Friday, April 30, 2010

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၄၄)

သားသ္မီး အချင်းချင်း ကစားခုန်စားရာမှ ခလေးချင်းဖြစ်သော ရန်ပွဲမှာမကြာခဏ လူကြီးချင်းသို့ပါ ကူးစပ် လျက် ခိုက်ရန် ဖြစ်ကြရပြန်လေ၏ ခလေးအတွက်နှင့် မိန်းမ ၂ယောက်ဖြစ်ရသော ရန်ပွဲမှာ တခါလည်း မဟုတ် ၂ခါလည်းမဟုတ် အခါတရာမက အမြဲဖြစ်ပွား၍သာနေလေတော့ရာ ၀မ်းလန်းမှာ စိတ်ချမ်းသာမှူကို မတွေ့ စိတ်ညစ်မှူဖြင့်သာ အချိန်ကုန်ရလေတော့၏။

တခါတရံ မိန်းမ၂ယောက်မျက်နှာချင်း ဆိုင်မိလျှင် မျက်စောင်းတခဲခဲနှင့် နှုတ်ခမ်းတွေ စူပွလာလျက် နန်းအန် ၏ မိန်းမက အိမ်မှာ ဒီလိုမျက်နှာပြောင်တဲ့ အရှက်မရှိ အမျိုးညံ့မိန်းမ၁ယောက်ရှိနေတာ သိပ်ရင်လေး တာဘဲ ဒါကြောင့်ဟိုက ၀က်သားနီတုံးနှင့် တူတယ်လို့်ပြောသွားတာ ဒါနဲ့တောာင်မရှက်ဘူး ပြန်ရယ် လိုက်သေး စားလိုက်လျှင် နန်းဝင်၏မိန်းမက ပြန်၍ ဒါသက်သက်မနာလိုတာ သူ့ကိုရစရာမရှိတဲ့ ငါးဟင်း နဲ့နှိုင်းသွား ဒါနဲ့ လူကိုသက်သက် မနာလိုဝန်တိုနေတာဘဲဟု ပြန်ပြောရာမှ တယောက်မျက်နှာကို တယောက် ကုပ်တော့မလို ဖဲ့တော့မလို မျက်နှာမျိုးဖြင့် ကြည့်ကြလေ၏ သို့သော်နန်းအင်၏ မိန်းမမှာ တောသူ နှင့်ဖက်၍ရန်မဖြစ်လိုဟူသော သဘောမျိုးဖြင့် ရှောင်သွားတက်ခြင်းဖြင့် ဖက်သတ်ရသည့် အခြေ သို့ မရောက်ဘဲ မျက်စောင်းထိုး နှုတ်ခမ်းစူ ရန်ပွဲဖြင့်ပင် ပီးသွားတက်လေ၏ ။

သို့သော် ကလေးများအတူရော၍ ကစားမည်ပြုပြန်လျှင် နန်းအင်၏ မိန်းမ က သူ့ကလေးများအား အောက် မဆင်း နဲ့ ဒီအမျိုးညံ့ ကလေးတွေနဲ့ သွားမကစား နဲ့ ဟု တဖက်သား မခံချင်အောင် ရန်စပြန် လေ၏ ထိုအခါ နန်းဝင်၏မိန်းမကလည်း သူ့ခလေးများအား "ဒီမြွေပွေးကလေးတွေနဲ့ သွားမစား နဲ့ လို့ပြောနေ နင်တို့ကိုကိုက်လွှတ်လိုက်လိမ့်မယ် ဟိုက"ဟု ပြန်၍လက်တုန့်ချေ ပြန်လေ၏
ဤသို့ဖြင့် မိန်းမ ၂ယောက်မှာ တစောင်းမဲမဲအကဲတကြည့်ကြည့်နှင့် ဝှေ့တော့ရန် စောင်နေသော နွား ၂ ကောင်လို ဖြစ်၍နေလေ၏ မိန်းမအချင်းချင်း မတည့်သောအခါ ညီအစ်ကိုအချင်းချင်းလည်းမုန်း၍ လာကြ လေ၏။

နန်းအင်က ညီနန်းဝင်တောသူကိုဟူ၍ မိမိတို့ဂုဏ်နိမ့်ကျသည်ဟုထင်၏ ဘခင်ဖြစ်သူက ငွေရေး ကြေးရေး ကိစ္စ နန်းဝင် ကို လွှဲထားသည်ကိုလည်း သဘောမကျ မရှုစိမ့်နိုင်ပေ။
ဝမ်လန်း ပို၍ စိတ်ညစ်ရသည့် အကြောင်းတခုကား အစေခံမကလေး မယ်သစ်ကို ကြာပဒုံမျက်မုန်း ကျိုး နေသည့်ကိစ္စဖြစ်ပေ၏ မယ်သစ်မှာ ကြာပဒုံ စိတ်ပြေ ပါစေတော့ဟု မူလ က ထက် ပို၍ခယ၀ပ်တွား ကြိုးစား ပြုစုသော်လည်း ကြာပဒုံမှာ ဒေါသမပြေ မယ်သစ်ကို မုန်းမြဲမုန်းနေလေ၏။

၎င်းမှာ အိုလင် ၏ ၀ဋ်ပြန်၍လည်နေလေ၏ မယ်သစ်ကို ၀မ်လန်းနှင့် စိတ်မချ နိုင်အောင်ဖြစ်လျက် အမြဲ မနာလို ၀န်တို နေပြန်လေ၏ အခန်းထဲ၌ မယ်သစ်ရှိခိုက် ၀မ်လန်းဝင်လာလျှင် မယ်သစ်ကိုနှင်၍ပစ်၏ ထိုနောက် ၀မ်လန်းအား မယ်သစ်နှင့်အမျိုးမျိုး စွပ်စွဲပြောဆို၏ ။
ဤသို့ စွပ်စွဲခြင်း မှာ ၀မ်လန်း၏စိတ်ကို နှိုးဆ၍ပေးသလိုဖြစ်လေ၏ အစက၀မ်လန်းမှာ မယ်သစ် အပေါ်တွင် ရိုးသားဖြူစင် သော မေတ္တာဖြင့်သာ သနားမိ၏ ကြာပဒုံက ဆွပေးလိုက် သောအခါ တောင်တောင် အီအီ တွေးတော ၍ လာမိလေသည်။

မယ်သစ် မှာ အလွန်ချောသော မိန်းခလေး တယောက်ဖြစ်ကြောင်း ကိုလည်း သတိပြုမိလာလေ၏။
ကြာပဒုံ ကား အဘိုးကြီးအိုတွေ သေခါနီး ရိက္ခာယူတတ်သည့် အလေ့ကို နားလည်သိရှိသူဖြစ်လေရာ မယ်သစ် ကို ဟော်တယ်သို့ ရောင်းစား ပစ်လိုက်မည်ဟု ပြောလေ၏ သို့သော် ဥသြမယ်မှာ အသက် ကြီးလာခဲ့ပြီ ဖြစ်၍ ခိုင်း၍စီ၍ ဟန်မကျဖြစ်နေပြီး မယ်သစ်သာ မိမိ၏အလိုတော်ကို တချက်မလစ် အောင် အရိပ်ကြည့် ၍ ပြုစုနိုင်သူဖြစ်နေပြန်သောကြောင့် ကြာပဒုံမှာ အခက်ကြုံ၍ နေပြန်လေသည်၊ သို့ဖြစ်လေရာ ကြံရာမရ ခေါင်းရှုပ်လျက် ခေါင်းရှုပ်တိုင်း စိတ်တိုကာ မုန်ယိုသော ဆင်မအိုကြီးလို စိတ်ခက်ထန် ၍ နေလေ၏ ။

စိတ်ညစ်စရာ အကြောင်းတခု ထပ်၍ပေါ်လာပြန်ခြင်းကား ၀မ်လန်း၏ သားအငယ်ဆုံးမှာ တဏှာရှုး မောင်စစ်သား တို့ လူစုအိမ်၌အနေကြာသွားသည့်အခိုက် စာသင်ချင်စိတ်မှ စစ်သားဖြစ်လိုစိတ် ပြောင်း သွားခြင်း ဖြစ်လေ၏ ၎င်း၏ဆရာထံမှ စစ်ပွဲများအကြောင်းပါသော စာအုပ်များကို တောင်းယူ ဘတ်ရှု၍ နေလေ၏ ဆရာကစစ်ပွဲများအကြောင်းပြောလျှင် စိတ်ဝင်စူးစိုက်၍ နားထောင်နေလေ၏ တနေ့ သ၌ ၀မ်လန်းထံသို့ ရောက်လာပြီး "အဖေကျွန်တော်စစ်ထဲဝင်ပီး စစ်တိုက်သွားချင်တယ်"ဟု လာရောက် ပြောဆိုလေ၏ ဤအကြောင်း ကို ကြားရသောအခါ ၀မ်လန်းမှာ ကြီးစွာစိတ်ပျက်သွားလျက်
"ဘာအရူး ထပြန်တာလဲ ဒီသားရေးသ္မီးရေးကိစ္စတွေချည်း တနေ့တနေ့ စိတ်မချမ်းသာအောင် လာလာ နှောင့်ယှက် နေတယ်၊ ငါဘယ်တော့ ဒီဝတ်ကကျွတ်ရပါ့မလဲ"ဟု ပြန်၍အော်လေ၏။ နက် မှောင် ထူထဲသော မျက်ခုန်းမွှေးကြီး တွေ ကြုတ်သွားလျက် စိတ်အလိုမပြည့်ဖြစ်သွားသောသားကို တွေ့ရသောအခါ မျက်နှာ ကို ပြောင်းလိုက်ပြီး ချော့ရ ပြန်လေ၏။

"သားရာ ရှေးလူကြီးတွေ ပြောစကားရှိတယ် သံကောင်းဆိုတာ နေရာတကာမှာ အသုံးမချရဘူးတဲ့ ငါ့သား ဟာ လူလိမ်မာကလေးဖြစ်ပါတယ် ငါ့သား စစ်မြေပြင်ထွက်နေတဲ့အချိန်မှာ အဖေ ဘယ့်နှယ် လုပ် အိပ်ပျော် နိုင်ပါ့မလဲ သားရယ်"
သို့သော် သားတော်မောင်ကား သူ့စိတ်ကိုသူ ဆုံးဖြတ်ပြီးသားဖြန်နေလေ၏။

"ဘာပြောပြော ကျွန်တော်တော့ စစ်ထဲလိုက်မှာဘဲ"
စစ်ထဲ တော့ မလိုက်ပါနဲ့  သားရယ် သားဘယ်ကျောင်းသွားချင်သလဲပြော အဖေပို့မယ် အောက်အရပ်က ကျောင်းကြီး တွေကို သွားချင်သလား နိုင်ငံခြားကကျောင်းတွေကိုဘဲ သွားနေချင်သလား အဖေလွှတ်မယ် သားသဘော ကျတဲ့ ကျောင်းကိုသာပြော။ သားငယ်က ခတ်မဆတ်နေလေ၏။

"အဖေ့ကို ပြောပြစမ်းပါကွယ်၊ မင်းဘာပြုလို့ ဒါလောက်တောင် စစ်သားဖြစ်ချင်ရတာလဲ"
ထိုအခါ သူငယ်၏မျက်လုံးများသည် တောက်ပြောင်လာလျက်-
"ကျွန်တော် တို့မကြားဘူးတဲ့ စစ်ကြီးတခုဖြစ်လိမ့်မယ်အဖေ အဲဒီစစ်ကြီးမှာ ကျွန်တော်ဝင်တိုက်ချင် တယ် ဒါမှ လွတ်လပ်ရေး ရမယ်"

"လွတ်လပ်ရေး မင်းပြောတာ ငါနားမလည်ဘူးလားရာ ဒို့လယ်တွေ ဒို့မြေတွေဟာ အခုလွတ်လပ်ပြီး သား မဟုတ်လား ဒို့ပိုင်ပြီးသားမဟုတ်လား ဒါကြောင့်ဘဲ ငါပိုင်လို့ ငါအခု ငါသဘောကျတဲ့လူ ငါလယ်ငှား ချထားတယ် မဟုတ်လား နှစ်တိုင်းနှစ်တိုင်း ဒီလယ်တွေက ငါပိုက်ဆံရတယ်၊ စပါးရတယ်  ဂျုံရတယ် ဒါတွေ ကို မင်းတို့အခုစားနေရတယ်မဟုတ်လား၊ ဒီလယ်တွေကရတဲ့ပိုက်ဆံနဲ့ မင်းတို့အခု ၀တ်နေ ရတယ် မဟုတ်လား ဒါထက်ပိုပီး ဘယ်လိုလွတ်လပ်ရေးမျိုးများ လိုချင်သေးလို့လဲကွ"
"အို..... အဖေနားမလည်ပါဘူး အဖေဟာ အိုလှပီ ဒါတွေနားမလည်ပါဘူး"

ဝမ်လန်း သည် သားတော်မောင်ကိုကြည့်လျက် စဉ်းစားနေလေ၏။ ၄င်း၏စိတ်ထဲတွင် ထိုသားအား လယ်အလုပ် ကိုသာ လုပ်စေချင်၏။
"မင်းကို ငါမကြာခင် မိန်းမပေးစားမယ်"
"ဒီတော့ ကျွန်တော်ထွက်ပြေးမှာပေါ့ ကျွန်တော့်ကို အစ်ကိုကြီး နန်းအင်လို မိန်းမ မက်တဲ့ကောင်မျိုး မှတ်လို့ လား"
"အေးလေ အေးပါလေ မဟုတ်ပါဘူး မပေးစားပါဘူး မင်းမလိုချင်သေးရင် မပေးစားပါဘူး ငါပြောတာ က ကျွန်မ ကလေး တယောက်ယောက်"
"ကျွန်တော့်ကို ဒီပြင်လူတွေလို မမှတ်လိုက်ပါနဲ့ အဖေ၊ ဒါမျိုးတွေ ၀ါသနာမပါဘူး၊ ကျွန်တော့်မှာ အကြံ ရှိတယ်၊ ကျွန်တော် ကျော်ဇောခြင်းဆိုတဲ့ ဂုဏ်တခုဘဲလိုချင်တယ်၊ အဲဒီဂုဏ်မျိုးက ရှားတယ် မိန်းမတွေက ပေါတယ်"

ဤသို့ ပြောရာက တစုံတရာကို ရုတ်တရက် သတိရသကဲ့သို့-
"အိမ်မှာရှိတဲ့ ကျွန်မတွေလောက် အရုပ်ဆိုးတာ ဘယ်မှာမှ မတွေ့ဘူးဘူး၊ မယ်သစ် တယောက်ဘဲ တော်တော် ရှိတယ်"ဟု ပြောလိုက်လေ၏။
ဝမ်လန်း၏ စိတ်ထဲတွင် ထိုစကားကို ကြားလိုက်ရသောအခါ မခံချင်သလိုလို မနာလိုချင်သလိုလို ဖြစ် ၍ သွားလေ၏။ သက်ရွယ်ပင် အိုသထက် အိုသွားသည်ဟု ထင်လိုက်မိလေ၏။ သားကိုပြန်ကြည့် လိုက်သော အခါ ငယ်ရွယ်နုပျိုသော အဆင်းကို မြင်ရလေ၏၊ ထိုအခါ စိတ်ထဲတွင် သာ၍လေးသွား လေ၏။

"ဒီ ကျွန်မတွေကို ထည့်မပြောနဲ့ တော်တော့ ငါ့အိမ်မှာ ငါ့သားတွေ ကျွန်မနဲ့ ရှုပ်ရှုပ်ပွေပွေလုပ်တာ မကြိုက်ဘူး" ဟု ပြောလိုက်မိလေ၏။
ထိုအခါ သားဖြစ်သူက မျက်ခုန်းကိုပင့်ပြီး ပခုန်းကိုတွန့်လျက်-
"နို့ အဖေဘဲ ဒီစကားကို စပြောတာ ပါကလား"ဟု ပြန်ပြောပြီးလျှင် ချာကနဲ လှည့်ထွက်သွားလေရာ ၀မ်လန်းမှာ တယောက်တည်း ဒေါကြီးလျက် ကျန်ရစ်ခဲ့လေ၏။
"အို.... ငါဘယ်တော့်မှ ဒီဒုက္ခတွေနဲ့ လွတ်ပါ့မလဲ"ဟု ညည်းရာက သူ့မျက်စိထဲတွင် လှပသော မယ် သစ်၏ မျက်နှာ ကို မြင်၍နေလေ၏။

သုံးဆဲ့သုံး

တညတ၌ ၀မ်လန်းသည် ပန်းပင်တပင်အောက်၌ ထိုင်နေရင်းညဥ့်၏အရသာကိုခံ၍ နေလေ၏။ ထိုညမှာ ခါနွေဆန်းစညတညဖြစ်ရကား လေအေးသည် သင်းပြန့်သော ပန်းယနံ့များကိုဆောင် လျက် တသုံသုံ မြူးလျက် ရှိလေ၏ ၀မ်လန်းမှာ ထိုယနံ့များကို ရူရှိုက်ရသောအခါ ည၏တိတ်ဆိတ် ခြင်း၌ စိတ်ပျို ကိုယ်နု ၍လာလေ၏ အတော်ညဉ့်နက်လာသော်လည်း ထိုင်ရာမှမထဘဲ လောက သစ်၌ စိတ်ပျော်၍နေလေ၏။

ထိုခဏ၌ ၎င်း၏အနီးမှဖြတ်သွားသော သဏ္ဍာန်တခုကို အမှောင်ထဲ၌ မထင်မရှားမြင်ရလေ၏ ထိုသဏ္ဍာန် မှာ မယ်သစ်ဖြစ်လေ၏
"မယ်သစ်" ဟု လေသံဖြင့်လှမ်းခေါ်လိုက်ရာ မယ်သစ်သည် လှုပ်ရှားနေရာမှ ရပ်၍သွားလေ၏ ထို့နောက် အသံ ထွက်ပေါ်လာရာဆီသို့ ခေါင်းကလေးငဲ့လျက် ဆက်လက်နားစွင့်နေသည်ကို တွေ့ရလေ၏
"မယ်သစ် ဒီလာစမ်းခဏ" ၀မ်လန်းက ထပ်၍ခေါ်လိုက်သည်တွင် မယ်သစ်သည် သူဌေးကြီးဖြစ်ကြောင်း သိသွား လျက် ကြောက်ကြောက်ရွံ့ရွံ့နှင့် အနားသို့ကပ်လာပြီး ရပ်နေလေ၏ မှောင်လွန်းသဖြင့် ၀မ်လန်းမှာ မယ်သစ် ၏ သဏ္ဍာန်ကောင်းစွာမမြင်ရပေ၊ သို့သော် နီးကပ်စွာရပ်နေရကား မယ်သစ်၏အကျီစကို လှမ်းဆွဲ လိုက်ပြီး တုန်လှုပ်နေသောအသံဖြင့်-
"ခလေး" ဟု ခေါ်လိုက်လေ၏။

ဝမ်လန်း မှာ ရှေ့သို့စကားမဆက်နိုင်ဘဲ ရှိလေ၏ မိမိလိပ်ပြာကို မိမိရှက်၍ လာလေ၏ "ငါ့အဘိုးကြီးပါ ကလား ငါ့လိုသားတွေမြေးတွေနဲ့ လူတယောက်က ဒါမျိုးလုပ်ဘို့တော်ပါ့မလား၊ ဂုဏ်ပျက်စရာ အလုပ် တခု ကို ငါလုပ်မိပါကလား"ဟု စိတ်ထဲ၌ချီတုံချတုံဖြစ်ရင်း ၎င်း၏လက်များမှာ မယ်သစ်အကျီ စကို ကစား၍ နေလေ၏။ မယ်သစ်ကာ ကြောက်ကြောက်နှင့် ရပ်၍နေရာမှ ၀မ်လန်း၏ကိုယ်မှ ပူနွေးသောအငွေ့ကို ခံစား နေရ သောအခါ နေ၏ဒဏ်ကိုမခံနိုင်သဖြင့် ညိုးကျသွားသော ပန်းပွင့်လို မတ်တတ်မှဆောင့်ကြောင့်ထိုင် ၍ ကျသွား လေ၏။

"ခလေး"
ဝမ်လန်း၏အသံ နောက်ထပ်ထွက်ပေါ်လာပြန်လေ၏
"ခလေး-ငါအိုလှပီနော်-သိပ်အိုနေပီ"
ထိုအခါ မယ်သစ်သည် လှုပ်ရှား၍လာလေ၏။

"မယ်သစ် တော့ အဘိုးကြီးအိုမှ ကြိုက်တယ်၊ အဘိုးကြီးတွေဟာ သိပ်ကြင်နာတတ်တယ်"ဟု ပြန်ပြော လေ၏ ဤစကားကို ကြားရသောအခါ ၀မ်လန်းသည် မယ်သစ်အပေါ် အနည်းငယ်ငုံ့လိုက် ပြီး-
"မင်းလို ခလေးမကလေးမျိုးဟာ အရပ်မြင့်မြင့်နဲ့ အသက်ငယ်ငယ် လူပျိုကလေးတယောက်နဲ့မှ လိုက်တယ်" ဟု ပြောလိုက်ပြီးစိတ်ထဲကမူ အသံမထွက်ဘဲ "ငါ့သားအငယ်မျိုးကလေးလိုဟာမျိုး"ဟု ဖြည့်စွက်၍ ထည့်လိုက်လေ၏၊ ဖွင့်၍ကား မပြောရဲပေ၊ ပြောလိုက်လျှင် မယ်သစ်စိတ် တိမ်းညွှတ် သွားမည် ကို စိုးမိလေ၏ သို့သော် မယ်သစ်က...
"လူငယ် တွေဟာ အကြင်နာစိတ်မရှိဘူး အင်မတန်ကြမ်းတမ်းတယ်"ဟု ပြန်ပြောလေ၏။

ထိုအခါ မျိုသိပ်အောင့်အီး၍ ထားရသော ၀မ်လန်း၏ မေတ္တာရေအိုး မှာ လောက်စာလုံး ထိမှန်လိုက် သလို ဗြုန်းခနဲ ပေါက်ကွဲလျက် ခြေထောက်ရင်းတွင် ကြုံ့ကြုံ့ကလေး ထိုင်နေသော မယ်သစ်အပေါ် သို့ ဖိတ်စင် ၍ ကျလေ၏ မယ်သစ်၏လက်ကလေးကို ကောက်ဆွဲလိုက်ပြီး သူ့အခန်းထဲသို့ ခေါ်သွားလေ၏။

ဆက်ရန်
.

No comments: