Tuesday, September 28, 2010

မဝင်းမြင့် (ငယ်ယုံပူဘော်) အပိုင်း (၁၈)

မေမေခင်က စကားပြောရသည်မှာ များသွား၍ မောဟန်ဖြင့် နားနေလိုက်သည်။ မေမေခင် နှုတ်ဆိတ် သွားနေခိုက်မှာ အချိန်ယူ စဉ်းစားလိုက်ရသော မောင်မောင်မျိုးက အချက်တစ်ခု သတိရ လိုက်သည်။
"ကိုမျိုး ရာထူးတက်၊ လခတိုးတဲ့ ကိစ္စကော ဘာပြောချင်သေးလဲ၊ ဒီကိစ္စ အဆိပ်ဖြေနည်းလား၊ ဆေးကျမ်းထဲမှာ ပါလား၊ ခေါင်ရန်းပွင့် လိုသေးလား"
မောင်မောင်မျိုးက ဤတစ်ချက်မှာ မေမေခင် ရှုံးပြီဟု သေချာပေါက် ယူဆကာ ၀င့်ဝင့်ကြွားကြွား ပြန်မေးသည်။ မေမေခင်က ဣနြေ္ဒမပျက်ပင် ပြန်လည်မေးခွန်းထုတ်လိုက်၏။
"ရှင်နဲ့ လက်ထပ်တဲ့နေ့က အမှတ်တရ မင်္ဂလာဦး လက်ဆောင်အဖြစ် ခင်ကိုယ်တိုင် ၀တ်ပေးခဲ့တဲ့ မြလက်စွပ် ကြီး ဘယ်ရောက်သွားသလဲ"

ထိုမြလက်စွပ်ကြီးမှာ မေမေခင်တို့ ဘိုးဘွားလက်ထက်ကစပြီး အမြတ်တနိုး သိမ်းဆည်းလာသည့် မိုးကုတ်တွင်းထွက် မြအစစ် ဖြစ်သည်။ မြရတနာသည် အလွန်ဆတ်သော ကျောက်မျိုးဖြစ်၍ အပြစ် အနာအဆာ လွတ်ကင်းသော မြကား ရှားပါးလှသည်။ ယခု မြလက်စွပ်ကား ဆိုစရာ အပြစ်အနာ အဆာဟူ၍ လုံးဝကင်းစင်ပြီး အရည်ကောင်းလှသောကြောင့် ကာလပေါက်ဈေးနှင့်ဖြတ်လျှင် နှစ် သောင်းကျော် တော့ ပစ်စလတ်ခတ် တန်နေသည်။ မန်ကျည်းစေ့ ပမာဏထက်ကြီး၍ မြင်ရသူအဖို့ မျက်စိ အေးလွန်းသဖြင့် မောင်မောင်မျိုးကို မြင်တွေ့သူတိုင်းသည် လက်မှာ ၀တ်ထားသော မြ လက်စွပ်ဆီသို့သာ မျက်လုံးရောက်သွားကြသူချည်း ဖြစ်သည်။ ဤမြလက်စွပ်ကို တစ်သက်တာ အားကိုးခိုလှုံရမည့် ချစ်သော ခင်ပွန်းအား မေမေခင်က ချစ်လက်ဆောင်အဖြစ် လက်ထပ်သည့်နေ့ က အမြတ်တနိုး ကိုယ်တိုင်ဝတ်ပေးခဲ့သည်။ ယခု ထိုမြလက်စွပ် ပျောက်ဆုံးခဲ့လေပြီ။

"လွန်ခဲ့တဲ့ နှစ်လကျော်ကပဲ ပျောက်သွားပါပြီဆိုတာ ခင် သိရက်သားနဲ့၊ ဘာကြောင့် အသစ်လုပ် မေးနေရတာလဲ"
မောင်မောင်မျိုးက ငေါက်ငမ်းသော လေသံဖြင့် ဖြေသည်။
"ဟေ့ ... ကိုမျိုး မေးတဲ့မေးခွန်းကို မဖြေဘဲ ဘာဖြစ်လို့ မဆိုင်တာ မေးခွန်းထုတ်နေရတာလဲ"
"ဆိုင်လာပါလိမ့်မယ်၊ မေးတာသာ ဖြေစမ်းပါ။ ခင် မေးတာ မဖြေရင် ရှင် ရာထူးတက်ကာ ရှင့် နောင်ဘုရားကြီး ကြောင့်ဆိုတာ လုံးဝ လက်မခံဘူး"
"ဘာဆိုင်လဲ ..."

"အို ... ဆိုင်လာလိမ့်မယ်လို့ ပြောတယ် ဟုတ်လား၊ တကယ်ပါ ရှင့်နောင်ဘုရားကြီးကြောင့် ရာထူး တက်တာ မှန်ပါတယ်၊ မြလက်စွမ်ပျောက်တာနဲ့လဲ ဆိုင်ပါတယ်၊ သိချင်ရင် ခင် မေးတာပြော"
နောင်ဘုရားကြောင့် ရာထူးတက်တာမှန်ကြောင်း မေမေခင်နှုတ်မှ ဖွင့်ဟလိုက်သောအခါ မောင်မောင်မျိုး ကျေနပ်သွားသည်။ ထို့ကြောင့် သူ မည်ကဲ့သို့ လက်စွပ်ပျောက်ကြောင်း ပြောပြ သည်။
ထိုနေ့က ရုံးပိတ်ရက်ဖြစ်နေ၍ မောင်မောင်မျိုးသည် အစ်ကိုဖြစ်သူ ကိုအောင်စိုးနေအိမ်မှာ တစ်နေ ကုန်သွားနေသည်။ မောင်မောင်မျိုးအနေဖြင့် အိမ်မှာ ငြီးငွေ့သည်။ သူကိုယ်တိုင်က အစ်ကိုနှင့် မရီးကို ပါးစပ်ထဲငုံထားလုမျှ မြတ်နိုးစုံမက်သော စိတ်ဖြင့် ထိပ်ပေါ်တင်ထားသည်။ အစ်ကိုနှင့် မရီး သြဇာနာခံပြီး ဇနီးမယားကို ပစ်ပစ်ခါခါ လုပ်သည်။

နှိမ်သည်။ အိမ်စရိတ် တစ်ပြားမျှ မပေးတော့ဘဲ လခအားလုံးကို အစ်ကိုနှင့် မရီးလက်အပ်သောအခါ မေမေခင် အနေဖြင့် ဤလင်မျိုးကို မြတ်နိုး ယုယလိုစိတ် ရှိပါတော့မည်လော။ အကြောင်းကြောင်းသော စိတ်ဆင်းရဲမှုတွေကြောင့် လင်နှင့် မယား မကြည်လင် မရွှင်ပျဘဲ ယုယပြုစုမှုတွေ လျော့ပါးလာသောအခါ မောင်မောင်မျိုးသည် သူတို့ ဘက်က လွန်ထားသည်ကို ပြန်မတွေးဘဲ မေမေခင်ကို ငြီးငွေ့လာသည်။ ထိုအခါ ချောမောလှပ သော ရုပ်ရည်နှင့် လိုက်ဖက်ညီစွာ ချစ်ခင်ကြင်နာ မြတ်နိုးစရာကောင်းသော စကားတွေကို ပြောတတ်သော၊ ယုယုယယ ဆက်ဆံတတ်သော မရီးတော် မိမိလေးထံမှ စိတ်လက်ရွှင်ကြည်မှုကို ရနေသည်။ မိမိလေးကား ထမင်းဟင်း ချက်စားသည် မဟုတ်၊ နာမည်ကြီး ဟိုတယ်တစ်ခုမှ ကြိုက် သည့် ထမင်းဟင်းကို လပေး မှာစားနေကြခြင်း ဖြစ်သည်။ ထို့ကြောင့်သာလျှင် မောင်မောင်မျိုး ၏ လခတစ်ပြားမကျန် အပ်နေရခြင်း ဖြစ်သည်။

လက်စွပ်ပျောက်သည့်နေ့က ရုံးပိတ်ရက် ဖြစ်သည့်အလျောက် မောင်မောင်မျိုး ရောက်လာ သောအခါ မိမိလေးက ဆီးကြိုပြီး မတ်တော်မောင်ကို ညွှန်ကြားလိုက်သည်။
"မျိုးရေ ... အိမ်အောက်ထပ် နောင်ဘုရား ဖိုထိုးတဲ့အခန်းကို မျိုးနဲ့ မိမိတို့ သန့်ရှင်းရေး လုပ်ကြရ အောင်၊ နောင်ဘုရားနဲ့ မောင်ကတော့ အိမ်ဦးက ဓိဌာန်ခန်းထဲမှာ ကန်တော့ပွဲ ပြင်နေကြလေရဲ့၊ ကန်တော့ပွဲ ပြင်ပြီးရင် သူတို့နှစ်ယောက်လုံး တစ်နေကုန် ဓိဌာန်ဝင်ကြမှာ၊ အဲဒါကြောင့် သန့်ရှင်း ရေးလုပ်ဖို့ မိမိ တစ်ယောက် ထဲမနိုင်လို့ မျိုးကို စောင့်နေတာ"

မိမိလေးသည် ရုပ်ရည်က ငေးကြည့်လောက်အောင် ချောလှသည်သာ မဟုတ်သေး။ အသံက သာသည်။ လေယူလေသိမ်း ပြောဟန် မျက်နှာပေးတို့က တစ်ဖက်သား နာခံတိမ်းညွှတ်အောင် ဆွဲဆောင်မှု ရှိလှသည်ဖြစ်ရာ စိတ်ဆင်းရဲမှုကြောင့် ကင်းကင်းနေသော မေမေခင်ကို ငြီးငွေ့လေ မောင်မောင်မျိုအဖို့ မိမိလေး နှင့် ပိုမိုရင်းနှီးလေ ...

"သန့်ရှင်းတာပေါ့၊ ကဲ ... လာ ... မမမိ"

မောင်မောင်မျိုးက အိမ်အောက်ထပ် ၀င်ပြီး အဂ္ဂိရတ်ထိုးသော အခန်းကို တံခါးမကြီးကို ပြတင်း ပေါက်တွေရော ဖွင့်လိုက်သည်။
အခန်းတစ်ခန်းလုံးမှာ ခြေချစရာပင် မရှိချေ။ လုံကွဲတွေ၊ ပြာတွေ၊ မီးသွေးမှုန်တွေ၊ ဖိုဆွဲရင်း စားသောက်ထားသော စက္ကူစ၊ ဖက်ရွက်စတွေ၊ ဆေးလိပ်တိုတွေက ပြန့်ကျဲရှုပ်ပွနေသည်။ မီးညှပ် သုံးခုက မြေပေါ်မှာ ကိုးရိုးကားရား ကျနေပြီး ရေထည့်ထားသော စဥ့်အင်တုံထဲမှာ အနည်း အမှိုက် တွေ ကျနေသော နောက်ကျိနေသည့်ရေတွင် ခြင်တွေ အုပ်ဖွဲ့ပေါက်ပွားနေ၏။
"တကတဲတော်၊ ဟိုဆရာတပည့်နှစ်ယောက် လုပ်ထားလိုက်တာ ကြည့်စမ်းပါဦး မျိုးရယ်၊ မိမိက ရွံတတ်တာနဲ့တော့ ခက်နေပါပြီ"

မသက်မသာ ညည်းလိုက်သော မိမိလေး၏ အသံနှင့် မျက်နှာကပင် ချစ်စရာ သနားစရာ ကောင်းနေသည်။ မောင်မောင်မျိုးက မိမိလေးမျက်နှာကို ကြင်နာစွာ ကြည့်ပြီး ...
"မမမိ ဘာမှမလုပ်ပါနဲ့၊ မမမိလက် ဖြူဖြူလှလှလေးတွေ ပေလူး ညစ်ပတ်ကုန်ပါမယ်၊ ထိုင်နေ မမမိ ပင်ပန်းမှာကိုလဲ ကျွန်တော် သနားတယ်"
မောင်မောင်မျိုးက ပြောပြောဆိုဆို ၀တ်ထားသော အပေါ်အင်္ကျီကို ချွတ်နေသည်။
"မျိုးကသာ မိမိကို သနားတာပါ၊ မျိုး နောင်တော်က မသနားလို့သာ ဒီအလုပ်ကို မိမိကို ခိုင်းတာ ပေါ့"

မောင်မောင်မျိုးက သူ့အစ်ကိုနှင့် ပတ်သက်ပြီး ဝေဖန်ချက်မပေးဘဲ ပြုံးရုံသာ ပြုံးနေသည်။ ၀တ် ထားသော လုံချည်ကို တိုတိုပြင်ဝတ်လိုက်သည်။ ထို့နောက် မီးသွေးမှုန်တွေကို အမှိုက်တောင်းထဲ ကျုံးထည့်သောအခါ မီးသွေးမှုန် အစအနကလေးတွေက လက်စွပ်မြကျောက်အောက်သို့ ၀င်သွား ကာ အသားကို ခုနေ စူးနေ၍ စလုံးစခုဖြင့် အနေခက်နေသောကြောင့် မောင်မောင်မျိုးက မြလက်စွပ်ကို ချွတ်ကာ နံရံကြွက်လျှောက်တန်းပေါ် တင်ထားလိုက်ပြီးမှ သန့်ရှင်းရေးကို ချွေးတလုံး လုံးဖြင့် ပြီးအောင် အားကြိုးမာန်တက် လုပ်နေသည်။

ပေလူးညစ်ပတ် ပွကြဲနေသော အခန်းတစ်ခုလုံး လုံကွဲတွေ အမှိုက်တွေ၊ ပြာတွေ၊ မီးသွေးမှုန်တွေ စင်သွားလေပြီ။ ရေထည့်သော စဥ့်အင်တုံကြီးကို ရေဟောင်းသွန်ပစ် ဆေးကြောကာ ကြည်လင် သန့်စင်သော ရေသစ် ထည့်ပြိးလေပြီ။ ပြာမှုန် မီးသွေးမှုန် ဖုန်မှုန့်တွေ ထုတက်နေသော ဖားဖိုကြီး လည်း သန့်ရှင်းပြောင်စင်သွားလေပြီ။ တုံးလုံးပက်လက်လဲနေသော လုံကောင်းတွေကို ဆေးကြော သုတ်သင်ကာ နေရာတကာ စီတန်းထားပြီးလေပြီ။ ဖိုထိုးလျှင် အဆင်သင့်သုံးနိုင်ရန် မီးသွေးကို အနေတော် ခွဲစိတ်ပြီး တောင်းတစ်လုံးအပြည့် ပြင်ဆင်ထည့်ထားပြီး မောင်မောင်မျိုးသည် ချွေးဒီး ဒီးကျ အောင် မောလေပြီ။

"မျိုးကို မိမိ သနားလိုက်တာ၊ သိပ်မောသွားလားဟင် ... "
ပေလူးနေသော မောင်မောင်မျိုး၏ လက်တစ်ဖက်ကို ယုယချစ်ခင်စွာ ဆုပ်ကိုင်ပြီး မိမိလေးက မေး သည်။
"နည်းနည်းတော့ မောတာပေါ့ မမမိရယ် ... ကိစ္စမရှိပါဘူး"
မောင်မောင်မျိုးက ကျေနပ်စွာ ဖြေသည်။

"ကဲ ... လာ မျိုး ရေချိုစမ်း ... မိမိကိုယ်တိုင် ရေလောင်းပေးမယ်၊ မျိုး ပင်ပန်းသွားတာ မိမိကြောင့်ပဲ၊ တကယ်ပါ မျိုးကို မိမိ သနားသွားတယ်"
မိမိလေးက ပြောပြောဆိုဆို မောင်မောင်မျိုး၏ လက်မောင်းကို သူ့ရင်ခွင်မှာ ကပ်ပြီး ပိုက်ဖက် ကာ ရေချိုးသည့်နေရာသို့ ခေါ်သွားသည်။ မရီးတော် မိမိလေး၏ ယုယကြင်နာမှုမှာ သာယာကြည်နူး သွားသော မောင်မောင်မျိုးသည် မိမိလေး ဆွဲခေါ်သွားရာ မငြင်းမဆန်ပါသွားရင်း သူ့စိတ်ထဲမှာ ချွတ်ထားခဲ့သော မြလက်စွပ်ကြီးကို လုံးဝ သတိမရတော့ချေ။ သူ သတိရနေသည်ကား ...
"မမမိက ငါ့ကို သိပ်ကြင်နာယုယတာပဲ၊ တို့မောင်နှမ အခုလို ချစ်ခင်ကြင်နာတာကို အိမ်က အကျင့် ယုတ်မာက အလကား ၀န်တိုစိတ်ပွားပြီး ငါ နားမချမ်းသာအောင်ပဲ ပြောနေတယ်၊ ဟင်း ... မေမေခင်ရယ် မမမိလို ခင် သဘောထားမြင့်မြတ်ရင် ဘယ်လောက် ငါ ပျော်လိုက်မလဲ"

ဟု မနှစ်လို မကြည်ဖြူသည့်စိတ်ဖြင့် မေမေခင်ကို သတိရ အပြစ်တင်နေမိသည်။
တစ်နေကုန် ပျော်ရွှင်ကြည်နူးစွာနေပြီး ညနေ အိမ်ပြန်ခါနီးမျ ချွတ်ထားခဲ့သော လက်စွပ်ကို သတိရ သည်။ မောင်မောင်မျိုးက ကပျာကသီ ဖိုဆွဲခန်းထဲ ဆင်းသွား၏။ လက်စွပ်ကား မရှိတော့ချေ။
မောင်မောင်မျိုးသည် တွေတွေကြီး မတ်တတ်ရပ်နေသည်။ တန်ဖိုးမနည်းသော ပစ္စည်းဖြစ်၍ နှမြော သည်။ သို့သော် လက်စွပ်ကား အစအန ရှာမရအောင်ပင် ပျောက်သွားလေပြီ။ လက်စွပ်ကို သူကိုယ်တိုင် ချွတ်ပြီး သူကိုယ်တိုင် အခန်းနံရံ ကြွက်လျှောက်ပေါ်မှာ တင်ထားသည်။ ဤသို့ ချွတ်ပြီး ဤသို့ တင်ထားသည်ကို မိမိလေးကိုပင် သူ မပြောမိ၍ မိမိလေး သိမည် မဟုတ်။ တစ်နေကုန် ကြာမြင်ခဲ့ပြီး ယခုမှ ပျောက်ကြောင်း သိရသည်မှာ မည်သူ တစ်ဦးတစ်ယောက်မှ ယူငင်ထားမည် မဟုတ်ချေ။

သိက္ခာ သမာဓိရှိ၍ တန်ခိုးအစွမ်းနှင့် ပြည့်စုံသော သူတော်စင် နောင်ဘုရား၊ တမိဝမ်းတွင်း အတူဆင်းလာသည့် အစ်ကိုရင်း ကိုအောင်စိုး၊ သူ့အပေါ်မှာ မောင်ရင်း အသွင် ချစ်ခင်ယုယ ကြင်နာလှသော မမမိ၊ ဤပုဂ္ဂိုလ်သုံးယောက်ကား သူ့လက်စွပ်ကို ယူမည် မဟုတ်ကြောင်း မောင်မောင်မျိုးက အသေအချာ ယုံကြသည်သည်။ ယခုလို လက်စွပ်ပျောက် ကြောင်း သိရလျှင် သူတို့သုံးယောက် နေခက်ထိုင်ခက် ဖြစ်ကြတော့မည်။ သူတို့အိမ်မှာ ပစ္စည်း ပျောက်ခြင်းဖြစ်၍ သူတို့ကို သံသယရှိလေမလား ဟူသော စိတ်ဖြင့် မချမ်းမြေ့မှု၊ စိတ်အနှောင့် အယှက် ရှိမှု ဖြစ်လာလျှင် မကောင်းပေ။ ဤဖိုဆွဲခန်းသို့ နောင်ဘုရားနှင့် ကိုအောင်စိုးက လုံးဝ မ၀င်သေး။ မရီးတော် မိမိလေးကလည်း သူနှင့်အတူ ဖိုဆွဲခန်းမှ ထွက်လာပြီး သည့်နောက် ပြန်မ၀င်တော့ပေ။
"ကြွက်လျှောက်ပေါ် တင်ထားလို့ ကြွက်ချီသွားတာများ ဖြစ်လေမလား ..."

"မောင်မောင်မျိုးက အားလျော့စွာ တွေးပြီး လက်စွပ်ပျောက်ကြောင်းကို နောင်ဘုရား၊ ကိုအောင်စိုး နှင့် မိမိလေးကို လုံးဝ အသိမပေးတော့ဘဲ မြံနေလိုက်လေသည်။
မေမေခင်က မေးသောအခါတွင်မူ အကျယ်ချဲ့ မဖြေဘဲ ...
"ရုံးမှာ သတိထားကြည့်မိမှ မြကျောက် မရှိတော့ဘဲ ထွက်ကျပျောက်ဆုံးနေကြောင်း တွေ့ရသည်။ ကျန်ရစ်သော ရွှေကို ပန်းတိမ်မှာ ရွှေသားချည်း လက်စွပ်ရိုးရိုးလုပ်ရန် အပ်နှံထားခဲ့ကြောင်း မှင်သေ သေ ဖြင့် ဖြေကြားခဲ့သည်။ မေမေခင်က လက်စွပ်နှင့် ပတ်သက်၍ နောက်ထပ်တစ်ခွန်းမှ မေးမြန်း ခြင်း မရှိတော့သည့်အတွက် စိတ်အေးလက်အေး မေ့ပျောက်သလောက်ရှိရာမှ ယခု နောင်ဘုရား တန်ခိုးတော်ကြောင့် ရာထူးတက်၊ လခ တိုးလာကြောင်း ပြောမိသည်တွင် မေမေခင်က ပြန်မေး လိုက်ခြင်း ဖြစ်သည်။

"ခင့်ကို ဖြေခဲ့ပြီးပါပြီကော၊ မြကျောက်က ဘယ်အချိန်က ဘယ်နေရာ ကျွတ်ကျရစ်ခဲ့မှန်း မသိပါ ဘူးလို့ ... "
"ဒီမှာ ခင်ပြောတာတွေ ဆုံးအောင် နားထောင်စမ်းပါဦး၊ ရှင့် အစ်မတော် ရှင့်မရီးတော်ပေါ့လေ၊ ဖဲရိုက်လွန်းအားကြီးတော့ ဖဲရှုံးတယ်၊ ဖဲကြွေးတွေ တင်တယ်၊ ဒါကြောင့် ကြွေးရှင်တွေက အရှက်မခွဲ ရအောင် ရှင့်အစ်ကိုက ဖဲကြွေးတွေဆပ်နိုင်ဖို့ လာဘ်စားရတယ်၊ အဲဒီ လာဘ်စားမှုကြောင့် အလုပ် ပြုတ်လာ ... "

အစ်ကို အလုပ်ပြုတ်လာကြောင်းသာ သိသည်။ ဘာကြောင့်ပြုတ်သည်ကို အစ်ကိုက မပြော။ မောင်မောင်မျိုးကလည်း အစ်ကိုနှင့် မရီးစိတ်မကောင်းဖြစ်မည်စိုး၍ မမေးဘဲ စိတ်ချမ်းသာမှုဖြစ် အောင်သာ ဆောင်ရွက်ပေးခဲ့သည်။ ယခု မေမေခင်က တပ်အပ်သေချာ ပြောသောအခါ ...
"ဘယ်သူပြောလဲ ... "

ဟု မောင်မောင်မျိုး မမေးလိုတော့ပေ။ မေးလျှင် သူ့အစ်ကိုနှင့် သူ့မရီး သိက္ခာကျသည်ထက် ကျတော့မည် ကို စဉ်းစားမိသည်။ မေမေခင်ကလည်း သူငယ်ချင်း မောင်မင်းဇင်ထံမှ သိထားသမျှ အားလုံး ပြောတော့ မည်သာ ဖြစ်သည်။ သို့သော် မောင်မောင်မျိုးက လိမ္မာပါးနပ်စွာ ပိတ်လိုက်၏။
"ကဲပါ ခင်ရယ်၊ ကိုကိုတို့ အလုပ်ပြုတ်တဲ့အကြောင်း စိတ်မကောင်းစရာတွေ မပြောပါနဲ့တော့၊ ကိုမျိုး ရာထူးတက်တဲ့ကိစ္စတောင် စကားပြတ်သွားပြီ"

ဆက်ရန်
.

2 comments:

:P said...

အင်း.......
မောင်မောင်မျိုးက
တော်ရုံတန်ရုံ မွှန် တာမဟုတ်ဘူးနော်..။

Anonymous said...

Yes his name changed

aမောင်မောင်မွှန်