Friday, July 30, 2010

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၁)

ပထမအကြိမ် ထုတ်ဝေစဉ်က မြန်မာပြန်သူ၏ အမှာ

   
ဤစာအုပ်၏ မူရင်းဝတ္တုရေးသူ ကမ္ဘာကျော် စာရေးဆရာကြီး ၀ီးလ်ဘားစမစ် (WILBUR SMITH) ၏ အကြောင်းနှင့်တကွ ဤ ၀တ္တုဇာတ်လမ်း ဖြစ်ပျက်ရာ နောက်ခံဒေသ အကြောင်းကို စာဖတ်သူများ သိထာခြင်းအားဖြင့် ၀တ္ထုဇာတ်လမ်း အရသာကို ပိုမိုပြည့်စုံစွာ ခံစားနိုင်လိမ့်မည်ဟု ယူဆမိပါသဖြင့် စာရေးဆရာနှင့်တကွ ဇာတ်လမ်း၏နောက်ခံဒေသတို့အကြောင်းကို မိတ်ဆက်သဘော ရေးသားတင်ပြလိုက်ရပါသည်။

    စာရေးဆရာကြီး ၀ီလ်ဘားစမစ်သည် မျက်နှာဖြူလူမျိုးတစ်ဦး ဖြစ်လင့်ကစား အာဖရိကတိုက် ဇင်ဘီယာနိုင်ငံတွင် မွေဖွားခဲ့သူဖြစ်ပါသည်။ အာဖရိကရှိ ရို့ဒ်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး သူ၏ ဘ၀တစ်လျှောက်လုံးတွင် အာဖရိက၌ပင် နေထိုင်ခဲ့သည်။ သူသည် အာဖရိကတိုက်ရှိ တောရိင်း တရိစ္ဆာန်များကို အထူးစိတ်ဝင်စားကာ ရှားပါး တိရစ္ဆာန် မျိုးဆက် မပြုတ်ရေးကိုလည်း အလွန်လိုလားသူဖြစ်သည်။

    သူသည် စာပေရေးသားမှု ၀ါသနာပါသည့်အလျောက် ၁၉၆၄ ခုနှစ်မှစ၍ အချိန်ပြည့် စာရေးဆရာအဖြစ် တောက်လျှောက် ရေးသားခဲ့ရာ သူ၏၀တ္ထု အားလုံး လိုလိုမှာ အာဖရိကတိုက်ရှိ နိုင်ငံများကို နောက်ခံကားအဖြစ် ထားပြီး ရေးသားလေ့ရှိသည်။

    အာဖရိကတိုက်တွင် မွေးဖွား ကြီးပြင်းပြီး အာဖရိကတိုက်တွင်ပင် တောက်လျှောက်နေခဲ့သူဖြစ်သည့်အလျောက် ၀ီးလ်ဘားစမစ်၏ ၀တ္ထုများမှာ အာဖရိကတိုက်၏ အခြေအနေ ကို အလွန်တိကျ မှန်ကန်စွာ သရုပ်ဖော်နိုင်စွမ်း ရှိရုံမက နိုင်ငံတကာ စာဖတ်ပရိတ်၏ စိတ်အာရုံကို ထူးခြားစွာ ဆွဲဆောင် ဖမ်းစားနိုင်သဖြင့် ယခုဆိုလျှင် သူ၏ ၀တ္ထုများသည် ကမ္ဘာ့စာပေ လောက တွင် အရောင်းရအတွင်ကျယ်ဆုံး၊ စောင်ရေအများဆုံး ဘက်စ်ဆယ်လာ စာရင်းဝင်ဖြစ်နေပေပြီ။

    ဤ၀တ္ထုတွင် အဓိဇာတ်ဆောင်အဖြစ် အာဖရိကတိုက်တွင် မွေးဖွား ကြီးပြင်းခဲ့သူ မျက်နှာဖြူလူမျိုး ကမ္ဘာကျော်စာရေးဆရာ ခရိတ်ဆိုသူအား ဖန်တီးထားပြီး ဇာတ်လမ်း ဖြစ်ပျက်ရာဒေသအဖြစ် အာဖရိကတိုက် ဇင်ဘာဘွေနိုင်ငံကို နောက်ခံ ဒေသအဖြစ် ရေးသားထားပါသည်။

    ဇင်ဘာဘွေနိုင်ငံအကြောင်း အနည်းငယ်ရှင်းပြရန် လိုပါမည်။
    ဇင်ဘာဘွေနိုင်ငံ၏ မူလနာမည်မှာ ရိုဒီးရှားနိုင်ငံဖြစ်လေသည်။ ထိုနိုင်ငံကို စတင် အခြေစိုက် တည်ထောင်ခဲ့သူ မျက်နှာဖြူလူမျိုး ရို့ဒ်ဆိုသူ၏ နာမည်ကို အမှတ်တရ ဂုဏ်ပြုသည့် အနေဖြင့် ရိုဒီးရှားဟု အမည်ပေးခဲ့ပြီး မကြာသေးမီကာလအထိ မျက်နှာဖြူ လူနည်းစုကသာ စိုးမိုး အုပ်ချုပ်ခဲ့သည်။

    ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားသည့် နောက်ပိုင်းတွင် ထိုနိုင်ငံ၏ ဒေသခံ တိုင်းရင်းသား အများစုဖြစ်သော ကပ္ပလီ(လူမည်း)များသည် မျက်နှာဖြူ လူနည်းစု၏ အုပ်စိုးမှု လက်အောက်မှ လွတ်မြောက်ရန် လက်နက်ကိုင် တော်လှန်တိုက်ခိုက်ခဲ့ကြရာ ယင်းတော်လှန်ရေး တိုက်ပွဲမှာ ပြင်းထန်သလောက် အလွန်ကြာရှည်ခဲ့လေသည်။
    ထိုအခါ ကိုလိုနီ နယ်ချဲ့စနစ်ကို ဆန့်ကျင်သူ အာဖရိကတိုက်ရှိ အခြား အင်အားစုများကလည်း လူမည်းတို့၏ တော်လှန်ရေးကို အားပေးခဲ့ကြရုံမက အခြားနိုင်ငံများကပါ ထောက်ခံ အားပေးခဲ့ကြသည်။

    နောက်ဆုံးတွင် တိုင်းရင်းသား လူမည်းတို့၏ တော်လှန်ရေး အောင်မြင်ထမြောက်ပြီး လူမည်းများ အာဏာရကာ အောင်ပွဲခံနိုင်ခဲ့သည်။ နိုင်ငံ၏ အမည်ကိုလည်း ကိုလိုနီ နယ်ချဲ့စနစ်၏ အမှတ်အသားဖြစ်သည့် ရိုဒီးရှားအမည်ကို ပယ်ဖျက်ကာ မူလ အာဖရိက တိုင်းရင်းတို့၏ အခေါ်အဝေါ်ဖြစ်သော ဇင်ဘာဘွေဟု နာမည်ပြောင်းခဲ့ကြသည်။
    ယခုဆိုလျှင် ဇင်ဘာဘွေသည် ကုလသမဂ္ဂ အဖွဲ့ကြီးတွင် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ အဖြစ် ပါဝင်ခွင့်ပင် ရရှိနေပြီ ဖြစ်သည်။

    သို့ရာတွင် ၀မ်းနည်းဖွယ် ကောင်သည်ကား ဇင်ဘာဘွေနိုင်ငံတွင် ဒေသခံတိုင်းရင်းသား လူမည်းများမှာ တစ်မျိုးတည်း မဟုတ်ဘဲ လူဦးရေ အင်အား အများဆုံးလူမျိုးအုပ်စု နှစ်ခု ရှိနေလေသည်။
    လူမျိုးအုပ်စု တစ်စုက ရှိုနာအုပ်စုဖြစ်ပြီး ကျန်အုပ်စု တစ်ခုမှာ မာတာဘယ်လီဟု ခေါ်လေသည်။

    လက်ရှိ အစိုးရအဖွဲ့တွင် ရှိုနာ အုပ်စုက အင်အားများ၍ လက်ဝါးကြီးအုပ်ကြီးစိုး ခြယ်လှယ်ကာ မာတာဘယ်ဘီအုပ်စုထဲမှ ၀န်ကြီးတစ်ဦးသာ နေရာရလေသည်။
    လူမျိုးအုပ်စုချင်း မသင့်မတင့် ရှိရုံမက တစ်ဖက်နှင့် တစ်ဖက် ရန်သူသဖွယ် မုန်းတီးကြလေရာ အာဏာရ ရှိုနာ တိုင်းရင်းသားတို့က မာတာဘယ်လီ လူမျိုးအုပ်စုတို့အား နည်းအမျိုးမျိုးဖြင့် ဖိနှိပ်ချုပ်ချယ်ခြင်း၊ အနိုင်ကျင့် ညှင်းပန်းခြင်းများ ပြုလုပ်နေကြလေသည်။

    ဤသို့လျှင် ဇင်ဘာဘွေနိုင်ငံအတွင်း တိုင်းရင်းသား လူမျိုးအုပ်စုကြီးနှစ်ခု ပဋိပက္ခ ပြင်းထန်နေချိန်တွင် ကမ္ဘာ့နိုင်ငံကြီးများက မသိမသာ ၀င်ရောက် စွက်ဖက်ခြယ်လှယ်မှုများပါ စတင် ပေါ်ပေါက်လာလေသည်။

    ယင်းအခြေအနေတွင် ဇင်ဘာဘွေနိုင်ငံသား ဇာတိ မျက်နှာဖြူ စာရေးဆရာခရိတ်က သူ၏ ဇာတိနိုင်ငံသို့ တစ်ကျော့ပြန် ရောက်ရှိလာချိန်၌ လူမျိုးအုပ်စုကြီးများ ပဋိပက္ခမှုအကြား တွေ့ကြုံခံစား ရပုံများကို စိတ်ဝင်စားဖွယ် ဇာတ်လမ်း ဖန်တီးထားခြင်းဖြစ်ပါသတည်း။

အခန်း (၁)

အာဖရိကတိုက် ဇင်ဘာဘွေနိုင်ငံ တစ်နေရာရှိ တောတောင် ထူထပ်သော ဒေသတစ်ခုမှာ ဇမ်ဘေဇီ မြစ်ဝှမ်း ဒေသ တစ်နေရာပင် ဖြစ်သည်။
တောင်ဘက်စူးစူးရှိ နာမည်ကြီး ကာလာဟာရီ သဲကန္တာရကြီးပေါ်မှ ဖြတ်သန်းတိုက်ခတ်လာသော လေသည် ထိုဒေသ ရောက်ချိန်တွင် လေက မထန်လှတော့ချေ။
အလွန် ထွားကျိုင်းသော ဆင်ထီးကြီး တစ်ကောင်သည် တောင်ကုန်းတစ်ခု၏ အောက်ခြေတွင် ရပ်ပြီး လေကို ရှူရှိုက်ရင်း အနံ့ခံနေလေသည်။

ထိုဆင်ကြီးသည် ဆင်ရိုင်းအုပ်စုကြီးတစ်အုပ်၏ ဦးစီးခေါင်းဆောင် ဆင်ထီးကြီးပင် ဖြစ်ပြီး ကျန်ဆင် များ သွားလာ လှုပ်ရှားရာ ၌ ဘေးအန္တရာယ် ကင်းမည့်နေရာများကို ဆင်ထီးကြီးက ဦးဆောင် လမ်းပြ လျက် ခေါ်သွား တတ်လေသည်။
ဆင်ထီးကြီး၏ နှာခေါင်းတွင် သစ်ရိုင်းပင်၊ သစ်သီးရိုင်းပင်တို့၏ အနံ့၊ ဝေးလံသောဒေသမှ ငရုတ်ကောင်း နံ့များ၊ တောင်အောက်ရှိ ကျွဲရိုင်းအုပ်များ၏ အနံ့များရနေလေသည်။ သို့သော် ဆင်ထီးကြီး ရှာဖွေ နေသည့် အနံ့ မှာ ထိုအနံ့များ မဟုတ်ချေ။ သူ ရှာနေသည်ကား ဆင်တို့၏ အကြီး ဆုံး ရန်သူဖြစ်သော လူနံ့ဖြစ်သည်။ လူတို့ သောက်သော ဆေးလိပ်နံ့ အပါအ၀င် အသားစားသော လူသားတို့၏ အနံ့ကို ရှာနေခြင်းဖြစ်သည်။

ဆင်ထီးကြီးသည် အတန်ကြာကြာ ရပ်၍ အနံ့ခံနေပြီး နောက် သူ သတိထားရှာနေသော လူနံ့ကို ရလေ သည်။
ချက်ချင်းပင် ဆင်ကြီးသည် ဒေါသ ထွက်လာလေသည်။ သူတို့ ဆင်အုပ်ကြီးနောက်သို့ လူတွေ လိုက်နေခဲ့ သည်မှာ ရက်ပေါင်း အတော်ကြာပြီဖြစ်သည်။ ဆင်ထီးကြီးက လိမ္မာပါးနပ်စွာဖြင့် ရန်သူ ဖြစ်သော လူ၏ အနံ့ကို ခံကာ အန္တရာယ်ကင်းဝေးအောင် ဆင်အုပ်ကြီးကို ဦးဆောင်လျက် တိမ်းရှောင် နိုင်ခဲ့သည်။ သို့သော် ယခု တစ်ဖန် ရန်သူ၏ အနံ့ကို ရနေပြန်လေပြီ။

ဆင်ထီးကြီးသည် ငယ်ရွယ်စဉ် ဆင်ပေါက်ကလေး ဘ၀ကပင် လူသားတို့၏ အနံ့ကို ရလျှင် ရန်သူ ဟူ၍ သတ်မှတ် ရမည်ဖြစ်ကြောင်း နားလည်ခဲ့သည်။ လူနံ့ရပြီဆိုလျှင် အလွန်ကြောက်ရွံ့သလောက် မုန်းတီး ခဲ့သည်။ ထို့ကြောင့် အသက်ရှင်ရေးအတွက် လူနံ့ကို အထူး သတိထားလျက် အန္တရာယ်ကို ရှောင်နိုင် ခဲ့သောကြောင့် ယခု အချိန်အထိ အသက်ရှင်နေရခြင်းပင်ဖြစ်လေသည်။
ဇမ်ဘေဇီ မြစ်ဝှမ်းတစ်လျှောက် ရေကြည်ရာ မြက်နုရာ ဒေသသည်ကား တောရိုင်း ဆင်အုပ်များ သွားလာ လျက် ကျက်စားရာနေရာ ဖြစ်ခဲ့သည်မှာ နှစ်ပရိစ္ဆေဒကြာမြင့်လှပြီ ဖြစ်သည်။ ထိုမြစ်ဝှမ်း တစ်လျှောက်မှာပင် လူသား တို့က အဆက်မပြတ် ဆင်များကို လိုက်လံ သတ်ဖြတ်ခဲ့ကြသည်။ လောဘရမ္မက် ကြီးစွာဖြင့် ဆင်စွယ် များကို ဖြတ်ယူခဲ့ကြသည်။ ဆင်အုပ်များကလည်း လူသား မုဆိုးတို့၏ ရန်ကို လိမ္မာပါးနပ်စွာ တိမ်းရှောင် လျက် အသက်ရှင်ကာ ရပ်တည်နိုင်အောင် ကြိုးစားခဲ့ ကြလေသည်။

ဆင်ထီးကြီးအနေဖြင့် နားမလည်နိုင်သော အချက်တစ်ခုရှိသည်။ ယင်းကား ဇမ်ဘေဇီ မြစ်ဝှမ်း တစ်လျှောက် လူသားမုဆိုးများ ဆင်အုပ်များကို လိုက်လံ သတ်ဖြတ်ခြင်းမပြုဘဲ နေခဲ့သည့် ကာလ တစ်ခုပင်ဖြစ်သည်။ အချိန် ကာလ ဆယ့်တစ်နှစ်ခန့် မုဆိုးများ တောလိုက်ပြီး ဆင်များကို မပစ်မခတ် တော့ဘဲ နေခဲ့ကြသည်။ ထို့ကြောင့် ယင်းကာလအတွင်း ဆင်အုပ်ကြီးများမှာ အန္တရာယ် ကင်းနေ သည်။
ဆင်ထီးကြီး နားမလည်သော ယင်းသို့ ဆင်များ သတ်ဖြတ်မှု ရပ်စဲနေသည့် အကြောင်းကား ဇင်ဘာဘွေ နိုင်ငံ၌ ပြင်းထန်သော ပြည်တွင်းစစ်ကြီး ဖြစ်ပွားနေခဲ့သောကြောင့်ပင် ဖြစ်သည်။ တစ်ဖက်နှင့်တစ်ဖက် အကြိတ် အနယ် တိုက်ခိုက်နေကြသော ပြည်တွင်းစစ် ကာလအတွင်း မုဆိုးများ အနေဖြင့်လည်း အန္တရာယ် များ လှသောကြောင့် ဆင်များကို ပစ်ခတ်မှု ရပ်စဲနေခဲ့ခြင်း ဖြစ်သည်။
ထိုကာလအတွင်း ဆင်အုပ်ကြီးများမှာ ဘေးအန္တရာယ်ကင်းစွာဖြင့် လှုပ်ရှားသွားလာကျက်စား နေနိုင် သောကြောင့် ဆင်အုပ်များတိုးပွားလာခဲ့သည်။

သို့ရာတွင် ယခုတစ်ဖန် ဆင်များကို သဲသဲမဲမဲ လိုက်လံ သတ်ဖြတ်မှုများ ပြန်လည် စတင်လာပြန် သဖြင့် ဆင်အုပ် များမှာ လူ တည်းဟူသော ရန်သူကို အထူးကြိုးစား ရှောင်တိမ်းနေရလေသည်။
ဆင်ထီးကြီး သည် လူနဲ့ ရပြီးဖြစ်၍ သူ၏ ဆင်အုပ်ထဲမှ အခြားဆင်များကို သတိပေးရန် တောင်ကုန်းမှ မြေနိမ့်ရာ သို့ ဆင်းလာခဲ့လေသည်။
ဆင်ထီးကြီး ဦးစီးခေါင်းဆောင်သော ဆင်အုပ်မှာ ဆင်ကောင်ရေ သုံးရာခန့် ရှိလေသည်။ ယင်းတို့ အထဲတွင် သားသည် အမေ ဆင်မများနှင့် ယင်းတို့ သားငယ်ဆင်ပေါက်ကလေးများလည်း ပါဝင် လေသည်။

ဆင်ပေါက် ကလေးများက မိခင် ဆင်မကြီးများထံ နို့စို့နေကြပြီး ကျန်ဆင်ကြီးများကမူ နီးရာ သစ်ပင်များမှ သစ်ရွက်များ၊ သစ်သီးရိုင်းများကို ဆွတ်ခူးစားသောက်နေကြလေသည်။ အရွယ် ရောက်ကာစ ဆင်ထီးငယ် နှစ်ကောင် သည် သစ်ရွက်စိမ်းများ ပေါများသော သစ်ပင်တစ်ပင်ကို နှစ် ကောင်ပေါင်းသော အင်အားဖြင့် ဆွဲလှဲကာ သစ်ရွက်စိမ်းများကို အားပါးတရ အန္တရာယ်ကို မသိကြသေးချေ။
ဆင်အုပ် မှ ဆင်များအနေဖြင့် အန္တရာယ်ကို မသိကြသေးချေ။

ခေါင်းဆောင် ဆင်ထီးကြီးသည် ဆင်အုပ်ရှိရာ ခပ်သွက်သွက် လျှောက်လာရာ ဆင်စွယ်ကြီးများ ထောင်နေအောင် ဦးခေါင်းထောင်လျက် နားရွက်များပါ ထောင်နေသဖြင့် အန္တရာယ်ကို သတိပေးရန် လာနေကြောင်း သိသာထင်ရှားနေပေသည်။

ဆင်အုပ်အနီးသို့ ရောက်လျှင် ဆင်ထီးကြီးသည် သူတို့ ဘာသာသဘာဝအန္တရာယ်ကို သတိပေးသည့ အနေ ဖြင့် နှာမောင်းကြီးကို ထောင်ကာ တအားမှုတ်လျက် အသံပေးလိုက်လေသည်။
ကျန် ဆင်များအားလုံးသည် ချက်ချင်းပင် ရိပ်မိဟန်ဖြင့် စားသောက်ခြင်းကို ရပ်ဆိုင်းကာ လေစုန် ဘက်ဆီ သို့ လျှောက်ပေးကြလေတော့သည်။ လေစုန်ဘက်သို့ ပြေးသည့် သဘောမှာ နောက်မှ ရန်သူများ လိုက်လာ လျှင် ရန်သူ၏ အနံ့ကို ဆင်များက ရမည်ဖြစ်ပြီး လွတ်ရာသို့ တိမ်းရှောင် ထွက်ပြေးနိုင်ရန် ဖြစ်လေသည်။

ယခုကဲ့သို့ ရန်သူ လိုက်လာပြီဆိုလျှင် ဆင်များသည် လုံးဝ မရပ်နားဘဲ နှစ်ရက်နှင့် တစ်ညတိတိ တောက် လျှောက် ပြေးသွားနိုင်စွမ်းရှိပေသည်။
ခေါင်းဆောင် ဆင်ထီးကြီးသည် ရန်သူ (လူသား)တို့၏ အပြုအမူကို နားမလည်နိုင်အောင် ဖြစ်နေ လေသည်။ မှတ်မှတ် ရရ လူနံ့ ရခဲ့သည်မှာ ရှစ်ရက်ခန့်ရှိပြီဖြစ်သည်။ လူနံ့ ရလိုက် တိမ်းရှောင် ထွက် ပြေးလိုက်နှင့် ရှစ်ရက် ကြာခဲ့သည်။ ဘာောကာင့် လူတွေက သဲသဲမဲမဲ လိုက်နေရလေသနည်းဟု ဆင်ထီးကြီးမှာ နားမလည် နိုင်အောင် ဖြစ်နေရှာသည်။

လေစုန်အတိုင်း သွားနေသဖြင့် ဆင်များက လူနံ့ကို ကောင်းစွာရနေခြင်းဖြစ်သည်။ လူတွေကလည်း အတော် များပုံ ရသည်။ ဆင်တွေက လူနံ့ရနေအောင် တမင်သက်သက် လုပ်နေသည်ဟုလည်း ထင်ရသည်။ သို့သော် အနံ့သာရပြီး လူတွေကိုတော့ ဆင်များက မမြင်ရချေ။ တမင်သက်သက် ဆင်တွေ မမြင်အောင် ရှောင်နေခြင်းလည်း ဖြစ်နိုင်သည်။

ဆင်အုပ်ခေါင်းဆောင် ဆင်ထီးကြီးသည် တစ်ကြိမ်သာလျှင် လူ အရိပ်အယောင် မြင်ခဲ့ရသည်။ လူနံ့ရပြီး ငါးရက်မြောက်သော နေ့က ဆင်ထီးကြီးသည် စိတ်တိုတိုနှင့် ဆင်အုပ်မှ ခွဲထွက်လာကာ လာသည့် လမ်းအတိုင်း တောင်စူးစူးဘက်သို့ ပြန်လှည့်သွားကြည့်ရာ လူတွေကို မြင်ခဲ့ရသည်။ သို့သော် လူများက ဆင်ကြီး သွားသည့် လမ်းမှ ပိတ်ကာဆီးပြီး သံပုံးများ ဆူညံစွာ ရိုက်တီး၍ တော ခြောက်ခဲ့ကြသည်။
ဆင်ထီးကြီး ကလည်း ဆက်မသွားနိုင်တော့ဘဲ ပြန်လှည့်ကာ ဆင်အုပ်ရှိရာသို့ ပြန်လှည့်ခဲ့ရသည်။ ထို့နောက် ဆင်ထီးကြီး အား ရှေ့ဆောင်လျက် ဇမ်ဘေဇီမြစ်ကြီးရှိရာသို့ ဦးတည် ခေါ်ဆောင်သွား ပြန်လေသည်။

ဆင်အုပ်ကြီး ယခု သွားနေသော တောလမ်းမှာ ရှေးနှစ်ပေါင်း ထောင်ချီ၍ ဆင်များ လှုပ်ရှားသွား လာနေကျ ဆင်လမ်း တစ်ခုပင်ဖြစ်သည်။ လူတည်းဟူသော ရန်သူနှင့် ဝေးနိုင်သမျှ ဝေးအောင် သွားရန် လိုအပ်သော ကြောင့် ဆင်ထီးကြီးသည် ဆင်အုပ်မှ ဆင်များအား တစ်ညလုံး တောက်လျှောက် မရပ်မနား ဆက်သွား စေလေသည်။ လရောင် မရှိသောည ဖြစ်၍ မှောင်မိုက်ထဲ မှာပင် ဆင်အုပ်ကြီးများသည် သစ်တောများအကြား ဆက်လက်သွားလေသည်။

ည န်းခေါင်ယံ အချိန်တွင် ခေါင်းဆောင်ဆင်ထီးကြီးသည် ဆင်အုပ်နောက်မှ ချန်ရစ်ပြီး အခြေအနေကို စောင့်ကြည့်ရာ လူနံ့ ရနေသေးသဖြင့် ဆင်အုပ်ရှိရာသို့ လျင်မြန်စွာ ပြန်သွားပြီး ခပ်သွက်သွက် သွားစေ လေသည်။

နံနက် အရုဏ်တက်ချိန်တွင် ဆင်အုပ်ကြီးသည် လွန်ခဲ့သော ဆယ်နှစ်အတွင်း မရောက်ခဲ့သော နေရာတစ်ခု သို့ ရောက်သွားလေသည်။ မြစ်ကမ်းနံဘေး တစ်နေရာဖြစ်ပြီး မကြာသေးမီက လူသား အချင်းချင်း တိုက်ခိုက် သတ်ဖြတ်ခဲ့ကြသောပြည်တွင်းစစ်ပွဲကြီး ဖြစ်ပွားရာ စစ်တလင်း တစ်နေရာပင် ဖြစ်သည်။
ထို့ကြောင့် ပင်လျှင် ဆင်အုပ်များက ယင်းနေရာကို သတိထား ရှောင်ခဲ့ကြခြင်းဖြစ်သည်။ သို့သော် ယခုတော့မူ နော်မှ လူတွေက တောခြောက် မောင်းနှင်သဖြင့် ရှောင်ရင်းတိမ်းရင်း ဤနေရာသို့ ရောက်လာ ရခြင်းဖြစ်လေသည်။

ဆင်အုပ်ထဲမှ ဆင်များသည် အန္တရာယ် ဝေးသွားပြီဟု ယူဆလျက် စောစောကလောက် လျင်မြန်စွာ မသွားတော့ ဘဲ ခပ်ဖြည်းဖြည်း ခပ်မှန်မှန် သွားနေလေသည်။
ခေါင်းဆောင် ဆင်ထီးကြီးကမူ နောက်မှ လူတွေနှင့် ဝေးလာလင့်ကစားရှေ့တွင် အန္တရာယ် တစ်စုံတစ်ရာ ရှိနေ လိမ့်မည်ဟု အလိုလို သင်္ကာမကင်းဖြစ်မိသဖြင့် အထူးသတိထားလျက် ဖြည်းဖြည်းချင်း ဆက်သွား လေသည်။ အန္တရာယ်ရှိမည့်အသံတို့ကိုလည်း နားစွင့်လျက်သူ၏ ရှေ့ရှိ ရှုခင်းကို သေချာစွာ ရှာဖွေ ကြည့်လေ သည်။
ဆင်ကြီး သည် မသင်္ကာဖွယ် တစ်စုံတစ်ခု မြင်မိသဖြင့် ရုတ်တရက် ရပ်တန့်လိုက်သည်။

မြင်လိုက်သည့် အရာကား သူ၏ မျက်စိတစ်ဆုံးတွင် နံနက်ခင်း၏ နေရောင်ကြောင့် ၀င်းလက်နေ သော သတ္တုပစ္စည်း တစ်ခုပင်ဖြစ်လေသည်။
ဆင်ထီးကြီး သည် ကျန်ဆင်များအား အန္တရာယ်ရှိကြောင်း အချက်ပြသည့်အနေဖြင့် နောက်သို့ လျင်မြန်စွာ ဆုတ်လိုက်ရာ ဆင်အုပ်မှ ဆင်များလည်း ချက်ချင်း ရပ်တန့်သွားကြသည်။
အတန်ကြာကြာ ငေးစိုက်ကြည့်နေပြီးနောက် ခေါင်းဆောင် ဆင်ထီးကြီးသည် စိုးရိမ်မကင်းဖြစ်မှု လျော့ပါး သွားလေသည်။ သူ ကြည့်နေစဉ်အတွင်း လှုပ်ရှားမှု တစ်စုံတစ်ရာ အလျဉ်းမတွေ့ရသင့် အပြင် မိမိတို့၏ ရန်သူ လူအရိပ်အယောင်လည်း မတွေ့ရသဖြင့် စိုးရိမ်မှု လျော့ပါးသွားခြင်း ဖြစ်သည်။ သေချာစွာ ကြည့်လိုက် သောအခါ သတ္တုပြားပစ္စည်း အများအပြား မြေပြင်တွင် ရှိနေသည်ကို တွေ့ရလေသည်။ ယင်းသတ္တု ပစ္စည်းများတွင် ၀ါယာကြိုးများလည်း သွယ်တန်းထား လေသည်။

တိရစ္ဆာန်သာဖြစ်သော ဆင်ထီးကြီး နားမလည် နိုင်သော အရာဝတ္ထုတစ်ခုကား တစ်ချိန်က ရေးထားသော ဆိုင်းဘုတ်တစ်ခုပင်ဖြစ်သည်။
ဆိုင်းဘုတ်တွင် အန္တရာယ်ပြ အမှတ်အသားဖြစ်သော လူခေါင်းရိုးနှင့် အရိုးနှစ်ခုကြက်ခြေခတ် ပြထားပြီး အင်္ဂလိပ် ဘာသာဖြင့် ...
'အန္တရာယ်'
သတိ မိုင်းဗုံးများရှိသည် ဟု ရေးသားထားလေသည်။
ဆင်ထီးကြီး သည် သတိထား၍ အနံ့ခံ ကြည့်သော်လည်း လူနံ့လုံးဝမရချေ။
အမှန်က ထို မြေမြှုပ်မိုင်းဗုံးများမှာ ယခင်ရိုဒီးရှား (မျက်နှာဖြူ) အစိုးရက တပ်ဆင်ထားသော မိုင်းများ ဖြစ်လေသည်။ တိုင်းရင်းသား လူမည်း (ကပ္ပလီ) ဇင်ဘာဘွေ လူမျိုးများက မျက်နှာဖြူ အစိုးရအား ပြောက်ကျား စစ်ဆင်၍ လက်နက်ကိုင် တော်လှန်ခဲ့စဉ် ကာလက ဇမ်ဘေဇီ မြစ်တစ်ဖက်ကမ်းမှ လူမည်း ပြောက်ကျားများ မြစ်ကို ကူးလာလျှင် မိုင်းဗုံးထိစေရန် မျက်နှာဖြူ အစိုးရက မိုင်းဗုံးများ ဆင်ထား ခဲ့ခြင်းဖြစ်လေသည်။

ယခု ပြည်တွင်းစစ် ပြီးဆုံး၍ တိုင်းရင်းသား လူမည်းအစိုးရ အာဏာရကာ ရိုဒီးရှားနိုင်ငံကိုလည်း ဇင်ဘာဘွေဟု အမည်ပြောင်းလျက် လွတ်လပ်သော သမ္မတနိုင်ငံအဖြစ် ကြေညာနိုင်ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
သို့သော် ထို မိုင်းဗုံးများကို မည်သူကမှ မရှင်းဘဲ ထားခဲ့သဖြင့် ယခုတိုင် ရှိနေခြင်း ဖြစ်သည်။ လူသူ နှင့် ကင်းဝေး ခဲ့ပြီး ဖြစ်၍ ဆင်ထီးကြီးက လူနံ့ရှာ၍ မရခြင်းဖြစ်လေသည်။
ဆင်ထီးကြီး သည် ရှေ့သို့ ဆက်သွားသင့် မသွားသင့် ဝေခွဲ၍ မရဟန်ဖြင့် ရပ်တန့်နေစဉ် ပတ်ဝန်းကျင် တစ်ခုလုံး ကျယ်လောင်စွာ ဆူညံသည့်အသံများ ထွက်ပေါ်လာလေသည်။ အသံတွေက ဆင်အုပ်ကြီး၏ နောက်ဘက်၊ တောင်စူးစူးဘက်ဆီမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆင်အုပ်ကြီးအား လူတွေက တောခြောက်၍ မောင်းနှင်နေခြင်းဖြစ်လေသည်။ တောခြောက်သံများ ဆူညံ နေသည့်ပြင် သစ်ပင်များ၏ ထိပ်ဖျား အထက်နားဆီမှ ရဟတ်ယာဉ်၏ ပန်ကာ ဒလက်သံများ ကပါ ဆူညံစွာ ထွက်ပေါ် လျက်ရှိလေသည်။
ခေါင်းဆောင် ဆင်ထီးကြီးသည် လူသားတို့၏ အန္တရာယ်နီးကပ်လာပြီဖြစ်၍ သူ ရှေ့ဆောင်လျက် မိုင်းဗုံးများ ရှိရာနေရာ ဘက်သို့ ပြေးလေတော့သည်။ ကျန်ဆင်များကလည်း ဆင်ထီးကြီးနောက်မှ ပြေးလိုက် လာကြလေသည်။

ခေါင်းဆောင် ဆင်ထီးကြီးသည် မိုင်းဗုံးများဆင်ထားရာ နေရာအတွင်း ကိုက်ငါးဆယ်မျှ ၀င်သွားမိ ချိန်တွင် ပထမဆုံး မိုင်းဗုံးတစ်လုံးသည် ပြင်းထန်စွာ ပေါက်ကွဲလေတော့သည်။ ယမ်းအား အလွန် ပြင်းသော မိုင်း အမျိုးအစား ဖြစ်သောကြောင့် ပေါက်ကွဲသည်နှင့် ဆင်ထီးကြီး၏ နောက်ခြေထောက် ကို လွှနှင့် တိုက်ဖြတ် သလို ပြတ်ထွက်သွားစေကာ သွေးသံရဲရဲ ဖြစ်သွားစေလေသည်။
တစ်ချိန်တည်း မှာပင် နောက်ထပ် မိုင်းဗုံးတစ်လုံး ပေါက်ကွဲပြန်ရာ ဆင်ထီးကြီးသည် မြေပြင်ပေါ် လဲကျ သွားကာ ပြင်းစွာ နာကျင်ခြင်း ဝေဒနာကြောင့် ဟစ်အော်ညည်းညူနေရှာလေသည်။
ထိုအချိန် ၌ အခြားမိုင်းဗုံးများသည်လည်း တစ်လုံးပြီးတစ်လုံး ဆက်တိုက်ပေါက်ကွဲကုန်သဖြင့် အခြား ဆင် များလည်း မိုင်းဗုံးထိပြီး အတုံးအရုံး လဲကျကုန်ကြလေသည်။
ဆင်ပေါက်ငယ် တစ်ကောင်သည် မိုင်းဗုံး အတော်များများကို လွတ်ကင်းသွားပြီး တအား ကြိုးစား ပြေးသော်လည်း နောက် မိုင်းဗုံးတစ်လုံး ထိမှန်သွားရှာလေသည်။ ပတ်ဝန်းကျင် တစ်ခုလုံး ဆင်များ၏ ဟစ်အော် ညည်းညူသံများဖြင့် ဆူညံလျက်ရှိလေသည်။

မိုင်းဗုံးများကလည်း အဆက်မပြတ် ပေါက်ကွဲလျက်ရှိရာ ဆင်အုပ်ကြီးထဲမှ ဆင်များအားလုံး ထိမှန် ကုန်လေသည်။ ဆင်မအိုကြီး တစ်ကောင်မှာ မိုင်းဗုံးထိ၍ ခြေထောက် လေးဘက်စလုံးပြတ်ထွက် လျက် ဘေးစောင်း လဲကျနေရာမှ နာကျင်သည့်ကြားမှပင် ပြန်ထရန် ကြိုးစားနေရှာလေသည်။
နောက် ဆင်တစ်ကောင်က ၀မ်းဗိုက်နှင့်ပင် မြေပြင်တွင် တွားပြီး ရှေ့သို့ တိုးရန် ကြိုးစားနေလေသည်။ ဆင်ပေါက်ငယ်များသည် မိခင် ဆင်မများနှင့် ကွဲသွားရာမှ ထိတ်လန့်တကြား ဟစ်အော်ရင်း လျှောက်ပြေး နေရင်း မိုင်းဗုံးထိမှန်ကုန်ကြလေသည်။

သို့နှင့် စိတ်ထိခိုက်ရင်နာဖွယ်ရာ ဖြစ်ရပ်မှာ အတော်ကြာကြာ ဖြစ်နေရာမှ နောက်ဆုံးဆင်များ၏ ဟစ်အော်သံ များ တိတ်ဆိတ် ရပ်စဲသွားလေသည်။
ထိုအခါ မိုင်းဗုံးများရှိရာ ရော၏ နေရာ၏အပြင်ဘက် မြေပြင်သို့ ရဟတ်ယာသ်တစ်စင်းဆင်းသက်လေသည်။ အင်ဂျင်စက် ရပ်သွားပြီးနောက် ရဟတ်ယာဉ်ပေါ်မှ လူတစ်ယောက် ဆင်းလာလေသည်။
ထိုလူမှာ ကပ္ပလီ (လူမည်း) တိုင်းရင်းသားတစ်ဦးဖြစ်ပြီး မျက်နှာဖြူ အစိုးရအား တော်လှန်စဉ် ကာလ အတွင်း က လူမည်း ပြောက်ကျားများ ၀တ်ဆင်သော ဘောင်းဘီ အင်္ကျီဝတ်စုံကို ၀တ်ဆင် ထားလေသည်။ သို့သော် ဖိနပ်ကမူ အနောက်နိုင်ငံသားများသုံးသည့် ဘွတ်ဖိနပ် အကောင်းစားတစ်ရန် စီးထားပြီး သူ၏ ညာဘက်လက်တွင် အေကေ ၄၇ အမျိုးအစား မောင်းပြန် ရိုင်ဖယ် တစ်လက် ကိုင်ထားလေသည်။ ပုံပန်း သဏ္ဍာန် အားဖြင့် သူသည် ဇင်ဘာဘွေ လူမည်း ပြောက်ကျားတပ်မှ အရာရှိကြီး တစ်ဦးဖြစ်ပုံရလေသည်။
ထိုလူကြီး သည် မိုင်းဗုံးများရှိရာ နေရာ အနီးသို့ လျှောက်သွားပြီး ဆင်ကြီးများမိုင်းဗုံးထိ၍ အတုံးအရုံး သေဆုံး နေသည်ကို ငါးမိနစ်ခန့် လေ့လာကြည့်ရှုနေလေသည်။ ထို့နောက် ရဟတ်ယာဉ် ရှိရာသို့ ပြန်လျှောက် လာလေသည်။

ရဟတ်ယာဉ်ပေါ်မှ ပိုင်းလော့ (လေယာဉ်မှူး)သည် ထိုအရာရှိကို မကြည့်ဘဲ သူ၏ ရဟတ်ယာဉ် ကိုသာ ဂရုစိုက် စစ်ဆေးနေလေသည်။
ရဟတ်ယာဉ်၏ ကိုယ်ထည် အပြင်ဘက်တွင် မူလက ပါရှိသော အမှတ်အသားများကို တိပ် (ပလတ်စတာ)ဖြင့် သေချာစွာ ကပ်၍ ဖုံးအုပ်ထားလေသည်။
ယင်း ရဟတ်ယာဉ်သည် မည်သည့် ဌာန သို့မဟုတ် အဖွဲ့အစည်းပိုင် ပစ္စည်းမှန်း ရုတ်တရက် မသိ အောင် အမှတ်အသား များကို ဖုံးကွယ်ထားခြင်းဖြစ်သည်။
ရဟတ်ယာဉ်ပေါ်မှ ဆင်းလာသူ အရာရှိသည် သူ၏ အေကေ ၄၇ ရိုင်ဖယ်သေနတ်ကို သစ်ပင် ရင်းတွင် ထောင်ထား လိုက်ပြီးနောက် လက်ကိုင်ပ၀ါတစ်ထည် မြေကြီးပေါ်ခင်းပြီး ထိုင်ချလိုက်သည်။ ထို့နောက် စီးကရက် တစ်လိပ်ထုတ်ယူ၍ ဒန်းဟီးလ် အမျိုးအစား အဖိုးတန် ဓာတ်မီးခြစ် တစ်ခုဖြင့် မီးညှိ သောက် လေသည်။

သူသည် အခြေအနေကို ကျေနပ်သဘောကျဟန်ဖြင့် ပြုံးလိုက်သည်။ တစ်နည်းအားဖြင့် သူ၏ အကြံအစည် ချောမောအောင်မြင်ခြင်းကို ကျေနပ်၍ ပြုံးခြင်းဖြစ်သည်။ ယခုဆိုလျှင် ဆင်အုပ်ကြီးကို စိတ်ရှည်လက်ရှည် တောခြောက် မောင်းနှင်လျက်မိုင်းဗုံးများရှိရာသို့ ပြေးသွားစေခြင်းအားဖြင့် ဆင်များအားလုံးလိုလို သတ်ဖြတ် ပြီးသားဖြစ်နေပေသည်။
အကယ်၍သာ ဤဆင်အုပ်မှ ဆင်ကောင်ရေ သုံးရာခန့်ကို သမားရိုးကျနည်းအတိုင်း တစ်ကောင် ချင်း လိုက်လံ ပစ်ခတ် သတ်ဖြတ်ရမည်ဆိုလျှင် အချိန်များစွာ ကုန်ရုံမက လူအင်အားနှင့် ခဲယမ်းမီး ကျောက် ပမာဏ လည်း များစွာ ကုန်ရမည်မဟုတ်ပါလော။

သူသည် ဇင်ဘာဘွေ လွတ်လပ်ရေးအတွက် မျက်နှာဖြူအစိုးရအား လက်နက်ကိုင် တိုက်ခိုက်ခဲ့သော ပြောက်ကျားစစ်ပွဲ ဆင်နွှဲစဉ်ကကဲ့သို့ပင် ကြံရည် ဖန်ရည် စိတ်ကူးဥာဏ် အလွန် ကောင်းလျက် ရှိနေသေး ပေသည်။
စီးကရက် တစ်လိပ်ကုန်အောင် သောက်ပြီးနောက် ထိုလူသည် စီးကရက်တို့ကို မီးငြိမ်း သတ်လိုက် သည်။
တစ်ဖန် အိပ်ငိုက်ချင်သလို ဖြစ်လာသဖြင့် သစ်ပင်ကို အသာမှီပြီး မျက်စိမှိတ်ထားလိုက်ရာ ခဏချင်းပင် အိပ်ပျော် သွားလေသည်။

အတန်ကြာအောင် အိုပ်ပျော်နေပြီးနောက် လူသံများ ဆူဆူညံညံ ကြားရသဖြင့် အိပ်ရာမှ နိုးလာ လေသည်။ ထိုလူသည် ကောင်းကင်မှ နေကို မော်ကြည့်ရာ မွန်းတည့်လုနီးပြီဖြစ်ကြောင်း တွေ့ရ လေသည်။
ထိုလူသည် ချက်ချင်းပင် ထ၍ ရဟတ်ယာဉ်ဆီသို့ လျှောက်သွားလေသည်။ ရဟတ်ယာဉ် မောင်းသူ ပိုင်းလော့ (လေယာဉ်မှူး) မှာလည်း အိပ်ပျော်နေသဖြင့် ပခုံးကို ပုတ်နှိုးလိုက်ပြီး -
' ဟေ့လူ ထတော့၊ လူတွေ လာနေကြပြီ ' ဟု ပြောလိုက်သည်။

ထို့နောက် သူသည် ရဟတ်ယာဉ်ပေါ်မှ ရဲအရာရှိ အသုံးပြုသည့် လက်ကိုင်အသံချဲ့စက် (ဟွန်း)တစ်ခု ယူလိုက်ပြီး ရပ်စောင့်နေလေသည်။
လာသည့် လူအုပ်မှာ နှစ်ရာ သုံးရာခန့် ရှိပြီး အ၀တ်အစား အနေဖြင့် အနောက်တိုင်းသားတို့၏ ဘောင်းဘီ ဟောင်း များ၊ တိရစ္ဆာန်သားရေဖြင့် ချုပ်လုပ်ထားသော ၀တ်စုံ စသည်တို့ကို ၀တ်ဆင်ထားသူ တိုင်းရင်းသား လူမည်း များ ဖြစ်လေသည်။

လူအုပ်တွင် ယောက်ျားက ရှေ့ဆောင်ပြီး သူတို့နောက်မှ အမျိုးသမီးများလည်း တန်းစီ လိုက်ပါလာ ကြသည်။ အမျိုးသမီးအတော်များများမှာ ခန္ဓာကိုယ် အပေါ်ပိုင်းတွင် လုံးဝ အ၀တ်အစား မရှိဘဲ အောက်ပိုင်းသာလျှင် ဂါဝန်လိုလို အ၀တ်အထည်များ ၀တ်ဆင်ထားကြသည်။
လူအုပ်ထဲမှ လူအားလုံးသည် မိုင်းဗုံးထိ၍ အတုံးအရုံး လဲကျသေဆုံးနေသော ဆင်ကြီးများကို ကြည့်ပြီး သဘောကျ ဟန်ဖြင့် အချင်းချင်း စကားပြောလိုက်၊ ဆင်သေကောင်ကြီးများကို လက်ညှိုးထိုးပြပြီး ရယ်မော လိုက် နှင့် ပျော်ရွှင်အားရနေပုံ ရလေသည်။

ရဟတ်ယာဉ်အနီးမှ အရာရှိသည် ထိုလူများကို ကြည့်နေပုံမှာ အထင်အမြင်သေးဟန်၊ ကဲ့ရဲ့ ရှုတ်ချ သည့် ဟန်မျိုး ဖြစ်နေလေသည်။ သို့ရာတွင် လူများ ပျော်ရွှင်ကျေနပ်နေကြသည်ကို ဟန်တားခြင်း မပြုချေ။
အမှန်တော့ ထိုလူများသည် ရှစ်ရက်တိုင်တိုင် ဆင်အုပ်နောက်မှ လိုက်၍ တောခြောက်လျက် ဤ မိုင်းဗုံးများ ရှိရာနေရာ သို့ ဆင်များကို မရောက်ရောက်အောင် မနားတမ်း မောင်းနှင်ပေးခဲ့ကြသဖြင့် ယခု သူတို့၏ ကြိုးပမ်းချက် အောင်မြင်ခြင်းကြောင့် ၀မ်းသာအားရ ဖြစ်နေခြင်းကို မဟန့်တားဘဲ နေခဲ့ခြင်းဖြစ်လေသည်။

အတန်ကြာမှ အရာရှိသည် လက်ကိုင် အသံချဲ့စက် ကိရိယာကို သူ၏ ပါးစပ်တွင် တေ့ပြီး ' ဟေ့ အားလုံး ငြိမ်ကြစမ်း၊ အားလုံး ငြိမ်  ဟု ဟစ်အော် အမိန့်ပေးလိုက်သည်။
အားလုံး တိတ်ဆိတ် ငြိမ်သက်သွားတော့မှ အရာရှိသည် လူများ အုပ်စုခွဲ၍ အလုပ်လုပ်ရမည့် တာဝန်များကို ပြောပြ လေသည်။ ပုဆိန်၊ ဓား၊ လက်နက်များ ကိုင်ဆောင်သူ ယောက်ျားများအား ဆင်သေကောင်များကို လှီးဖြတ် ဖျက်ရန် တာဝန်ပေးပြီး အမျိုးသမီးများကိုမူ မီးဖိုများ ဖိုရန်အတွက် ထင်းများအဖြစ် အသုံးပြုရန် သစ်ကိုင်း သစ်ချောင်းများ ရှာဖွေ စုဆောင်းခိုင်းလေသည်။
သူတို့ ရောက်ရှိနေသည့် နေရာနှင့် သေနေသော မိုင်းဗုံးရှိသော နေရာက အတော်ကလေး အလှမ်း ဝေးလေရာ ခုတ်ထစ် လှီးဖြတ်မည့် လူအုပ်စု တစ်စုကို ရဟတ်ယာဉ်ဖြင့် တင်လျက် အနီးဆုံး ဆင် သေကောင် ဆီသို့ ခေါ်သွားလေသည်။

ဆင်သေကောင်အနီးသို့ ရောက်သွားသောအခါ လူမည်းအဖွဲ့ထဲမှ အသက်ကြီးကြီး လူတစ်ယောက် အား ...
' ဟေ့ အရင်ဆုံး ဆင်စွယ်တွေကို ထုတ်ယူရမယ်၊ ပြီးတော့မှ အသားတွေ ဖျက်ယူကြရမယ်၊ နားလည်လား' ဟု အမိန့် ပေးလိုက်သည်။
လူမည်း အမျိုးသားကလည်း နားလည်ဟန်ဖြင့် ခေါင်းညိတ် လိုက်သည်။
အရာရှိ သည် သူကိုယ်တိုင် ဆင်ထီးကြီး ကိုယ်ပေါ်သို့ တက်ပြီး ကျေနပ်အားရဟန်ဖြင့် ကြည့်နေ လေသည်။

တိုင်းရင်းသား လူမည်းများက ဆင်သေကောင်ကို ခုတ်ထစ်၍ ဖျက်ရန် အဆင်သင့် ပြင်ဆင်ကြ လေသည်။
တစ်နေရာတွင် ဆင်မကြီး တစ်ကောင်သည် မသေသေးဘဲ လှုပ်ရှားနေသဖြင့် အရာရှိက သူ၏ အေကေ ၄၇ ရိုင်ဖယ်ဖြင့် အသေ ပစ်သတ်လိုက်သည်။
သည်တော့ မှ ဆင်မကြီးလည်း တုံးလုံးလဲကျကာ ငြိမ်သွားလေတော့သည်။

အလားတူ မသေမရှင် ဖြစ်နေသော ဆင်များလည်း ရှိလေရာ ထိုဆင်များကိုလည်း မောင်းပြန်ရိုင်ဖယ် သေနတ်ဖြင့် အသေပစ်သတ်လိုက်သည်။
တိုင်းရင်းသား လူမည်းများသည် အုပ်စုလိုက် တာဝန်ခွဲပေးထားချက်အရ ဆင်သေကောင်များကို ခုတ်ဖြတ် လှီးဖျက် လုပ်ငန်း စတင်ကြလေသည်။ သို့သော် ရိုင်ဖယ် သေနတ်ကိုင် အရာရှိ၏ ညွှန်ကြားချက်အရ ဆင်စွယ်ကြီး များကို ရှေးဦးစွာ လှီးဖြတ် ထုတ်ယူကြသည်။

တိုင်းရင်းသား လူမည်းများသည် ရိုင်ဖယ် သေနတ်ကိုင်အရာရှိကို အလွန်ကြောက်ကြပုံရသည်။ ထို့ ကြောင့် ဆင်စွယ်များကို ဖြတ်ထုတ်ရာ၌ အထူးသတိထားလျက် ဖြတ်ထုတ်ကြသည်။ တစ်ခါက တိုင်းရင်းသား တစ်ဦး က အမိန့်တစ်ခု မရှင်းလင်း၍ ပြန်မေးရာ အရာရှိက စိတ်ဆိုးပြီး ရိုင်ဖယ်သေ နတ်ဒင်ဖြင့် တအား လွှဲရိုက် လိုက်သောကြောင့် ထိုလူမှာ မေးရိုးကျိုးခဲ့ဖူးသည်။
ဆင်စွယ်များတွင် ဓား၊ ပုဆိန် လက်နက်များဖြင့် ခုတ်ထစ်မိသည့် အရာများထင်သွားပါက ဆင်စွယ် တန်ဖိုး များစွာ ကျသွားနိုင်ကြောင်း သိကြသဖြင့် အထူးသတိထားကာ ဆင်စွယ်များကို ဖြတ်ထုတ် ကြခြင်းဖြစ်သည်။ ဆင်စွယ် တွင် ထိခိုက်မှု အပြစ်အနာအဆာများ ဖြစ်သွားပါက အရာရှိက မည်သို့ ရက်စက်စွာ အရေးယူ မည်ကို မတွေးဝံ့ကြချေ။
ဆင်တစ်ကောင်မှ ဆင်စွယ် တစ်စုံကို ဖြတ်ထုတ်ပြီးသည်နှင့် ရဟတ်ယာဉ်ပေါ်သို့ စက်သီးကြိုးဖြင့် ဆွဲတင် ယူလိုက် လေသည်။ ထို့နောက် ရဟတ်ယာဉ်က နောက်ထပ် ဆင်တစ်ကောင် ရှိရာသို့ သွားလေသည်။

သို့နှင့်ပင် တိုင်းရင်းသား လူမည်းတို့၏ လုပ်အားဖြင့် ထိုနေ့ မွန်းလွဲပိုင်းမှ စပြီး မနားမနေ အလုပ် လုပ်ကြရာ ညလုံးပေါက် လုပ်၍ နံနက် အရုဏ်တက်ချိန် ရောက်သောအခါ ဆင်စွယ်အားလုံးလိုလို လှီးဖြတ် ထုတ်ယူပြီးသား ဖြစ်သွားလေသည်။ သူတို့သည် တစ်ညလုံး မီးတုတ်များ ထွန်းညှိ၍ တောက်လျှောက် အလုပ် လုပ်ခဲ့ကြသည်။
ဆင်စွယ်များ ထုတ်ယူခြင်းကို အဓိကဦးစားပေး လုပ်ပြီးသောအခါ ဆင်သေကောင်များမှ အသားများကို ခုတ်ထစ် ဖျက်ကြပြန်သည်။ ဆင်များ၏ ရင်ပုံနှင့် ပခုံးမှ အသားကောင်းကောင်း၊ ပေါင်သားကောင်း ကောင်းများကို ရဟတ်ယာဉ်ဖြင့် အခေါက်ခေါက်သယ်၍ မိုင်းဗုံးရှိရာ ဧရိယာမှ လွတ်လွတ်ကင်းကင်း ခပ်ဝေးဝေး နေရာသို့ ပြောင်းရွှေ့ယူဆောင်လေသည်။
ထိုနေရာတွင် တိုင်းရင်းသူ လူမည်း အမျိုးသမီးများက ဆင်သားများကို လှီးဖြတ်၍ မီးသွေးမီးဖိုများဖြင့် ကင်ကြ လေသည်။

ရိုင်ဖယ် သေနက်ကိုင် အရာရှိသည် တိုင်းရင်းသား လူမည်းများအား ကြီးကြပ်ကွပ်ကဲလျက်ရှိရာမှ ထိုနေ့အဖို့ ဆင်အုပ်ကြီး မှ ရရှိမည့် အကျိုးအမြတ်များကို စိတ်ထဲမှ ခန့်မှန်းတွက်ချက် ကြည့်လေ သည်။ ယခု ဆင်စွယ်နှင့် ဆင်သားများကိုသာ ယူပြီးဆင်သားရေများကို မသယ်ယူနိုင်ခြင်းအတွက် ၀င်ငွေ အတော်လျော့ သွားမည် ဟုလည်း တွက်မိသည်။
ဆင်တစ်ကောင် ၏ သားရေကို စနစ်တကျ ခွာယူ၍ ရောင်းချပါက တစ်ခုလျှင် ဒေါ်လာငွေ တစ်ထောင် တန်ဖိုး ရှိပေသည်။ သို့ရာတွင် ဆင်သားရေများသည် အလွန်ထုထည်ကြီးမားသဖြင့် သယ်ယူရာ၌ ခက်ခဲ သည့်ပြင် ကြာရှည်ခံအောင် ပြုပြင်စီမံရသည်မှာလည်း မလွယ်ကူလှသော ကြောင့် မယူဘဲ စွန့်ပစ်ခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်လင့်ကစား ဆင်စွယ်များနှင့် ဆင်သားများကို ရောင်း၍ ရမည့်ငွေ ပမာဏက အလွန်များလှ ပေသည်။ အာဖရိကတိုက်မှ တိုင်းရင်းသားများသည် ဆင်သားဆိုလျှင် အလွန်မက်မောစွာ ၀ယ်ယူ စားသောက်လေ့ ရှိကြပေသည်။

ယခု ဆင်သေများမှ ရရှိသည့် ဆင်သားက တန်ချိန် ငါးရာခန့် ရှိမည်ဖြစ်သည်။ မီးကင်ထားသော ဆင်သားကို ရောင်းလျှင် တစ်ပေါင်လျှင် နှစ်ဒေါ်လာနှုန်းရရှိရန်လည်း ကြိုတင် ပြောဆိုထားပြီး ဖြစ်သည်။ ယင်းနှုန်းဖြင့် ဆင်သားတန်ချိန်ငါးရာကို ရောင်းလျှင် အမေရိကန်ဒေါ်လာငွေ ဆယ်သိန်း ခန့် ရရှိ မည်ဖြစ်သည်။
ဆင်စွယ်များကိုလည်း ရဟတ်ယာဉ်ဖြင့် သီးသန့် တစ်နေရာသို့ သယ်ယူ၍ နေရာချထားပြီးဖြစ်သည်။ ထိုဆင်စွယ်များ ကို တိုင်းရင်းသား လူမည်းများက ဆေးကြော တိုက်ချွတ်၍ သန့်စင်အောင် ပြုလုပ် နေကြသည်။ ဆင်စွယ်များတွင် သွေးစ သွေးနများပင် မကျန် အောင် သန့်ရှင်းရေး လုပ်နေကြသည်။

စုစုပေါင်းဆိုလျှင် ဆင်စွယ် အချောင်းလေးရာခန့်ရှိရာ အချို့ ဆင်စွယ်များမှာ အရွယ်မရောက်သေးသော ဆင်များ မှ ဖြတ်ယူ၍ အလေးချိန် ခပ်ပေါ့ပေါ့ ဖြစ်နေသည်။
ဈေးလည်း အနည်းငယ်လျှော့၍ ရောင်းရမည် ဖြစ်သည်။ သို့သော် ဆင်ထီးကြီးများ၏ ဆင်စွယ်များ ကမူ တစ်ခု လျှင် အလေးချိန် (၈၀)ပေါင်ခန့် ရှိမည် ဖြစ်သည်။
ဟောင်ကောင်မြို့တွင် ဆင်စွယ်ဈေးနှုန်းမှာ တစ်ပေါင်လျှင် ဒေါ်လာ တစ်ရာခန့် ရှိသဖြင့် စုစုပေါင်း အမေရိကန် ဒေါ်လာငွေ ရှစ်သိန်းခန့်ရရှိမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ထိုနေ့ တစ်နေ့တာ အတွက် ရရှိသည့် ၀င်ငွေမှာ ဒေါ်လာငွေ ဆယ်သိန်းကျော် ဖြစ်သည်။

( မှတ်ချက်။    ။  အာဖရိကတိုက် ဇင်ဘာဘွေလို နိုင်င့၌ လူတစ်ယောက်၏ တစ်နှစ် ပျမ်းမျှ ၀င်ငွေမှာ ဒေါ်လာ ခြောက်ရာသာ ရှိသည်။ )
ထိုနေ့က ဆင်ကြီးများ သတ်ဖြတ်၍ ဆင်စွယ်၊ ဆင်သား ရယူခဲ့သည့် စစ်ဆင်ရေးတွင် ထိခိုက်မှုများ တော့ အနည်းငယ် ရှိခဲ့ပေသည်။
တိုင်းရင်းသား လူမည်းတစ်ဦးသည် ပုဆိန်ကိုင်လျက် ဆင်သေကြီးတစ်ကောင်ပေါ်သို့ တက်၍ ဖျက်နေခိုက် ခြေချော်ပြီး ဘေးသို့ လွင့်စဉ် ကျသွားရာ မပေါက် သေးသော မိုင်းဗုံးတစ်လုံးပေါ်သို့ တိုက်ရိုက်ကျသွားသဖြင့် မိုင်းဗုံးကွဲပြီး သေဆုံးခဲ့သည်။ နောက် တစ်ယောက်ကလည်း ဆင်သေကောင်ကို ပုဆိန်ဖြင့် တအားလွှဲခုတ်လိုက်စဉ် သူ၏ ခြေထောက်တစ်ဖက်ကို ခုတ်မိသွားသည်။ အလားတူပင် ထိခိုက်ဒဏ်ရာ ရသူ များလည်း ရှိခဲ့သည်။

ရိုင်ဖယ်သေနတ် အရာရှိကမူ တိုင်းရင်းသား လူမည်းများ ဆင်ခြင်ဥာဏ်ကင်းမဲ့လွန်း၍ ဖြစ်ကုန်ကြသည် ဟု သတ်မှတ် ကာ လျစ်လျူရှုလိုက်သည်။
တတိယမြောက် နံနက်ခင်းတွင် ဆင်စွယ်အားလုံးကို တိုက်ချွတ် ဆေးကြောသန့်စင်ခြင်း လုပ်ငန်း လုံးဝ ပြီးစီး သွားလေသည်။ ထိုအခါ ကပ္ပလီ အလုပ်သမားများသည် ဆင်သားများ လှီးဖြတ် မီးကင်ရာသို့ သွားရောက်၍ ကူညီ လုပ်ကိုင် ပေးကြရလေသည်။

လက်နက်ကိုင် အရာရှိသည် ဤလုပ်ငန်း တစ်ခုလုံးကို လာရောက် စစ်ဆေးကြည့်ရှုမည့ သူ၏ အထက် လူကြီးကို အသင့် စောင့်နေလေသည်။ ထိုပုဂ္ဂိုလ်ကြီး လာရောက်သည့်အခါ သူသည် မည်သူမည်ဝါ ဖြစ်ကြောင်း မည်သူမှ မသိရန် အရေးကြီးသဖြင့် တိုင်းရင်းသား လူမည်းများအား လုပ်ငန်းပြီးပြီးချင်း ခပ်ဝေးဝေး တစ်နေရာသို့ မောင်းနှင် လွှတ်လိုက်သည်။
မကြာမီ စစ်ဆေးမည့် ပုဂ္ဂိုလ်ကြီးသည် ရဟတ်ယာဉ်နှင့် ရောက်ရှိလာလေသည်။

သူသည် ထောင်ထောင်မောင်းမောင်းခံ့ညား ချောမွေ့သူ ဇင်ဘာတွေ အမျိုးသား လူမည်းတစ်ဦးပင် ဖြစ်သည်။ သို့သော် အလွန်လှပ ပုံကျစွာ ချုပ်ထားသော အနောက်တိုင်း ၀တ်စုံတစ်စုံကို ၀တ်ဆင် ထားလေ သည်။
ထိုပုဂ္ဂိုလ်သည် အသင့်စောင့်နေသော အရာရှိအား လက်ဆွဲနှုတ်ဆက်ပြီး ဆင်စွယ်များကို ကြည့်ကာ ကျေနပ် သဘောကျသွားပုံ ရလေသည်။
လူငယ်အရာရှိ က "ရဲဘော် နိုင်ငံရေး ခေါင်းဆောင်ကြီး ခင်ဗျား" ဟု စကားစလိုက်လျှင် ထိုပုဂ္ဂိုလ်က လက်ကာပြီး ပြုံးလိုက်သည်။

"ကျုပ်ကို ရဲဘော် နိုင်ငံရေးသမားလို့ မခေါ်နဲ့တော့၊ ကျုပ်က အခု ဗဟို အစိုးရအဖွဲ့မှာ ၀န်ကြီးတစ်ဦး ဖြစ်နေပြီဗျ၊ အရင်ကလို ပြောက်ကျား ခေါင်းဆောင် မဟုတ်တော့ဘူး"
ဤသို့လျှင် သူ၏ဂုဏ်ပုဒ်ကို ဖော်ထုတ် ပြောလိုက်သည်။
-----------------------------
အခန်း (၂) ဆက်ရန်
.

4 comments:

ဇော်သိင်္ခ said...

ဆရာမရေ.. ဆင်အုပ်ကြီးအကြောင်းကတော့ အရမ်းဖတ်လို့ကောင်းတယ်ဗျာ.. ဒါပေမယ့် ဆင်အုပ်ကြီးကို မိုင်းဗုံးတွေအတွင်း သွင်းပြီး သတ်ဖြတ် ရောင်းစားကြတာကတော့ လူမဆန်တော့တဲ့ လုပ်ရပ်တစ်ခုဖြစ်ပြီးတော့ စိတ်မကောင်းစရာ အဖြစ်အပျက်တစ်ခုဖြစ်နေတယ်နော်..။
နောက်အပိုင်းများလည်း ဆက်ဖတ်ပါအုံးမယ်..

ကိုဇော် said...

ငယ်ငယ်က ဖတ်ဖူးတယ် အစ်မရေ။
ဘယ်က ပြန်ပြီး ရှာရှဖွေဖွေ ပြန်တင်ထားလဲ မသိ။

Anonymous said...

ဆင်အုပ်ကိုအဲဒီလိုလုပ်တာ သူတို့ရဲ့စိတ်ဓာတ်ကို သိစေတယ်
ကြောက်စရာကြီးနော်..ရက်စက်လိုက်တာ

အမ..နေ့တိုင်းဖတ်မှာ..မျှော်နေမယ်..ကျေးဇူးးး

မြတ်နိုး

လသာည said...

ဒီပိုစ်ကို စဖတ်ကတဲက ကြိုက်သွားပြီ..။
နေ့တိုင်းလာမယ် စိတ်ချ..။ ကျေးဇူးတင်ပါတယ်..