Tuesday, September 28, 2010

သူတို့အားလုံး ရဲ့အသက် ကျွန်မလက်ထဲမှာ အပိုင်း (၂)

ချောင်ပိတ်အမိခံရခြင်း

ဂျာမန်တပ်မကြီးတွေ ကျွန်မတို့ရာဒမ်ဆီကို ချီတက်လာနေပြီ။ ပိုလန်ုတပ်မတော်သည် ဆုတ်ပြီးရင်း ဆုတ်ပေး နေရသည်။ တပ်မတော်အရာရှိများက ဆရာဝန်၊ ဆရာမတွေကို သူတို့နှင့်အတူ ရှေ့တန်း ထွက် ဖို့ စည်းရုံးတော့ ဘာမှ စဉ်းစားမနေဘဲ ကျွန်မစာရင်းပေးလိုက်သည်။
ဒဏ်ရာရ စစ်သားတွေ အပြည့်တင်လာသည့် သူနာပြုကားပေါ်သို့ ကျွန်မတက်လိုက်သည်။ ကားကို တိုက်ပွဲ ဖြစ်နေသည့် နေရာတွေနှင့်ဝေးရာသို့မောင်းရင်း မောင်းရင်း ဆိုဗီယက်နယ်စပ် လစ်သူအေး နီးယားနယ် ထဲရောက်လာခဲ့ကြသည်။

စစ်တပ်ဂိုဒေါင်ကြီးတစ်လုံး၏ အပြင်ဘက်တွင် ကျွန်မတို့ စခန်းချလိုက်ကြ၏။ ကျွန်မတို့အားလုံး လူ ၂၀၀ ကျော်သည်။
ပင်ပန်း နွမ်းနယ်နေပုံ ရသည့် ဗိုလ်ချုပ်တစ်ယောက် ထွက်လာပြီး ကျွန်မတို့ကို သတင်းအခြေအနေကို ပြောပြသည်။
" ခုပဲ ကြေးနန်းရတယ်၊ ပိုလန်ကို ဆိုဗီယက်နဲ့ ဂျာမန်တွေ တစ်ဝက်စီ ခွဲယူလိုက်ကြပြီတဲ့။

တို့အခု ဆိုဗီယက်မြေပေါ်မှာ မတ်တတ်ရပ်နေကြတာ။ ပိုလန်ဆိုတာ မရှိတော့ဘူး။ ငါတို့မှာ တိုင်းပြည် မရှိတော့ဘူး "
ဝါးအစည်းပြေသွားလေပြီ။ နိုင်သမျှ ပစ္စည်းကို သယ်ပိုးကာ တစ်ယောက်တစ်ပေါက် ဆူညံအော် ဟစ်ကာ သစ်တောထဲသို့ လူတွေသွားနေကြ၏။ ကျွန်မလည်း တိုင်းပြည်မရှိတော့သော တပ်ပျက်ကြီးနှင့်အတူ လစ်သူ အေးနီးယား တောနက်ကြီး ထဲသို့ ပါသွားခဲ့ရပါတော့၏။ စစ်သတင်းများကို နားစွင့်ရင်း ကျွန်မတို့ သွားနေကြ ရသည်။ ရံခါတွင် တစ်နေရာတည်းမှာ ရက် အတန်ကြာ စခန်းချရသည့် အခါများလည်း ရှိ၏။ ယူကရိန်း သို့ ဦးတည်ချီတက်ရသည်များလည်း ရှိ၏။

စခန်းချဖို့ ရေကြည်ရာ၊ မြက်နုရာများ ရှာဖွေကြ၏။ ငြိမ်းငြိမ်းချမ်းချမ်းနေရမည့် တစ်နေရာမှမတွေ့။
ဤသို့ဖြင့် ၁၉၄၀ ပြည့်နှစ်ထဲတွင် ၀င်လာသည်အထိ ကျွန်မတို့မှာ တောနက်အတွင်းဝယ် တလည် လည်ဖြစ် နေဆဲ။ လူစုတွေလည်း ကွဲကုန်ပြီ။ ကျွန်မတို့အဖွဲ့တွင် ကျွန်မအပါအ၀င် သူနာပြု ၃ ယောက်နှင့် စစ်သား ၄ ယောက်သာ ကျန်တော့၏။

လာဗော့အနီးမှ တစ်ရွာတွင် စခန်းချနေခိုက် ကျွန်မ အပြင်ဘက်ကို ချောင်းကြည့်နေသည်။ ကျွန်မ အဖော် တွေက မှောင်မဲနေသည့် အိမ်ကြီးထဲတွင် ၀င်နေကြ၏။ အိမ်ကြီး၏ နံရံကို ကျွန်မ ခပ်တင်းတင်း ကျောပေး ရပ်နေရင်း ကြောက်စိတ်တွေ တဖွားဖွားပေါ်လျက်ရှိ၏။ ကျွန်မတို့ရှေ့ရေးက မတွေးဝံ့စရာပင်။ ဆိုဗီယက် စစ်သား တွေက နေရာအနှံ့မှာ ရှိနေကြသည်။ ကမန်မတို့တွေ့သွားရင် သူတို့ ဘာလုပ်ကြမှာပါလိမ့်။ ရာသီဥတု မှာ သာတောင့်သာယာအေးမြနေ၏။ ထိုစဉ်မှာပင် ဆိုဗီယက်ကင်းလှည့်စစ်ကားတစ်စင်းသည် ရှေ့မီး ကို အသားကုန်ထိုးကာ ကျွန်မတို့ရှိရာသို့ တရကြမ်းမောင်းလာနေသည်ကို လှမ်းမြင်လိုက်ပါ သည်။

ကျွန်မ ဘာမှစဉ်းစားမနေတော့ပါ။ ခွန်အားရှိသမျှ တောထဲသို့ စွတ်ပြေးချလာခဲ့ပါသည်။ ဆိုဗီယက် စစ်သား တွေက အော်ဟစ်ပြီး ကျွန်မနောက်မှ ပြေးလိုက်လာသံများအတိုင်းသား ကြားနေရ၏။ ကျွန်မက လေ၏ အလျင်ဖြင့် ဆက်ပြေးသည်။
ကျွန်မအကြောင်း ညှပ်ပြောစရာတစ်ခုရှိပါသည်။ ကျွန်မသည် ယောက်ျားသားများရှေ့တွင် အလွန် ရှက်တတ် သည့် မိန်းကလေးဖြစ်ပါ၏။ ရည်းစားသနာဟူ၍လည်း တစ်ဦးတလေမျှမရှိခဲ့ဖူးပါ။ ယောက်ျား ကလေး တစ်ဦး၏ အနမ်းကိုလည်း မခံဖူးသေးပါ။ ကျွန်မသည် ဘာသာရေးကို ယုံကြည်စွာ ကိုင်းရှိုင်း သည်။ ဘုရင်ဂျီဘာသာဝင် မိန်းကလေးတစ်ဦးဖြစ်ပါသည်။

နောက်မှ လိုက်လာသည့် စစ်သားများက ကျွန်မကို လှမ်းမပစ်ကြပါ။ ကျွန်မကို အမိဖမ်းပြီး ရိုက်နှက်ကြ ပါသည်။ ကျွန်မ သတိလစ်သွားသည်။ သည်တော့မှ သူတို့ကျွန်မကို စိတ်ကြိုက် အဓမ္မ ပြုကျင့်ကြပါသည်။ ပြီးမှ သေပြီအထင်ဖြင့် ကျွန်မကို နှင်းတောထဲမှာ သည်အတိုင်းထားခဲ့ကြသည်။ သို့သော် ကြယ်ရောင် အောက်မှ နှင်းလွင်ပြင်တွင် ကျွန်မအသက်မသေခဲ့ပါ။ အခြားဆိုဗီယက်စစ် ကြောင်းတစ်ခုက ကျွန်မကို တွေ့သွားပြီး ခေါ်သွားကြသည်ဟု နောက်မှ သိရ၏။

ကျွန်မ သတိရလာတော့ ဆေးရုံတစ်ရုံမှာ ရောက်နေကြောင်း သိလိုက်၏။ ယူကရိန်းပြည်နယ်၊ လာဗော့မြို့ကလေး၏ အရှေ့ဘက်၊ ကီလိုမီတာ ၁၀၀ အကွာမှ တာနိုပိုဆေးရုံသို့ ကျွန်မ ရောက်နေခြင်းဖြစ်သည်။ ကျွန်မသည် တပ်နီတော်၏ သုံ့ပန်းတစ်ယောက်ဖြစ်သွားလေပြီ။

ကျွန်မ နေကောင်းလျှင် ကောင်းချင်း သူတို့က ဆေးရုံတွင်ပင် အလုပ်ဝင်ခိုင်းပါသည်။ လုပ်ဖော် ကိုင်ဖက် ဆရာမ များနှင့် ဆရာဝန်များက ကျွန်မအပေါ် ညှာညှာတာတာရှိကြပါ၏။ သို့သော် အလုပ်ထဲတွင် ကျွန်မ စိတ်မပါ နိုင်ပါ။ မိသားစုဆီသို့သာ စိတ်က ရောက်နေပါသည်။ အသက်ကိုစွန့်ရ စွန့်ရ၊ အိမ်ပြန်ဖို့ ကျွန်မ နည်းလမ်း ရှာရန် ဆုံးဖြတ်လိုက်သည်။
ကျွန်မဘ၀ကို စာနာသည့် ဆရာဝန်တစ်ဦး၏ အကူအညီဖြင့် အခြားနာမည်တစ်ခုကို ယူပြီး တာနိုပိုမှ ကျွန်မ ထွက်ပြေးခဲ့ပါသည်။ စစ်ပြေးဘ၀ကို နောက်တစ်ကြိမ်ပြန်ရောက်ခဲ့ခြင်းဖြစ်ပါ၏။ ဆိုဗီယက် တပ်မတော် နှင့် တွေ့လျှင် ချက်ချင်း ပြန်အဖမ်းခံရမည်ဖြစ်သည်။

ကိဗ်နှင့် မလှမ်းမကမ်းရွာကလေးတစ်ရွာမှာ တစ်နျစ်နီးပါး၊ ပုန်းနေပြီး တောဆေးရုံကလေးတွင် အလုပ် ၀င်လုပ် နေလိုက်သည်။ ၁၉၄၁ ခုနှစ်၊ မတ်လထဲတွင် ကျွန်မ ခရီးထွက်ဖို့ အခြေအနေပေးလျှင် ပေးချင်း အဒေါ်ရှိရာ ရာဒမ်သို့ ကျွန်မတန်းလစ်ခဲ့သည်။ ဒေါ်လေး ဟယ်လင်ဆီရောက်လျှင် မိဘများနှင့် ညီအစ်မတတွေ၏ သတင်းကို ကြားရလိမ့်မည်ဟူသည့် မျှော် လင့်ချက်ဖြင့် ကျွန်မ စွန့်စားခန်းဖွင့်ခဲ့ခြင်းဖြစ်ပါသည်။

ရာဒမ်သည် ဗုံးဒဏ်ကြောင့် လုံးဝပျက်စီးနေပြီ။ မြို့ပျက်ကြီးထဲတွင် ဒေါ်လေးအိမ်ကိုရှာရင်း ကျွန်မ ရင်တွေ တုန်နေသည်။ ဒေါ်လေးကို ရှာမတွေ့ရင် ကျွန်မ ဘာဆက်လုပ်ရမည်လဲ။
ဒေါ်လေးအိမ်ကို ကျွန်မ ရှာမတွေ့ခဲ့သော်လည်း အိမ် တစ်အိမ်ရှေ့တွင် ကောင်မလေး တစ်ယောက်ကို ကျွန်မ လှမ်းမြင်လိုက်သည်။ အနက်ရောင် ဆံပင်ကောက်ကောက် ကလေးနှင့်။ ကျွန်မကို သေသေ ချာချာ ကြည့်ပြီး အိမ်ထဲသို့ တအားအော်ပြီး ပြေးဝင်သွား၏။

" အိုင်ရင်းရယ် အိုင်ရင်းပြန်လာပြီ "
မြင်ကွင်း အားလုံးဝါးသွားသည်။ ချက်ချင်းကျွန်မ မျက်ဝန်းထဲတွင် မျက်ရည်တွေ ပြည့်လျှံသွား၏။ နှုတ်မှ တိုးတိုး ကလေးထွက်သွားသည်။
" ဘရွန်ညာ "

ညီမအငယ်ဆုံးကလေးပါလား။
အိမ်ထဲမှ ဆူဆူညံညံအသံတွေ ကြားလိုက်ရသည်။ တစ်ပြိုင်တည်းတွင် မာမူစီယာနှင့်တားတုစ် တံခါးဝ တွင် ဘွားခနဲပေါ်လာသည်။ လှောင်အိမ်ထဲက ငှက်ကလေးတစ်ကောင် လွတ်ထွက်သွားသလို ကျွန်မ နှလုံးသား သည် မိုးယံ သို့ ပျံတက်သွားပါလေပြီ။
--------------------
ဆက်ရန်
.

3 comments:

kztk said...

Thanks..........

ကိုဇော် said...

အစ်မ ဒီနေ့ရော ဆက်တင်ဦးမှာ မဟုတ်လား။
စောင့်နေတယ်...ဟီး။

မြစ်ကျိုးအင်း said...

၂ ပြီးပြီ။