Wednesday, September 28, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အပိုင်း (၂၂)

"အလျှို့ဝှက်ဆုံးနေရာ ကို ဆင်းဖို့ တို့အခုပြင်ဆင်ကြရတော့မယ်၊ စင်ကျယ်အောင် သန့်စင်ဖို့ သဘော တူ သလား အမေကြီး အိုဝါ က ထုံးစံအတိုင်းမေးလိုက်သည်။"
"သဘောတူပါတယ် အဖေကြီး"
"စင်ကျယ်အောင်သန့်စင်ဖို့ သဘောတူပါသလား နမ်ချိုင်း"
"သဘောတူပါတယ်"
စင်တိန်ကလည်း ဟာနီနည်းတူ လက်ပိုက်ပြီး ခေါင်းညိတ်ကာ အဖြေပေးလိုက်သည်။

ထိုအခါ အိုဝါသည် ခါးတွင် ချိတ်ထားသော သမင်ချိုကို ဖြုတ်ယူလိုက်သည်။ ဟောင်းလောင်းပေါက် သမင်ချို ၏ ထိပ်ဖျားတွင် အပေါက်ဖောက်ထားသည်။ အိုဝါသည် နေ့ခင်းက တူးဖော် ဆူးချွတ်ကာ လှီးဖြတ် ထားသော ဆေးရွက်များနှင့် သစ်ဥသစ်ဖုများကို သမင်ချိုအပေါက်ထဲသို့ ထည့်သွင်းဖြည့် သိပ် လိုက်သည်။ ထို့နောက် သမင်ချိုတံပိုးခရာထဲ၌ ထည့်ထားသော ဆေးရွက်၊ သစ်ဥသစ်ဖု များအပေါ်တွင် မီးခဲတစ်ခဲ ကို ကောက်ယူပြီး တင်လိုက်သည်။

မီးခဲမှ မီးက သစ်ဥသစ်ဖုများကို စွဲလောင်သွားသောအခါ အပြာရောင် မီးခိုးများနှင့်အတူ ဆေးနံ့ပါ တထောင်းထောင်း ထလာသည်။
သမင်ချိုခရာ ထဲမှ ဆေးများကောင်းစွာ မီးစွဲလောင်သွားသောအခါ အိုဝါသည် ထိုင်ရာမှ ထလိုက် ပြီး ဆောင့်ကြောင့် ထိုင်နေသော အမျိုးသမီးနှစ်ယောက်၏ ကျောဘက်တွင် သွားရပ်လိုက်သည်။ ထို့နောက် သမင်ချို ၏ အပေါက်ပေါက်ထားသော အဖျားဘက်တွင် ပါးစပ်တေ့ပြီး အားပါးတရရှိုက် လိုက်ပြီးနောက် အခိုးအငွေ့ များကို ဟာနီနှင့် စင်တိန်တို့၏ ခေါင်းပေါ်မှနေ၍ မှုတ်ထုတ်လိုက် သည်။   
တူးခါးသောအနံ့ကြီး ထွက်လာပြီး စင်တိန့်လည်ချောင်းထဲတွင် ယားကျိကျိဆို့ဆို့ ဖြစ်လာသည်။ စင်တိန် က တဟွပ်ဟွပ်ရေရွတ် လိုက်ပြီး ထိုင်ရာမှ ထရန်ဟန်ပြင်လိုက်သည်။ သို့ရာတွင် ဟာနီ ကလက်ကိုဆွဲပြီး ပြန် ထိုင်ခိုင်းထား လိုက်သည်။ အိုဝါက ဆေးအငွေ့များကို ရှူလိုက်မှုတ်လိုက်နှင့် ဆက်လုပ်နေသည်။ တစ်ခဏ ကြာသောအခါ စင်တိန်အဖို့ ဆေးအခိုးငွေ့နှင့် အနံ့များကို ယဉ်လာ ကာနေသာလာသည်။

ဆေးအငွေကအရှိန်ကြောင့် စင်တိန်သည် စိတ်ရောကိုယ်ပါ ပေါ့ပါးလားသည်။ ဟာနီဘက်သို့ ကိုယ်ကို မှီထား လိုက်ရာ စင်တိန်အား ဟာနီက ပခုံးမှနေ၍ ဖက်ထားလိုက်သည်။ တဖြည်း ဖြည်း နှင့် စင်တိန်သည် ဆေးငွေ့ တွင်ယစ်မူး သာယာလာပြီး သူ့ကိုယ်မှာ ငှက်တစ်ကောင် လေထဲ၌ ပျံသန်းနေရသလို ခံစား လာရသည်။
"အို...ဟာနီ၊ ကျွန်မနေရတာ သိပ်ကောင်းတာပဲ"
စင်တိန်အဖို့ ဘေးပတ်ဝန်းကျင်မြင်ကွင်း တစ်ခုလုံးမှာ ပိုမိုကြည်လင်ပြတ်သား လာသည်။ ဘေး ပတ်ဝန်းကျင် ရှိ ကျောက်တောင်နံရံများမှာ အက်ကွဲကြောင်းများကိုပင် ပြတ်ပြတ်သား သား မြင်လာ သည်။ သစ်ပင်သစ်ရွာ သစ်သီးများကိုလည်း ကြည်လင်ထင်ရှားစွာ မြင်လာရသည်။

အိုဝါက မိမိရှေ့တွင် ဒူးထောက်ကာ ထိုင်ပြီး ပြုံးပြနေသည်ကို စင်တိန်မြင်လိုက်ရသည်။ ထို့အပြင် အိုဝါက လက်နှစ်ဖက် ဖြင့် တစ်စုံတစ်ခု ကို ကိုင်ထား မိမိအားလှမ်းပေးနေသည် ကိုလည်းတွေ့ရ သည်။
"ဒါ ကလေးအတွက်ပါ၊ ကလေးမွေးပြီးယင် အောက်ကခင်းဖို့ အောက်ခံအခင်းပေါ့၊ တကယ်တော့ ဒီအခင်း ကို ကလေးအဖေ လုပ်ရမှာ၊ ကလေးအဖေ ဒီမှမရှိတော့ ငါကပဲ ကလေးအဘိုးအဖြစ် လုပ်ထား တာလေ၊ ယူပါ နမ်ချိုင်း၊ ဒါကိုယူပါ၊ ပြီးတော့ သူရသတ္တိနဲ့ ပြည့်စုံတဲ့ကလေး ကို ဒီအခင်း ပေါ်မှာမွေးပါ"
အိုဝါ က ပြောလာသည်။ အိုဝါ့အသံသည် ဟိုအဝေးမှနေ၍ပဲ့ တင်ထပ်ပြီးလာသော အသံသဖွယ် စင်တိန့် နားထဲ ၌ ထူးခြားစွာ ကြားနေရသည်။ အိုဝါက ရှေ့သို့တိုးလာပြီး သူ၏လက်ဆောင်ကို စင်တိန်၏ ပေါင်နှစ်လုံး ပေါ်တွင် တင်ပေးလိုက်သည်။

အိုဝါပေးသော ပစ္စည်းကို စင်တိန်ကြည့်လိုက်သောအခါ အိုဝါအချိန်အတော် အကြာကပင် တစ်ယောက် တည်း ကျိတ်ပြီး လုပ်နေသော နွားသားရေအခင်း ဖြစ်နေသည်ကို တွေ့ရသည်။ ခေါက်ထားသော ထိုအခင်း ကို စင်တိန်ဖြန့်လိုက်သည်။ ထိုနွားရေအခင်းကို အလွန်ချောမွေ့ နူးညံ့အောင် လုပ်ုထားပြီး ဘေး လေးဘက်တွင် လှပရပ်စွာ အနားသပ်ကွပ်ထားသည်။ စင်တိန်က လက်ဖြင့် သပ်ကြည့်လိုက်ရာ ပိုးဖဲကတ္တီပါ တမျှ နူးညံ့ပျော့ပျောင်းလှသည်ကို တွေ့ထိခံစားရသည်။

"ကျေးဇူးတင်ပါတယ် အဖေကြီး"
စင်တိန်က ပြန်ပြောလိုက်သည်။ သူ့အသံကို သူပြန်ကြားရသည်မှာလည်း ပင့်တင်ထပ်လာသံနှင့် တူ နေသည်။
"ဒါကလေးအတွက်"
အိုဝါ က ထပ်မံပြောလိုက်ပြီး သမင်ချိုခရာမှ မီးခိုးများကို ပါးစပ်နှင့် စုပ်ကာ ဖွာရှူလိုက်ပြန်သည်။
"ကလေးအတွက် ဟုတ်တယ်"
စင်တိန်က ခေါင်းညိတ်ပြလိုက်သည်။ သူမဦးခေါင်းသည် ခန္ဓာကိုယ်မှကင်းကွာကာ လေထဲတွင် မျောပါ နေသလို ခံစားရသည်။ အိုဝါက အပြာရောင်မီးခိုးများကို စင်တိန့်မျက်နှာဆီသို့ မှုတ်ထုတ် လိုက်သည်။ စင်တိန် က ခေါင်းကိုရှေ့တိုးလာကာ အိုဝါမျက်စိကို စူးစိုက်ကြည့်သည်။ ထို့နောက် အိုဝါက တေးဆိုရာ စင်တိန် နှင့် ဟာနီးတို့က ကိုယ်များကို စည်းချက်ညီညီ အလိုက်သင့် လှုပ်ယမ်း နေကြသည်။ သီးချင်း ဆိုပြီးသော အခါ အိုဝါကပြောလိုက်သည်။

"ကဲ အချိန်ကျပြီနမ်ချိုင်း"
စင်တိန်က သားရေစကို ပခုံးပေါ်တင်လိုက်ပြီး ထိုင်ရာမှထလိုက်သည်။ သူ့ခန္ဓာကိုယ်မှာ ခြေ ထောက်နှင့် မြေကြီး မထိဘဲ လေထဲတွင် မြောက်နေသလို ခံစားရသည်။
တောင်စောင်း နံရံရှိ လိုဏ်ဂူပေါက်အ၀သို့ သူတို့ရောက်လာ ကြသည်။ အထဲတွင်မှောင်ပြီး အောက် ဘက်သို့ မတ်စောက်စွာ ဆင်းသွားသော်လည်း စင်တိန် မကြောက်မရွံ့ဆင်းသွားသည်။ သူ့ခြေထောက် အောက် မှ ကြမ်းတမ်းသော လမ်းပေါ်ရှိခဲလုံး များကိုပင် စိတ်ထဲက ကြမ်းသည် ဟုမထင်ပေ။ လမ်းအတိုင်း အတန်ငယ် မတ်စောက်စွာ ဆင်းပြီးနောက် မြေသားပြင်ညီ နေရာသို့ ရောက်သွားပြီး သဘာဝ လိုဏ်ခေါင်းကြီး ကို တွေ့ရသည်။

အလင်းရောင်က သူတို့နောက်ကျော ဘက်မှ လာလမ်းအတိုင်း ၀င်လာနေသည်။ လိုဏ်ခေါင်း အပေါ်ဘက် အမိုးခုံးကြီးတွင်လည်း သေးငယ်သောအပေါက် တချို့ရှိရာ ထိုအပေါက်များမှ လည်း အလင်းရောင် ၀င်နေသည်။ လေမှာ ပူနွေးပြီး စိုထိုင်းနေသည်။ ဂူအောက်ခြေ အပြည့် နီးပါးမျှ ရေကန် တစ်ကန် ရှိနေပြီး ရေမျက်နှာပြင်မှ အခိုးအငွေ့များ တထောင်းထောင်းထနေသည်။ ရေပြင်တွင်လည်း ရေပွက် ကလေးများ တပွက်ပွက်ထနေသည်။ ရေခိုးရေငွေ့များမှာရသော အနံ့မှာ ကန့်အနံ့ပါနေသည်။ ထို ကန့်အနံ့က စူးစူးဝါးဝါးပင် နှာခေါင်းထဲသို့ ၀င်လာသည်။ ရေအရောင် ကစိမ်းနေသည်။ ရေပူစမ်း ဖြစ်ကြောင်း စင်တိန်သိလိုက်ရ သည်။

အိုဝါက သူ၏ကိုယ်ဝတ်ခြင်္သေ့ သားရေကို ချွတ်လိုက်ပြီး ကျောက်ခဲထူသော မြေပုံပေါ်တွင် ပုံချထားကာ ရေပူကန်ထဲသို့ ဆင်းသွားသည်။ အိုဝါသည် ရေဒူးဆစ်ခန့်အမြုပ်တွင် ခေတ္တရပ် လိုက်ပြီးနောက် ဆက်ဆင်း သွားရာ ဦးခေါင်းသာ ပေါ်တော့သည်အထိ ဆက်ဆင်းသွားသည်။ ဟာနီကလည်း အ၀တ်အစား ချွတ်ပြီး အိုဝါနောက်မှ လိုက်ဆင်းသွားသည်။ စင်တိန်လည်း ပခုံးပေါ်မှ သားမွေးအဆင်းကို အောက်ချ ထားလိုက်ပြီး စကတ်ကိုချွတ်ကာ ရေထဲဆင်းသွားသည်။

ရေမှာ ပူနွေးနေသည်။ သို့သော် မခံသာအောင် ပူလောင်ခြင်းမဟုတ်။ စင်တိန်အဖို့ နေသာထိုင် သာရုံ ဖြစ်နေ၍ နေကောင်းရုံလေး ပူနေခြင်း ဖြစ်သည်။ စင်တိန်သည် ဒူးခေါင်းလောက် အနက်အထိ တဖြည်းဖြည်းချင်း ဆင်းသွားသည်။ ထို့နောက်ဆက်ပြီး ဆင်းသွားရာ မေးစိအဖျားအထိ ရောက်မှ ရပ် လိုက်သည်။ ပူနွေးသော ရေငွေ့များက သူမ၏ကိုယ်ခန္ဓာထဲသို့ ၀င်လာသည်။ ဆေးအငွေ့ ကြောင့် ယစ်မူး ပေါ့ပါးမှု ကို နွေးထွေးသော ရေငွေ့များက ထပ်ဖြည့်လိုက်သောအခါ စင်တိန်အဖို့ ထူးခြားသော ရသ တစ်မျိုး ကို ခံစားမိန်းမောလာရသည်။
အိုဝါ၏ သီးချင်းဆိုသံကို စင်တိန်ကြားရသည်။ သို့သော် မိမိပတ်လည်ရှိ ရေများက အငွေ့များ တ ထောင်းထောင်း ထ နေသဖြင့် ရေခိုးရေငွေ့များ ပိတ်ဆို့ကာဆီးနေခြင်း ကြောင့် အိုဝါ နှင့် ဟာနီအား မမြင်ရပေ။

အပြစ်များ အမှားအယွင်းများရှိပါက ပြေပျောက်အောင် ဆေးကျောတော်မူပါတယ် အရှင်များဘုရား၊ တပည့်တော် တို့၏ အပြစ်များမှ ခွင့်လွတ်တော်မူပါ အရှင်ဘုရား
အိုဝါ့သီချင်းသံကို စင်တိန် ကြားနေရသည်။ ထိုကနောက် စင်တိန်ဘေးရှိ ရေလိုးရေငွေ့များထဲမှ လူပုံ သဏ္ဌာန် တစ်ခု ၀ိုးတ၀ါးပေါ်လာသည်။
"ရှင်ဘယ်သူလဲ....."
စင်တိန်က ခပ်တိုးတိုးမေးလိုက်သည်။ လူပုံသဏ္ဌာန်သည် ၀ိုးတ၀ါးမှ တဖြည်းဖြညချင်း ထင်ရှားလာ သည်။ ထိုမျက်နှာ ကို စင်တိန်မှတ်မိသွားသည်။ ပင်လယ်ထဲ၌ မျောနေစဉ်က ရေထဲ ရိုက်ချလိုက်ပြီး ငါးမန်းစာ ကျွေးခဲ့သော သင်္ဘောသားကြီး ဖြစ်နေသည်။

"ကျွန်မကိုခွင့်လွှတ်ပါရှင်၊ ကျွန်မဗိုက်ထဲတွင် ကလေးအသက် ရှင်ဖို့အတွက် ရှင့်ကိုရက်စက် ခဲ့တာပါ"
စင်တိန် က တိုးလျှိုးတောင်းပန်လိုက်သည်။ သင်္ဘောသားကြီးက သဘောပေါက် လက်ခံသွားသည့် ပုံ ပေါ်လာပြီး သူ့မျက်နှာက တဖြည်းဖြည်းမှိန်ပြီး ပျောက်ကွယ်သွားသည်။
အိုဝါနှင့် ဟာနီတို့၏အသံများကို စင်တိန်ကြားနေရသည်။ အိုဝါသည် သူ့သားများဖြင့် ပြန်တွေ့ပြီး အမဲလိုက် နေသည်။ ဟာနီသည် သူ့မြေးများနှင့် ပြန်တွေ့ပြီး ချော့မြူထွေးပိုက်လွမ်းမော နေသည်။ စင်တိန် ၏ အမြင်အာရုံတွင် မိုက်ကယ်ပုံ ပေါ်လာပြန်သည်။

"အို...မိုက်ကယ် ကျွန်မ မောင့် ကို တစ်သက်လုံး ချစ်နေမှာပါ၊ ရှင့်သားကိုလဲ ရှင့်နာမည်ပဲ ပေးမှာ ပါ့၊ ကျွန်မ ကတိပေးပါတယ်၊ ရှင့်သားကို ရှင့်နာမည်ပဲပေးပါမယ်"
စင်တိန် သည် ရေထဲတွင် ဘယ်လောက်ကြာကြာ စိမ်နေမိသည် ကိုပင် မသိတော့။ ဆေးငွေ့နှင့် ရီဝေ ရစ်မူး မှုများ တဖြည်းဖြည်းနှင့် ပြယ်လာသည်။ ဟာနီကစင်တိန်လက်ကိုဆွဲပြီး ရေထဲမှတက် လာသည်။ စင်တိန် တစ်ကိုယ်လုံးမှ အားအင်များကုန် ခန်းသွားသလိုခံစား ရသည်။ ဟာနီက စင်တိန်အား ကျောက်ဆောင် အကွယ်တစ်ခုသို့ ခေါ်သွားပြီး သားရေအခင်း ဖြင့်ခြုံပေး လိုက်သည်။
"အရှင်သခင် တွေက တို့ကိုခွင့်လွှတ်လိုက်ပြီ တို့ဒီခရီးကို လာတဲ့အတွက် သူတိုက၀မ်းသာနေ တယ်၊ ငါ့မြေး တွေနဲ့လဲ ငါပြန်တွေ့ခွင့်ရခဲ့တယ်၊ တို့မှာ ဘာအပြစ်မှ မရှိတော့ဘူး၊ တို့ကို ဒီနေရာ ကကြိုနေပြီ၊ မင်းစိတ်အေး လက်အေးသာ အိပ်ပေတော့ နမ်ချိုင်း"

စင်တိန်အိပ်ရာမှ နိုးလာသောအခါ စိတ်ထဲ၌ နောက်ကျိရှုပ်ထွေးနေသည်။ မိမိဘယ်ရောက် နေမှန်း မသိ သလို၊ ဘာဖြစ်နေမှန်းလည်း မသိတတ်နိုင်အောင် ဖြစ်နေသည်။ အစပိုင်းတွင် ပြင်သစ်မှ မော့ ဟုမ်းစံအိမ်တော် သို့ ပြန်ရောက်နေပြီ အန်က မိမိအိပ်ရာခုတင်ဘေးတွင် ရပ်ပြီး စောင့်ကြည့်နေ သည် ဟုပင် ထင်မိလိုက်သည်။
ထို့နောက်မှ မိမိလဲလျောင်းနေသော ခန္ဓာကိုယ်အောက်ရှိ ကြမ်းတမ်းခက်ထရော်သော မြေသားနှင့် မြက်ခင်းမွေ့ရာတို့ကို တွေ့ထိခံစားရပြီး နာခေါင်းကလည်း ခြုံထားသော သားရေအနံ့ကိုရလာ သည်။ ထို့နောက် ရင်ထဲက ပျို့ချင်သလို အန်ချင်သလို သရိုးသရီ ဖြစ်လာပြီး ဗိုက်ထဲက နာလာ သည်။ ဗိုလ်ထဲ က နာရာတွင်လည်း ခါတိုင်းနာပုံမျိုး မဟုတ်၊ ဗိုက်အောက်ပိုင်းမှ တင်းကျပ်ကာ ဆောင့်ဆောင့် တိုး နေသော နာချင်းမျိုး ဖြစ်သည်။ ထို့ကြောင့် စင်တိန်သည် ဗိုက်ကို လက်နှစ်ဖက် ဖြင့်ပိုက်လိုက်ပြီး တစ်ချက် ညည်းညူလိုက်သည်။

ဗိုက်ထဲကနာလာမှုနှင့် အတူစင်တိန်သည် မိမိရောက်နေသော နေရာနှင့် အခြေအနေမှန်ကို ပြန် သတိရ လာသည်။ ယမန်နေ့က ရေပူအိုင်ထဲ၌ ရေချိုးခဲ့ပုံများကို ပြန်မြင်လာသည်။
"ဟာနီ...."
စင်တိန် က လှမ်းခေါ်လိုက်ရာ ဟာနီခပ်လှမ်းလှမ်းရှိ သူ့အိပ်ရာမှ ထလာသည်။ စင်တိန် အနေအ ထား ကိုမြင်ပြီးနောက် ဗိုက်ကိုစမ်းသပ်ကာ အခြေအနေကို သိရှိသွားသည်။
"မင်း ကလေးမွေးတော့မယ် စင်တိန်"
ဟာနီက စင်တိန်ကိုဆွဲပြီး ထူလိုက်သည်။ ထို့နောက် သားမွေးအခင်းကို ကောက်ယူလိုက်သည်။

"လာ မွေးဖို့ဖွားဖို့ ငါနေရာရှာထားပြီးသား သွားမယ်"
ဟာနီသည် စင်တိန်မွေးဖွားရန်အတွက် သူကိုယ်တိုင် ရွေးချယ်ရှာဖွေထားသော နေရာသို့ စင်တိန် အားခေါ်သွားသည်။ ထိုနေရာသည် သူတို့စခန်းချသော နေရာနှင့် သိပ်မဝေးလှပေ။ ဘေးပတ် ၀န်းကျင် တွင် သစ်ပင်အုပ်ကလေးများ ကာဆီးနေသော အလယ်ခေါင်မှ မြေကွက်လပ်ကလေး ဖြစ်သည်။ သစ်ပင်ကြီး တစ်ပင် အောက်တွင် သားမွေးအခင်းကို ဖြန့်ခင်းလိုက်ပြီး စင်တိန်ကို လှဲအိပ်စေသည်။ ထို့နောက် အ၀တ်အစားများကို ချွတ်ပေးကာ ကျွမ်းကျင်စွာ ကိုယ်တွယ်စမ်း သပ်သည်။

"မွေးခါနီး နမ်ချိုင်း၊ မွေးခါနီးပြီ၊ ကလေးကတိုးနေပြီ"
စင်တိန်အား နာကျင်သောဝေဒနာကို ခံစားနေရသည်။ ဟာနီက စင်တိန်အား ဖေးကူကိုင်တွယ်ပြီး လမ်းညွှန် ပေးသည်။ ဟာနီ့ပြောကြာျးခက်များအတိုင်း စင်တိန်က အံကြိတ်ပြီး လိုက်လုပ်သည်။ တစ်ခဏ အကြာတွင် စင်တိန် ဗိုက်ထဲ၌ ဟာခနဲဖြစ်သွား နာကျင်မှုများလည်း တဖြည်းဖြည်း လျော့ သွားသည်။
"မွေးပြီနမ်ချိုင်း...မွေးပြီ"

သားမွေးအခင်းပေါ်မှ ကလေးကို ဟာနီက လက်နှစ်ဖက်ဖြင့် ကောက်ယူလိုက်သည်ကို စင်တိန် မြင် လိုက်ရသည်။ စင်တိန့်ရင်ထဲမှ အလုံးကြီးကျသွားသည်။ ကလေးက ဟာနီ့လက်ထဲတွင် ခြေ ကားရား လက်ကားရားနှင့် ရုန်းကန်နေသည်။ မျက်နှာက စိုရွှဲရဲတွက်နေပြီး မျက်လုံးကို စုံမှိတ်ထား သည်။ ပါစပ် ကိုဖြဲပြီး "အူဝဲ အူဝဲ"နှင့် အော်ငိုလိုက်သည်။
"ယောက်ျားလေးမဟုတ်လား ဟာနီ"
"ဟုတ်တယ် ယောက်ျားလေး စင်တိန်၊ ကြည့်စမ်း ကြည့်စမ်း ကမ္ဘာကြီးပေါ်ကို သူက ရှူးရှူးပေါက် ချ လိုက်ပြီ၊ ခြင်္သေ့လေး လို ကလေးတစ်ယောက်ကို ဒီနေ့ကမ္ဘာပေါ်မှာ မီးရှူးသန့်စင် ဖွားမြင်လိုက် တာပဲ"
ဟာနီ က ပြောပြောဆိုဆိုနှင့် ကလေးကို စင်တိန့်ဆီလှမ်းပေးလိုက်သည်။

"ကလေးမျက်စိနဲ့ နှာခေါင်းကို သုတ်ပစ်လိုက်ဦး"
ဟာနီ့အမိန့်အတိုင်း စင်တိန်က ကလေးမျက်နှာကို သန့်စင်လိုက်သည်။ ထို့နောက် ကလေးကို ဟာနီက ပြန်ယူပြီး လုပ်စရာရှိသည်များကို ဆက်တိုက် ကျွမ်းကျွမ်းကျင်ကျင် လုပ်သွားသည်။ သူလုပ်နေသည် များကို စင်တိန်စောင့်ကြည့်ရင်း အံ့အားသင့်နေသည်၊ ကျေးဇူးတင်နေသည်၊ ကြည်နူးနေမိသည်။
"ကဲ ကလေး ကို နို့ တိုက်ဖို့အချိန်တန်ပြီ၊ ရာ့....တိုက်ပေတော့ "

ဆက်ရန်
.

No comments: