Thursday, September 30, 2010

သူတို့အားလုံး ရဲ့အသက် ကျွန်မလက်ထဲမှာ အပိုင်း (၄)

ခြံစည်းရိုးအောက်မှ ထမင်းဘူး

တစ်နေ့တွင် ဂျာမန်စစ်ဗိုလ်တစ်သိုက် စက်ရုံကိုလာပြီး စစ်ဆေးသည်။ သူတို့ ကျွန်မအနားရောက်တော့ ကျွန်မ သတိလစ်ပြီး ခွေကျသွားသည်။ သတိရလာတော့ ရုံးခန်းတစ်ခုထဲမှ ခုံတန်းလျား တစ်ခု ပေါ်ရောက်နေကြောင်း သိလိုက်၏။

စားပွဲနောက် တွင် အသက်ကြီးကြီး ဗိုလ်မှူးတစ်ယောက် ထိုင်နေသည်။ မျက်မှန်ထူထူကြီးနှင့်။ အသက် ၆၀ လောက်ရှိပြီ။ ကျွန်မ နာမည်ကိုမေးပြီး သူ စကားစသည်။
" မင်းကြောင့် စက်ရုံရဲ့ ကုန်ထုတ်လုပ်မှု ကျဆင်းသွားပြီ၊ မင်းဒါလောက် နေထိုင်မကောင်းဖြစ်နေရင် ... "
" နေကောင်း ပါတယ် ဗိုလ်မှူး၊ ကျွန်မ အခြေအနေ သိပ်မဆိုးပါဘူး၊ ကျွန်မကို တခြားမပို့ပစ်ပါနံ့နော်၊ ကျွန်မ ပိုပြီး ကြိုးစားလုပ်ပါ့မယ် "
ဗိုလ်မှူးအဘိုးကြီး ခဏတွေ စဉ်းစားနေသည်။

" မင်း ဂျာမန်စကားက တော်တော် နိပ်တာပဲ၊ ငါတို့ အရာရှိ စားသောက်ခန်းမှာဆိုရင် မင်းနဲ့ဖြစ် မလား၊ မီးဖိုချောင် နဲ့ အိမ်သန့်ရှင်းရေးအလုပ်မျိုး မင်းလုပ်တတ်သလား "
ကျွန်မ ထခုန်မိမတတ် ၀မ်းသာသွားသည်။
" ဟုတ်ကဲ့၊ ဗိုလ်မှူး၊ ကျွန်မလုပ်နိုင်ပါတယ် "

သူက အိမ်ပြန်နားဖို့အတွက် လက်မှတ်တစ်စောင်နှင့် မနက်ဖြန် ၇ နာရီတွင် အလုပ်ဝင်ဖို့ စာတစ်စောင် ရေးပေးသည်။ ပြန်ထွက်လာပြီး စာပါလိပ်စာကို တစ်ချက်ကြည့်လိုက်သည်။ ဗိုလ်မှူးဧဒွတ် ရုဂ်မာ။
ခမ်းနားသော်လည်း အိုမင်းနေပြီဖြစ်သည့် ဟိုတယ်ကြီးတစ်ခုတွင် ကျွန်မ အလုပ်ဝင်ရသည်။ ဂျာမန် စစ်ဗိုလ်များကို ထမင်းစားခန်းကြီးထဲတွင် နံနက်စာ၊ နေ့လည်စာနှင့် ညစာ ၃ ကြိမ် ကျွေးရ၏။
သူတို့ တတွေသည် သား ငါး ဆီဦးထောပတ်တွေကို အလျှံပယ် စားသောက်နေကြ၏။ လူတွေ ငတ်ပြတ် ပြီး မ၀ရေစာစားနေကြရသည်ကို သတိရလျှင် ကျွန်မခေါင်း ရီဝေအုံခဲလာတော့၏။
သည်နေရာတွင် ရက်သတ္တပတ်ပေါင်းများစွာ လုပ်သက်ကလေးရလာတော့ ထမင်းချက်ကြီးကို စကားပြော ဖို့ ကျွန်မသတ္တိ မွေးနိုင်လာသည်။

" မစ္စတာရှုဇ်၊ ဒီကပိုတဲ့ဟင်းလျာကလေးတွေကို ကျွန်မ အဒေါ်နဲ့ အစ်မအတွက် ယူသွားလို့ရမလား ဟင်"
ထမင်းချုက်ကြီးက သဘောကောင်းသည်။ ကျွန်မအပေါ် ကြင်ကြင်နာနာဆက်ဆံသည်။ သားငါး၊ ဟင်းသီး ဟင်းရွက်နှင့် ပေါင်မုန့်တွေကို ထမင်းချိုင့်နှင့်ထည့်ပြီး အိမ်ယူသွားခွင့်ပေးသည်။ ကျွန်မ ရင်တွေ ခုန်ပြီး အပျော်ကြီးပျော်သွားမိသည်။ ဂျာနီနာတစ်ယောက် တစ်နေ့တခြား ပိန်ကျလာပြီး ပါးချောင် နားချောင် ကျနေပြီလေ။

နိုဝင်ဘာလ တစ်မနက်တွင် အပေါ်ထပ်ကပွဲခန်းမဆောင်တွင် ရှုဇ်က ကျွန်မကို စားပွဲကုလားထိုင်တွေ ခင်းခိုင်းပါသည်။ ညစာစားပွဲရှိသည်တဲ့။ အလင်းရောင်ဝင်အောင် ကတ္တီပါ ခန်းဆီးတွေ ဖယ်လိုက်ပြီး အပြင် ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ခန်းမဆောင်မှာ ဟိုတယ်၏ အနောက်ဘက်ပိုင်းတွင်ရှိသည်။ သည်ဘက်ကို ကျွန်မတစ်ခါမှ လှမ်းမ ကြည့်ဖူးပါ။ လက်စသတ်တော့ ဟိုတယ်နောက်က ၀င်းကြီးမှာ သံဆူးကြိုးတွေ ခတ်ထားသည့် ဂလင်းနစ် ဂျူးသုံ့ပန်း စခန်းကြီးပါလား။

စားသောက်နေရင်း သူတို့အချင်းချင်း ဂျူးတွေ၏ ပြဿနာကို ပြောသံကြားရတတ်ပါသည်။ သို့သော် ကျွန်မသည် အာရုံစိုက်ပြီး နားထောင်ဖို့ အချိန်မရပါ။ ကိုယ့်အလုပ်နှင့်ကိုယ် အမြဲတမ်း မနိုင်မနင်း မဟုတ်လား။ အမှန်အတိုင်းဝန်ခံရလျှင် ကိုယ့်ပြဿနာနှင့်ကိုယ်မို့ ဂျူးကိစ္စ ကျွန်မခေါင်းထဲဝင်ချိန် သိပ်မရှိ လှပါ။ အိမ်သားတွေ ၀၀လင်လင် စားရဖို့နှင့် ကိုယ် ကိုယ်တိုင် အနေ ချောင်ဖို့၊ အစားချောင်ဖို့လောက်သာ ဦးစားပေး နေရချိန်ဖြစ်ပါ၏။

စားပွဲတွေချ၊ ကုလားထိုင်တွေစီနှင့် တစ်နာရီလောက် ကြာသွားသည်။ တိတ်ဆိတ်နေသည့် ခန်းမကြီးမှ သေနတ်သံ တွေ ကျွန်မကြားလိုက်သည်။ ဘုရား ဘုရား၊ ကားပေါ်မှ အဆင်းတွင် ထွက် ပြေးကြသည့် ဂျူးတွေ ကို လိုက်ပစ်နေခြင်းပါလား။

အညိုရောင်ယူနီဖောင်းနှင့် စစ်သားများသည် ကားပေါ်မှ ခုန်ဆင်းကာ မြင်မြင်သမျှ လိုက်ပစ်နေ၏။ ယေက်ျားတွေ မိန်းတွေ ကလေးတွေ လမ်းပေါ်တွင် အတုံးအရုံး။ အော်ဟစ် ညည်းညူသံများကို မှန်ပြူတင်း မှ မသဲမကွဲကြားနေရ၏။ ဂျာမန်စစ်ခွေးတို့၏ မာန်ဖီဟိန်းဟောက် ဆွဲကိုက်သံတွေက နှလုံး သွေးပျက် ချင်စရာ။ လမ်းပေါ်မှ နှင်းခဲတို့သည် သွေးရောင်အတိဖုံးလွှမ်းသွားလေပြီ။ ကျွန်မ ကိုယ်တိုင် အပစ်ခံ ရသလို လန့်အော်မိမတတ်ဖြစ်သွား၏။

ဂျာမန်တို့ ဂျူးပြဿနာရှင်းပုံကို ကျွန်မ မျက်ဝါးထင်ထင် တွေ့လိုက်ရခြင်းဖြစ်ပါ၏။
နောက်တစ်နေ့တွင် ကျွန်မ ပုံမှန်အတိုင်း အလုပ်ဆင်းပါသည်။ သို့သော် သည်ဟိုတယ်ကြီး၏ နောက်ဖေး တွင် ဂျူးတွေကို လှောင်ထားသည့် အကျဉ်းစခန်းရှိနေသည်ဟူသည့် အသိက ကျွန်မ နှလုံးသားကို တစစ်စစ် နာကျင်နေစေပါသည်။ ကျွန်မ သည်အတိုင်း မနေနိုင်ပါ။ တစ်ခုခုတော့ လုပ် ရမည်။

နေ့လယ်စာကျွေးပြီးချိန်တွင် မီးဖိုဆောင်ထဲမှာ ကျွန်မ တစ်ယောက်တည်းရှိနေသည်။ သည်အခွင့် အရေးကို ကျွန်မစောင့်နေသည်မှာ ကြာပြီ။
ပုံးတစ်ပုံး ကို ဆွဲပြီး ထွက်လာခဲ့၏။ ဟိုတယ်နံဘေးလမ်းကလေးအတိုင်း လျှောက်သွား၏။ သံဆူး ကြိုးခတ် ထားသည့် ဟိုတယ် နောက်ဘက်နံရံတွင် လမ်းကလေးဆုံးသည်။
ဟိုတယ် ရှေ့ပိုင်းကို တစ်ချက် ပြန်ကြည့်လိုက်သည်။ လူသူလေးပါး အရိပ်အယောင်မတွေ့ရ။

" ဂျူးတွေကို အကူအညီပေးလျှင် သေဒဏ် "
နေ့စဉ် မြင်တွေ့ကြားသိနေရသည့် သတိပေးကြေညာချက်။
ခါးစည်းရင်ဖုံးထဲတွင် ၀ှက်ယူလာသည့် သတ္တုဇွန်းကြီးကို ထုတ်ပြီး နှင်းတောထဲတွင် တွင်းတူးလိုက် သည်။ ပုံးကြီးထဲ မှ သတ္တုထမင်းဘူးထဲတွင် ထောပတ်တွေ၊ ပန်းသီးတွေ၊ အပြည့်အသိပ် ကျွန်မ ထည့်ယူလာ၏။ တွင်းထဲ တွင် ထမင်းဘူးကိုထည့်ပြီး ခပ်သုတ်သုတ် ပြန်လာခဲ့သည်။ အမှိုက်သွန်ပြီး ပြန်လာပုံဖြင့် မီးဖိုဆောင် သို့ ခပ်တည်တည်ပြန်ဝင်ခဲ့၏။

နောက်တစ်နေ့တွင် ထမင်းဘူးကို ကျွန်မသွားကြည့်သည်။ ဘူးခွံသက်သက်ကိုသာတွေ့ရ၏။
နောက်နေ့နောက်နေ့များတွင် လူလစ်သည့်အချိန်တိုင်း ကျွန်မသည် အလုပ်ကို နိစ္စဓူဝ ဆက်လုပ် သည်။ မယောင်မလည်နှင့် အမှိုက်ပုံး ကိုင်ပြီး ဆွဲထွက်သွားသည်။ ခြံစည်းရိုးအောက်တွင် စားစရာတွေ ၀ှက်ထားခဲ့သည်။
ကျွန်မလုပ်နေပုံက ဆင့်ပါးစပ် နှမ်းပက်နေသလို ဖြစ်နေမှန်း ကျွန်မသိပါသည်။ သို့သော် သည်ထက်ပိုပြီး ကျွန်မ လုပ်နိုင်စွမ်းဘာမျှ မရှိပါ။
---------------------
ဆက်ရန်
.

5 comments:

ကိုဇော် said...

တတ်နိုင်သမျှတော့ လုပ်ပေးသင့်ပါတယ်လေ။
ရာခိုင်နှုန်း အရ မစွမ်းသော်လည်း အရေအတွက်အရ စွမ်းပါတယ်။

kztk said...

Thanks......

kk said...

အမရေ ဖတ်လို့ အရမ်းကောင်းပါတယ်.. ကျေးဇူးလဲ တင်ပါတယ်... အပိုင်း- ၅ မျှော်နေမယ်နော်..

ဇွန်မ said...

မတော်တဆများ မိသွားရင်တော့ဆိုပြီး တထိတ်ထိတ်နဲ့ ဖတ်နေတယ် အမရေ။

မြစ်ကျိုးအင်း said...

၎ ပြီးပြီ။ တင်ထားတဲ့ ၉ အထိ ဆက်တိုက်ဖတ်မယ်။
ဒီလိုဆက်တိုက်ဖတ်ရတာ ပို အရသာ ရှိတယ်