Tuesday, April 6, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၆၈)

စွာကျယ်စွာကျယ် လုပ်ခဲ့သူမို့

ယခုဝင်လာသူကတော့ သခင်ကျော်ရင်ဆိုသူ ဖြစ်ပါသည်။ ကျွန်တော်လဲ ဒီနေ့ ပဲခူးသို့ လိုက်သွား ပါသည်။ ကျွန်တော်လဲ ဒီနေ့ ပဲခူးသို့ လိုက်သွားပါသည်။ ဦးပဉ္ဇင်းကြီးမှာ အတော်ဘဲမျက်နှာညှိုးနွမ်း နေပါသည်။ နေခင်း၊ ထိုင်ခင်းအတွက်ကလည်း လုံခြုံမှုမရှိခဲ့ပါ။ သူစွာကျယ်စွာကျယ် လုပ်ထားခဲ့ ဒါတွေကို ညှိုးထားသူ တွေကလဲ ရှိတော့ ဒီနေရာမှာ ကြာကြာထားလျှင် အသက်အန္တရာယ် စိုးရိမ် စရာ ဖြစ်နေပါသည်။

ဒီတော့ ရန်ကုန်မှာ လုံခြုံသင့်တော်တဲ့ နေရာတခုခုသို့ ရွှေ့ထားမှ ဖြစ်လိမ့်မည် ဟု ထင်ပါသည်ဟု ယခင်လူ များ ဖွင့်သွားသော ဓာတ်ပြား အတိုင်း ပြန်ဖွင့်ပြသည်။ သူက ဒီလူတွေ ထဲမှာ ဘုတ်ကိုင် ဆရာကြီး ဖြစ်၍ နောက်ဆုံးမှ လာတွေ့ပြီး ပြောပြခြင်း ဖြစ်ပါသည်။ သိရ သလောက် ပဲခူးပြန်တွေ အတော်များနေပါပြီ။ သည်လူ တွေဟာ တနေရာစီ နေကြသူများနေပါပြီ။ သည်လူတွေဟာ တနေရာစီ နေကြသူများ ဖြစ်ပါလျက် တပြိုင်နက် ထည်းဘယ်နည်းနှင့်မှ စုစည်းပြီး တမနက်ထဲနှင့် ပဲခူးသွားနိုင်ကြမည် မဟုတ်ပါ။ ညဦးထည်းက စည်းဝါး ကိုက် မထားဘဲ မဖြစ်နိုင်ကြ ပါ။ ကျမကလည်း ဗိုလ်ရန်နိုင်ကို ဖြေလိုက်သောအဖြေမှ လွဲ၍ တပဲသား မပိုပါ။

ကျမနဲ့ မဆိုင် ကိုယ့်ဆရာ ကိုယ့်မိတ်ဆွေအဖြစ်နှင့် သင့်သလို စီစဉ်နိုင်ကြပါသည်။ ဒီကိစ္စနှင့် ပတ်သက် လိုတော့ မတိုင်ပင်ပါနှင့်တော့ဟု ပြောလိုက်သည်။
ကျမဆီ က သူတို့ လိုသော ညွှန်ကြားချက်မရလေတော့ တခြားစကားတွေ လှည့်ပြောပြန်သည်၊ တခြား စကား ဆိုသည်မှာလဲ ဒီကိစ္စတွေဘဲ ဖြစ်ပါသည်။ အခြောက်ကို ရေနှူးခြင်းမျိုးသား ဖြစ်သည်။ ဒီလို အရမ်းမဲ့ ဖြစ်ကုန် ရဒါတွေဟာ အရက်သေစာကို အလွန်အကျူးသောက်လွန်း၍ မမှားသင့်ဘဲ မှားရခြင်းသာ ဖြစ်ပါသည် ဟု ဆိုသည်။ ဒီလိုပြောသောသူကလဲ မဟုတ်လားဟု ကျမက ပြန်ပြော နိုင်ပါသည်။ သို့ရာတွင် မပြော တော့ပါ။

ယခုတော့ အတော်ဘဲ တရားရနေပါပြီ။ မျက်နှာပုံပန်း သဏ္ဍာန်ကြည့်ရဒါ ၀ါရင့်နေတဲ့ ရဟန်းတော် ကြီး လိုပါဘဲ ဒီတော့ တွေ့ကရကိစ္စတွေကိုလဲ ကျွန်တော့်အနနဲ့ မမေးရဲပါ။ သင်္ကန်းဝတ်ကြီးနဲ့ ဆိုတော့ မေးလဲ မမေး ထိုက်ပါ။ ကျွန်တော် တောင်းပန်ချင်တာကတော့ အရှုပ်အထွေးကိစ္စတွေဟာ မနာလိုလို့ တွန်းတဲ့ စာတွေလဲ ဖြစ်နေပါဦးမယ်။ ဒေါ်ခင်ခင်လေး ကိုယ်တွေ့မြင်မျက်မဟုတ်တဲ့ ကိစ္စ တွေကို လှေနံဒါးထစ် အမှန် မယူဆစေခြင်ပါ။ ဟိုနေရာ ဒီနေရာတွေမှာ အတိအကျရှိသော တွေ့မြင်လို့ပါလား။ ကျွန်တော် သွားကြည့်တော့ ဒီနေရာတွေမှာ ဒီကောင်မတွေ မရှိကြပါဘူးဟု ပြောလေသည်။ အမြီးအမောက် မတည့် ၀န်ခံပြီး ဟု ပြန်လှိမ့်ပြန်ပါသည်။

ဒီကိစ္စတွေကို ထပ်နှူးနေစရာ မလိုတော့ပါ။ တပ်အပ်သေချာ သိရပြီး ဖြစ်သည်။ ဒါပေမဲ့ ယခုနေ့ ယခု ရက်ပိုင်း အတွင်းမှာ ကျမ သိသွားမှန်းသိ၍ ဟိုရွှေ့၊ ဒီရွှေနှင့် ခေတ္တခဏ ရှောင်တိမ်းထားစေ သည်။ သွားကြည့် လဲ လူကို မတွေ့ အိမ်ခန်းဘဲ တွေ့ရမည် ဖြစ်သည်။ လိုရင်း အချုပ်မှာ ယခုကဲ့သို့ ကွာရှင်း ကြသည် မှာ မိန်းမကိစ္စ တခုတည်းကို မူတည်ပြီး ဖြစ်သည် မဟုတ်၊ စီးပွားရေး ၌ ယုတ်မာ ကောက်ကျစ် စဉ်းလဲမှု တွေ အမျိုးမျိုး ရှိနေသည်။

ထို့ကြောင့် မသေမှီက လှူရေး၊ တန်းရေးအတွက် ပြတ်ပြတ်သားသား ခွဲခားထားခဲ့လိုသော ကိစ္စကိုသာ ရှေ့ရှုပြီး ပြုလုပ်ခြင်း ဖြစ်သည်ဟု စကားကို ဖြတ်ချ လိုက်ရသည်။
၎င်း သခင်ကျော်ရင် ဆိုသူမှာ ယခင်က ၀င်ထွက် ဆက်ဆံနေသည်ကို မတွေ့ရဘူးပါ။ ဗိုလ်ချုပ် နေ၀င်း အစိုးရ လက်ထက် တွင်မှ အိမ်သို့ ၀င်ထွက်လာသည်ကို တွေ့မြင်ရပါသည်။ နေ့စဉ် အိမ်သို့ မနက် စောစော လာပြီး အောက်ထပ် ဧည့်ခန်းမှာ ထိုင်၍ စကားပြောတတ်သည်။ နေ့လည်ပိုင်းမှာ ဘိလိယက်ခန်း၌ ထိုင်ကြည့် ရင်း ပုလင်းပါတီဘက်မှာ လက်အသွက်ဆုံး ဖြစ်သည်။ တနေကုန် တနေခန်းနေပြီး ညမိုးချုပ်မှ အိမ်ပြန် လေ့ရှိသည်။

ဤသို့ဘဲ ကျမမျက်လုံးထဲ နေ့စဉ် တွေ့မြင်နေရ သည်။ ဘာအလုပ်အကိုင် ရှိသည်ဟု မသိရသော်လည်း သခင် အမည်တပ်ထားသော နာမည် ကြောင့် နိုင်ငံရေးထဲက နောက်လိုက်လား၊ အလယ်လိုက်လား၊ တခုခု လုပ်ခဲ့ဘူး သည်ဟုသာ သာမည နားလည်ထားမိပါသည်။ နောက်တော့ အိမ်သား တပိုင်းလဲ အတော်ဘဲ ရောရော နှောနှော ရှိလာသည်။ အလုပ်တိုက်ဘက်မှ လူတွေနှင့်လည်း အတော်ရင်းနှီးလာဒါ တွေ့ရ မြင်ရ ပါသည်။ မန္တလေး၊ မုံရွာ၊ ဖိုးဝင်းတောင်၊ ကျောက်ပန်းတောင်၊ ပုပ္ပါး၊ သထုံ၊ ဇင်းကျိုက်၊ မော်လမြိုင်၊ ဘိတ်၊ ထားဝယ်၊ မောင်းမကန်မှ အစ ပြည်မြို့ ဖိုးဦးတောင်နှင့် ငပလီ အဆုံးရောက်နေရာ၊ နေရာတိုင်း အကြံပေး အရာရှိ ဘုတ်ကိုင်ဆရာကြီးအဖြစ်နှင့် ကျမတို့ သွားလေရာ မိန်းမအုပ်စု ယောက်ျားအုပ်စု ထဲ၌ အမြဲ ပါလာ တတ်သည်၊ ခေါ်သူကဲလဲ အမြဲဘဲ အသုံးကျသည် ဆိုပြီး ခေါ်လာသည်။

တကြိမ် ၌ ပုပ္ပါးတောင်ကလပ်တွင် ရှိစဉ် တရားဟောသော အသံတပုဒ် တိတ်ရကော်ဒါမှာသွင်းနေ သည်ကို တွေ့ရ သည်။ ပြန်ဖွင့်တော့ ဘုန်းကြီးတရားဟောသံ တခုပေါ်လာသည်။ သည်တော့မှ သခင်ကျော်ရင် အမည် မခံမှီ၊ ယပ်လှဲ တရားဟော ဓမ္မကထိက  ဘုန်းကြီး မြဒေါင်းညို ဆိုဒါ သူပေါ့ ဟု ပြောပြ၍ ဘုန်းကြီး လူထွက် မှန်း သိရပါသည်။ အဲဒါ ဘုန်းကြီးအဖြစ်နှင့် ရှိစဉ်က မြဒေါင်းညို အမည်ခံပြီး တရားဟော ခဲ့ဘူးသော တရားသံများကို ပြန်လည်မှတ်မိသရွေ့၊ တိတ်ရကော်ဒါနှင့် သွင်းပြီး ဖွင့်ကြည့်ချင်၍ အသံသွင်း ပြီး ပြန်ဖွင့်ကြည့်နေပါသည်ဟု ဆိုလေသည်။
သူတို့တရားဟောသော ခေတ်က သာယာဝတီ ဦးညေယျ၊ ဦးဣန္ဒက စသော နိုင်ငံကျော် တရားဟော ဓမ္မ ကထိက ကိုယ်တော်တွေကို တနိုင်ငံလုံးခြုံပြီး (ဟိတ်) သတင်းမကြီးသည် တိုင်အောင်  ကိုယ်နယ်နှင့် ကိုယ် ဆိုင်ရာ မှာတော့ အသင့်အတင့် သတင်းကြီးနေသော ယပ်လှဲ တရားဟော ဓမ္မကထိက ဘုန်းကြီးတွေ အတော် ခေတ်စားလျှက် ရှိသည်။ ထိုခေတ် ကို အချို့က ပလ္လင်ဆင်း ငွေချေ တရားဟောခေတ် ဟု ပျက်ရယ် ပြုကြသေးသည်။

ယပ်လှဲတရားဟောဓမ္မကထိက

ယင်း ယပ်လှဲတရားဟော ဓမ္မကထိက ဘုန်းကြီး မြဒေါင်းညိုအဖြစ်မှ လူထွက်အိမ်ထောင်ကျပြီး သခင် အသင်း ထည်း ၀င်၍ သခင်အမည်ခံ သခင်ကျော်ရင်၏ ဇာတိမှာ ပြည်ခရိုင်မှာ ၀က်ထီးကန် ဆိုလား၊ ဇီးအုပ် ဆိုလား ရွာမှ ဇာတိ ဖြစ်သည်။ ငယ်စဉ်က အကြောင်းကိစ္စ တခုကြောင့် ပြည်မြို့ နယ်မှ ထွက်လာပြီး ရဟန်း ၀တ်သည်။ ပုသိမ်ခရိုင်ရှိ တောနယ်များမှာ အထက်ပါ ယပ်လှဲတရား ဟော ဓမ္မကထိက ဘုန်းကြီး မြဒေါင်းညို အဖြစ်နှင့် တရားလှည့်လည်ဟောပြော နေခဲ့ပြီးမှ လူဝတ် လဲ၍ အိမ်ထောင်ကျ သည်ဟု သိရ ပါသည်။

ဒီတော့မှ တရားဟောသံ၊ အသံသွင်း တိတ်ရကော်ဒါမှ ဟောပြောသံများနှင့် ထင်ဟပ်လာသည်။ ပြည်မြို့သို့ ဖိုးဦးတောင် ဘုရားကိစ္စနှင့် သွားခြင်း၊ နောက်ဆုံး နိဗ္ဗိန္ဒတောရ၌ ကျွမ်းကျင်စွာ နားလည် ခဲ့သူ ဖြစ်သည့် အတိုင်း စီမံ ခန့်ခွဲ လုပ်ကိုင်ဆောင်ရွက်မှု တွေ ပြုနိုင်နေခြင်း ဖြစ်ပါသည်။ တရားသံ၊ ကမ္မဋ္ဌာန်း ဘာဝနာသံ များများ ပါသော စကားတို့ကိုလည်း လူ့စရိုက်နှင့် အကြိုက်ကို ကြည့်၍ ပြောနေတတ်သည်ကို တွေ့ရသည်။ ဘုန်းကြီး လူထွက် အိမ်ထောင်ပြုပြီး ဆေးဆရာလုပ်နေရာမှ သခင်အသင်းတွေ ပေါ်လာသောအခါ သခင် နာမည် ယူသည်။

အင်္ဂလိပ် အစိုးရခေတ်၊ ငါးပွင့်ဆိုင်ပါတီ ဟူ၍ ပေါ်လာပြီးနောက် ဂဠုံဦးစောအစိုးရလက်ထက်၌ ၀ါးရင်းတုတ် တပ်သားများ ဖွဲ့ပြီး သခင်အသင်းဝင် နိုင်ငံရေး သမားများအား အင်္ဂလိပ် အစိုးရ အလိုကျ နှိမ်နင်းကြရာတွင် သူက သခင်ဆိုသော်လည်း ဂဠုံဦးစောဘက်က သခင်ဖြစ်၍ ပုသိမ်မှာ အမတ် ဦးအောင်သာတို့နှင့် ရောမိသည်။ ပုသိမ် သို့ ညီလာခံ တရား ဟောလာသော သခင်ကိုယ်တော်မှိုင်း ကြီးကို ကိုယ်ထိ လက်ရောက် ကျူးလွန် စော်ကားလိုက်ဘူးသူ ဟူ၍လည်း ဗမာ့ခေတ် အလုပ်တိုက် ရုံးခန်းက သခင်ဗအေး က ပြောပြသဖြင့် (နောက်မှသိရသည်) ၎င်းဂဠုံဦးစော ခေတ် ဆီတုံးက ပုသိမ် မှ သခင်ကိုယ်တော်မှိုင်းအား ထိပါး စော်ကား ခံရသော သတင်းမှာ သတင်းစာတွေထဲ၌ အထင် အရှား ဖတ်လိုက်ကြရဘူးပါသည်။ သို့ရာတွင် ဘယ်သူဘယ်ဝါရယ်လို့ မသမိမမှတ်မိဘဲ ယခုမှ သိရ ခြင်း ဖြစ်ပါသည်။

၎င်းသည် ဂျပန်ခေတ်သို့ ရောက်လာသောအခါ သခင်ဗစိန် ၀န်ကြီး တနေရာချိန်က ကြည့်ရှု စောင့်မ သော အနေနှင့် ယစ်မျိုးဘက်မှ လခစားအမှုထမ်းတဦးအဖြစ် ခန့်အပ်ကြည့်ရှုထားသည်ဟု ဆိုသည်။ ဂျပန်ခေတ် က အရာရှိ ခန့်ဘို့ အလွန် လွယ်ကူပါသည်။ အင်္ဂလိပ်စာ ဗမာစာ တတ်ဘို့မလို။ ဆန်ပြုတ်ရောင်းသူ မုန့်ဟင်းခါး ရောင်းသူများပင် မြို့အုပ်ဖြစ်ကြ၊ ရာဇ၀တ်အုပ်ဖြစ် ကြနှင့် နိုင်ငံရေးနောက်လိုက်များ အရေးတော်ပုံ တွင် ထမင်းအိုးထမ်း ဟင်းအိုးထမ်းမျာပါ မကျန် တန်ရာ တန်ရာ ရာထူး ကလေး တွေနှင့် အခွင့် အရေး ခံစားကြရပါသည်။ သို့ရာတွင် ဂျပန်အစိုးရ ကြီးစိုးနေစဉ် အတွင်းမှာဘဲ သခင်အမည်ခံ နိုင်ငံရေး သမားကြီးငယ် များနှင့် ဒေါက်တာဘမော်တို့ စိတ်သဘော ကွဲလွဲလာသည်။ သခင်ဗစိန်၊ သခင်ထွန်းအုပ် အစ ရှိသော ၀န်ကြီးများ နှုတ်ထွက်ပြီး စင်္ကာပူ သို့ ဂျပန်က ပို့သည်အထိ တမျိုးတဖုံ အခြေ အနေ ပြောင်းလဲသွားကြသည်။

နောက် ဂျပန်အစိုးရ ထွက်ပြေးရပြီး အင်္ဂလိပ်ပြန်ရောက်လာသည်မှ ဗမာပြည်သည် လွတ်လပ်သော ပြည်ထောင်စု သမတနိုင်ငံ အဖြစ် ရောက်ရှိလာချိန်အထိ ပြောင်းလဲခဲ့သည်တွင် သခင်ဗစိန် ကဘဲ ထိုသူ သခင်ကျော်ရင် ကို ဆက်လက်ကြည့်ရှုပြီး လောင်းဝစ်လမ်း ရှိ သူ၏ ခြံအတွင်းအိမ်မှာနေစေ၍ အရက်ချက်ရုံ မှာ အလုပ်ပေး ထားသည်။ နိုင်ငံရေးအားဖြင့်လည်း ဟိုအဖွဲ့မှ သည်အဖွဲ့သို့ တဖွဲ့ပြီး တဖွဲ့ပြောင်းရွှေ့ သွားရာ ဒီမိုကရေတစ် ပါတီ မှ ပမညတ၊ ၎င်းမှ တရားမျှတ၊ ၎င်းမှ နေပြီး ဗိုလ်ချုပ် နေ၀င်း အစိုးရ ခေတ်မှာ  အရက်ချက်ရုံ ပိတ်လိုက် သဖြင့် ဗမာ့ခေတ် သို့ ရောက်လာပြီး ယနေ့အထိ အရေးကြီးသော အတွင်းလူ လူယုံတော်ကြီး တဦး အဖြစ် ရှယ်ယာအစုရှင်ကြီးတဦးအနေနှင့် ရပ်တည်ဆဲ ရှိနေပါသည်။

ဗိုလ်ချုပ်နေ၀င်း အစိုးရ လက်ထက်က သန့်ရှင်းရေးရွေးကောက်ပွဲ မတိုင်မီအထိ အရက်တွေ ဖိသောက် နေကြသော ဘိလိယက်ခန်းထဲမှာ အလုပ်မရှိ စကားဝိုင်းဖွဲ့ ပြောနေကြသူအချို့တွင် သူက ရှေ့ဆောင် ပါသည်။ ဗမာ့ခေတ် အလုပ်တိုက်မှ လခစာရင်းတွင် သခင်ကျော်ရင်က အလုပ်မပြရဘဲ တလ ၂၀၀ိ၊ လခအမြဲ ထုတ်ပေးရသည်ကို နောက်ပိုင်းကျမ ကိုယ်တိုင် လခ စာရင်းများ ပြန်ကြည့်သောအခါမှာ တွေ့ရ ပါသည်။ အလုပ်မရှိ ၀င်ငွေမရှိ၍ ထောက်ပံ့ထားရခြင်း ဖြစ်ပါသည်ဟု ကက်ရှီယာ ငွေထိန်းမနှင့် စာရင်းကိုင် သခင်ဗအေးက ပြောပြ ပါသည်။ သူ့တွင်သာမက သူနှင့် ပတ်သက်ပြီး သခင်ဖိုးဦးဆိုသော အဖိုးကြီး တဦးကိုလည်း တလ၁၅၀ိနှင့် ဗမာ့ခေတ်အလုပ်တိုက်မှာ စာရင်းမှတ်ဘို့ဆိုပြီး ခန့်ထားပါသေးသည်။

ဒါပေတဲ့  အလုပ်တော့ မလုပ်တတ်ပါဟု ပြောပြကြပါ သည်။ ဗိုလ်ချုပ် (………) ဗိုလ်မှူးချုပ် (………) တို့အား သခင်ကျော်ရင်ကတူသားတပည့် အရင်းအခြားများလို ဆိုဆုမ္မနိုင်သည့် ငယ်နိုင်တွေဟု ကြွားပြော ထားသောကြောင့် ဗမာ့ခေတ် အလုပ်တိုက်၏ အယ်ဒီတာခန်း အလုပ်ရုံးခန်းက လူတွေနှင့်တကွ ကြီးကြီး မာစတာ အမှူးပြုပြီးသူ့ကိုလက်မလွှတ်နိုင်။ ဘုတ်ကိုင်ကြီး အရာထား၍ လေးစားနေကြရပါ သည်ဟု အချို့က ဇာတ်ကြောင်းပြန်ပြောမှ သိရပါသည်။ သို့ပေတဲ့ ကျမအဘို့ကတော့ ပဲခူးပြန်များ ၏ စကားက တိုး၍ မရပါ။ ပထမလာသူနှစ်ဦးကို ဖြေသလိုဘဲ သခင်ကျော်ရင်ကိုလဲ ကျမနှင့် မဆိုင် ကြောင်း ပြတ်ပြတ်ဘဲ ဖြေလိုက်ပါသည်။ သည်တော့မှ ထွက်သွားပြီး နောက်ဆုံး တပတ်ကြော့ ၍ အယ်ဒီတာ မောင်သန်းညွှန့်က စတုတ္ထမြောက် လာပြန်ပါသည်။

ဘဏ် ၃တိုက်တွင် နာမည်လွှဲရန် ကိစ္စ ဆက်ရန်
.

No comments: