Monday, September 27, 2010

မဝင်းမြင့် (ငယ်ယုံပူဘော်) အပိုင်း (၁၇)

(၈)

လင်ယောက်ျား၏ လုပ်စာဟူ၍ မမြင်ရ မကိုင်ရ မစားရသည်မှာ မေမေခင်အဖို့ အတော်ပင် ကြာညောင်း ခဲ့လေပြီ။ မောင်မောင်မျိုး အစ်ကိုနှင့် မရီးသည် အိမ်ကိုလာစေကာမူ မေမေခင်ကို တည်တည်မှန်မှန်သာ သေည်။ အရောတ၀င် ခင်မင်ရင်းနှီးစွာ မေးမြန်း ခေါ်ပြော နှုတ်ဆက်ခြင်း မရှိဘဲ၊ ငါ့ညီ ငါ့မတ်ကိုသာ ငါ အရေးလုပ်မည်ဟူသော တစ်ဖက်သတ် စိတ်မျိုး ရှိနေပါလျက်က မေမေခင်အဖို့ မခံချိစရာ ကိစ္စတစ်ခုက ပေါ်လာပြန်သည်။ ထိုကိစ္စကား ကိုအောင်စိုးနှင့် မိမိလေး တို့၏ ညွှန်ကြားချက်ကို နားနှစ်ဖက်မှာ မဖိတ်မစင် ထည့်သွင်းလာပြီး၊ နှုတ်ခံတွင်းမှ ထွက်လာသော မောင်မောင်မျိုး၏ စကားများ ဖြစ်သည်။

"ဟေ့ ... ဒီမှာ ခင်ရေ ဘယ်သွားနေလဲ၊ မောင့်အနား ခဏလာစမ်းပါဦး ခင်ရယ်"
မောင်မောင်မျိုးနှင့် မျက်နှာချင်းမဆိုင်မိအောင် အတတ်နိုင်ဆုံး ရှောင်နေသော မေမေခင်၏ နားထဲ သို့ မောင်မောင်မျိုး ၏ အသံက သာယာနာပျော်ဖွယ် ချိုအေးစွာ ၀င်လာသဖြင့် မေမေခင်က တော်တော်လေး အံ့အား သင့်သွားသည်။ သို့သော် မောင်မောင်မျိုး၏ ချိုသာပျော့ပျောင်းခြင်း ကား စင်ကြယ်သန့်ရှင်းခြင်း မရှိ ဟူ၍ မေမေခင်က အတတ်တွေး၏။ သူက အလိမ္မာသုံးရင် ငါကလဲ အလိမ္မာသုံးမှ သင့်မည်ဟု စဉ်းစား ကာ ...

"ဟုတ်ကဲ့ လာပါပြီ"
ဟု အာဏာတသံ၊ ဒေါသသံ၊ နာကြည်းသံတွေ ကင်းစင်ပြီး ကြည်လင်သော အသံမျိုး ဖြစ်စေလျက် မေမေခင်က ဟန်မပျက်ထူးကာ မကြည်သည့်နှလုံးကို မျက်နှာအပြုံးဖြင့် ဖုံးလွှမ်း၍ မောင်မောင်မျိုး ရှိရာ ရောက်လာ သည်။
"ထိုင်စမ်းပါဦး ခင်ရယ်"

မောင်မောင်မျိုးက သူ့ဘေးမှာကပ်လျက် ထိုင်ခိုင်းသဖြင့် မေမေခင်က ထိုင်လိုက်သည်။ ဘာကိစ္စ ခေါ်တာလဲ၊ ဘာပြောမလို့လဲ စသည့်စကားတွေကို မေမေခင်က စတင်မမေးဘဲ၊ မောင်မောင်မျိုးက မေးလျှင် ပြောသည်။ ခေါ်လျှင် ထူးသည်။ လာခဲ့ပါဦးဆိုလျှင် အနားသို့လာသည်။ အကြောင်းကိစ္စ တစ်ခုခု ပေါ်လျှင် မောင်မောင်မျိုး အလိုကျ ဖြစ်နိုင် မဖြစ်နိုင်ကို ပြတ်သားတိုတောင်းစွာ လိုရင်းကို သာ ပြောသည်။ ဤပုံစံမျိုးဖြင့် မေမေခင် နေလာခဲ့သည်မှာ ကြာပြီဖြစ်၍ ယခုလည်း ဤပုံစံအတိုင်း ပင် ခေါ်၍ ထူးသည်။ လာခဲ့ပါဆို၍ လာသည်၊ ထိုင်ပါဆို၍ ထိုင်သည်။ မေမေခင် နှုတ်မှ စတင်၍ အသံမထွက်ချေ။ မောင်မောင်မျိုး က ၀မ်းသာရွှင်လန်းသောအသံဖြင့် ပြောသည်။

"ကိုမျိုး ရာထူးတက်ပြီး လခတိုးတာ ခင် သိလား"
"ဘယ်သူ့ပြောလို့ ခင် သိရမှာလဲ၊ အခုမှ ကြားရတာ"
"ဟုတ်ပါတယ်လေ၊ အခု ကိုမျိုးက အသိပေးပြီ ဟုတ်လား"
ရာထူးတက်၊ လခ တိုးသွားသည်ကို မေမေခင်က သိပြီးဖြစ်သော်လည်း သူ့ကို အရေးတယူ ပြောခြင်းမရှိ၍ မမေးခဲ့ချေ။ ယခုမှ တယုတယ အနားခေါ်ပြီး အသိပေး ပြောခြင်းသည် အကြောင်းရှိ ရမည်ဟု မေမေခင် က တွေးပြီး ဆိတ်ဆိတ်နေသည်။

"ကိုမျိုး ရာထူးတက်သွားတာ နောင့်ဘုရား တန်ခိုးတော်ကြောင့် ခင်ရဲ့၊ အစက မမမိ ပြောနေတာ ကို ကိုမျိုး မယုံဘူး၊ နောင်ဘုရား စွမ်းတယ်ဆိုတာ အခုတော့ ကိုမျိုး ကိုယ်တွေ့ပဲခင်"
မေမေခင်က နက်နဲသော အဓိပ္ပာယ်ဆောင်သည့်အပြုံးကို ပြုံးသည်။
"ခင် မယုံလို့ ပြုံးတာလား၊ နောင်ဘုရား တကွယ်စွမ်းတာနော် မောင်မောင်မျိုးက အားပါးတရ ပြော၏။
"ဆိုပါဦး၊ ဘယ်လိုစွမ်းတာလဲ"

"ခင်က သိပ်လေးနက်ပုံ မရဘူး၊ နောင်ဘုရားနဲ့ မမမိတို့ ဘယ်လို စတွေ့လာတယ်ဆိုတာက ချီပြော မှ ခင် သဘောပေါက် အရည်လည်လာမှာ၊ နားထောင်နော် ... "
မေမေခင်က ဦးခေါင်းညိတ်သည်. မောင်မောင်မျိုါ်သည် သူအလွန်အမင်း ယုံကြည်ကိုးကွယ်နေ သော နောင်ဘုရားနှင့် သူ ချစ်သော မရီးတော် မိမိလေးတို့ စတင်တွေ့ဆုံရာ ဇာတ်လမ်းကို မိမိလေး ပြောသည့် လေသံ အတိုင်း မျက်စိအာရုံတွင် ရုပ်ပုံထင်လာအောင် ပြောပြလိုက်သည်။

မိမိလေးတို့ တာချီလိတ်မှာ အမှုထမ်းနေစဉ်မှာ တစ်နေ့တွင် မိမိလေးသည် မိတ်ဆွေအိမ်တစ် အိမ်ကို အလည်သွားသည်။ ထိုအိမ်ရှင်မိန်းမနှင့် မိမိလေးသည် အကြောင်းကိစ္စတစ်ခုကို ငြင်းခုံရာ မှ၊ တော်တော် ပင် အဆင်မပြေဖြစ်ကာ မိမိလေးသည် စိတ်ဆိုးမာန်ဆိုးဖြင့် အိမ်ပြန်လာခဲ့သည်။ ထိုနေ့ည မှာပင် မိမိလေး မှာ ထူးခြားဆန်ကြယ်သော ဝေဒနာတစ်ခုကပ်ရောက်လာခဲ့သည်။
မိမိလေးသည် အိမ်သို့ရောက်ပြီး မကြာမီမှာပင် ၀မ်းဗိုက်ထဲမှ မခံမရပ်နိုင်အောင် နာသည်၊ ပူလောင် သည်၊ ရပ်တည်ခြင်းငှာ မစွမ်းနိုင်တော့ဘဲ ကြမ်းပြင်ပေါ်မှာ မချိမဆန့် လူးလှိမ့်နေရတော့၏။
"မောင်ရယ် ... မိကို မကယ်နိုင်တော့ဘူးလား"

မချိမဆန့် ဝေဒနာ ခံစားနေရာမှ မိမိလေးသည် သနားစဖွယ် ပြောရှာသည်။ အန်ထုတ်လိုသည့် လက္ခဏာဖြင့် မကြာခဏ ပျို့သည်။ ပျို့လျက်နှင့် အန်ဖတ်က မထွက်သောအခါ ပိုမိုဆိုးဝါးသော ဝေဒနာ ကို ခံစားရသည်။ ဖြူဝင်းလှပသော မျက်နှာလေးမှာ ပြင်းထန်စွာ ခံစားရသော ဝေဒနာ ကြောင့် နီသွားလိုက်၊ ပြာသွားလိုက် ဖြစ်နေသည်။ ၀င်းထိန်ရွှန်းလဲ့သော မျက်လုံးမှ မျက်ရည်ပူများ ဖြိုင်ဖြိုင် စီးကျလာသည်။
"မောင်ရယ်"

လင်ယောက်ျား ကိုအောင်စိုးကို အားကိုးခြင်းကြီးစွာဖြင့် ခေါ်ရှာသည်။ အသက်တမျှ ချစ်လှသော ဇနီး၏ မချိမဆန့် ဝေဒနာခံဏားနေပုံကို မရှုရက် မမြင်ရက်အောင် ဖြစ်နေသည်။ ကိုယ်ခန္ဓာခြင်း လဲပြီး ဝေဒနာခံ လို့ ဖြစ်နိုင်လျှင်လဲ လဲလိုက်ချင်သည်။ ကိုအောင်စိုးသည် ဦးခေါင်းမီးလောင်သလို ဖြစ်ကာ သွေးရူး သွေးတန်း ထိတ်လန့်စိုးရိမ်ခြင်းကြီးစွားဖြင့် ဘာလုပ်ရမည်မသိ ဖြစ်နေသည်။ ဆေးဆရာ သွားခေါ်ရန်မှာ မိမိလေး ကို တစ်ယောက်တည်း မထားခဲ့ရက်ပေ။ ကိုအောင်စိုးသည် မိမိလေးကို ယုယကြင်နာစွာ ပိုက်ဖက် ထားလျက်ကပင် ...
"လာကြပါဦး ... ကူညီကြပါဦး၊ ကျွန်တော့်မိန်းမ သေရပါတော့မယ် ... "

ဟု အိမ်နားနီးချင်းတွေကို ဟစ်ခေါ်လိုက်လေသည်။ ကိုအောင်စိုးခေါ်သံကြောင့် အိမ်နားနီးချင်းတွေ က ပြေးလာကြသည်။ ဤလူစုထဲမှာ တစ်ယောက်သောသူက ...
"ဟာ ဒါ မရိုးဘူး ပယောဂပဲ၊ ဘယ်ဆေးဆရာမှ မခေါ်နဲ့၊ နောင်ဘုရားကို သွားပင့်မယ်"
ဟု ပြောပြောဆိုဆို အိမ်ပေါ်မှ ဆင်းပြေးသည်။ အချို့က ဆရာဝန်ခေါ်ရန် အကြံပေးသည်။ ကိုအောင်စိုး ကား ဘာလုပ်ရမည် မသိ၊ ရင်ခွင်ထဲက ဝေဒနာသည် ချစ်ဇနီးကို မျက်တောင်မတ် ငုံ့ကြည့်ရင်း ...
"ခင်ဗျားတို့ ကောင်းတယ်ထင်တာသာ လုပ်ကြပါ၊ ကျွန်တော့်ဇနီး အသက်ချမ်းသာဖို့ပဲ အရေးကြီးပါ တယ်"
ဟု အားလုံးကို ပုံအပ်နေသည်။

ဤတွင် ဆရာဝန် ခေါ်လိုသူကလည်း ကပျာကသီ ပြေးဆင်းသွားသည်။ ကိုအောင်စိုး အနေဖြင့် ကား နောင်ဘုရားဖြစ်စေ၊ ဆရာဝန်ဖြစ်စေ ဦးစွာ ရောက်လာသူလက်ထဲ အပ်တော့မည်သာ ဖြစ်၏။ ဆရာဝန် ပင့်သူ ပြန်မလာမီ၊ နောင်ဘုရားဆိုသူက လာပင့်သူနှင့်အတူ ဦးစွာရောက်လာသည်။ မြင်ရ သူအဖို့ အားကိုကြည်ညိုဖွယ်ရာ၊ ခင်မင်နှစ်လိုဖွယ်ရာ ချောမောလှပ ခံ့ညားသော နောင်ဘုရား သည် မသက်မသာ ညည်းညူနေသော မိမိလေးကို သေချာစွာ ကြည့်ပြီး အေးမြတည်ငြိမ်သော အသံဖြင့် မေးသည်။
"ဘယ်လို ခံစားရလဲ နှမကြီး"

"၀မ်းထဲက ပူတယ်၊ နာတယ်၊ အန်ချင်တယ် ... "
မိမိလေး အသံမှာ ပြောအားပင် မရှိတော့သလို လေသံသဲ့သဲ့သာ ထွက်တော့သည်။
"အစာရှိလား ... "
မိမိလေးက ဦးခေါင်းလှုပ်ရုံမျှ ညိတ်ပြသည်။

"ဘာတွေလဲ ... "
"ဟိုအိမ်က ထမင်းစားခဲ့တယ်၊ ဆိတ်သားဆီပြန်ဟင်း၊ ဆူးပန်းရွက်ချဉ်ရေ၊ နောက်ပြီး ဆိတ်နို့ သောက် အမယ်လေး ... "
လေသံမျှဖြင့် ပြောနေသော မိမိလေးသည် စကားပင် မဆုံးနိုင်ချေ။ ၀မ်းဗိုက်ထဲမှ ဝေဒနာကြောင့် မချိ မဆန့် ညည်းလိုက်သည်။
"တော်ပြီ ဆက်မပြောနဲ့တော့ နောင်ဘုရား သိပြီး၊ နှမကြီး ချမ်းသာစေရမှာပေါ့ကွယ်"

နောင်ဘုရားသည် သူ လွယ်လာသော ထူးဆန်းလှပသည့် အညိုရောင် ပိုးလွယ်အိတ်ကြီးထဲမှ ရွှေရေး ယွန်အစ်ငယ်ကလေးကို ယူထုတ်သည်။ ထို့နောက် ယွန်းအစ်ငယ်ထဲမှ ရွှေရောင်စက္ကူဖြင့် ထုပ်ထားသော အထုပ်ကို လျင်မြန်စွာ ဖြေရင်း ရေသန့်သန့်တစ်ခွက်နှင့် ပန်းကန်လုံးငယ်တစ်လုံး ကို တောင်းသည်။ ပန်းကန်လုံးငယ် ထဲ မှာ ရွှေရောင်စက္ကူထုပ်မှ ဆေးမှုန့်ကို ထည့်သည်။ ရေအနည်း ငယ်နှင့် ဖျော်ပြီး နှုတ်မှ အသံမထွက်ဘဲ လေးငါးခွန်း မန်းမှုတ်ပြီး မိမိလေးကို တိုက်သည်။ မိမိလေး သည် ထိုဆေးကို သောက်ပြီး ခေတ္တမှ ရှုံ့မဲ့ညည်းညူနေရာမှ တစ်ချက်မျှပျို့ကာ အားရပါးရ အန်ချ လိုက်လေသည်။

ထို့နောက် သက်သာဟန်ဖြင့် ကိုအောင်စိုး၏ ရင်ခွင်မှာ မှိန်းနေစဉ်၊ နောင်ဘုရားသည် လွယ်အိတ် ထဲမှ သံမဏိ ဓားတစ်ချောင်းကို ထုတ်ယူသည်။ ကိုအောင်စိုးနှင့် မိမိလေးက အထင်ကြီး အားကိုစွာ ဖြင့် နောင်ဘုရား ကို မော့ကြည့်ကြသည်။ နောင်ဘုရားက လေးနက်တည်ငြိမ်စွာသော အသံဖြင့် ကြားရသူ ကြက်သီး မွေးညင်း ထစေရန် ပြောသည်။
"ကျွန်ုပ်သည် မေတ္တာကမ္မဌာန်းကို ပွားများကာ သတ္တ၀ါများအနက်မှ ကျွန်ုပ် ကယ်ခွင့်ရသူကို ကယ်တင်ရန် ဓိဌာန်ခဲ့သည်၊ ယခုဝေဒနာသည် နှမကြီးကို ကယ်ခွင့်ကြုံသည်၊ မိုက်မဲလှစွာသော စိတ်ဖြင့် တစ်ဖက်သား ကို သေကြေအောင် အစာသွင်းသူအား ကျွန်ုပ် မေတ္တာရှေ့ထား ခွင့်လွှတ် ကာ ဝေဒနာသည်ကိုသာ ကယ်တင် မည်ဖြစ်၍ ဤနှမကြီး၏ ၀မ်းဗိုက်ထဲမှာ ကျန်နေသေးသော ဒုက္ခ ပေးမည့် သွေးပုပ်များသည် ကျွန်ပ် ဓားစကြာတန်ခိုးကို ထိစေသတည်း၊ ကျွန်ုပ်အာဏာကို နာခံစေ သတည်း"

အမိန့်ပြန်ဆို ပြီးဆုံးသောအခါ နောင်ဘုရားသည် သံပရာသီးတစ်လုံးကို တောင်းသည်။ သံပရာသီး ရသောအခါ ကိုအောင်စိုး လက်ထဲထည့်ပြီး မိမိလေး၏ ၀မ်းဗိုက်ပေါ်မှာ သံပရာသီးကို လှိမ့်စေ သည်။
"၀မ်းထဲမှာ ကျန်နေသေးသရွေ့ ရောဂါများ ဤသံပရာသီးထဲမှာ ၀င်စေ၊ သံပရာသီးကို ကျွန်ုပ် ဓားစကြာ ဖြင့် ခွဲပြမည်၊ ဒုက္ခပေးမည့် သွေးပင်းများကို ကြည့်ကြ ... "

နောင်ဘုရားက ပြောပြောဆိုဆို ကိုအောင်စိုးထံ သံပရာသီးတောင်းသည်။ အလွန်အမင်း ယုံကြည် နေပြီဖြစ်သော ကိုအောင်စိုးက သံပရာသီးကို ရိုသေစွာ လှမ်းပေးသည်။ နောင်ဘုရားသည် လူအများ ရှေ့မှာပင် သံပရာသီးကို သူ့လက်ထဲမှ သံဓားငယ်ဖြင့် ထက်ခြမ်းခွဲလိုက်သောအခါ အတွင်းသားသည် သံပရာသီး အသား မဟုတ်တော့ဘဲ ရဲရဲနီသော သွေးအတိ ဖြစ်နေသည်။ တစ်စက်စက် စီးကျနေသော အရည် များသည် သံသရာရည် မဟုတ်ဘဲ သွေးရည်များ ဖြစ်နေသည်။ ၀ိုင်းအုံကြည့်ရှုနေသော လူစု၏ အံ့သြသံ မှာ တညီတညာတည်း ထွက်လာသည်။
"ရော့ နှမကြီး ... ဒီဆေးမှုန့် နည်းနည်းထပ်သောက်လိုက်"

စောစောက ရေဖျော်တိုက်ခဲ့သော ဆေးမှုန့်ကိုပင် ထပ်တိုက်သည်။ မိမိလေးသည် အနည်းငယ် ထပ်မံ အန်ပြီးနောက် မောပန်းနုန်းခွေသည်က လွဲပြီး လူကောင်းပကတိ ဖြစ်သွားသည်။ ကိုအောင်စိုးနှင့် မိမိလေး တို့ကား နောင်ဘုရား၏ ခြေအစုံကို ဦးဖြင့်တိုက်ကာ ဦးခိုက် ပူဇော်ကြ သည်။ ထို့နောက်တွင် အသက် သခင် ကျေးဇူးရှင်ဖြစ်သော နောင်ဘုရားကို အိမ်ဦးခန်းတင်ကာ ကိုးကွယ်မှု ပူဇော်ထားရာမှ ယခု ပြောင်းရွှေ့ လာရာမှာ ကိုအောင်စိုးနှင့် မိမိလေးကို သံယောဇဉ် ကြီးလှသော နောင်ဘုရားသည် နီးနီး စောင့်ရှောက် ရန် တစ်ပါတည်း လိုက်လာခဲ့ခြင်း ဖြစ်သည်။
"ဆရာဝန် သွားပင့်တဲ့လူက ဘယ်ရောက်သွားလဲ"

မောင်မောင်မျိုး စကားဆုံးသောအခါ မေမေခင်က ခပ်ပြုံးပြုံး မျက်နှာဖြင့် မေးသည်။
"ဆရာဝန်က ခွဲလက်စ လူနာတစ်ယောက်ကို လက်လွှတ်မရတော့ မလိုက်လာနိုင်တော့ဘူး၊ လိုက်လာလဲ ဘာတတ်နိုင်မှာလဲ၊ နောင်ဘုရား အစွမ်းကြောင့်သာ မမိ အခုထက်တိုင် အသက် ထင်ရှား ရှိနေတာပေါ့"
"ဟား ဟား ဟား ဟား ... "

ဝါးလုံးခွဲသလို ရုတ်တရက် ရယ်ချလိုက်သော မေမေခင်ကို မောင်မောင်မျိုးကို လန့်သွားသည်။ အံ့အားသင့်စွာ မျက်လုံးပြူးကြည့်နေသည်။ ကိုအောင်စိုးနှင့် မိမိလေးတို့ ရန်ကုန် ရောက်လာသည့် အချိန်ကစပြီး အိမ်ထောင်ရေး စိတ်ဆင်းရဲမှု ကြုံလာခဲ့ရသော မေမေခင်သည် ယခုလို အူလိုက် သည်းလိုက် အသံကျယ်ကျယ် အော်ဟစ်ရယ်မောမည် ဝေးစွ၊ လင်မယားချင်း မျက်နှာချင်း မဆိုင် မိအောင် ကြိုးစားရှောင်ခဲ့သည်။ ယုတ်စွအဆုံး အိပ်ရာဝင်လျှင်ပင် မောင်မောင်မျိုး အိပ်ပျော် လောက်သည့် ဆယ့်တစ်နာရီ လောက်မှ ၀င်အိပ်ပြီး မနက်မိုးမလင်းမီ အိပ်ရာက ထသွားတတ် သည်ကို ကိုမောင်မောင်မျိုး သိခဲ့ပြီး ဖြစ်သည်။ မလွှဲသာ၍ မျက်နှာချင်းဆိုင်ရလျှင်လည်း ရမည်းသင်းစား သီလ၀နှင့် မောင်နှမ အရင်း တော်သလားဟု ထင်မှားရသော မျက်နှာထားမျိုးသာ မောင်မောင်မျိုး မြင်ခဲ့ရသည်။ ယခုမူ ပထမ ပြုံးသည်။ ထို့နောက် ၀ါးလုံးကွဲ ရယ်သည်။ အဘယ် မှာလျှင် မောင်မောင်မျိုး မထိတ်မလန့် ဘဲ နေပါမည်နည်း။

"ခင် ရယ်တာ ... ဘာသဘောလဲ"
မောင်မောင်မျိုးက မေမေခင် မျက်နှာကို အကဲခတ်သလို စေ့စေ့ကြည့်မေးသည်။ မေမေခင်က မျက်နှာကို တည်လိုက်ပြီးမှ ပြော၏။
"နောင်ဘုရား စွမ်းတယ်ဆိုလို့ ရယ်တာပါ"
"မမမိ ယခုထက်တိုင် ကျန်းမာနေတာ စွမ်းတာမဟုတ်လို့ ဘာလဲ၊ ကိုယ် အခု ရာထူးတက် လခတိုး တာ နောင်ဘုရား စွမ်းတာမဟုတ်လို့ ဘာလဲ"
မောင်မောင်မျိုးလေသံက မာလာသည်။

"ဒါလောက် ဘုန်းတန်ခိုးကြီးရက်နဲ့ ရှင့်အစ်ကို အလုပ်ပြုတ်လာတာ မကယ်နိုင်ဘူးလား"
"ခင့်စကားက နောင်ဘုရားကို ယုံကြည်မှုကင်းတဲ့ စကား၊ သရော်ပြောင်လှောင်တဲ့ စကားပဲ၊ ထောင်တန် တဲ့စကား ရယ်ရင်ပေါ့တယ်တဲ့၊ ခင် စကားကို စည်းကမ်းမဲ့ မပြောပါနဲ့"
မောင်မောင်မျိုး လေသံက မာရာမှ စိတ်ဆိုးသံနှောလာသည်။
"ခင် သရော်တာ မဟုတ်ဘူး၊ ရှင်တို့တတွေ နောင်ဘုရားဆိုတာကြီးရဲ့ အလိမ်မိနေကြလို့ ပြောတာ"

စိတ်ထဲက နာကြည်းခံပြင်းချက်တွေကြောင့် မေမေခင်သည် လင်ယောက်ျားကို ကိုမျိုးဟူသော ယုယချစ်ခင်သည့် အသုံးအနှုန်းမျိုး မသုံးတော့ဘဲ လက်ရမ်းလက်ဆသာ ပြောတော့သည်။ "ရှင်" ဟူသော တစိမ်းဆန်ဆန် စကားလုံးကို အစားထိုး သုံးလာခဲ့သည်။
"ခင်နော် ... ပြောလေ ကဲလေပါလား၊ ပြောစမ်း ... နောင်ဘုရား ဘယ်လိုလိမ်တယ်ဆိုတာ ပိုင်ပိုင် နိုင်နိုင် ရှိမှပြော၊ ယုတ္တိမရှိဘဲ သိက္ခာချရပြီးရော စိတ်မျိုးနဲ့ အရမ်းစွပ်စွဲရင် ကိုမျိုး သည်းမခံဘူး"
မောင်မောင်မျိုး က ဆတ်ဆတ်ထိမခံ ပြောသည်။

"ကောင်းပါပြီ ... ခင်ကလဲ လိမ်မှန်း သေသေချာချာသိလို့ ပြောတာကို သေသေချာချာ နားထောင်၊ ရှင့်မရီးတော်ကို ကျွေးလွှတ်လိုက်တယ်ဆိုတာက အောက်လမ်းပညာရဲ့ အပင်းသွင်းလွှတ် မဟုတ် ဘူး၊ ဆိတ်သားနဲ့ ဆူးပန်းရွက်ဆိုတာ လုံးဝ မတည့်ဘူး၊ ဆန့်ကျင်ဘက်ဓာတ်တွေ၊ နှစ်ခုရောစားရင် အဆိပ် ဖြစ်လာတယ်၊ ဆိတ်သားဟင်း ဆူးပန်းရွက်ဟင်းရောစားပြီး ဆိတ်နို့ သောက်လာတယ် ဆိုတော့ အဆိပ် မဖြစ်ရင် ခံနိုင်မလား၊ မယုံရင် မြန်မာဆေးပညာကို ကျွမ်းကျင်တဲ့ သမားတော်ကြီး တွေ မေးကြည့်၊ အဲဒါမှ မယုံသေးရင် ရှင်ကိုယ်တိုင် ချက်ပြီးစားကြည့်ပါလား ... အကြောင်းသိရ အောင်"
မောင်မောင်မျိုးက ရုတ်တရက် ဘယ်လိုပြန်ချေရမှန်း မသိဘဲ၊ မေမေခင် မျက်နှာကို ငေးကြည့်နေ ပြီးမှ ပြန်ပြောသည်။

"ဘာပဲဖြစ်ဖြစ် နောင်ဘုရားရဲ့ မန်းမှုတ်ကုသတဲ့ ဆေးက စွမ်းတာ အမှန်တဲ့၊ နောင်ဘုရား ဘယ်လောက် သဘောထားမြင့်မြတ်သလဲဆိုတာ မမမိကို အစာသွင်းလွှတ်တဲ့ အိမ်ရှင်ကို မေတ္တာ ထား ခွင့်လွှတ် ရမယ်လို့ တရားပြတာကြောင့် ကိုကိုနဲ့ မမမိက သည်းခံခဲ့ကြတာ"
"မိပြန်ပြီ တစ်ချက်"
မေမေခင်က ဆို၏။

"ဘာမိတာလဲ"
မောင်မောင်မျိုးက မကျေမနပ် ဆိုသည်။
"အလိမ်မိတာလေ၊ ရှင့်အစ်ကိုနဲ့ မရီးက ထမင်းကျွေးလွှတ်တဲ့ အိမ်ရှင်ကို လက်တုံ့ပြန်ရင် အရေးယူ တိုင်ကြားရင် ရှင့်မရီး စားသောက်လာတဲ့ ဟင်းတွေကို ဓာတုဗေဒက စစ်မှာကိုး၊  အဲဒီတော့ ရောစားလို့ မသင့်တဲ့ အစာရိုးရိုးဖြစ်ကြောင်း ပေါ်လွင်လာမှာပေါ့၊ အဲဒီတော့ သူ့မန်းမှုတ် ဟန်ဆောင် တိုက်တဲ့ ဆေး ဟာ ဘာလဲဆိုတာ လူတွေ သိကုန်မှာကိုး၊ ဒါကြောင့် တရားရေအေး တိုက်ကျွေး တာပေါ့"
"နောင်ဘုရားရဲ့ အစွမ်းထက်တဲ့ဆေးကို ခင်က မရှုတ်ချပါနဲ့၊ သူ မမန်းမမှုတ်ဘဲ စွမ်းမလား"

"အမယ်လေး စွမ်းပါသော်ကောရှင်၊ ဒီမှာ ... ရှင် မြန်မာဖြစ်ရက်နဲ့ မြန်မာ့အဖိုးတန် စာပေတွကို မဖတ်ဘူး သေးတော့ နောင်ဘုရား ဆိုတာကြီး လိမ်သမျှ ယုံနေရတာပေါ့၊ ဒီမှာ ... ရတနာကောသ ကျမ်းဆိုတဲ့ ကျမ်းစာအုပ် ကို ရှင် သေသေချာချာ ဖတ်စမ်း၊ ရှင် အလိမ်ခံရတာ သိလာလိမ့်မယ်"
မောင်မောင်မျိုး စိတ်တိုလာသည်။
"ပြောစမ်းပါ ခင့် ကျမ်းစာတော်ကြီးက ဘယ်လိုဆိုထားလို့လဲ"

"ရတနာကောသကျမ်းထဲမှာ အောင်မဲဖြူ၊ အောင်မဲညို အောင်မဲနီ ဆိုတဲ့ အဖိုးတန် ပန်းသုံးမျိုး ရှိတယ်။ ဒီပန်းသုံးမျိုး အခြောက်လှမ်း အမှုန့်ကြိတ် စားသုံးရင် ကိုယ်ခန္ဓာ ယောင်ရမ်းတာ၊ လည်ချောင်းနာတာတွေ ပျောက်တယ်၊ အစားမှားလို့ အဆိပ်ဖြစ်တာကို နိုင်တယ်၊ ရှင့်မရီး အစာ အဆိပ်ဖြစ်တာကို ဒီပန်းခြောက်မှုန့် တိုက်လိုက် တာပေါ့၊ အဆိပ်ဖြစ်နေတဲ့အစာတွေ အကုန်ပြန်အန် ထွက်သွားတယ်၊ ၀မ်းလျှော သွားတယ် ဆိုရင် ဘယ်မှာ သေနိုင်တော့မလဲ"

"ဒါဖြင့် သံပရာသီးထဲက သွေးတွေ ထွက်လာတာကရော"
မေမေခင်က ချက်ကျကျ ပြောနေသည်များ မချေပနိုင်သည်တွင် မောင်မောင်မျိုးက မေးခွန်းတွေ သာ ထုတ်နေသည်။
"ရှင်ဟာလေ ခေတ်ပညာတတ်တစ်ယောက် ဖြစ်ရက်နဲ့ ဘာကြောင့် မစူးစမ်းဘဲ အရမ်းမဲ့ ယုံနေရ တာလဲ၊ ခေါင်ရန်းပန်း ဆိုတာရော သိလား"
"သိတယ် ... အဲဒါ ဘာဖြစ်လဲ"

"ခေါင်းရန်းပန်းပွင့်က အရောင်မျိုးစုံ ရှိတယ်၊ အနီရောင် ခေါင်ရန်းပွင့်ကို ဓားသွားနှစ်ဘက်လုံးမှာ နေ့တိုင်းတိုက်ပေး၊ အနည်းဆုံး တစ်နေ့ လေးငါးကြိမ်ပေါ့၊ ဖြစ်နိုင်ရင် အကြိမ်များများပေါ့၊ စိတ်ရှည် ဖို့ လိုတယ်၊ စိတ်ရှည်မှလဲ သူများကို ပိပိရိရိ လိမ်နိုင်မှာ မဟုတ်လား၊ သုံးနှစ်လောက် ခေါင်ရန်းပန်း ပွင့်အနီနဲ့ နေ့တိုင်း တိုက်ပေးထားတဲ့ ဓားကို သံပရာသီးလှီးကြည့်၊ သံပရာသီးက သွေးရောင်လို နီ သွားတယ်၊ ဘယ်လိုဓာတ်မျိုး ၀င်သွားတယ်ဆိုတာတော့ ခင် မရှင်းတတ်ဘူး၊ လိမ်ချင်တဲ့ ပယောဂ ဆရာတွေ၊ မျက်လှည့် ဆရာတွေ လက်သုံး အဖိုးတန်နည်းပဲ၊ ရှင့် နောင်ဘုရားဆိုတာကြီးက အဲဒီ နည်းနဲ့လိမ်တာ၊ မယုံရင် သူ့ဓားကို ရအောင်တောင် လာခဲ့၊ ရှင်ကိုယ်တိုင် သံပရာသီး ရွေးကိုင်ပြီး လှီးကြည့်ပါလား"

မောင်မောင်မျိုး ဘာပြန်ပြောရမှန်း မသိတော့ချေ။ မေမေခင် စကား နားဝင်သဘောပေါက်၍ကား မဟုတ်။ သူကိုယ်တိုင်ရော အစ်ကိုရော မရီးရော ယုံကြည်လွန်း၊ ကြည်ညိုလွန်းနေသော နောင်ဘုရား၏ အစွမ်း တွေကို ထိခိုက် ပုခတ် ပြောနေသော မေမေခင်ကို သူ ဘယ်လို နည်းသုံးပြီး နိုင်အောင် ချေပါမည်လဲဟု အချက် ရှာမရဘဲ ဖြစ်နေသည်။

ဆက်ရန်
.

1 comment:

:P said...

သံပုရာသီးကို ဖားပြုတ်ကျောကုန်းမှာ အကြာကြီးလှိမ့်ပေး ရင် ဖားပြုတ်ကိုယ်ထဲက သွေးတွေက သံရာသီးထဲ ဝင်လာတယ်တဲ့..၊
အဲဒီသံပုရာသီးကို ဓားနဲ့ခွဲလိုက်ရင် သွေးထွက်တယ်ဆိုတာ ဖတ်ဖူးတယ်.. ဦးအောင်သင်းရေးတာထင်ပါတယ်...၊
ပယောဂအတု နောက်တစ်နည်းပေါ့... :P
မေမေခင်က ပျော့စိပျော့ညံ့မဟုတ်လို့ တော်သေးတာပေါ့....။