Wednesday, February 23, 2011

မဝင်းမြင့် ၏ ပဏ္ဍုသေလာ အပိုင်း (၁၂)

အခန်း (၃)

နောက်တစ်နေ့ဆိုလျှင် ခွင့်ရက်စေ့ပြီဖြစ်၍ မောင်တင်ဦး အလုပ်သွားရတော့မည်ဖြစ်၏။ အိမ်စောင့်သူ မရှိ တော့ပြီဖြစ်၍ မောင်တင်ဦးက အိမ်တံခါးများကို စေ့စပ်သေချာစွာ စစ်ဆေးကြည့်ရှုပြီး ပြင်သင့်သည်ကို ပြင် သည်။ လုံးဝ ဖွင့်မရအောင် သံဖြင့် အသေပိတ်သင့်သည့်တံခါးကို ပိတ်သည်။ အိမ်တွင်း ပစ္စည်းများကို သေသပ်စွာ သိမ်းဆည်းသည်။ တယောက်တည်း သွက်လက်စွာ လုပ်ကိုင်နေရာ အပြင်ခန်းတွေမှာ အားလုံး နေရာ တကျ ဖြစ်သွား၏။ မိဘနှစ်ပါးအိပ်သော အိမ်ခန်းကိုသာ ပြုပြင်သိမ်းဆည်းရန် ကျန်တော့၏။

မောင်တင်ဦးက ထိုအခန်းထဲဝင်လာသည်။ မိခင်၏ ပစ္စည်းများ သိမ်းဆည်းရန် မလိုတော့ချေ။ သိမ်းထားခဲ့ သည်မှာ ငါးနှစ်ပင်ကျော်ခဲ့ပြီ။ ဘခင်၏ အသုံးအဆောင် အင်္ကျီလုံချည်လေးများကိုသာ သိမ်းဆည်းရမည်ဖြစ် ၏။
" အဖေ တပိုင်းတစ ပြောခဲ့တဲ့ အတ္ထုပ္ပတ္တိနဲ့ မေဂျာဝှိုက် အတွေ့အကြုံဟာ ဆက်စပ်မှုရှိတယ်ထင်တယ်၊ အဖေကလည်း ဆုံအောင် ပြောမသွားနိုင်ဘူး။ ငါကလည်း မေးဘို့ အချိန်မရလိုက်ဖူး၊ ရေးမှတ်ထားတာ ကလေး များ ကျန်ရစ်ခဲ့မလား မသိဘူး။

မောင်တင်ဦးက သိမ်းရင်းဆည်းရင်း တွေး၏။ ဖခင်၏ အ၀တ်ထည့်ရာ ရှေးဟောင်းပုံစံ ကျွန်းသေတ္တာကြီးထဲ မှ ရွှေတို ရွှေစ ငွေကြေးထည့်ရန် ပြုလုပ်ထားသည့် အံဝှက်ကို ဖွင့်ကြည့်လိုက်သည်။ ရှေးဟောင်းငွေဒင်္ဂါး အနည်းငယ်၊ အမေရှိစဉ် ၀တ်ခဲ့သော လက်ဝတ်လက်စား၊ ရွှေသုံးလေးကျပ်သားလောက် နှင့် ဒိုင်ယာယီ စာအုပ်ဟောင်းကလေးကိုသာ တွေ့ရသည်။ မောင်တင်ဦးက စာအုပ်ဟောင်းကလေးကို အဆောတလျှင် ကောက်ယူ လိုက်ရာ အဖုံး နှင့် စာရွက်တွေမှာ တပိုင်းတစစီပြုတ်ထွက်ပြန့်ကျဲ သွားလေသည်။ မောင်တင်ဦး သည် စုတ်သပ်ကာ စာရွက်ကလေးတွေကို လိုက်ကောက်၏။ စာရွက်ကလေးတွေကား အကိုင်မခံ နိုင်အောင်ပင် ဆွေးရိနေသည်။ မောင်တင်ဦးက သေချာစွာ စစ်ဆေးကြည့်၏။

စာရွက်တွေ ဆေါးရိ သည်မှာ နှစ်ပရိစ္ဆေဒ ကြာညောင်းသည့်အတွက် ဆွေးရိခြင်းမျိုးမဟုတ်ဘဲ စာအုပ်ကလေးတအုပ် လုံး ရေထဲမှာ ကြာရှည်ထားခံရ၍ ရေနူးပြီး ရိနေသည်ကို ပြန်လည် အခြောက်ခံသည့် သဘော လက္ခဏာမျိုး ဖြင့် ရိနေခြင်းဖြစ်သည်ဟု မောင်တင်ဦးယူဆ၏။ ထိုယူဆချက် မှန်ကန်ကြောင်း ကလည်း အထင်အရှား သက်သေပြနေသည်။ စာရွက်ပေါ်တွင် ရေးမှတ်ထားသော စာလုံးတွေမှာ လုံးဝ မရှိတော့ဘဲ ခပ်ပြာပြာ မှေး မှိန်သော အရောင်သည်သာ မညီမညာ ငါးကြေးကွက်လို ပြန့်ကျဲနေသည်ဖြစ်ရာ ရေစိမ် ထားသည့်အတွက် စာလုံးတွေပျက်၊ မင်အရည်ပျော်ပြီး စွန်းထင်းကျန်ခဲ့သည့် အကွက်တွေသာ ဖြစ်ကြောင်း ထင်ထင်ရှားရှားပင် သိနိုင်ပေသည်။

မောင်တင်ဦးသည် ပြင်းပြစွာ သိလိုသောဆန္ဒ၊ မချိတင်ကဲစိတ်ဖြင့် စာရွက်ကလေးတွေကို တရွက်ချင်း သေ သေချာချာ စေ့စပ်စွာကြည့်၏။ စာလုံးအရာထင် ကျန်ရစ်လျှင် ကြိုးစားတတ်ကြည့်ခြင်းဖြင့် အစုံအလင် မဟုတ်စေကာမူ တစွန်းတစ လောက်တော့ သိရပေလိမ့်မည်ဟု မြှော်လင့်သည်။ သို့သော် တရွက်မှ စာလုံး မထင် ၍ စိတ်ပျက်စွာ လက်လျှော့တော့မည့် ဆဲဆဲဝယ် ပူးကပ်နေသော စာရွက်နှစ်ရွက်ကို အလင်းရောင် မှာ ထောင်ကြည့်လိုက်သောအခါ ကြိုးစားတတ်လျှင် ရနိုင်ကောင်းသော စာလုံးအရာများ ထင်ကျန်ရစ် သည် ကို တွေ့ရ၏။
မောင်တင်ဦးသည် အားတက်ဝမ်းမြောက်စွာဖြင့် စိတ်ရှည်ရှည်ထားပြီး ကပ်နေသော စာရွက်နှစ်ရွက်ကိုခွာ သည်။ အချိန်အတော်ကြာကြာ ခွာယူမှ စာရွက်ကလေး နှစ်ရွက်က ကွာသွား၏။ ထင်ကန်ရစ်သော လက် ရေးစာလုံး နေရာများကို စိတ်ဝင်စားစွာဖြင့် ကြိုးစားဖတ်ရှုသောအခါ ဤသို့ အဓိပ္ပါယ် ပေါ်လာသည်။

" တောင်ထိပ်ပေါ်မှာ ရောင်ခြည်တော် ကွန့်မြူးနေသော ရွှေဆင်းတုတော်ကို ဖူးရသည်မှာ တောက်ပလွန်း၍ မျက်စေ့ မဖွင့် ...
ဤမျှသာ ဘတ်၍ရနိုင်သော်လည်း မောင်တင်ဦးသည် အသေအချာ သိလိုက်ရလေပြီ။ မေဂျာဝှိုက်ရူး၍ ပြော ခြင်းမဟုတ်ဘဲ၊ မယုံနိုင်အောင် ထူးဆန်းအံ့သြဖွယ် အဖြစ်များသည် အမှန်တကယ်ဖြစ်ကြောင်း၊ ထိုနေရာ ဒေသသည် အမှန်တကယ်ရှိကြောင်း စဉ်းစားမိသောအခါ မောင်တင်ဦးများစွာ စိတ်ဝင်စားမိ၏။

မေဂျာဝှိုက် ရောက်ခဲ့သော နေရာသို့ သူ့အဖေ ဦးအောင်ရောက်မည်မှာ အမှနိဖြစ်ပေလိမ့်မည်။ မေဂျာဝှိုက်ကဲ့သို့ပင် သူ့ အဖေသည်လည်း ဆင်းတုတော်ကို အနီးကပ် ဖူးတွေ့ခဲ့ရလေသလား မေဂျာဝှိုက်၏ စစ်သားများ ထူးဆန်း စွာ ပျောက်ကွယ်သည်။ အဖေနှင့် အတူပါသော ဂျပန်လေးယောက်ကား မည်သို့ ဖြစ်သွား သနည်း။ အဖေ သည် ဤထူးဆန်းသည့်နေရာမှ မည်ကဲ့သို့သောနည်းဖြင့် တပ်မတော်သို့ ပြန်လည် ရောက်ရှိ ပါသနည်း။ ဤ ဒိုင်ယာရီ စာအုပ်ကလေးမည်သည့်အတွက် ရေစိုပျက်စီးခဲ့ရသနည်း။ နှစ်ပေါင်း အစိတ် ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်၍ ဤနေရာ ဤဒေသသည် တည်ရှိနေသေးသလား ရွေ့လျော ပျောက်ကွယ် သွားလေပြီလား။

မောင်တင်ဦးသည် စိတ်ဝင်စားစွာ တွေးရင်း အလွန်ပင် ကြည်ညိုဖွယ် ကောင်းမည်ဖြစ်သော ရွှေဆင်းတု တော်ကြီး ကို မျက်စိထဲမှာ မြင်ယောင်လာသည်။
" နက်ဖန်ရုံးရောက်ရင် အန်ကယ်နဲ့ ကိုတင်အုံးကို ပြောပြရမယ်"
မောင်တင်ဦးက တကိုယ်တည်း ပြောရင်းရှင်းလင်းသိမ်းဆည်းဖွယ်ရှိသည်ကို လျင်လျင် မြန်မြန်ပင် လက်စ သတ် နေလိုက်လေသည်။

ဘခင် မကျန်းမမာ ဖြစ်သည့်နေ့မှစ၍ ခွင့်ရက်ရှည်ယူထားခဲ့သော မောင်တင်ဦးသည် ခွင့်စေ့၍ ရုံးပြန်တက် သည့် နေ့တိုင် ပျက်ကွက်ခဲ့သောရက်မှာ လ၀က်တိတိ ဆယ့်ငါးရက်တိုင် အောင်ပင်ဖြစ်သည်။ ရုံးခန်း နှင့် ဆယ့်ငါးရက် တိုင် ကင်းကွာခဲ့သော မောင်တင်ဦးသည် သူ့အလုပ်စားပွဲကို ရှာမတွေ့ဘဲ ဖြစ်နေသောအခါ တော်တော်ပင် အံ့အားသင့်သွား၏။ သူအလုပ်ပျက်သည်မှာ ရက်ရှည်နေ၍ စားပွဲကို သိမ်းထားလေသလား ဟုတွေးမိ၏။ ထိုအခါ နောက်ကျောဘက်မှ လူတယောက် အရိပ်ကို မြင်သဖြင့် လှည့်ကြည့်လိုက်၏။

" ဟော ကိုတင်ဦးပါလား ခင်ဗျား ရုံးတက်ဖို့ လာတာလား"
သူ့နောက် ရောက်နေသူမှာ မောင်တင်အုံးဖြစ်သည်။ မောင်တင်အုံးက ၀မ်းသာဟန်ဖြင့် သူ့ပုခုံးဘက်ပြီးပြော ၏။
" ခင်ဗျား အဖေကိစ္စ ဖြစ်ချိန်က မလာရတာ ခွင့်လွှတ်ပါ ကိုတင်ဦး"
ထိုအခါ မှ ရုံးအလုပ်စားပွဲ ပျောက်နေ၍ စဉ်းစားမရဖြစ်နေသော မောင်တင်ဦးက စကားပြန်ပြောသည်။

" ကိစ္စမရှိပါဘူး ကိုတင်အုံး အန်ကယ်လ် ရော နေကောင်းတယ်နော်"
" အော်-ဒက်ဒီပြန်သွားပြီလေ၊ ခင်ဗျားမသိဘူးလား"
မောင်တင်အုံးကဖြေ၏။
"မသိဘူး ကျွန်တော့်အဖေ ကိစ္စကြောင့် ရုံးမတက်နိုင်တာ နှစ်ပတ်တိတိဘဲ ဒီနေ့မှလာတာ ကျွန်တော် စားပွဲပျောက်လို့ ရှာနေခိုက် ခင်ဗျား ရောက်လာတာဘဲ၊ ------- လောက်ကြာကြာ နေမလဲ ကိုတင်အုံး အိမ် သား တွေပါ အားလုံးပါသွားပြီလား"
မောင်တင်ဦးက သူသိချင်သည်များကို မေးလိုက်၏။

" အော် ... ခင်ဗျား တကယ့်ကို ဘာမှ မသိသေးဘူးနော် "
မောင်တင်အုံးက ကြင်နာသော မျက်လုံးဖြင့် ကြည့်ပြီးပြောသည်။
" ဘာတွေများ ဖြစ်ကုန်လလို့လဲဗျာ ကျွန်တော် ဘာမှမသိတာ အမှန်ဘဲ"
မောင်တင်ဦးက အံ့အားသင့်ဟန်ဖြင့် မေး၏။

" ဒီမှာ ကိုတင်ဦး ကျွန်တော့် အဖေ အတွင်းဝန်ကြီး က ခင်ဗျားကို အလုပ်ခန့်တဲ့အချိန်က ခင်ဗျားတို့ တိုင်းရင်း သား အစိုးရ အမှုထမ်းများလို အမြဲတမ်းခန့်မယ်လို့ ငှားတာမဟုတ်ကြောင်း၊ အလုပ်ကိစ္စ ပြီးစီးလို့ မလို အပ် တော့ဘူး ဆိုရင် ခင်ဗျားအနေနဲ့ အခြားအလုပ်တစ်ခုကို ရှာဖွေ ကူးပြောင်းနိုင်ကြောင်း ပြောခဲ့တာ မှတ်မိလား ကိုတင်ဦး"
" မှတ်မိပါတယ် "
မောင်တင်ဦးက အဖြေပေးသည်နှင့်အတူ ရင်ထဲမှာ ပူလာသည်။ သူ့ရုံးအလုပ်စားပွဲက မရှိတော့ပြီကို ပြန်တွေး လိုက်၏။

" အားတော့နာပါတယ်ဗျာ၊ ကျွန်တော့် အဖေက ခင်ဗျားအတွက် ဆုအဖြစ် ငွေတစ်ထောင်ပေးထားခဲ့ပြီး ပြန် သွားပြီလေ၊ ပြန်စရာအကြောင်း ပေါ်လို့ အပြီးပြန်သွားတယ်။ ခင်ဗျား စားပွဲပျောက်တာ ဘယ်တော့မှ ပြန် တွေ့မှာ မဟုတ်ဘူး၊ မရှာပါနဲ့တော့ ------------------ လိုဆယ်တန်းမျှအောင်သူ တယောက် အဘို့ ရခဲလှ သော တလသုံးရာဝင်ငွေရှိသည့် အလုပ်တခု လက်လွတ်ဆုံးရှုံးရသည့်အတွက် လွန်စွာ နှမြောမိသည်။ သို့ သော် စိတ်ကို တင်းထားနိုင်သည့် အတွက် မျက်နှာပျက်ခြင်း အသံတုန်ခြင်းကား မဖြစ်ပေ၊ အေးဆေးသော အသံမှန် ဖြင့်ပင် ပြန်မေး၏။
" ခင်ဗျားက ဘာ့ကြောင့် နေရစ်ခဲ့တာလည်း ကိုတင်အုံး"
မောင်တင်အုံး က ပြုံးရယ်လျက်ဖြေ၏။

" မေဂျာဝှိုက်တွေ့လာခဲ့တဲ့ ထူးဆန်းသော ကမ္ဘာလေးနဲ့ အံ့သြစရာကောင်းတဲ့ ဗုဒ္ဓရုပ်တုကိုရှာချင်တယ်လေ။ ဒါကြောင့်နေခဲ့တာ"
" ဘယ်လိုသဘောလဲ ရတနာသိုက်လိုက်မယ့် စိတ်ကူးလား"
မောင်တင်ဦးက မေးသည်။
" ကျွန်တော်က သူများ ကိုးကွယ်ရာကို ဖျက်ဆီးလိုတဲ့ စိတ်မရှိပါဘူး။ ကျွန်တော် စာရေးဝါသနာပါတာ ခင်ဗျား သိတယ်ဟုတ်လား၊ ထူးဆန်းအံ့သြစရာ အတ္ထုပ္ပတ္တိတခု တိမ်မြုပ်နေတယ်လို့ ယူဆမိတယ်။ ဒါကို အသေအချာလေ့လာစူးစမ်းပြီး ကမ္ဘာသိအောင် ရေးချင်တယ်လေ။ ----- နေရာကို အရောက်သွားပြီး လေ့လာ နိုင်မယ်ဆိုရင် ---------- ရဲ့ ပျောက်သွားတဲ့ စစ်သားတွေ ဘယ်လိုအဖြစ်မျိုး ----------- သွားတယ် ဆိုတာပါ သိခွင့်ရမယ်လို့ ယုံကြည်တယ်"

မော်တင်အုံးက စကားရပ်ပြီး -----   လိုနားနေလိုက်၏။ မောင်တင်ဦးကမူ ငြိမ်သက်နေသည်။
မောင်တင်အုံးက ဆက်ပြောသည်။ ----------
" မေဂျာဝှိုက်တို့ကို လေယာဉ်နဲ့ ----------- ယာဉ်မှူးတွေထဲက ဒက်ဒီနဲ့ ခင်တဲ့ လေယာဉ်မှူးကြီးဆီက သဲလွန်စ ရလိုက်သေးတယ်ဗျ"
" ဘယ်လိုသဲလွန်စမျိုးလဲ"

" သူတို့လေယာဉ်ပျံကို သစ်ပင်ထူတဲ့ နေရာဆို သစ်ပင်လွတ်ရုံ၊ တောင်ရှိတဲ့ နေရာဆို တောင်ထိပ် လွတ်ရုံ၊ တခါတလေ တောင်ကိုပတ်လို့ ရရင် ခါးလယ်လောက်က ပတ်ပြီး နိမ့်နိမ့်ဝဲ ကြည့်ကြတယ်တဲ့၊ အဲဒီမှာ တောင်တွေဆိုင်နေတဲ့ တောင်ကြားတခုထဲမှာ ရွာလိုလို လူနေအိမ်ခြေလိုလိုတွေ့ရတယ်တဲ့၊ သူတို့က သံသယ ဖြစ်လို့ အဲဒီနေရာကို နောက်တခါ ပြန်ကြည့်တော့ အဆောက်အဦးကြီးတခုထဲက ၀င်းဝင်းပြောင် ပြောင် အရောင်တွေဟာ မျက်စိ ကျိန်းလောက်အောင် တောက်ပ နေတယ်တဲ့။

လေယာဉ်ပျံ ဆင်းမရတဲ့ ကပ်သီးကပ်သပ် တောင်ကြားထဲဖြစ်နေတာတကြောင်း၊ နောက်တကြိမ် ပြန် ကြည့်တော့ တောင်ခိုးတွေ မြူဆိုင်းမှောင်ပြီး ဘာမှ မမြင်ရ ဖြစ်ပြန်ရောတဲ့၊ ဒီတော့ ဒီနေရာဟာ မေဂျာဝှိုက် ရောက်ခဲ့တဲ့ နေရာဘဲ ဖြစ်ရ မယ်လို့ ကျွန်တော့် စိတ်ထဲ အသေအချာယုံကြည်တယ်။ ဒါကြောင့် ရောက်အောင် သွားမယ်။ ထူးဆန်းအံ့သြစရာကို မှတ်တမ်းရေးမယ်။ ကမ္ဘာကို တင်ပြမယ်။ အဲဒီ ရည်ရွယ်ချက် ကြောင့် ဒက်ဒီနဲ့ မလိုက်ဘဲ  နေခဲ့တာ"
မောင်တင်အုံးက စကားအဆုံးသတ်လိုက်သည်။
မောင်တင်ဦး က တိတ်ဆိတ်မြဲပင်။
" ကျွန်တော်ကို ခင်ဗျား အယုံအကြည်မရှိဘူးလား ဟု မောင်တင်အုန်းက မေး၏။

" ရှိပါတယ်ဗျာ၊  ကျွန်တော်ကလဲပြောလို့ သင့်မလားမသင့်လား စဉ်းစားနေတာ"
" ဘာများလဲဗျာ၊ ဒီနေရာနဲ့ ပတ်သက်ပြီး ခင်ဗျားသိထားတာများရှိနေသလား ရှိရင်ပြောစမ်းပါ"
မောင်တင်အုံးက စိတ်အားထက်သန်စွာမေးသည်။
မောင်တင်ဦးသည် အနည်းငယ်တွေနေပြီးမှ ပြောပြလိုက်သည်။
"အဲဒီနေရာကို ကျွန်တော့်အဖေ ကိုယ်တိုင် ရောက်ခဲ့ဘူးတယ် "
မောင်တင်ဦး စကားမဆုံးမီ ...
" ဟုတ်လား၊ တကယ်ဘဲရှိတယ်တဲ့လား၊ ဘာတွေတွေ့ခဲ့ရလဲဟင်" ဟု မောင်တင်အုံးသည် အသက်ပင် မရှူနိုင်ဘဲ မေးလိုက်၏။
" ကျွန်တော့် အဖေကလဲ ဖက်ဆစ်ဂျပန်ကို တော်လှန်တိုက်ထုတ်တဲ့ မျိုးချစ် ဗမာ့တပ်မတော်က အရာရှိ တယောက်ပါဘဲ ကိုတင်အုံး၊ အဖေက ဒီအကြောင်း တော်တော်နှုတ်လုံစွာနဲ့ မျိုးသိပ်ထားခဲ့တယ်။ ကျွန်တော်လဲ မသိဘူး။ အဖေမဆုံးခင် တလလောက်ကမှ ... "
မောင်တင်ဦးက ဤသု့ အစချီကာ -------- ဦးအောင် ပြောသွားသော တပိုင်းတစ အတ္ထုပ္ပတ္တိနှင့် ဆွေးမြေ့နေသော ဒိုင်ယာရီ စာရွက်မှ ကြိုးစား ဖတ်ယူရသော အကြောင်းကို စုံစုံလင်လင် ပြောပြပြီး " မေဂျာဝှိုက် ပြောခဲ့တဲ့ တောင်ထိပ် က တောက်ပတဲ့ အလင်းရောင်ကြီးဆိုတာ အဖေဖူးတွေ့ ဘူးတဲ့ ရုပ်ပွား တော် ဘဲ ဖြစ်မယ်လို့ ကျွန်တော် ယူဆတယ် ကိုတင်အုံး "
ဟု စကားအဆုံးသတ်လိုက်၏။
မောင်တင်အုံးသည် မောင်တင်ဦး၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီးပြော၏။

" စိတ်ထဲမှာ မချင့်မရဲ ဖြစ်လိုက်တာဗျာ၊ ခင်ဗျား အဖေကို နှိုးလို့ ရရင်နှိုးပြီး စုံစုံစေ့စေ့ မေးချင်တယ်။ ခင်ဗျား ကလဲ အတော်နေနိုင်တဲ့ လူဘဲ၊ အစအဆုံးများသိရအောင် မေးထားပါတော့တဲ့ဗျာ "
မောင်တင်အုံးက မချင့်မရဲပြော၏။
" ကျွန်တော်လဲ သိချင်တာနဲ့ မေးမယ်လို့ ရည်ရွယ်ချက်တော့ရှိတယ်။ ဒါပေမဲ့ ကျွန်တော့် ဘ၀လဲ ခင်ဗျား သိသားဘဲ၊ ခင်ဗျား ကျွန်တော့် အိမ်အလည်လာစဉ်က မြင်တယ်ဟုတ်လား ချက်ရေး ပြုတ်ရေး၊ ဖွပ်လျှော်ရေး၊ သန့်ရှင်းရေး၊ ပြုစုရေးတွေနဲ့ မအားနိုင်အောင် ဖြစ်နေတာ မေးဘို့အချိန်ကို မရလိုက်ဘူး ကိုတင်အုံးရဲ့ "
" အင်း - ဒါတော့ဟုတ်ပါတယ်၊ ခင်ဗျားကို အပြစ်တင်စရာ မရှိပါဘူး "

နှစ်ယောက်သား  စကားပြတ်ဆိတ်ငြိမ်နေကြသည်။ ထို့နောက် မောင်တင်အုံးက စပြော၏။
" ခင်ဗျားမှာလည်း အိမ်သားတယောက်မှ မရှိတော့ပါဘူး ကိုတင်ဦး ကျတော်တို့ သူငယ်ချင်း နှစ်ယောက် စွန့်စားရအောင် တိမ်မြုပ်နေတဲ့ ဒီအတ္ထုပ္ပတ္တိကို ဖော်နိုင်ရင် ခင်ဗျား ရော ကျွန်တော်ရော နာမည်ကျော် မှာပါ။

မောင်တင်ဦးမှာ ချစ်သူကြည်ကြည်နွဲ့၏ သံယောဇဉ် ရစ်ပတ်နေသည်ကို မသိရှာသော မောင်တင်အုံးက စိတ်အားထက်သန်စွာ အဖော်ညှိ၏။
" ကျွန်တော် စဉ်းစားအုံးမယ် ကိုတင်အုံး"
" ခင်ဗျားက ဘယ်လောက်ကြာကြာ စဉ်းစားမှာလဲ"
မောင်တင်အုံးက မေးရာ မောင်တင်ဦးသည် အဖြေမပေးဘဲ မျက်နှာခပ်ပြုံးပြုံးလုပ်နေသည်။

" ခင်ဗျား ရည်းစားရှိနေပြီထင်တယ်"
မောင်တင်အုံးကမေး၏။ မောင်တင်ဦးက မဖြေ၊ ပြုံးမြဲတိုင်းပြုံးနေသည်။ မောင်တင်အုံးက ဆက်ပြော၏။
" ခင်ဗျားကို ကျွန်တော် ညီအကိုရင်းလို သိပ်ခင်တယ်ဆိုတာ ခင်ဗျားသိတယ်မဟုတ်လား၊ သွားမယ်ဆိုလဲ အဖော်ခင်ဗျားဘဲ ပါစေချင်တယ်။ ခင်ဗျား စဉ်းစားလေ၊ ကျွန်တော် သွားရာမှာ လိုအပ်တဲ့ပစ္စည်းလေးတွေ ပြင်ဆင်ရအုံးမယ်ဆိုတော့ ဧပြီဆယ့်သုံးရက်နေ့မှာ ခင်ဗျားအိမ်ကို ကျွန်တော် လာခဲ့မယ်၊ အဲဒီနေ့မှာ ခင်ဗျား အတိအကျ အဖြေပေးပေါ့ ကိုတင်ဦးရာ"
" ကောင်းပြီလေ၊ ကဲ ... ကျွန်တော် ပြန်အုံးမယ်"
" ခင်ဗျားအတွက် ဒက်ဒီပေးထားခဲ့တဲ့ ငွေတထောင်ယူသွားအုံးဗျ"

တလသုံးရာ ၀င်ငွေရှိသော အလုပ်တခု ပြုတ်သွားပြီဖြစ်၍ သင့်လျော်ရာ အလုပ်တခုကို မောင်တင်ဦး ရှာရ ပေအုံးမည်။ ဘွဲ့ရပြီး သူတွေပင် တနေ့ငါးကျပ်စား အလုပ်ကို ရရန် အလွန့်အလွန် ခဲယဉ်းလှသော ဤ အချိန်ကြီးမျာ ဆယ်တန်းဆျွ အောင်သော မောင်တင်ဦးအဘို့ ကြည်ကြည်နွဲ့လို တနေ့ သုံးကျပ်ဆယ့်ငါးပြား ရမည့် အလုပ်ကိုပင် ရအောင် အလွန့်အလွန် ကြိုးစားရပေအုံးမည်။ မောင်တင်ဦးသည် ရှေ့ နေထိုင်ရေးကို တွေးရင်း ကြည်ကြည်နွဲ့ နှင့် တိုင်ပင် ရမည်ဟုစိတ်ကူးလိုက်၏။

ထို့ကြောင့် နောက်တနေ့ ကြည်ကြည်နွဲ့ နှင့် သူ ဆုံနေကျ ကားမှတ်တိုင်ရှိရာသို့ စောစောပင်သွားပြီး ကြည်ကြည်နွဲ့အလာကို စောင့်နေလိုက်သည်။ ကြည်ကြည်နွဲ့ ရောက်လာသောအခါ မောင်တင်ဦးက အမူအရာ မပျက် ခပ်အေးအေး လေသံဖြင့်ပင် ပြော၏။
" နွဲ့ .... ဒီနေ့ အလုပ်မဆင်းပါနဲ့လား၊ ကိုဦးအိမ်မှာ အေးအေးဆေးဆေး ရှေ့နေရေးထိုင်ရေး တိုင်ပင်ကြရ အောင်"
ကြည်ကြည်နွဲ့က အံ့အားသင့်ဟန်ပေါ်သွားသည်။
"ဟိုတခါ ကိုဦးနဲ့ နွဲ့တို့သဘောတူ တိုင်ပင်ထားပြီးသား အစီအစဉ်ရှိနေပြီလေ၊ ကိုဦးက မေ့သွားပြီလား"
ကြည်ကြည်နွဲ့ က ပြန်ပြော၏။

" အခုအခြေအနေက တမျိုးပြောင်းသွားပြီနွဲ့ရဲ့၊ ဒါကြောင့် အစီအစဉ်ကလဲ တမျိုးပြောင်းမှ ဖြစ်တော့ မယ် လေ"
" ကိုဦး ဒီနေ့ ခွင့်ယူထားသလား၊ ရုံးမတက် နိုင်အောင် အရေးကြီးနေသလား ကိုဦးရယ်"
" အင်းလေ  ကိုတို့ ရှေ့ရေးအတွက်တော့ အရေးကြီးတာပေါ့နွဲ့ရယ်၊ နွဲ့ကို အိမ်ခေါ်တာ တိုင်ပင်ချင်တာ သက်သက် ပါဘဲ၊ နွဲ့ကို လက်ဖျားနဲ့မှ မထိပါဘူး ကိုယ်သစ္စာ ရှိတယ်ဆိုတာ ယုံစမ်းပါ"
" ဒါအတွက် သံသယမရှိပါဘူးယုံပါတယ်။ တိုင်ပင်ပြီးသာ အစီအစဉ်ရှိပြီးသား ဖြစ်ရက်နဲ့ အခုလို အရေး တကြီး တိုင်ပင်ချင်ပြန်ပြီဆိုတော့ နွဲ့က နားမလည်နိုင်အောင် ဖြစ်လို့ပါ"
" ကဲပါလေ အိမ်ရောက်လို့ တိုင်ပင်စကားပြောရင် နားလည်လာမှာပေါ့၊ နွဲ့ ဒီနေ့ အလုပ်မဆင်းဘဲ လိုက်နိုင် မယ် မဟုတ်လား"

" လိုက်မှာ ပေါ့ ကိုဦး အရေးကြီးတယ်ဆိုတာကိုး"
ကြည်ကြည်နွဲ့က သဘောတူလိုက်သောအခါ သူတို့နှစ်ယောက် မောင်တင်ဦးအိမ်ရှိရာ လျှောက်လာခဲ့ကြ သည်။
မောင်တင်ဦးက သော့ပိတ်ထားသော အိမ်ရှေ့တံခါးကို ဖွင့်ပြီး ဧည့်ခန်းပြတင်းပေါက်တွေပါ ဖွင့်လိုက်သော အခါ အိမ်ထဲမှာ လင်းသွားသည်။
" လာ - နွဲ့ရေ .. ထိုင် "

ဧည့်ခန်းအ၀င် တံခါးမကြီးအနားမှာ မောင်တင်ဦးက သင်ဖြူးဖျာချောကလေးတချပ် ခင်းပေး၏။ တံခါးမကြီး မှာ ဖွင့်ထားသဖြင့် ထိုနေရာမှ အလင်းရောင် ကောင်းစွာရပြီး လေအေးက တဖြူးဖြူး ၀င်နေသည်ဖြစ်၍ အိုက်စပ် ပူလောင်ခြင်းမရှိချေ။ အိမ်ရှေ့ မျက်နှာစာတွင် ဖြစ်သောကြောင့် သူတို့ နှစ်ယောက်ကို လမ်းသွား လမ်းလာ တို့က ကောင်းစွာ မြင်နိုင်သည်။ ဤသို့ လူမြင်သူမြင်နေရာမှာ ဣနြေ္ဒသိက္ခာရှိရှိ ထိုင်ပြီး စကား ပြော နေသော သူတို့နှစ်ယောက်ကို မြင်သူက ကဲ့ရဲ့မှုမရှိနိုင်ဟု မောင်တင်ဦးကတွက်ပြီး ဤနေရာမှာ ဖျာခင်း ပေးခြင်းဖြစ်သည်။ ကြည်ကြည်နွဲ့က လမ်းဘက်ကို ဘေးတိုက်ပြုပြီး ကြုံ့ကြုံ့ယုံ့ယုံ့သေသပ်စွာ ထိုင်လိုက် သည်။ မောင်တင်ဦးက ကြည်ကြည်နွဲ့နှင့် မျက်နှာချင်းဆိုင် လက်တကမ်းအကွာမှာထိုင်သည်။

ဆက်ရန်
.

2 comments:

Angelhlaing(May everybody be happy and healthy! said...

မမရေ...အခန်းဆက်လေးတွေမို့ စောင့်မျှော်အားပေးလျှက်ပါမမရေ။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။

Anonymous said...

Please keep going.
Thank you