Wednesday, June 29, 2011

မဝင်းမြင့် ၏ မြသေလာတောင် ဆွေးဖွယ်နှောင်သည် အပိုင်း (၂၅)

အခန်း (၈)

" ဟော ... လူလေးပြန်လာပြီ ၀မ်းသာလိုက်တာကွယ် ဒေါ်မှုံမှာ နေ့စဉ် သတိရအောက်မေ့ပြီး ဘုရားမှာ ဆုတောင်း နေရတာပဲ ... အခု ကိစ္စပြီးခဲ့ပြီလား လူလေး ...၊ ပေး ပေး ... လူလေး သားရေအိတ် ... "
အကြောင်း မကြားဘဲ ဘွားကနဲ ပြန်ရောက်လာသော ကိုမျိုးခိုင်အား ဒေါ်မှုံက ၀မ်းသာစွာဆီးကြိုပြီး လက်ထဲမှ သားရေသေတ္တာ ကို လှမ်းယူလိုက်၏။
" အင်း ... ကိစ္စက မပြီးတပြီးပဲ ဆိုပါတော့ ဒေါ်မှုံ ဒါထက် ခင်လေးတို့ လာသေးလား ... "
ခရီးပန်းလာသော ကိုမျိုးခိုင်က ကုလားထိုင်တစ်လုံးပေါ် ခြေပစ်လက်ပစ်ထိုင်ရင်း မေးလိုက်၏။

" မကြာမကြာ လာပါတယ် လူလေး ... ခင်ခင်လေးခမျာလဲ လူလေးကို လွမ်းရှာတယ်ထင်ပါ့ကွယ်၊ လာတိုင်း လူလေး ဓာတ်ပုံကိုပဲ ကြည့်နေတာပဲ ... သားအဖ နှစ်ယောက်လုံး ဒေါ်မှုံကို ဂရုစိုက်ကြပါတယ်၊ သွားလိုက် ပါဦးလူလေးရယ် ... ဘယ်လောက်များ ၀မ်းသာကြမလဲလို့....၊ သြော် ...နေဦး၊ အမောပြေ တစ်ခုခုစားသွား ဦး၊ ပြီး မှသွား လူလေးရေ ... "
ဒေါ်မှုံက ခြေမကိုင်မိ လက်မကိုင်မိအောင် ၀မ်းသာ အယ်လဲပြောကာ မီးဖိုချောင်ရှိရာ ၀င်မည်ဟန်ပြင်လိုက် ၏။
" ကိစ္စမရှိဘူး ဒေါ်မှုံ ... ဘာမှမစားချင်ပါဘူး၊ လာပါဦး ဒီအနားကို၊ ဒီကုလားထိုင်မှာ ထိုင်ပါဦး ဒေါ်မှုံ... ကျွန်တော် မှာကြားစရာတွေ ရှိသေးလို့ပါ ဒေါ်မှုံ "
ကိုမျိုးခိုင်က ဒေါ်မှုံအားပြန်ခေါ်ကာ သူ့အနားတွင် ရှိနေသော ကုလားထိုင်တစ်လုံးပေါ်မှာ ထိုင်စေပြီး စကား ဆက်ပြော လိုက်၏။

ဒေါ်မှုံ ကျွန်တော့်ကို တူရင်းသားရင်းလို ချစ်တယ်မဟုတ်လား "
" အို ... ဘယ်လိုမေးလိုက်ပါလိမ့် လူလေးရယ် ... ငယ်စဉ်က စပြီး ထိန်းသိမ်းခဲ့လို့ ဒေါ်မှုံလက်ပေါ်ကြီးလာ တဲ့ လူလေးကို တူရင်းသားရင်းလို ချစ်ယုံမကဘူး ဒေါ်မှုံ အားကိုးစရာ ဒီတစ်ယောက်သာရှိတာမို့ လူလေး စိတ်တိုင်းကျ ဖြစ်ရအောင် ဒေါ်မှုံ အသက်စွန့်ပါဆိုရင် စွန့်ဖို့ အသင့်ရှိပါတယ် လူလေးရယ် ... "
ဒေါ်မှုံက အကယ်ပင် လှိုက်လှဲသော စေတနာဖြင့် ပြောလိုက်၏။

" ကျွန်တော်ကလဲ ဒေါ်မှုံကို အမေလိုပဲ သဘောထားပါတယ်။ ဒေါ်မှုံ အသက်စွန့်ဖို့အထိ မဖြစ်ပါဘူး၊ ကျွန် တော် ပြောတဲ့ အတိုင်းသာ တစ်သဝေမတိမ်း လိုက်နာပြီး နှုတ်လုံစေချင်ပါတယ် "
" အင်း ... ဒေါ်မှုံကို စိတ်ချပါ လူလေး ... "
ဒေါ်မှုံက မည်သည့်အကြောင်းများပေနည်းဟု သိလိုသော စိတ်ထက်သန်စွာဖြင့် ကတိပေးလိုက်၏။
" အိမ်မှာ ပစ္စည်းတွေ အားလုံးကို ကြွက်မကိုက်အောင် အလွယ်တကူ သူခိုးဝင်ခိုးလို့မရအောင် သိမ်းထားပါ ဒေါ်မှုံ၊ အထူးသဖြင့် မေမေ၊ ဖေဖေနဲ့ ဘိုးဘိုးဘွားဘွား ဓာတ်ပုံတွေကို လုံခြုံတဲ့ သေတ္တာတစ်ခုထဲမှာ အားလုံး ထည့်သိမ်းပါ၊ အပြင်မှာ တစ်ခုမှ မရှိပါစေနဲ့နော်၊ နောက်ပြီး .... "
" နေပါဦး လူလေးရယ်၊ ဘာဖြစ်လို့လဲ "
ကိုမျိုးခိုင်၏ စကားမဆုံးမီ ဒေါ်မှုံက အံ့အားသင့်စွာ ဖြတ်မေးလိုက်၏။

" ကျွန်တော့်မှာ အကြောင်းတစ်ခုရှိနေပါတယ် ဒေါ်မှုံ၊ ဘာဖြစ်လို့လဲဆိုတာ မမေးပါနဲ့၊ ကျွန်တော် ပြောတဲ့ အတိုင်းသာ ဒေါ်မှုံလိုက်နာပါ၊ ကျွန်တော် စိတ်ချပါရစေ "
" အေး အေး ... ပြောပါလူလေးရယ်၊ စိတ်တိုင်းကျဖြစ်ရစေမယ် "
" ဟုတ်ကဲ့ ဒေါ်မှုံ ... နောက်ပြီး ဒေါ်မှုံ အသုံးအဆောင် အင်္ကျီလုံချည်တွေကို အားလုံး ခရီးထွက်တဲ့အခါ ယူဆောင်သွားဖို့ အသင့်ဖြစ်အောင် ထည့်သို ပြင်ဆင်ထားနော် ဒေါ်မှုံ မေမေ့ လက်ဝတ်လက်စားနဲ့ ငွေ အားလုံးကိုလဲ ဒေါ်မှုံကို ကျွန်တော် အပ်ထားမယ်၊ မပျောက် မပျက်ရအောင် ဒေါ်မှုံကို ကျွန်တော် အပ်ထားမယ် မပျောက် မပျက်ရအောင် ဒေါ်မှုံ ထိန်းသိမ်းထားပါနော်၊ စားသောက်သုံးစွဲဖို့လဲ အဲဒီငွေထဲက ယူပေါ့၊ ကျွန်တော် မှာတာ မှတ်မိလားဒေါ်မှုံ "
" မှတ်မိပါတယ် လူလေး "

အကြောင်းအရာကို စုံလင်အောင် သိလိုပါသော်လည်း ကိုမျိုးခိုင်က မမေးရန် ပိတ်ပင်ထားသဖြင့် မေးရန် မ၀ံ့ရဲသော ဒေါ်မှုံက မျက်တောင် ပုတ်ခတ် ပုတ်ခတ်နှင့် ကိုမျိုးခိုင်ကို စိုက်ကြည့်ကာ လိုအပ်သော အဖြေကို သာ ပေးလိုက်ရှာ၏။
" ကျွန်တော် မနက်ဖြန် မန္တလေးကိုသွားမယ်၊ အဘိုး တစ်ယောက် ခေါ်လာခဲ့မယ်၊ အဲဒီအဘိုးကြီးရော ကျွန်တော်ရော ဒေါ်မှုံရော သထုံကိုသွားကြမယ်၊ သထုံကဒူးရင်းခြံတစ်ခြံမှာ ကျွန်တော့် ကျေးဇူးရှင် သား အဖ နှစ်ယောက် ရှိတယ်၊ သူ့သားနဲ့ ကျွန်တော်က ခရီးရက်ရှည်ထွက်စရာရှိတော့ မန္တလေးက ကျွန်တော် ခေါ်လာ တဲ့ အဘိုးကြီးနဲ့ သထုံက အဘိုးကြီးနဲ့ ဒေါ်မှုံတို့သုံးယောက် အဲဒီဒူးရင်းခြံမှာနေကြပြီး ကျွန်တော်တို့ ပြန်လာတဲ့ အထိ စောင့်ရမယ် "

" အို ... "
ကိုမျိုးခိုင်၏ စကားမဆုံးမီ ဒေါ်မှုံကမျက်နှာပျက်ပျက်နှင့်  " အို ... " လိုက်၏။
" ဘာဖြစ်လို့လဲ ဒေါ်မှုံ "
" မဟုတ်သေးပါဘူးကွယ် လူလေးရဲ့၊ ဟိုအဘိုးကြီး နှစ်ယောက်နဲ့ ဒေါ်မှုံနေရစ်လို့ သင့်တော်ပါ့မလား၊ ဒေါ်မှုံက အပျိုကြီးနော် တကယ်လို့ သူတို့က ဒေါ်မှုံကို တစ်အိမ်တည်း အတူနေမို့ ချစ်ကြိုက်လာကြရင် မခက်ပါလား။ ဒေါ်မှုံက ကိုယ့်အပျိုဘ၀ကို တန်ဖိုးထားပြီး ယောက်ျားမယူခဲ့တာ လူလေးအသိသားနဲ့ "
ဆယ့်ခြောက်နှစ်အရွယ် အပျိုရိုင်းကလေး ဟန်မျိုးဖြင့် ရှက်ကိုးရှက်ကန်း ပြောလိုက်သော အသက်ငါးဆယ် ကာလ ကပင် စွန်းနေသည့်ဒေါ်မှုံအား ကိုမျိုးခိုင်က စေ့စေ့ကြည့်ကာ ရယ်ချင်သောစိတ်ကို ချုပ်တည်းပြီး ဒေါ်မှုံ အား တည်ငြိမ်စွာ ကြည့်လိုက်၏။

" ဒေါ်မှုံကို သူတို့ စိတ်နဲ့တောင်ပြစ်မှားမှာ မဟုတ်ပါဘူး ဒေါ်မှုံ မတည်ငြိမ်တဲ့လူတွေနဲ့ ဒေါ်မှုံကို ကျွန်တော်ပစ်ထားပါ့မလား၊ မန္တလေးကလာမယ့်အဘိုးကြီးက လူပျိုကြီး၊ သထုံမှာ ရှိနေဲ့အဘိုးကြီးက ဒုက္ခိ တကြီး ဒေါ်မှုံရဲ့ "
" အဲ အဲ ... အသက်ကြီးနေတဲ့ လူပျိုကြီးတွေက ပိုကြောက်စရာကောင်းတယ်လို့ ကြားဖူးတယ် "
ဒေါ်မှုံက အထွန့်တက်လိုက်ပြန်၏။ လျှာရှည်သော ဒေါ်မှုံအား ကိုမျိုးခိုင်က ချော့လေ နော့လေဖြစ်မည်ကို တွေးမိ၍ လေသံပြောင်းလိုက်ရ၏။
" ကျွန်တော် ကိုယ်တိုင်က စိတ်ချ ယုံကြည်ပါတယ်လို့ ---တာကို ဒေါ်မှုံမယုံကြည်လိုပ မနာခံရင် ကျွန်တော့် ကို အားမကိုးနဲ့တော့ပေါ့ ဒေါ်မှုံ၊ ဥတစ်လုံး တစ်ကောင်ကြွက်ဖြစ်စေတဲ့ ကျွန်တော့် ဘ၀မှာ တွယ်တာစရာ ခင်လေး နဲ့ ဒေါ်မှုံပဲ ရှိတယ်၊ ဒေါ်မှုံ ကျွန်တော့် အစီအစဉ်ကို မနာခံရင် သံယောစဉ် ဖြတ်လိုက်ရုံပဲ ရှိတာပေါ့ "
ကိုမျိုးခိုင်က စိတ်ထဲက မပါဘဲ ဟန်ဆောင်ပြီး မာန်လိုက်သောအခါ ဒေါ်မှုံမျက်နှာကလေး ငယ်သွားရှာ သည်။

" အမယ်လေး ... အမယ်လေး၊ သံယောဇဉ်တော့ မဖြတ်ပါ လူလေးရယ်၊ ဒေါ်မှုံ နာခံပါမယ်၊ ဒေါင်ကျကျ ပြားကျကျ ထားရာမှာ နေပါမယ်၊ မိန်းမသားဘ၀ တွေးပူမိတာပါ လူလေးရဲ့ "
ဒေါ်မှုံ က စိုးရိမ်စွာ တောင်းပန်လိုက်၏။

" အခု ဒုတိယကမ္ဘာစစ်ကြီး ဖြစ်တော့မယ် ဒေါ်မှုံ၊ တိုင်းပြည် အခြေအနေက မငြိမမသက် ဖြစ်နေပြီ၊ ဒါကြောင့် ခရီးထွက်မယ့် ကျွန်တော့်အဖို့ ယောက်ျားမို့ အရေးမကြီးဘူး၊ ရန်ကုန်လို့မြို့မှာ မိန်းမသား သက် ကြီးရွယ်အိုဖြစ်တဲ့ ဒေါ်မှုံတစ်ယောက်တည်း ဒုက္ခဖြစ်မျာကို တွေးမိလို့ ကျွန်တော့် အတွက်ရော၊ ဒေါ်မှုံ အတွက် ရော အဆင်ပြေအောင် စီစဉ်တာ သဘောပေါက်ပြီ မဟုတ်လား "
" အေးဟဲ့ လူလေး၊ ဒေါ်မှုံ ဈေးသွားတိုင်း ကြားခဲ့တယ်၊ စစ်ဖြစ်တော့မယ်၊ ဗုံးတွေ စစ်သေနတ်တွေ ကြဲကြ ရင် ရန်ကုန်လို မြို့ကြီးကို အရင်ဆုံး ချမှာပဲတဲ့၊ ဟုတ်ပါ ကြောက်စရာကောင်းလိုက်တာ။ မရှုမလှ သေကြဦး မှာ အမယ်လေး ဗုံးဒဏ် စက်သေနတ်ဒဏ်ထက် အဘိုးကြီးတွေကမှ သက်သာလိမ့်ဦးမယ်၊ ဒီလိုဆိုမဖြစ်ဘူး၊ မြန်မြန်ပြောင်း ကဲ ... ဒေါ်မှုံ ပစ္စည်းတွေ သိမ်းလိုက်ဦးမယ် လူလေး "
ပြောရင်း ဆိုရင်း ထိုင်ရာမှ ရုတ်ခနဲ ထလိုက်သော ဒေါ်မှုံက ကိုမျိုးခိုင်က လက်မောင်းတစ်ဖက်ကို လှမ်းဆွဲ ကာနေရာ မှ ထိုင်ခိုင်းလိုက်ရ၏။

အသက်ထောက်လာပြီဖြစ်သည့်အလျောက် စိတ်ထဲရှိတာ ပြောနေသော ဒေါ်မှုံအား ကိုမျိုးခိုင်က ခွင့်လွှတ် ကာ အေးသက်သာ စကားဆက်လိုက်ပြန်၏။
" ကျွန်တော် ပြောမယ့်စကားကို ဆုံးအောင် နားထောင်စမ်း ဒေါ်မှုံရယ် "
" အေး အေး ပြော လူလေး "
" ကျွန်တော် အခုလို အစီအစဉ်ရှိတယ်၊ ဒေါ်မှုံကို သထုံဘက် ပြောင်းခေါ်သွားမယ် ဆိုတာတွေကို ကျွန်တော် မန္တလေး ရှိနေတုန်း ခင်လေးတို့ သားအဖက မေးရင် ဘာမှ မပြောနဲ့နော် ကတိပေးပါ ဒေါ်မှုံ "
" ကတိပေးပါ ဒေါ်မှုံ "
" သေရစေရဲ့ လူလေး၊ မပြောနဲ့ဆို ဒေါ်မှုံ မပြောဘူး "

" နောက်တစ်ခု ဒေါ်မှုံ အထူးသတိထား လျှို့ဝှက်ရမှာက မန္တလေးကလာတဲ့ အဘိုးကြီးကိုရော သထုံမှာ တွေ့ရ နေရမယ့် အဘိုးကြီး သားအဖကိုရော ကျွန်တော့် မျိုးရိုးဇာတိ မိဘအမည်၊ ကျွန်တော့်နာမည် ဒေါ်မှုံ အမည်ကို လုံးဝ မပြောဘဲ နှုတ်လုံဖို့ အရေးကြီးတယ်၊ ဒေါ်မှုံ နှုတ်လုံနိုင်ပါ့မလား "
" အို ... ဖျားစူးရစေရဲ့၊ ဒေါ်မှုံက လူကလေးကို ချစ်တယ် အားကိုးတယ်၊ လူကလေးက ယုံကြည်လို့ မှာ ကြားတာ ကို သေတောင် ဒေါ်မှုံ မပြောဘူး စိတ်ချ "
ဒေါ်မှုံ က အားရပါးရ ကျိန်တွယ် ကတိပေးလိုက်ပြီး၊ တစ်စုံတစ်ခုကို သတိရသလို စဉ်းစားနေလိုက်သည်။

" ဘာတွေ စဉ်းစားနေလဲ ဒေါ်မှုံ "
" သြော် ... သူတို့က လူလေးနာမည်။ မိဘနာမည်၊ ဒေါ်မှုံ နာမည်ကိုမေးရင် ဘယ်လိုပြောမလဲ၊ စကားချင်း ညီအောင် ဘယ်လို ပြောမလဲ၊ စီးဝါးကိုက်ဦးမှပေါ့ "
ထင်မိထင်ရာ စွတ်ပြောတတ်သော်လည်း အရေးကြီးသောအချက်ကို စဉ်းစားမိသော ဒေါ်မှုံအား ကိုမျိုးခိုင် ကကျေးဇူးတင်လိုက်၏။
" ဟုတ်သား ဒေါ်မှုံ ... ကျွန်တော် အဲဒါကို မစဉ်းစားမိဘူး၊ ဒါပေမယ့် လွယ်ပါတယ် ဒေါ်မှုံ၊ ပြောချင်ရာ နာမည်ကို ပြောပါ၊ ကျွန်တော့်ကိုမေးရင် ဒေါ်မှုံပြောတဲ့ အတိုင်းပေါ့လို့ ဖြေလိုက်ရင် ပြီးနေတာပဲ၊ ကျွန်တော့် ကိုလဲ ဒေါ်မှုံက နာမည်မှမခေါ်တာ " ကိစ္စမရှိပါဘူး၊ ဒေါ်မှုံနာမည်ကတော့ ပြောင်းဖို့ မလိုပါဘူး၊ ဒေါ်မှုံ ဇာတိ ဇစ်မြစ် ကိုမေးရင်လဲ ကျွန်တော့်အမေနဲ့ ညီအစ်မအရင်းလို့ ဖြေလိုက်ပေါ့ မဟုတ်လား ဒေါ်မှုံ "

" အေး ... ဟန်ကျပြီ၊ ကဲ ... ဒေါ်မှုံ ထမင်းဟင်း ချက်လိုက်ဦးမယ်၊ ချက်ပြုတ်ပြီးရင် ပစ္စည်းတွေ သိမ်းဦးမှ၊ လူလေး ခဏတစ်ဖြုတ် အမောပြေ မှေးဦးမလား "
" မဖြေနိုင်သေးဘူး ဒေါ်မှုံရေ၊ ရေရှည်ဆွဲလို့ မဖြစ်ဘူး၊ အခု ခင်လေးတို့ဆီ ကျွန်တော် သွားဦးမယ်၊ နက်ဖြန် မန္တလေးသွား၊ သန်ဘက်ခါ ပြန်လာခဲ့မယ်၊ ဒေါ်မှုံသာ ကိစ္စအားလုံးပြီးအောင် လုပ်ထားနှင့်နော် "
ကိုမျိုးခိုင်က ပြောကာ ထိုင်ရာမှ ထလိုက်၏။
" စိတ်ချလူလေး "
ဒေါ်မှုံက မီးဖိုဆောင်ဘက် ခြေလှမ်းပြင်ရင်းက ဖြေလိုက်၏။
---------------------------------
အခန်း (၉)

ဧည့်ခန်းတွင် သတင်းစာကိုယ်စီ ဖတ်နေကြသော ဦးထွန်းသစ်နှင့် ခင်ခင်လေးသည် မမျှော်လင့်ဘဲ ရုတ်တရက် ရောက်လာသော ကိုမျိုးခိုင်ကို တွေ့ရသောအခါ အံ့အားသင့်ခြင်း၊ ၀မ်းမြောက်ခြင်းဖြင့် ရောထွေး ကာ ခင်ခင်လေးက ခရီးဦးကြို နှုတ်ဆက်လိုက်၏။
" ဟော ... မောင် အဲ ... ကိုမျိုးခိုင်၊ ဘယ်နေ့က ပြန်လာတာလဲဟင် "
ခင်ခင်လေးက ၀မ်းသာစွာဖြင့် ကိုမျိုးခိုင်အား ဖခင်နှင့် မျက်နှာချင်းဆိုင်မှာထိုင်ရန် နေရာချပေးပြီး မေးလိုက်၏
" အေးကွယ် ... မောင်မျိုးခိုင် ကျန်းကျန်းမာမာ ပြန်လာတာဦးဖြင့် ၀မ်းသာတယ်ကွယ်၊ ရန်ကုန်ရောက်နေတာ ဘယ်နှစ်ရက်ရှိပြီလဲ "
ဦးထွန်းသစ်က သတင်းစာကိုချပြီး နှုတ်ဆက် မေးမြန်းလိုက်၏။

" ဒီနေ့ပဲ ရောက်ပါတယ် ခင်ဗျာ၊ အိမ်မှာ ခဏ၀င်နားပြီး ဦးတို့ဆီ ကျွန်တော် လာခဲ့တာပါပဲ "
ကိုမျိုးခိုင်၏ အဖြေကြောင့် ခင်ခင်လေးက ချစ်သူ ကိုမျိုးခိုင်အား ကျေနပ်နှစ်သိမ့်စွာပြုံးပြီး စိမ့်စိမ့်ကြည့်နေ သည်။
" မောင်မျိုးခိုင်နည်းနည်းပိန်သွားတယ်လို့ ဦးထင်တယ်၊ ဘယ်နေရာတွေများ ရောက်ခဲ့သလဲကွယ့် "
" မန္တလေးနဲ့ သထုံတင်ပါပဲဦး၊ ခရီး နည်းနည်းပန်းသွားလို့ပါ "
" အေး ... ဒါထက် သတင်းစာတွေ မှန်မှန် ဖတ်ရဲ့လား မောင်မျိုးခိုင် "
" ဟုတ်ကဲ့ ... ဦး၊ ဖတ်ပါတယ်၊ တိုင်းပြည် အခြေအနေကလဲ စိတ်မချမ်းသာစရာပါပဲ ခင်ဗျာ၊ ဒုတိယ ကမ္ဘာ စစ်ကတော့ ဖြစ်မှာ မလွဲတော့ပါဘူး၊ ဦးတို့ ဘယ်ကို ရွှေ့ပြောင်းမယ် စီစဉ်ထားလဲလို့ ကျွန်တော် သိပါရစေ "

ကိုမျိုးခိုင်က ဦးထွန်းသစ်နှင့် ခင်ခင်လေးအား တစ်လှည့်ကြည့်ပြီး မေးလိုက်၏။
" တို့သားအဖတော့ စစ်ကိုင်းတောင်ရိုးက ပဲစားချောင်း ခိုမယ်လို့ စီစဉ်ထားတယ်ကွယ့်၊ အဲဒီချောင်က ဆရာ တော်တို့အမြဲ ပစ္စည်းလေးပါး ထောက်ပံ့ လှူဒါန်းထားတဲ့ ဆရာတော်ရင်းပဲ၊ ဆရာတော်ကလဲ တိုင်းပြည် ရုပ်ပျက်ဆင်းပျက် မဖြစ်သူ့ထံ ရွှေ့လာခဲ့ဖို့ လူလွှတ် အကြောင်းကြားတယ် မောင်မျိုးခိုင်ရဲ့၊ ယူသင့်ယူထိုက်တဲ့ ပစ္စည်း တွေကို လူကြုံနဲ့ ဆရာတော်ကို ပို့လိုက်ပြီးပြီ၊ ဦးတို့လဲ အခြေအနေကြည့်ပြီး မကြာ ခင်သွားကြမှာပဲ၊ မောင်မျိုးခိုင် ရော ဘယ်လိုစီစဉ်ထားလဲကွယ့် "
ဦးထွန်းသစ်၏ အမေးကို ကိုမျိုးခိုင်က ချက်ချင်း မဖြေသေးဘဲ အတန်ငယ် တွေနေပြီးမှ ...

ကျွန်တော်လဲ ကိုယ်ရေးကိုယ်တာ ကိစ္စကလေးတွေက ဆောင်ရွက်လို့ မပြီးပြတ်သေးဘူး ဦးရယ်၊ ဒါထက် စစ်ကိုင်းပဲစားချောင်မှာ ဦးတို့ သားအဖ နှစ်ယောက်တည်း သွားတော့မှာလား "
ကိုမျိုးခိုင်က သားအဖနှစ်ယောက်တည်း ပဲစားချောင်မှာ သွားနေရမည်ကို မျက်နှာမလွှဲရက်သဖြင့် တစ်မျိုးတစ်ဖုံ စီစဉ်မည်ဟု စိတ်ကူးကာ မေးလိုက်သည်။
" တို့သားအဖနှစ်ယောက်တည်းတော့ မဟုတ်ဘူးလေကွယ်၊ ရန်ကုန်က ရင်းနှီးတဲ့ မိတ်ဆွေတွေလဲ တစ်စု တဝေးပါမယ်။ မန္တလေးက ဆွေမျိုးရင်းချာတွေဲ တို့နဲ့အတူ ပေါင်းနေကြမယ်၊ စစ်ဖြစ်ုလိ့ ပြေးရလွှားရ ပုန်းရ မှာ ဖြစ်ပေမယ့် ပျော်စရာတော့ အကောင်းသားဟ၊ ကဲ ... ခင်ခင်လေးနဲ့ အေးအေးဆေးဆေး စကားပြော ကြဦး၊ ဦးမိတ်ဆွေတစ်ယောက်နဲ့ ပြောင်းရွှေ့ရေး စီစဉ်ဖို့ ချိန်းထားတာ ရှိတယ်၊ သွားလိုက်ဦးမယ် မောင်မျိုး ခိုင် "

ဦးထွန်းသစ်က လူငယ်နှစ်ဦး ပြောလိုရာ ပြောကြစေရန် သွားစရာရှိသော ကိစ္စကို ဖော်ကာ ဧည့်ခန်းတွင်းမှ ထွက်ခွာသွားလေသည်။
ဦးထွန်းသစ် ထွက်ခွာသွားလျှင် မတွေ့ရသည်မှာ ရက်ပေါင်းအတန်ကြာခဲ့ပြီဖြစ်သော ချစ်သူနှစ်ယောက် သည် တစ်ယောက်မျက်နှာ တစ်ယောက် အားရပါးရ စိမ့်စိမ့်ကြည့်လိုက်ကြ၏။ ခင်ခင်လေး၏ အကြည့်ကား ၀မ်းမြောက် ရွှင်ကြည်သော အကြည့်၊ ကိုမျိုးခိုင်၏ အကြည့်ကား နက်နဲ တည်ငြိမ်သော အကြည့်။
" မောင့် အကြွေးတွေ ကြေလည်အောင် ရခဲ့ပြီလား မောင် "
ခင်ခင်လေးက ချိုရွှင် ကြည်လင်သော အသံအေးအေးဖြင့် မေးလိုက်၏။

" မကြေသေးပါဘူး ခင်လေးရယ် "
ကိုမျိုးခိုင်က ခင်ခင်လေးအား စူးစူးစိုက်စိုက် ကြည့်ရင်း ဖြေလိုက်၏။
" မောင်ရယ်၊ ဒီကြွေးတွေကို စိတ်မ၀င်စားပါနဲ့တော့လားနော်၊ တိုင်းပြည် အခြေအနေ မကောင်းတဲ့အခါ ခင်လေးအနားမှာ မောင်ရှိနေစေချင်တယ်၊ လိုက်ခဲ့ပါလား မောင် ဒေါ်မှုံကိုပါ ခေါ်ခဲ့ပေါ့၊ ဖေဖေကလဲ မောင့် ကို ခင်လေးတို့နဲ့ တပါတည်း လိုက်စေချင်တဲ့ ဆန္ဒရှိတယ် မောင်ရယ်၊ လိုက်ခဲ့ပါနော် "
ခင်ခင်လေး က ချိုနွဲ့သော အသံလေးဖြင့် ချစ်သနားဖွယ် တောင်းပန်လိုက်၏။ ကိုမျိုးခိုင်သည် ခင်ခင်လေးကို စူးစိုက်ကြည့်နေရာမှ မသိမသာ မျက်လွှာချကာ ငြိမ်နေသည်။
" လိုက်မယ် မဟုတ်လား မောင် "

ငြိမ်နေသော ချစ်သူအား ခင်ခင်လေးက မေးလိုက်ပြန်၏။ ကိုမျိုးခိုင်က ချထားသော မျက်လွှာကိုပင့်ကာ ခင်ခင်လေးအား ကြည့်လိုက်ပြန်သည်။
" ပဲစားချောင်မှာ ခင်လေးတို့ သားအဖနှစ်ယောက်ထဲ သွားနေရမယ်ထင်ပြီး ခင်လေးတို့ အားမငယ်ရအောင် မောင် တစ်မျိုး စီစဉ်မယ်လို့ပါပဲ၊ ဒါပေမယ့် ဦးပြောတဲ့ အစီအစဉ် အတိုင်းဆိုရင် ခင်လေးတို့ အားငယ်စရာ ဘာမျ မရှိပါဘူးကွယ်၊ အသိုင်းအ၀ိုင်း တောင့်သားပဲ "
" အသိုင်းအ၀ိုင်းတောင့်တာနဲ့ မောင်လိုက်တာနဲ့ မတူဘူးလို့ ခင်လေးထင်ပါတယ်၊ ဆွေမျိုး မိသင်္ဂဟ၊ မိဘရဲ့ အကာအကွယ်က တစ်မျိုး၊ ချစ်သူရဲ့ အကာအကွယ်ကတစ်မျိုးပါမောင်၊ လိုက်ခဲ့ပလို့ ခင်လေး တောင်းပန် ပါတယ်နော်"

ခင်ခင်လေး၏ ချစ်သနားဖွယ် အသံကလေးကား၊ တော်ရုံ တန်ရုံမျှ စိတ်ခိုင်သူအား အရည်ပျော်သွားစေနိုင် သော်လည်း ခိုင်မာသော ရည်ရွယ်ချက်ကို ရှေ့ရှုနေသော ကိုမျိုးခိုင်ကား စိတ်ကို ကြိုးစား တင်းထားလိုက် သည်။
" ခင်လေးကို မောင်တကယ်ပဲ ချစ်ပါတယ်၊ ဦးကိုလဲ မိဘလို အားကိုးကြည်ညိုပါတယ်၊ ဒါပေမယ့် ခင်လေး ရယ် "
" မောင် မလိုက်နိုင်ဘူး ဆိုပါတော့နော် "
ကိုမျိုးခိုင်၏ တစ်ပိုင်းတစ်စ စကားကြောင့် ခင်ခင်လေးက အားလျော့သော လေသံဖြင့်မေးလိုက်သည်။
" မောင် ဆောင်ရွက်စရာကိစ္စက မပြီးသေးလို့ပါ ခင်လေးရယ်၊ ကိစ္စ အောင်မြင်တာနဲ့ တစ်ပြိုင်တည်း ခင်လေးထံ မောင်ဖြစ်တဲ့နည်း အမြန်ဆုံး ပြန်လာခဲ့ပါ့မယ်၊ ခင်လေးကလွဲပြီး ဘယ် မိန်းကလေးကိုမှ မောင် စိတ်မကူးပါဘူးဆိုတာ ခင်လေး ယုံပါ၊ မောင် ကတိသစ္စာကို ဒီတစ်သက်မှာ မဖျက်ပါဘူး၊ ခွင့်လွှတ်ပါ ခင်လေးရယ် နော် "

ကိုမျိုးခိုင်က ဆို့နင့်သောအသံဖြင့် ခွင့်တောင်းလိုက်၏။ ခင်ခင်လေးမှာ စကားမပြောတော့ဘဲ ငေးနေသည်။ အတန်ကြာမှ ခင်ခင်လေးသည် ဝေလာသောမျက်ရည်ကို လက်ကိုင်ပ၀ါဖြင့် သုတ်လိုက်ပြီး ...
" ခင်လေးကတော့ ဆိုးဝါးတဲ့ ခေတ်အချိန်အခါကြီးမှာ သေအတူ ရှင်မခွဲ သဘောထားပြီး တစ်လုံး တစ်စည်းထဲ နေလိုပေမယ့် မောင်ကငြင်းဆန်တော့ ခင်လေးက အတင်းဆွဲခေါ်လို့မှမရတာ၊ ခွင့်ပြုရမှာပေါ့ မောင်၊ ခင်လေး ခွင့်မပြုဘူးဆို တော့ကော မောင်က တားလို့ရမှာလား၊ မောင့် သဘောအတိုင်းပါ၊ ဘာမှန်း မသိရတဲ့ကိစ္စကြီးမို့ ခင်လေးလဲ မကူညီနိုင်ဘူးနော်၊ မောင် ကျန်းမာချမ်းသာစွာနဲ့ ခင်လေးထံ မြန်မြန်ပြန် ရောက်ပါစေလို့ ဆုတောင်းရင်း မျှော်ရတော့မှာပေါ့ မောင် "

ခင်ခင်လေးသည် တုန်ယင်သော အသံဖြင့်ပြောကာ ကိုမျိုးခိုင်အား မကြည့်တော့ဘဲ ခေါင်းငုံ့ကာ မျက်ရည် သုတ်နေသည်။ ကိုမျိုးခိုင်သည် ငေးငိုင်စွာဖြင့် ခင်ခင်လေးအား အားပါးတရစိုက်ကြည့်လိုက်ပြီး အံကိုကြိတ် ကာ စိတ်တင်းလိုက်၍ ထိုင်ရာမှ ထလိုက်၏။
" မောင် သွားတော့မယ်နော် ခင်လေး "
 " သွားပါ မောင် သွားပါ၊ ခင်လေးကတော့ ရောက်ရာအရပ်က မောင့်ကို တမ်းတ စောင့်မျှော်နေမယ် ဆိုတာ တော့ မမေ့ပါနဲ့နော် "

ခင်လေးသည် တုန်ယင်လှိုက်လှဲသောအသံဖြင့် ပြောကာ ချစ်သူအား မော်ကြည့်လိုက်၏။
တစ်ယောက် နှင့် တစ်ယောက် မျက်လုံးချင်း မလွှဲဖယ်နိုင်အောင် အတန်ကြာ စိုက်ကြည့်နေပြီးမှ ကိုမျိုးခိုင် သည် ချာခနဲ လှည့်ကာ ဖြည်းလေးသောခြေလှမ်းဖြင့် ထွက်ခွာသွားသည်ကို ခင်ခင်လေးသည် ရီဝေသော မျက်လုံး ဖြင့် ငေးစိုက်ကြည့်နေလေသည်။
--------------------------
ဆက်ရန်
.

No comments: