Wednesday, March 31, 2010

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၁၅)

စားစရာကိုမြင်သောအခါ ခလေးများသည် လှုပ်ရှားလည်ဆန့်၍ လာကြလေ၏၊ အဘိုးကြီး၏ မျက်လုံး များသည်လည်း ၀င်းဝင်းတောက် ၍ လာလေ၏၊ သို့သော် ၀မ်လန်းသည် ခလေးများကို ဖယ်ပစ်လျက် ပဲစေ့များကို ဇနီးသယ်၏ အိမ်ရာထဲသို့ယူသွားပြီး ဇနီးသယ် အားကျွေးလေ၏၊ အစာမရှိလျှင် မီးဖွားရခြင်း ကိစ္စ၌ အားပြတ်လျက် သေဘွယ်ရာသာ ရှိသောကြောင့် အိုလင်မှာ မစားချင်စားချင်နှင့်ပင် ပဲစေ့ကလေး များကို တစေ့စီယူ၍ စားလေ၏။

ဝမ်လန်းသည်ပဲစေ့  အနည်းငယ်ခန့်ကို လက်ထဲတွင်ဝှက်ထားလျက် သူ့ပါးစပ်ထဲသို့ သွင်းလိုက်ပြီး ၀ါးကာ သမီးငယ်ကလေး၏ နှုတ်ခမ်းကို သူ့နှုတ်ခမ်းနှင့် တေ့လျက် ၀ါးဖတ်ကို ကြွေးလေ၏၊သမီးငယ် ကလေး မြုံ နေသည်ကို မြင်ရသောအခါ သူကိုယ်တိုင်ပင် အလိုလိုဝ၍ သွားလေ၏။

ထိုည၌ ၀မ်လန်းသည် အခန်းထဲ၌ ထိုင်၍ နေလေ၏ သား၂-ယောက်ကား အဘိုးအေဖြစ်သူ၏ အိပ်ရာ ထဲတွင် ရှိကြလေ၏ တတိယ အခန်းထဲတွင် အိုလင်သည် တယောက်ထည်း မီးဖွားလျက် ရှိလေသည်။
ဝမ်လန်းသည် သားဦးကလေး မွေးစဉ်တုံးကလို အသံကိုသာနားစွင့်ရင်း ထိုင်စောင့်နေလေ၏၊ ယောကျာ်း ကလေး ဖြစ်ဖြစ် ယခုကမူသူ့အတွက် ဘာမျှမထူးတော့ မွေးလာမည့် ခလေးမှာကျွေးရမည့် ပါးစပ်ပေါက်တခု တိုးလာခြင်းသာ ဖြစ်ဘိ၏။

''အင်း- အသေကလေးများသာ မွေးလာရင် ဘယ်လောက်သနားစရာ ကောင်းလိုက်မလဲ'' ဟုတွေးခိုက် ဖြောင့်တော့သော ခလေးငိုသံကလေးတခုကို သဲ့သဲ့မျှ ကြားလိုက်ရလေ၏၊ ငိုသံမှာ ဆိတ်ငြိမ်ခြင်းကို ထွင်းဖေါက် သွားလေ၏''ဒါပေမဲ့ ဒီလိုအခါမျိုးတော့ သနားမနေနိုင်တော့ ပါဘူးလေ'' ဟုအတွေးကို ခါးခါး သီးသီး အဆုံးသတ်လိုက်ပြီး ဆက်၍ နားထောင်နေလေ၏။

ငိုသံမှာ နောက်ထပ်၍ မပေါ်လာ ဆိတ်ငြိမ်ခြင်း သည်သာ ထုထည်ကြီးမား၍ လာလေ၏ ဆိတ်ငြိမ်ခြင်းမှာ ယခုမှ မဟုတ် နေ့ပေါင်းများစွာကပင် အိမ်တို်င်းအိမ်တိုင်း၌ လွှမ်းမိုးလျက်ရှိ၏ လူများမှာ ထိုဆိတ်ငြိမ်ခြင်း၏ အောက်တွင် သေမင်း၏ဆွဲယူချိန်ကို စောင့်၍သာ နေခဲ့ကြရလေသည်၊ ၀မ်လန်းကား ယခု ဆိတ်ငြိမ်ခြင်း အတွက် ရပ်တည်ရာ မရအောင်ဖြစ်လာလျက် ကြေင့်လန့်၍ လာလေ၏ ထိုင်ရမှာထပြီး အခန်းသို့ လျှောက် သွားကာ တံခါးကြားမှ '' မင်းဘာမှ မဖြစ်ဘူးမဟုတ်လားဟေ့''  ဟုမေးကာနားထောင်နေလေ၏။

မိမိထိုင် ၍ နေတုံးက သေများပင် သေသွားလေသလောဟု စိတ်ချောက်ချားသွားလေ၏၊ သို့သော် အတွင်းမှ ဖြည်းညှင်းစွာ လှုပ်ရှားနေသံကို ကြားရလေ၏၊ အိုလင်ကား ဟိုမှာဒီမှ ရွေ့လျားသွားလာ နေလျက် အတော်ကြာ မှ ဟင်းကနဲ သက်ပြင်းကြီးချလိုက်ကာ ''၀င်ခဲ့တော့'' ဟုခေါ်လေ၏။
သို့ဖြင့် ၀မ်လန်းသည် အခန်းထဲသို့ ၀င်ခဲ့ရာ အိမ်ရာပေါ်တွင် တယောက်တည်း ပက်လက်ရှိသော အိုလင် အား တွေ့ရလေ၏။
''ခလေးကော ဘယ်မလဲ...''

အိုလင်က ညွန်ပြ၍ကြည့်လိုက်ရာ ကြမ်းပြင်ပေါ်၌ မွေးကာစ ခလေးကလေး ကို တွေ့ရသဖြင့်။
''ဟင်- အသေလေးလား'' ဟု အံ့အားကြီးသင့်လျက် မေးလိုက်လျှင် ''အသေလေး'' ဟုအိုလင်က တိုးတိုးပြန်၍ ဖြေဆိုလေ၏။
ငုံ့၍ ခလေးကိုကြည့်သေအခါ အရိုးနှင့်အရေကလေး တွဲရုံမျှ တွဲနေသော မိန်းမလေးကိုတွေ့ရလေ၏၊ '' အစက ငါငိုသံကြားလိုက်ရပါသေးတယ်'' ဟုပြောလိုက်မိတော့မည်အပြု ဇနီးသယ်၏မျက်နှာကို မြင်ရလေ ရာ၊ မေးမည့်စကားများပင် မမေးရက်အောင် ဖြစ်သွားလေ၏၊ အိုလင်၏ မျာက်လုံးများကား မှိတ်လျက်ရှိ၏၊ အသားရောင် မှာ သွေးဆုတ်လျက် ဖြူပတ်ဖြူလျော်ဖြစ်စေပြီး အရိုးတို့သည် သနားစဖွယ် မျက်နှာ ကလေး ကို မြင်နေရလေ၏၊ မိမိမှာ ကုန်လွန်ခဲ့သော လပေါင်းများစွာတွင် မိမိ တကိုယ်တည်း အတွက်သာ ငတ်လှ သော ရေကြောင်းတွင် ရေဆန်လေဆန် တိုက်ခဲ့ရ၏၊ ဇနီးသယ်ကား အငတ်ပင်လယ်တွင် ၀မ်းထဲက အငတ် ရင်သွေး ကလေးနှင့် အတူ ပင်ပန်းမောဟိုက် စွာဖြင့် လက်ပစ်ကူးခဲ့ရရှာပေတကား။

ဘာမျှ မပြော ခလေးအလောင်းကလေးကို ကောက်ယူလျက် အပြင်ခန်းသို့ ထုတ်ခဲ့ပြီး၊ ဖျားစုတ်ကလေး တခုကို ရှာကာ အလောင်းကိုဖျာနှင့်လိပ်လေ၏ သို့လိပ်ရာတွင် ၀ိုင်းစက်သော ခေါင်းကလေးမှာ ဖျာလိပ် ထဲမှ တွဲလောင်းကျလျက် ဟိုဘက်ရမ်းဒီဘက်ရမ်းနှင့် တရမ်းရမ်း တခါခါဖြစ်နေလေရာ ကြည့်လိုက်သော အခါ လည်ဂုတ်၌ ညိုမဲသွေးစို့နေသော ဒဏ်ရာ ၂-ချက်ကိုတွေ့လိုက်ရလေ၏။
သို့သော် အလောင်းကို ဆက်လက်၍ ဖျာနှင့်လိပ်ပြီး အိမ်မှဝေးနိုင်သမျှ ဝေးဝေး ယူသွားလျက် အနောက် ဘက် လယ်ကွင်းထောင့်ဘေးတွင် လူသေမြှုပ်နှံ့ပြီးသား အုဌ်ဂူလွတ်ကလေးတခု၏ နံဘေးတွင် တူးမြှုပ် နေလေ၏၊ သို့မြှုပ်နေခိုက် ငတ်မွတ်နေသောခွေးတကောင်မှာ ၀မ်လန်း၏နောက်မှ ထပ်ချပ် လိုက်လာ လျက် အမြီးတနှံ့နှံ့နှင့် ငန်းငန်းတက်စားမည်ဖြစ်နေလေရာ ၀မ်လန်းသည် ခဲကလေး တလုံးနှင့် ကောက်၍ ပေါက်လိုက် မိလေ၏။

ဘယ်နှစ်ရက် ဘယ်နှစ်လက ငတ်မွတ်နေခဲ့သည်မသိ ခွေးပိန်ညှော်မှာ နံဘေးကိုခဲမှန်လျက် အနည်းငယ် သာ ပြေးနိုင်ပြီးလဲကျ ဘ၀တုံးလေ၏။
မြှုပ်နှံ၍ ပြီးသောအခါ၌ကား ၀မ်လန်း၏ ခြေထောက်များမှာ မြေကြီးထဲသို့နစ်၍ ခွေဝင်သွားဘိသကဲ့သို့ ထင်မှတ် ရလေ၏၊ ၄င်းသည်မျက်နှာကို  လက်ဝါးနှင့်အုပ်ကာ ပြန်ခဲ့ရာမှ '' ဒီလိုဖြစ်တာဘဲကောင်းတယ်'' ဟုအရူး လိုပြောရင်း တသက်တွင်ပဋ္ဌမဆုံးအကြိမ် ၀မ်းနည်းစိတ်ငယ်ခြင်း ဖြစ်မိလေတော့သတည်း။

နောက်တနေ့ နံနက်ပြောင်းလဲခြင်းမရှိသော ကောင်းကင်ပြာ လဟာပြင်တွင် နေ၀န်းထွက်ပြူလာသော အခါ ၀မ်လန်း၏ စိတ်ထဲ တွင် မစွမ်းမသန်သော အဘေအိုကြီးနှင့် ချိနဲ့သောဇနီးသားသမီးနှင့် အိမ်မှထွက် ခွါကြ ရမည့် အရေးကို အိမ်မက်ပမာ ထင်နေလေ၏၊ ခရီးအားဖြင့် မိုင်ပေါင်းတရာကျော်ကို ဤလူစုသည် မည်ပုံ လှမ်းနိုင်ကြပါမည်နည်း၊ ထိုပြင်အောက်အရပ်ဒေသသို့ ရောက်ခဲ့ကြပြန်သော် အစာရေစာနှင့် တွေ့လိမ့် မည်ဟုလည်း၊ မည်သူက အတတ်ပြောနိုင်ကြပါမည်နည်း၊ အချို့ကလောကမှာ ကျယ်ပြန့်လှ ဘိဟု ပြောကြ ပေလိမ့်မည် သို့ပြောကြသူများမှာ မသေခင်အထိ ဇွဲကုပ်လျက် ရေကြည်ရာ မြက်နုရာရှာ ကြသည့်တိုင် ကိုယ့်ဒေသ ကိုယ့်ရပ်ဋ္ဌာန်တွင် သေကြရသည် ကသာကောင်းသေး၏၊ ဤသို့တွေးလျက် ၀မ်လန်းသည် စိတ်အားပျက်စွာနှင့် တံခါးဝတွင်ထိုင်ကာ စားကောင်းရာမှန်သမျှ ရိပ်ပြီးခူးပြီး နုတ်ပြီး ဖြစ်သည့် မြေကြီးလိုက် ကျန်တော့သောလယ်ကွက်တွေကို ငေးမော၍ ကြည့်နေလေ၏။

လယ်ထဲ တွင် ငွေလည်းမရှိတော့ ပိုက်ဆံပြတ်ခဲ့သည်မှာ အတော်ကြာခြဲ့ပီဖြစ်၏၊ ပိုက်ဆံပင်ရှိစေဦး ၀ယ်စားစရာ ဘာမျှမရှိတော့၍ အကြောင်းထူးမည် မဟုတ်ပေ၊ မြို့ပေါ်ရှိ လူချမ်းသာများမှာ စားနပ်ရိက္ခာ သိုလှောင် ထားလျက်၊ လူချမ်းသာချင်းကို ထုတ်၍ရောင်းကြသည်ဟု ကြားဘူး၏၊ မိမိအား ထိုသူများက အဘိုး အခ မယူဘဲ မေတ္တာဖြင့် ကျွေးမွေးမည်ဆိုသည့်တိုင် ယခုအချိန်မျိုးတွင် မြို့ပေါ်သို့ သွားရန် အားမရှိတော့ပေ အမှန်လည်းစားချင်စိတ် မရှိတော့ပေ။

ပဌမ အစ၌ ဆာလောင်မွတ်သိပ်လှခြင်းဖြင့် ၀မ်းထဲ၌ ထကြွသောင်းကျန်းခြင်း ရှိခဲ့သော်လည်း ယခုအခါ ကျင့်သား ရခဲ့ပြီ ဖြစ်၏။ ခလေးများအဘို့သာ တခုသော လယ်ကွက်ထဲမှ မြေကြီးအချို့ကို တူးဖေါ်၍ ချက်ပြီး ကျွေးသော် လည်း ကိုယ်တိုင်ကား စားချင်စိတ်လုံးဝ မရှိပေ။ ထို မြေကြီးကို ရေဖြင့် ရောချက် စားသောက် လာခဲ့ရသည်မှာ ရက်အတော်ကြာခဲ့ပြီ ဖြစ်၏။ အဟာရဓာတ် အနည်း ငယ်ပါရှိသော မြေကြီးတစ်မျိုး ဖြစ်သောကြောင့် "နတ်သမီးဂရုဏာမြေ"ဟု ခေါ်ဝေါ်ကြ၏။

ရေရှည် အားဖြင့် အသက်တချောင်း တည်တန့်ခိုင်မြဲနိုင်လောက်အောင် စွမ်းအားပဂါ မရှိငြားလည်း အရေ ကြိုလျက် ယက်မန်းရည် လုပ်ခါ ခလေးများကို တိုက်လိုက်လျှင် ခေတ္တခဏအားဖြင့် ဆာလောင်ခြင်း ကို ဖြေလျက် ဘာမျှမရှိသော ၀မ်းပိုက် ကလေးများကို ပြည့်တင်းသွားစေလေ၏။ မနေ့က "ချင်း" ထံ မှရခဲ့သော ပဲနီစေ့ ကလေးများကို မူကား ၀မ်လန်းသည် လက်ဖျားနှင့်မျှ မတို့ဘဲ အိုလင်အား ပေး ထားလေရာ လက်ထဲ တွင် ဆုပ်ပြီး တစေ့နှင့်တစေ့အကြား အချိန်အတန်ကြာပင် ခြားလျက် ၀ါးနေ သံကို ကြားရသောအခါ အလိုလို ပင် အားရ၍ နေလေ၏။

သို့ဖြင့် အိမ်ပေါက်ဝ ထိုင်မြဲထိုင်လျက် ကြံရေးစည်ဘွယ်ဟူသမျှ စိတ်ပျက် အားလျှော့လိုက်ကာ သေရ တော့မည် အရေးကိုသာ တစိမ့်စိမ့် တွေးနေခိုက် လယ်ကွင်းများကို ဖြတ်လျက် မိမိထံ လျှောက်လာနေသော လူတစု ကို တွေ့ရလေ၏။ ထိုလူတစု တဖြည်းဖြည်း နီးလာလျက် ၀မ်လန်း လည်း ထိုင်မြဲထိုင်လျက် လှမ်းကြည့် လေရာ တဦးမှာ ဦးလေးတော်ဖြစ်လျက် ကျန်၃-ဦးမှာ လူစိမ်း များ ဖြစ်ကြောင်း တွေ့ရလေ၏။

"မင့်မတွေ့ရတာ အတော်ကြာပဟေ့"ဟု ဦးလေးဖြစ်သူသည် ရွှင်ပြကျယ်လောင်သော အသံဖြင့် ပြောကာ ဆက်လက် လျှောက်လာလျက်" ဘယ်လိုစားသောက်နေသလဲဟေ့ ငါ့နောင်တော် မင့်- အဘေကော မာရဲ့လား"ဟု မေးလေ၏။
ဝမ်လန်းက မော်ကြည့်လေ၏။ ဦးလေးဖြစ်သူမှာ ပိန်၍ နေသည် မှန်သော်လည်း ငတ်ပြတ်နေပုံမရ ပေ၊ ၀မ်လန်း မှာ ကြည့်ရင်းကြည့်ရင်း ဦးလေးဖြစ်သူအား ရှိသမျှအားကလေးဖြင့် တဆတ်ဆတ်တုံ လာလျက် သတ်ချင် ဖြတ်ချင်စိတ် ပေါ်လာလေ၏။

"ခင်ဗျား ကော ဘာစားနေသလဲ ခင်ဗျားကော" ဟု ပြန်မေးလိုက်မိလေ၏။ သို့မေးရာတွင် အနီး၌ ရှိ ကြသော တစိမ်းများအား ဂရုမထားမိ သူ့မျက်စိထဲတွင် အသားအရေ မချောက်ခန်းသေးသော ဦးလေး ဖြစ်သူ ကိုသာ မြင်နေလေ၏။ ၎င်း၏ ဦးလေးသည် မျက်လုံးများကို ပြူးလျက် လက်နှစ်ဘက် ကို ကောင်းကင် သို့ မြှောက်လိုက်ပြီး။
"ဘာစား နေသလဲ ဟုတ်လား မင်းငါ့အိမ်ကို လာကြည့်စေချင်တယ်၊ စာတကောင် ကောက်စားဘို့ ထမင်းစေ့ တလုံး မရှိဘူး ငါ့မယားကော အစက ဘယ့်လောက် ၀တယ်ဆိုတာ မင်းသိမှာပေါ့ ဘယ့်လောက် အဆီရစ်ပြီး ၀ခဲ့သလဲ အခုတော့ ၀ါးလုံး တိုင်ပေါ် အ၀တ်ချိတ်ထားသလိုလဲ ဘာမှ မရှိတော့ဘူး၊ အရိုးချည့်ရှိတော့တယ် ခလေးတွေ မေးအုံးမလား အားလုံးလေးယောက်ထဲ ကျန် တော့တယ် အငယ်သုံးယောက်တော့ သေကုန်ပြီ မရှိ တော့ဘူး ငါ့ကော ကြည့်စမ်းပါအုံး မင်းမြင်တဲ့ အတိုင်းဘဲ။"

ထို့နောက် အင်္ကျီလက်ဖြင့် မျက်လုံးများကို ပွတ်လေ၏။
"ခင်ဗျား အစာစားနေရတာဘဲ"ဟု ၀မ်လန်းက ထပ်ပြောလေ၏။
"ငါတခြား ဘာမှ မတွေးမိဘူး မင်းနဲ့ မင်းအဖေ ငါ့အစ်ကိုအကြောင်းဘဲ" ဟု ဦးလေး ဖြစ်သူက သွက်လက်စွာ ပြန်ပြောလျက်။
"ကဲ ……. အခု ငါ့သဘော ဘယ်လိုဆိုတာ မင်းသိရမှာဘဲ ငါမြို့က ဟောဒီ ဆရာများဆီမှာ ဒီရွာတ၀ိုက်က လယ်တွေ ၀ယ်တဲ့ ကိစ္စမယ် ကူညီစွမ်းဆောင်ပေးပါမယ် ဆိုပြီး စားဘို့ သောက်ဘို့ နဲနဲပါးပါး ရသကွ ဒီဆရာ တွေဟာ မင့်လယ်တွေကို ၀ယ်မလို့လာတဲ့ လူတွေဘဲ မင့်ကို ငွေပေးရအောင် လာတာဘဲ"။

သို့ပြောပြီးနောက် ဦးလေးဖြစ်သူသည် နောက်သို့ ဆုပ်လိုက်ကာ ညစ်ထေးသော အ၀တ်အစားများ ဖြင့် လက်ပိုက် ကာ ရပ်နေလေ၏။
ဝမ်လန်းသည် မလှုပ်မရှားတော့ပေ။ မတ်ရပ်လည်းမထ လာသောသူများ မည်သူမည်ဝါတွေမှန်း လည်း မသိပေ၊ ခေါင်းကို မော်၍ ကြည့်လိုက်သောအခါ လူစိမ်း ၃-ယောက်မျာ ပိုင်းအင်္ကျီရှည်ကြီး များ ၀တ်လျက် တကယ်ပင် မြို့ကလူများဖြစ်ကြောင်း သိရလေ၏။

သူတို့၏ လက်များမှာ နူးညံ့ပျော့ ပြောင်းလှလျက် လက်သည်းများကို မဖြတ်မတောက်ဘဲ အလှ ထားကြ လေ၏။
ထိုခဏ၌ ၀မ်လန်းမှာ ထိုသူများအား ကြီးစွာ မုန်းတီးစက်ဆုပ်၍ သွားလေ၏။ "ဒီလူတွေဟာ စားနိုင် သောက်နိုင် တဲ့ သူဋ္ဌေး လူရည်တတ်တွေပါကလား ငါ့ခလေးတွေကတော့ အခုငတ်နေကြပြီ မြေကြီး တောင်စား နေကြရပြီ ဒင်းတို့တတွေဟာ မီးစာကုန် ဆီခန်းဖြစ်နေတဲ့ ငါ့ဆီက လယ်တွေကို အချောင်နိုက် ရအောင် လာတာဘဲဟု တွေးကာ ချိုင့်ဝင်နေသော မျက်လုံးကြီးများဖြင့် ယူကြုံးမရ ကြီး မော်ကြည့်လျက် "ကျုပ်လယ် တွေ မရောင်းဘူး"ဟု ပြောလိုက်လေ၏။

ထိုအခါ ဦးလေးဖြစ်သူက ရှေ့တိုးလာလေ၏ ၀မ်လန်း၏ သားကလေး ၂-ယောက်သည်လည်း အိမ်ပေါက်ဝ သို့ လေးဘက်တွား၍ ထွက်လာကြလေ၏။ ခလေးများမှာ မတ်တတ်ပြေးနိုင်ကြပြီးမှ ယခုအခါ အားပြတ်ကာ လေးဘက်တွား ဘ၀သို့ ပြန်ရောက်နေကြလေ၏။
"ဒါမင့်သားကလေးလား ငါတခါတုံးက ပိုက်ဆံတပြားပေးခဲ့ဘူးတဲ့ ၀တုပ်တုပ်ကလေးဟာလေ" ဟု ဦးလေး ဖြစ်သူက မေးလေ၏။
ထိုနောက် အားလုံးက ခလေးကို ၀ိုင်း၍ ကြည့်ကြလေ၏။ ထိုအခါ မျက်ရည်မကျခဲ့ဘူးသော ၀မ်လန်းမှာ ရင်ထဲတွင် ဆို့လျက် မျက်ရည်ပေါက်ကြီးများ တပေါက်ပြီးတပေါက် ပါးပေါ်တွင် လိမ့်၍ ဆင်းလာလေ၏။

မိမိတို့ လင်မယား ၂-ယောက် အတွက်ကား ကိုယ့်တွင်း ကိုယ်တူး ၍ ၀င်အိပ်လိုက်ကာ သေနိုင်ကြ၏။ သို့သော် ဤလူမမယ် ခလေးများနှင့် အဘေအိုကြီးအတွက်က ရှိသေး၏။ ဤသို့ တွေးကာ …..
"ခင်ဗျားတို့ ဘယ်လောက်ပေးမှာလဲ"
ထိုအခါ လူ ၃-ယောက်အနက် မျက်စိတဘက်လပ်နှင့် လူက "ကိုယ့်လူ ဟောဒီထမင်းမစားရတဲ့ မင့်သား ကလေး ကို သနားလို့ ဒီအချိန်ဒီအခါမျိုးမှာ မင်းဘယ်တော့မှ မရနိုင်တဲ့အဘိုးကို ဒို့ပေးမယ် ဒို့ (စကားကို ရပ်လိုက်ပြီးနောက် တင်စီးလှစွာသော  အသံဖြင့်) တဧကကို ပဲနီ ၁၀၀ပေးမယ်"ဟု ပြောဆိုလေ၏။ ၀မ်လန်း က ပြင်းထန်စွာ ရယ်လိုက်ပြီး ……….
"ဗျာ-ဒီလိုဆိုရင် ကျုပ်လယ်ကို အလကားယူသလို ဖြစ်နေတာပေါ့ ကျုပ်ဝယ်တုံးက ဒါထက် အဆ ၂၀-ပို ပေးပြီး ၀ယ်ခဲ့ရတာဗျာ"

"ဒါပေမဲ့ အငတ်ငတ်အမွတ်မွတ် ဖြစ်နေတဲ့ လူတွေဆီက ၀ယ်တော့ ဘယ်ဒီအဘိုးမျိုး ပေးနိုင်တော့ မလဲ မောင်"ဟု လူတယောက်က ပြန်ပြောလေ၏။ ထိုသူကား ကိုယ်လုံးကိုယ်ပေါက် သေးသွေး သွယ်သွယ နှာခေါင်း ချွန်ချွန်နှင့်ဖြစ်လျက် အသံမှာ လူနှင့်မလိုက်အောင် ကျယ်လောင် မာကျောခြင်း ရှိလှ၏။

ဝမ်လန်းသည် ထိုလူများကို ကြည့်ရင်း အဘေအိုကြီးနှင့် ကလေးများအတွက် အနစ်နာ အဆုံးရှုံးခံ ၍ လယ်များကို ရောင်းလိုက်တော့မည်ဟု စိတ်ကူးမိသမျှ လွင့်စင်ပျောက်ကွယ်ကုန်လျက် တသက် တွင် တခါဘူး မျှ မဖြစ်ဘူးသော ဒေါသမျိုး ဖြစ်လာလေသောကြောင့် ထိုင်နေရာမှ ခုန်၍ ထလိုက်ပြီး။

"ကျုပ်ဘယ်တော့မှ မရောင်းဘူး ကျုပ်လယ်တွေကို ကျုပ်တူးပြီး ခလေးတွေကို လယ်ထဲက မြေကြီး ကျွေးထားမယ် သူတို့တတွေ သေကုန်ရင် ဒီလယ်ထဲမှာ မြှုပ်မယ်၊ ကျုပ်အဘေရော ကျုပ်ရော ကျုပ်မယား ရော သေပြန်ရင်လဲ ကျုပ်တို့ကို မွေးကျွေးထားတဲ့ ဒီလယ်တွေပေါ်မှာဘဲ သေမယ်"ဟု အသံတုံလျှက် ပြောလိုက်လေ၏။ သို့ပြောရင်းပင် လှိုက်လှိုက်လဲလဲ ငိုကျွေးမိတော့ကာ မျိုသိပ်၍ ထားသော ဒေါသ သည်လည်း လေပင့်၍ ကလော်ထုတ်လိုက်ဘိသကဲ့သို့ ပွင့်ကန်ထွက်လာပြီး တကိုယ်လုံး တုန်လှုပ်စွာ ရပ်နေလေ၏။ ဦးလေးဖြစ်သူနှင့်  လယ်ဝယ်သူများကား အပြုံးမပျက် ရပ်မြဲရပ်နေကြလေ၏။ "စိတ်ရူးပေါက်ပြီး ပြောချင်ရာပြောနေတာဟ" ဟု ၀မ်လန်းစိတ်ပြေသွား သည်အထိ ရပ်၍ စောင့်နေ ကြလေ၏။

ထိုခဏ၌ အိုလင်ထွက်၍ လာလေ၏။
"လယ်ကိုတော့ မရောင်းနိုင်တာ အမှန်ဘဲ ကျုပ်တို့ ရောင်းလိုက်ရင် ကျုပ်တို့အောက်အရပ်က ပြန် လာတော့ ဘာလုပ် စားနေမလဲ ဒါပေမဲ့ အိမ်မှာ ရှိတဲ့ စားပွဲရယ် ကုတင်နှစ်လုံးရယ် အိပ်ရာခင်းတွေ ရယ် ထိုင်ခုံ လေးလုံးရယ်၊ မီးဖိုပေါ်က ဒယ်အိုးရယ်၊ ရောင်းလိုက်မယ် ပေါက်ပြားတို့ထွန်ခြစ်တို့နဲ့ လယ်တော့ ကျုပ်တို့မရောင်းနိုင်ဘူး"။

ဆက်ရန်
.

1 comment:

Anonymous said...

အမရယ်..တကယ်ပဲ... တကယ်ပဲ..

အဲလိုငတ်တာ..တကယ်ပဲ ရှိသလားဟင်လို့ မေးရင် ..
မေးရမလားလို့ စိတ်မဆိုးပါနဲ့ တကယ်မေးပါရစေ။
တကယ်ပဲ အဲဒီဝတ္တုထဲကလို စားစရာမရှိဲ့တဲ့ သူတွေရှိသလားဟင်
သနားဖို့ကောင်းလိုက်တာ....
ရင်ထဲမှာနင့်နေတာပဲ

မြတ်နိုး