Tuesday, June 28, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၂)

သစ်လွင်လန်းဆန်းသော လက်ရာဟောင်းများ
ဇေယျ

လူ့ဘ၀၊ လူ့လောကကြီးကား တစ်ဘက်တည်း တစ်ခုတည်း ဟူ၍မရှိ၊ အကောင်းရှိလျှင် အဆိုး အလင်းရှိလျှင် အမှောင်၊ အချို ရှိလျှင် အခါး ဟူ၍ အမြဲဒွန်တွဲလျှက် ရှိသည်။ ဤသဘောကို ပါဋိကျမ်းဂန်များ၌ လောကဓံ တရားဟာ ဟောတော်မူသည်။ ဆရာသုခသည် ဤသဘောတရားကို ကောင်းစွာသက်ဝင် နားလည်ရုံမက၊ သူရေးသောစာ၊ သူဆိုသော သီချင်း၊ သူရိုက်ကူးသော ရုပ်ရှင် ဇာတ်ကားဟူသမျှတို့၌ တစ်ရံ တစ်ဆစ် လက်မလွတ် အမြဲထည့်သွင်းပြသလေ့ ရှိသည်။ သို့သော် သူကိုယ်တိုင်ကမူကား၊ ထိုသဘောတရားကို တော်လှန် နေသကဲ့သို့ ရှိသည်။ ဆရာသုခကို ကျွန်တော်ယခုအထိ နီးနီးစပ်စပ် ပွန်းပွန်း တီးတီးသိကျွမ်းခဲ့၏။ သို့သော် သူ့ကို တစ်ကြိမ်တစ်ခါမျှ ဒုက္ခနှင့် တွဲဖက်၍ မတွေ့ခဲ့ရချေ။ အမြဲရွှင်လန်းဖျတ်လတ်လျက် ရှိလေသည်။ သူ့ကိုမြင်လျှင် ကျွန်တော် အိမ်ရှေ့တွင် ပေါက်ရောက်နေသော တစ်ဆယ့်နှစ်ရာသီ ပန်းပင်ကို အမြဲ သတိရသည်။

ဆရာသုခသည် အမြဲရွှင်လန်းသော စိတ်ဓာတ်ရှိရုံမျှမက လျင်မြန်ဖျတ်လတ်သော ဇ၀နဥာဏ် လည်း ထက်သန်သူ ဖြစ်သည်။ စစ်ကြီးအတွင်း ဂျပန်ခေတ်က စာရေးဆရာအသင်းကို အသစ် ပြုပြင်တည်ထောင်၍ အသင်း၏မူရင်းလုပ်ငန်းတစ်ရပ်အနေဖြင့် စာရေးဆရာမဂ္ဂဇင်းကို အားတက် သရောထုတ်ဝေကြသည်။ သို့သော် ကိုးလအကြာတွင် စက္ကူရှားပါးမှုကြောင့် မဂ္ဂဇင်းရပ်တန့် သွားရာ စာရေးဆရာအသင်းသည် ဘာမျှမလုပ်ဘဲ လက်ပိုက်ထိုင်နေရန် မသင့်သဖြင့် အလုပ်သစ် တစ်ရပ် ရှာကြံတီထွင် ရန် စိုင်းပြင်းကြ ရလေသည်။ ထိုကိစ္စကို၊ ရန်ကုန်မြို့၊ ကုက္ကိုင်းလမ်း၊ သူရိယသတင်းစာတိုက်တွင် အမှုဆောင်များ စုဝေး ဆွေးနွေး ကြရာ၊ ဆရာသုခလည်း တပ်ခ်ျသတက္ကလတ်အနက်အင်္ကျီ ပလေကတ် လုံချည် အဖြူအမည်း အစင်း ကို ထုံးစံအတိုင်း ၀တ်ဆင်၍ ရောက်ရှိနေသည်။

နည်းအမျိုးမျိုးတို့ကို တစ်ခုမကောင်းတစ်ခုကောင်း ဆွေးနွေးပြီး နောက် နောက်ဆုံးတွင် မဂ္ဂဇင်းအစား စာပေ ၏ အရသာများကို စာရေးဆရာများကိုယ်တိုင် ပါဝင် ကပြသော ပြဇာတ်ခင်းကြရန် သဘောတူကြသည်။ သို့သော် သာမန်ဇာတ်ဆရာနှင့် ကွဲပြားခြားနား အောင် အမည်တီထွင်ခေါ်ဝေါ်သင့်သည်ဟု သဘောရရှိကာ အမည်ကို တွေးတောကြံဆကြရာ သင့်လျှော်သော အမည်ကို ရရှိရန် ခဲယဉ်းနေကြသည်ကို တွေ့ကြ ရလေသည်။ ထိုအခိုက်ကို သုခ က ရုတ်တရက်ဝင်၍ "စာပေပြဇာတ်လို့ ခေါ်လိုက်ကြဗျာ" ဟု ပြောရာ၊ အမှုဆောင် များမှာ ဤမျှ လောက် လွယ်လွယ်ကလေးကို ငါတို့ဘယ့်ကြောင့် မတွေးမိကြပါလိမ့်မလဲဟု အံ့အားသင့် သွားကြ ပြီး၊ ချက်ချင်းလက်ခံလိုက်ကြလေသည်။ လွယ်သည်၊ အချက်ချသည်။ ဤကား ဆရာသုခ ၏ ထူးခြားသော ဥာဏ်သွးလက္ခဏာ ဖြစ်သည်။

ဆရာသုခ ရေးသော ၀တ္ထု၊ ဆောင်းပါး၊ ဆိုသောတေးသံ၊ ရိုက်ကူးသော ရုပ်ရှင်ဇာတ်ကား စသည်ဖြင့်  သုခလက်ရာ ဟူသမျှ သူမွေးထားသော သားငယ်ကလေးပါမကျန် ဤလက္ခဏာများကို မြင်တွေ့ရ သည်။ ရှင်းရုံ၊ လွယ်ရုံ၊ အချက်ရုံသာ မဟုတ်သေး၊ ထိုလက္ခဏာများထက် ထူးခြားသော လက္ခဏာ တစ်ရပ် ရှိသေး၏။ ခေတ်မီ သစ်ဆန်း သော စာရေးဆရာတစ်ယောက်ဖြစ်သော်လည်း အတွေးအခေါ်၊ စကားအသုံးအနှုန်း၊ ဟန်ပန် အနေအထားမှ စ၍ အစစတွင် မြန်မာအတွေး၊ မြန်မာ စကား၊ မြန်မာ့ဟန်မပျက်စေဘဲ၊ အမြဲထိန်းသိမ်း ထားခြင်း ဖြစ်သည်။ ကျွန်တော်တို့အဖို့မူကား ဤ အချက်သည် ဆရာသုခ၏ အထူးမူပိုင်လက္ခဏာဟု ယူဆ ပေသည်။

ဆရာသုခ၏ ၀တ္ထု ဆောင်းပါးစသည်တို့ကို ၁၉၃၀ ခုနှစ်ကျော်ခန့်မှစ၍ တွေ့ရာ၊ မည်သည့် ပုံသဏ္ဍာန်ဖြင့် ရေးစေ အထက်ပါ ထူးခြားသော လက္ခဏာများကို အမြဲ တွေ့နေရ၍ လေးလေး စားစား ဖတ်ရှုခဲ့လေသည်။ အလွန် လွမ်းစရာ၊ ဆွေးစရာ၊ စိတ်မောစရာအကြောင်းများကို ဖွဲ့၍ ရေးသားသော ဆောင်းပါးဝတ္ထုများမှာပင်၊ သူ၏ဖျတ်လတ်ရွှင်လန်းသော လက္ခဏာများဖြင့် ယှက်သန်းနေပေသည်။ ယခုစာအုပ်တွင်၊ ရှေ့ဆုံးမှ ပါလာသော ဘုန်းကြီးဆိုသော သီချင်း ၀တ္ထုတွင် ဆရာကြီး ဦးပြုံးချို ကို ပုဂ္ဂိုလ်အသီးသီးတို့သည် ရှုထောင့် တစ်ပုံစီ အမျိုးမျိုးမြင်ခဲ့ကြရာ ဆရာသုခကမူကား၊ လေးနက်သော အခြင်းအရာ ကို ရွှင်လန်းဖျတ်လတ်သော အသွင်ဖြင့် ထူးခြားစွာ ပြထားလေသည်။

ဆရာသုခသည် ယခုစာအုပ်တွင် စုပေါင်းပုံနှိပ်သော ဝတ္တုများကို လွန်ခဲ့သည့် တစ်ခောတ်က မဂ္ဂဇင်း သတင်းစာ ဆိုသည်မှာ ကြာရှည်ခံနိုင်သော အရာမျိုး မဟုတ်သည့်ပြင်၊ ဆရာတစ်ဦး၏ လက်ရာကို တစ်စုံတစ်ရုံး တစ်ခိုင်တစ်ခဲ တွေ့နိုင်သော ဌာနမျိုးမဟုတ်သဖြင့် ပျောက်ပျက်တိမ်မြုပ် သွားတတ်သည်။ ဆရာသုခ ၏ လက်ရာများသည်လည်း မူလအတိုင်းရှိစေပါက ပျောက်ပျက်သွား မည့်ဘေးမှ မလွတ်နိုင်ချေ။ ယခုမူကားတစ်စုတစ်ရုံး ပေါင်းပုံနှိပ်ထားလိုက်ပြီဖြစ်သောကြောင့် တိမ်မြုပ်ပျောက်ကွယ်သွားမည့် ဘေးမှလွတ်ပေပြီဟု ဝမ်းမြောက်ရပေသည်။  ယခင်က ဤစာများ ကိုသတင်းစာ မဂ္ဂဇင်းစသည်တို့မှ ဖြတ်၍ ဖိုင်တွဲထားခဲ့၏။ သို့သော် မစုံခဲ့ချေ။ အချို့လည်း ဆွေးမြည့်ပျက်စီးကုန်၏။ ယခုစာအုပ်ဖြစ်လာ၍ ကျွန်တော် တို့ စာအုပ်စင်ပေါ်တွင် အမြဲရှိပေတော့ မည်။

ဤဝတ္တုများကား ယခုအသစ်ရေးသားခြင်းမဟုတ်၊ အဟောင်းများဖြစ်သည်မှန်၏။ ၎င်းတို့ကို ဖန်တီးခဲ့သော ဆရာသုခ ၏ ဒုက္ခမသန်း၊ ထာဝစဉ်ရွှင်လန်းသော မျက်နှာကဲ့သို့ပင် ဟောင်းနွမ်းရိပ် မထင်ဘဲ၊ ရေးခါစကကဲ့သို့ပင်  ရွှင်လန်းဆန်းသစ်သော တစ်ဆယ့်နှစ်ရာသီပန်းများကဲ့သို့ပင် ဖြစ်ရာ ကျွန်တော်တို့ တွေ့ရှိသကဲ့သို့ စာဖတ်ပရိသတ်များလည်း တွေ့ရှိရလိမ့်မည်ဟု ယုံကြည်ပါကြောင်း။

ဇေယျ
သုခ၏ ဆေးရုံပေါ်မှ ဘ၀သံသရာစာအုပ်အမှာစာ

Thukha 
Khin Myo Chit 
(Stories and Sketches of Myanmar)

 

(Stories and Sketches of Myanmar စာအုပ်ထဲမှ ဒေါ်ခင်မျိုးချစ် Thukha ဆောင်းပါးကို သားဖြစ်သူ ဒေါက်တာခင်မောင်ဝင်း ဘာသာပြန်ခြင်း ဖြစ်သည်။ ထိုဆောင်းပါးသည် ၁၉၅၈ခုနှစ်၊ မတ်လ Guardian မဂ္ဂဇင်းတွင် ပါဝင်ခဲ့သည်။ ထို့ကြောင့် ဒေါ်ခင်မျိုးချစ်၏ ဆောင်းပါးအစတွင် လွန်ခဲ့သော ၂၅နှစ်လောက်က ဟူသော စာပိုဒ်ကို ၁၉၅၈ ခုနှစ်မှ စတင်၍ တွက်ရမည် ဖြစ်ပါသည်။)

လွန်ခဲ့သော ၂၅နှစ်လောက်က ကလောင်နာမည် "သုခ" ကို နှစ်ပဲတန် ၀တ္ထုစာအုပ် တစ်အုပ်၏ ရောင်စုံ ခြယ်သ ထားသော အဖုံးတွင် တွေ့လိုက်ရပါသည်။ ထိုကလောင်နာမည် ဖြစ်ပေါ်လာအောင် အတော်ပင် ကြိုးစား အားထုတ်ခဲ့ရပါသည်။ ထိုအချိန်က အပျော်ဖတ် ၀တ္ထုအပေါစားများသည် ဈေးကွက်တွင် တော်တော် ခေတ်စား ခဲ့ပါသည်။ ထိုအခါ ပုံနှိပ်တိုက် တစ်ခုသည် နှစ်ပဲတန် ၀တ္ထု ဟုခေါ်သော ဤ၀တ္ထုများကို ပိုမို၍ တွင်ကျယ်လာစေရန် နောက်ထပ် တစ်ဆင့်တစ်ဆင့်  တိုးမြှင့် ဆောင်ရွက်လိုသည်။ ထိုပုံနှိပ်တိုက်က အရွေးခံ ရသော လူ မသိသေး သည့် ကလောင်သစ်များကို ဆုငွေချီးမြှင့်မည်ဟု ကြော်ငြာခဲ့သည်။ ဤတွင်သာ မကသေး သုံးကြိမ်အရွေးခံရသော ကလောင်သစ် ကို ကလောင်အမည်တစ်ခု ရွေးချယ်ချီးမြှင့်ပေးမည်ဟု ထပ်မံ ၍ ဆိုထားပြန်သည်။

ထိုအခါ ကလောင်သွေးချင်သော လူငယ်တော်တော်များများသည် ထိုအခွင့်အရေးကို ရအောင် ကြိုးပမ်း ကြသည်။ ဤကဲ့သို့ ကြိုးပမ်းခဲ့ရသူတစ်ဦးမှာ ကျိုက်လတ်မြို့မှ ကိုသိန်းမောင် အမည်ရှိ လူငယ်တစ်ဦး ဖြစ်သည်။ ကိုသိန်းမောင်၏ ၀တ္ထုသုံးကြိမ် အရွေးခံရသောအခါ "သုခ" ဟူသော စာရေးဆရာတစ်ဦး မွေးဖွာ လာလေ တော့သည်။ ယခုအခါ ထိုအချိန်က ထင်ပေါ်ခဲ့သော နှစ်ပဲတန် အပေါစား ၀တ္ထုရေးဆရာ တော်တော် များများ သည် တိမ်မြှပ်၍ ကုန်လေပြီ။ သို့သော် သုခ ဟူသော အမည်သည် ယနေ့တိုင် ထင်ပေါ်နေဆဲ ဖြစ်သည်။ အဘယ်ကြောင့်ဟူသည်မှာ ရှင်းပါသည်။ အကြောင်းမှာ သုခသည် အလွန်ထူးခြားသော အနုပညာရှင် တစ်ဦး ဖြစ်သောကြောင့် ဖြစ်ပါသည်။

သုခ၏ အနုပညာအကြောင်း သိလိုလျှင် သူ၏ မွေးရပ်မြေဖြစ်သော ကျိုက်လတ်မြို့၏ အတိတ် ကာလ၏ နေ့ရက် များသို့ ပြန်သွာကြည့်ရပေမည်။ ကျိုက်လတ်မြို့သည် နာမည်ကျော် ကဗျာဆရာ များ၊ သီချင်းရေး ဆရာများနှင့် ဂီတအနုပညာရှင်များ မွေးဖွားရာမြို့လေးတစ်မြို့ ဖြစ်ပါသည်။ ထိုမြို့ ၏ အေးချမ်းသာယာသော ဘ၀ထဲတွင် ဂီတစာဆိုအနုပညာရှင်များစွာတို့ ပျော်မွေ့ရာ ဖြစ်ခဲ့သည်။ အပျော်တမ်းဂီတ ၀ါသနာရှင် များ သည် မိုးရာသီကုန်ဆုံးချိန်တွင် လာရောက်ဖျော်ဖြေလေ့ ရှိသည်။

ကျိုက်လတ်မြို့သည် ယနေ့တိုင်အောင် ထိန်းသိမ်းထားဆဲဖြစ်သော ဓလေ့တစ်ခုမှာ နှစ်စဉ် ဦးရှင်ကြီးပွဲကို ကျင်းပခြင်း ဖြစ်သည်။ ဦးရှင်ကြီးသည် မြစ်ဝကျွန်းပေါ်ဒေသ၏ မြစ်ဖျာချောင်းများ ကို စောင့်ရှောက်သော နတ်ဖြစ်သည်။ ဦးရှင်ကြီး၏ ဇာတ်လမ်းကို ပင်လယ်ကမ်းဖြင့် မဝေးသော ဒေသများတွင် ကောင်းစွာ သိကြပါသည်။ မြစ်ဝကျွန်းပေါ်ရှိ မြို့များသည် ဦးရှင်ကြီးကို ဂုဏ်ပြု သော ဇာတ်ပွဲများကို နှစ်စဉ်ကျင်းပလေ့ ရှိသည်။ ထိုဇာတ်ပွဲများတွင် ကပြဖျော်ဖြေသော  ဦးရှင်ကြီး ၏ ဘ၀ဇာတ်ကြောင်းသည် မြန်မာလူမျိုးများ အလွန်ပင်မျက်ရည်ကျရသောဇာတ် ဖြစ်ပါသည်။ ဦးရှင်ကြီးမှာ စောင်းပညာရှင် လူငယ်တစ်ဦး ဖြစ်သည်။ သူသည် သူ၏မုဆိုးမ မိခင်ကြီးအား လုပ်ကျွေးရန်အတွက် ဖောင်သမားများဖြင့် လိုက်ရသောအလုပ်ကို လုပ်ရ ပါသည်။ သူ၏ သာယာ သော စောင်းသံသည် မြစ်ရိုးတစ်လျှောက်ရှိ နတ်သမီးများကို ဆွဲဆောင်စေပါသည်။ နတ်သမီများ သည် ဦးရှင်ကြီးအား အလွန်နှစ်သက်၍ ရေနက်ထဲသို့ ခေါ်ဆောင်သွားပြီး ပြန်မလွှတ်ကြ တော့ချေ။

ဦးရှင်ကြီးသည် ရေအောက်ထဲသို့ လိုက်ပါမသွားမီ သူ့မိခင်ကြီးအား စကားတစ်ခွန်းမှာကြားခဲ့သည်။ သူ့ကို တွေ့လိုသည့် အခါ ကောက်ညှင်းပေါင်းပူပူနွေးနွေး၊ ငှက်ပျောသီး၊ ထန်းလျက်၊ လက်ဖက်နှင့် အုန်းသီးတို့ကို ၀ါးစင် တစ်ခုပေါ်တွင် တင်ရန် ဖြစ်သည်။ ယခုအခါတွင် နံနက်စောစောအချိန်ကို ဦးရှင်ကြီးအား ပူဇော် ပသသည့်အချိန်အဖြစ် သတ်မှတ်ထားကြသည်။ သို့သော် ညနေပိုင်းတွင် လည်း ပူဇော်နိုင်ပါသည်။ မြစ်ဝကျွန်းပေါ် ရှိ လှေသမားများသည် ဦးရှင်ကြီးကို ပူဇော်ပသပြီးမှသာ ရေလမ်းခရီးကို သွားလေ့ရှိကြသည်။

မြစ်ဝကျွန်းပေါ်ရှိ လူများသည် ဦးရှင်ကြီးကို တစ်နှစ်လျှင်  အနည်းဆုံး သုံးလေးကြိမ်ခန့် ပူဇော်ပသ လေ့ရှိကြသည်။ ယင်း ပူဇော်ပသပွဲများသည် မိသားစုအတွင်း ပြုလုပ်သော ပွဲမျှသာ ဖြစ်ပြီး မိသားစု များ စုဝေး ၍ ကောက်ညှင်းများ၊ အုန်းသီးများနှင့် ထန်းလျက်များ စားကြသောက်ကြရန် အခွင့်အရေးတစ်ခုလည်း ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် ဦးရှင်ကြီးပွဲကို ပြင်ဆင်ပေးသော ဆရာ တစ်ဦးကို ငှားရမ်းကြပါသည်။ ထိုအခါ ထိုဆရာသည် ဦးရှင်ကြီး၏ ကြေကွဲဖွယ် ဇာတ်လမ်း တေးသီချင်းကို သီဆိုပြီး ပူဇော်ပသသော မိသားစုကို စောင့်ရှောက်ရန် တိုင်တည်လေသည်။ ဆရာ သည်  အများအားဖြင့် အသက်လေးဆယ် ပတ်ဝန်းကျင် လောက် ဖြစ်တတ်ပြီး သီချင်း အဆိုကောင်းသူ ဖြစ်သည်။ ဦးရှင်ကြီးတင်သော ဆရာသည် နတ်စင်လေးတစ်ခု ပါဝင်သော လှည်းလေးကို တွန်း၍ သွားလေ့ ရှိသည်။ လှည်းပေါ်တွင် စောင်းပိုက်ထားသော လူငယ်တစ်ဦး၏ ပုံကို ချိတ်ဆွဲ ထားသည်။ ထိုလူငယ်၏ ဘေးတွင် ကျားတစ်ကောင်နှင့် မိကျောင်းတစ်ကောင်၏ ပုံကို လည်း တွေ့ရသည်။ ဆရာသည် ဦးရှင်ကြီးအား ပူဇော်ပသသည့် ကိစ္စအားလုံးကို သင့်လျော်သော အခကြေးငွေဖြင့် တာဝန် ယူ ဆောင်ရွက်ပေးသည်။

ဦးရှင်ကြီးပွဲကို ခမ်းခမ်းနားနား ကျင်းပရာတွင် သူ့ဘ၀ဇာတ်ကြောင်းကို တစ်ညလုံး ကပြလေ့ ရှိသည်။ နံနက်အရုဏ် တက်ချိန်တွင် ဇာတ်လမ်းအရ ဦးရှင်ကြီး၏ မိခင်သည် သူ့သားအတွက် ပူဇော် ပသသည့် အခန်း ကို ရောက်လာသောအခါ ဇာတ်စင်ကြီးတစ်ခုလုံးသည် နတ်စင်ကြီးပမာ ဖြစ်သွား ပြီး ဇာတ်သမားများနှင့် ပွဲကြည့် ပရိသတ်တို့အားလုံးသည် စားသောက်ဖွယ်များကို လွတ်လပ်စွာ လာရောက်ပူဇော်ပသကြပါသည်။

နိုဝင်ဘာလတွင် ပြုလုပ်သော ဦးရှင်ကြီးပွဲသည် တော်တော် ကြီးကျယ်ခမ်းနားပါသည်။ လယ်ပိုင်ရှင် သူဌေးများ နှင့် ဆန်ကုန်သည်များသည် ငွေကြေးအကုန်ခံ၍ ထိုပွဲကို အောင်မြင်အောင် ကြိုးပမ်းကြ သည်။ လူကြီး များသည် သူတို့၏ သားသမီးများကို ဇာတ်ထဲတွင် ပါဝင်စေသည်။ ထိုအချိန်သည် အပျော်တမ်း တေးသံရှင်၊ ဂီတပညာရှင်များ၊ တေးရေးသူများနှင့် ၀ါသနာရှင်များအဖို့ သူတို့၏ အစွမ်း ကိုပြရန် အခွင့်အလမ်း များ လည်း ရရှိကြသည်။

ဤတွင် အရေးအပါဆုံးသော နေရာမှာ ဦးရှင်ကြီးကို သရုပ်ဆောင်ရသော မင်းသား ဖြစ်သည်။ ထိုအခွင့်အရေး ကို ရရှိသူအဖို့ ဂုဏ်တစ်ရပ်လည်းဖြစ်၊ အထူးအခွင့်အလမ်းတစ်ခုလည်း ဖြစ်သည်။ တစ်ချိန်တွင် ထို အခွင့်အရေး ကို သုခ ရရှိလေသည်။
ထိုအချိန်က သုခဖြစ်လာမည့် မောင်သိန်းမောင်ဟူသော လူငယ်လေးသည် အရွယ်နှင့်မလိုက် အောင် အနုပညာ ၀ါသနာပါသူ၊ အနည်းငယ် ဟန်လုပ်တတ်သူ၊ ပုံစံအားဖြင့် သပ်သပ်ရပ်ရပ် နေတတ်သူ ဖြစ်သည်။ သူ နှင့် ရွယ်တူအပေါင်းအသင်းများဖြင့် မ၀င်ဆန့်ဘဲ ပညာတတ်သော  လူကြီးများဖြင့်သာ ပေါင်းသင်းတတ်သူ ဖြစ်သည်။ သူသည်တက်သစ်စ ကဗျာဆရာနှင့် အနုပညာ ရှင်တစ်ဦး ဖြစ်သည်။ သူသည် လူကြီးပုံစံ အ၀တ်အစား များကို ၀တ်၍ စာအုပ်အထူကြီးတစ်အုပ်ကို ပိုက်လျှက် လျှောက်သွားလေ့ရှိသည်။

ထိုခေတ်က ဂန္တ၀င်စာကြီးပေကြီးများကို အပျော်သက်သက် လေ့လာဖတ်ရှု့သော အသက်အရွယ် ကြီးရင့်သူများ များစွာ ရှိပါသည်။ ထိုပုဂ္ဂိုလ်ကြီးများသည် မြို့နယ်အနှံ့သွားလာ၍ ဖျော်ဖြေကြသော ဇာတ်သမား များအတွက်လည်းကောင်း၊ မင်္ဂလာဆောင်များ၊ ရှင်ပြုများ စသော ပွဲလမ်းများအတွက် သော် လည်းကောင်း၊ ဘုန်းကြီးပျံများအတွက်သော်လည်းကောင်း ကဗျာများ တေးသီချင်းများကို ရေးစပ်ပေးလေ့ ရှိကြသည်။ ထိုပုဂ္ဂိုလ်များကို တေးရေးဆရာများဟုခေါ်လျှင် သူတို့အား စော်ကားသလို  ခံစားကြရပါသည်။ သူတို့သည် အများအားဖြင့် ဆင်းရဲကြ၏။ သို့သော်လည်း သူတို့ သီချင်းများကို ငွေကြေးဖြင့် ၀ယ်၍ မရနိုင်ပါ။ သူတို့၏ သီချင်းများကို အခမဲ့ ရရှိကြသော သူတို့ သည် ထိုပုဂ္ဂိုလ်များကို ကျေးဇူးတင်သောအားဖြင့် အ၀တ် အထည် များ၊ စားသောက်ဖွယ်များ စသည်တို့နှင့် ကန်တော့ကြပါသည်။ သို့သော် ငွေကြေးကို ပေးသည့် ထုံးစံ မရှိသလောက် နည်းပါ သည်။ အကယ်၍ သီချင်းရေးဆရာသည် အလွန်ဆင်းရဲနွမ်းပါးပါက ဥာဏ်ပူဇော်ခ အဖြစ် ပေးလှူ သော သစ်သီးများ၊ ပန်းများထဲတွင် ငွေကြေးတို့ကို ၀ှက်ထားပြီး ပေးကြသည်။ ဤသည်ကား အနုပညာရှင် များအပေါ် လူထု၏ လေးစားမှုကို ပြသခြင်း ဖြစ်သည်။

ထိုအနုပညာရှင်ကြီးများသည် စာဖတ်ရာမှ အနားယူချိန်တွင် သူတို့အချင်းချင်း သစ်ပင်အရိပ်အောက်တွင် ရေနွေးကြမ်း သောက်ရင်း တွေ့ဆုံ၍ စာပေရေးရာများကို နှီးနှောကြသည်။ သူတို့သည် စာပေ၊ ဂီတ၊ ပြဇာတ် တို့အကြောင်းကို ဆွေးနွေးနေကြရလျှင် ပြင်ပလောကကို မေ့ပျောက် နေကြလေသည်။

ထိုနှီးနှောပွဲသို့ ကိုသိန်းမောင်သည် သွားရောက်၍ နားထောင်၊ အချိန်ကုန်လေ့ ရှိသည်။ ကိုသိန်းမောင်သည် ထို ပညာရှိ ပုဂ္ဂိုလ်ကြီးများ ဆိုပြသော သီချင်းများ၊ ကဗျာများတို့ကို လိုက်လံ ရေးမှတ်လေ့ရှိသည်။ ဤသို့ဖြင့် ကိုသိန်းမောင် သည် သီချင်းကြီးများနှင့် ပြဇာတ်များဆိုင်င်္ရာ ပညာ ဗဟုသုတများကို ရရှိလာလေရာ အပျော်တမ်း ဇာတ်အဖွဲ့များသည် သူထံသို့ အကြံဥာဏ်များ လာရောက်တောင်းခံရသည့် အဖြစ်သို့ပင် ရောက်လာ လေတော့သည်။

သုခ ဖြစ်လာမည့် ကိုသိန်းမောင်သည် အနုပညာဆိုင်ရာ ပညာဗဟုသုတတို့ကို ရှာဖွေရာတွင် နည်းမျိုးစုံကို သုံးခဲ့သည်။ သူသည် အများမသိသေးသော သီချင်းများကို သင်ယူရင်း ထိုအနုပညာ ရှင်များအား အလုပ်အကျွေး ပြုရင်း သူတို့နှင့်အတူ လိုက်သွာသည်။ သီချင်းများကို ကူ၍ ဆိုပေး သည်။

ဇာတ်ပွဲများသည် သူ၏ ပညာသင်ကျောင်းများ ဖြစ်သည်။ ထိုအချိန်က ဇာတ်ပွဲများသည် ယခုခေတ် ဇာတ်ပွဲ တော်တော်များများကဲ့သို့ပင် အနောက်တိုင်ကို အတုယူ၍ ကပြဖျော်ဖြေသော အပေါစားများအဖြစ် ယိုယွင်း မသွားသေးပါ။ အနုပညာသည်များသည် လှပအောင် ရေးခြယ်ထား သော ကားချပ်များ၊ မီးရောင်များ ဆင်ယင် ထားမှုများ စသည့် အတုအယောင်များကို အားမကိုးပဲ သူတို့၏ ကိုယ်ပိုင်အနုပညာကို အားကိုး၍ ပရိသတ် ကို ဖျော်ဖြေရပါသည်။ ဇာတ်ဆရာသည် သီချင်းဆို တတ်ရသည်။

စကားကိုလည်း စီကာပတ်ကုံး ပြောတတ်ရသည်။ သရုပ်လည်း ဆောင်တတ်ရသည်။ ၎င်းပြင်ဆိုင်းဝိုင်းနှင့် တေးဂီတ အကြောင်းကိုလည်း ကောင်းကောင်းနားလည် ရသည်။ ဇာတ်လမ်းကို သရုပ်ဖော်သည့်အခါ သီချင်းများ၊ ကဗျာများနှင့် ကာရံပါသော စကားများကို ဆိုင်းဝိုင်းအကူအညီဖြင့် တင်ဆက်ရသည်။ အသံနှင့် ပြောဟန်၊ ဆိုဟန်တို့သည် အလွန်အရေးကြီး သည်။ သုခဖြစ်လာမည့်  လူငယ်လေး ကိုသိန်းမောင်သည် ဇာတ်ပွဲများနှင့်အတူ လိုက်၍ အပြော အဆိုတို့ကို သင်ယူလေ့ကျင့်ခဲ့ရာ ရှေးက ဇာတ်ပွဲများထဲမှ စကားများကို ဦးဖိုးစိန်ကြီးကဲ့သို့သော မင်းသားတို့၏ ဟန်အတိုင်း ရွတ်ဆိုနိုင်သည်။ သီချင်းများကိုလည်း ဟန်မပျက် ဆိုနိုင်သည်ဟု နာမည်ထွက်လေသည်။

သုခ ဟူသော အမည်သည် နှစ်ပဲတန် ၀တ္ထုစာအုပ်တစ်အုပ်၏ အဖုံးတွင် ပေါ်ထွက်လာသောအခါ စာဖတ် ပရိသတ်များသည် ထိုကလောင်နာမည်၏ နောက်ကွယ်တွင် ဇာတ်ပွဲများ၌ ညမအိပ်ဘဲ အချိန်ကုန်ခဲ့ရသော ညများ၊ မှတ်စုစာအုပ်များထဲတွင် မှတ်သားခဲ့ရသော အချိန်များ၊ ဇာတ်ဆရာ ကြီးများကြားတွင် မျက်နှာငယ် စွာဖြင့် သွားလာလှုပ်ရှားခဲ့ရ၊ နှစ်ရှည်လများ လေ့လာခဲ့၊ ရှာဖွေခဲ့ရ သောရက်များ မည်မျှရှိသည်ကို မသိကြ ချေ။

သူ၏အရည်အချင်းများကြောင့် သုခဟူသော အမည်သည် မကြာမီ ကျော်ကြားသွား လေသည်။ သူ၏ အခန်းဆက် ၀တ္ထုများကို နေ့စဉ်သတင်းစာကြီးများထဲတွင် ထည့်သွင်း ဖော်ပြခဲ့သည်။ လစဉ် မဂ္ဂဇင်းများကလည်း သုခ၏၀တ္ထုများကို ထည့်သွင်းဖော်ပြခဲ့သည်။ ၎င်းတို့ထဲတွင် ဒဂုံမဂ္ဂဇင်းသည် လည်း တစ်ခု ပါဝင်သည်။ ထိုမဂ္ဂဇင်း၏ နောက်ကွယ်တွင် ရုပ်ရှင်ထုတ်လုပ်သူများလည်း ပါဝင် သောကြောင့် သုခသည် ရုပ်ရှင်နယ်ပယ်ထဲသို့ ရောက်သွားခဲ့လေသည်။ ဒုတိယကမ္ဘာစစ် မဖြစ်မီ အေ၀မ်းရုပ်ရှင် မှ ရိုက်ကူးသော "စောင်းတော်ရှင်" အမည်ရှိသော ရုပ်ရှင်အတွက် သုခသည် ဇာတ်ညွှန်းရေးသားခဲ့သည်။ ထိုရုပ်ရှင် မှာ မြစ်ချောင်း၊ အင်းအိုင်နှင့် ရေလမ်းခရီးတို့ကို စောင့်ရှောက် သော ဦးရှင်ကြီး၏ ဇာတ်လမ်း ဖြစ်သည်။ သုခသည်သူ၏ မွေးမြေကျိုက်လတ်တွင်နေစဉ်က ဦးရှင်ကြီပြဇာတ်ကို တင်ဆက်ရာတွင် ကူညီခဲ့ရုံ သာမက ကိုယ်တိုင် ပါဝင်ခဲ့သူဖြစ်သည့်အတွက် ထိုဇာတ်ညွှန်းကို သူကောင်းစွာ ရေးသားနိုင်ခဲ့သည်။

သုခ ရုပ်ရှင်နယ်ထဲသို့ ရောက်ခါစတွင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လေသည်။ စာအုပ်နှင့် ရုပ်ရှင် လုပ်ငန်းများ ရပ်တန့် သလောက် ဖြစ်သွားသည်။ သို့သော် စစ်အတွင်းပင် ဖြစ်လင့်ကစား ပရိသတ်ကို ဖျော်ဖြေရန်တော့ လိုအပ်နေသည်။ ပို၍ အရေးကြီးသည်မှာ အနုပညာသည်များ အတွက် စားဝတ်နေရေး ဖြစ်သည်။

ထိုအချိန်တွင် ခေတ်ပေါ်ပြဇာတ်များသည် လူထုပရိသတ်တို့၏ကြားတွင် ခေတ်စားလာ သည်။ မြန်မာပွဲကြည့် ပရိသတ် သည် သီချင်းနှင့်တေးဂီတကို အလွန်နှစ်သက်ကြရာ ၎င်းတို့သည် ယနေ့ တိုင်အောင်ပင် သီချင်းနှင့် တေးဂီတမပါဘဲ စကားသက်သက်ဖြင့် သရုပ်ဖော်သော ပြဇာတ်များကို လက်မခံနိုင်ကြချေ။ ဇာတ်ပွဲ၏ အစဉ်အလာသည် မြန်မာတို့၏စိတ်ထဲတွင် အလွန်အားသန်လျက် ရှိသည်။ ပရိသတ်သည် ဇာတ်လမ်းကို ဂရု မစိုက်ကြပါ။ ဇာတ်လမ်း တော်တော်များများသည် သိပြီး ဖြစ်သည်။ ပွဲကြည့်ပရိသတ် လိုချင်သောအရာမှာ ချစ်ခန်း၊ ကြိုက်ခန်း၊ လွမ်းခန်း (သို့သော် သိပ်အလွန်အကျွံ လွမ်းလို့မဖြစ်ပါ) အကများ အဆိုများနှင့် တေးဂီတ များ ဖြစ်သည်။

ထိုအချိန်တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်းသည် ရန်ပုံငွေအတွက် ပြဇာတ်တစ်ခုကို ကပြရန် ဆုံးဖြတ်ခဲ့သည်။ (ဤသည်ကား စာရေးဆရာပြဇာတ်၏ အစဖြစ်သည်။) အသင်းသားတစ်ဦးဖြစ်သူ  သုခအား ဦးပုည၏ ၀ိဇယပြဇာတ်ကို စီစဉ် တင်ဆက်ရန် တာဝန်ပေးလေသည်။

သုခအတွက် အရေးကြီးသော ပြဿနာမှာ  ဦးပုည၏ စာပေအရေးအသားမပျက်ရန်နှင့် ပွဲကြည့်ပရိသတ် အကြိုက်လည်းဖြစ်အောင် ဖန်တီးရန် ဖြစ်သည်။ မူရင်းပြဇာတ်မှာ ရှည်လျားသည်။ မင်းတုန်းမင်းလက်ထက်က ရေးထားခဲ့ခြင်း ဖြစ်ပြီး ညလုံးပေါက် ကပြန်ရန် ဖြစ်သည်။ သို့သော် စာရေးဆရာပြဇာတ် အနေဖြင့် သုံးနာရီ လောက်သာရသည်။ ထိုအတောအတွင်းတွင် ဗုံးကြဲ လေယာဉ်များကြောင့် ဥသြဆွဲသံများကလည်း ဘယ်နှကြိမ်ကြားရဦးမည် မသိချေ။ သုခအနေဖြင့် ထိုပြဇာတ်ကို ရှေးကဇာတ်ပွဲပုံစံမျိုးဖြင့် တင်ဆက်ရန် မဖြစ်နိုင် သလို ဦးပုည၏ စာအရေးအသား များအတိုင်း တင်ဆက်၍ မဖြစ်နိုင်ပါ။ ပွဲကြည့်ပရိသတ်၏ အကြိုက် ဖြစ်သော တေးဂီတ၊ သီချင်း၊ ချစ်ခန်း၊ ကြိုက်ခန်းနှစ်ပါးသွားနှင့် လွမ်းခန်းတို့လည်း ပါအောင် လုပ်ရမည်။

ဝိဇယပြဇာတ်၏ ဇာတ်လမ်းမှာ ဇာတ်ခုံပေါ်တွင် ကပြသော ဇာတ်လမ်းတော်တော်များများ နည်းတူ အားလုံး သိပြီး ဖြစ်ပါသည်။ ၀ိဇယသည် နိုင်ငံတစ်နိုင်ငံ၏ အိမ်ရှေ့မင်းသား ဖြစ်သည်။ ထိုနိုင်ငံသည် သမိုင်းအရ အိန္ဒိယ နိုင်ငံ ဖြစ်နိုင်သ်ည။ မင်းသားသည် သူ၏ဆိုးသွမ်းမှုများကြောင့် သူ၏ တပည့်များနှင့်အတူ ပင်လယ်ပြင် ထဲသို့ ဖောင်ဖြင့် မျှောခြင်းကို ခံခဲ့ရသည်။ သူနှင်သူ၏ တပည့် ပေါင်းငါးရာတို့သည် သီဟိုဠ်ကျွန်းသို့ ရောက်သွား ကြသည်။ သီဟိုဠ်ကျွန်းတွင် ဘီလူးမျိုးနွယ်တို့ကို သစ္စာဖောက်ဖျက်၍ ၀ိဇယမင်းသားအား ဘုရင် အဖြစ် တင်မြှောက်ခဲ့သည်။ ဤသို့ဖြင့် ၀ိဇယနှင့် သူ၏ နောက်လိုက်တို့သည် သီဟိုင်္ဠဟူသော မင်းနေပြည်တော် ကို ထူထောင်လိုက်ကြသည်။ သို့သော် ၀ိဇယမင်းတွင် ဗုဒ္ဓသာသနာပြန့်ပွားအောင် လုပ်ဆောင်ရမည့် တာဝန် ရှိနေသည်။     ထို့ကြောင့် နိုင်ငံတကာနှင့် ဆက်ဆံရေးတွင်လည်းကောင်း၊ လူထု၏ ထောက်ခံမှု ရရန် လည်းကောင်း၊ ဘီလူးမနှင့်သူ၏ ကလေးနှစ်ယောက်ကို နိုင်ငံမှ နှင်ထုတ်၍ အိမ်နီးချင်း နိုင်ငံ မှ သူနှင့်ထိုက်တန်သော မင်းသမီးတစ်ဦးနှင့် လက်ဆက်ရန် လိုအပ်လာသည်။ ၀ိဇယမင်းသားသည် သူ၏ ဇနီးဘီလူးမ ကို ချစ်သော်လည်း သူ၏သမိုင်းပေးတာဝန်ကို မလွန်ဆန်နိုင်ချေ။

သုခသည် ၀ိဇယမင်းသားအဖြစ် သရုပ်ဆောင်ရမည် ဖြစ်သည်။ ၀ိဇယမင်းသားနေရာတွင် သရုပ်ဆောင်သော သူသည် သီချင်းကြီးများကို ဆိုတတ်ရမည်။ အော်ဟစ်ကြွေးကြော် တတ်၇မည်။ အရေးအကြီးဆုံးမှာ သူသည် သရုပ်ဆောင် ကောင်းသူလည်း ဖြစ်ရမည်။ သုခသည် ဤအရည်အချင်းများအားလုံးနှင့် ပြည့်စုံသည်။ သူသည် ပြဇာတ် တည်းဖြတ်ခြင်း၊ ဇာတ်ညွှန်းရေး ခြင်း၊ သရုပ်ဆောင်များ ရွေးချယ်ခြင်း၊ ညွှန်ကြားခြင်း၊ ရှေးသီချင်းကြီး စာအုပ်များထဲမှ သီချင်း ဟောင်းများကို ရှာဖွေခြင်း၊ ဆိုင်းဝိုင်းကို ညွှန်ကြားခြင်း၊ ဇာတ်တိုက်ခြင်း၊ အ၀တ်အစား များကို ရွေးချယ်ခြင်းတို့ကို ပြုလုပ်ပြီး နောက်ဆုံး အကောင်းဆုံး ဖြစ်ရန် ဆုတောင်းခြင်ကိုလည်း ပြုလုပ်ရ ပါသည်။

ပြဇာတ် ၏ အဖွင့်သည် ၀ိဇယမင်းသား၏ ဆိုးသွမ်းမှုများမှ စတင်ပါသည်။ လူကြမ်းအုပ်စုတစ်စု သည် အော်ဟစ်၍ ရောက်လာသည်။ တွေ့သမျှ လူများ၏ပါးကို ရိုက်သည်။ ပစ္စည်းများကို လုယူ သည်။ အမျိုးသမီး လေး များကို နောက်ပြောင်သည်။ အားလုံးကို ခြိမ်းခြောက်သည်။ ဤအခန်းမှာ သေချာဇာတ်တိုက်ထားသော အခန်း ဖြစ်သည်။ အဘယ်ကြောင့်ပါနည်း။ အကြောင်းမှာ ဇာတ်ခုံ ပေါ်ရှိ လူကြမ်းများသည် သူတို့မြင်နေကျ လူများ နှင့် တူနေသောကြောင့် ဖြစ်သည်။ သုခ၏ ရည်ရွယ်ချက်သည် ကောင်းစွာ အောင်မြင်သွားလေသည်။ ပွဲကြည့်ပရိသတ် သည် ၀ိဇယမင်းသား ၏ တပည့်များ၏ အနှိပ်စက်ကိုခံရသော ပြည်သူလူထုနှင့် တစ်သားတည်း ဖြစ်နေသည်။ နှိပ်စက်ခံ ပြည်သူများသည် ဘုရင့်ထံသို့ ဦးတိုက်၍ တိုင်တန်းကြသည်။

ယခုထိတော့ အားလုံး အဆင်ပြေလျက် ရှိသည်။ သို့သော် အရေးအကြီးဆုံး အခန်းတစ်ခု ကျန်သေးသည်။ ၎င်းမှာ ၀ိဇယမင်းသားထွက်သည့်အခန်း ဖြစ်သည်။ ပွဲကြည့်ပရိသတ်သည် စာရေး ဆရာသုခကို ကောင်းစွာ သိပြီး ဖြစ်သည်။ ထို့ကြောင့် သုခစင်ပေါ်ကို တက်လာမည့်အချိန်ကို စိတ်ဝင်စားစွာဖြင့် စောင့်နေကြသည်။ ၀ိဇယမင်းသား နေရာတွင် သရုပ်ဆောင်သော သူသည် သီချင်းဆိုတတ်၊ ကဗျာနှင့် စာများကို အသံအနေ အသံထားဖြင့် ရွတ်တတ်၊ ကောင်းစွာ သရုပ်ဆောင်တတ်သူ ဖြစ်ရမည်ဟု ဆိုခဲ့သည်။ ဒီ အရည်အချင်း များအားလုံး ပြည့်စုံပါသည်။ သို့သော် သုခ၏ ရုပ်ရည်ကို ဇာတ်စင်ပေါ်တွင် သုံးနာရီကြာအောင် ကြည့်နိုင် ပါ့မလာ။ ဒါပြဿနာ ဖြစ်သည်။ သုခ ၏မျက်နှာမှာ သမ္ဗာန်လေးတစ်စင်းကိုတောင် ထွက်အောင်မလုပ်နိုင်ပါ။

(ဤနေရာတွင် စာဖတ်သူအား လူတစ်ယောက်ရဲ့ မျက်နှာနဲ့ သမ္ဗန်ထွက်တာနဲ့ ဘာဆိုင်သလဲ ဟူသော အရာကို ရှင်းပြရန် လိုပါလိမ့်မည်။ ရှေးဂရိ (Greek) ပုံပြင်များထဲတွင် ထရွိုင်မြို့မှ ဟယ်လင်မင်းသမီး (Helen of Troy)ကြောင့် ဂရိစစ်သင်္ဘောပေါင်း တစ်ထောင်လောက်သည် ထရွိုင်မြို့ကို စစ်ချီခဲ့ကြသည်။ ထို့ကြောင့် ဟယ်လင်မင်းသမီး၏ အလှကို စာဖွဲ့ရာတွင် the face that launched a thousand ships သင်္ဘောတစ်ထောင် ကို ထွက်အောင် လုပ်နိုင်သော မျက်နှာ ဟူ၍ ဆိုသည်။ သုခ၏ ရုပ်ရည်မှာမူကား Thukha's face would not launch a punt သုခ၏ မျက်နှာသည် သမ္ဗာန်တစ်စင်းတောင်ထွက်အောင် မလုပ်နိုင်ပါ ဟူ၍ ဒေါ်ခင်မျိုးချစ် က ဟာသ ဆန်ဆန်လေး ရေးထားခြင်း ဖြစ်သည်။ ဘာသာပြန်သူ သုခ၏ မိတ်ဆွေ များသည် သူ၏ ကော်ဖီရောင် အသားအရေ နှင့် ပတ်သက်၍အမျိုးမျိုး ပြောကြသည်။ အာဝဇ္ဇန်း ကောင်းသော စာရေးဆရာ တစ်ဦးက ဆိုလျှင် ဤသို့ပင် ရေးသားခဲ့သည်ကို ဖတ်ဖူးပါသည်။ သုခဟာ မိတ်ကပ် တွေ ဘာတွေ လိမ်းလိုက်ရင် ကုလားမ ပြာပုံထဲ ကျသွားသလိုပါပဲ။ ဤသည်ကား ၀ိဇယ မင်းသား နေရာတွင် သရုပ်ဆောင်ရမည့် သုခ ၏ ရုပ်ရည်နှင့် ပတ်သက်၍ ဖြစ်ပသါည်။

ဝိဇယမင်းသား ၏ တပည့်များသည် တိုင်းသူပြည်သားများကို နှိပ်စက်သည့် အခန်းပြီးလျှင် နောင် ဇာတ်ဝင်ခန်းများ နန်းတော် တွင် ဘုရင်နှင့် မိဖုရားတို့၏ ညီလာခံ ဖြစ်သည်။ မှူးကြီးမတ်ရာ များ အားလုံး လည်း တက်ရောက်နေကြသည်။ မင်းညီလာခံ၏ ဇာတ်ဝင်ခန်းပီပီ နောက်ခံတေး ပျော့ပျော့လေးဖြင့် စတင်ခဲ့ သည်။ မကြာမီပင် လူများ၏ အော်သံများကို ကြားရသည်။ ထိုအချိန် တွင် ၀န်ကြီးတစ်ဦးသည် ၀င်လာပြီး ဘုရင်ကြီး အား သူ့သားတော် ၀ိဇယမင်းသား၏ ဆိုးသွမ်းမှုများ ကို တိုင်ကြားလေသည်။ ဘုရင်ကြီးသည် စိတ်လည်း ဆိုး၊ ရှက်လည်းရှက်၍ သူ့သားအား ရှေ့တော် သို့ ခေါ်စေသည်။ အခြေအနေမှာ တင်းမာလျက် ရှိသည်။ ဘုရင်ကြီးက အလွန်စိတ်ဆိုးနေသည်။ မိဖုရားကြီးမှာ သူ့သားလေးအတွက် တောင်းပန်လျက် ရှိသည်။ မှူးမတ်ကြီးများသည် ၀ိဇယ မင်းသားအလာကို စိတ်ပူစွာဖြင့် စောင့်နေကြသည်။

ပွဲကြည့်ပရိသတ်သည် ၀ိဇယမင်းသားကို စောင့်မျှော်လျက် ရှိသည်။ ထိုအချိန်တွင် ဆိုင်းဝိုင်းက ခပ်သွက်သွက် တီးလုံးလေး ကို တီးလိုက်သည်။ ထိုတီးလုံးနှင့်အတူ ဇာတ်စင်၏ တစ်ဖက်မှ အရက်မူးသမားသီချင်းသံကို ကြားလိုက် ရသည်။ အသံကြားရာဘက်သို့ အားလုံးကြည့်လိုက်သော အခါ ၀ိဇယမင်းသားအဖြစ် သရုပ်ဆောင် ထားသော မင်းသား ကို မြင်လိုက်ရလေသည်။ ၀ိဇယ မင်းသားသည် အရက်မူးနေပြီး သူ့တပည့် တစ်ယောက် ၏ ပခုံးပေါ်တွင် မှီ၍ ၀င်လာလေသည်။

ဤ သည်ကား ပွဲကြည့်ပရိသတ်များ သုခကို ပထမဆုံး မြင်လိုက်ရခြင်း ဖြစ်သည်။ သုခသည် ၀ိဇယ၊ ၀ိဇယ သည် သုခ ဖြစ်၏။ ဦးပုည စာဖြင့် ရေးသားထားသော ၀ိဇယသည် သုခ၏ သရုပ်ဆောင်မှုကြောင့် အသက်ရှင် လာလေတော့သည်။ သုခသည် ပရိသတ်တို့၏ နှလုံးသားထဲသို့ ရောက်လာပြီး စွဲမိသွားလေတော့သည်။ သုခ သည် စာရေးဆရာကြီး ဦးပုည၏ စာများကို ရွတ်ဖတ် ပြလိုက်ပုံမှာ အားလုံးက ငေး၍ နားထောင် နေရ လေတော့သည်။

ဝိဇယပြဇာတ်တွင် အရှည်ဆုံးနှင့် အရေးအသားအားဖြင့် အပြောင်မြောက်ဆုံး စာပိုဒ် တစ်ခုမှာ ၀ိဇယမင်းသား ပြည်နှင်ဒဏ် ခံ နေရစဉ် တောထဲ၌ တစ်ဦးတည်းရေရွတ်သော ကဗျာကြီး ဖြစ်သည်။ သုခသည် ထို ကဗျာရှည်ကြီးကို တစ်လုံး မကျန်အောင် အပြည့်ရွတ်ရန် ဆုံးဖြတ်ထား သည်။ ဤသည်ကား အန္တရာယ် ရှိပေသည်။ စွန့်စားမှုတစ်ရပ်ဟုလည်း ဆိုနိုင်ပါသည်။ အကြောင်းမှာ ပွဲကြည့်ပရိသတ်သည် နားထောင် ကောင်းသော စာကြောင်းအနည်းငယ်ကိုသာ နှစ်သက်ကြပါလိ့မ် မည်။ သို့သော် ကဗျာရှည်ကြီး တစ်ပုဒ်လုံးကို နားထောင် လောက်အောင် စိတ်ရှည်ပါမည်လော။ ၀ိဇယမင်းသား ရွတ်သော ကဗျာရှည်ထဲတွင် တောဘွဲ့၊ တောင်ဘွဲ့၊ အလှအပတို့ကို ချီးကျူးခန်း၊ လွမ်းခန်း၊ ဆွေးခန်း အစုံ ပါဝင်နေသည်။ ဤမျှလောက် အရသာအစုံ ကို တစ်ထိုင်တည်းဖြင့် ခံစား နိုင်ပါ့မလား။

စဉ်းစားစရာ ဖြစ်သည်။ ထိုကဗျာရှည်ကြီးသည် တစ်ဦးတည်း ရွတ်ဖတ်ရသော စာသက်သက် ဖြစ်သည်။ သီချင်းလည်း မဟုတ်၊ ထို့ကြောင့် ဆိုင်းဝိုင်းကလည်း ဘာမှ ကူညီနိုင်စွမ်း မရှိချေ။ သုခသည် သူ၏ အာဝဇ္ဇန်း နှင့် အသံကိုသာ အားကိုးရမည်။ ထိုကဗျာရှည်ကြီးကို ပရိသတ် များ စွဲငြိသွားအောင် မလုပ်နိုင်ဘဲ အီ သွားခဲ့လျှင် သူနှင့်ပြဇာတ်နှစ်ခုစလုံးကို ထိခိုက်မည်။ စာရေး ဆရာအသင်းကြီး၏ ရန်ပုံငွေရရှိရေးကိုလည်း ထိခိုက်သည်။ ဒါတွင်သာမကသေး။ ဤလောကမှ ထွက်ခွာသွားပြီဖြစ်သော ဦးပုည ကိုလည်း ထိခိုက်သဖြင့် ဦးပုည သည် အခြားလောက မှ သုခကို တင်းပုတ်နဲ့ ထုရန် စောင့်နေမှာ သေချာသည်။

ဝိဇယမင်းသား ၏ ကဗျာရှည်ကြီးသည် သုခ၏ အကြီးမားဆုံးသော အောင်မြင်မှု ဖြစ်သွား သည်။ ပွဲကြည့် ပရိသတ် သည် ငေး၍ နားထောင်နေကြရသည်။ ဟိုနားဒီနားမှ ချောင်းဟန့်သံလေး များမှအပ ဇာတ်ရုံကြီး တစ်ခုလုံး သည် သုခ၏အသံဖြင့် လွမ်းနေသည်။ ပရိသတ်တို့သည် မျက်ရည်များကြောင့် ဇာတ်ခုံကိုပင် ခပ်ဝါးဝါး ပဲ မြင်ရတော့သည်။
နောက်ပိုင်းတွင် မြန်မာဇာတ်ပွဲများ၏ ထုံးစံအတိုင်း၊ ဟသများ၊ ဘီလူးမများ၏ အက အပါအ၀င် အဆိုအက များ၊ ဘီလူးမ နှင့် ၀ိဇယမင်းသားတို့၏ နှစ်ပါးသွားတို့ဖြင့် ပြေပြစ်လျက် ရှိသည်။

နောက်ဆုံးတွင် အခက်ခဲဆုံးသော ဇာတ်ဝင်ခန်းတစ်ခု ကျန်သေးသည်။ ထိုအခန်းမှာ ၀ိဇယမင်း သည် နိုင်ငံတော် အတွက် သူ၏ ဘီလူးမ မိဖုရာုးနှင့် ကလေးနှစ်ယောက်ကို တိုင်းပြည်မှ နှင်ထုတ် လိုက်ရသည့် အခန်း ဖြစ်သည်။ ပွဲကြည့်ပရိသတ်သည် ဘုရင်မကို သနားပြီး ဖြစ်နေသည်။ ဘုရင်မ နေရာ သရုပ်ဆောင် သောသူမှာလည်း ထင်ရှားသော ဇာတ်မင်းသမီးကြီးတစ်ဦးဖြစ်လေရာ တက်သစ်စသုခ သည် သူ့ကို ဘယ်လိုလုပ် ၍ ယှဉ်နိုင်ပါမည်နည်း။

ဤနေရာတွင် ပွဲကြည့်ပရိသတ်၏ စိတ်သည် ၀ိဇယဘက်သို့ ယိမ်းလာအောင် မှူးမတ်ကြီး များနှင့် ၀ိဇယ မင်းသား တို့၏ ပဋိပက္ခ၊ ထိပ်တိုက်ရင်ဆိုင်သည့်အခန်းမှ စတင်လိုက်သည်။ အကြောင်းမှာ ဘုရင်၏ ၀န်ကြီးများက ၀ိဇယမင်းသား အား ဘီလူးမကို နှင်ထုတ်ရန် တောင်းဆိုကြသော ကြောင့် ဖြစ်သည်။ ၀ိဇယ မင်းကြီး သည် အလွန်စိတ်ဆိုးဒေါသထွက်၍ ဤသို့ပြောဆိုခြင်းကြောင့် ကြီးလေးသော အပြစ်ကိုပေးမည်ဟု ခြိမ်းခြောက်သည်။ သို့သော် ၀န်ကြီးများဘက်မှ အလျှော့မပေး ချေ။ သူတို့သည် မင်းပြစ်မင်းဒဏ်ကို ခံရန် အသင့် ဖြစ်သည်။ သူတို့သည် ဘုရင်နှင့်တကွ ဤမင်းနေပြည်တော် ကြီးကို ထူထောင်ရာတွင် ပါဝင်ခဲ့သူများ ဖြစ်ကြသည်။ နိုင်ငံ၏အကျိုးကို ထောက်၍ သူတို့၏ အသက်ကိုပင် စွန့်ကာ ဤသိုပြောရခြင်း ဖြစ်သည်။ ၀ိဇယ ဘုရင်ကြီသည် ၀န်ကြီးများ၏ သတ္တိနှင့် နိုင်ငံအပေါ် သစ္စာရှိမှုကို ထောက်ထားပြီး သူတို့ပြောသည့်အတိုင်း လုပ်ပါမည်ဟု ကတိပေးလိုက် သည်။ သူကိုယ်တိုင်ပင် ထိုသတင်းစကားကို သူ့ဇနီးထံ ပြောမည်ဟု ဆုံးဖြတ် လိုက်သည်။

နောက်ဇာတ်ဝင်ခန်းတွင် ဘုရင်မနှင့် သူ့ကလေးနှစ်ယောက်ကို တွေ့ရသည်။ ဘုရင်မ ကိုယ်တိုင်သည် တစ်ခုခု ဖြစ်တော့မည်ဟု စိတ်ထဲတွင် မတည်မငြိမ် ဖြစ်နေသည်။ ၀ိဇယဘုရင်ကြီး ၀င်လာ သည်။ သို့သော် သယ်ဆောင်လာသော သတင်းစကားမှာ အားလုံးအတက် မကောင်းသော စကား ဖြစ်သည်။ သူ၏ကလေး နှစ်ယောက် ကို ပွေ့ချီ၍ သူတို့ကို ဘယ်လောက်ချစ်ကြောင်း သူတို့နှင့် ခွဲခွာရမည်ကို မည်မျှထိခိုက်ကြောင်း ပြောသည်။ သူ့တွင်  သူ၏ ချစ်လှစွာသော ဇနီး၊ ကလေးများ တို့နှင့် အတူနေရန် ကံမပါကြောင် သူ၏ သမိုင်းပေး တာဝန်အရ သူသည် အချစ်ရေးထက် နိုင်ငံနှင့် သာသနာ့တာဝန်ကိုသာ ဦးစားပေး ရတော့မည်ဖြစ်ကြောင်း တို့ကို ပြောပြရာတွင် သုခသည် ဦးပုည ၏ စာများကို ပရိသတ်များ အသည်းစွဲ သွားအောင် ရွတ်ဖတ်ပြလေတော့သည်။ ပြဇာတ်၏အဆုံး တွင် ဖခင်နှင့်ခင်ပွန်းသည် ယောက်ျား၏ တာဝန် များကို စွန့်လွှတ်ပြီး နိုင်ငံနှင့်သာသနာ့တာဝန်ကို ထမ်းဆောင်ရမည့် ဘုရင်ဝိဇယနှင့် သူ့ဇနီးနှင့် ကလေးများတို့နှင့် အဆုံးသတ်လေသည်။ ထိုအခါ တွင် ဇာတ်ရုံတစ်ခုလုံးရှိ ပရိသတ်တို့သည် မျက်ရည်များကို မထိန်းနိုင် ကြတော့ချေ။

ဝိဇယပြဇာတ်ပြီးသည့်နောက် စာရေးဆရာသုခသည် ဇာတ်ဆရာ၊ ဇာတ်မင်းသား၊ ဒါရိုက်တာ အဖြစ် အသိ အမှတ် ပြုခြင်းခံရသော အနုပညာရှင်တစ်ဦး ဖြစ်လာလေသည်။ ဂျပန်ခေတ် တစ်လျှောက်တွင် သုခသည် ပြဇာတ်များ ကို ဆက်လက်၍ ထုတ်လုပ်ခဲ့သည်။

ဂျပန်ခေတ်အတွင်းက "သြော် မိန်းမ" အမည်ရှိ ပြဇာတ်သည် ယခုအခါတွင် အောင်မြင်သော ရုပ်ရှင်ကား တစ်ကား ဖြစ်လာပြန်သည် ထိုရုပ်ရှင်တွင် ဦးသုခသည် အကောင်းဆုံး ဒါရိုက်တာဆု ချီးမြှင့် ခံရသလို ကျော်ကြားမှု၊ ဂုဏ် ပြုခံရမှုတို့အပြင် တီဘီရောဂါဖြင့် ဆေးရုံတက်လိုက်ရသည့် အဖြစ်ကိုပါ ရရှိလိုက်သည်။
သုခ သည် အရာရာကို အကောင်းဆုံးဖြစ်အောင် လုပ်ချင်သူ ဖြစ်သည်။ အကောင်းဆုံး ဖြစ်ဖို့ဆိုလျှင် သူ၏ ချိနဲ့ နေသော ကိုယ်ခန္ဓာကိုပင် မညှာဘဲ လုပ်သည်။ ကံကောင်းချင်တော့ သူ၏ကျန်းမာရေးမှာလည်း ထင်သလောက် မဆိုး၊ နေကောင်းပြီး ဆေးရုံပေါ်မှ ဆင်းလာပြီ ဟု ကြား ရပါသည်။ သူသည် အနုပညာ တာဝန်များ ကို သာမက လူမှုရေးအလုပ်များကိုပါ လုပ်ဆောင်လျက် ရှိပါသည်။

ဤဆောင်းပါးကို ရေးနေသည့်အချိန်တွင် သုခနှင့် ပတ်သက်သော ဂုဏ်ယူစရာ သတင်း တစ်ခုကို ကြားလိုက် ရသည်။ သူ "အလင်္ကာကျော်စွာ" ဘွဲ့ ချီးမြှင့်ခြင်းခံရသည်။ သူ၏ ရင်းနှီးသော မိတ်ဆွေ အဖြစ် သူနှင့်အတူ စာရေးဆရာ ပြဇာတ်များတွင် အတူပါဝင်ခဲ့ဖူးသူ တစ်ဦးအနေဖြင့် အလွန် ၀မ်းသာ ဂုဏ်ယူမိပါသည်။

တစ်ခုတော့ ရှိပါသည်။ ဤနေရာတွင် နိုင်ငံတော်အစိုးရက ကျွန်မထက် လက်ဦး သွားပါသည်။ အကြောင်းမှာ ကျွန်မ ၏ စိတ်ကူးထဲတွင် ကျွန်မက မိဖုရားကြီးဖြစ်ပြီး ကိုသုခ၏ ပခုံးပေါ် သို့ ရွှေဓား ကြီးကို တင်ကာ အလွန် ခံ့ညား သောအသံဖြင့် "ဆာလောရင့်သုခ၊ ထလော့" ဟု ပြောလိုက်သည် ကို မြင်ယောင်နေမိသောကြောင့် ဖြစ်ပါသည်။

ခင်မျိုးချစ်

ဘာသာပြန်သူ၏မှတ်ချက်

ဤနေရာတွင်လည်း မေမေခင်မျိုးချစ်၏ ဟာသလေးကို ရှင်းပြလိုက်ပါသည်။ အင်္ဂလန် နိုင်ငံတွင်လည်း ဆာလောရင့် အော်လီဗီယာ (Sir Lawrence Olivier) အမည်ရှိ အနုပညာရှင်ကြီးသည် ရှိတ်စပီးယား (Shakespeare) ၏ ဂန္တ၀င်ပြဇာတ်များ ဖြစ်ကြသော ဟင်းမလက် (Hamlet)၊ ပဉ္စမ မြောက် ဟင်နရီဘုရင် (Henry.V) တတိယမြောက် ရစ်ချက်ဘုရင် (Richard III) စသော ဂန္တ၀င် ပြဇာတ်များတွင် သရုပ် ဆောင်ခဲ့မှုကြောင့် ထိုနိုင်ငံ၏ အမြင့်ဆုံးဖြစ်သော "ဆာ" ဘွဲ့ကို သရုပ်ဆောင်ခဲ့မှုကြောင့် ထိုဘွဲ့ကို အဲလစ်ဇဘတ် (Elizabeth) ဘုရင်မကြီးကိုယ်တိုင် အခမ်းအနား ကို ပေးခြင်း ဖြစ်သည်။ ထိုအခမ်းအနားတွင် ဘုရင်မကြီး က ရွှေဓားကြီးကို လော့ရင့်အော်လီဘီယာ ၏ ပခုံးပေါ်တင်ပြီး "ဆာလောရင့်အော်လီဘီယာ ထလော့" ဟု ဆိုလိုက်သည်။

ထိုခေတ်က စာရေးဆရာ၊ ပြဇာတ် ခေတ်စားနေစဉ်က ကျွန်တော်သည် ကလေးအနေဖြင့် ကျွန်တော့်မိဘများ နှင့် အတူ ဇာတ်တိုက်ကြသည့် အချိန်မှအစ၊ နောက်ဆုံး ပရိသတ်ရှေ့တွင် ကပြ သည်အထိ လိုက်၍ ကြည့်ခဲ့ ဖူးပါသည်။ ထိုအချိန်က ကျွန်တော်သည် အနုပညာလောကတွင် စာရေးဆရာပြဇာတ်၏ ရွှေခေတ်တစ်ခေတ် ကို တွေ့မြင်ခဲ့ခြင်း ဖြစ်သည်ဟု ယခုမှ သဘောပေါက်ပါ သည်။ ထိုအချိန်က ကျွန်တော် မှတ်မိသော မင်းသား၊ မင်းသမီး များမှာ ဦးသုခ၊ ဦးဇ၀န၊ ဦးချင်းစိန်၊ ဦးမျိုးချစ်၊ ဗိုလ်ဗကို၊ ဒေါ်မေနွဲ့၊ ဒေါ်လှသန်း၊ တက္ကသိုလ်ကြည်မာ နှင့် ကျွန်တော့်မိဘများ ဖြစ်ကြ သော ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ်တို့ ဖြစ်ကြပါသည်။ ကျွန်တော့်မိဘ များသည် အခြားသော စာရေးဆရာများနှင့် အသက်အားဖြင့် မတိမ်းမယိမ်း ဖြစ်သော်လည်း အဘိုးကြီး၊ အဘွားကြီး ပုံစံ ပေါက်သောကြောင့် ထင်ပါရဲ့ မင်းသား သို့မဟုတ် မင်းသမီး၏ မိဘများနေရာတွင် သရုပ်ဆောင် ကြ ရသည်။

ဥပမာ ဒိုင်းခင်ခင်ပြဇာတ်တွင် ဦးသုခက မောင်ဖေငယ်၊ ဒိုင်းခင်ခင်နေရာမှာ ဒေါ်လှသန်း၊ သီပေါမင်း နေရာတွင် ဗိုလ်ဗကို ဒိုင်းခင်ခင် ၏ မိဘများနေရာတွင် ကျွန်တော်မိဘများ၊ ဒေါ်မေနွဲ့ စုဖုရားလတ်၊ တက္ကသိုလ်ကြည်မာ က စုဖုရားလေးတို့ ဖြစ်ခဲ့သည်ကို မှတ်မိပါသည်။

မြတ်ဝတီမင်းကြီးဦးစ နှင့် နတ်သျှင်နောင်တို့၏ နေရာတွင် ဦးချင်းစိန် သရုပ်ဆောင်ခဲ့ ပါသည်။

(ဒေါက်တာ ခင်မောင်ဝင်း၊ မြန်မာပြန်သူ)
.

7 comments:

အလင်းသစ် said...

အားပေးဖတ်ရှုခဲ့ပါတယ်ခင်ဗျာ။။။

မော်ကွန်းသစ် said...

ဂလိုလား...။

Angelhlaing(May everybody be happy and healthy! said...

မမရေ ခုမှပဲ တစ်ချို့ သောအကြောင်းအရာတွေ သိခွင့်ရတယ် ... ကျေးဇူးပါလို့..
ကောင်းသောနေ့လေး ဖြစ်ပါစေ..မမ။

မေဓာဝီ said...

ဦးသုခကို မယ်သုန် ပေါက်စီ (ဂုဏ်ရည်မတူ) ဇာတ်ကားမှာ သရုပ်ဆောင်တာပဲ ကြည့်ဖူးတယ်။ ပြဇာတ်မင်းသားလဲ လုပ်ခဲ့ဖူးတာကိုး။ ဦးသုခကတော့ တကယ့်ကို စွယ်စုံရပညာရှင်ကြီးပါပဲ။
အရင်ခေတ်က ပြဇာတ်တွေ ပြန်ကြည့်ချင်လိုက်တာ။ ခုခေတ်လိုသာဆို ဗီဒီယိုရိုက်ပြီး မှတ်တမ်းတင်ထားလို့ရတယ်နော်။ အဲဒီခေတ်ကတော့ ပြဇာတ်တွေက ပွဲပြီးတာနဲ့ ဘာမှမှတ်တမ်းမကျန်ဘဲ ပျောက်ပျက်သွားတော့ နှမြောဖို့ သိပ်ကောင်းတာပဲ။

မအိမ်သူ said...

ဆရာကြီးဦးသုခအကြောင်းကို ဖတ်ရတာ ကျေးဇူးပါ မရွှေစင်ရေ။ မရွှေစင် ဘလော့ဂ်လေး ရှိနေလို့ ရှားရှားပါးပါး စာကောင်းလေးတွေ မပြတ်ဖတ်နေရတာ ကျေးဇူးကြီးပါပေတယ်ရှင်

Unknown said...

မသိတာတွေသိလိုက် ရသည့်
အတွက် ကျေးဇူးပါ
အလည် လာသွားပါသည်

Unknown said...

အလည်လာသွားပါသည်
ကျေးဇူးပါ