Sunday, May 29, 2011

မင်းလူ ၏ ပြန်ခေါ်သက်သေ အပိုင်း (၂၁)

ပေါ်ဋ္ဌေးသည် အိမ်မှာ ထမင်းမစားဖြစ်သော ရက်တွေများလာသည်။ အထူးသဖြင့် ညစာကို အပြင် က စား လာတတ်၏။ သူက ငါ ညစာမစားဘူးဟု ၀ိုင်းစိန်ကို မှာဖြစ်ခဲ့တာလည်း ရှိသည်။ မသေချာ မရေရာတာက များတာက တစ်ကြောင်း၊ မေ့သွားတာက တစ်ကြောင်းကြောင့် မမှာဖြစ်ခဲ့တာများသည်။ ရင်ရင်ငြိမ်းနှင့် ၀ိုင်းစိန်တို့ ဘယ်လို စားနေကြသလဲတော့ မသိ။

ထိုအတောအတွင်း ကံညွန့်မောင်က တောင်ငူဘက်ကို သစ်မျှောစာကိစ္စအတွက် သွားမလို့ လိုက်ခဲ့ပါလား ဟု ခေါ်သည်။ စိတ်ပြေလက်ပျောက်လည်း ဖြစ်၊ အိမ်ကနေ ရက်အနည်းငယ်လောက် ခွာဖို့အတွက် အဆင် သင့်ဖြစ်နေသော ပေါ်ဋ္ဌေးက ချက်ချင်းပဲ လက်ခံပြီး လိုက်သွားသည်။ ထိုရက်တွင် ရင်ရင်ငြိမ်း လည်း အိမ်မှာ မရှိဟု ယူဆရသည်။ တရားစခန်းဝင်ဖို့ သွားတာပဲဖြစ်မည်။
ပေါ်ဋ္ဌေးကတော့ ကံညွန့်မောင်နဲ့အတူ တောင်ငူမှာ စားလိုက် သောက်လိုက်ပဲ၊ ယမကာတစ်မျိုးမျိုးတော့ နေ့ တိုင်းသောက်ဖြစ်သည။ ကိုယ့်အရပ်ဒေသ မဟုတ်သဖြင့် ကာရာအိုကေဆိုင်တွေကိုတော့ ရှောင်ဖို့ ပေါ်ဋ္ဌေး က တားမြစ်ထားသည်။ မျှောစာကိစ္စစောင့်ရင်း တောဘက်ကို အပျင်းပြေ သွားလည်ကြသေးသည်။ ထူးထူး ဆန်းဆန်း တောကောင်သားတွေ စားရသည်။ မျောက်သွေးနှင့် ရောထားသောအရက် သောက်ရသည်။ ညှီ စို့စို့ အနံ့ကြောင့် ပေါ်ဋ္ဌေးက သိပ်မကြိုက်။ ကံညွန့်မောင်ကတော့ အားရှိတယ်ဆိုပြီး တစွတ်စွတ်သောက်နေ သည်။

ခုလို ခရီးထွက်လိုက်လျှင် ရေပြောင်း မြေပြောင်း ပတ်ဝန်းကျင်ပြောင်းမှာ စိတ်လက်ပေါ့ပါးလန်းဆန်းသွား လိမ့်မည်ဟု ပေါ်ဋ္ဌေး ထင်ခဲ့သည်။ လူကတော့ လန်းဆန်းသွားတာ မှန်သည်။ စိတ်ကတော့ ပျော်ရွှင်ကြည် လင် မှု ဖြစ်မလာခဲ့။ ထိုင်းမှိုင်းပြီး နောက်ကြောင်း မအေးသလို ခံစားရသည်။ အိမ်ကို ထူးထူးခြားခြား သတိရ နေမိ၏။ ရင်ရင်ငြိမ်းကိုလွမ်းတာ မဟုတ်ကြောင်းတော့ သေချာသည်။ သို့ရာတွင် ဘယ်လိုသဘောလဲ မသိ။ အိမ်ကိုပဲ ပြန်ချင်စိတ် ပြင်းပြနေသည်။

ပေါ်ဋ္ဌေးရဲ့ထုံးစံအတိုင်းပဲ။ တစ်ခုခု လုပ်ချင်လျှင် ချက်ချင်းပဲ။ ကံညွန့်မောင်က တားသော်လည်း မရ။ အလုပ် ကိစ္စ မပြတ်သေးသဖြင့် သုံးရက်လောက် ဆက်နေဖို့ကို မစောင့်နိုင်တော့။ သူ့ဘာသာ အဝေးပြေးလိုင်းကား စီးပြီး ရန်ကုန် ပြန်လာခဲ့သည်။ လမ်းမှာ ကားဘီးသုံးကြိမ်ပေါက်တာ မှတ်မှတ်ရရပါပဲ။

သူ အိမ်ပြန်ရောက်တော့ ဧည့်ခန်းမှာထိုင်နေသော အနှောင်း နှင့် ဒေစီပွင့်တို့ကို တွေ့လိုက်ရသည်။ ဟိုတစ် ခါ ကတောက်ကဆဖြစ်ပြီးကတည်းက သူတို့နှင့် ခပ်တန်းတန်းဖြစ်နေခဲ့သဖြင့် နှုတ်မဆက်တော့ဘဲ အပေါ် ထပ်ကို တစ်ခါတည်း တက်ဖို့ပြင်သည်။ လှေကားထိပ် အရောက်မှာ-
“ပေါ်ဋ္ဌေး”
ဟု အနှောင်းက လှမ်းခေါ်သည်။ ပေါ်ဋ္ဌေး ခေါင်းကိုငှဲ့စောင်းရုံ ကြည့်သည်။

“ခဏထိုင်ပါဦး”
ရယ်လိုက်မိမလိုတောင် ဖြစ်သွားရ၏။ ဧည့်သည် က အိမ်ရှင်ကိုပြန်ပြီး “ထိုင်ပါဦး”လို့ပြောတာ ဘယ်လောက် ခွကျကျနိုင်သလဲ။
“ဘာကိစ္စ ရှိလို့လဲ” ပေါ်ဋ္ဌေးက မေးသည်။
“ပြောစရာ ရှိလို့”
ပေါ်ဋ္ဌေး ခပ်ဆိုင်းဆိုင်းနေပြီးမှ ပြန်လှည့်ပြီး သူတို့နှင့် မျက်နှာချင်းဆိုင် ခုံမှာဝင်ထိုင်လိုက်သည။ အနှောင်း၏ မျက်နှာထားကို အကဲခတ်သည်။ ဒါတိုင်းလို တင်းတင်းမာမာ မရှိ။ ဒေစီပွင့်ကတော့ မျက်နှာညှိုးနေတာ သိ သာ၏။

“ငါတို့ နင့်ကိုလာစောင့်တာ နှစ်ခေါက်၊ သုံးခေါက်ရှိပြီ၊ ခုလည်း ခဏနေလို့မှ မလာရင် ပြန်တော့မလို့”
“ကောင်းသားပဲ”
ပေါ်ဋ္ဌေး ရဲ့ ရိတိတိစကားကို အနှောင်းက ဂရုမပြုဘဲနေသည်။ အရင်လို့ ဆတ်ဆတ်ထိ မခံတဲ့ပုံစံမျိုး မဟုတ် တာ ထူးခြားနေသည်။
“ဘာကိစ္စလဲ”
ပေါ်ဋ္ဌေးက ထပ်မေးသည်။ အနှောင်းက ချက်ချင်းမဖြေဘဲ တွေတွေကြီးလုပ်နေစဉ် ဒေစီပွင့်က ၀င် ပြောသည်။

“နင်က ရင်ရင်ငြိမ်းကို ကွာရှင်းချင်တယ်ဆို”
တစ်နေ့နေ့တော့ သူတို့သိသွားမှာပဲဆိုတာ တွက်ထားပြီးသားဖြစ်သောကြောင့် သိပ်တော့မအံ့သြမိ။ တကယ် ဆို ကိုယ်ကတောင် ဖွင့်ပြောစရာမလိုဘဲ ဖြစ်သွားတာကို ၀မ်းသာသင့်သည်။
“နင်တို့ ဘယ်လိုလုပ် သိတာလဲ၊ ရင်ရင်ငြိမ်းက ပြောပြလို့လား”
“ရင်ငြိမ်းလား… သေတောင် ပြောမှာမဟုတ်ဘူး၊ မြရီဝင်း ပြောလို့သိတာ”
ဟု အနှောင်းက ၀င်ပြေသည်။ ဒေစီပွင့်က-
“မြရီဝင်းကလည်း မဖြစ်သင့်တာ မဖြစ်ရအောင် ဖျောင်းဖျပေးပါလို့ ပြောတယ်”

“သြော်… ဒါဆို အခု နင်တို့က ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေအဖြစ်နဲ့ ညှိနှိုင်းပေးဖို့လာတာပေါ့၊ ဟုတ် လား”
“မဟုတ်ဘူး၊ ကွာရှင်းစာချုပ်မှာ သက်သေ လက်မှတ်ထိုးပေးရအောင် လာခဲ့တာ”
အနှောင်းရဲ့စကားက ပေါ်ဋ္ဌေးကို ဒီတစ်ခါတော့ အံ့သြသွားစေသည်။
“ဘာပြောတယ်”

“ဟုတ်တယ်၊ သူငယ်ချင်းတွေကို နင် လိုက်ပြီး လက်မှတ်ထိုးခိုင်းနေတယ် မဟုတ်လား၊ ဒီလောက်တောင် အပင်ပန်း ခံ နေစရာ မလိုပါဘူး၊ သက်သေ နှစ်ယောက်ရှိရင် ရတာပဲ”
အနှောင်းက သူ့လက်ကိုင်အိတ်ထဲမှ စက္ကူလိပ်တစ်လိပ်ကို စားပွဲပေါ်ချပေးလိုက်ပြီး-
“အဲဒါ ကွာရှင်းစာချုပ်ပဲ၊ သက်သေနေရာမှ ငါတို့နှစ်ယောက် လက်မှတ်ထိုးထားတယ်၊ ရင်ငြိမ်းလည်း လက် မှတ်ထိုးပေးထားပြီးပြီ၊ ဒါမျိုးဆိုတာ တရားရုံးမှာ လုပ်မှ ခိုင်လုံတယ်လို့ကြားဖူးတယ်၊ ဒါပေမဲ့ နင် မပူပါနဲ့၊ ရင်ငြိမ်း က နင့်ကို ဘယ်တော့မှ နှောင့်ယှက်တော့မှာ မဟုတ်ပါဘူး”

ပစ္စည်းကောင်းတစ်ခုကို ဈေးပေါပေါနဲ့ရတဲ့အခါ အစစ်မှဟုတ်ရဲ့လားလို့ သံသယဖြစ်ရသလိုပဲ၊ မမျှော်လင့်ဘဲ ခုလို လွယ်လွယ်ကူကူ ကိစ္စပြတ်သွားတဲ့အတွက် ပေါ်ဋ္ဌေး ရုတ်တရက် မယုံနိုင်အောင် ဖြစ်နေ၏။ နောက် ကွယ်မှာ ဘာအကြံအစည်များရှိနေသလဲဟု ခန့်မှန်းနေတုန်းမှာ အနှောင်းက-

“ဒီမှာ ပေါ်ဋ္ဌေး… တစ်ချိန်တုန်းက နင်ဟာ ရင်ငြိမ်းကို ငါ့လက်ထဲကနေ လုယူသွားခဲ့တယ်။ အဲဒီတုန်းက ငါ ဘယ်လောက် ခံစားခဲ့ရတယ် မှတ်သလဲ၊ တကယ်လို့ ငါကသာ အပြင်းအထန် ကန့်ကွက်ခဲ့မယ်ဆိုရင် နင့်ကို ရင်ငြိမ်း က လက်ခံခဲ့မှာမဟုတ်ဘူး၊ ဒါပေမဲ့ ငါ စဉ်းစားတယ်၊ ငါ့လို… အေးလေ… နင်တို့ပြောနေကျ စကားနဲ့ ပဲ ပြောပါ့မယ်၊ ငါ့လို ဗုံမဟုတ်၊ ပတ်မဟုတ် လူနဲ့ နေရတာထက်စာရင် နင်နဲ့ဆို သူ့ဘ၀ပိုပြီးအဆင်ပြေမယ် လို့ တွက်ပြီး နင့်လက်ထဲကို စိတ်ချလက်ချ အပ်ခဲ့တယ်၊ နင်ဟာ သူ့ကို တစ်သက်လုံး ကြင်ကြင်နာနာနဲ့ စောင့်ရှောက်သွားလိမ့်မယ်လို့လည်း ယုံကြည်ခဲ့မိတယ်၊ အခုတော့ နင်ကို အထင်ကြီးခဲ့တာ အမှားကြီး မှား သွားပြီပေါ့၊ အေး… ရပါတယ်၊ နင် စွန့်ပစ်လိုက်တဲ့ ရင်ငြိမ်းကို ငါ ဆက်ပြီး တာဝန်ယူသွားပါ့မယ်၊ တစ်ခုတော့ ရှိတယ် ပေါ်ဋ္ဌေး။ နောက်တစ်ခါတော့ နင် ရင်ငြိမ်းကို ငါ့ဆီကနေ ပြန်လုယူဖို့ လုံးဝခွင့်ပြုမှာမဟုတ်ဘူးဆို တာကို မြဲမြဲမှတ်ထားလိုက်ပါ”

အနှောင်း အသံတွေတုန်လာသည်။ မျက်ရည်လည်း ၀ဲလာသည်။ ဒီလိုပုံစံမျိုးကို အနှောင်းထံမှာ တစ်ခါမှ မမြင်တွေ့ဖူးခဲ့။ ဒေစီပွင့်ကတော့ တရှုပ်ရှုပ် ငိုနေပြီ။
အပြင်ဘက်မှ လေတစ်ချက် ဝေ့၀ဲပြီး ၀င်လာသည်။ လေ၏အရှိန်ကြောင့် စားပွဲပေါ်မှ ကွာရှင်းစာချုပ်ဟု ဆို သော စက္ကူလိပ်ကလေးသည် ပေါ်ဋ္ဌေးဘက်သို့ လိမ့်လာသည်။ ဒီအတိုင်း လွှတ်ထားလိုက်လျှင် စားပွဲ အောက်သို့ ပြုတ်ကျတော့မည်။ ပေါ်ဋ္ဌေး လှမ်းကိုင်ပြီး ထိန်းလိုက်မည်ပြုပြီးမှ မတို့ မထိရဲသလို တုံ့ခနဲဖြစ် သွားပြီး လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။ လိမ့်နေသော စက္ကူလိပ်ကလေးကို သည်းထိပ်ရပ်ဖိုစရာ မြင်ကွင်း တစ်ခုလို ငေးကြည့်နေမိ၏။ ပေါ်ဋ္ဌေး၏သက်ပြင်းချလိုက်သော လေအရှိန်က ပြန်လည်တွန်းကန်လိုက်သော ကြောင့်လား မသိ။ စက္ကူလိပ်ကလေးသည် စားပွဲစွန်းမှ ပြုတ်ကျလုတဲတဲ အနေအထားမှာ ရပ်တန့်သွားလေ သည်။

ပေါ်ဋ္ဌေးသည် စားပွဲပေါ်မှ စက္ကူလိပ်ကလေးကို ငေးကြည့်နေသည်။ ဘယ်လောက်ကြာသွားသလဲ မသိ။ သတိဝင်လာချိန်မှာ အနှောင်းနှင့် ဒေစီပွင့်တို့ မရှိတော့။ ဘယ်တုန်းက ထပြန်သွားကြသလဲ။ ပြန်ခါနီးမှာ နှုတ်ဆက်သွားသေးသလား။ ဘာတွေ ထပ်ပြောသွားသေးလဲ။ ရေရေရာရာ မသိ။ စောစောတုန်းက အနှောင်းတို့ လာသွားတယ်ဆိုတာ တကယ်ကောဟုတ်ရဲ့လား။ စိတ်ကူးယဉ်တာများလား မသိ။ အခု အိပ် မက်မက်နေတာလား။ စားပွဲပေါ်က စက္ကူလိပ်ကလေးကကော ကွာရှင်းစာချုပ်ဆိုတော ဟုတ်ရဲ့လား။ အစု ရှယ်ယာစာချုပ်ကို ပြန်မသိမ်းမိဘဲ ထားခဲ့ရာက စိတ်ထင်ရာ လျှောက်တွေးနေတာလား။

ဒါဟာ ကွာရှင်းစာချုပ်အစစ် ဟုတ်၊ မဟုတ် သိနိုင်ဖို့ ရင်ရင်ငြိမ်းကို မေးကြည့်ရမယ်ဆိုသော အတွေးဝင်လာ မှ သတိရသည်။ ရင်ရင်ငြိမ်း ဘယ်ရောက်နေသလဲ၊ အနှောင်းတို့ ရောက်နေတာကို သူ ဘာကြောင့် ဆင်းမတွေ့သလဲ၊ ဘာကြောင့် အတူရှိမနေခဲ့တာလဲ။

အပေါ်ထပ်သို့ ခပ်သုတ်သုတ်တက်လာခဲ့သည်။ လှေကားတစ်ဝက်ရောက်မှ စာချုပ်ကျန်ခဲ့တာကို သတိရ၏။ အောက်ကို ငုံ့ကြည့်သောအခါ စားပွဲပေါ်မှာ စက္ကူလိပ်ကလေး မရှိတော့။ သူ တုန်လှုပ်သွားသည်။ ဘယ်လို ဖြစ်တာလဲ၊ စောစောက ကိစ္စတွေဟာ တကယ် မဟုတ်ဘူးလား၊ ငါ ရူးသွားပြီလားဟု တွေးမိသည်။ နောက် သေသေချာချာကြည့်မှ စားပွဲအောက်ပြုတ်ကျနေတာ တွေ့ရသည်။ ပျောက်သွားရင်ခက်မယ်ဆိုပြီး ပြန်ဆင်း ကောက်ဖို့ စဉ်းစားသည်။ ဒီအိမ်ထဲမှာ ဘယ်သူက ဘာအတွက် လာခိုးရမှာလဲဟု တွေးပြီး အပေါ်ထပ်သို့ ဆက်တက်ခဲ့သည်။

အိပ်ခန်းထဲ ၀င်ကြည့်သည်။ ရင်ရင်ငြိမ်းကို မတွေ့ရ။ ဘုရားခန်း သွားကြည့်သည်။ မရှိ။ အောက်ထပ် ပြန် ဆင်းလာပြီး မီးဖိုးခန်းဘက် ၀င်ရှာသည်။ မတွေ့။ ရေချိုးခန်းတံခါးက ပွင့်နေသည်။ အိမ်သာတံခါးကိုတောင် ဆွဲဖွင့်ကြည့်သေးသည်။
ဝိုင်းစိန်ကို သတိရမိပြန်သည်။ သူကကော ဘယ်ပျောက်နေသလဲ။

“၀ိုင်းစိန်… ၀ိုင်းစိန်…”
အော်ခေါ်သည်။ ထူးသံ မကြားရ။ ထပ်ခေါ်သည်။ မရ။ ၀ိုင်းစိန်အိပ်သော အခန်းဆီသွားသည်။ တံခါးပိတ် ထားသည်။ ဆွဲဖွင့်သည်။ ၀ိုင်းစိန်သည် ကွပ်ပျစ်ပေါ်မှာ မှောက်လျက်ကြီး အိပ်နေသည်။ သူ့ကိုယ်လေးက တသိမ့်သိမ့်တုန်နေ၏။ ရှိုက်သံသဲ့သဲ့လည်း ကြားရသည်။ ပေါ်ဋ္ဌေးက အခန်းထဲ ၀င်မည်ပြုပြီးမှ အ၀ကနေပဲ လှမ်းခေါ်သည်။
“၀ိုင်းစိန်…”
ပြန်မထူးဘဲ ရှိုက်သံကသာ ပိုကျယ်လာသည်။

“ဟဲ့… ၀ိုင်းစိန် ဘာဖြစ်နေတာလဲ” ဆိုမှ ထလာသည်။
“ရင်ရင်ငြိမ်း… ဘယ်သွား…”
ပေါ်ဋ္ဌေး စကားမဆုံးခင်…
“ဒေါ်လေး မရှိတော့ဘူး”
ဟု ပြောပြီး ဟီးခနဲ ငိုချလိုက်ပြန်သည်။
“မရှိတော့ဘူး… ဟုတ်လား၊ ဘယ်သွားတာလဲ”

“မသိဘူး”
“ဘယ်တုန်းက ထွက်သွားတာလဲ”
“တစ်နေ့… တမြန်မနေ့က…”
“ဘယ်သူနဲ့ ထွက်သွားတာလဲ”
“အန်…အန်တီနှောင်းတို့နဲ့”
“နင့်ကို ဘာမှာသွားလဲ”
ဝိုင်းစိန်က ပြန်မဖြေနိုင်သေးဘဲ ခဏကြာအောင် ရှိုက်ပြီးမှ -
“ဦးပေါ် လာရင်တဲ့…”

ဟု ပြောပြီး သူ့ကွပ်ပျစ်ကလေးဆီ သွားသည်။ စာအိတ်တစ်အိတ်ကို ယူလာပြီး ပေးသည်။ ထို့နောက် ကွပ် ပျစ်ဆီပြန်သွားပြီး စောစောကအတိုင်း မှောက်ခုံကြီး ပြန်လှဲရင်း ငိုရှိုက်နေသည်။
ပေါ်ဋ္ဌေးသည် ဧည့်ခန်းထဲ ပြန်လာသည်။ ကုလားထိုင်မှာ ထိုင်သည်။ စာအိတ်ကို ဖောက်ပြီး စာကို ဆွဲထုတ် သည်။ စာရွက်ကို ဖြန့်လိုက်သည်။ အဘွားကြီးတွေရဲ့ လက်ရေးနဲ့တူတယ်ဟု တစ်ခါက ပေါ်ဋ္ဌေး နောက် ပြောင်ခဲ့ဖူးသော စာလုံးလေးများ။

    ကိုပေါ်…
    အစတုန်းကတော့ နင့်ဝသီအတိုင်း စိတ်လိုက်မာန်ပါနဲ့
    ထင်ရာ မြင်ရာတွေ လျှောက်လုပ်နေတာ၊ နောက်တော့လည်း စိတ်
    ပြေသွားမှာပါပဲလို့ ထင်ခဲ့မိတယ်။ ဒါပေမဲ့ အချိန်တွေ ကြာလာတဲ့
    တိုင်အောင် နင့်စိတ်က မပြောင်းလဲဘဲ ကွာရှင်းဖို့ကိစ္စကို သဲကြီးမဲကြီး
    ကြိုးစားနေခဲ့တာ တွေ့ရတယ်။ ခုတော့ ငါနဲ့အတူတူ နေနေရတာ
    နင့်အတွက် နေ့စဉ်နဲ့အမျှ စိတ်ဒုက္ခ ခံစားနေရတာကို ငါ မကြည့်
    ရက်တော့ဘူး။ ဒါကြောင့် နင့်ဆန္ဒအတိုင်း  ကွာရှင်းစာချုပ် ချုပ်ပေး
    ခဲ့ပါတယ်။ နင့်ကို မျက်နှာချင်းဆိုင် နှုတ်ဆက်မသွားနိုင်တာကိုတော့
    ခွင့်လွှတ်ပါ။ အခုလို တိတ်တဆိတ် ထွက်ခွာသွားတာက နင့်အတွက်
    ရော ငါ့အတွက်ပါ အသင့်တော်ဆုံးဖြစ်လိမ့်မယ် ထင်ပါတယ်။
    ငါလည်း ပုထုဇဉ်ပဲဟာ။ ခံစားချက်တော့ ရှိသေးတာပေါ့။
            ကျန်းမာရေး ဂရုစိုက်ပါ…
                        ရင်ရင်ငြိမ်း

ပေါ်ဋ္ဌေးသည် စာကို နောက်တစ်ခေါက် ထပ်ဖတ်သည်။ ပြီးတော့ နောက်တစ်ခေါက်… နောက် တစ်ခေါက်…။ အလွတ်ကျက်မှတ်ရမည့် ကျောင်းစာတစ်ပုဒ်လို တစ်လုံးချင်း အသေးစိတ် အထပ်ထပ် ဖတ်သည်။ ဖတ်ပြီး လျှင် ပြန်ပြန်မေ့သွားသည်ဟုထင်သည်။ စာရွက်ကိုခေါက်ပြီး အိတ်ထဲထည့်သည်။ စာပါ အကြောင်းအရာကို ပြန်စဉ်းစားသည်။ ဟိုတစ်ကြောင်း၊ ဒီတစ်ကြောင်း အစီအစဉ်တွေ လွဲမှားစွာ ပေါ်လာသည်။ စာတစ်ကြောင်း မဆုံးခင် နောက်တစ်ကြောင်းရဲ့အစက ၀င်လာသည်။ မဆိုင်တဲ့အတွေး တွေက ကြားဖောက်ပေါ်လာသေး သည်။ သူ ကောင်းကောင်း မှတ်မိတာကတော့

“ကျန်းမာရေး ဂရုစိုက်ပါ… ရင်ရင်ငြိမ်း”။

အပေါ်ထပ်က စာဖတ်ခန်းထဲမျာ သွားထပ်ဖတ်ဦးမည်ဟု တွေးပြီး ထရပ်လိုက်သည်။ ခြေထောက်အောက် မှာ တစ်စုံတစ်ခု ခံနေသည်ဟု ထင်မိ၏။ ငုံ့ကြည့်လိုက်တော့ စောစောက ကြမ်းပေါ်ကျနေသော ကွာရှင်းစာ ချုပ် အလိပ်ကလေး ကို တက်နင်းမိနေကြောင်း တွေ့ရသည်။ သူ ရုတ်တရက် ဒေါသဖြစ်လာသည်။ စာချုပ် ကို နောက်တစ်ကြိမ် ဆောင့်နင်းလိုက်မိ၏။

ဆက်ရန်
.

7 comments:

Anonymous said...

ဇာတ်ရှိန်က အတော်မြင့်လာဘီ မမရေ....အဆက်ကလေး ဖတ်ချင်လှပြီ...
အနော်

Anonymous said...

OHH!!!

Me too!! wanna read....

Ray

Anonymous said...

တရားကိစ္စကို နားလည်တဲ့သူမှ ရေးရင် အမှားအယွင်းကင်းမယ် ထင်တယ်ဗျာ။ အနှောင်းကို ဘာသာရေး ကိုင်းရှိုင်းတယ်လို့ တစ်လျှောက်လုံး သယ်လာပြီးမှ ရင်ရင်ငြိမ်းကို စွဲလန်းနေတဲ့ ယောက်ျားရှာလို့ လုပ်ချလိုက်တော့ ယုတ္တိမရှိဘူး ဖြစ်သွားတယ်။

တရားတကယ်ထိုင်မယ်၊ ဒါမှမဟုတ် မေတ္တာဘာဝနာကို စွဲစွဲမြဲမြဲ ပွားမယ်ဆိုရင် အဲဒီလိုတွေ မရှိတော့ဘူးဗျ။ ဒီလို မှားယွင်းတဲ့ပုံစံနဲ့ တစ်ယောက်ယောက်ကို ရာဂလွန်ကျူးနေတယ်ဆိုတာ တကယ်အားထုတ်တဲ့ တရားသမားတွေမှာ မရှိဘူး။ တရားဓမ္မကို ဘာမှ နားမလည်သေးဘူးပဲထားဦး၊ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ကို ဒီလို မရေးသင့်တာပါ။

တရားထိုင်တဲ့ကိစ္စကို စွဲစွဲမြဲမြဲလုပ်ရင် အလှအပတွေ သိပ်အာရုံမထားတော့တာ ဖြစ်တတ်ပါတယ်။ ဒီလိုမိန်းကလေးတွေက ကြည့်လိုက်ရင် မျက်နှာပြောင်တလင်းနဲ့ ဝတ်ရင်စားရင်လဲ ရိုးရိုးရှင်းရှင်း ဖြစ်နေတတ်တယ်။ ယောက်ျားလေးတွေကိုလဲ သိပ်စိတ်မဝင်စားလှဘူး။ ကိုယ့်အချင်းချင်းတော့ မြင်တာနဲ့ ရိပ်မိပါတယ်။ ဒါကို နားမလည်တဲ့ စာရေးသူက အလှအပမပြင်တာ၊ ယောက်ျားသနာ စိတ်မဝင်စားတာ ယောက်ျားရှာ ဖြစ်နေလို့လို့ တလွဲတွေးပြီး ရေးမိတာများလား။

ဘာသာရေးကိစ္စကို နားမလည်ရင် ထင်ကြေးနဲ့ စွတ်မရေးတာ ပိုကောင်းပါလိမ့်မယ်။

Anonymous said...

ခင်ဗျားတို့လဲဒုက်ခဘဲ! မင်းလူရေးပြီး မရွှေစင်ရိုက်တင်တာတောင် ကျေးဇူးမတင် Comments ပေးသေးတယ်။ ခင်ဗျားမကျေနပ်ရင် ဆရာမင်းလူကို Comments ပေးပါလား။ ငတုံး

Anonymous said...

မင်းလူရေးတဲ့ ဝတ္ထုမှန်း ခေါင်းစီးမှာကို မရွှေစင် စာရေးသူနာမည်ရေးတင်ထားပေးလို့ မင်းလူရေးမှန်း လူတိုင်း သိပါတယ်ဗျာ။ မရွှေစင် ဒီလို စာတွေ တင်ပေးနေတာကို ကျေးဇူးတင်တဲ့အကြောင်းလဲ အရင်ထဲက အထပ်ထပ် ပြောနေကျပါ။ တရားဓမ္မကိစ္စ စိတ်ထက်သန်တဲ့ မိန်းကလေးတစ်ယောက်က ဒီလိုဘာသာရေးကိုင်းရှိုင်းတဲ့ တခြားမိန်းကလေးတစ်ယောက်ကို ဓမ္မမိတ်ဆွေအနေနဲ့ မဟုတ်ဘဲ ဖိုမစိတ်နဲ့ စွဲလန်းနေတယ်ဆိုတာ မဖြစ်နိုင်လို့ မရေးသင့်ဘူးမြင်လို့ ဒီလိုမရေးသင့်ကြောင်း မှတ်ချက်ပေးတာပါ။ ဒါ မရွှေစင်ကိုဆိုလိုတာ မဟုတ်မှန်းလဲ လူတိုင်း သိမှာပါ။
အခု စာရေးဆရာ ရေးတာကလဲ အနှောင်းက ပေါ်ဌေးကို ပရိယာယ်နဲ့ တမင်ပြောလိုက်တာလို့ နောက်ပိုင်းမှာ ဇာတ်က ပြန်ရှင်းချင် ရှင်းပါလိမ့်မယ်။ ကျွန်တော် မဖတ်ရသေးလို့ မသိဘူး။

ဘာမှ နားမလည်ဘဲ ဝင်ရန်လုပ်ချင်ဇော များနေတော့ ခင်ဗျားစကားလုံးတွေက မိုက်ရိုင်းလွန်းတယ် မိတ်ဆွေ။

Anonymous said...

အင်း ခက်တော့နေပြီ! အဲဒီလောက်သိနေရင်လဲတိတ်တိတ်နေပါဗျာ၊
ဆရာသိပ်လုပ်ခြင်ရင်လဲ မူရင်းစာရေးသူကိုဆက်သွယ်ပါ၊ မျက်စေ့နောက်လို့ပါ

Anonymous said...

Read quietly pls....Don't make noise.Be kind to blog owner and readers.
Gyidaw