Sunday, April 25, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၈၇)

တနင်္သာရီနေ့စဉ် မျက်နှာဖုံးသတင်း

ရန်ကုန်သတင်းစာများက ၀ိုင်းဝန်းညှာတာလျက် သူ့လို ပက်ပက် စက်စက် သူတပါး အရှက်ရ မည့် အညှီ အဟောက် သတင်းမျိုးကို ဖေါ်ပြခြင်း မပြုကြဘဲ သတင်းကို ထိန်ချန် လျှို့ဝှက်ထားပေးကြပါ သည်။ သို့သော် အချင်းချင်းတွေ့ရာမှာ ကြိတ်ဝိုင်းဖွဲ့၍ ပါးစပ်သတင်းကြီးနေချိန်မှာ မော်လမြိုင်မြို့မှ တနင်္သာရီ သတင်းစာ ကနေပြီး အစပြု၍ ဖေါ်လိုက်ပါသည်။ သတင်းမှာတော့ ရန်ကုန်မြို့ပေါ်မှာ သတင်းစာ တိုက်တတိုက် က မော်လမြိုင်မြို့ တနင်္သာရီသတင်းစာတိုက်နှင့် ဆက်သွယ်ထားသော သတင်းထောက် များက ပေးပို့လိုက်သော သတင်း ဖြစ်သည်ဟု သိရပါသည်။ ရန်ကုန်ထုတ် သတင်းစာတွင် မထည့်ဘဲ မော်လမြိုင် ထုတ် သတင်းစာတိုက်သို့ နယ်လွှဲလိုက်ခြင်း ဖြစ်ပါသည်။

ထိုသတင်းအစကို ၁၉၆၀-ခု အောက်တိုဘာလ ၁၆ရက်နေ့ထုတ် တနင်္သာရီသတင်းစာ မျက်နှာဖုံး တွင် စာလုံး မဲမဲကြီးတွေ ခေါင်းစီးပြုလျက် ပါရှိလာပါသည်။ ခေါင်းစီး စာသားမှာတော့ (ဗမာ့ခေတ်၏ နန်းတွင်း ရေး အကွဲ ဇာတ်လမ်း)ဟု တကြောင်းတပ်၍ ဒုတိယ ခေါင်းစီး စာလုံးမဲကြီးမှာ (မိုးကြိုးကြီး တို့ ထွက်တော်မူ တိုက်ကခွာ ဟု ပါရှိပါသည်။ ရန်ကနု အထူးသတင်းထောက်ထံမှ ဆိုပြီး အပို ခေါင်းစဉ် စာလုံးမဲ ကလေးများနှင့် လည်း ဤသို့ အဆစ်ပါလာလေသေးသည်။

သာဗိန္ဒ နှင့် ဒေါ်မြညွန့်တို့ ကိစ္စတွင် ၀က်ဝက်ကွဲအောင် ရေးသားခဲ့သော ဗမာ့ခေတ် သတင်းစာတိုက် ပိုင်ရှင် ဦးအုန်းခင် နှင့် ဒဂုန်ခင်ခင်လေး တို့မှာ အိမ်ထောင်ရေး အဆင်မပြေသည့်အတွက် လင်မယား ချင်း ကွာရှင်း ပြတ်စဲ လိုက်ပြီဆို၏။

ယင်းခေါင်းစဉ် စာလုံးမဲကလေးများ အောက်မှ သူတို့ ရရှိသမျှ သတင်းများကို အောက်ပါအတိုင်း ဖေါ်ပြ ထားပါသည်။
ထိုသို့ လင်မယားကွာရှင်း ပြတ်စဲရာတွင် ဗမာ့ခေတ် သတင်းစာတိုက်ကို ဒဂုန်ခင်ခင်လေး ရရှိပြီး ဦးအုန်းခင် မှာ အိမ်ပေါ်မှ ဆင်းပေးရသဖြင့် သိမ်ဖြူလမ်းရှိ မိုးကြိုးကုမ္ပဏီတွင် သွားရောက် နေထိုင် သည်။ ဗမာ့ခေတ် သတင်းစာ ကို ဒဂုန်ခင်ခင်လေးက ရရှိလိုက်သည့်အတွက် ဦးအုန်းခင် တပည့်  ဖြစ်သော အယ်ဒီတာနှင့် မန်နေဂျာ တို့ကို အလုပ်မှ ဖြုတ်လိုက်ပြီး လူစားခန့် ၍ ဗမာ့ခေတ်ကို ဆက်လက် ထုတ်ဝေနေသည်။

ဦးအုန်းခင် ကလည်း အလုပ်ဖြုတ်ခံရသော ၎င်း၏တပည့်ဟောင်းများနှင့် ပြန်လည်စုပေါင်းကာ သတင်းစာ တစောင် ထုတ်ဝေရန် စီမံစိုင်းပြင်းနေပြီဖြစ်ရာ မကြာမီ ထုတ်ဝေနိုင်တော့မည် ဆို၏။ ၄င်းတို့ ထုတ်ဝေရန် စိုင်းပြင်း လျက်ရှိသော သတင်းစာ အမည်မှာမူ ရွေးချယ်ဆဲဟု ဆိုသည်။ ၄င်း သတင်းစာ အမည်ကို မကြာမီ သတင်းစာ များမှ ကျေညာမည်ဟုဆို၏။

စသည်ဖြင့် ရေးသားဖေါ်ပြပါရှိလာသည်။ ရန်ကုန်မြို့ပေါ်က သတင်းစာတွေမှာ မပါဘဲ အဝေးက သတင်းစာ ၌ပါလာမှ အချို့တဆင့် စကား တဆင့်ကြား၍ ပြန့်ပွားသွားသည်။ သိလိုသူများက တနင်္သာရီသတင်းစာကို မရမက ရှာမေးဖတ်ကြသည်။ တနင်္သာရီသတင်းစာမှလည်း ရန်ကုနိသု့ များ များမရောက်လာ။ မော်လမြိုင်၊ သထုံ၊ အဆက်ရှိသော သူများနှင့် အသင်းသားများထံ၌သာ အများအားဖြင့် ရရှိကြပါသည်။ ထိုသတင်းစာ ကို ကျမ ရရှိသည်မှာ မော်လမြိုင် ဗမာ့ခေတ် သတင်းစာကိယ်စားလည်က ဗမာ့ခေတ်သတင်းစာတိုက်သို့ တကူးတက ပို့လိုက်၍ ရရှိခြင်း ဖြစ်ပါ သည်။ ကိုယ်စားလည်က ပို့လိုက်ခြင်းမှာလည်း မမှန်သတင်းဟု ယူဆ ပြီး တိုက်ရှင်ဟောင်းကြီးကို ကြည်ညိုသူ အထင်ကြီးသူဖြစ်၍ မဟုတ်မမှန်ပါက အရေးယူရန် တရားစွဲရန် အကြံပေး စာပင် ပူးတွဲ ရေးပို့လိုက်ပါသေးသည်။

၎င်း  တနင်္သာရီသတင်းစာက ဈေးဦးပေါက် ပါလာရာ၌ မူရင်း သတင်းများမှာ မှန်ကန်သော်လည်း အယ်ဒီတာ ထုတ်ပစ်ခြင်း ဆိုသည်မှာ မမှန်ပါ၊ အယ်ဒီတာက သူ့အလိုလျောက် အယ်ဒီတာ အချင်းချင်း အဆင်မပြေ မှုကြောင့် နှုတ်ထွက်သွားခြင်း ဖြစ်ပါသည်။ သတင်းစာခေါင်းကြီးပိုင်း အပေါ်မှ ထုံးစံအတိုင်း ထည့် နေကျ စာရင်းကိုတော့ ကွာရှင်းပြီးစကပင် ဖြုတ်ချထားလိုက်ပြီး တာဝန်ခံ အယ်ဒီတာ မောင်သန်းညွန့်် အမည်ကို သတင်းစာကျောဘက်၌ ပုံနှိပ်ထုတ်ဝေသူ ဦးကိုလေးအမည်နှင့် ပူးတွဲ ထည့်ထား လျက် ရှိပါသည်။ အယ်ဒီတာမောင်သန်းညွန့် နှုတ်ထွက်သွားသောအချိန်မှ သူ့အမည် ကို မထည့်ဘဲ တားခဲ့ခြင်းဖြစ်ပါသည်။ မန်နေဂျာထုတ်ပစ်ရ သည်မှာတော့ သတင်းစာတွေမှာကျေညာချက်နှင့် ထုတ်ပစ် ခဲ့ရခြင်းဖြစ်၍ ရှင်းနေပြီးသား ဖြစ်ပါသည်။

သို့ရာတွင် သူ့လူဟူသောသဘော သေးနုတ်သည့် အပြုအမူမျိုးနှင့် ထုတ်ပစ်ခြင်း မဟုတ်ပါ။ စင်စစ် အားဖြင့် ထုတ်ပြစ်ရသော မန်နေဂျာမှာ ကျမ၏ မောင်နှစ်ဝမ်းကွဲ တော်စပ်ပြီး ၄င်းတို့မောင်နှမသားချင်း တစုလုံး အား ကျမက ကြည့်ရှုစောင့်ရှောက်ထားခဲ့သူများ ဖြစ်ပါသည်။ မန်နေဂျာ၏ တဘက်သတ် မတရား အလိုတော်ကျလုပ်၍ ကိစ္စအရှုပ်တို့ကိုဖုံးအုပ်ပေးခဲ့ခြင်း၊ ငွေရေး, ကြေးရေးများကို တပါးကျွန်သဘွယ် ဖလှယ်ပေးခဲ့ခြင်း၊ သတင်းစာတိုက် အလုပ်ကြီးတခုလုံးကိုပင် ကျမနာမည်တိတ်တဆိတ်ဖြုတ်ချ၍ သူ့အမည် သွင်းပေးကာ မျှနှင့် စာချုပ်လိမ်မှာ ကြံရာပါပြုခဲ့ခြင်းစ သော အပြစ်ကြီးများကြောင့် အပြစ်များ လှသည့် အလျောက် ထုတ်ပစ်ခဲ့ရခြင်းဖြစ်ပါသည်။

ဤမျှ ကျေးဇူးပြုထားခဲ့သော အမအပေါ်၌ တော်လှန်ခြင်း၊ ကျေးစွပ်ခြင်း၊ မဖြောင့်မတရားပြုခြင်းများက အထင် အရှား ရှိနေသူဖြစ်ပါသည်။
မဟာဗောဓိ တန်ဆောင်းကြီးကိစ္စ နောက်ကိစ္စတခုကလည်း ရွှေတိဂုံစေတီတော်ယင်ပြင်ရှိ မဟာဗောဓိ တန်ဆောင်း ကြီးနှင့် ပတ်သက် ၍ တီးတိုးစကားပေါ်လာပြန်ပါသည်။ ကျမဆောက်လုပ်သည့် အဆိုပါ တန်ဆောင်းကြီးမှာ ပြီးစီး လှုနီး ဖြစ်နေပါပြီ။ ရွှေစာလုံးကြီးများနှင့် အလှူရှင် နာမည်တွေပင် တတ်ဆင် ပြီးစီး နေပါပြီ။ အသေးစိတ် မွမ်းမံ ချယ်လှယ်ခြင်း၊ ဆင်းတုတော်များ ရွှေချ၍ ပြီးသောအခါ လာမည့် တပေါင်း လဆန်း ကျမ မွေးလ မွေးရက် မွေးနေ့ ကြုံသောရက်မှာ ရေစက်ချရန် ရည်မှန်းထားပြီးသား ဖြစ်ပါ သည်။

တန်ဆောင်းကြီး ရေစက်ချရမှီ ကွာရှင်း ပြတ်စဲသွားပြီဖြစ်၍ ကျမတဦးတည်းသာ ရေစက်ချ ရပါမည်။ ဤ တန်ဆောင်းကြီးကို ဆောက်လုပ် လှူဒါန်းသည်မှာလည်း ကျမစေတနာအရ၊ ကျမ သုံးစွဲ ၀တ်ဆင်သော စိန်ထည် များ ရောင်းချ ရေစက် သွန်းလျက် စင်ကြယ် မွန်မြတ်သော စေတနာ နှင့် ဆောက်လုပ် လှူဒါန်း ခြင်း ဖြစ်ပါသည်။ တန်ဆောင်းကြီး ပြီးစီးသည်အထိ ကျမသာလျှင် ကုန်းတော်ပေါ်သို့ အမြဲသွား၍ ကျမ စိတ်ကြိုက် ကြည့်ရှုစီမံခဲ့ပါသည်။

ကျမတဦးတည်းသာ မကြာ ခဏလာ၍ တန်ဆောင်းကို ကြီးကြပ် ဆောက်လုပ်သည်။ ငွေရေး၊ ကြေးရေး ပေးစရာ ရှိလျှင်လည်း ကျမတဦးတည်းသာ နယ်သာလင် ဘဏ်တိုက်၌ သီးသန့်အပ်ထားသော အလှူငွေ စာရင်းမှ ချက်လက်မှတ်များနှင့် အရစ်ကျ ငွေထုတ်၍ တာဝန်ယူပေးချေလျက် ရှိပါသည်။ ထိုတန်ဆောင်း ကြီး အား တနှစ်ကြာမျှ မေတ္တာနှင့် စီမံတည်ဆောက်ပေးသော ကန်ထရိုက်တာကြီး ဦးနီကိုယ်တိုင် အသိ ဖြစ်ပါ သည်။ ကန်ထရိုက်စံနစ်အရ အရစ်ကျ ဦးနီသို့ ပေးချေခဲ့သမျှ ငွေများသည် မဟာဗောဓိ တန်ဆောင်း ကြီး ပြီးစီးသည်အထိ ငွေပေါင်းတသိန်းကျော်ခဲ့ရာ ကျမအမည်နှင့် သီးသန့်ထားသော နယ်သာလင် ဘဏ်စာရင်း မှ ငွေများသာ ဖြစ်၍ ဦးနီသို့ ပေးသမျှ ချက်လက်မှတ်များမှာလည်း ကျမ အမည် လက်မှတ် နှင့်ချည်းသာ ဖြစ်ပါသည်။ ကျမထံတွင် ကျန်ရှိနေသော ချက်လက်မှတ်စာအုပ်၏ လက်ခံဖြတ်ပိုင်း များမှာလည်း အရစ်ကျများနှင့်တကွ ယနေ့အထိ ရှိနေပါသည်။ ဗမာ့ခေတ် အလုပ်တိုက်မှ ဘဏ်ငွေ စာရင်း များနှင့် တခြားစီ ဖြစ်ပါသည်။

ထို့ကြောင့် တပေါင်းလဆန်းတွင် ရေစက် ချရာ၌ ကျမတဦးတည်း ရေစက်ချရမည်။ ကွာရှင်းပြီး ကြ၍ နှစ်ယောက်ရေစက်ချရန် မဟုတ်၍ နှစ်ယောက်နာမည်ပါသော စာလုံးများကိုလည်း မလိုတော့သောကြောင့် ရေစက်မချမှီ နှစ်ဦးနာမည်ကို ဖြုတ်ခါ ကျမတဦးတည်း အမည်ကိုသာလျှင် ပြုပြင် တပ်ဆင်ပေးရန် စီမံ ရပါသည်။ ယခင်က ဗမာပြည် အရပ်ရပ်၌ လှူခဲ့တန်းခဲ့သမျှ ရေစက်ချ ခဲ့သမျှတို့မှာ ကျမပိုင် ပစ္စည်းတွေနှင့် ကျမသဘောကျ လှူခဲ့သော်လည်း တသီးတခြား မခွဲပါ။ သူ့စေတနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ နှစ်ဦးနာမည်တွေနှင့်ချည်း ကမ္ဗည်းဆိုင်းဘုတ် တင်ထားခဲ့ပါသည်။ ရေစက်ချပြီးသော ကမ္ဗည်း ဆိုင်းဘုတ် ဟောင်းများ ကို ဖြုတ်ချ ပြင်ဆင်ခြင်း တခုမျှ မပြုခဲ့ပါ။ ယခု မဟာဗောဓိ တန်ဆောင်းသစ်ကြီးမှာတော့ ရေစက် မချရသေး၍ ကမ္ဗည်းဆိုင်း ဘုတ်ကို ပြုပြင်စေခြင်း ဖြစ်ပါသည်။

အခြား အကြောင်းတခုကလည်း သံသရာ၌ အလွန်အရေးကြီးသည်ဟု ယူဆမိသော အကြောင်း တစ်ခု ရှိပါသည်။ ကျမသည် ဗုဒ္ဓဘာသာ ပီပီသသ ဖြစ်ကြသော ဘေးဘိုးမိဘတို့မှ ဆင်းသက်လာ ခဲ့သူ ဖြစ်သည့် အတိုင်း ဘာသာရေး ကိုင်းရှိုင်းရာ၌ ဗုဒ္ဓမြတ်စွာ၏ တရားတော်ကို အထူးသက်ဝင် ယုံကြည်ခဲ့သည်။ ပိဋကတ် ကို ထုံးလိုချေ ရေလိုနှောက်ခဲ့သော ပိဋကတ်တော် အုပ်မိုင်းခိုင်း မြို့စား အတွင်းဝန်မင်းမှာ ဘေး ဖြစ်၍ တောင်ခွင်သာသနာပိုင် ဆရာတော်မှာ ဘိုးဖြစ်သည်။ ထို့ကြောင့် ကုသိုလ်၊ အကုသိုလ်ကို ငယ်စဉ် ကပင် ခွဲခြားသိလာသူ ဖြစ်သည့်အတိုင်း နိဗ္ဗာန်မဂ်ဖိုလ်ကို ရည်မှန်းလျက် တတ်အားသမျှ စင်ကြယ် မွန်မြတ်စွာ သံသရာကို ယုံကြည်စွာနှင့် လှူဒါန်းခဲ့ခြင်း ဖြစ် ပါသည်။ အပါယ်ငရသွားရမှာ ကြောက်ရွံ့သည်။ နိဗ္ဗာန် မဂ်ဖိုလ် မရောက်မှီကြားကလာတို့မှာ သံသရာခရီးရှောက်ရာတွင် အပါယ်ငရဲသို့ မ၀င်ရလို၊ အပါယ် တံခါးပိတ် လိုသည်။ တစတစ မြင့်တက်၍ အရဟတ္တ မဂ်ဖိုလ်လမ်းသို့သာ ရည်မှန်းလာခဲ့သူ ဖြစ်ပါသည်။

ငယ်စဉ်က ယနေ့အထိ မိမိပြုခဲ့သမျှ တတ်အားသမျှသော ဒါန၊ သီလ၊ ဘာဝနာ စသည်တို့ကို ၀ိပဿနာ တင်လျက် ပြန်လည် ဆင်ခြင်သုံးသပ်ချက်ပြုသောအခါလည်း နိဗ္ဗာန်မရမှီ ဘ၀သံသရာ ခရီးတလျှောက် တွင် ကျင်လည်ရာ၌ အကုသိုလ်တွေပြုခဲ့သူတို့ သွားမြဲလမ်းသို့ဖြင့် ဦးဆောက်ဂျွမ်း ပြန် ကျဆင်းရန်မရှိဟု ယုံကြည် မိသည်။ ဤဂျွမ်းပြန် ကျဆင်းရန်မရှိဟု ယုံကြည်မိသည်။ ဤယုံကြည်ချက်မှာ ဗုဒ္ဓဘာသာဝင် အစစ် အမှန် တို့၌ ဖြစ်ပေါ်မြဲသော ယုံကြည်မှုသာလျှင် ဖြစ်ပါ သည်။ ငါးပါးသီလ စသည်တို့ကို လုံခြုံစွာ ထိန်းနိုင်သူ၊ ကံငါးပါးတို့၌ ကျူးလွန် လွဲမှားမှု မရှိခဲ့သူ၊ အကုသိုလ် ဒုစရိုက်အလုပ် ပါ ဏာတိပါတကံ အဒိန္နဒါနကံ၊ မုသာဝါဒကံ စသော သူ့အသက်သတ် ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ မုသားစကားဆိုခြင်းတို့ဖြင့် မကင်း သော အသက်မွေးဝမ်းကျောင်း မပြုခဲ့ သူတို့သည် ကျမလိုဘဲ ဗုဒ္ဓမြတ်စွာ၏ တရားတော်ကို ယုံမှတ် ကိုးကွယ် သူများ မှန်လျှင် ဤအတိုင်း သာ သံသရာ ခရီးတလျှောက်မိမိသွားရမည့်လမ်းမှာ သာယာ ဖြောင့်ဖြူး ခြင်း ရှိလိမ့်မည်ဟု ယုံကြည် စိတ်ချကြမည် မလွဲပါ။
သို့ကြောင့် ပြုခဲ့ပြီးသော ရေစက်ချခဲ့ပြီးသော အလှူများ၌ ပြင်ဆင်၍ မရတော့သော်လည်း ယခု မဟာဗောဓိ တန်ဆောင်းတော် သစ်ကြီး ရေစက်ချရာ၌ တလမ်းစီသွားရတော့မည့် လူချင်း ဖြစ်ကြောင်း ယခုမှ ကောင်းစွာ နားလည် သိရှိခဲ့သောကြောင့်လည်း ရေနှင့်မီးကဲ့သို့ ပူးတွဲမရ သည့် သဘောအတိုင်း ဖြစ်နေ ပါသည်။

ဗုဒ္ဓဘာသာ ဆိုသော်လည်း အပရိကသာ အမည်ခံလျက် သက်မွေး ၀မ်းကျောင်းကလည်း၊ အကုသိုလ်နှင့် ရင်းနှီးကြီးပြင်းခဲ့ရသော အဆက်အနွယ်နှင့် အကုသိုလ် ပတ်ဝန်းကျင်မှ လူဖြစ်လာရသည်။ ငါးပါးသီလကိုမှ အလွတ် မရ၊ ကံငါးပါးကို မစောင့်စည်းနိုင်၊ မရိုးမသား သူတပါးပစ္စည်းလိမ်းကောက်ခိုးယူခြင်း၊ ကိုယ့်ပစ္စည်း ကို ပြန်ခိုးယူခြင်း၊ သေရည် သောက်ခြင်း၊ မုသားပြောခြင်း၊ ကာမေသုခြင်းစသော ကုသိုလ်၊ အကုသိုလ်ကိုလည်း ယုံကြည် လေးစားခဲ့သူ မဟုတ်၍ လွယ်လွယ်နှင့် ကျူးလွန်ခဲ့ပြီး သံသရာခရီး၌ ကြီးလေးသော အကုသိုလ် ၀န်ထုပ် ၀န်ပိုးကြီးတွေ အကြွေးတွေကို ထမ်းဆောင် ပေးချေနေရဦးမည့် လူတဦး တယောက်အား ဘ၀တလျှောက်မှာ အလှူရေစက်ကြောင့် ရေစက်ပါနေရဦးမှာ အထူးသဖြင့် ကြောက်ရွံ့ ထိတ်လန့် မိပါသည်။ ကျမသည် ဗုဒ္ဓဘာသာပီပီ ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်ကို သက်ဝင် ယုံကြည်သူ ပီပီ ဤအချက်ကို လေးလေးနက်နက် ကြောက်ရွံ့မိခြင်း ဖြစ်ပါသည်။ သူဌေးသား လေးယောက် ၏ သာဓက ကို သိရှိကြလျှင် ဘုရားတဆူနှင့်တဆူ ပွင့်တော်မူသည့်အကြား၌ ဆီပူအိုးမှ ဘွားကနဲ တကြိမ် သာပေါ်၍ -ဒု-သ-န-သော-ဟု တခွန်းစီသာ အော်နိုင်လျက် ပြန်မြှုပ်သွားရသည်ဆိုသော ကျမ်းဂန် အထောက် အထားမှာ သူတပါး မယားတွေချည်းလိုက်၍ ပျော်ပါးသာယာနေတတ်သော သူ့တော် သလင်းမျိုး အတွက် ရယ်စရာ ပုံပြင်တခုဟုသာ မှတ်ထင်နေစေကာမူ အကုသိုလ် ကျူးလွန် ဘို့ ဟီရိသြတ္တပ္ပ တရား စောင့်စည်းသူတို့မှာ သံသရာ၌ပေးဆပ်ရန် ကြွေးထုပ်ကြီးကို ထမ်းပိုးနေရ သည်ဟု မြင်နေပါသည်။

အောက်လမ်းသွားအထူးခရီးသည်

သို့ကြောင့် ရှင်းရှင်းရေးရလျှင် အထက်သို့ တက်မည့်သူနှင့် အောက်သို့ ဆင်းမည့်သူဟူ၍ ခွဲခြား သတ်မှတ် ထားလိုက်ပြီး ရေစက်မချရသေးသော မဟာဗောဓိတန်ဆောင်းမှ နာမည်ကို ဖြုတ်ချ ပစ်လိုက်ခြင်းဖြစ်ရာ၊ တလမ်း သွားကို လိုလားသူ တချို့က ကျမကို ခလေးဆန်ဆန်လုပ်သည်ဟု ထင်သည်၊ ပြောကြသည်။ သို့ရာတွင် ကျမအယူအဆက ခရီးတလျှောက်၌ အောက်လမ်းသို့ အထူး ခရီးသည်အဖြစ် သွားမည့် လူနှင့် ပြတ်ပြတ် သားသား လမ်းခွဲခြားလိုက်ခြင်း၊ လေးလေးနက်နက်ကို သက်ဝင်ယုံကြည်သူတဦးအဖြစ်နှင့် ပြုပြင် လိုက်ရခြင်းသာ ဖြစ်ပါသည်။

ဣတ္တိယသိုက် ကာမ ကန်ထရိုက် ဆက်ရန်
.

2 comments:

Anonymous said...

ဒဂုန်ခင်ခင်လေးရဲ့ ဒီစာအုပ်ကို ဖတ်ရတာ အမုန်းမီးတွေ ဟပ်လိုက်တာ။
ဘာမှ ဗဟုသုတမရပဲ..အမုန်းတွေပဲ တွေ့ရတယ်နော်။

Anonymous said...

I think not hate (အမုန်းမီး) but we can see author's real mind.
She showed her talent.

MN