Friday, October 29, 2010

မြစိမ်းပြာ ကမာရွတ် အပိုင်း (၁၉)

နို့မို့ဆို ရှေးဟောင်း နေရှင်နယ်ရေဒီယိုကြီးကိုပဲ အန်တီခင်လေးက ပြင်ပြီး ဖွင့်နေဦးမှာ။ ခုတော့လဲ အဲဒီရေဒီ ယိုကြီး ကပြင်လို့လဲမရတော့ပါဘူး။ အ၀တ်နဲ့ သေချာထုပ်ပြီး သေတ္တာထဲမှာ တရိုတသေ သိမ်းထားလိုက်ပြီ။
" နေပါဦးမွန်၊ ဟိုကျောင်းဆရာမယူသွားတဲ့ ပါတိတ်က ထိုင်းလား၊ အမ်အာအက်စ်လား "
" အမ်အာအက်စ် လေ၊ တစ်ထည် ငါးရာ့ငါးဆယ်နဲ့ ပေးတာ "

အန်တီခင်လေးက ထုံးစံအတိုင်း တစ်ချက် တစ်ချက်မေးတာကို မယဉ်မွန်ကဖြေလိုက်ပြီးရင် အခန်းကပြန်ပြီး ငြိမ်သက်သွား ပြန်တယ်။
ဒါပေမယ့် ဒီညအဖို့မှာတော့ အန်တီခင်လေးတို့ တူဝရီးမှာ ပြောစရာစကားရနေတယ်။
အန်တီခင်လေး က သူ့မျက်မှန်ကို ချွတ်လိုက်တယ်။

" အန်တီမေရီဆိုတဲ့ မိန်းမကြီးကတော့ တကယ့် မိန်းမကြီးနော်၊ တော်တော်လဲ စပ်စုနိုင်တယ်အေ "
" သြော် ... ကြီးမေကလဲ၊ မနက်ပိုင်း သူသွားစရာအလုပ်မရှိရင် တိုက်ပေါ်က ဆင်းလာသမျှ လူအကုန် လိုက်ကြည့်နေတာပဲဟာ၊ ညနေဆိုလဲ အဲလိုပဲ၊ ဘာဝယ်လာလဲ၊ ဘာချက်မှာလဲ၊ ဘယ်လောက်ဈေး လဲနဲ့၊ စိတ်ပျက်ဖို့ ကောင်းတယ်၊ ဆန်နီလေးကတော့ ခင်ဖို့ကောင်းပါတယ်၊ သနားစရားလေး"

အေး.... ဟုတ်တယ်၊ ဆန်နိလေးက တော်ပါတယ် ကြီးမေတို့တစ်ခါ မီးချောင်းပျက်တာ သူပဲလာပြင်ပေးရှာ တာနော် "
 " ကြီးမေက မေရီဂျိန်းအကြောင်း ရှင်းမပြခဲ့တော့ သူ မကျေမနပ်ဖြစ်နေခဲ့မှာပါ "
" အေးပေါ့၊ ဘယ်ပြောလို့ဖြစ်မလဲ၊ မေရီဂျိန်းဆိုတာ နတ်ကနားစီးပါ၊ နတ်ကတော်ပါလို့များ သိလိုက်လို့ ကတော့ စပ်စုလို့ကို ဆုံးမှာမဟုတ်ဘူး၊ တို့သွားမယ့်နောက် လိုက်တောင် ကြည့်ဦးမယ် "
" တော်သေး တယ်နော် ကြီးမေ၊ နတ်ပွဲက ဥပုသ်နေ့နဲ့ တိုက်လို့၊ ပုဇွန်တောင်ဘက်ဟုတ်လား "
" အေး ... ဟုတ်တယ်၊ နက်ဖြန်ကျ ကျပ်တန်ဘဏ်ထုပ်... ဈေးထဲလိုက်လဲရဦးမယ်၊ အိမ်မှာ ငါးကျပ်တန် တစ်ထုပ်"
" ဒါဆို ... နက်ဖြန်ည ကြီးမေ သရက်သီးသနပ်လုပ်ဦးလေ ဥပုသ်နေ့ကျ လုပ်အားမှာမဟုတ်ဘူး "

" အေး ... အေး ... ဟုတ်တယ် "
နတ်ပွဲသွားဖို့အရေးမှာ တူဝရီးနှစ်ယောက် စိတ်တူသဘောတူရှိနေတုန်း သံဆွဲတံခါးခေါက်သံ ပေးလာတယ်။
အန်တီခင်လေး က သူ့အကျင့်အတိုင်း လန့်သွားပြီး ရင်ဘတ်ဖိလိုက်တယ်။ ဒီလိုအချိန် ဧည့်သည်မှ မလာ တတ်တာ။ ဘယ်သူများပါလိမ့်။
မယဉ်မွန်က ထိုင်ရာက ထလိုက်တယ်။
" ဟဲ့ ... မွန် ... ရမ်းမဖွင့်နဲ့လေ၊ အချိန်မတော်ကြီး အနုကြမ်းဖြစ်နေဦးမယ် "
" ဟာ ... ကြီးမေကလဲ၊ အစောကြီး ရှိပါသေးတယ်၊ ဈေးကတစ်ယောက်ယောက်ဖြစ်မျာပေါ့ "

အန်တီခင်လေး နည်းနည်းအကြောက်ပြေသွားပုံရတယ်။ ရင်ဘတ်ဖိထားတဲ့လက်ကို ပြန်ချလိုက်တယ်။
" ကဲ ... ဖွင့် ... ဖွင့်၊ ညည်းတို့ ဘာမှမသိဘူးနော်၊ ကိုယ်က မိန်းမသားချည်းနေရတာ၊ ကြောက်နိုင်မှတော်ရုံကျတာ "
အန်တီခင်လေး ညည်းညူနေဆဲမှာ မယဉ်မွန် တံခါးဖွင့်လိုက်တယ်။ သစ်သားတံခါး၊ ပြီးတော့ သော့ခတ် ထား တဲ့ သံဆွဲတံခါးကို ဖွင့်ပေးလိုက်တော့ ...
" သြော် ... "

မယဉ်မွန်အံ့သြသွားသလို သြော် ... လိုက်ပြီးမှ ဈေးသည် မျက်နှာလေးကို တပ်ဆင်လိုက်တယ်။
ဘယ်သူရမှာလဲ။ အောက်လွှာကလူလေ။ မျက်မှန်နဲ့ပြုံးဖြဲဖြဲ၊ ကွမ်းစားစားလူပေါ့။ တစ်ခါမှလဲ စကား မပြောဖူးဘူး။
" လာလေ ... ၀င်ပါ "
ဘာပဲဖြစ်ဖြစ် အိမ်နီးချင်းလေ၊ ခေါ်ရမှာပေါ့။ တစ်ခုပဲ ကိုယ်က အိမ်နေရင်း ဖြစ်သလိုဝတ်ထားမိတော့ နည်းနည်း ရှက်တယ်။
" ဟဲ့ ဟဲ့ စားပြီးကြပြီလား ခင်ဗျ "

ကွမ်းစားစားလူက နှုတ်သွက်လျှာထွက်နဲ့ နှုတ်ဆက်လိုက်ရင်း အခန်းထဲ လှမ်းဝင်လိုက်တယ်။
 " နေဦး၊ နေဦး၊ မောင်ဟိုသင်း၊ မင်း ခြေထောက်တွေ သုတ်လိုက်ဦး "
ကြီးမေတို့ ကတော့ လုပ်တော့မယ်။ သူ့ကြမ်းကို သူက အရိပ်ကြည့်နေတာလေ။ အားလဲမနာဘူး၊ ဟိုလူကလဲ ရေချိုးရာကထ၊ လာတာလား၊ ခြေထောက်မှာ ရေတွေစိုလို့။
" ဆောရီး၊ ဆောရီး အန်တီ၊ ကျွန်တောကချက်ရင်းပြုတ်ရင်း မီးဖိုကလာလို့၊ ဟဲ...ဟဲ၊ ကျွန်တော့် နာမည် ၀င်းအောင် ပါ၊ အောက်လွှာကလေ "
" သြော် ... ဟုတ်ကဲ့၊ လူတော့ မြင်ဖူးနေပါတယ် "

" ဒါနဲ့ ... အန်တီ ငရုတ်သီးစမ်းလေးများရှိရင် ကျွန်တော့် နည်းနည်းပေးစမ်းပါ ၊ ရှိလား "
" ရှင် .... "
" ငရုတ်သီးစိမ်းလေ၊ အသေးရှိရှိ၊ အကြီးရှိရှိရတယ်၊ ကျွန်တော် ငါးပိထောင်းချင်လို့၊ အိမ်မှာ ကုန်နေလို့ခင်ဗျ၊ ကျွန်တော် လိုက်တောင်းတာ အခန်းစေ့ နေပြီ။ ဟဲ ... ဟဲ ဒီအခန်းမှာတော့ ရကောင်းပါရဲ့ "
" သြော် ... အင်းအင်း၊ နည်းနည်းတော့ရှိတယ် ထင်တယ်၊ မွန်ယူပေးလိုက်ပါကွယ် "
" ဟာ ... ဟန်ကျပြီ "

အပျိုကြီးလေးက မိးဖိုခန်းဘက်ထွက်သွားတဲ့ အချိန်မှာ အပျိုကြီးကြီးက ကိုဝင်းအောင်ကို အံ့သြစရာ သတ္တ၀ါ တစ်ကောင်ကို ကြည့်သလို ကြည့်နေတယ်။
ကိုဝင်းအောင် မျက်စိထဲမှာတော့ တဖိတ်ဖိတ် အရောင်လက်နေတဲ့ ကြမ်းပြင်အသစ်နဲ့ စိမ်းပြာနုရောင် တိုက်နံရံ အသစ်ရဲ့ ကြားမှာ မလိုက်ဖက်စွာ တည်ရှိနေတဲ့ ပရိဘောဂ အဟောင်းအမြင်းတွေလိုပဲ အဘွားကြီး ကို ကြည့်ရတာရှေးဟောင်းပစ္စည်းကြီး တစ်ခုနဲ့ တူနေတယ်။

ချိန်သီးရပ်နေတဲ့ နံရံပေါ်က နာရီအိုကြီးနဲ့လဲ အဘွားကြီးက ဆင်တယ်။ ဟဲ ... ဟဲ ငရုတ်သီးစိမ်းယူပြီး ထွက်လာတဲ့အပျိုဟိုင်း အဘွားကြီးလေးကတော့ ဧည့်ခန်းကတစ်ခုတည်းသော ခေတ်ပစ္စည်းဖြစ်တဲ့ ရှိုးကေ့စ် မှန်ဗီရိုလေးနဲ့တူတယ်။
" ကျေးဇူးပဲခင်ဗျ၊ ကျေးဇူးပဲ၊ ကျွန်တော်က စားချင်ပြီဆို အဲလိုပဲ ဟဲ ... ဟဲ၊ စားပြီးကြပြီလား၊ ငါးပိထောင်း စားကြ မလား၊ မပြီးသေးရင် ကျွန်တော်လာပို့မယ်လေ "
" အို အန်တီ တို့ ပြီးပါပြီ၊ ကျေးဇူးတင်ပါတယ် "

" ဟဲ့ ဟဲ့ ကျွန်တော့် လက်ရာလေး မမြည်းရတော့ဘူးပေါ့၊ သွားမယ်ခင်ဗျ"
" ဟုတ်ကဲ့၊ ဟုတ်ကဲ့ "
မယဉ်မါန်က တံခါးပြန်ပိတ်မလို့ရှိသေး၊ ဘယ်အချိန်ထွက်သွားလိုက်မှန်းမသိတဲ့ ဖိုးကဲတို့အော်သံကို တိုက် လှေကား ဆီကနေ ကြားလိုက်ရတယ်။
" အဲ ကြီးမေ၊ ဖိုးကဲတို့အောက်ရောက်သွားပြီ၊ ဘယ်တုန်းကထွက်လိုက်တယ်မသိဘူး "

" ခေါ်စမ်း၊ ခေါ်စမ်း၊ ဟိုအောက်မှာ ၀ဲစားနေတဲ့ ကြောင်မတစ်ကောင် ညနေကမြင်ခဲ့တယ်။ အဲဒါ ၀ဲတွေ ကူးလာမှာ "
" ဟာ အန်တီကလဲ၊ သူများ ချစ်ခြင်းကို မခွင်းနဲ့လေ၊ ဟဲ ဟဲ ကြောင်မှာလဲ အသည်းနဲ့ပဲခင်ဗျ၊ အန်တီ မကြား ဖူးဘူးလား၊ ၀ဋ်လိုက်တတ်တယ်၊ မောင်မောင်သတိထား ဆိုတာလေ ဟဲ ဟဲ"
အပျိုကြီးနှစ်ယောက် ကြောင်ကို တမြည်မြည်ခေါ်ရင်းက တိုက်လှေကား တစ်ဆစ်ချိုးကွေ့ ကနေ လှမ်းအော်တဲ့ ကိုဝင်းအောင်ကို မျက်စောင်းပြိုင်တူထိုးလိုက်ကြတယ်။
ကိုဝင်းအောင်ကတော့ တဟားဟား အော်ရယ်ရင်း သူ့အောက်လွှာတံခါးကို ခေါက်လိုက်တယ်။
----------------------------


" မယ်အေးရေ ကိုကို့အချစ်ကလေး၊ ငရုတ်သီးစိမ်းရခဲ့ပြီ မင်းစားချင်တဲ့ ငါးပိထောင်း စားရပြီ "
တ့ခါးဖွင့် ပေးတဲ့မယ်အေးကိုမြင်တာနဲ့ ကိုဝင်းအောင်က အော်လိုက်တယ်။ ၀ရန်တာမှာထိုင်နေကြတဲ့ ယောက်ဖ ကြင်စဦး မောင်နှံက ပြုံးကြတယ်။ မယ်အေးက မျက်စောင်းထိုးပြီး လက်မောင်းဆွဲလိမ်တယ်။
" ဘယ်လို ဖြစ်နေတာလဲ၊ တိုးတိုး ပြောစမ်းပါ ဖိုးအောင်ရယ်၊ ငရုတ်သီးစိမ်းရှာပုံတော်ဖွင့်သွားတာ ကြာလှပြီ၊ ဒီမှာဆာလှပြီ"

" စားမယ်လေ၊ လာပြီလေ၊ အချစ်ကလေး ဆာနေပြီဆိုတာ ဖိုးအောင်သိတာပေါ့"
" သွားစမ်းပါ၊ ငါးပိထောင်းလဲကျုပ်ဖြင့်စားချင်တယ်လို့ မပြောမိပေါင် "
" အို မပြောပေမယ့် မင်း စားချင်နေတာ ဖိုးအောင်သိတာပေါ့၊ သိနေတယ်လေ "
တီဗွီ ရှေ့မှာ ရောက်နေကြတဲ့ သမီးနှစ်ယောက်က ဖအေကို မြင်တာနဲ့ ထ ပြေးလာကြတယ်။ အငယ်ကောင် ကတော့ ဘွားအေရင်ခွင်ကနေ တီဗွီကြော်ငြာတွေကို မျက်တောင်မခတ်၊ နည်းနည်းလေးမှ မလှုပ်ဘဲ ကြည့်နေတယ်။

" ဖေကြီး၊ ဖေကြီး ကြောင်လေးတွေ အော်သံကြားတယ်၊ အပေါ်ထပ်ကလားဟင် "
" သမီးတို့ဖို့ မဖမ်းခဲ့ဘူးလားလို့ "
" မဖမ်းခဲ့ပါဘူး၊ ကြောင်လေးတွေက ငယ်သေးတယ် သမီးတို့ရ "
" ဟာ ငယ်ငယ်လေးတွေမှ သမီးတို့က ချစ်တာ "
" ငယ်တာ မကောင်းဘူး သမီးရ။ စားရတာ ချွဲတယ်၊ လေးဆယ်သားငါးဆယ်သားကောင် မှ စားလို့ ကောင်းတာ
" ဟာ ဖေကြီးကလဲ "

ရုတ်တရက် နားမလည်ဘဲ နားထောင်နေကြတဲ့ သမီးနှစ်ကောင်က ဖအေကို ၀ိုင်းထုကြတယ်။
" ဖိုးအောင်ကလဲနော်၊ ကလေးတွေကို ပေါက်ကရတွေ မပြောစမ်းပါနဲ့ဆိုတာ ပြောလို့ကို မရဘူး "
" ဟ ... မှန်တာ ပြောတာပဲကွ၊ ကြောင်သားဆီပြန် သိပ်စားလို့ ကောင်းတာ၊ မဆလာနံ့လေး တသင်းသင်းနဲ့ ဟို အပျိုကြီး တွေဆီ စားကောင်းမယ့် တစ်ကောင်လောက် ငါတောင်းခဲ့ဦးမလို့၊ သူတို့မှာ အများကြီးပဲ "

" ဖိုးအောင်နော် ... မလုပ်နဲ့၊ သူများက အမြတ်တနိုးချစ်နေတာကို၊ အိမ်နီးချင်းတွေ မကောင်းဘဲ ဖြစ်ကုန်မယ် "
" အိုကွာ...၊ သူတို့လဲ ဟင်းတစ်ခွက်ပေးမှာပေါ့၊ အဲဒါမှ လျှာလည်ပြီး တစ်နေ့ကို တစ်ကောင်၊ တစ်ကောင်... "
" တော်စမ်း ပါ၊ ဒီငရုတ်သိးက သူတို့ဆီက ရလာတာလား "
" ဟုတ်တယ်၊ ငါအခန်းစေ့ လျှောက်တောင်းတာ၊ ဟိုဘက်ခန်းကလဲ မရဘူး၊ အောက်က အန်တီ ဘိုကြက်ချေး ဆီကလဲမရဘူး၊ ဟို အချစ်နှင့် သူဒ ပါပါအခန်းကလဲ မရှိဘူးတဲ့"
" ဘယ် ... အချစ်နှင့်သူ၏ ပါပါလဲ "

" ဟို ... အပေါ်ဆုံးထပ် အလွှာကလေကွာ၊ အသက်ကြီးကြီးဆရာနဲ့ သူ့မိန်းမ ငယ်ငယ်လေးလေ... ဟဲဟဲ၊ အချစ် နှင့် သူ၏ ပါပါလေ "
" ဖိုးအောင်နော်၊ လျှောက်ပြောမနေနဲ့၊ ကြားသွားရင် အားနာစရာ "
" လျှောက်မပြောပါဘူး၊မတ်တတ်ရပ်နေတာပါ၊ ပေး ... ပေး ... ငါးပိကင်ပြီးသားပေး "
" ရော့ ... ရော့၊ မြန်မြန်ထောင်း၊ အမေလဲ ဆာနေပြီ "
" အေးပါ၊ ရပါတယ် ယောက္ခမကြီးက၊ ပိုင်ပါတယ် "

" အာသွက်ခယံ တော်တော် ဖြစ်နေနော် ဖိုးအောင်၊ အပြင်က ပါလာသေးတယ် မဟုတ်လား "
" မပါ ပါဘူး မိန်းမရယ် ...၊ အာသွက်တာကတော့ ပင်ကို အရည်အချင်းပါ၊ ဟော ဒီမှာ မယုံ နမ်းကြည့် ... ဟား"
" ဖယ်စမ်းပါ .... အာပုပ်စော်နံတယ် "
" ဒီလိုဆို မကြာခင်မှာ ကြာညိုသူရာနံ့ သင်းစေမယ်၊ သွား ကြောင်အိမ်ထဲက ဂျော်နီဝါကား ပုလင်းလေး ယူလိုက် စမ်းပါ "
" အများကြီး မလုပ်နဲ့နော် ဖိုးအောင်၊ မြန်မြန်လဲလုပ် "

" အေးပါ ... အေးပါ မိန်းမရာ၊ ဒါ မင်းယောက်ျား မနက်ကျ စာသင်ကောင်းအောင် ဥာဏ်ရည်လောင်း တာပါကွ "
ကိုဝင်းအောင်က မယ်အေး ယူလာတဲ့ ဂျော်နိဝါကား ပုလင်းထဲက အာမီရမ် (သူ့အခေါ် အာမီဝီစကီ)ကို ဖန်ခွက် ထဲ တူးပက်လောက် ထည့်တယ်။ ပြီးတော့ ရေရောပြီး တစ်ကျိုက်ကျိုက်လိုက်တယ်။ မခူးရသေးတဲ့ ငရုတ်ဆုံ ထဲက ငါးပိထောင်းတစ်တို့ကိုလဲ မြည်းလိုက်တယ်။
" ကောင်း ... ကောင်း၊ သိပ်ကိုကောင်း၊ မယ်အေးထမင်းခူးတော့လေ "
" ဖိုးအောင် က ရပလား "

" ရတာပေါ့ သိပ်ရတာပေါ့ "
ကိုဝင်းအောင်က အရက်ခွက်ကိုကိုင်ရင်း တစ်ကျိုက် ကျိုက်လိုက်၊ ဟိုဟင်း ဒီဟင်း နှိုက်စားလိုက်နဲ့ သူ့ထုံးစံ အတိုင်း ထမင်းခူးခပ်ပြီးတာနဲ့ အရက်ခွက်လဲ ပြောင်ပြီ။
" ဖိုးအောင် ထမင်းအိုး ပလပ်က ဓာတ်လိုက်နေသလိုပဲနော်၊ ညနေ ချက်တုန်းက အ၀တ်နဲ့ ကိုင်ရတယ် "
မင်း ယောက်ျား ရူပဗေဒဆရာ၊ ဘယ်တုန်းက ရိုက်စ်ကွတ်ကာ ပြင်တတ်လို့လဲကွာ၊ နက်ဖြန်ကျ ဆရာကြီး ဆန်နီ ပြလိုက်ပေါ့ "
" အေး ဟုတ်တယ် ဟုတ်တယ်၊ ဆန်နီ့ ခေါ်ရမယ်၊ မီးဖိုကွိုင်လဲ လဲခိုင်းချင်လို့၊ လုပ်ပေးရှာပါတယ် ကောင်လေးက"

" အေးကွာ ဒီကောင် တကယ်ချစ်ဖို့ ကောင်းတဲ့ကောင်၊ ဟိုဘက်ခန်းမှာလဲ မနန်းစိုး၊ မနန်းစံတို့ကို မီးပူ တိုက်ပေး နေတယ်၊ ငါတွေ့ခဲ့တယ် "
" ဘယ်မနန်းစိုး၊ မနန်းစံလဲ "
" ဟိုဘက်ခန်းက အမြွှာ ညီအစ်မကော့လန်ကော့လန်လေး တွေပေါ့ကွ "
" သြော် ... ဟုတ်လား ဆန်နီလေးက သိပ်သဘောကောင်းရှာတာနော်၊ သနားပါတယ် "
" သူ့အမေ အန်တီ ဘိုကြက်ချေးကလဲ စပ်စုတာလေးက လွဲရင် သဘောကောင်းပါတယ်ကွ "
" ဟင်း ... မကောင်းပါဘူး၊ သူက မယ်အေးတို့ဆို အထင်သေးသလို ကြည့်တတ်တယ်၊ တိုက်ခန်းပိုင် မဟုတ် လို့လား မသိဘူး "

" အို ... အဲဒီတော့ ပြောလိုက်ပေါ့ကွာ၊ ကျွန်မတို့က ၀င်ဒါမီယာမှာ ခြံရှိတယ်လို့၊ ဒီမှာ ပျင်းလို့ ခဏလာနေတာလို့ "
" မနောက်စမ်း ပါနဲ့ ဖိုးအောင်ရယ်။ ဒီနေ့ရုံးမှာ မြေကွက်မဲနှိုက်တာ မပေါက်လို့ စိတ်ညစ်နေရတဲ့ထဲ"
" မြေတွေက အကုန်ဗလာတွေချည်း လိပ်ထားတယ်နဲ့ တူတယ်ကွ "
" သွားစမ်းပါ၊ ပေါက်ကရ "
" ယောက္ခမကြီးရေ လာဗျို့၊ မံမံ စားမယ်ဗျို့ "

ကိုဝင်းအောင်က မယ်အေး စကားကို ဖြတ်ပစ်ပြီး ထမင်းကို ကုန်းလွေးတယ်။ သူကိုယ်တိုင် စပါယ်ရှယ် ချက်ထားတဲ့ မုန်ညင်းချဉ်ရည်ရယ်၊ ငါးခေါင်းဟင်းရယ်၊ ငါးပိထောင်းရယ်နဲ့၊ စားလို့ကောင်းလိုက်တဲ့ အမျိုး။
" ယောက္ခမကြီးရော့ ထည့်စား၊ သမက်ကလေး ချက်ထားတာလေးတွေ မကောင်းဘူးလား၊ မကောင်းလဲ ကောင်းတယ် လို့ ပြောနော် သိလား "
" ကောင်းပါတယ် တော်၊ ကောင်းပါတယ် "

ထမင်းဝိုင်းမှာ ထုံးစံအတိုင်း ကိုဝင်းအောင် အသံချည်းပဲ။ ကလေးတွေကကျောင်းက ပြန်ပြန်ချင်း အလျင် ကျွေးရတာဆိုတော့ သူတို့ကိစ္စပြီးပြီ။ ယောက်ဖစုံတွဲကလဲ ထမင်းအစောကြီး စားတတ်တယ်။ စားပြီးတာနဲ့ သူတို့ရဲ့ လွတ်လပ်နယ်မြေ ၀ရန်တာမှာ ချစ်လေညင်းခံ ထွက်ကြပြီ။

ရော့ ပူတူးတူးလေးလဲစား၊ မြေမရတာနဲ့တော့ စိတ်ညစ်ပြီး မစားဘဲ မနေပါနဲ့ မိန်းမရယ်၊ မင်း လုပ်သက်ကလဲ ဘယ်လောက်ရှိသေးလို့တုံး၊ ဆယ့်နှစ်နှစ်နဲ့ လ သမီးရှိသေးတယ်၊ အဲလိုလဲ ဖြေစမ်းပါ၊ တစ်နေ့တော့ ရမှာပေါ့၊ ဒါနဲ့များတော့ စိတ်ညစ်ပြီး ထမင်းစား မပျက်လိုက်ပါနဲ့၊ စလင်းဘော်ဒီဖြစ်ပြီး ဆင်ကိုယ် လိပ်ခါး အစဉ်အလာ လေး ပျက်သွားပါ့မယ်ကွာ "
နောက်ဆုံးတော့ မယ်အေး ဖိုးအောင်ကို အရှုံးပေးပြီး ရယ်လိုက် ရတော့တယ်။ ယောက္ခမကြီးကပါ ထောက်ခံ တယ်။
" အေးဟဲ့၊ အေးအေးလဲ တစ်နေ့တစ်ခြား ၀လာနေတာပဲ "

" ဟုတ်တယ် အမေရယ်။ သမီးဖြင့် စိတ်တောင်ပျက်တယ် "
" အို ဘာပျက်စရာရှိတုံးဗျာ သိပ်ဝတာမှ မဟုတ်တာ၊ ငါထင်တယ်၊ မင်းကို ငါကြည့်နေတာ၊ ရုံးပြန်ရင် ရုံးသွားတုန်းကထက် ပိုဝလာသလိုပဲ"
" သွားစမ်းပါ အဲလောက်ကြီးများသာဆိုရင်တော့ သေရချည်ရဲ့၊ လူကလဲ ဘာအစားကောင်း၊ အသောက် ကောင်းမှလဲ မစားရဘဲနဲ့၊ ဘာလို့ ၀လာတယ် မသိပါဘူး၊တော်ပြီ... ပိန်ဆေးစားတော့မယ် "
" ပိုက်ဆံ မကုန်တဲ့ ပိန်နည်းရှိတယ်၊ တစ်ခါတည်း ချုံးချုံးကျအောင် ပိန်သွားစေရမယ်၊ ဘယ့်နှယ်လဲ မယ်အေး ... ယူမလား "
" ဘယ်မှာလဲ၊ ဘာဆေးလဲ "

ကိုဝင်းအောင် မျက်နှာကပိုပြီး ပြုံးဖြဲဖြဲ ဖြစ်လာပြီး ယောက္ခမကြီး ထမင်းဝိုင်းက ထအသွားကို ခဏစောင့်လိုက် သေးတယ်။ ပြီးတော့မှ မယ်အေးဘက် အသာ ယိုင်လိုက်ပြီး " စမောထားတဲ့နည်းလေ"တဲ့။
မယ်အေးက ကိုဝင်းအောင် လက်မောင်းကို အားရှိသရွေ့ ဆွဲလိမ်ပစ်လိုက်တယ်။ ကိုဝင်းအောင်က တအားအား အော်ရင်း တဟားဟားရယ်တယ်။
" နာတယ်ဟ မယ်အေးရ၊ လွှတ်ဟ၊ ဟိုမှာ ဂြိုလ်တုလာတော့မယ် "

ကိုဝင်းအောင် ထမင်းစားပွဲက ထတယ်။ ရေချိုးခန်းထဲမှာ လက်သွားဆေးတယ်။
" အင်း... ညစာတော့ ပြီးသွားပြန်ပြီ ရှင်မရေ၊ မနက်စာတော့ ကျန်သေးသဟ"
ကိုဝင်းအောင်က သူ့ထုံးစ့အတိုင်း အော်ချင်ရာအော်ရင်း တီဗွီရှေ့သွားထိုင်တယ်။
" ဟဲ့ ... မြတ်နိုး၊ ယုယ၊ သုတဆိုတဲ့ ခွေးကလေးသုံးကောင်အိပ်ချင်ကြသေးဘူးလားဟေ"

သူ့သားသမီးတွေနဲ့ တီဗွီရှေ့မှာ တရုန်းရုန်းလုပ်တော့ မယ်ဆိုတာကို သိတဲ့မယ်အေးက လှမ်းအော်တယ်။
" ဖိုးအောင်၊ မြတ်နိုးနဲ့ ယုယကို စာကျက်ခိုင်းဦး၊ ညနေက အိမ်စာတွေပဲ လုပ်ကြတာ "
" ဟာ ... မေကြီးကလဲ တီဗွီကြည့်ချင်တယ်၊ တီဗွီပြီးမှ စာကျက်မယ်၊ နော် ... ဖေကြီး"
" မရဘူး၊ တီဗွီတောင် မပြီးသေးဘူး၊ နင်တို့ အဲဒီရှေ့မှာ အကုန်အိပ်ပျော်မှာ အခုကျယ်ကြ "
" နေပါစေကွာ၊ ညနေက လုပ်ထားပြီးပြီပဲ၊ ကြည့်ကြ ကြည့်ကြ သမီးတို့ ကြည့်ကြ"

ဆက်ရန်
.

2 comments:

ကိုဇော် said...

တန်းလန်းကြီး ဖြစ်နေပြီ...

နှောင်းအတိတ်ဂန္တ၀င် said...

အခုဘဲ VOA က ထုတ်လွင့်တဲ့ ဘလောက်ဂါ ကိုနားထောင်ပြီး
shwezinu ဘလောက်ကိုဖွင့်ကြည့်လိုက်ပါတယ် ၊
ကောင်းလို့ ကျွန်တော့်ဘလောက်မှာ လင့်ယူထားလိုက်ပါတယ်
ခွင့်ပြုလာပါ နော် ကျေးဇူးတင်ပါတယ်