Monday, March 28, 2011

ဟင်းတစ်ခွက် တောင်ဘက်မှ ပိုချိုခြင်း (ဆင်ဖြူကျွန်းအောင်သိန်း)

ဟင်းတစ်ခွက် တောင်ဘက်မှ ပိုချိုခြင်း
ဆင်ဖြူကျွန်းအောင်သိန်း

တလင်းစုထဲမှ ကောက်ပြန့်များကို နွားနင်းနယ်သံသည် အရိုးချည်းသာကျန်တော့သော ချူံတောကို လေပြင်း တိုက်သံ လို သရက်ပင်အုပ်ကြီးအောက်မှ ဆူညံစွာထွက်ပျံနေလေ၏။
နေခြည် သည် တစ်နေ့တာလုံး သရက်ပင်အုပ်ကို မဖောက်ထွန်းနိုင်သော်လည်း ယခုမူ အဝေမှ စွေ၍ ကောက်ပြန့် များ ပေါ်သို့ သွန်းလောင်းနေပေပြီ။ ရှည်လျားသော အရိပ်ကြီးများသည် ကောက်ပြန့်၏ အရှေ့ဘက် ကျသော အရပ်၌် ကိုးရိုးကားရား လှုပ်ရှားနေကြပေသည်။ ကောက်ပြန့်ထက်သို့ ပျံတက် လာသော အမှုန်များသည် နေခြည်ရောက်ရာအရပ်တွင် ပါးလွှာသော ဇာပ၀ါတွန့်သလို လွန့်မြူး၍ နေခြည် လွတ်သော နေရာ၌် ပျောက်ကွယ်သွားလေ၏။

`တယ်ဒီနအိုကြီးဟာ သေတော့မှာပဲ။ ဒါလောက်ပဲ ငတ်ရသလားဟင်` တောင်ဘက်တလင်း မှ အုန်းမြ၏ အော်ငေါက်သံ နှင့်အတူ တင်ပါးကိုနှင်တံဖြင့်ရိုက်သံသည်လည်း တချိုးချိုးတချွတ်ချွတ် အသံများနှင့် ရောလိမ်လျက် ထွက်ပေါ်လာသည်။
``ဟင်း၊ဟင်း၊ဟင်း၊ဟင်း``
ကိုဆေးရိုးသည် နွားနှစ်ကောင်၏တင်ပါးကို လက်ဝါးဖြင့်တွန်းရင်း တဟင်းဟင်းအသံပေးလျက် ရှိသည်။ နွားနှစ်ကောင် မှာ ပျိုရွယ်သန်မာသော အရွယ်ကောင်းများဖြစ်၏။ သို့ရာတွင် ခေါင်းကြီးတွေစိုက်လျက် ပျင်းတိ ပျင်းတွဲ လှမ်းနေကြပေသည်။ ကောက်ရိတ်ပြီးစချိန်ကပင် နွားနှစ်ကောင်မှာ လုံလောက်သော အနာယူချိန် နှင့် အားမွေးချိန် ကို ရရှိထားသဖြင့် လှည်းတပ်လိုက်ပြီိဆိုလျှင် ဆွဲ၍မနိုင်နိုင်အောင်ဖြစ်ခဲ့ရ၏။

လူအိုနှင့်နွားပျို၊ သည်ဆိုလျှင် ခတ်ရချေရဲ့ဟု အောက်မေ့ခဲ့သည်။ ယခုမူ ညဥ့်သခေါင်တိုင်အောင် နှယ်၍ အရုဏ်တက် က ထပြီး“ကောက်ဖွပ်“ ရသောဒဏ်ကြောင့် နွားနှစ်ကောင်မှာ ခြေကုန်လက်ပန်းကျနေပေပြီ။
“မန်ကျည်းသီး ကောက်ကွေး လောက်လေးနဲ့ ဆော်သလေလေ့။ ဟိုကောင်မလေး ဆံတောက်ကွေး နောက်ဖေး ကို ခေါ်သဟေ့ ခေါ်သဟေ့“ အုန်းမြတို့ ကောက်ပြန့်၏ ဟိုဘက်မှ ကြည်စိန်၏ အော်သံဖြစ်၏ ကိုဆေးရိုး မှာ ခေါင်းကို ဆတ်ခနဲထောင်ပြီး လှမ်းကြည့်မိသည်။

“ဟ ဘာကောင်လေးတွေလဲဟေ့“
ကိုဆေးရိုးမှာ ပြုံးစေ့စေ့ကြီးဖြစ်သွားသည်။ ကောက်ပြန့်ပေါ်တွင် သံသရာစက်ဝိုင်းလို မဆုံးနိုင် မပြတ်နိုင် တ၀ဲလည်လည် လှည့်ပတ်မောင်နှင်နေရသဖြင့် အော်မိအော်ရာ ပျင်ပျင်းနှင့် ထအော်ခြင်းဖြစ်ပေမည်ဟု တစ်ဆက်တည်း တွေးမိသောကြောင့်လည်း ကိုဆေးရိုး၏ နှုတ်ခမ်းမှ အပြုံးသဏ္ဌာန်မှာ တော်တော်နှင့် ပျာက်ကွယ်မသွားပေ။
“အုန်းမြရေ“
“ဗျိုး“

ကိုဆေးရိုး က တောင်ဘက်တလင်းတွင် ငြိမ်ငြိမ်ကလေး နွားမောင်းနေသေ အုန်းမြကို လှမ်းပြီး အသံပေး လိုက်လျှင် အုန်းမြက ခေါင်းထောင်၍ကြည့်သည်။ 
“မင်းကကော ဘာမှမဆိုးဘူးလားကွ“
“ဟဲဟ“
အုန်မြသည် တစ်ချက်ရယ်ပြီးလျှင် နွားကိုသာ တဟဲ့ဟဲ့ဖြင့် ဆက်ခက်မောင်နှင်နေသဖြင့် ကိုဆေးရိုးမှာ ဆက်၍ မပြောတော့ဘဲ ကောက်ပြန့်ကို ငုံ့ကြည့်လိုက်သည်။ သဲသဲကွဲကွဲမမြင်ရပေ။
“ကျီးဒန်ရေ၊မီးလေးများ လက်ပါဦးဟ“

သရက်ပင် ပင်စည်ကို ကပ်ပြီးထိုးထားသော တဲကုပ်ကလေးဆီသို့ လှမ်းကြည့်ကာ အော်လိုက်သည်။ တဲကုပ် ကလေး အတွင်းတွင်ကား မကျီးဒန်သည် တကုပ်ကုပ်ဖြင့် ချက်ပြုတ်လုပ်ကိုင်လျက်ရှိသည်။ မကျီးဒန်သည် သစ်သားငရုတ်ဆုံ တစ်ခုဖြင့် ထောင်ထုနေရာက ငရုတ်ကျည်ပွေ့ကို တန်းလန်းစိုက်ထားလိုက်ပြီး တဲတစက်မြိတ်  တွင်  ချိတ်ထားသော “ပုန်နဆီအိုး“ကိုဖြတ်သည်။
ပုန်နဆီအိုဆိုသည်မှာ လက်ဝါးတံဆိပ် ရေနံဆီမီးအိမ်ဖြစ်၏။ မည်သည့်အကြောင်းကြောင့် ပုန်နဆီအိုးဟု ခေါ်သည် မသိပေ။ ပုန်နဆီအိုး ၌ သရက်စေးများ၊သရက်ပွင့် အခြောက်များ၊ စပါးမှုန်များသည် ရေနံဆီနှင့် တလိန်း ထိုးကာ ပေကျံနေပေ၏။ မကျီးဒန်သည် ပုန်နဆီအိုးကို မီးထွန်းညှိပြီးလျှင် ကော်ပြန့်ပေါ်သို့ ညွှတ်ကျ နေသော သရက်ကိုင်း တစ်ခုတွင် လာရောက်ချိတ်ပေးလိုက်၏။

“အင်ဟင် ဟဲ့၊ မလုပ်နဲ့လေ။ ဒီလိုမလုပ်စမ်းနဲ့လေ“
မကျီးဒန်အားလှမ်းကြည့်ခိုက်တွင် နွားနှစ်ကောင်သည် နှုတ်သီးစွပ်ထားလျက်က တုံ့ရပပြီး ကောက်ပြန့်ကို နှာခေါင်းဖြင့် တရှူးရှူး ငုံ့ထိုးနေသည့်အတွက် တချက်ရိုက်လိုက်သည်။
“မတော်သေးဘူးလား“

မကျီဒန် က ကောက်ပြန့်ကို ခြဖ၀ါးဖြင့်ပွတ်ကြည့်ရင်း မေး၏။ ကောက်ပြန့်အဖျားများသည် တစ်ဖက်သတ် ယိုင်လဲ လျက် စပါးစေ့ရှိသောနေရာများ၌ အရိုးချည်းသာ ကျန်တော့သည်။ အားနည်းသော ပုန်နဆီ မီးရောင်ဖြင့် မမြင်ရသော်လည်း စမ်းသပ်ကြည့်ရုံနှင့် သိသဖြင့် မေးလိုက်ခြင်းဖြစ်ပေသည်။

“နည်းနည်းလိုသေးသလားလို့ဟ“
ကိုဆေးရိုး က နွားနှစ်ကောင်ကို ခပ်သွက်သွက် တို့မောင်းနေ၏။ နွားနှစ်ကောင်၏ ခြေတောက်ကြားတွင် လည်းကောင်း၊ ကိုဆေးရိုး ၏ ခြေတောက်တွင်လည်းကောင်း နူးညံ့သော ကောက်မျှင်ကလေးတို့က လုံးထွေး နေပေ သည်။ နင်ရင်းက ကောက်လှိုင်းအစည်းထဲက ကျွတ်ထွက်လာသော အမျှင်ကလေးများက ဖုံးနေခြင်း ဖြစ်၏။

ကိုဆေးရိုးသည် “ဖုံ“ နေသော အထွေးကလေးများကို နှင်တံဖြင့်ခြစ်၍ ဘေးသို့ပစ်ချလိုက်၊ နွားနှစ်ကောင်ကို ခပ်လောလော ကလေး မောင်းလိုက်သဖြင့် စောစောကထက် သွက်လက်နေသည်။ နွားနှစ်ကောင်မှာလည်း သခင်က ယင်းသို့မောင်းလာပြီဆိုလျှင် နားတော့မည်ဆိုသည်ကို သိနေသည့်အလား အသော့နှင် နေကြသည်။ စပါးနယ်ရာ ၌ တည်ရှိသော ကောက်ပြန့်ကြီးတစ်ခုလုံးကို တစ်ပြိုင်နက် နင်းနိုင် နှယ်နိုင် သည် မဟုတ်။ တစ်ဝက်သာ နှယ်နိုင် နင်းနိုင်ပေသည်။

ကောက်ပြန့် ၏ ဗဟိုကြသော နေရာကို “ဗွေ“ ဟုခေါ်သည်။ ထိုဗွေကို စက်ဝိုင်း၏ အနားအဖြစ်ထားကာ ကောက်ပြန့် ၏ အစွန်းနှင့်ဆက်သွယ်၍ နွားကို မောင်နှင်ရသည်။ နွားကိုလည်း တစ်နေရာတည်း အသေထား ၍ မောင်နှင်ခြင်းမဟုတ်ဘဲ နွားခွာများ နေရာချင်းစပ်ပြီး နင်းအောင် အရင်းကနွားကို နည်းနည်းချင်း ကြိုးတင်းပေးရသည်။

ယခုကဲ့သို့ စပါးစေ့များ ကုန်စင်လုနီးနီး ကျွတ်၍ ဖုံနေသောအခါတွင် ကောက်ပြန့်ကြီးသည် နေကြာပန်းပွင့်၏ ၀တ်ဆံများ တည်နေပုံကဲ့သို့ ဗဟိုတွင် အနားစပ်နေပေတော့သည်။ ထို့ ကြောင့် ပထမဦးစွာနှယ်ခြင်ကို “ဗွေ“ဖွပ်သည် ဟုခေါ်လေ၏။
“ဖြူနေပါပြီ တော်ရဲ့။ ထမင်းစားပြီးမှပဲ ကောက်ပေါက်တော့တာပေါ့“

မကျီးဒန် က ကောက်ပြန့်၏ အစပ်မှ အလှိုင်းထိပ်များကိ လက်ဖြင့်စမ်းသပ်ကြည့်ပြီး ပြောသည်။ဖြူသည် မဖြူသေးဘူး ဆိုသော အသုံးအနှုန်းမှာ ဆန်ဖွတ်ရာတွင်လည်းကောင်း၊ စပါးနှယ်ရာတွင်လည်းကောင်း သုံစွဲကြပေ၏။ ဆန်ဖွတ်လျှင် ဆန်ပေါ်၌ဖုံးနေသော ဖွဲများ ကုန်စင်ခြင်းကိုရည်ရွယ်၍၊ ကောက်လှိုင်းများကို နှယ်ရာတွင်မူ စပါးစေ့များ ကောက်လှိုင်းတွင် ကုန်စင်ခြင်းတို့်ကိုရည်ရွယ်သည် ထို့ကြောင့် ဖြူသည် ဆိုခြင်းမှာ“စင်“ခြင်းကိုဆိုပေ၏။

မကျီးဒန်မှာ ကိုဆေးရိုးကိုလည်း ကြာကြာရပ်ကာ စကားပြောမနေနိုင်ပေ။ နောက်သို့လည်း မကြာခဏ လှည့်ကြည့် နေရာက
“ကဲ ဟင်းချိုအိုးဆူရင် ဟင်းရွက်ခတ်ထားလိုက်မယ်။ နွားတွဲချပေတော့“

ပြောပြောဆိုဆို တဲထဲသို့ ပြေးဝင်လာခဲ့သည်။ ဟင်းချိုအိုးဝေကျလျှင်  ချွေချွေတာတာ  ခတ်ထားသော ဆီကလေး တွေ ဝေကျသောရေနှင့် အတူ မီးဖိုထဲသို့ ရောက်ကုန်မှာဆိုးသဖြင့် ပြေးဝင်လာသော်လည်း ဟင်းချိုအိုး မှာလှုပ်သော်မျှ မလှုပ်သေးပေ။ မကျီးဒန်က နွားတွဲအချတွင် အဆင်သင့်ဖြစ်အောင် မီးကို ဆွပေး၏။ ပန်ကန်ကို အပြေးအလွှားဆေးပြီး တဲထရံတွင်  မှီထားသော စားပွဲခုံကို ခင်း၍တင်ထား၏။ ထမင်းစား စားပွဲခုံကား ချေးအထပ်ထပ်ဖြင့် မည်းနေသည်။ အအေးဓါတ် ရစ်ပတ်ထားသောကြောင့် အစိုလည်း ပြန်နေပေ၏။ စားပွဲခင်းပြီး၍ ဟင်းအိုးကို လှည့်ကြည့်သောအခါ ဟင်းချိုမှာ မီးခိုးကြားတွင် ပျောက် နေချေသည်။

"မှိုင်းစော်တော့ နံကုန်တော့မှာပါပဲတော်" မကျီးဒန်သည်  စိတ်ထဲမှ ပူပန်စွာရေရွတ်လိုက်ပြီး စုထပ်နေသော ထင်းစ များကို တစ်စပေါ်တစ်စ မေးတင်ပေးကာ မီးပြောင်း(မီးပလွေ)ဖြင့် မှုတ်ပေး၏။ မီးကား တောက်မလာပေ။ တဲကုတ်အတွင်းဝယ် လိုဏ်သံပါသော မီးပြောင်းမှုတ်သံက ညံနေ၏။ မီးကရုတ်တရက် မတောက် နိုင်သဖြင့် သွားကျိုး၊ပါးကျိုး မကျီးဒန်၏ ပါးစပ်ထဲမှ လေအစားတံတွေးများသာ ထွက်လာ တော့သည်။

ထိုစဉ်ကောက်ပြန့်ပေါ်မှ အသံများပျောက် သွားပြီး မာကျောသောတံလင်းမြေပြင်ကို နွားခွာဖြင့် ဖိနင်းသံများ ထွက်ပေါ်လာ၏။ ခွာသံများသည် နွားစာခေါင်း (နွားစာခွက်)နား၌ ရပ်တန်းပျောက်ကွယ်သွားသည်။ နွားတွဲချ၍ နွားများကို အစာကျွေးခြင်းဖြစ်ပေသည်။ မကျီးဒန်မှာကား မျက်စိထဲသို့ မီးခိုးဝင်သဖြင့် ခဏနားပြီး မီးပလွေသံ တညံညံဖြင့် ဆက်မှုတ်နေ၏။ ကိုဆေးရိုးသည် ဆေးလိပ်တိုကလေးကိုင်၍ မီးဖိုဘေးလာထိုင်၏။ မကျီးဒန် ကား ဇွဲကောင်းကောင်းဖြင့် မီးမှုတ်ဆဲ။

"အင်းညဉ်းဟင်းအိုး ကတော့ ဆားခတ်ဖို့တောင် မလိုတော့ပါဘူးအေ" မီးစတစ်စဖြင့် ဆေးလိပ်ကိုညှိဖွာရင်း ကိုဆေးရိုး က ရယ်သွမ်းသွေးလိုက်၏။ မကျီးဒန်သည် မီးပြောင်းကို ဆောင့်ချပြီး ကိုဆေးရိုးအား မျက်စောင်း ထိုး၍ကြည့်သည်။ မသိဘူးတော်ရေ့၊သစ်ကိုင်း အခြောက် တွေအောက်မေ့လို့ ဆွဲလာတာ။ သေနာယုတ် ထင်း၊ မီးဖိုထဲရောက်မှ စိုနေတာ" မကျီးဒန်က အငေါ်ထူးသံဖြင့်ပြောအပြီး၌ လုံခြုံသေသပ်နေသော ထဘီစ ကို ဒူးကြားသို့ ဆွဲသွင်းလိုက်၏။ အားရင်သရက်တုံးတွေရှိသားပဲ။ လက်သည်းခွံလောက်တောက်တောင် ပေါက်ပေးဖော် မရဘူး ကဲ ကဲ" ကိုဆေးရိုးက အသံမြှင့်၍ အော်ရင်းထလိုက်သည်။ "ငါ့ဘက်လှည့် လာရင်တော့ ပြေးမှပဲဟေ့ ပြေးမှပဲ"

တဲပေါက်မှအထွက်တွင် ထပ်မံရေရွတ်ရင်း ကောက်လှိုင်းဆိုင်ဆီသို့ ဆေးလိပ်မီး တဖွားဖွားဖြင့် လျှောက် လာခဲ့သည်။ ကောက်လှိုင်းဆိုင်ပေါ်တင်ထားသော ထွန်ခြစ်ကိုဆွဲယူပြီး ကောက်ပြန့်ဘေး သို့ လျှောက် လာခဲ့၏။ ကောက်ပြန့်ဘေးတွင်ရပ်၍ အလှိုင်းတစ်လှိုင်းကို ထွန်ခြစ်ဖြင့်ဆွဲကာ မပေါက်သေးပဲ တဲဆီသို့ လှည့်ကြည့်သည်။ မကျီးဒန်ကားလိုဏ်သံ တညံညံဖြင့် မီးကိုသာကုန်း ၍မှုတ်နေဆဲရှိသေး၏။
ကိုဆေးရိုး မှာ မကျီးဒန်ကို ထင်ထင်ရှားရှား မမြင်ရသော်လည်း ဆေးလိပ်မီးဝင်ညှိစဉ်က တစ်ခေါင်းလုံး ပြာမှုန့်ဖြင့် ဖွေးနေသော မကျီးဒန်၏ အသွင်ကို မြင်ယောင်ကာ ရယ်ချင်လာသည်။ ဘယ်လိုပင် ထိန်းချုပ်ထားပေမဲ့အူအလိပ်လိပ်ထလာသည် ထင်ရ၏။ ထို့ကြောင့် ကိုဆေးရိုးမှာ မိမိ၏ တလင်းအစပ်ရှိ ချုံတန်း များကို လှမ်းကြည့်လိုက်ရသည်။

ချုံတန်းသည် နောက်ခံထန်းတောနှင့် တစ်သားတည်းပန်းမှောင်နေ၏။ ထန်းတော၏ ကြားမှာ ကြယ်တစ်လုံး တစ်လေ လင်းနေသည်။ သို့သော် ပြာမှောင်သော နှင်းလွှာပါးက ကာခြားထားသောကြောင့် မွှားမွှားသာ မြင်ရသည်။ ငွေလမသာ မလင်းသောကြောင့်လည်း သရက်ပင်အုပ်အောက်ရှိ တလင်းများမှာ မှောင်နေ၏။ ၀ါရော်သောရေနံဆီမီးအိပ်များ၏ အရောင်သည်သာ အားနည်းသောအလင်းရောင်ကို ပေးနေပေ၏။

ကိုဆေးရိုးသည် ထွန်ခြစ်ဖြင့်ချိတ်ဆွဲထားသောကောက်ရိုးကို မိမိဘက်သို့ ချိတ်ယူလိုက်သည်။ ကောက်ပြန့် ပြန့်စဉ်ကပင် "စည်းကြိုး"ကို တံစဉ်ဖြင့် ဖြတ်ထားသဖြင့် ရိုးတံများသည် ပြန့်ပြီးလိမ့်လာ ၏။ ကိုဆေးရိုးက ခြေဖျားကို ကုပ်၍ထိုးခံလိုက်ကာ ချက်ချင်းခြေဖျားကိုကော့၍ ကောက်ရိုးတံများ ပြန်မကျအောင် ထိန်းပေးပြီး ထွန်ခြစ်ဖြင့် ဖေးလျက်ခြေကိုနောက်သို့ဆွဲယူလိုက်၏။ ရုတ်ခြည်းပင် ထွန်ခြစ်ကို တစ်တောင်ခန့် မြှောက်ခွာ ၍ တစ်ပြိုင်နက်ပင် ကောက်လှိုင်းကောက်ရိုး ရိုးတံစုကို ခြေဖမိုးဖြင့်ခတ်လိုက်သည်။ ကောက်ရိုးပင်များမှာ ထွန်ခြစ်ဖြင့် ခိုက်မိပြီး ခြေထောက်ပေါ်ပြန်ကျ လာ၍ ခြေဖမိုးက ဆီး၍ခတ်လိုက်ပြန်သည်။

ခြေဖမိုးဖြင့်ခတ်လိုက်သော ကောက်ရိုးပင်များထွန်ခြစ်နှင့် ခြေဖမိုးကို အပြန်အလှန်ထိခိုက်ချိန်မှာ မျက်စိ သုံးမှိတ်မျှ ကြာညောင်း၏။ ထိုအချိန်အတွင်း ခြေဖမိုးဖြင့်လေးချက်ခန့်ကန်ပြီး ခတ်ပြီးသွားကာ ကောက်ရိုးပင် များကြားတွင် ၀ပ်နေသောစပါးစေ့များ ပြောင်စင်သွားလေ၏။

ကိုဆေးရိုးက ပေါက်ပြီးသောကောက်ရိုးများကို မိမိ၏ကျောဘက်သို့ ခြေဖြင့်ဖေး၊ ထွန်ခြစ်ဖြင့််ထိန်းလျက် ကိုယ်ကို လိမ်၍ ပစ်ချလိုက်သည်။ စည်းကြိုးကို ဖြတ်ထားသော်လည်း ကောက် ရိုးပင်များမှာ မူလ အလှိုင်း အနေအထားသာ ရှိနေသေးသဖြင့် ဆွဲရချန်ရ လွယ်ကူသည်။ ကိုးဆေးရိုးသည် တစ်လှိုင်းပြီးတစ်လှိုင်း ပေါက်၍ နောက်ဖက်သို့ ပစ်ထားလိုက်၏။
"ကိုဆေးရိုးရေ ထမင်းပြင်ပြီးပြီ"

မကျီးဒန်က ထမင်းပွဲဘေးမှ လှမ်းခေါ်လိုက်သည်။ကိုဆေးရိုး၏ နားထဲတွင်မူ မိမိ၏ကောက်ပေါက် သံဖြင့် မိမိ ဆူညံနေသည်။ မကျီးဒန်၏ အသံကို မကြားပေ။ ကောက်လှိုင်းကောက်ရိုးဟူသည် အနည်းငယ်ဖွလျှင် ဖွ သလောက် အမှုန်ထသော အမျိုးဖြစ်သည်။ ယခုလို မှုန်ညက်သွားမတက် နင်းနှယ်ပြီးနောက် တစ်ပင်စီ တစ်မျှင်စီဖြစ်အောင် လှုပ်ကာကန်ကျောက်သောအခါ တလင်း တစ်ခုလုံး စပါးမှုန်ဖြင့် ဖုံးနေတော့၏။

နဂိုက အားနည်းဝါရော်သော မီးရောင်သည် စပါးမှုန်ထုကြီး ကြွတက်လာသောအခါ မီးတောက်ကလေးသာ ကျန်တော့သည်။ မီးရောင်သည်ပျောက်သွား၏။ ကိုဆေးရိုးသည် လုံးလိပ်တက်လားသော စပါးမှုန်များကိုပင် အသက် အောင့်ထားလိုက်၊ မျှဉ်းမျှဉ်းကလေးရှူလိုက်ဖြင့် ကာကွယ်ရင်း တစ်လှိုင်းပြီးတစ်လှိုင်း ဆွဲချိတ်ပေါက်နေရာက မွှန်လွန်းမက မွှန်လာသောအခါ တဲဆီသို့ ခတ်သုတ်သုတ်ပြေးထွက်လာ၏။ စပါးမှုန်ပါးသောနေရာအရောက်တွင် ကမန်းကတန်း အသက်ရှူပစ်လိုက်ရသည်။

"ထူလိုက်တဲ့ အမှုန်ဟေ့။ ရေဖျန်းပြီးပေါက်မှထင်တယ်" "ခေါ်နေတာမကြားဘူးလား။ ကဲရေကလေး ဘာကလေးရှူ ၊ မျက်နှာသစ်၊ လက်ဆေးပေတော့။ ထမင်းစားရအောင်" မကျီးဒန်က အပြစ်တင်တစ်ဝက် အချော့ တစ်ဝက်ဖြင့် ပြောလိုက်ပြီးနောက် ရေအိုးကိုမြင်သာအောင် မီးခွက်မြှောက်ပြသည်။ "ဒီလိုသာဆိုရင်တော့ မနက်မှပဲ ပေါက်နိုင်မယ်ထင်တယ်ဟေ့"  ကိုဆေးရိုးက ရေကိုနှာခေါင်းထဲရှူသွင်းပြီး ခပ်ပြင်းပြင်း မှုတ်ထုတ်၏။

မျက်နှာသစ်၊ လက်ဆေးပြီး တဲထဲမှ ပုဆိုးစုတ်တစ်တည်ကိုဆွဲ၍ မျက်နှာသုတ်သည်။ "ညနေတုန်းက နွားတွဲ မတင်ခင် ရေကလေးမှ မဖျန်းလိုက်ဘဲကိုတော့။ အခုလည်း တော်ထမင်းစားပြီးတာနဲ့ နှင်းရိုက်တာနဲ့ အတော် နေမှာပဲ။ အမှုန်သိပ်ထမှာ မဟုတ်ပါဘူး။ မကျီးဒန်က သစ်သားငရုတ်ဆုံကို ထန်းရွက်ကြား သို့ထိုးကပ်ရင်း လှည့်ပြောသည်။ "အေး ဟုတ်သဟ။ အမယ်အမယ် တယ်စပ်ပါကလားဟေ့" ကိုဆေးရိုးသည် မကျေ သောငရုတ်သီးတစ်တောင့် ကို ၀ါးမိသဖြင့် အလန့်တကြားအော်လိုက်ပြီး ထမင်းချည်းသက်သက် ကပျာကယာ ကောက်လွေး၍ ၀ါးပစ်လိုက် သည်။ ထမင်းစေ့မှ အချိုရည်များ လျှာကိုထိသွားမှ အစပ်ပြေ သွား၏။

မောမောဖြင့်ထလာသော ကိုဆေးရိုးအတွက် စပ်သောဟင်းသည် ထမင်းမြိန်ဆေးပင်ဖြစ်သည်။ ထို ရွှေအပ်သီး နှောသော ချဉ်ပေါင်ဖူးအထောင်း သည် ကိုဆေးရိုးကြိုက်သော ဟင်းဖြစ်၍ နွားလျှာကြီးရွက် ဟင်းချို သည်လည်း ချဉ်ပေါင်ဖူးအထောင်း နှင့် အလိုက်ဆိုးသော ဟင်းစပ်ပင်။ သို့သော် ကိုဆေးရိုး၏ ပါးစပ် မှာ ငရုတ်သီးစပ်တာကလွဲ၍ သည်ဟင်းစပ်ကို ပြောပလောက်အောင် ခံတွင်းမတွေ့တော့ပြီ။
အသက်သုံးဆယ် ရွယ်တုန်းက လုပ်သောလယ်သည် လေးဆယ်စိုက်ဖြစ်၍ ချဉ်ပေါင်ဖူးထောင်းနှင့် နွားလျှာကြီးဟင်းချို ကို ထိုးသိပ်သလိုဝင်ခဲ့၏။ ယခုအသက်ငါးဆယ်ကျော်တွင်လည်း လုပ်ရသော  လယ်မှာ လေးဆယ် စိုက်ပင်ဖြစ်၏။

ချဉ်ပေါင်ဖူးထောင်းနှင့် နွားလျှာကြီးရွက်ဟင်းချိုကို ခံတွင်းမတွေ့ တော့ပြီ။ လုပ်ရသောအလုပ်မှာ လူ့ခွန်အား ယုတ်လျော့သလို လျော့နည်းမသွား သော်လည်း သွား များကျိုး၍ အာရုံကြောများက ချည့်နဲ့ခဲ့ပြီမဟုတ်လား။ ယခင် ကလို ခံတွင်းမတွေ့ တော့သော်လည်း ကိုဆေးရိုးသည် တစ်လုတ်ပြီးတစ်လုတ် ခွံ့နေ၏ တစ်ပန်းကန်ပြီး တစ်ပန်းကန် ကုန်သွားကာ မကျီးဒန်မှာလည်း ရေစိုသဖြင့် ပွပိတ်နေသော ဆန်ဆေး တောင်း ထဲသို့ ထမင်းကို တစ်တောင်းပြီး တစ်တောင်း ထည့်နေရသည်။

ထမင်းတထည့်တည်းထည့်နေရသော်လည်း ကိုဆေးရိုး၏ မျက်နှာပြင်၌ ထမင်းစားလိုက်ရသည့် အတွက် ဗိုက်ပြည့်ရုံမှအပ ထို့ထက်ပိုမိုသော နှစ်သက်ကျေနပ်မှု ပေါ်ပေါက်မလာပေ။
တဲအတွင်း၌ တိတ်ဆိတ်နေပေသည်။ တဲခေါင်းရင်းဘက်မှ နွားနှစ်ကောင်၏ တရှူးရှူးဖြင့် အစာ ထိုးမွှေ စားသောက်နေသံကိုကြားရသည်။ တဲအတွင်း၌ တစ်ချက်တစ်လေ ပန်းကန်နှင့် ဇွန်းမြီး ထိခိုက်မိသံ ပေါ်လာတတ်၏။ အုန်းမြတို့ တလင်းဆီမှာ တစ်ဖြောင်း်းဖြောင်းဖြင့် ကောက်ပေါက် နေကြလေပြီ။ ကိုဆေးရိုးသည် ချဉ်ပေါင်ဖူးအထောင်းသက်သက်ချည်း လက်ညှိုးဖြင့်ကော်လိုက်၏။ လက်ကို ပါးစပ်ထဲသို့ မခွံ့သေးဘဲ ခါးဆန့်ကာ နားစွင့်ထောင်လိုက်သည်။ ခပ်လှမ်းလှမ်း တာလမ်းဆီမှ ကားသံလိုလို ဘာလိုလို ကြားရ၏။

"ဘာသံလဲဟင်" မကျီးဒန်က မျက်လုံးပြူး၍မေးသည်။ "သံချပ်ကားများလား" "ဘယ်မှာများ တိုက်ပွဲ ဖြစ်နေပြန်ပါလိမ့်။ ဘုရားသကြားမလို့ မသေမကြေကြပါနဲ့တော်" ကိုဆေးရိုးက သံချပ်ကားဟုဆိုလိုက်သဖြင့် သံချပ်ကာကားဟူသည် အပြင်းအထန်တိုက်ပွဲဖြစ်မှ လာလေ့ရှိသည်ဟုနားလည်ထားသော မကျီးဒန်က ရင်ကိုလျက် အရမ်းကာရော ဆုတောင်း ခြင်းဖြစ်ပေသည်။
"ဟယ်နင့်မှာ ရမ်းပြီးဆုတောင်းနေ။ သံပုံးတွေတင်ပြီး ဒုန်းမောင်းသွားတဲ့ရထား (မြင်းလှည်း)လားမှ မသိဘဲ ကိုဆေးရိုးက ပြောပြောဆိုဆို တဲပြင်ဘက်သို့ထွက်လာကာ တာလမ်းဆီသို့ခပ်သွက် သွက်လျှောက်လာခဲ့၏။ တဲထဲကထွက်စတွင် အလင်းမှ မမှောင်သို့ ကူးစမို့ ဘာမျှမမြင်ရပေ။ တဖြည်းဖြည်း တာလမ်းပေါ်မှာ တရိပ်ရိပ် သွားနေသော မည်းမည်းကြီးကို မြင်ရသည်။ မိမိနှင့် မလှမ်းမကမ်းတွင်လည်း မိမိနည်းတူ ထွက်ကြည့် နေသူများကို တွေ့ရ၏။

"အုန်းမြ အဲတာဘာကြီးလဲဟ" ကိုဆေးရိုးက လူရိပ်သဏ္ဍာန် ကို အုန်းမြဘဲဟု မှန်းဆပြီး မေးသည်။"လယ်ထွန်စက်နှင့်တူတာပဲ။ အုန်းမြကလည်း ခပ်ဝါးဝါးပဲ ဖြေနိုင်၏။ သို့ကြောင့် ကိုဆေးရိုးက တရွေ့ရွေ့ လိပ်သွားသော မည်းမည်းအရာကို လှမ်းကြည့်လိုက်ရာ မိမိတို့ဘက်သို့ လူတစ်ယောက် ပြေးလာသည်ကို မြင်ရ၏။ "ဟဲ့ဘယ်သူလဲ" ကျုပ်ပါဗျ" ညနေက မန်းကျည်းသီးကောက်ကွေးကို လောက်လေးဖြင့်ဆော်"ဟု အော်ဆိုသော ကြည်စိန်ဖြစ်ပေသည်။

"အခုမောင်းသွားတာ ဘာကြီးလဲကွဟေ" အုန်းမြက ၀င်မေးသည်။ "လယ်ထွန်စက်ကြီးကွ" ကြည်စိန်က မောသံ ကလေး မပျောက်တစ်ပျောက်ဖြင့်ဖြေလေသည်။ "လယ်ထွန်စက်က ဘာလုပ်ဖို့များဘာလိမ့်" ဟ လယ်ထွန်စက် ဆိုတာ လယ်ထွန်ဖို့ပဲပေါ့ဟ ဘာလုပ်ရမလဲလို့"

ကိုဆေးရိုးကတော့ အုန်းမြနှင့် ကြည်စိန်တို့ကြားသို့ ဘာမျှဝင်မပြောဘဲ လယ်ထွန်စက် မည်းမည်းကြီးကိုသာ  မမြင်မကန်းဖြင့် လှမ်းကြည့်မျှော်ငေးနေ၏။ လယ်ထွန်စက်ဟု ကြည်စိန် ကပြောသော အရာကြီးသည်။ ဖားပြုတ်ပင် "ပေါင်း" ကို ကျော်လွန်သွားကာ အသံမျှသာ သဲ့သဲ့ကြားရတော့သည်။ သို့တိုင်အောင် ကိုဆေးရိုးကတော့ ငေးမျှော်မြဲ ငေးမျှောနေ၏။ သူ့ရှေ့ရှိ မှောင်လဟာအတွင်းဝယ် ငြိမ်ဝပ်နေသည်။ ထိုစဉ်တွင် အုန်းမြဖျောက်ခနဲမြည်အောင် သူ့ပေါင်ကို သူပုတ်လိုက်၏။

"ဟာ သိပြီဟေ့၊ သိပြီ" "ဘာသိတာလဲ လယ်ထွန်စက်ဆိုတာ မြေကြီးတွေကို ဖွဖို့လို့ မဟုတ်လား" ကြည်စိန် က အုန်းမြကို သရော်သည်။ "မင်းဖေကလွှားတဲ့။ ငါက အကောင်းပြောမလို့ဟာကို" အုန်းမြက ဆဲရေး လိုက်သည်တွင် ကြည်စိန်၏ ဟားတိုက်ရယ်မောသံက အမှောင် တွင် ပျံလွှားသွား၏ "ကဲကွာ ကဲကွာ၊ သိလို့ပြောမှာဖြင့်လည်း ကောင်းကောင်းပြောစမ်းကွာ" ကိုဆေးရိုးက သိချင်ဇောဖြင့် ၀င်ရောက်ဖျန်ဖြေပြီး အုန်းမြထံမှလာမည့်စကားကို နားစွန့်နေ၏။ "ဒီလိုဗျာ၊ ဗိုလ်တဲမှာ စိုက်ပျိုးရေးဆိုင်းဘုတ်တစ်ခုတင်ထားတာ တွေ့တယ်ဗျ။ အရင်က ကျုပ်တို့ဆီမှာ ဘာစိုက်ပျိုးရေးဌာနမှ မရှိဘူးမဟုတ်လား"။ "အေးလေ၊ ဒါတော့လည်း သိတာပေါ့ကွ။ မင်းကို ငါအပြောခိုင်းနေတာက လယ်ထွန်စက်အကြောင်းကွ  ကိုဆေးရိုးက ကြားဖြတ်၍ မာန်သည်။

"ဟုတ်ပါတယ်ဗျာ နားထောင်ပါဦး ဒါနဲ့ကျုပ်က ဗိုလ်တဲက ရဲဘော်တွေကို မေးကြည့်တော့ လယ်ထွန်စက် တစ်လုံးရယ်၊ မြေသြဇာတွေရယ်၊ မျိုးစေ့တွေရယ်ရောက်လာလိမ့်မယ်တဲ့"။
"မြေသြဇာဆိုပါကလားဟ ကြည်စိန်ရ"
ကိုဆေးရိုး က တအံ့တသြအော်မိသည်။ သို့သော် ၀မ်းသာခြင်းကား မဟုတ်။ အဘယ့် ကြောင့်ဆို သော် ရှေးသရော အခါကမူ မြေသြဇာလိုချင်လျှင် ရန်ကုန်အထိဆင်းရကာ ဈေးခေါင်ခိုက်နေသော ကြောင့် ဖြစ်သည်။ "ဟုတ်တယ်ဗျ။ နွေသီးစိုက်ချင်တဲ့သူတွေကို မြေသြဇာနဲ့ မျိုးအလားပေးမယ် တဲ့ဗျ။

"ဟာတယ်ဟုတ်ပါကလား" ကြည်စိန်က ခုန်၍အော်၏။ "အဲဒီနွေသီးစိုက်ချင်တဲ့သူတွေကို တစ်ဧက တစ်ဆယ်နှုန်း နဲ့  အဲဒီစိုက်ပျိုးရေးက အငှားထွန်ပေးမတဲ့ဗျ" ကိုဆေးရိုး တိတ်သွားသည် ထမင်းနှင့် ဟင်းများ ပေကျံနေသော လက်များမှာ လေတိုက်သဖြင့် တင်းရင်းလာသည့်အတွက် လက်ကို တပြွတ်ပြွတ်စုတ်ရင်း အတွေး ၀င်နေ၏။ သို့စဉ် ကြည်စိန်ကပြောသည်။
"ငရုတ်စိုက်ရရင် ကောင်းမယ်ထင်တယ်ကွ" အုန်းမြကလည်း "ဒို့ စပါးနှယ်တာက တလင်းထဲကို ကောက်လှိုင်း ရောက်နေမှတော့ ဘယ်အချိန်မှဘဲ နှယ်နှယ် ဖြစ်နေပြီကွ။  အဲဒါအသာထားပြီး ငါ့ကျင်းလယ် ၂၀စိုက် ကိုပဲကြဲလိုက်ရရင် ဟန်မှာပဲဟေ့"။

"နေစမ်းပါဦးကွာ" ကိုဆေးရိုးက လေးပင်စွာဖြင့် ကြားဖြတ်ပြောလိုက်သည်။ "ထွန်တာစိုက်တာက တော့ ဟုတ်ပါပြီ။ အပင်တွေမအောင်မချင်း အခုရှိနေတဲ့ အစို ကမြဲပါ့မလားကွ" "ဟာဟုတ်သဗျို့" ကြည်စိန်မှာ အရေးကြီးသော အချက်ကို ယခုမှသတိရသဖြင့် အထိတ်တလန့်အော်၏။ သို့သော်" နွေသီး တကယ် လုပ်ကြရင် မြောင်းဘက်ကရေလွှတ်ပေးမတဲ့ဗျ" ဟု အုန်းမြင့်က ထပ်ဆင့်ဖောက်သည်ချလိုက်သောခဏ၌ ကိုဆေးရိုး ၏ အသံသည် တလင်းသိုက်များသို့ပင် ကျယ်လောင်စွာ ပျံဟိန်းသွားလေ၏။ "ဟာ ဟုတ်ပြီဟေ့။ ပဲကြီးတစ်ဧက ပက်ထားသကွ။ ထပ်ပြီးတော့လည်း စိုက်လိုက်ဦးမဟ။ ဟုတ်ပြီ။ ကိုဆေးရိုးသည် သတင်းကောင်း ကို မကျီးဒန်အားပြောကြားရန် တဲကုပ်ဆီသို့ အပြေးလာခဲ့သည်။ မကျီးဒန်သည် တဲပေါက်ဝ ၌ ရပ်၍ ဆေးလိပ်ဖွာနေ၏။

"မကျီးဒန်ရေ ကြားပြီးပြီလားဟေ့" ကျုပ်လာပြီးနားထောင်လို့ ကြားပြီးပါပြီတော်။ ကဲကဲ ပြောစရာ ရှိတာနောက်မှပြော။ ထမင်းစားလိုက်ဦး" အေးအေးဝမ်းသာလိုက်တာဟာ"
 ကိုဆေးရိုး သည် ၀မ်းသာအားရဖြင့် လက်ကိုထပ်၍ဆေးပြီး ထမင်းကို ကုန်းလွေးလိုက်သည်။ စော စောက စားခဲ့ရသော ချဉ်ပေါင်ဖူးအထောင်းနှင့်ဲနွားလျှာကြီးရွက် ဟင်ချိုပင်ဖြစ်ကာ အေးစက်၍ နေပေပြီ။ သို့ရာတွင် အေးစက်နေသော ယခုထမင်း က ပူနွေးနေသော စောစောက ထမင်းဟင်း ထက် ကိုဆေးရိုး၏ခံတွင်း အရသာ ရှိလှပေသတည်း။

စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း
.

3 comments:

Angelhlaing(May everybody be happy and healthy! said...

စာဖတ်ပြိးဗိုက်တောင် ဆာလာသလိုလိုပဲမမ :D
ကောင်းသောနေ့လေးဖြစ်ပါစေမမ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ချဉ်ပေါင်အဖူးထောင်းနဲ့ နွားလျှာကြီးရွက်ဟင်းချို ငရုပ်သီးစပ်စပ်
ဟဲဟဲ လယ်ကိုတောင် သတိရလာပြီ။
နွားလျှာကြီးရွက်တော့ မသိဘူး
ချဉ်ပေါင်ဖူးတော့သိတယ်..
လယ်တောမှာတော့ ဘာဟင်းနဲ့ စားစား မြိန်နေတော့တာပါဘဲ။
ငယ်ဘ၀ကို လွမ်းသွားတယ်..

Anonymous said...

ချဉ်ပေါင်ဖူးထောင်းနဲ့ နွားလျှာကြီးရွက်ဟင်းချို။ စားချင်စရာ။ ဒါပေမယ့် ဒါပဲ အမြဲစားနေရတဲ့ ဘဝတွေအတွက် စိတ်မကောင်းဘူး။ အရသာကောင်းတာမကောင်းတာထား အာဟာရ ပြည့်ပြည့်ဝဝ မရနိုင်ဘူးလေ။