Wednesday, June 29, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၃)

ကျွန်တော် နယ်သတင်းထောက် သုခ
လူထုဦးလှ

သူ့ဘ၀ရဲ့အစ၊ သူ့ဘ၀မှာ ကြုံတွေ့ရတဲ့ အခက်အခဲ တွေကိုတော့ သိသူမြင်သူ နဲ လိမ့်မယ်၊  အောင်မြင်နေ တဲ့ စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ ဦးသုခ ကိုတော့ ပြည်သူလူထု တရပ်လုံးက သိကြပါတယ်။
ငယ်စဉ်က သတင်းထောက်လုပ်တယ်၊ ၀တ္ထုရေးတယ်၊ အဆိုအတီးအကပညာ ဆည်းပူးတယ်၊ ရုပ်ရှင်အလုပ် ၀င်လုပ်တယ်။ သီချင်းဆိုတယ်၊ ပြဇာတ်ကတယ်။ ဆည်းပူးထားတဲ့ ပညာရပ်တွေ ရယ်၊ အကြံဥာဏ်နဲ့ တီထွင်မှု တွေရယ် အဆင်ပြေပြေ ပေါင်းစပ်မိတော့ အောင်မြင်တာပဲ။ အောင်မြင်တာ မတိုင်ခင်တော့ အများကြီး ကြိုးစားရတယ်၊ အများကြီး ဆင်းရဲတယ်။ ငတ်တယ်။ ကျန်းမာရေး ထိခိုက်တယ်။ ဒါပေမယ့် ရည်မှန်းချက်ကို ဇွဲနဲ့ တက်တော့ ရောက်တာပဲ အောင်မြင်တာ ပဲ။

အောင်မြင်တော့ကော ကြိုးစားတာ ရပ်လို့ရမလား၊ အသစ်အသစ် တီထွင်မှုတွေ မရှာဖွေ၊ မကြံဆ ဘဲနေလို့ ရမလား၊ မရပါဘူး။ အားထုတ်ကြိုးပမ်းနေရတာပါပဲ။ ဒါရိုက်တာ ဦးသုခ သာမဟုတ်၊ တခြားလူတွေလဲ ဒီ အတိုင်း ပါပဲ။

သတင်းထောက်ဘ၀ဟာ အစုံတွေ့ကြုံရတဲ့ ဘ၀၊ နယ်သတင်းထောက်များကတော့ မြို့နယ်ဒေသ အခြေ အနေ အလိုက် အဆိုးအကောင်းအမျိုးစုံ တွေ့ကြုံရသူတွေပေါ့။ ပိုက်ဆံလဲ ဘာမှ များများ ရတာ မဟုတ်၊ ဘေးအန္တရာယ် နည်းတယ်လို့လဲ အဆိုနိုင်၊ ၀ါသနာကြီးလွန်းလို့သာ သတင်းထောက် လုပ်နေကြတယ်ဆိုတာ ရှင်း ပါတယ်။ ကိုသုခ ပြောပြတဲ့အထဲမှာ ဒီလိုကြားထဲကပဲ သတင်းထောက် ဘ၀ ရဲ့ သုခတွေ ပီတိတွေကို တွေ့ရ ပါလိမ့်မယ်။

ကျွန်တော့်စာအုပ်မှာ နယ်သတင်းထောက်၁ဦး အကြောင်းလဲ ထည့်ချင်တာနဲ့ ၁၉၇၀ ခုနှစ် အောက်တိုဘာလ ၃ရက် နေ့ မနက်ပိုင်းမှာ ပန်းချီဆရာ မောင်အောင်တိတ်နဲ့အတူ ကိုသုခ တို့ အိမ်သွားပြီး ထမင်းစားတယ်။ ကိုသုခ အရင်နေတာက အမှတ်-၃၇၊ မြို့သစ်၁လမ်း၊ ကျောက်မြောင်းဘက်မှာပါ။ အခုနေတာက ၃၁ ပါရမီလမ်း၊ ပါရမီရိပ်သာ၊ ကမ္ဘာအေး စာတိုက်ပါ။
ကိုသုခ နဲ့ ကျွန်တော်နဲ့ သိကျွမ်းခင်မင်တာ သူရန်ကုန် ရောက်စကတည်းကပဲပေါ့။ ၃၅နှစ်လောက် ရှိပြီ ထင်ပါတယ်။ ငယ်ငယ်က ကျိုက်လက်မှာ သူသတင်းထောက်လုပ်ဖူးတာကို ကျွန်တော် သိတယ်။ နိုင်ငံကျော် ရုပ်ရှင်ဒါရိုက်တာကြီး ဖြစ်နေပေမယ့် ဘ၀ဟောင်းကို မေ့သူ မဟုတ်ဘူး။ ဒီတော့ အမှန်အတိုင်း ပြောမှာပဲလို့လဲ တွက်တယ်။

ကိုသုခ ငယ်ငယ်ကအကြောင်းတွေ ကျွန်တော်တို့ ရန်ကုန် စာပေလောကထဲကို ရောက်စက ဆင်းရဲကြ ပုံ တွေကို အကြောင်းစပ်မိတိုင်း ပြန်ပြောလေ့ ရှိတယ်။ ပြည်၊ မလှိုင် စတဲ့ စာဆိုတော်ပွဲတွေမှာ အတူ ဆုံ ဟောကြရတော့လဲ ကိုသုခက ကျွန်တော်တို့ ရန်ကုန်မှာ နေကြတုန်းက အကြောင်းတွေကို အားရပါးရ ဖော်ထုတ် ဟောပြောလေ့ ရှိတယ်။ မကွယ်မ၀ှက် မဖုံးမဖိပါဘူး၊ မရှက်ပါဘူး။ ဒါပေမယ့် ဘ၀နာမှ စာရေးဆရာ ဖြစ်တယ်။ ရုပ်ရှင်ဒါရိုက်တာဖြစ်တယ်လို့ ဆိုလိုတဲ့ သဘောမျိုးတော့ အလိုလိုပါသွးတယ်လို့ ဆိုရလိမ့်မယ်။
သုခ လဲ ဒုက္ခတွေ အများကြီး ကြုံခဲ့ဖူးတာပဲ။ ဒုက္ခတွေကို ကျော်လွန်ပြီးတဲ့နောက်တော့ အဲဒီဒုက္ခ တွေဟာ ပြီးသွား ပါပြီ။ အသုံးကျ အဖိုးတန်တဲ့ ဘ၀အတွေ့အကြုံတွေ ဖြစ်လာကြပြီပေါ့။ ကိုသုခ အခု အသက် ၆၁ နှစ် ရှိပါပြီ။

ကျိုက်လတ် သူရိယသတင်းထောက်အဖြစ်နဲ့ ကိုသုခ သတင်းပို့တာ နှစ်တွေ လတွေ မကြာပေမယ့် သူ့ အတွေ့အကြုံ တွေဟာ ဟိုခေတ်တုန်းက နယ်သတင်းထောက်တွေ ကြုံတွေ့ တတ်တာမျိုး တွေချည်းပဲမို့ အဲဒီနှစ်ပိုင်း ခေတ်ပိုင်းကို အသက်ကြီးသူများက ကိုသုခ ပြောပြတာ တွေ ဖတ်တဲ့အခါ ပြန်မြင်နိုင် ကြပါလိမ့်မယ်။ ငယ်သူငယ်ချင်းကလဲ ခန့်မှန်းကြည့်နိုင်ကြပါလိမ့်မယ်။ သတင်းထောက် မလုပ်ရဲလို့ မြို့တက်ပြီး စာရေးဆရာလုပ်ရာက ရွှေစင်ရုပ်တုတွေ ဘာတွေရလာတဲ့ ရုပ်ရှင် ဒါရိုက်တာကိုသုခကို သူ့ အိမ်မှာ ထမင်းစားတဲ့ မနက်ပိုင်းက သူ့သတင်းထောက် ဘ၀အကြောင်း တွေကို သူကလဲ ပြောချင်တောပါပဲ။ တကယ်တော့ ဒီအကြောင်းတွေကို သူကလဲ ပြောချင်နေတာ ပါပဲ။ သူ့စွန့်စားခန်းတွေပေကိုး။ ရုပ်ရှင်ကား ထဲမှာ စွန့်စားတာက ညာတာ မဟုတ်လား။ အခုဟာက တကယ်စွန့်စားခဲ့ရတာ။ ကြောက်ကြောက်နဲ့ ကြဲခဲ့ နွှဲခဲ့ တာတွေပေါ့။ ကဲ အခု သူပြောပါပြီ။

ဦးသုခက ...
    ကျွန်တော်သတင်းထောက်ဖြစ်တာ ၁၉၄၃ ခုနှစ်လောက်ပေါ့။ သူရိယမှာ။ အယ်ဒီတာက ဦးဘိုးချိန်။ ကျိုက်လတ် သတင်းထောက်ပေါ့လေ။ တောသတင်းထောက်။ အဲဒီတုန်းက မြူနီစီပယ် ရွေးကောက်ပွဲ သတင်း ပေါ့ဗျာ။ ဥက္ကဌ ဘယ်သူ ဖြစ်တယ်ပေါ့လေ။ တခါတလေ ကျတော့ ကျိုက်လတ်နယ်က ဆန်ဈေးစပါးဈေး။ အဲဒီတုန်းက ဦစံသိန်းတို့ကလဲ ကုန်ဈေးနှုန်းသတင်းတွေ ပေးနေတာဆိုတော့ ကျွန်တော်တို့ ကျိုက်လတ်နဲ့ ပတ်သက် လို့ ဆန်စပါးဈေး ပေးရတယ်။ ကျိုက်လတ်နယ်က ဆန်စပါးထွက်တာကိုး။

အဲဒီတုန်းက ရေးခ ဘယ်လိုရသလဲဆိုတော့ တကော်လံ ၂ကြောင်းကို ၃ပြား။ ဒီတော့ တခါတရံ ဘယ်လောက် ရသလဲဆိုရင် တစ်လ ၆ကျပ်တို့ ၄ကျပ်တို့ ရတယ်။ နို့ပေမယ့် ကျွန်တော်က ကျေနပ် နေတာပဲ။ သတင်းထောက် ဖြစ်နေပြီကိုး။

သတင်း ကို ကျွန်တော်က ဘယ်လိုလုပ်ရေးသလဲဆိုတော့ အကြောင်းအရာကလေး တစ်ခုကို ချဲ့ထွင်ပြီး ရေးတယ်။ ၀ိဘတ်များများ သုံးတယ်ပေါ့ဗျာ။ ရိုးရိုးဝါကျ မသုံးဘူး။ ၀ိဘတ်များများ သုံးထားတော့ ကျွန်တော့်စာက အဖြတ်ရခက်တယ်။ အဲဒီတော့ ဦးဘိုးချိန်ဆီ တခါတလေ လာလို့ဆုံယင် သူက ပြောတယ် "ဟေ့ကောင် မင့်ဥစ္စာ က တိုတို ရေးစမ်းပါကွ၊ သတင်း ဆိုတာ တိုတိုရေးရတယ်၊  ၀တ္ထုမရေးစမ်းပါနဲ့" တဲ့။ "ဟာ ဆရာ ရယ် တခါတလေ ကျွန်တော် ဖတ်ကောင်း အောင် ရေးတာပဲ၊ ဆရာတို့ဟာ ဆရာတို့ ဖြတ်လိုက် ပါလား" ဆိုတော့ "မင်းဟာ ဖြတ်ဖို့ မလွယ်ဘူး ကွ" တဲ့။ "၀ါကျတိုတို နဲ့ များများရေးချင် ရေးပါ။ ငါထဲ့ပါမယ်" လို့လဲ ဆိုတယ်။ အဲဒါ နဲ့ ပိုက်ဆံ ခပ်များများကလေးရလာတာပေါ့။ တစ်လတစ်လ ၈ိတို့ ၁၀ိတို့။

ဦးဘိုးချိန် ကို ဆရာလို့ ခေါ်ပါတယ်။ ခုထက်ထိ ဆရာပဲ။ သူ့ကို ကျွန်တော် အင်မတန် ခင်တယ်။ ကျွန်တော့် ကိုလဲ ခင်တယ်။
နောက်တော့ ကျွန်တော့်သတင်းတွေ မှန်သမျှ သိပ်မဖြတ်ထဲ့ဘူး။ ပြီးတော့ အဲဒီအချိန်က ကျွန်တော့်ကိုလည်း အယ်ဒီတာ ခေါ်တာပဲဗျ။ သတင်းထောက်ကိုလဲ အယ်ဒီတာခေါ်တာပဲ။ ကျောင်းနေကတည်းက စာရေးတာ ၀ါသနာ ပါနေတော့ ကျွန်တော့်ကို အယ်ဒီတာသိန်းမောင်၊ ဆန်နီသိန်းမောင်၊ သိန်းမောင်တွေများလို့ ခွဲ ခေါ်တာ။ အဲဒီ အယ်ဒီတာ သိန်းမောင် အခေါ်ခံရတာပဲ ကျွန်တော်က သိပ်ကျေနပ်နေတာ။ ကျောင်းက ထွက်တော့ မှ သတင်းထောက် ဖြစ်တာပါ။ အဲဒီ တုန်းက သတင်းထောက် မခေါ်သေးဘူး။

နောက်ကျတော့ ဦးဘိုးချိန်က ဘာလုပ်ပေးလဲဆိုတော့ ကျွန်တော့်ကို သံကြိုးရိုက်ဖို့ ကြေးနန်း သတင်း ရိုက်နိုင်အောင် လက်မှတ် ၁စောင်ပေးတယ်။ အဲဒီလိုပေးတယ်ဆိုတော့ စာတိုက် ကပါ ကျွန်တော့်ကို အသိအမှတ် ပြုလာတယ်လေ။ ဒီတော့ ကိုယ့်ဟာကိုယ် ကျေနပ်နေတာပေါ့။ မြို့ပေါ်မှာ အရေးကြီးတဲ့ လူ တစ်ယောက် ဖြစ်လာပြီပေါ့ဗျာ။

နောက်တစ်ခုက တရားရုံးတို့ ဘာတို့မှာ ၀င်နားထောင်ဖို့ ခွင့်ပေးတယ်။ လက်ဦးတုန်း ကတည်းက F.I.R တွေ ဘာတွေ ကြည့်ခွင့်တော့ရတယ်။ ဂတ်စာရေးနဲ့ ဘာနဲ့ နဲနဲပါးပါး အောက်ကျခံပေါင်းရသေးတယ်။ သူတို့ကလဲ ကျွန်တော့် ကို ပြောမယ့်သာ ပြောတာ၊ အလုပ်ရှုပ် အောင် လာလုပ်တဲ့ ကောင်လေးပဲလို့ ထင်တာ။ ကျွန်တော် ကလဲ အသက်က ၂၂နှစ်လောက် ရှိသေးတာကိုး။
တခါတော့ မှတ်မှတ်ရရ ဘယ်လိုဖြစ်ဖူးလဲဆိုတော့ တောက မိန်းကလေးတစ်ယောက် မုဒိန်းမှုတစ်မှု ဖြစ်တယ်။ တော က ပိုက်ဆံရှိတဲ့ နယ်သူကြီးသားတစ်ယောက်က ဖြစ်တဲ့အမှုမျိုးကိုး။ အဲဒါကို အမှုစစ်တဲ့နေ့ကျတော့ အဲဒီနေ့ မှာ ကျွန်တော်က စောစောစီးစီး ရုံးသွားတယ်။ တရားသူကြီးက ကျွန်တော်ကို နှင်ထုတ်တယ်။ ကျွန်တော် က သတင်းထောက် ကတ်ပြားပြတယ်။ ပြပေမယ့် မရဘူး၊ နှင်ထုတ်တယ်။ အဲဒီအချိန်က ကျွန်တော် လဲ ခပ်ရှက်ရှက်နဲ့ အပြင် ထွက်လာခဲ့ရရော။

ထွက်လာခဲ့ရတော့ ကျွန်တော်က ဒီအကြောင်းကို ဦးဘိုးချိန်ဆီ လှမ်းစာရေးတယ်။ ကျွန်တော်က နှင်ထုတ်ခံ ရတယ်၊ ကျွန်တော် နှင်ထုတ်ခံရတာ ကျွန်တော်လဲ ရှက်တယ်၊ ကျွန်တော့် ထက် သူရိယက ရှက်ဖို့ ကောင်း ပါတယ်။ အဲဒီတော့ ဒီကိစ္စကိုတော့ ပြန်ပြီးလုပ်ပါ။ မလုပ်ရင်တော့ ကျွန်တော်တော့ သတင်းထောက် မလုပ်ချင် တော့ဘူး။ အဲဒီလို ရေးတော့ သူရိယက အရေးပိုင် ဆီ ဓာတ်ပုံပါပို့ပြီး စာရေးပေးတယ်။ အဲဒီလိုပို့ပေးတော့မှ ကျွန်တော် ၀င်လို့ ပြုလို့ရတယ်။ သို့ပေမယ့်လဲ ခမ်းခမ်းနားနား ရှေ့နေတွေနဲ့ တန်းတူလောက် ကုလားထိုင်မျိုး မရဘူး။ ရုံးစာရေးနားလောက် မှာ ကုလားထိုင်ကလေးတစ်လုံးနဲ့ သတင်းယူရတယ်။

သို့ပေမယ့် တဖြည်းဖြည်းနဲ့ပေါ့ဗျာ သတင်းထောက် ဆိုတာ ကျွန်တော်သိရသလောက်တော့ ငါသတင်းစာ တွေထဲ မှာ ရေးရင်ပါတာဘဲဆိုတဲ့ အနေမျိုးနဲ့ နေရာတိုင်းမှာ မာနကြီးလို့တော့ မရဘူးဗျ။ အဲဒီတော့ ဘယ့်နဲ့ လုပ်ရသလဲဆိုတော့ ကိုယ့် ကို ခင်အောင်မင်အောင် ပေါင်းရတယ်။ သူတို့ကိုပဲ ကျွန်တော်တို့က အကျိုးပြုတဲ့ အနေမျိုး ဖြစ်အောင် ထင်အောင်လဲ လုပ်ရတယ်။ ပြီးတော့လဲ ဆိုပါတော့ တိုက်ပိုင်တို့ ဌာနအုပ်တို့ ဘာတို့ ဓားပြမှုလေး ဘာလေး ဖမ်းရလို့ရှိယင် သူတို့ရဲ့ လုံ့လကြောင့် ဖမ်းမိသွားပြီ၊ ကျိုက်လတ်နယ်မှ အင်မတန် ဆိုး တဲ့ ဂိုဏ်းကြီးမိပြီ။ အင်း ကျွန်တော်တို့ဆီမှာတော့ နည်းနည်းပါးပါး ဆိုးတဲ့ကောင် လည်း လူဆိုးကြီး ဖြစ်ရ တော့တာပဲ။ ဒါမှ လူဆိုးကြီးမှလည်း သတင်းစာတိုက်က အထင်ကြီးမှာဗျ။ သတင်းစာတိုက်ကလဲ အဲဒီလိုဟာမှ ထည့် ချင်တာ။ အဲဒီတော့ ဘယ်လိုဖြစ်တာလဲဆိုတော့ တဖြည်းဖြည်း သူတို့လဲ နာမည်ပါချင်လာတယ်။ နာမည် ပါချင်လာတော့ တခါတရံကျရင် ကျွန်တော် ကတောင် လက်ဖက်ရည် မတိုက်ရတော့ဘူး။ သူတို့က လက်ဖက်ရည် တိုက်တာဘဲ။

နောက်ကျတော့ ခုနကပြောတဲ့ ကျွန်တော့်ကို နှင်ထုတ်တဲ့ တရားသူကြီးဦးသိန်းမောင် ဆိုတာ ကျွန်တော်နဲ့ တော်တော်လေး ခင်သွားတယ်။ ပြီးတော့ ကျောင်းဆရာကြီးတွေလဲ ရှိတယ်။ ဦးဘမူတို့၊ ဦးချစ်ဖေတို့ကလဲ မြို့မျက်နှာဖုံးကြီး တွေပေါ့။ အဲဒီတော့ ကလပ်တွေဘာတွေမှာ ကျွန်တော့် အရည်အချင်းပြောတဲ့အခါ ထည့် ပြောကြတော့ ကျွန်တော့်အနေနဲ့ မျက်စိစပါးမွှေးစူး သက်သာသွားရော။
အဲ တခါတော့ ကျွန်တော်တို့ ပစ္ဆိမာရုံ ဆရာတော်ဘုရားဟာ မြန်မာနိုင်ငံ အထက် ဗမာပြည် အောက်ဗမာပြည် ရွှေကျင်သာသနာပိုင် ဖြစ်တယ်ဗျ။ မန္တလေးက သံဃာ့အစည်းအဝေး ကြီးက မြှောက်တင်လိုက်တာ။ မြှောက်တင်လိုက်ပြီးတော့ ရန်ကုန် ရောက်လာတယ်။ ရန်ကုန်ကနေ ကျိုက်လတ်ကို ပြန်ကြွလာတော့ ရန်ကုန် ကနေ ကျိုက်လတ်ကို ပြန်ကြွလာတော့  ကျိုက်လတ် တမြို့လုံးက စည်တော်တွေ၊ ရှေ့ဝင်း နောက်ဝင်းခင်း၊ ယိမ်းတွေ တခါထဲ သင်္ဘောဆိပ်က နေပြီးတော့ ဘုရားကြီးလမ်းတစ်လျှောက်ကပေါ့ဗျာ။ အဲဒီမှာ ၀တ်အသင်း တွေ ပွဲကြီးလမ်းကြီးပေါ့ ဗျာ။

အဲဒါကိုလာတော့မယ်ဆိုတာ ကျွန်တော်ကသိပြီ။ အဲဒီတော့ အဲဒီအချိန်က ကျွန်တော်တို့ဆီမှာ ဓာတ်ပုံ မရှိဘူး။ ဓာတ်ပုံ သတင်းထောက်ရယ်လို့လဲ ကင်မရာတွေ ဘာတွေ ပေးတာ မဟုတ်ဘူး။ အဲဒီတော့ ကျွန်တော်ဘယ့်နဲ့ လုပ်သွား သလဲဆိုတော့ ဆရာစဲ ဆိုတာ ကျွန်တော်တို့ ကျိုက်လတ်မှာ တော်တော်နာမည်ကျော်တဲ့ ဓာတ်ပုံ ဆရာပေါ့ဗျာ။ အဲဒီဆရာစဲ ဆီ သွားကပ်ရတယ်။ သွားကပ် ပြီးတော့ ခင်ဗျားကို သူရိယတိုက်က ရလို့ရှိယင် ကျွန်တော် ပိုက်ဆံပေးပါမယ်၊ ဓာတ်ပုံရိုက်ပေးပါလို့ ပြောတယ်။ သူ့သားကလဲ အဲဒီဓာတ်ပုံကို သူပါ သိပ် ရိုက်ချင်တယ်။ ထင်ပေါ်ချင်တာကိုး။ အဲဒီတော့ သူ့သားကို ထဲ့လိုက်တယ်။ ထဲ့လိုက်တော့ ကင်မရာကြီး တကားကားနဲ့ပေါ့ဗျာ။ ကျွန်တော်ကလဲ ပိတ်အနက်ကြီး ပိုက်လို့ပေါ့။ ပိုက်လို့ နေယင်းနဲ့ ဆရာတော် သင်္ဘောဆိပ် ကနေ ဆင်းလာတုန်း ရိုက်ကွက်ကို ရှာလိုက်ကြတာ တခါထဲ ဟိုလူ့တောင်းပန်၊ ဒီလူ့တောင်းပန်၊ ဆရာတော် ကလဲ တန်းလျှောက်တန်းကြွ။ အဲဒါဘယ်သူကမှ ကျွန်တော်တို့ကို နေရာမပေးဘူး။

ဒါနဲ့ ကျွန်တော်က အရဲစွန့်ပြီး အတင်းတိုးပြီး ဆရာတော့်ကို လျှောက်တယ်။ အရှင်ဘုရား သည်းခံတော် မူပါဘုရား၊ တပည့်တော် ဓာတ်ပုံရိုက်ချင်လို့ပါ။ သတင်းစာ အတွက်ပါ ဘုရားဆိုတော့၊ အေး ဒါဖြင့်ကွာ၊ သူတို့ အနှောင့် အယှက် မဖြစ်အောင် မြန်မြန်ရိုက်ပေါ့တဲ့။ တင်ပါ့ဘုရား။ ရိုက်ပါမယ့်ဆိုပြီး၊ ကဲ လုပ်စမ်းပါ ကွ လုပ်စမ်း ပါကွဆိုပြီး ရိုက်လိုက်တယ်။ ရိုက်လဲပြီးရော၊ ဟိုကောင်ကလဲ ရိုက်ပြီးပြီတဲ့။ ဟာ ကျေနပ်သွားပြီ။

အဲဒီလို ရိုက်တော့မှ ဥပသကာတို့ ဆေးလိပ်ခုံက ဆေးလိပ်ခုံပိုင်ရှင်တို့ ဆရာတော် တို့ ကြည်ညိုတဲ့ ပိုက်ဆံရှိတဲ့ မိန်းမကြီးတွေ၊ ဒကာ ဒကာမတွေက ကျွန်တော်တို့နောက် လိုက်လာ တယ်။ မြန်မြန် ဆေးပါပေါ့လေ။ ပြီးလို့ရှိရင် သတင်းစာတိုက်လဲပို့ပါ။ သူတို့ကိုလဲ ရောင်းပါဆိုတော့၊ ဓာတ်ပုံ ပိုင်ရှင်ကလဲ ဒီအကွက် ကို သူတို့က အစက မစဉ်းစားမိဘူး၊ ဟန်ကျတာပဲ၊ နောက်ဆိုယင် ကွာ တို့အမြဲလိုက်ပါမယ်၊ သူရိယ က ပိုက်ဆံမရယင် နေပါစေ၊ ကိုင်းမြန်မြန် ဆေးရအောင်ကွာ" ဆိုပြီး မြန်မြန်ဆေးလိုက်တော့ ဖလင် ပြောင်းပြန်ထည့်မိ လို့ ဘာမှ မပေါ်ဘူးဗျာ။ ဒီတော့ ကျွန်တော် တို့မှာ ခေါင်းတွေဘာတွေ ကြီးသွားတာပေါ့။ ဟိုမှာ လမ်းမှာ ဆရာတော် ကိုယ်တော်တိုင် စောင့်ပြီးတော့ကို ဓာတ်ပုံရိုက်ခံတာ။ ပွဲကလည်းပြီးသွားပြီ၊ ဆရာတော် လဲ ကျောင်းရောက်သွားပြီ။ ပြန်ပြီးတော့လုပ်လို့လဲ မရဘူး။

အဲဒီကျမှ လူတွေကလာလာမေးကြတာ၊ ဟေ့မပြီးသေးဘူးလားကွ၊ ငါဖို့ တစ်ပုံပေးပါကွ ဆိုတော့ ကျွန်တော် တို့က ဘယ်နဲ့ လုပ်ပြောရမှန်းကို မသိတော့ဘူး။ ဒီဥစ္စာ ဓာတ်ပုံပြောင်းပြန် ဖြစ်သွားလို့ဆိုယင်လဲ ရှက်စရာကြီး။ ကျွန်တော့် ထက် ပိုရှက်တာက ဓာတ်ပုံဆရာ။ မပြောလိုက်ပါနဲ့ မပြောလိုက်ပါနဲ့ ဆိုပြီး နေပေမယ့် နောက်ကျ တော့ ပေါ်တာပါပဲ။ ပေါ်တော့ဘယ်နဲ့ လုပ်ရသလဲ ဆိုတော့ ဒီလိုဆိုယင် မဖြစ်ဘူး၊ ကျောင်းလိုက်မှပဲ ဆိုပြီး ဆရာ့တော် ကျောင်း လိုက်သွားတယ်။ ဆရာတော်ကို လျှောက်ရတယ်။ အရှင်ဘုရား တပည့်တော်တို့ ဒီလို ဒီလိုပဲ၊ ဓာတ်ပုံပြောင်းပြန်ရိုက် မိလို့ ခွင့်ပြုပါဘုရားလို့၊ ဟ ဒီလို ဓာတ်ပုံ ပြောင်းပြန်ရိုက်တော့ မထင်ဘူး လားတဲ့၊ မထင်ပါဘူးဘုရား လုံးဝမထင်ပါဘူး။ ဒါဖြင့် ဘာလုပ်ရအုံးမှာတုန်းတဲ့။ အရှင်ဘုရား တပည့်တော်ကို သနား သဖြင့် ကျောင်းအောက်ဆင်းပြီးတော့ ကုလားထိုင်နဲ့ ဖြစ်ဖြစ် ဓာတ်ပုံ ရိုက်ခံတော်မူပါ ဘုရားလို့ လျှောက်တယ်။ ဒီတော့ ကိုင်းကွာ ဒါဖြင့်လဲ လုပ်ပေးတောပေါ့ဆိုပြီး အရိုက်ခံတယ်။ ဒါနဲ့ အဲဒီ ဓာတ်ပုံ သူရိယ ထဲမှာ ပါတယ်။ ဟိုလူတွေကလည်း သိပ်တော့ မကျေနပ်ဘူး။ ပွဲကြီးလမ်းကြီးနဲ့ ခမ်းခမ်းနားနား ဓာတ်ပုံ လိုချင် တာပေါ့။

အဲဒါက မျက်နှာကြီးတဲ့ အခါလဲ အကြီးသားဗျ။ တခါတရံမှာ အခြိမ်းအခြောက်ခံရတယ်။ တခါ ဖြစ်ဖူးတယ်။ အဲဒီ သာသနာပိုင်ဆရာတော်ရဲ့ ကျောင်းတိုက်မှာပဲ ကျွန်တော်တို့ ရက်ဆား ဦးဘငြိမ်ဆိုတာ နာမည်ကျော်ပေါ့။ ကျိုက်လတ်က ရန်ကုန်ပြောင်းလာတာ၊ အဲဒီ ဦးဘငြိမ်ရဲ့ညီ တစ်ယောက်က အင်္ဂလိပ်စာတတ်တယ်။ ခေတ်ပညာတတ်ပေါ့ဗျာ။ မိဘမျိုးရိုးကလဲ ပိုက်ဆံ ချမ်းသာတယ်။ သူက အကျွတ်တရားရပြီးတော့ အဲဒီကျောင်းမှာ ဦးပဉ္စင်း ၀တ်တယ်။ အဲဒီမှာ အဘိဓမ္မာဆရာတစ်ယောက် ရှိတယ်။ ဦးဘိုးခတဲ့။ ခုထိ အသက်ရှင်လျှက် ရှိသေးတယ်။ အဲဒီ့ ဦးဘိုးခနဲ့ တရားဆွေးနွေးယင်း ငြင်းယင်းနဲ့ပဲ ရန်ဖြစ်လို့ ဦးဘိုးခက ထပြီး ဒုတ် နဲ့ ရိုက်လိုက်တာ အဲဒီ ဦးပဉ္စင်းခေါင်းကွဲသွားရော။

ခေါင်းကွဲလို့ ဆေးရုံပေါ်လဲတက်ရော၊ ကျွန်တော်က ဆေးရုံလိုက်တာပေါ့၊ ဒါ သတင်းထောက် အလုပ်ကိုး။
ဆေးရုံ ရောက်တော့ ဦးဝင်းက တိုင်တာပေါ့။ ဟေ့ကောင် မင်းတို့သတင်းစာဆိုတာ ညူစ် News ကွ၊ News ဆိုတာ North, East, West, Sout, ဒီသတင်းတွေပါရတယ်ကွ။ သူက ခေတ်ပညာတတ်ကိုး။ N.E.W.S ညူစ် ဆိုတာ တခြား မဟုတ်ဘူးကွ။ မြောက်၊ ရှေ့၊ အနောက်၊ တောင်က မှန်သမျှ မကြောက်မရွှံ့ ထည့်ရမယ်။ ထည့် မှ ဒါသတင်းစာကောင်းကွ။ ငါ့ဒီမှာ ကြည့်စမ်းပါအုံး ရိုက်ထားတာ၊ ဒါဟာ တရားဆွေးနွေးယင်းနဲ့ ရိုက်တာ။ အရိုက်ခံ ရတဲ့လူက သူတော်ကောင်းလား၊ ရိုက်တဲ့လူက သူတော်ကောင်းလား၊ တရားရှိသလား၊ မင်းဒါထည့်ပေါ့။ သူက ရေးပုံရေးနည်းတွေပါ ပြောပြသေးတာ။ ကျွန်တော် အဲဒီလို သတင်းသွား ယူတယ် ဆိုတာလဲ သိရော ဦးဘိုးခ နဲ့ လူ ၄-၅ယောက် ကျွန်တော့် အိမ်လာတာပါဘဲ။ 

ဦးဘိုးခ က မင်းရီးတီးယားတား မလုပ်နဲ့ ထည့်ယင် မင်းပါရိုက်မယ်တဲ့။ အဲ့ဒီတော့ ကျွန်တော်က အဲဒီမင့်ပါ ရိုက်မယ်ဆိုတာနဲ့ကို ထည့်ချင်တယ်။ အမှန်ကတော့ ကျွန်တော်က သတ္တိသိပ်ရှိတာ မဟုတ်ဖူးဗျ၊ ဒါပေမယ့် သတင်း ထောက်နဲ့ ပတ်သက်လာရင် ကျွန်တော့်သတင်းကို ဒီလို ရိုက်မောင်း၊ ပုတ်မောင်းလုပ်တာဆိုတာကို ပဲ ကျွန်တော်က ပိုဂုဏ်ယူရမယ်။ အဲဒါ ကြောက်လဲကြောက်တယ်။ အဲဒီတော့ အဲဒီညသင်္ဘောမှာ သတင်းစာ အိတ်ထည့်လိုက်ပြီး ကျွန်တော်တော့ ဖျာပုံလိုက်သွားရော။

ဖျာပုံမှာ ၂ရက်လောက် နေပြီးတော့မှ ဖျာပုံကနေပြီး သတင်းစာ ဖတ်တယ်။ သတင်းစာထဲ ပါတာပေါ့၊ အကုန်လုံး။ ဦးပဉ္စင်းပြောသလိုပေါ့၊ မြောက်၊ ရှေ့၊ အနောက်၊ တောင် ဆိုတာလဲ ပါတယ်။ ထည့်ရမယ်ပေါ့၊ အဲဒီတော့ သူတော်ကောင်းဆိုတာ ရိုက်တဲ့လူလား၊ ခံရတဲ့လူလားလို့ ဦးပဉ္စင်း ဆေးရုံပေါ်မှာကို ပြော လိုက်သေးတယ် ဘညာစသည်အားဖြင့် ပါသွားရော။ အဲဒီတော့ ကျွန်တော်ဖျာပုံမှာ။ ဖျာပုံကနေပြီး ကျိုက်လတ် မပြန်ပဲ ရန်ကုန်လာတာပဲ။ လာပြီး ဒီမှာ ၄ရက် လောက်နေသေးတယ်။ ရန်ကုန်မှာ။ အဲဒီတော့ ကျွန်တော် က ၀တ္ထုရေးဖို့တွေ ဘာတွေလဲ ၀ါသနာ ပါနေပြီလေ။ အဲဒီလိုနေပြီး သွေးအေးလောက်တဲ့  အချိန် ကျတော့မှ ပြန်တာ။ ရန်ကုန်မှာ တိုက်ကိုလဲ ပြောပြသေးတယ်။ တိုက်ကလဲ သဘောကျတယ်။ 

ဦးဘိုးချိန် မင်းကွာ ဒီလိုဆို ဓာတ်ပုံ တောင် ရိုက်ဖို့ ကောင်းတယ်။ ဓာတ်ပုံတော့ ကျွန်တော် မရိုက်ဝံ့ဘူး။ ဖလင်ပြောင်းပြန်ဖြစ်နေယင် ဒုက္ခဖြစ်အုံးမယ်။ ဒါနဲ့ပဲ အဲဒီကနေပြီး ကျွန်တော်ပြန်သွားတော့ သူတို့လဲ သွေးအေး သွားပြီ။ သွေးအေးသွားပြီးတော့ ဒါမျိုးကို အကျယ်အကျယ်သတင်းစာထဲမှာပါရင် မကောင်းဘူး ဆိုပြီးတော့ အဲဒီသာသနာပိုင်ဆရာတော်ကြီးက ခေါ်တယ်။ ကျွန်တော့်ကိုလဲ မှာတယ်၊ ထည့်သင့်တဲ့ဟာမှ ထည့်ပါပေါ့။ မထည့်သင့်တဲ့ဟာ မထည့်နဲ့၊ မှန်ပေမယ့်လဲ ရေးလို့ကောင်းတာ ရှိတယ်၊ မရေးသင့် တာ ရှိတယ်ပေါ့။ ပြီးတော့ ဦးဘိုးခ ကိုလဲ ဆုံးမတယ်။ ဦးပဉ္စင်းကိုလဲ တောင်းပန်ခိုင်းတယ်။ အဲဒါနဲ့ ပဲ ဒီကိစ္စ ပြီး သွားရောဗျ။ ထူးထူးဆန်းဆန်းဆိုရင်တော့ မှတ်မိသလောက်ဟာ အဲသလောက် ရှိတာပါ ဘဲ။

နောက်တဖြည်းဖြည်း အဲဒီကနေ ဘာဖြစ်လာသလဲဆိုတော့ ဓာတ်ပုံရိုက်ရကောင်းမှန်း သိလာတော့၊ အဲဒီမှာ သူရိယက ဘာလုပ်လာသလဲဆိုရင်၊ ရုပ်စုံဂျာနယ်ထုတ်လာရော။ အယ်ဒီတာ က ဦးသိမ်းမောင်။ ထုတ် လာတော့မှ ကျိုက်လတ်မြို့ သမိုင်းစတဲ့ ထင်ရှားတဲ့ ဓာတ်ပုံဆောင်းပါးတွေ ထည့်တာပါဘဲ။
နောက်ကျတော့ ကျွန်တော်စာရေးဆရာ ဖြစ်ချင်လာတော့ ရန်ကုန်နဲပ ကူးလူးဆက်ဆံ လာပြီး သတင်းထောက် က ထွက်တယ်။ ကျွန်တော် ၁နှစ်ကျော်ကျော် ၂နှစ်လောက် လုပ်ခဲ့တယ်။ အဲဒီတုန်းက မြန်မာ့အလင်း အတွက် ဦးထွန်းစိန်ဆိုတဲ့ ကျောင်းဆရာတစ်ယောက်က သတင်း ထောက် လုပ်တယ်။ ဦးထွန်းစိန် က ကျောင်းဆရာဆိုပေမယ့် သိပ်ပြီး ဖျတ်ဖျတ်လတ်လတ် မရှိဘူး ပေါ့ဗျာ။ နောက်ပြီးတော့လည်း သူက သိပ်ပြီး မျက်နှာထောက်တယ်။ လူကြီးတွေ ဘာတွေ မျက်နှာ ထောက်တယ်။ ကျွန်တော်တို့က အဲဒီအချိန် တုန်းက လူငယ်ဆိုတော့ လူကြီးကို ရန်ဖြစ်ရတာကိုပဲ ဂုဏ်ရှိတယ်ထင်နေတာဗျ။

တခါ မြန်မာသြဘာကလပ်မှာ မြန်မာသြဘာကလပ်ဆိုတာ ကျွန်တော်တို့ နေရှင်နယ် ကျောင်းက မှီခို နေရတာ။ အဲ့ဒီ မြန်မာသြဘာကလပ်မှာ ရှေ့နေ ဦးဘအောင်တို့ သခင်ကျော်တို့ (ဆရာရန်အောင်ရဲ့ဆရာ)၊ ဦးဘမူ တို့၊ စက်သူဌေးဦးနီတို့ဆိုတာ ရှိတယ်။ အဲဒီမှာ နေရှယ်နယ်ဒေး လုပ်ရောဗျ။ လုပ်တော့ အဲဒီနေရှင်နယ်ဒေး က မင်းသမီးကို သူတို့က ပွဲမကခင် မြန်မာသြဘာ ကလပ်ထဲမှာ ဆိုခိုင်းတယ်။ ထိုင်ဆိုပေါ့။ ဆိုခိုင်းပြီးတော့ အရက်တွေ ဘာတွေ သောက်လို့။ တချို့ ကလဲ မူးပြီး ကျွန်တော်က သတင်းဆောင်းပါး လုပ်ရေး လိုက်တယ်။

နေရှင်နယ်ဒေးဆိုတာ ကျွန်တော်တို့ ကျောင်းသားများနဲ့သာ ဆိုင်တယ်၊ သို့မဟုတ် ကျောင်းဆရာ နဲ့ သာဆိုင်တယ်၊ မြန်မာ့ သြဘာကလပ်က မင်းသားတွေက အရက်ကလေးတမြမြနဲ့ နေရှင်နယ်ဒေး အတွက်ငှားတဲ့ အငြိမ့် မင်းသမီးကို ဒီလိုမလုပ်ထိုက်ဘူး ဘာညာရေးတာပေါ့ဗျာ။ အဲဒီတော့ ဆရာဦးဘမူနဲ့ ဦးချစ်ဖေ က ကျွန်တော့်ကို ခေါ်ကြိမ်းသေးတာပေါ့။ လူကြီးတွေကို အားနာစရာ ကောင်းတယ်၊ မြန်မာသြဘာ ကပ်ကို တို့ကျောင်းက မှီနေရတာတဲ့။ အချို့ကတော့လဲ ဒီလို ရေးတာကောင်းတယ်လို့ ပြောကြ တယ်။ ကျွန်တော့်ဘက်က မြှောက်ပေးတဲ့ လူတွေလဲ ရှိတာဘဲ။ အဲဒီလို ကိုယ်ရေးလိုက်တာလေးကို ရေးတဲ့ လူတိုင်း ပြန်ဖတ် ချင်တာပဲ။ သတင်းစာထဲ စာပုံနှိပ်စာလုံးနဲ့ ပါလာယင် သိပ်သဘောကျတာ ဘဲ။

နောက်တော့ ၁လ ၈ကျပ်ကနေ ၁၂ကျပ်အထိတောင် ရလာတယ်ဗျ။ မဆိုးဘူး။ ဟိုခေတ် က ၁၅ကျပ် လောက်ရရင် ကျွန်တော်တို့ အသက်မွေးဝမ်းကျောင်းအတွက် လုံလောက်တယ်။ နောက် ၈ကျပ်တို့ ၁၂ကျပ်တို့၊ ၆ကျပ်လောက်က ကြာတယ်ဗျ။ တခတလေလဲ ၄ကျပ်လောက် ရတယ်။ အဲ ဦးဘိုးချိန်ကို ကြုံတဲ့ အခါ ကျွန်တော်က အဲဒါ ပြောပြရတယ်။ ပြောပြတော့ မင်းသတင်း ရှာရတာကလဲ မလွယ်ဘူး။ နောက်ပြီး သိပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် မလုပ်တတ်သေးဘူးလေ။

ကျွန်တော်တို့မှာ အဲဒီတုန်းက ပြီစီဒင်ရယ်၊ ဂတ်ကိုပေါင်းရတာရယ်၊ ပြီစီဒင်ဆိုတာ မြူနီစီပယ်ဥက္ကဋ္ဌ (President) ပေါ့။ မြူနီစီပယ် လူကြီး ရွေးတယ်။ ဘယ်သူဘယ်သူ ရသွားတယ် ဆိုပြီးတော့ တခါတလေ ကျတော့ စာလုံးရေများအောင် လုပ်ရတယ်။ အဲဒီပြီစီ ဒင်ဟာ အရင်တုန်းက ဘာတွေ ဘာတွေ လုပ်ခဲ့တယ် ဆိုတာ နဲနဲလိုက်ရှာရတာပေါ့။ ဒါမှစာလုံးရေများမယ်။ ဒီတော့ သူ့ အတ္ထုပ္ပတ္တိ ကလေးလဲ ဖြစ်သွားရော။ နောက် သူ့စေတနာ သဒ္ဓါတရားက ဘာကောင်းမှုတွေ လုပ်ခဲ့တယ်ပေါ့။ ဒီလို လုပ်ရတာကိုး။ အဲဒါ ဦးဘိုးချိန်က မင့် ဟာကွာ ငါ့လခွေး သတင်းစာထဲ ထည့်တယ်ဆိုတာ ကလဲ ၀တ္ထုလို ဖြစ်နေတယ်တဲ့။ ဆရာ ကြည့်ဖြတ်ပေါ့ဆိုတော့ မင့်ဟာ ဖြတ်ရတာ ဂွကျတယ်ကွတဲ့။ အခုခေတ်သတင်းထောက်တွေကို ကျွန်တော် သတင်း ရေးသလိုရေးဖို့ လမ်းပြနေတာ မဟုတ်ပါ ဘူး။ ခေတ်ကာလချင်းလဲ မတူဘူး။ သတင်းရွေးရာမှာလဲ မတူဘူး၊ ဒီတော့ ရေးရာမှာလဲ တမူထူးရမှာ ပဲ။ ရှင်းရှင်းနဲ့ မြန်မြန် နားလည်အောင် ရေးတာကိုသာ စာဖတ် ပရိသတ် တစ်ဦး ဖြစ်လာတဲ့ ကျွန်တော် သဘောကျတယ်။

လူထုဦးလှ
လူထုဦးလှ ၏ ကျွန်တော်သတင်းထောက်စာအုပ်၊ ၁၉၇၁၊ ဇူလိုင်လထုတ်မှ (သတ်ပုံ-မူရင်း)
.

1 comment:

မေဓာဝီ said...

ဦးသုခ သတင်းထောက်လုပ်ခဲ့ဖူးတာ မသိဘူး။
အဲဒီခေတ်က အတော်ခက်ခက်ခဲခဲ လုပ်ခဲ့ရတာပဲနော်။ ဓာတ်ပုံဖလင်ပြောင်းပြန်ထည့်မိတာ ရယ်လဲရယ်ရတယ်၊ ကိုယ်ချင်းလဲစာတယ်။ ဒစ်ဂျစ်တယ်တွေမပေါ်ခင်က ဖလင်နဲ့ကင်မရာတွေ အားကြီးဒုက္ခပေးတာပဲ၊ ခရီးသွားတာ တလမ်းလုံး ဓာတ်ပုံတွေရိုက် ပြန်ရောက်လို့ ကူးမယ်လဲဆိုရော ဖလင်ထည့်တာ မမိလို့ တပုံမှမထွက်ဘူး။

president ကို ပြီစီဒင်ပြောတာ ရယ်ရတယ် :))