Friday, April 30, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၉၂)

နှစ်ပေါင်း ၆၀အတွင်းမှ ကဏ္ဍ

ယင်းသို့ ဂျပန်တခေတ်လုံး ဗုံးကြား စက်သေနတ်ကြားတွင် စီးပွားရှာခဲ့ကြသည်။ ရန်ကုန်မြို့ထည်း၌ မည်သူ မျှ မနေ၀ံ့ ကျောင်းကြိုကျောင်းကြား၊ ဘုရားကြိုဘုရားကြားနှင့် မြို့စွန်ရပ်ဖျားများတွင် သင့်သလို ခိုအောင်း နေကြသော စစ်အတွင်း ဂျပန်ခေတ်ဖြစ်၍ လူအများတို့ အစားအသောက် အနေအထိုင် ကြပ်တည်း ဆင်းရဲချိန် တွင် ဆွေမျိုး မိတ်ဆွေ တပည့်လက်သားအများ အိမ်ထောင် သည်အများ စုစုပေါင်း လူလေးဆယ်၊ ငါးဆယ်ခန့်တို့အား ကျမအိမ်ပေါ်နှင့် ရှစ်ခန်းတွဲရှိ နောက်ဖေးတန်းလျား ရှည်ကြီးပါမကျန် ခေါ်ယူ တင်ထား၍ ကျွေးမွေးစောင့်ရှောက် ကူညီခဲ့သည်။ ခိုကိုးစေခဲ့သည်။ ကျမအိမ်မှာ အဆင့် အတန်းမြင့် သော ဒုက္ခသည်စခန်းတခုကဲ့သို့ ဖြစ်နေခဲ့ပါသည်။

ကျမ၏ အဓိဋ္ဌာန်ချက် စေတနာမှာ ကျောင်းကန်ဘုရား တည်ထား ဆောက်လုပ် လှူဒါန်းသာ အလှူ ဒါနမျိုး နှင့် အလားတူ အတိဒုက္ခရောက်နေသော စစ်အတွင်း ကပ်ဆိုးကြီးအတွင်း၌ ကာလဒါနတရပ် အဖြစ် သူတပါး တို့၏ စားရေး၊ ၀တ်ရေး၊ နေရေး တည်းဟူသော ကြပ်တည်းမှုဒုက္ခမှ သက်သာရာ ရစေခဲ့သည့် မြတ်သော ဒါန အလှူဟူ၍ ရည်မှန်းကြည်နူးခဲ့ခြင်း ဖြစ်ပါသည်။
မည်မျှ စရိတ်စကကုန်ကျခံ၍ လှူဒါန်းကျွေးမွေးပေးကမ်း ထောက်ပံ့နေသော်လည်း ဂျပန်ငွေစက္ကူ များမှာ မကုန်ခန်း နိုင်ဘဲ ပုံနေသည်။ ဂျပန်ငွေစက္ကူ၏ တန်ဘိုးမဲ့မည့် အခြေအနေကို တွေး၍ ပစ္စည်း တခုခု အမြဲတမ်း ၀ယ်ပစ်တတ်သောကြောင့် ကျမအိမ်တွင် စိန်ကုန်သည်၊ ရွှေကုန်သည်နှင့် ပုံနှိပ် စက္ကူ ပုံနှိပ်စက် ရောင်းသူ ပွဲစားများ ဥဒဟို ခြေချင်းရှုပ်ခဲ့ပါသည်။

သို့နှင့် ဂျပန်အစိုးရ ထွက်ပြေးသော နောက်တနေ့မှာပင် တန်းလန်း ကျန်ရစ်သော အစိုးရပုံနှိပ်တိုက် မှ စာစီသမားများ အယ်ဒီတာများ၏ ၀မ်းရေးပြဿနာကို ဆက်လက် ဖြေရှင်းရန်တကြောင်း၊ စပ်ကူး မတ်ကူး၌ ဗမာ့ခေတ် သတင်းစာကို ကျမတို့ပိုင် သတင်းစာအဖြစ် ရက်ဆက်မပြတ် ရအောင် ငွေရင်းစိုက်၍ ရိုက်နှိပ် ထုတ်ဝေ ခဲ့သည်။ ကက်စဘီအစိုးရလက်ထက်၌ အစိုးရ ပုံနှိပ်တိုက်မှ အလုပ် သမားများနှင့် စာစီခုံများ ပြောင်းရွှေ့ မသွားမှီ ကျမပိုင်စာစီခုံများနှင့် ခွဲခြားထုတ်ဝေခဲ့ခြင်းဖြစ်ရာ ပုံနှိပ်လုပ်ငန်းမှ လိုရာ ပစ္စည်း များကို လည်း ထပ်ဖြည့် ၀ယ်ယူသုံးစွဲခဲ့ရပြန်ပါသည်။

သို့ကက်စဘီခေတ်မှ ဗိုလ်ချုပ်အောင်ဆန်းခေတ်။ ဖဆပလခေတ်အထိ ဗမာ့ခေတ်သတင်းစာကို အနှောင့်အယှ့် အဖျက်အဆီး အမျိုးမျိုးကြားမှ မားမားမတ်မတ်နှင့် ကြံ့ကြံ့ခံ၍ ထုတ်ဝေခဲ့ရသည်။
မူလက ဆွေရင်းမျိုးခြား ညီအစ်ကို မောင်နှမတွေပမာ အိမ်သို့ ၀င်ထွက် ရင်းနှီးလျက် ရှိကြသော နိုင်ငံရေးသမားများမှာ အလံနီ အလံဖြူ ကွန်မြူနစ်များ၊ ဆိုရှယ်လစ်များအဖြစ် လူစုကွဲကာ ဗမာ့ခေတ် သတင်းစာကို လက်ပစ်ဗုံးနှင့် ပစ်သူ၊ စက်သေနတ်နှင့်ဆွဲသူ တရားသဖြင့် ၀ယ်ယူထား သော ပုံနှိပ်စက်ကြီး များကို လေးထပ်ရုံးကြီးပေါ်တင်သူ၊ ပုံနှိပ်တိုက်ချိပ်ပိတ်၊ လူ ပုဒ်မ၅နှင့် ဆွဲ စသော လက်ဆောင် ကောင်း များကို တိုင်းကျော် ပြည်ကြား ရရှိခဲ့သည်မှာ အုပ်ချုပ်သူ၏ မလိမ်မာမှု ကြောင့် ခံခဲ့ရသော ဒဏ်ရာများဟု ယူဆ ခဲ့ ပါသည်။

ဗမာ့ခေတ် ဒဏ်ရာရတိုင်း တဘက်မှ ကျမပစ္စည်းများနှင့် ကုစားဖါထေးခဲ့ရမြဲဖြစ်ရာ နောက်ဆုံး ဦးစောဟန်၊ ဗိုလ်မှူး တက်မြင့် စသူတို့နှင့် တသိန်းတန်လျော်ကြေးမှုကြီးများမှာပင် ကျမ၏ ယခု လက်ရှိ နေအိမ် ဂရံကို ၂သိန်း နှင့် အာမခံ တင်ပေးထားရပါသည်။ ထိုအိမ်မှာ ဗမာ့ခေတ်သတင်းစာ မှ မြတ်စွန်း၍ ၀ယ်ယူသော အိမ် မဟုတ် ဂျပန်ငွေတွေ မထားလို၍ ၎င်းဂျပန် ငွေတွေနှင့် လဲလှယ် ၀ယ်ယူထားခဲ့သော စိန်ထည် ပစ္စည်း များမှ တန်ဘိုးတက်ကြွ အမြတ်အစွန်းရငွေနှင့် ၀ယ်ယူခဲ့သော ကျမတဦးတည်းပိုင် အိမ်ဖြစ်ပါသည်။ ဤသို့ အရေး ပေါ်တိုင်း ကုစားဖါထေးခဲ့ရသဖြင့် ဗမာ့ခေတ်၏ အခြေအနေမှာ ယနေ့အထိ မယိမ်းမယိုင် ကြံ့ကြံ့ခံ နိုင်ရေ ရှိခဲ့ခြင်း ဖြစ်ပါသည်။

ဂျပန်ခေတ်အတွင်းက ကျမနေအိမ် ကယ်တင်ရှင် စခန်းတွင် လာရောက်နေထိုင်သူများအနက် စောင်း ဦဘသန်း တအိမ်ထောင်၊ စာရေးဆရာရွှေတိုင်ညွန့် (ကွယ်လွန်သူ) ပန်းချီဆရာ ဦးဘလုံကြီး ကွယ်လွန် သူနှင့် သူ့၏ဇနီး၊ ပန်းချီဆရာ ဦးအုန်းလွင်၊ မယား၊ ခယ်မ၊ ယောက်ဖများပါ တအိမ်ထောင်၊ ကွယ်လွန်သူ ပန်းချီဆရာဆောင်နှင့် ၎င်း၏ဇနီးတို့လည်း အပါအ၀င် ဖြစ်ပါသည်။

ပုံနှိပ်တိုက် လုပ်ငန်းတိုးချဲ့၍ (စက်ကြီးနောက်ကြည့်) အလုပ်သမားနေရာတွင် အပါကြီးဆိုသူ (ယောဂီ ပုံနှိပ်တိုက် မှ စက်နောက်ကြည့် အလုပ်သမားဟောင်း)က အလုပ်လာတောင်း၍ တနေ့ ၂ကျပ်စား စက်ကြီး နောက်ကြည့် အလုပ်ပေးခန့်ထားရာတွင် ၎င်း၏မိခင်နှင့် ညီငယ်၊ ညီမငယ်များ နေထိုင်စရာ မရှိ၍ နောက်ဖေး တန်းလျား၌ နေပါရစေ အခွင့်တောင်းသောကြောင့် အခန်းတခန်း နေရာချထားပေးရသည်။ ၎င်းသည် လုပ်သက်ရလာသောအခါ ကျမပုံနှိပ်တိုက်မှာ ဖိုမင်အဆင့် အတန်းသို့ တက်လာရပြီး ကျမ အိမ် လာ နေသော ပန်းချီဦးအုန်းလွင်၏ ခယ်မနှင့် ဆရာမိဘ၀တ္တရား ထိမ်းမြားပေးလိုက်သည်အထိ ကြည့်ရှု စောင့်ရှောက် ခဲ့ရာမှ ထိုအခါက ကျမ မသိသေးသော အတွင်းရေးတခုကို မူတည်၍ အလုပ်ထွက်ခါ တနေရာ ၌ စာပုံနှိပ်တိုက်ငယ်တခု တည်ထောင်နိုင် အောင် တဟုန်ထိုး ခုန်တက်သွားလေသည်။ (ဤဘဏ္ဍ ကလေး များသည် နောက်ပိုင်းတွင် အကောင်အထည်ပေါ်လာဦးမည့် ကဏ္ဍလေးတခု ဖြစ်ပါသည်။)

သစ်တပင်ကောင်း ငှက်တသောင်းခိုရ

သို့နှင့် ကျမပိုင် တိုင်းပြည်ပြု ပုံနှိပ်တိုက်သည် လွတ်လပ်ရေး ရပြီးသည်အထိ အမည်မပြောင်းသေး ဘဲ၊ ဗမာ့ခေတ်သတင်းစာကို ပုံနှိပ်ထုတ်ဝေသည်။ ရွှေဂုံတိုင်လမ်းမှ ယခုလက်ရှိ ဘောင်ဒရီလမ်းနေ နေအိမ်သို့ ရွှေ့ပြောင်းလာသောအခါမှ ဗမာ့ခေတ်သတင်းစာနှင့်အတူ ဗမာ့ခေတ်ပုံနှိပ်တိုက်ဟု အမည်တခုတည်း ပြောင်းလဲလိုက်ပါသည်။

လွန်ခဲ့သော ၄-၅နှစ် အချိန်ကစ၍ ကျမသည် ကျန်းမာရေးကြောင့် မျက်နှာလွဲ၍ နေခဲ့သည်။ အလုပ် တိုက်တွင် ကျမ၏မောင်ဝမ်းကွဲ တယောက်ကို မန်နေဂျာအဖြစ် အလုပ်ခန့်အပ်ခဲ့သည်။ ဘိုကလေး၊ ပန်းတနော် တို့မှ အလွန်ဆင်းရဲနွမ်းပါးသော သူ၏ဆွေမျိုးသားချင်း တူ၊ တူမစသည် များမှာ ခေတ်ပညာ မတတ် သူများ ဖြစ်၍ မီးဖိုချောင်မှ ပန်းကန်ဆေး၊ အိုးဆေး၊ ဘ၀မှ အစပြု၍ ခိုဝင်လာခဲ့ ပြီး နောက်ဆုံး လခနှစ်ရာမှ သုံးရာအထိ ချီးမြှင့်ပေး၍ ယနေ့ဘာဂျော်ဂျီ ကုန်းပေါ်၌ ပျဉ်ထောင် သွပ်မိုးအိမ်ပိုင်များ မော်တော်ဆိုင်ကယ်ခြောက်လုံးပြူး ကိုယ်စီနှင့် ဖြစ်သည်အထိ ကြည့်ရှု စောင့်ရှောက်ခဲ့သည်။ ထိုမျှမက သူ့ရပ်ရွာမှ အသိအကျွမ်းများ ရပ်ဆွေ ရပ်မျိုးများပါ မကျန်ရ ယုတ်စွအဆုံး အပေါက်စောင့်ဒရ၀မ်ကအစ ဗမာ့ခေတ် အလုပ်တိုက်မှ ဋ္ဌာနအသီးသီးမှာ လက်ရှိ အလုပ်သမားဦးရေ၏ သုံးချိုးတချိုးမျှ ထိုးသွင်း အလုပ် ပေးထား ခဲ့ပါသည်။

ထိုမျှမကသေးပါ။ သူ၏ တူနှစ်ယောက်နှင့် ကျမ၏ မောင်ဝမ်းကွဲမန်နေဂျာ (လွန်ခဲ့သော ၃လခန့်က အလုပ်မှ ရပ်စဲ လိုက်သူ)တို့အား ဗမာ့ခေတ်အစုရှယ်ယာများဆိုပြီး ပေးအပ်သည်အထိ ကြည့်ရှု စောင့်ရှောက် ခဲ့ပါ သည်။

မှတ်ချက်။       ။ ထိုဆောင်ပါးရေးစဉ် အချိန်က ကျမအမည်မပါသော စာချုပ်လိမ်ကိစ္စမသိရသေး ပေ။
သစ်တပင် ကောင်းလျှင် ငှက်တသောင်း ခိုရသည်ဆိုသော စကားကဲ့သို့ ဤမျှအထိ ကြည့်ရှု စောင့်ရှောက် ထားခဲ့ခြင်းဖြင့် သူတို့တတွေ စိတ်ချမ်းသာကိုယ်ချမ်းသာ ဖြစ်ကြရသလို ကျမ၏ မုဒိတာတရားကို တုံ့ပြန် ချစ်ကြည်ညို ကြလိမ့်မည်ဟုလည်း ယုံကြည်မိခဲ့သည်။

ထို့ကြောင့် ဗမာပြည်အမြို့မြို့ အရွာရွာသို့ လှည့်လည်ရင်း ကုသိုလ်ကောင်းမှုများကို စိတ်အေး လက်အေး ပြုလုပ်လှူဒါန်းခဲ့သည်။ ကမ္ဘာကို ၂ကြိမ်မျှ လှည့်ခဲ့ရာ၌လည်း (သတင်းစာတိုက်မှ ရငွေ နှင့် မဟုတ်သော) ကျမတကိုယ် အတွက် ကိုယ်ပိုင် ဘဏ်အပ်ငွေမှ ထုတ်ယူကုန်ကျခဲ့သည်။ ၎င်းဘဏ် ငွေထုတ်ချက်စာအုပ် လက္ခံ ဖြတ်ပိုင်းများ၌ ယနေ့အထိ တိကျစွာ ရေးမှတ်ထားလျက် ရှိ ပါသည်။
ဤသို့ ထုတ်ဖေါ်ရေးသားခြင်းမှာ သတင်းစာတိုက် အသုံးစာရင်းငွေများ၌ ကျမအတွက် ကမ္ဘာလှည့် စရိတ် ထုတ်ပေး ရသည်ဟု ၂ထပ်ကွမ်း စာရင်းလိမ်၍ တင်ထားကြောင်း သိရသဖြင့် ရေးခဲ့ခြင်း ဖြစ် ပါသည်။

ပုထိုးတော်ကြီးဘုရားမှထီး ဆက်ရန်
.

No comments: