည်။ အနီအပြာ အ၀ါမပါဘဲ အရောင်မဲ့မှန်သားပမာ ဖြစ်သော်လည်း နေရောင်တွင် ထောင်ကြည့် လိုက်လျှင်မူ သက်တန့်ရောင်၊ ရောင်စဉ်များ ဖြာထွက်နေသည်။ ထိုကျောက်တုံးမှာ မွန်ဂို အသီး အမှည့် အရွယ်ရှိပြီး သွေးထားသော ကျောက်ကဲ့သို့ပင် ထောင့်အသီးသီး ပါရှိသည်။ ထိုကျောက် သည် လည်ဆွဲ၏မဏ္ဍိုင်ရတနာလုပ်ရန် သင့်လျော်လွန်းလှသဖြင့် စင်တိန် တစေ့စေ့ကြည့်ကာ ပီတိဖြာ နေသည်။

စင်တိန်သည် ကလေး နို့တိုက်ရင်း ကျောက်တုံးများကို လည်ဆွဲလုပ်ရန် အမျိုးမျိုး ပုံစံချသည်။ အထပ်ထပ် အခါခါ ပြုပြင်ပြောင်းလဲ ပြင်ဆင်ပြီးမှ နောက်ဆုံး စိတ်ကြိုက်ပုံစံရသည်။ ထိုပုံစံအတိုင်း သီကုံး နိုင်ရန် အတွက် ကျောက်တုံးများကို အရိုးအပ်ဖြင့် စတင် ထွင်းဖောက်သည်။ အချို့ကျောက်တုံးက ပျော့ပြီး ကြေမွသွား သည်။ အချို့ကျောက်တုံးက မာပြီး အပေါက်ဖောက်ရန် အလွန်ခက်သည်။ အလယ်ခေါင်တွင် ထားမည့် တဖိတ်ဖိတ်တောက်နေသော မှန်သားသဖွယ် ကျောက်တုံးကမူ အရိုးအပ် တစ်ဒါဇင်ခန့် ကျိုးကုန်သည် တိုင်အောင် ဖောက်မရပဲ ဖြစ်နေသည်။

နောက်ဆုံး စင်တိန်က အိုဝါအား သူမ အကြံအစည်ကို ပြောပြအကူအညီ တောင်းသည်။ အိုဝါက သူ့လက်နက် ကိရိယာများဖြင့် ကူညီပေးသည်။ စင်တိန် ကင်းပတ်စမှ ကြိုးစများကို ထုတ်ပြီး ကျစ်ကာ လည်ဆွဲကြိုးလုပ်သည်။ ဖောက်မရအောငေ် မာသောကျောက်တုံးကို သစ်စေးကော်တစ်မျိုးဖြင့် တပ်ကာ အလယ်တွင် တွဲသီးသဖွယ် လုပ်ရသည်။ နောက်ဆုံး လည်ဆွဲပြီးသွားသည်။ စင်တိန်က မိမိလက်ရာကို ကြည့်ပြီး ကြည်နူးမိသည်။

လည်ဆွဲ လက်ဆောင်ပေးပွဲ အခမ်းအနားလေး သူတို့ ကျင်းပကြသည်။ စင်တိန်က ဟာနီအား မိခင်သဖွယ် ပြုစု စောင့်ရှောက် မွေးဖွားပေးခဲ့မှုအတွက် အထူး ကျေးဇူးတင်ကြောင်း ပြောကြားကာ ဟာနီလည်ပင်း၌ လည်ဆွဲ ကို စင်တိန်ကိုယ်တိုင် ဆွဲပေးလိုက်သည်။ သို့သော် လည်ဆွဲသည် ပစ်ဂမီလူပုလေး ဖြစ်သော ဟာနီလည်ပင်းတွင် ကြီးပြီး ရှည်ကာ သိပ်လေးနေပုံရသည်။
"ဟေ့ အဖေကြီး၊ ရှင်က နမ်ချိုင်းပေးတဲ့ မောင်းချဓားလက်ဆောင် နဲ့ သိပ်ဂုဏ်ယူနေတယ် မဟုတ်လား၊ ကျွန်မ ရတဲ့ ဟောဒီလည်ဆွဲ နဲ့ ယှဉ်လိုက်ယင် ရှင်ဟာ ဘယ်ပြောပလောက်မှာလဲ၊ ဒါကမှ တကယ့် လက်ဆောင်၊ ဒီမှာ ကြည့်စမ်းပါဦး ... ဖိုးရွှေလမင်းကြီး နဲ့ ရံရွေတော်ကြယ်တွေကို ကျွန်မ လည်ပင်းမှာ ဆွဲထားတာ မြင်သလား"

ဟာနီက လည်ပင်းမှ လည်ဆွဲကို ပုတ်ပြရင်း အိုဝါကို ကြွားလိုက်သည်။ ဟာနီသည် လည်ဆွဲကို မချွတ် တမ်း ၀တ်ထားပေသည်။ သစ်သီးကောက်ရာ သစ်ဥတူးရာတွင် လည်ပင်း၌ တွဲလောင်းကျကာ ရှုပ်နေသော် လည်း မချွတ်ပေ။ မီးပုံဘေး ချက်ပြုတ်ရာတွင်လည်း မချွတ်ပေ။ ညအိပ်လျှင်ပင် ၀တ်ထား သည်။ ဟာနီ၏ ရင်ပတ်ပေါ်၌ တဖိတ်ဖိတ် တောက်နေသော လည်ဆွဲကို သူမ အိပ်ပျော်နေချိန်တွင်ပင် စင်တိန် လှမ်းမြင်နေ ရသည်။

လည်ဆွဲ ကိစ္စပြီးသွားကာ စင်တိန်လည်း မွေးဖွားပြီးနောက် ရက်အတော်ရ၍ လုံးဝ ပြန်လည် နေကောင်း လာ သည်။ ထိုအခါ အထူးအထွေလုပ်စရာ မရှိဘဲ ဖြစ်နေရာ ကျောက်နံရံများ ၀ိုင်းနေသော တောင်ကြား ထဲ၌ နေရသည်မှာ မြင့်မားသော နံရံများ ၀ိုင်းနေသည့် ထောင်ထဲ၌ နေရသလို ခံစားလာရသည် နေ့တာ များက ရှည်လွန်းကုန်ခဲလွန်းလှပြီး ငြီးငွေ့စရာကောင်းလာသည်။
စင်တိန့် ပေါင်ပေါ်တွင် ရှာဆာက အိပ်နေခြင်း၊ နို့တိုက်ရခြင်း၊ ရှာဆာကို ပခုံးတွင် သိုင်းပြီး သစ်သီး ကောက် ခြင်း၊ ဟာနီ ချက်ပြုတ်သည်ကို ၀ိုင်းကူရခြင်းတို့သည်သာ နေ့စဉ် မပြောင်းလဲသော အလုပ်များ ဖြစ်နေသည်။ တစ်ခါတစ်ရံ ဟာနီက ရိုးရိုးနောက်ပြောင် ပြောဆိုသည်ကိုပင် စင်တိန် ကျွဲမြီးတို တတ် လာသည်။

ထိုအခါမျိုးတွင် စင်တိန်သည် ကလေးချီပြီး တခြားတစ်နေရာသို့ ထသွားတတ်သည်။ ကလေးကို ပေါင်ပေါ် တွင် ထားပြီး ပြင်သစ် လို သို့မဟုတ် အင်္ဂလိပ်လိုဖြင့် ကလေးကို တစ်ယောက်တည်း စကားပြောနေတတ် သည်။ သူမပြောသော အကြောင်းမှာ မိုက်ကယ့်အကြောင်း၊ သူမ၏ဖခင်နှင့် စံအိမ်တော်ကြီးအကြောင်း၊ အန် အကြောင်း၊ ဗိုလ်ချုပ်ကြီးကုတ်နေအကြောင်း စသည်ဖြင့် သူ့စိတ်ထဲ၌ စွဲမိစွဲရာများကို ပြောနေတတ် သည်။

နေ့ရက်လတို့ ကုန်ဆုံးသွားပြီး သဲကန္တာရ၏ ရာသီဥတုတစ်မျိုး ပြောင်းသွားသည်။ အပင်များ ပွင့်ပြီး အသီး ပြန် သီးလာသည်။ ဆာရှာက လေးဘက်ထောက် သွားတတ်လာသည်။ စင်တိန်အဖို့ ဤတောင်ကြီး ချိုင့်ဝှမ်း ထဲ၌ တစ်သက်တာလုံး အကျဉ်းသားဘ၀ဖြင့် နေသွားရမည့်အရေးကို ဘ၀င်မကျသလို ဖြစ်လာရ သည်။
"သူတို့ ကတော့ ဒီမှာနေပြီး ဒီမှာ သေဖို့လာကြတာ၊ ဒါပေမယ့် ငါဒီမှာ တစ်သက်လုံး နေမသွားနိုင်ဘူး၊ ငါတို့ သားအမိ ဘ၀ အတွက် ထွက်ပေါက်ရှာရမယ်"
ဟာနီ က စင်တိန့်အမူအရာများ ပြောင်းလဲနေသည်ကို အကဲခတ်မိလာသည် အခြေအနေကို ရိပ်စားမိလာ သည်။ ထို့ကြောင့် ဟာနီက အိုဝါ ကို လက်သိပ်ထိုးပြောလာသည်။

"နက်ဖြန်ကျယင် နမ်ချိုင်း နဲ့ ကျွန်မ ဒီတောင်ကြားကနေ အပြင်ကို သွားလိုက်ဦးမယ်"
"ဘာဖြစ်လို့လဲ အမေကြီး"
အိုဝါ အံ့အားသင့်သွားပြီး နားမလည်သလိုဖြင့် မေးလိုက်သည်။
"ကျွန်မတို့အတွက် ဆေးလဲလိုတယ်၊ အစားအသောက်လဲ အပြောင်းအလဲ ဖြစ်ဖို့လိုတယ်"
"လိုဏ်ခေါင်း တစ်လျှောက် အစောင့်အရှောက်တွေကို ကျော်ဖြတ်သွားဖို့ဆိုတာ အန္တရာယ်ကြီးလှပါတယ် အမေကြီးရာ"
"ပျားတွေအိပ်နေမယ့် မနက် အရုဏ်မတက်မီ အေးတဲ့အချိန်မှာ ဒီကထသွားမှာပေါ့၊ ပြီးတော့ ညနေ၀င်ချိန် မှာ ပြန်လာမှာပေါ့၊ အစောင့်အရှောက်တွေကလဲ ကျွန်မတို့ကို လက်ခံခွင့်လွှတ်ထားပြီပဲဥစ္စာ ကိစ္စ မရှိ ပါဘူး"

အိုဝါက ထပ်မံကန့်ကွက်တားမြစ်ရန် စိုက်ကြည့်နေစဉ်မှာပင် ဟာနီက ဆက်ပြောသည်။
"သွားဖို့ လိုကိုလိုအပ်လို့ပါ အဖေကြီးရဲ့၊ ရှင်တို့ ယောက်ျားတွေ မသိနားမလည်တဲ့ ကိစ္စတွေ ရှိသေးတယ် ရှင်ရဲ့"

ဟာနီက စင်တိန်အား ပြင်ပသို့ ထွက်မည့်အကြောင်း ပြောလိုက်သောအခါ စင်တိန်သည် ဟာနီ မျှော်လင့် ထားသည် ထက်ပင် ပို၍ ပျော်ရွှင်မြူးသွားသည်။
သူတို့ သွားမည့်နံနက်တွင် ကြိုတင်စီစဉ် သတ်မှတ်ထားသည့် အချိန်ထက်ပင်စောပြီး စင်တိန်က ဟာနီ အား လာရောက်လှုပ်နှိုးသည်။ ပျားများရှိသော လိုဏ်ခေါင်းထဲမှနေ၍ သူတို့ တိတ်ဆိတ်ငြိမ်သက်စွာ ထွက်လာ ကြသည်။ စင်တိန်သည် သားကလေးရှာဆာ ကို ကျောတွင် အ၀တ်ဖြင့် ပိုးပြီး လွယ်အိတ်ကို ပခုံး တစ်ဘက် တွင် လွယ်လာသည်။

လိုဏ်ခေါင်းဝမှနေ၍ ဆုံးစမတင်သော သဲကန္တာရပြင်ကျယ်ကြီးထဲသို့ ပြေးထွက်လာသော စင်တိန်သည် ကျောင်းလွှတ် လိုက်သော ကလေးတစ်ဦး ကျောင်းဝင်းထဲမှ ပျော်ရွှင်မြူးတူးစွာဖြင့် ထွက်လာပုံနှင့် တူလာ သည်။ စင်တိန် နှင့် ဟာနီတို့ တစ်မနက်လုံး စကားတပြောပြောနှင့် တောထဲလျှောက်သွားကာ ဟာနီ လိုချင် သော သစ်ဥတစ်ဖုများကို ရှာဖွေ တူးဖောက်ယူကြသည်။

နေ့လယ်ပိုင်းတွင် နှမ်းလုံးကြိုင်ပင် တစ်ပင်အောက်၌ နေရိပ်ခိုကာ နားနေကြသည်။ စင်တိန်က ကလေးကို နို့တိုက် ချော့မြူးနေပြီး ဟာနီက ဘေးဘက်တွင် ကွေးကွေးလေးအိပ်နေသည်။ နို့တိုက်ပြီးသောအခါ ကလေး က ပေါင်ပေါ်တွင် အိပ်ပျော်သွားသည်။ စင်တိန်လည်း သစ်ပင်တွင် မှီပြီး ငိုက်မျဉ်းလာသည်။ တစ်အောင့် ကြာတွင် စင်တိန် နိုးလာသည်။ ခပ်လှမ်းလှမ်းတွင် အကောင် ၁၀၀ခန့်ရှိသော တောရိုင်း မြင်းကျားအုပ် တစ်အုပ်ကို တွေ့ရသည်။ မြင်းကျားများ သွားလာလှုပ်ရှား ဆော့ကစားနေသည်ကို စင်တိန် ငေးကြည့်နေ မိသည်။

အတော်ကြာသွားသောအခါ မြင်းကျားများ လန့်ပြီး ထွက်ပြေးသွားကြသည်ကို တွေ့ရသည်။ လူရိပ်များ လိုလို ပုံသဏ္ဍာန်များကိုလည်း အတော်ဝေးဝေးတွင် ၀ိုးတ၀ါး လှမ်းမြင်ရသည်။
"တစ်ခုခု တော့ တစ်ခုခုပဲ၊ ဘာလဲလို့တော့ ငါလဲ အသေအချာ မသိဘူး၊ မြင်းကျားအရိုင်းတွေ ပြေးကြတာ ထူးတယ်၊ သူတို့ တစ်ခုခု အနံ့ရလို့ ဖြစ်နိုင်တယ်၊ ငါတော့ သိပ်ဘ၀င်မကျဘူး နမ်ချိုင်း၊ ကဲ တို့တောင်ကြား စခန်း ကို ပြန်ကြရအောင်၊ အိုဝါကို ပြောပြယင် သူသိနိုင်တယ်၊ သူက ငါ့ထက်ပိုကျွမ်းတယ်" ဟာနီက စင်တိန် အား ပြောလိုက်သည်။

"အို ဟာနီရယ်၊ နေပါဦး ... ဒီမှာ နေရတာ ကျွန်မ စိတ်လွတ်လပ်ပြီး ချမ်းမြေ့လို့ပါ"
"ဒီနေရာရဲ့ လက်ရှိအခြေအနေကို ငါတော့ သိပ်မကြိုက်ဘူး" ဟာနီက ထပ်ပြောလိုက်သည်။
"ပျားကောင် တွေက ရှိသေးတယ်လေ၊ မိုး မချုပ်သေးယင် အဲဒီနေရာကို ဖြတ်လို့ ဘယ်ဖြစ်ပါ့မလဲ"
စင်တိန် က ပြောလိုက်သည်။ ဟာနီက မျက်မှောင်ကြုတ်ကာ အနည်းငယ်တွေးလိုက်ပြီး နောက်ဆုံး ခဏ ဆက်နေရန် သဘောတူလိုက်သည်။
စင်တိန် ချီထားသော ရှာဆာကို ဟာနီက စင်တိန့်လက်ထဲမှ လှမ်းယူချီလိုက်သည်။

"ကလေး က သိပ်ထွားလာတာပဲ၊ ဒီကလေးလူလားမြောက်ပြီး ကြီးပြင်းတဲ့အချိန်အထိ ငါမြင်သွားပါရစေလို့ ဆုတောင်း ပါတယ်"
ဟာနီက ခပ်တိုးတိုး ညည်းလိုက်သည်။ သူမ၏ တောက်ပသော အနက်ရောင် မျက်လုံးထဲတွင် ၀မ်းနည်း သော အရိပ်အယောင် သန်းနေသည်။
"တွေ့ရမှာပေါ့ အမေကြီးရယ်၊ ဒီကလေး လူလားမြောက်လာတဲ့ အရွယ်အထိ အမေကြီးနေရဦးမှာ" စင်တိန် က နှစ်သိမ့်သော အပြုံးဖြင့် ပြုံးပြပြီး ပြောလိုက်သည်။
"မင်းတို့သားအမိနှစ်ယောက် မကြာခင်တစ်နေ့မှာ တို့ကို ခွဲသွားကြတော့မယ်ဆိုတာ ငါ့စိတ်ထဲမှာ အလိုလို သိနေတယ်၊ မင်းတို့မျိုးနွယ်တူတွေဆီ မင်းတို့ ပြန်သွားကြမှာပါ၊ မင်းတို့ အဲဒီလို ပြန်သွားကြပြီဆိုယင်တော့ ဒီအဘွားကြီး ရဲ့ဘ၀မှာ ဘာမှ ကျန်ရှိတော့မှာ မဟုတ်ပါဘူး"

ဟာနီက စင်တိန်ကို မော့မကြည့်ဘဲ သူမပေါင်ပေါ်မှ ကလေးကိုသာ စိုက်ကြည့်ပြီး ပြောနေသည်။ သူ့အသံ က ၀မ်းနည်းဆို့ နင့် သံ ပါနေသည်။
"အို ... ဒီလို မဟုတ်ပါဘူး အမေကြီးရယ်၊ တစ်နေ့မှာ ကျွန်မတို့ အရပ်ကို ပြန်သွားကောင်းသွားမယ်ဆိုတာ တော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ကျွန်မတို့ ပြန်လာမှာပါ၊ ဒါကိုတော့ ကျွန်မ ကတိပေးပါတယ်"
"ကဲ ... အပူရှိန်လဲ ကျသွားပြီ၊ နေလဲ ၀င်တော့မယ်၊ သွားကြစို့"

ဟာနီက ပြောပြောဆိုဆိုနှင့် ထိုင်ရာမှ ထလိုက်သည်။ ထို့နောက် နှစ်ဦးသား တောင်များဆီသို့ ဦးတည်ကာ ပြန်လျှောက် လာကြသည်။ ဟာနီက ရှေ့မှ သွားသည်။ စင်တိန်က ကလေးကျောပိုးပြီး နောက်မှ လိုက်သည်။ စင်တိန်သည် ကလေးအား စကားတပြောပြောနှင့် နောက်မှလိုက်သည်။ စင်တိန် ကလေးကို ပြင်သစ် လိုသာ ပြောသည်။ ပြင်သစ်စကားကို ကလေးနားလည်ရန်နှင့် မိမိလည်း အလေ့အကျင့်ရပြီး မေ့ မသွားစေရန် ဖြစ် သည်။

ဟာနီက စင်တိန်ရှေ့ အတော်လှမ်းလှမ်းတွင် ရောက်နေသည်။ နောက်မှ လှမ်းမြင်ရရုံသာ ရှိသည်။ စင်တိန် သည် ဖြည်းဖြည်းချင်း လိုက်လာရာ တောင်စောင်း ဆင်ခြေလျှောအဆင်း မြေပျော့နေရာသို့ ရောက်သော အခါ မြင်းကျားများ၏ ခြေရာများကို ထင်ထင်ရှားရှား တွေ့လိုက်ရသည်။ ဟာနီနှင့် အိုဝါ တို့၏ ပြသသင်ကြား ပေးထားမှုကြောင့် စင်တိန်သည် ခြေရာရှာတတ်နေသည်။ တောရိုင်းတိရစ္ဆာန်တို့၏ ခြေရာ များကို ကြည့်ကာ အခြေအနေ အလားအလာများကို တွက်ဆနေတတ်င်္ပြီ ဖြစ်သည်။

သို့သော် ခြေရာများကို ကြည့်နေရင်းက စင်တိန် တစ်စုံတစ်ရာ သံသယ ၀င်လာသည်။ ကလေးကို ညာဘက် တွင် ခါးတစ်ခွင် ချီလာရာက ဘယ်ဘက်သို့ပြောင်းပြီး ခါးတစ်ခွင် ချီလိုက်ကာ ခြေရာများကို အသေးစိတ် အကဲခတ်လေ့လာလိုက်သည်။ ထူးခြားသည့် ခြေရာများကို မြင်လိုက်ရသဖြင့် စင်တိန် အံ့အား သင့် သွားသည်။
"ရှာဆာ ... မြင်းကျားခြေရာတွေ မဟုတ်ဘူး၊ မြင်းစီးသမား မြင်းခြေရာတွေ၊ လူယဉ်ကျေးတွေသုံးတဲ့ သံနဲ့ လုပ်ထားတဲ့ မြင်းခွာရာတွေ ဆာရာ၊ အင်း ... ဒီနေရာမှာ ဒါမျိုးတွေ့ရတာ တကယ့်အံ့သြစရာကြီးပဲ"

စင်တိန်က သားငယ်ရှာဆာအား တတွတ်တွတ်ပြောပြနေသည်။ မလုံ့တလုံ့ ဖြစ်သလို ၀တ်စားထားသည့် မိမိ ကိုယ်ခန္ဓာ ကို ပြန်ကြည့်ပြီး စိတ်ထဲက မလုံမလဲ ဖြစ်လာသည်။
"လူ ... ယဉ်ကျေးတဲ့ ကမ္ဘာကလူ"
စင်တိန်က ထပ်ပြောလိုက်သည်။ သူမ၏ စိတ်မျက်စိတွင် မိုက်ကယ်၏ ပုံသဏ္ဍာန်က ပေါ်လာသည်။ ရှေ့တစ်လှမ်း တိုးလိုက်ပြီး ခြေရာဘေးတွင် ဒူးထောက် ထိုင်ချလိုက်ကာ အသေအချာ အနီးအကပ် စူးစမ်း လိုက်သည်။ မြင်းခွာရာများ လတ်လတ်ကြီး ရှိသေးသည်။

"တစ်နာရီလောက်ပဲ ရှိဦးမယ် ရှာဆာ၊ သူတို့ ဒီနေရာကနေ ဖြတ်သွားတာ တစ်နာရီလောက်ပဲ ရှိဦးမယ်၊ သိပ် မကြာလှသေးဘူး"
မြင်းစီးသမားများက မြင်းကို အပြေးမစီးဘဲ လမ်းလျှောက်သည့်ပုံစံဖြင့် ဖြည်းဖြည်းချင်းစီးသွားရာ တစ်နာရီ ငါးမိုင်နှုန်း လောက်ပင် ရှိမည် ဖြစ်သည်။
"အခု တို့ နဲ့ ငါမိုင်လောက်အတွင်းမှာ လူယဉ်ကျေးတွေ ရှိနေပြီ ရှာဆာ"

စင်တိန်သည် ရုတ်ခနဲ ခုန်ထလိုက်ပြီး ခြေရာများသွားသော လမ်းကြောင်းအတိုင်း ခြေလှမ်း ၅၀ခန့် ပြေးသွား သည်။ ထို့နောက် ရပ်လိုက်ပြီး ဒူးထောက်ထိုင်ချလိုက်ပြနသ်ည်။ မြက်ခြောက်များထဲတွင် ကျကျန် နေသည့် လက်မ လက်သဲခွံခန့်ရှိသော ၀တ္ထုပစ္စည်းလေးတစ်ခုကို ကောက်ယူပြီး လက်ဝါးပေါ်တွင် တင် လိုက်သည်။ အိုဝါ သင်ပေးထားသော ပညာကြောင့်သာ ဤပစ္စည်းမျိုးကို မျက်စိရှင်ရှင်ဖြင့် တွေ့ မြင်ရခြင်း ဖြစ်သည်။

ထိုပစ္စည်း မှာ အရောင်လွင့်နေပြီဖြစ်သော ကြေးကြယ်သီးလေးတစ်လုံး ဖြစ်သည်။ ဖောင်းကြွတံဆိပ် အမှတ် အသား ပါသော စစ်သုံးကြယ်သီးတစ်လုံး ဖြစ်သည်။ အပ်ချည်ကြိုးမျှင်ကလေးက ကြယ်သီးပေါက် တွင် တန်းလန်းကလေး ရှိနေသည်။
စင်တိန်သည် ထိုကြယ်သီးလေးကို အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုလား စိုက်ကြည့်နေသည်။ ကြယ်သီး ပေါ်မှ တံဆိပ်အောက်တွင် စာတန်းတစ်ခု ပါသည်။ စာမှာ ပြင်သစ်လို ရေးသားပြီး အဓိပ္ပညယ်မှာ "ညီညွတ် ခြင်းသည် အင်အား" ဖြစ်သည်။ အလားတူ ကြယ်သီးမျိုးကို ဗိုလ်ချုပ်ကြီး ရှောင်ကုတ်နေ၏ စစ်ဝတ်စုံ အင်္ကျီ ပေါ်တွင် စင်တိန် မြင်ခဲ့ရဖူးသည်။ သို့သော် ယခုလို အရောင်ပျက်မနေဘဲ တောက်တောက် ပြောင်ပြောင် ဖြစ်သည်။

"စစ်သားတစ်ယောက် ရှာဆာ၊ မင်းအဘိုး ဗိုလ်ချုပ်ကြီးကုတ်နေရဲ့ စစ်သားတစ်ယောက် ဖြစ်ရမယ်"
ထိုစဉ်မှာပင် ခပ်လှမ်းလှမ်းမှနေ၍ လေချွန်သံတစ်သံပေါ်လာသည်။ ဟာနီသည် စင်တိန်အား အချက်ပေးပြီး လှမ်းခေါ်သော အသံ ဖြစ်သည်။ စင်တိန် ငေါက်ခနဲ ထရပ်လိုက်ပြီး ဘာလုပ်ရမှန်း မသိ အောင် ဖြစ်သွားသည်။ သူ့စိတ်ထဲက မြင်းစီးသမားများနောက် ပြေးလိုက်သွားပြီး မိမိတို့သားအမိအား လူ့ယဉ်ကျေး တို့၏ ကမ္ဘာထဲသို့ ပြန်ခေါ်သွားရန် တောင်းပန်ချင်စိတ်ပေါ်လာသည်။
ဟာနီထံ မှ လေချွန်ခေါ်သံ ပေါ်လာပြန်သည်။

"ဟာနီတော့ ဒီခြေရာတွေ တွေ့ပုံမရဘူး ရှာဆာ၊ သူတို့နောက်ကို တို့သားအမိ ပြေးလိုက်သွားယင် ဟာနီ ကတော့ မုချတားမှာပဲ၊ ဟာနီ နဲ့ အိုဝါကတော့ တို့မပါသွားအောင် အတတ်နိုင်ဆုံး ကြိုးစားကြလိမ့်မယ်၊ ဘယ်လိုလုပ်ပြီး ဒီအဘိုးကြီးနဲ့ အဘွားကြီးကို တို့ထားသွားနိုင်မှာလဲ တို့နဲ့လိုက်မှာ မဟုတ်ဘူး၊ လိုက်ယင် သူတို့အတွက် အန္တရာယ်ဖြစ်မှာ သေချာတယ်၊  ဒါပေမယ့် ဒီအခွင့်အရေးကောင်းကို တို့သားအမိ လက်လွတ် မခံနိုင်ဘူး၊ ဒါ တို့အတွက် နောက်ဆုံးတစ်ခုတည်းသော အခွင့်အရေး ဖြစ်နိုင်တယ်"
စင်တိန်အဖို့ ဘာလုပ်ရမည်ကို မဆုံးဖြတ်နိုင်အောင် ဖြစ်နေသည်။ ဟာနီ၏ လေချွန်သံပေါ်လာပြန်သည်။ အသံက အတော်နီးနီးသို့ ရောက်လာသည်။ သစ်ပင်ချုံပုတ်များထဲမှနေ၍ ထွက်ပေါ်လာပြီး မိမိထံလျှောက် လာနေသော ဟာနီကို စင်တိန် လှမ်းမြင်ရသည်။

စင်တိန်သည် ကြေးကြယ်သီးလေးကို လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး မိမိ၏လွယ်အိတ် ကို အောက်ဆုံးသို့ ထိုးသွင်းထည့်ထားလိုက်သည်။
"ခြေရာတွေ ဟာနီမတွေ့သေးတာတော့ သေချာတယ်"
စင်တိန်က ပြင်သစ်လို ခပ်တိုးတိုးပြောလိုက်သည်။ စင်တိန်သည် ဤနေရာသို့ တစ်ယောက်တည်း ပြန်လာကာ စစ်သားများကို ရှာမည်ဟု စိတ်ဆုံးဖြတ်လိုက်ပြီးနောက် ဟာနီဆီ ပြေးသွားကာ ဟန်မပျက်ပင် တောင်ကြား ချိုင့်ဝှမ်းထဲသို့ ပြန်လိုက်သွားတော့သည်။

ဆက်ရန်
.

No comments: