Friday, February 26, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၃၁)

ကာမဂုဏ်အာဇာနည်သူရဲကောင်း

ကျမအထင်အားဖြင့် ရက်သတ္တပါတ်ခုနစ်ပါတ်ခန့် ရှိသွားမည် ထင်ပါသည်။  တနေ့သော မွန်းလွဲ အချိန် လောက် တွင် ကင်ပေတိုင် စစ်ဗိုလ်ဂျပန်နှစ်ယောက်နှင့် အတူ အိမ်ပြန်ရောက် လာပါ သည်။ ကင်ပေတိုင် ဂျပန်စစ်ဗိုလ် နှစ်ယောက်ကမော်တော်ကားနှင့် အိမ်တိုင် ယာရောက် ကောင်း မွန်စွာ ပြန်ပို့ လာခြင်း သာဖြစ်ပါသည်။ 

မိတ်ဆွေအဖြစ်နှင့် လား၊ အခြားအကြောင်းကြောင့်လား မသိရပါ။နောက်ပိုင်းတွင် ၎င်းဂျပန် စစ်ဗိုလ်များ အရပ်ဝတ်အရပ်စားနှင့် မကြာခဏ လာလည် တတ်သည်။ အိမ်အောက်ထပ် အလုပ်ခန်း မှာ ထိုင်ပြီး အလုပ် လုပ်ကိုင်နေကြသော အလုပ် သမားများကိုလည်း လိုက်လံ ကြည့်ရှု လေ့ရှိသည်။ သူတို့လာသောအခါ အလွတ်မလာဘဲ လက်ထဲမှာ စားစရာ အထုပ်ကလေးတထုပ်က အမြဲ ပါသည်။ စားစရာမှာ ထိုခေတ်က အဘိုး ထိုက်တန်ရှားပါးသော သကြားဂျုံမှုန့်တို့နှင့် လုပ်ထားသည့် ဂျပန်မုံ့လုံး ကြီးခေါ် မုံ့တမျိုးဖြစ်ပါသည်။

ကင်ပေတိုင်က လူတွေမှန်းသိနေသဖြင့် အကောင်းလာခြင်းလော၊ အဆိုးလားခြင်းလောဟူ သောဝိ၀ါဒ ကြောင့် စိတ်ထဲကတော့ စနိုးစနောင့် ဖြစ်မိပါသည်။ အလုပ်များကလည်း လုပ်မြဲ တိုင်း တွင်ကျယ်စွာ လုပ်ကိုင် လျက်ရှိပြီး အပြင်မှာ လူဝင်လူထွက် တွေလည်း တဖြည်းဖြည်း ပြန်လည်း စည်းကားစ ပြုလာသည်။ အခမဲ့ ဟော်တယ်ကြီးတခု ပမာ လူစုလူဝေး မြောက်မြားစွာနှင့် အိပ်ရာ နေစရာ ပေးစရာ မတတ်နိုင် လောက်အောင် တည်းခိုလာသူများမှာလည်း ယခင်ကအတိုင်း တသုတ်ဆင်း တသုတ်တက် လက်မလယ် နိုင်အောင် ရှိမြဲရှိလာပြန်ပါသည်။
 
ဂျပန်ခေတ်မှ စာရေးဆရာအသင်း ပြဇာတ်များ ကပြရာမှာလည်း ကျမအိမ်မှာဘဲ နေရာကျယ်၍  နေ့ခင်း နေ့လည်း ဇာတ်တိုက်ခြင်းပြုကြသည်။ (ထိုစဥုကခေတ်စားသော ပြဇာတ်ရုံ ဖြစ်ပါသည်) သို့သော်လျက် ဇာတ်ခုံ ပေါ် တက်၍ အ၀င်အထွက် ဇာတ်တိုက်ရပါသည်။

ပြဇာတ် ကို ရုံတင်သည်အထိ နေ့ရက်ပေါင်းများစွာမှာလည်း ပြဇာတ်နှင့် ပတ်သက်သမျှ လိုသော ဗာဟီရ ကိစ္စများကို အချိန်ကုန်ငွေကုန် လူပန်းခံကာ စေတနာအလျှောက် ကူညီခြင်းပြုခဲ့ပါ သည်။
ထိုအချိန်ကာလ အပိုင်းအခြားတွင် ဗမာပြည်သူ ပြည်သား တို့မှာ ဂျပန်ကို ပိုမို၍ ကြောက်ရွံ့ရှာ စွာနှင့် ဆက်ဆံနေချိန်ဖြစ်ပါသည်။ အာရှလူငယ်အဖွဲ့စည်းများလည်း ပေါ်ပေါက်နေပြီး ဖြစ်လျက် ဘီဒီအေ ဗမာ့ ကာကွယ်ရေး တပ်မတော်မှလည်း ဆိုးဝါးရက်စက်လှသော ဂျပန်တို့ အပေါ်တွင် မကျေနပ်မှုကြောင့် လျှိုဝှက် အပ်သော တော်လှန်ရေး အစီအစဉ်များ ပြုနေကြပြီဖြစ် ပါသည်။

ဂျပန်ကိုမှီ၍ စားပေါက်ပွင့်နေသူများ၊ ကင်ပေတိုင် စုံထောက်များ၊ အ၀ယ်တော်ပွဲစားများနှင့် တကိုယ်ကောင်း ဆန်သူ ဂျပန် အလိုတေိာရိများမှ တပါးဗမာမှန်သမျှက ဂျပန်ကို အလွန်အမင်း မုန်းတီး နေကြသဖြင့် တောရောမြို့ပါ အဆင့်အတန်မရွေး လူချင်းရှေ့ကမသိသော်လည်း လက်တွေ့ ကြုံလာ ကြရသော ကိစ္စများ၌ သွေးစည်းညှိနှိုင်းထားသည်နှင့် မခြား လစ်လျှင်လစ်သလို လက်သံ ပြောင် ပြောင်နှင့် ချောင်းမြောင်း လုပ်ကြံမှုကလေးများသည် မခံမရပ်နိုင်သော နှလုံးသားမှ ပေါက်ပွား လာကြ လေသည်။ ထိုလက်ရာ ခြေရာကလေးများက မကြာခဏ လမ်းကြို လမ်းကြား၌ တွေ့ ရသည်။

စစ်မက်ရေးနှင့်ပြည်ထဲရေးခက်သော်လည်း ၀မ်းရေးမခက်စေရသောကျမ၏  ဟော်တယ် သာလာယံ ဇရပ်ကြီး ပေါ်တွင် မပူမပင် အေးအေးနေကြရသူတို့ အထည်းမှ ကာမအာဂအာရုံနှင့် ခြံကုန်စည်းကျော် နေသူများ၏ အတွင်းရေးက တမှောင့်ဖြစ်နေကြပါသည်။ သူတို့၏ အတွင်း ဇာတ်ရှုပ်ကို တိတိကျကျ အလုံးစုံ အသိရ စေကာမူ မိန်းမပိုင်းက မည်သူ မည်သူများသည် မကြာမကြာ အပြင်ပသို့ထွက်၍  ၄-၅ရက် ကြာသည် အထိ အကြောင်းကိစ္စ တခု ခုပြပြီး ထွက်သွား ကျက်စားလေ့ရှိရာမှ ကြာသော် အထုပ်အထည် ပေါ်လာခြင်း ၊အချို့လင်စုံမယား ဘက်ရှိနေရာမှ ကာမဂုဏ်ပစ္စည်း အထုပ်အပိုးကြီး ပေါ်လာသောအခါ လင်ယောက်ျားလုပ်သူ က ငြင်းသူက ငြင်းနှင့်နောက်ပိုင်းအမှုအခင်းတွေ ရှုပ်ထွေးလာလေသည်။

အိမ်ထဲမှာ အကျင့်ယုတ်မာသူ၊ လူ၏ကျင့်ဝတ်ကို မထိန်းသိမ်းနိုင်အောင် ကာမဂုဏ်သောင်း ကျန်းပြီး ဒု သ နာ သော  ဆိုသော ကာမေသုမိစ္ဆာ ကံကြီးထိုက်မည်ကို မကြောက်လန်သူမှာ
ထိုအချိန်အခါကရှာမရသေး၊ ဘယ်သူကိုမှလည်း လက်ညှိုးညွှန်မပြကြဘဲရှိရာ အပြင်မှအမှား အယွင်းကို အိမ်ထဲသို့ သွင်းလာကြသည့်အတွက် အိမ်နေလူကြီးများ နာမည်ပျက်မည်ဆိုပြီး အပြစ်တင်တော့မှ သူတို့ ဘ၀လာလမ်း ဖြစ်သည့် တောရွာဒေသသို့ ပြန်သွားရပါသည်။

ကျမကတော့ အိမ်ရှင်ပီပီ သူတို့မပြေလည်သောပြသာနာမှာ ကျမပင် ၀င်ရှင်းပေးနိုင်တာလည်း ရှိသည်။ အထက်ပါ ကာမေသုမိစ္ဆာကြာကူရီ နောက်မီးလင်းမှုများ၌ တရားခံ ထင်းရှားမပြ၀ံ့ကြ၍ မပြေမလည် ဖြစ်ရသော ကိစ္စများမှာ မတက်စွမ်းနိုင်ပါ။ ဤသို့ လော်လီ ဖောက်ပြန် ကြုံရာနှင့် ယုတ်မာခဲ့မှုကို စောစော စီးစီး က ဖွင့်ဟ ၀န်မခံရုံမက ပေး နိုင်ကျွေးနိုင်မည်ဖြစ်သော လှည်းကျိုး ထမ်းမည်သူကို ကာမဂုဏ်နှင့်မြှူ၍ လူကိုအရ ဘမ်းစားလိုက်သည်။ ဤကိစ္စမျိုး၌ အပြင်သို့ ထွက်၍ မရှာရဘဲ အိမ်ထဲမှာပင် အိတ်ဝင် သပိတ်ဝင် ကိစ္စ  ပြီးအောင် ကြံစည်အားထုတ်လိုက်
သည်။ မိတ်ဆွေ သားမယားရယ်ဆိုလို့ မရှောင် လူသိက္ခာကို မထိန်းသိမ်းသူမှန်က ခံရမြဲသာ ဖြစ်သည်။ မိမိ ကိုယ်ကို လယ်လှပြီ ထင်သူများမှာ ဂျင်ထိပ်ထုံး တို့ခံရသည် တိုင်အောင်လည်း ငါခြံက ထွက်လျှင် ငါ့နွားသား ယူဆ၍ ကာမရာဂ အလိုဖြည့်ရပြီ ရောဟု သဘောထားစေနိုင်စေ ကာမူ ကာယကံ ရှင်နှင့် လက်သယ် တရားခံ အစစ်တို့မှာ ကိုယ့်ဝမ်းနာ ကိုယ်သာသိ၍ တခိခိ ကြိတ်ခါ ရယ်မော လျက် ရှိကြပါသည်။

နောက်ပိုင်းအတွေ့ကြုံတို့၌ အင်္ဂလိပ်ဗုံးကြဲ လေယာဉ်ပျံများသည် တနေ့တခြား ပြင်းပြင်းထန်ထန် လာရောက် တိုက်ခိုက်လျှက်ရှိရာ တညတည်းမှာ ၃-၄ ခါ လေ ကြောင်းအချက်ပေး ဥသြများ ဆွဲရသည်။ လူတွေ လည်းအိပ်ကောင်းခြင်းမအိပ်ရ၊ မကြာမကြာ ထပြီး ဗုံးခိုကျင်းထည်းဆင်း၍ ပုန်းအောင်း ကြရပါသည်။ ဗုံးခို ကျင်းများမှာ အိမ်သူအိမ်သားများ အတွက်လူ၅၀ လောက် ဆန့်သော ကျင်းကြီးတခုက အိမ်နောင်ဖေး မှာရှိ၍ အိမ်ရှေ့ဘက်မှာ အလုပ်သမားများ အတွက် တခု ပြုလုပ်ပေးထားသည်။

ပြန်လည် သတိရမိသမျှ အချက်အလက်အချို့ကို ရေးရလျှင် ထိုစဉ်က ဗုံးခိုကျင်းထဲ သို့ ကြောက်ကြောက် လန့်လန့် ဆင်းပြေးလာကြရာ၌ အိမ်ပေါ်မှာနေသော လင်ရှိမိန်းမတယောက်နှင့် မယားရှိယောက်ျား ကြီးကြီး မားမား တယောက်သည် မကြာခဏ ပျောက် နေတတ်သည်။ လူမစုံ၍ မေးသောအခါ အိမ်ရှေ့ပိုင်းက ဗုံးကျင်း မှာ လိုလို ၊ အိမ်ပေါ်က မဆင်းဘဲ ပေအိပ်နေသလိုလို ၊ ကောင်ကင်ယံမှာ လေယာဉ်ပျံချင်း တိုက်ပွဲ ဖြစ်နေချိန်မို့ တအုံးအုံး၊ တဒိုင်းဒိုင်း ဗုံးချသံ အမြောက်သံတို့က ပစ်ခတ်နေကြဆဲဖြစ်၍ ဗုံးကျင်းထဲက လူတွေမှာ ပြားပြားဝပ်လျက် နားနှစ်လက်ပိတ်နေရသည်။ 

ဒို့ခေါင်းပေါ် ဒါရိုက်ဟစ်ကျလားမလားဟု အသက် ဆံဖျားထိတ်လန့် ကြောက်ရွံ့နေချိန်မျိုးမှာ ဘယ်သူမှ ရာဂမုန်ယိုပြီး ကိလေသာ သောင်းကျန်းမှုကြီး ပြုစွမ်း နိုင်ရန် လမ်းမရှိသဖြင့် မဖြစ်နိုင်သော အတွေး အထင်မျိုး လည်း မထား၊ ထားလျှင်ထားသူသာ ရူးရာကျ ပါလိမ့်မည်။ သို့သော် ထိုကောင်ကင်ယံ တိုက်ပွဲမျိုး မှာ အောက်၌ပင် ကာမဂုဏ် အာဇာနည် သူရဲကောင်းကြီး များ၏  စွန့်စားမှုတရပ်က ရှိနေကြပြီး ဖြစ်ကြောင်း ကို နှစ်ပေါင်းအတော်ကြာမှသိရှိရပါသည်။

ကမ္ဘာစစ် အခြေအနေ

ယင်းသို့ ဗုံးကြဲလေယာဉ်ပျံများသည် တနေ့တခြား သဲသဲမဲမဲလာရောက်လျှက်ရှိရာ နေ့ရော ညပါဆိုသလို ကောင်းကင်ယံ တိုက်ပွဲများ အကြိတ်အနယ် ဖြစ်နေသလောက် ကြောက်ရွှံ့စွာ ပုန်းအောင်းရသည့် ဒုက္ခ ကလည်း ကြီးလေးလှပါသည်။ ထိုစဉ်အခါက စစ်ပြီးသွားမည် ဆိုလျှင် ထကချင် မတတ် ၀မ်းသာအားရ ဖြစ်ကြရပါသည်။ မြို့တွင်း မြို့ပြင် နေရာအနှံ့အပြား မီးလောင်ဗုံးဒဏ်ကြောင့် မီးခိုးတလုံးလုံးရှိသည်။ အပျက်အစီး အသေအပျောက်ဆိုသည်မှာ ရေတွက်မှတ်သား၍ မရနိုင်လောက် အောင်များပြားနေပါသည်။

စိတ်ထည်, ရွှေထည်ပစ္စည်း အချို့ကိုရောင်းချပြီး ၀ယ်ယူချဲ့ထွင်ထားရေသော ပုံနိုပ်စက်များနှင့် သံထည် ကရိယာ ပစ္စည်းတွေကလည်း အိမ်ကြီးပတ်ဝန်းကျင် မှာမသယ်နိုင်, မပိုးနိုင်အောင် များပြားနေ ပါသည်။ သည်ပစ္စည်း တွေမှာ မီးလောင်ဗုံးစာတွေသာ ဖြစ်၍အရေးရှိလျှင် စွန့်ပစ်ပြီးကိုယ်လွတ်, လက်လွတ် ထွက်ပြေး ရသော အခါမျိုးကြုံကြိုက်ပါက ပေါ့ပေါ့ပါးပါးနှင့်ခါးကြားထဲ ထည့်ယူနိုင်မည့် ပစ္စည်း အဖိုးတန် များကို လည်း အသင့်ဖြစ်အောင် ထားရပါသည်။

ဂျပန်ငွေစက္ကူများကို အိတ်ကြီး, အိတ်ငယ်နှင့် စုဆောင်းထားတတ်သော လူအချို့၏လမ်းစဉ်ကို မလိုက်ပါပဲ မကြာခဏ စိန်, ရွှေရတနာ အဖိုးတန် ပစ္စည်းနှင့် လဲလှယ်သိုမှီး ထားလေ့ရှိသဖြင့် ဂျပန်စက္ကူ ဆို၍ နောင်လာ နောင်သား များ ပြစရာဆိုပြီး တဆင့်တန်စက္ကူကစ၍ တရာတန်အထိ သုံးရာဖိုး မျှသာလက် ကျန်ရှိ ပါတော့သည်။

အဖိုးတန် ပစ္စည်းတို့ဖြင့် ထုခွဲရင်းနှီးရသော စက်ကရိယာစသည့် သံထည်ပစ္စည်းများမှာ အလုပ်လုပ်ရင်း ပြွမ်းတည်း ပျက်စီး၍ တန်ဖိုး လျှော့လာပြီး တဖြည်းဖြည်းသံတို မယ်နပစ္စည်း အဖြစ်ရောက်ရမြဲ ဖြစ်သော် လည်း အဖိုးတန် စိန်ရွှေ ရတနာပစ္စည်း များမှာ သိုမှီးထားသမျှ ထိုအခါကတန်းဖိုး အဆမတန် တက်ကြွ လျက်ရှိရာ ပုံနိုပ်လုပ်ငန်းထက် ကျမအလုပ်က ရာခိုနှုန်း၉၀- မျှ အမြတ်အစွန်းဘက်မှ တိုးတက်နေလျက် ရှိပါသည်။ ထိုကြောင့်မီးလောင် ဗုံကျ၍သံထည် စက်ပစ္စည်းများ ပျက်စီးဆုံးပါး သွားမည်ကိုလည်း စိုးရိမ်မှု့ မရှိလှပါ၊ ထိုအခါကအင်္ဂလိပ် ရေတပ်မှနေပြီး ရန်ကုန်ကိုလာသိမ်း မည်ဟုဆိုသော သတင်းစ ကားကလည်း အချင်းချင်း လက်တို့ပြောကြား နားလည်ထားကြ၏။ ဂျပန်ကလည်း ခံစစ်အဖြစ်တိုက် ခိုက်လိမ့်ဦးမည်။

ဗြိတိသျှ နေဗီရေတပ် အမြောက်ကြီးအားသည် ပင်လယ်ဝမှနေပစ် လွှတ်ရုံနှင့် ရန်ကုန်တမြို့လုံး ကုန်အောင် ပြာဖြစ် ပျက်စီးနိုင်သည်။ လေတပ်ကလည်း လေယာဉ်ပျံအုပ်ကြီးနှင့် ချီကာမနားတမ်း လာလိမ့်မည်။ အရေး ဆိုလျှင် ပြေးဖို့, ခိုဖို့နေရာများ ရှာထားရန် အကြံဥာဏ် ထုတ်ကြရသည်။ ဘီဒီအေ ဗမာ့တပ်မတော် မှလည်း တော်လှန်ရေး ခရီးစဉ်ကို ဘယ်နေ့ဘယ်အချိန် စတင်၍ရုပ်လုံးဖျောက် ကြတော့မည်။ အာရှ လူငယ် အစည်းအရုံးဝင် များကလည်း တောရောမြို့ပါ သွေးစည်းညှိနှိုင်း ထားကြသည်စသော သတင်းများမှာ ဗမာ တိုင်းကြားသိနားလည် ထားကြပြီးဖြစ်ပါသည်။
ဂျပန်များကလည်း တက်အားသမျှ သတင်းရသလောက် ဖမ်းဆီးနှိမ်နင်း သတ်ဖြတ်လျက် ရှိပါသည်။

ကျမတို့ ရန်ကုန်၌ တိုက်ပွဲအကြီးအကျယ် ဖြစ်ခဲ့လျှင် အဆင့်သင့်တိမ်းရှောင် နေရန်အလို့ငှါ ငမိုးရိပ် ချောင်းနှင့် ပဲခူးမြစ်အကြားရှိ သိမ်ချောင်းရွာတွင် တဲကြီးတခု သွားထိုးခိုင်းထားရပါသည်။ တဲကြီးမှာ ပွဲရုံကြီး တခု တမျှ ကြီးမားလှ၏။ ပုဇွန်တောင် ချောင်းကမ်းပါးမှ ငါးမိုးရိပ်ချောင်းတလျှောက် ဆန်လျက်ဒီ ရေအထမှာ ချောင်းလက်တက် အတိုင်းလိုက်ခါမျ သိမ်ချောင်းရွာသို့ ရောက်နိုင်ရာအလွယ်တကူ အခါမရွေးသွားနိုင်ရန် သမ္ဗာန် တစင်းကိုပါ အပြီးအပိုင်အဆင်သင့် ၀ယ်ယူထားရပါသည်။

အင်္ဂလိပ်၊ အမေရိကန်၊ ရုရှား၊ ထိုခေတ်အခေါ်လိပ်, ကန်, ရှားတို့ ဘက်မှာ စစ်ရေးအထူးသာလာပြီး ဂျာမဏီ သည် အင်္ဂလန်ကို နိုင်တော့မည်ဆဲဆဲမှာ ရုရားကိုမဲပြီး အလှည့်လိုက်မှာ စစ်ကြောရှည်ပြီး ပန်လာသည်။ အမေရိကန် တို့၏ ပစ္စည်လက်နက် လူအင်အားကြောင့် တဘက်မှအား တောင့်တင်းမြဲ တောင့်တင်း လျက်ရှိသည်၊ သို့သော်ကမ္ဘာ အရှေ့ပိုင်းမှ ဂျပန်တို့အင်အားမှာ တရုပ်ပြည်ကြီး တပြည်လုံးနှင့်တကွ ပသျှူး ကျွန်းဆွယ် မလေးယားမှာ ဖီးလစ်ပိုင် ကျွန်များအထိုဖုံးလွှမ်း မိလျက်ဗမာ ပြည်၏ အနောက်ဘက် အိန္ဒိယ နယ်စပ် အထိ ခြေချမိကြပြီ အာရှတိုက်ကြီး တခြမ်းကိုဝါးမျို ထားရာ ၀င်ရိုးတန်း နိုင်ငံများဟု ထိုခေတ်က အခေါ်ခံရသော ပန်,ဏီ, အိ- သုံးနိုင်ငံမှာ သူအစွာဆုံး၊ အက်အသွတ်ဆုံး နယ်အချဲ့ဆုံးဟု ဆိုရပါမည်။

သို့ရာတွင်ဟီးရှိရှီးမားစသည့် အရပ်တို့၌ အမေရိကန်၏ အနုမြူဗုံးနှစ်လုံးနှင့် ဒုတိယကမ္ဘာစစ်ကြီးအား နိဂုံးကမ္ပတ် အဆုံးသတ်လိုက်သလို ရှိသောကြောင့် အိန္ဒိယနယ်စပ်အထိ လူကျယ်လုပ်နေသော ဂျပန် များသည် အပြေးအလွှားဆုတ်ခွါလာကြသည်။ ဗာမာပြည်အတွင်းမှာလည်း အရေးကြီးသူများကို ကြိုတင် ပြေးစေပြီး ဣနြေ္ဒမပျက်နေကြသေးသော်လည်း တော်လှန်ရေးမျိုးချစ်တို့ လက်ချက်နှင့်တပ် ပျက်တွင် ဗိုလ်လုပ် မနေနိုင်ကြတော့ပဲ မော်လမြိုင်မြို့နှင့်တကွ တနင်္သာရီနယ်ထဲမှာ ဆုတ်ခွါနေထိုင် ကြသည်အထိ ဖြစ်လာ ပါသည်၊ အဓိပတိဒေါက်တာဘမော်နှင့် အစိုးရအဖွဲ့မှာ အရေးပါသူ ၀န်ကြီးအချို့ ကိုလည်း ဂျပန်စစ်တပ် နှင့်အတူ မော်လမြိုင်မြို့နယ်တ၀ိုက်မှာ ပြောင်းရွှေ့နေထိုင်ကြပါသည်။

ရန်ကုန်မြို့မျာ ကျီးကန်းစာစားနေကြ၏။ ဂျပန်က ထွက်ခတ်, ခတ်၍ မသင်္ကာတိုင်း သက်ဖြစတ်သွား ခြင်း ခံရသူ များလည်း အမျာအပြားရှိသည်။ ဟိုအိမ်ဝင်ရှာ- သည်အိမ်ဝင်ရှာနှင့် ဗမာ့တပ်မတော်မူ ကိုယ်ဖျောက် စစ်သားများ ရှိ, မရှိလာရောက် ရှာဖွေမူတွေကလည်း ဘယ်နေ့- ဘယ်သူ့အိမ် ရောက်လာမည် ကိုတထိတ်ထိတ်, တလန့်လန့်ကြည့်နေရသည်။ ရန်ကုန်တွင် တိုက်ပွဲဖြစ်လိမ့်မည် ထင်၍ကျမအိမ်တွင် လာရောက် နေထိုင် သူအိမ်ထောင်သည် သားတွဲလဲ, သ္မီးတွဲလဲများအား ခပ်စောစောပိုင်းကပင် သိမ်ချောင်း ရွာသို့ ကြိုတင်ပို့ထားရလိုက်ပါသည်။ ကျမတို့နေသောရွှေ ဂုံတိုင်ရပ်ကွက်တွင် တအိမ်ဆင်း, တအိမ်တက် ဂျပန်စစ်ဘက်မှ ရှာဖွေခြင်း ပြုလာချေပြီး၊ နှစ်အိမ်ကြား တွင် ပထမနေ့က ရှာဖွေခြင်းကိစ္စ ပြီးလျက် နောက်တနေ့ မနက်ဆိုလျှင် ကျမတို့အိမ်ဘက် ရောက်လာတော့မည် ဖြစ်ပါသည်။

ဂျပန်အပြေး အမေရိကန် အဝင်
ဆက်ရန်
.

1 comment:

လိုင် said...

ဖတ်သွားပါတယ်
ဝေငှပေးတာကျေးဇူးပါ