Tuesday, February 22, 2011

လေအဟုန်လျှပ်စီး နဲ့ အမြင့်ခရီး ကို လှမ်းခဲ့တယ် အပိုင်း (၃၄)

ဆရာဘက်လက်ဆင်း က ကျွန်တော့်ကို အဲဒီလို အားပေးပါတယ်။ နောက်ဆုံးမှာ ကျွန်တော့်ကို ကူညီ နေတဲ့ အဖွဲ့က ကျွန်တော့်မိသားစုအတွက်ပါ ထောက်ပံ့လာကြပါတယ်။ အဲဒါနဲ့ ကျွန်တော်တို့ အိမ် တစ်အိမ်လုံး သွပ်မိုး ဖြစ်သွားပါတယ်။ အမျိုးတွေကိုလည်း ကူညီနိုင်ခဲ့ပါတယ်။ မြက်ဖျာပေါ်မှာ အိပ်ရတဲ့ ကျွန်တော့် ညီမ တွေလည်း မွေ့ရာနဲ့အိပ်နိုင်ကြပါပြီ။ သန့်ရှင်းတဲ့သောက်ရေရဖို့အတွက် အဖုံးပါတဲ့ ရေပုံးတွေ ကျွန်တော် ၀ယ်ပေး နိုင်ပါပြီ။

ဆောင်းတွင်းအတွက် စောင်တွေ ၀ယ်ပြီး ပေးနိုင် ပြီး မိုးတွင်းအတွက် ခြင်ထောင်နဲ့ ငှက်ဖျားဆေးတွေ ၀ယ်ပေး နိုင်ခဲ့ပါပြီ။ တစ်အိမ်သားလုံးကို ဆရာဝန်နဲ့ ဆေးစစ်ခိုင်းပါတယ်။ သွားဆေးခန်းကိုလည်း အားလုံးကို ခေါ်သွားတယ်။ (သွား ဆရာဝန်ဆီ ကျွန်တော် တစ်ခါမှ မရောက်ဖူးပါဘူး။ ခုမှ စစ်ကြည့်ဖူးတာပါ။ တော်ပါ သေးရဲ့၊ သွား တစ်ချောင်းမှာပဲ အပေါက်တွေ့တယ်)
နောက်ဆုံးမှာ ကျွန်တော့်ကို တောက်လျှောက် ကူညီခဲ့တဲ့ ဂီးလ်ဘတ်ကိုလည်း ကျွန်တော် ကျေးဇူး ဆပ်နိုင်ခဲ့ ပါတယ်။

သူ့အဖေဆုံးပြီး မကြာခင် ဂီလ်းဘတ် ကျောင်းထွက်လိုက်ရတယ်။ ကျွန်တော် ရထားတဲ့ ထောက်ပံ့ကြေးက အလျှံပယ် ဖြစ်နေတော့ သူ့ကို ကျွန်တော် ကျောင်းပြန်ထားနိုင်ခဲ့တယ်။ သရောကြီးခိုင်းလို့ ကျောင်းထွက် လိုက်ရ တဲ့ ဂျက်ဖရီနဲ့ တခြားဝမ်းကွဲတွေကိုလည်း ကျောင်းပြန် တတ်နိုင်အောင် ကျွန်တော် စီစဉ် ပေးနိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာ နှစ်ရှည်လများ ကျွန်တော် စိတ်ကူးယဉ်ခဲ့တဲ့ ပေနက်အ၀ီစိတွင်းတစ်တွင်းကို အောင်အောင် မြင်မြင် တူးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ မိသားစုအတွက် အကောင်းဆုံးသောက်သုံးရေ ရရှိခဲ့ပါပြီ။ ရေတွင်းကနေ ရေငင်ရတဲ့ ၀ဋ်ကျွတ်သွားတဲ့အခါ အမေက ပြောရှာတယ်။ "ငါတစ်နေ့ နှစ်နာရီ လောက် အချိန်ပိုထွက်လာ တယ်" တဲ့။

နေရောင်ခြည်သုံး ရေစုပ်စက်ကလေးနဲ့ လီတာ ၅၀၀၀ ဆန့် ရေကန် ၂ကန်ထဲကို ရေမောင်းတင်နိုင်ခဲ့ပြီ။ အဖေ့ စိုက်ကွင်းထဲအထိ ပိုက်လိုင်းသွယ်ပြီး ရေပို့နိုင်ခဲ့လို့ အဖေ့ ပြောင်းခင်း ဟာ အမြဲလိုလို စိမ်းစိုနေပြီး နှစ်သီးစား ပြောင်းခင်း ဖြစ်နေပါပြီ။ ဂျုံနဲ့ ပြောင်းဆန် လှောင်တဲ့ကျီဟာ အမြဲပြည့်လျှံနေတော့မှာပါ။ တွင်းထိပ် နဲ့ ရေထိန်းဘားနဲ့ အလိုအလျောက်  ရေလွှတ်နိုင်တာ ဒီနယ် တစ်ဝိုက်မှာ ကျွန်တော်တို့ တစ်အိမ်ပဲ ရှိပါတယ်။ ၀င်ဘီတစ်ရွာလုံးက အိမ်ရှင်မတွေ အိမ်မှာ သောက်ရေသုံးရေ လာယူကြပါတယ်။ တစ်ပြားမှ မယူ ပါဘူး။

ABCCA ကျောင်းပိတ်ရက်တွေမှာ ဧရာမလေရဟတ်ကြီးတစ်ခု ထပ်ဆောက်ပြီး အ၀ီစိတွင်းရေကို အလျှံပယ် ထပ်စုပ်နိုင်လို့ အမေ့စိုက်ခင်းလည်း စိမ်းသထက်စိမ်း၊ စိုသထက်စို နေပါပြီ။ ဟင်းနုနယ် တွေ၊ မုန်လာဥ တွေ၊ ခရမ်းချဉ်နဲ့ အာလူးတွေ အလျံပယ်စားရပြီး ဈေးကိုလည်း အမို့အမောက် တင်ရောင်း နိုင်နေပါပြီ။ ကျွန်တော့်အိမ်မက်တွေ အကောင်အထည် ဖြစ်လာတယ်လို့ပဲ ပြောပါရစေ တော့။
ကျွန်တော့် ရဲ့  မိသားစုဟာ လေရဟတ်ကြောင့် သူတို့ဘ၀အထွေထွေ ပြောင်းလဲသွားတော့ ဘုရား သခင် ပေးတဲ့ ဆုလာဘ်လို့ သဘောထားနေကြတယ်။ ကျွန်တော့်ကို နာမည်အသစ်ပေးကြတယ်။ ကျွန်တော်က နောဧ တဲ့။ ကျမ်းစာထဲက နောဧလေ။

ဧရာမလှေကြီးဆောက်ပြီး သူ့မိသားစုနဲ့ သူသတ္တ၀ါအပေါင်းကို ဘုရားသခင်ရဲ့ ရေလွှမ်းမိုမှုကနေ ကယ်တင် လိုက် တဲ့ နောဧပေါ့။
"အစကတော့ ကျွန်မသားလေးကို အရူးတဲ့။ ခုတော့ နောဧ ဖြစ်သွားပြီ။ မိသားစုကို ကယ်ဘေးဆိုး ကြီးကနေ ကယ်တဲ့ နောဧလေ" လို့ အမေက ပြောပါတယ်။ အဖေကတော့ "မင်းဟာ တို့ရွာကို မြေပုံပေါ်မှာ တင်ပေး လိုက်တာပဲ။ ခုတော့ တစ်ကမ္ဘာလုံးက ၀င်ဘီကို သိသွားကြပြီလေ" လို့ ကျွန်တော့်ကို ချီးမွမ်းပါတယ်။

၂၀၀၇ခုနှစ် ဒီဇင်ဘာလ ခရစ္စမတ်ပွဲတော်ရက်မှာ တွမ်ရှိရာ အမေရိကန် ပြည်ထောင်စုကို ကျွန်တော် ခရီး ထွက်ခဲ့ပါတယ်။ ကယ်လီဖိုးနီးယား တောင်ပိုင်းက လေရဟတ်တွေကို ကြည့်ချင်လို့ပါ။ ဗီဇာကို ခဲရာခက်ဆစ် ယူရပါတယ်။ ကျွန်တော်တို့ အာဖရိကတိုက်သားတွေဖို့ ဥရောပနဲ့ အမေရိကန်ကို သွားဖို့ မလွယ်ပါဘူး။ နယူးယောက်ကို အနွေးထည်ပါးပါးလေး တစ်ထည်ပဲ ပါလာပါတယ်။ ဒါပေမဲ့ လေယာဉ်ကွင်းထဲမှာ ချွေးပြန်စ ရာအဖြစ် နဲ့ ကြုံရပါတယ်။ လေယဉ်ကွင်း ကောင်တာတစ်ခုမှာ ရပ်နေတဲ့ တာဝန်ကျ အမျိုးသမီးက ကျွန်တော့်ကို လှမ်းပြောပါတယ်။ ကျွန်တော်ပစ္စည်းအားလုံး ပျောက်သွားတယ်တဲ့။

'တို့မင်းကို အကြောင်းကြားမယ်လေ' လို့ သူပြောတော့ ကျွန်တော်နားမလည်နိုင်အောင် ဖြစ်သွားပါတယ်။ ကျွန်တော့် မှာ တယ်လီဖုန်းမှ မရှိတာ။ လေယာဉ်ကွင်းကနေ တက္ကစီနဲ့ ထွက်လာတော့ မိုးထိ တိုက်ကြီး တွေကို ကျွန်တော်မော့ကြည့်လိုက်လာမိတယ်။ စာအုပ်တွေထဲမှာ ဖတ်ဖူးတဲ့အတိုင်းပါပဲ။ ငါးလမ်းသွား ကားလမ်းမကြီးတွေက ချောမွတ်ပြောင်လက်လို့။ အောက်မှ ရေမရှိတဲ့ တံတားအစင်းစင်းကို ဖြတ်ခဲ့ပါတယ်။

ဒါလောက် မြင့်မားမတ်စောက်ပြီး ဒါလောက်ထုထည် ခိုင်ခံ့တဲ့ အဆောက်အအုံတွေကို သူတို့  ဘယ်လိုများ ဆောက်ကြပါလိမ့်။ အဲဒီလို မင်ဟတ်တန် မိုးထိတိုက်ကြီးတွေရဲ့ အခန်းတစ်ခန်းမှာ တွမ်နေတာတဲ့။ လိပ်စာကြည့်လိုက် တော့သူအခန်း ၃၆ထပ်မှာ။ ဘုရား၊ ဘုရား။ ကျွန်တော်ဘယ်လိုများ တက်ရမှာပါလိမ့်။ လူတစ်ယောက် က ဓာတ်လှေကားရှိရာကို ညွှန်ပေးပါတယ်။ လက်စသတ်တော့ ခလုတ်တစ်ချက် နှိပ်လိုက်ရုံ နဲ့ ၁၀စက္ကန့်အတွင်း ၃၆ထပ်ကို ကျွန်တော်ရောက်သွားပါလေရော။ ကျွန်တော့်ခေါင်းထဲ မှာ မေးခွန်းတွေ ပြည့်ကြပ်ေ နပါတော့တယ်။

အခန်းထဲရောက်တော့ ကြမ်းခင်းကနေ မျက်နှာကြက်အထိ မြင့်တဲ့ပြတင်းပေါက်တွေကို ကျွန်တော် တအံ့တသြ ငေးကြည့်နေမိတယ်။ အဲဒီနေ့မတိုင်မီ ကျွန်တော် အမြင့်ဆုံး ရောက်ဖူးတာက ကျွန်တော့်ရဲ့ လေရဟတ် မျှော်စင် အပေါ်ဆုံး ဆင့်အထိပါ။ အင်း ကာလဒေသသပရောဂနဲ့ အထာကျအောင် တော်တော် လုပ်ယူ ရမှာပါကလား။ အဲဒီညက ဆိုဖာခုံရှည်ကြီးတစ်လုံးပေါ်မှာ အိပ်ရတာ ကျွန်တော့်အတွက် တစ်မျိုးကြီး ဖြစ်နေတယ်။

တွမ်က အဲဒီရက်သတ္တပတ်အတွင်း အရမ်းအလုပ်များနေလို့ သူ့သူငယ်ချင်းတွေက ကျွန်တော့်ကို မြို့ထဲ လိုက်ပြကြတယ်။ သူတို့က ကျွန်တော့်ကို ဘယ်လို ကျေးဇုးတင်ရမှန်းတောင် မသိတော့ပါဘူး။
နောက်တစ်နေ့မှာ တွမ်ရဲ့နောက်သူငယ်ချင်း မိန်းကလေး တစ်ယောက်ရောက်လာတယ်။ သူက နာမည်ကျော်ကခြေသည် မော်နီကာဂျေးလက် ဖြစ်ပါတယ်။ သူက ကျွန်တော့်ကို လာခေါ်ပြီး မင်ဟက်တန် တစ်ဝိုက်က ကြည့်စရာရှိတဲ့ နေရာတွေကို လိုက်ပြတယ်။ မြေအောက်ဘူတာတွေမှာ ဂိတ်အ၀င်အထွက်ကို ကဒ်ပြား လေးတွေ ထိုးလိုက်ထုတ်လိုက်နဲ့ ၀င်ထွက်သွားလာနေတဲ့ လူတွေကို ကျွန်တော် ငေးကြည့် နေမိတယ်။

ဘယ်လောက်ကောင်းတဲ့ စိတ်ကူးလဲ၊ ကျွန်တော်တို့က မြေအောက်လိုဏ်ခေါင်းထဲမှာ၊ ကျွန်တော်တို့ ခေါင်းပေါ် မှာ ဧရာမ မိုးထိတိုက်ကြီးတွေ။ ပြိုကျမလာတာကို ကျွန်တော် အံသြမဆုံး ဖြစ်နေတယ်။ နယူးယောက် လူသားလမ်းတွေပေါ်မှာ လူတွေ ပျားပန်းခတ် လှုပ်ရှားသွားလာနေတယ်။ နယူးယောက်မှာ တွေ့ရတဲ့ လူတွေ အားလုံးပဲ အပြေးအလွှား အလုပ်လုပ်နေကြတယ် သတထားမိတယ်။ သူတို့မှာ လက်ဖက်ရည် ဆိုင်ထိုင်ဖို့ ကော်ဖီထိုင်သောက်ဖို့ အချိန်ရှိဟန်မတူဘူး။

လမ်းလျှောက်ရင်း၊ အီးမေးလ်ပို့ရင်း စက္ကူခွက်နဲ့ ကော်ဖီသောက်ကြတာ သတိထားမိတယ်။
ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ ဧရာမကရိန်းကြီးတွေက သံမဏိဘောင်ကြီးတွေကို မိုးနဲ့ထိုလုမတတ် မရွှေ့ နေတာတွေကို ကျွန်တော် ငေးနေမိပါတယ်။ ဒီလိုနဲ့ လပိုင်းနှစ်ပိုင်းအတွင်း တိမ်ထဲထိုးထွက်နေတဲ့ ဒီလို မိုးထိ တိုက်ကြီးတွေ ဖြစ်ပေါ်လာတာပါ။ မာလာဝီမှာတော့ လွတ်လပ်ရေးရတာ နှစ်ပေါင်း လေးဆယ် ကျော်ပါပြီ။ ခုထက်ထိ ရွာတွေမှာ နိုင်ငံတော်ရေ မရောက်သေးပါဘူး။ လျှစ်စစ်မီးဆိုတာတော့ ဝေလာဝေး။ ဒီအတိုင်း ဆိုရင် ကမ္ဘာကြီးနောက်ကို သူများနဲ့ တန်းတူလိုက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး ထင်ပါရဲ့။ ကျွန်တော် တို့ ဘိုးဘွားတွေလိုပဲ ဆင်းဆင်းရဲရဲနဲ့ အငတ်ငတ် အပြတ်ပြတ်ဖြစ်ပြီး သေနေကြရဦးမယ် ထင် ပါရဲ့။

ကျွန်တော့်ကို အနွေးထည်တွေ နောက်ထပ်လာပို့ပေးသူကတော့ အင်ဒရီယာဘာသယ်လို ဖြစ်ပါတယ်။ သူနဲ့ကျွန်တော် TED ညီလာခံမှာ ဆုံခဲ့တာပါ။ သူ့အမျိုးသားက ဘီလ်ရစ်ချီ။ လင်မယားနှစ်ယောက် Think fun ဆိုတဲ့ ကုမ္ပဏီလေးတစ်ခု ထောင်ထားကြတယ်။ သူတို့သား ဆင်က ကျွန်တော်နဲ့ ရွယ်တူ။ နောက်တစ်နေ့ မှာ သူတို့သားအမိ ကျွန်တော့်ကို လာခေါ်ပြီး မင်ဟက်တန် ကျွန်းကို ပို့ပေးကြတယ်။ ဒီတစ်ခါ ရဟတ်ယာဉ် နဲ့ သွားကြတာ။ မြို့ကြီးကို အပေါ်စီးက မြင်ရတော့ တစ်မျိုး ရင်ခုန်ရပြန်ပါတယ်။ လေဘာတီ ကျေက်ရုပ်ကြီး ကို တရိပ်ရိပ်ဖြတ် ကျော်ခဲ့ပြီး အင်ပါယာပြည်နယ် အဆောက်အအုံကြီးကိုလည်း အပေါ်စီးက ငုံ့ကြည့်ခဲ့ ရပါတယ်။ မြစ်ထဲက ရေယာဉ်ပျံလေးတွေကတော့ အဖြူရောင် စွပ်ကြောင်းလေးတွေရှေ့မှာ စုန်ဆန် ပြေး လွှားနေကြတယ်။
အဲဒီ ရက်သတ္တပတ်နောက်ဆုံးနေ့မှာ ကျွန်တော်နဲ့တွမ် ကနက်တီးကပ်ကို ကားနဲ့ထွက်ခဲ့ကြပါတယ်။

ဆက်ရန်
.

2 comments:

Angelhlaing(May everybody be happy and healthy! said...

မမရေ...အခန်းဆက်လေးတွေကို စောင့်မျှော်နေပါတယ်လို့...အားပေးသွားလျှက် ညီမလေး။ကောင်းသောနေ့လေးဖြစ်ပါစေမမ။Angelhlaing

ချော(အစိမ်းရောင်လွင်ပြင်) said...

ခရီးသွားနေလို့ အဆက်ပြတ်သွားတယ်
ဒီညတော့ အကြွေးလာဆပ်ပြီး အပြတ်ဖတ်သွားတယ် အစ်မတို့ရေ။
နေကောင်းကျန်းမာ လန်းဖြာကြတယ် ဟုတ်
ပျော်ရွှင်အဆင်ပြေကြပါစေနော်