Wednesday, February 24, 2010
ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၂၉)
အကြံပိုင်သော ငခွေး
 စစ်ကြို အင်္ဂလိပ်ခေတ်ဖြစ်သော ၁၉၃၉ခုနှစ်မှ ဖွင့်လှစ်အစပြုခဲ့သည့် ကျမတစ်ဦးတည်းပိုင် အမည်တပ် မှတ်ပုံတင်ထားသော တိုင်းပြည်ပြု ပုံနှိပ်တိုက်မှာ ဂျပန်ခေတ် အဓိပတိ ဒေါက်တာဗမော် အစိုးရ ခေတ်မှ အင်္ဂလိပ် များ ပြန်လာ၍ ဗမာ့ လွတ်လပ်ရေး ရသောအချိန်အထိ ကျမအမည်နှင့်ပင် ရှိခဲ့ပါသည်။
အဓိပတိ ဒေါက်တာ ဗမော် အစိုးရ ထုတ်ဝေသော ဗမာ့ခေတ်သတင်းစာကို အငှားလက်ခံရသော အလုပ်နျင့် အခြားသော ပုံနှိပ်တိုက်ဆိုင်ရာ ပြင်ပလုပ်ငန်းများ ကျမ၏ စာအုပ်တိုက်မှ စာအုပ်များ ရောင်းချခြင်းစသော ကျမပိုင်လုပ်ငန်းမှ ၀င်ငွေများ ပေါ်တွင် စည်းကြပ်သော အမြတ်တော်ကြေးခွန်များ ကိုလည်း ကျမတဦး တည်း၏ အမည်နှင့် ကောက်ခံခြင်း ပေးဆောင်ခြင်းပြုခဲ့ရမြဲဖြစ်ပါသည်။ ထိုအခါက အမြတ်တော်ကြေး စည်းကြပ်ခံရသော စာရွက်စာတမ်းများ ပြေစာများသည် ယခုတိုင် ကျမထံ တချို့တလေ ရှိနေပါသေးသည်။
နေ့ရောညပါ အလုပ်သမားတွေ အိမ်ကြီး၏ အပြင်ဘက်မှာ ၀ိုင်းနေကြသလို အိမ်အတွင်းမှာ လည်း အိမ်ပေါ် အိမ်အောက် နေ့ညမဟူ လူတွေ စုံလျှက်ရှိရာ ညဦးပိုင်းတွင် စာဖတ်သူဖတ် စန္ဒယားတီးသူတီး ဘိလိယက် ထိုးသူထိုး ပိုကာကစားသူက ကစားကြသည်။ အချို့က ကိုယ့်အိမ်ရာ ကိုယ်ဝင်ပြီး မအိပ်ချင်ဘဲ လဲလျောင်း ကာ အကြံပိုင်သော ငခွေး ဇာတ်လမ်းကို စဉ်းစား နေကြလျှက် တဦး တယောက် ကလည်း လူအလစ်မှာ အိမ်ပေါ် မကြာခဏ တက်ခါ ရေဒီယိုကို နားသောတ ဆင်ပါသည်။
ထိုခေတ်က ဂျပန်များသည် ရေဒီယို နားထောင်သူများအား နိုင်ငံခြား သတင်းများ နားမထောင် နိုင်အောင် ဖြတ်တောက် ပြီး ပြည်တွင်း သတင်း သူတို့ လွင့်ပေးသမျှလောက်သာ နားထောင်ခွင့် ပေးထားပါသည်။ သို့ရာတွင် သူတို့ဖြတ်ပုံ ဖြတ်နည်းမှာ မအောင်မြင့်ဘဲ နိုင်ငံခြားသတင်းများ ဖမ်းယူ ရရှိနေရာ နားထောင် လိုသူများ သည် ရေဒီယိုတွင် နှစ်ကိုယ်ကြား အသံတီးတိုးထားဖွင့်၍ နားထောင်လေ့ ရှိသည်။ ထိုအခါက နိုင်ငံခြား သတင်း ဆိုသည်မှာ သိပ်ဝေးဝေး ကွာကွာကြီးက မဟုတ်ပါ အိန္ဒိယမှနေ၍ လွှင့်သော ရေဒီယို သတင်း များသာ ဖြစ်၍ စစ်အခြေအနေ သတင်းများဖြစ်ပြီး ဗမာဘာသာနှင့် ဒေါ်မြစိန် ဒေါ်သန်းအေး အိန္ဒိယ ရောက် တက်ဘုန်းကြီး သိန်းဖေ (ဦးသိန်းဖေမြင့်) တို့က အသံလွှင့်ကြပါသည်။
ညဉ့်ဦးပိုင်းမှာ အိမ်အောက်ထပ်၌ လူတွေရှိနေစဉ် ရေဒီယို သွားနားထောင် ဦးမည် ဆိုပြီး အိမ်ပေါ်ထပ် တက်သွား သူကို မည်သူမျှ ယုံမှာ သံသယရှိဘို့မလိုပါ။ ရေဒီယို နားထောင်သူသည် ကိုယ့်အခန်းတွင်းမှာ ပိပိ စီးစီး နားထောင်နေမည်ဟုသာ ထင်ကြပါသည်။ နံရံတချပ်ကို ကျော်လွှား၍ အခြားသော အခန်းများသို့ ကူးသန်း ၀င်ထွက်စရာ အကြောင်းရှိနိုင်မည်မဟုတ်ပါ။ ပါးလွှားသော သစ်သားထရံကာ အခန်းသည် ခြေတလှမ်း နှင့် ရောက်နိုင်ရန် လွယ်ကူ သလောက် ကာ   နှင်ဂုဏ်သိက္ခာ တံတိုင်းကြီးမှာ ရဲတိုက်နံရံကဲ့သို့ ခိုင်ခံ ရပါမည်။ လူ့စည်းကမ်း လူ့သိက္ခာကို စောင့်စည်းရမည့်တာဝန် ကိုယ်စီနှင့် လူ့ဘ၀ အဆင့်အတန်းကို တန်ဖိုး ထားတတ်သူ ဟူ၍ ယူဆ ထားခဲ့ခြင်းရှိသောကြောင့်လည်း ထွေထွေ ထူးထူး တင်ကူး၍ စိတ်ပူပင်မှု မဖြစ် ခဲ့ပါ။
သို့ရာတွင် များမကြာခင် ရေဒီယိုခိုးနားထောင်ခြင်းကို အကြောင်းပြု၍ အမှုပတ်လာပါတော့သည်။ တနေ့သော ညဉ့်၁၀-နာရီ လောက်အချိန်မှာ ဂျပန်ကင်ပေတိုင် အဖွဲ့သည် အိမ်ကို ၀ိုင်းထားပြီး အိမ်တွင်း ၀င်လာကြ သည်။ အပေါ်ထပ် တက်လာပြီး အိမ်ခန်းတံခါးကို ခေါက်၍ ဖွင့်ပေးရသည်။ ကင်ပေတိုင် ကြီးကြီး မာစတာ များ အခန်းထဲသို့ ၀င်လာက (……) သူ့အား ဖမ်းဆီးသည်။ ရေဒီယိုနားထောင်မှုနှင့် ပတ်သက်၍ ရန်သူ့ အဆက် ဟု အမည်တပ်ပြီး ဟုတ်မဟုတ် စစ်ဆေးမည်ဟုဆိုသည်။
ကျမက စိုးရိမ်ပူပန်မှုရှိနေသည်ကို တွေ့ရသော ဂျပန်မာစတာ က ဗမာစကားမပြီမသနှင့် အမေ  အမေ ဒီမှာ ကောင်းကောင်း နေ သူမကောင်းဘူး ခေါ်သွားမယ်ဟု ပြောသည် ညစဉ်ရေဒီယို ခိုးနားထောင်မည်ဆိုပြီး အိမ်ပေါ် တက် တက်သွားဒါလဲ အမှန်ဘဲဖြစ်သည်။
ဒါတွေကို ဘယ်လိုလုပ်ပြီး ကင်ပေတိုင်အဖွဲ့ကသိရသနည်း တဦးဦးက အိမ်တည်းမှနေပြီး သတင်းပို့ပေး၍ သော်၎င်း အိမ်ကိုဝင်ထွက်ဆက်ဆံနေသူများက သတင်းပေး၍သော်၎င်း အပြင်မှ မလိုသူများနှင့် ကင်ပေ တိုင် စုံထောက်များ သူလျှိ များနှင့် ပူးပေါင်း၍ မကောင်းကြံ ဂျောက်တွန်းခြင်းကြောင့်၎င်း အကြောင်း အမျိုးမျိုး နှင့် စုပေါင်း ဖွဲ့စည်းလျက် အိမ်ပေါ်တက်၍ ဖမ်းဆီး ခေါ်ယူသွားခြင်း ခံရသည်သာ ဖြစ်ပါသည်။
နောက်တနေ့ နံနက်မှာ ကျမသည် ဘာလုပ်ရမှန်းမသိ ဘယ်ဆီဘယ်နေရာသို့ ခေါ်သွားသည် ဘယ်လို ကြီးကျယ်သော အပြစ်မျိုးနှင့် ယိုးစွပ်သည်ဟု မသိရပါ ကင်ပေတိုင် အချုပ်စခန်း ဌာနများမှာလည်း ရန်ကုန် မြို့ကြီး တ၀ိုက်၌ နေရာ အနှံ့အပြား ရှိသည်။ ကင်ပေတိုင် အချုပ်စခန်းဌာနများအနီးအပါး၌ နေထိုင် သူများနှင့် ဖြတ်သန်းသွားလာသူမိသူများသည် နားမချမ်းမြေ့ ဖွယ်ရာအသံများ ဖြစ်သော လက်သဲခွာ ရေနွေး လောင်း ဇောက်ထိုးဆွဲ ပါးရိုက် နားရိုက်ခံရသူတို့၏ အမလေး အဘလေး တ သ ဟစ်ကြွေးသံ အော်ပစ် ညည်းတွား သံများကို ငရဲပြည်ရောက်သွားသည်နှင့် မခြား ကြားရမြဲ ဖြစ်ပါသည်။
အပြစ်မရှိ၍ ကင်ပေတိုင် အချုပ်ခန်းက ပြန်လာရသူများမှာလည်း တော်တော်နှင့် လူစဉ်မမှီဘဲ တချို့လည်း ခြောက်လ ခုနှစ်လရှိလျှင် သေဆုံးသွားရသည်ချည်း ဖြစ်ပါသည်။ သို့ကြောင့် မည်သူမဆို ဂျပန် ကင်ပေ တိုင်က ဆွဲသွားလျှင် အရှင်လတ်လတ် ငရဲပြည် ရောက်ရသည်ဟု ယူဆထား ရသူချည်း ဖြစ်ရကား ဆွဲသွား လျှင် လည်း လူတရာမှာ ၁၀ဦးလောက်သာ ပြန်လွတ်လာတတ်သည်က သာဓကတခုက ရှိနေပြန် သောကြောင့် မျှော်လင့်ချက်မှ ရှိပါ့မလားဟု စိုးရိမ်ကြောင့်ကြမှုမျိုးနှင့် ဘယ်သူ့လိုက် ရှိခိုးရမှန်း မသိနိုင် အောင် အခက်တွေ့ နေရပါသည်။
ကင်ပေတိုင်ဋ္ဌာနချုပ်
သူ့အား ဂျပန်ကင်ပေတိုင်အဖွဲ့က ဆွဲသွားပြီးဆိုသော သတင်းကို ကြားရသောအခါ မျက်စိမလှ မျက်နှာမလှ ဖြစ်ကုန်ကြသည်။ ကြောက်ရွံ့ကြသည်။ အိမ်သာတုန်း ဧည့်လာသလို ၀င်ထွက်နေသူများလည်း ခေတ္တ တံ့နားသွားကြသည်။ ရင်းနှီးသူအချို့နှင့် အစိုးရအဖွဲ့ဝင်အချို့ ၀န်ကြီးအချို့ လာရောက် မေးမြန်းကြ စေကာမူ သူတို့လဲဘာမှ မတတ်နိုင်၊ အကူအညီမပေးနိုင် ရှိနေကြတာ သူတို့ကပါ ဂျပန်ကင်ပေတိုင်အဖွဲ့ အထင်မှား မည်ကို ကြောက်နေရပါသည်။ တနေ့သူတို့ကို ကင်ပေတိုင်က သင်္ကာယနမကင်းလျှင် အချိန် မရွေး ဆွဲနိုင်သော အာဏာရှိနေသော ကြောင့် ဣနြေ္ဒရရနေရသည်။ ဗမာပြည် တ၀ှမ်းလုံးမှာ အလား တူ ဂျပန် ကင်ပေတိုင်အဖွဲ့ကို ကြောက်လန့်နေရပါသည်။
ဤအချိန် ကလေးအတွင်း ဖြီးဖြန်းစားပေါက်ထွင်ရန် ရောက်လာသူ အမျိုးမျိုးနှင့် တွေ့ရသည်။ ဗေဒင် မေးပေးမည်။ ဓါတ်ရိုက်ပေးမည်ဆိုသော အဆွယ်ကောင်းများကို၎င်း၊ ဂျပန်စစ်ဗိုလ်တွေနှင့် ခင်မင် ရင်းနှီး သည်။ သူတို့ကို ထမင်းကျွေးအရက်တိုက်ပြီး ဘယ်နေရာမှာထားသည်။ ဘယ်လိုအပြစ်ကြောင့် ဘမ်းသွား သည်ကို သိအောင် မေးမြန်း စုံစမ်းပေးမည်ဆိုပြီး ငွေလေးငါးရာတောင်းသူမျိုး ကမရှား။
ကျမသည် ၀တ္တရားရှိသမျှ ဘယ်ကဲ့သို့ ဆောင်ရွက်ရမည်ကို မတွေးတတ်အောင် ဖြစ်နေဆဲမှာ ဗုဒ္ဓဘာသာ ဂျပန်ဘုန်းတော်ကြီး ဦးနာဂါအီကို သွား၍ သတိရပါသည်။
ဦးနာဂါအီသည် ဂျပန်စစ်ဘက်မှ စစ်ဗိုလ်ကြီးများ ကင်ပေတိုင်က လူကြီးများနှင့် သြာဇာညောင်းသည်၊ ၀င်ဆန့် သည်ကို ယခင်ကပင် သိရှိရပါသည်။ ပုံနှိပ်တိုက်အတွက် လျှပ်စစ်ဓါတ်မီးများ တပ်ဆင် ပေးရာမှာလည်း အကူအညီပေးခဲ့သူ ဖြစ်သည်၊ ကျမက ဆွမ်းတကာမအဖြစ်နှင့် ဆွမ်းချိုင့် ပို့နေခဲ့သည်မှာ တနှစ်နီးပါး ရှိခဲ့ပါသည်။ ဂျပန်တွေ ပေါ် သြဇာ ရှိသော်လည်း ဘုန်းတော်ကြီး ဦးနာဂါအီမှာ ဆွမ်း ကွမ်းကိစ္စ၌ ရသမျှနှင့် ရောင့်ရဲနေရသည် ကို သိရှိရသောကြောင့် ကျမက ဆွမ်းဟင်းကောင်း များနှင့် ဆွမ်းချိုင့် နေ့စဉ် လှူခဲ့ရာ မနက် ၁၀ နာရီလောက်မှာ ကျောင်းသားငယ် ၂ယောက်က အမြဲဆွမ်းချိုင့် လာယူလေ့ရှိပါသည်။ ဘုန်းတော်ကြီး နေထိုင် သီတင်းသုံးရာ ခေတ္တ ကျောင်းစခန်းမှာ အထက်ဂေါ်ဒ၀င် လမ်းနှင့် ဟယ်လပင် လမ်းဒေါင့်ရှိ ခြံကျယ်ကျယ်၏ အလယ်မှာတည်နေသော ဗိုလ်အိမ်ကြီးတလုံး ဖြစ်ပါသည်။
ကျမသည် ဂျပန်ခေတ်က ယဉ်အဖြစ်အသုံးပြုကြရသော လေထိုးဘီးမတပ်နိုင်သားရေလုံးများ နှင့် တပ်ဆင် ထားသည့် ဆိုက်ကားတစီးငှား၍ မိန်းမဖေါ်တယောက်ကို အဖေါ်အဖြစ် ခေါ်လာပြီး ဘုန်းတော်ကြီး ဦးနာဂါအီ ထံသို့ ဆွမ်းချိုင့်ယူလာသော ကျောင်းသားများနှင့် အတူလိုက်လာခဲ့ရပါသည်။ ဘုန်းတော်ကြီး ဦးနာဂါအီမှာ စစ်ကြို ခေတ်ကပင် ဗမာပြည်မှာ လာရောက်သီတင်းသုံးပြီး အနေကြာ၍ ဗမာစကားပြောနိုင်သည်။
၁၉၄၀-ခုနှစ်အထိ အင်းလျား ကန်စောင်းကေ ဘကြီးခြံအလွန်ရှိ တရုပ်ကျောင်းမှာနေပြီး နေ့စဉ် ခြေလျင် လာ၍ ရွှေတိဂုံကုန်းတော်ပေါ်သို့ ဘုရားဖူးတက်သည်။ လာလမ်းတလျှောက်၌ တရားစည်ဖူးတက်သည်။ လာလမ်း တလျှောက်၌ ပလုပ်တုတ် အကြီးစား တမျိုးကို တီးခတ်လာလေ့ရှိပါသည်။
ကျမသည် ဘုန်းတော်ကြီး ဦးနာဂါအီ ထံသို့ ရောက်လာသောအခါအဖြစ်အပျက် အကျိုးအကြောင်းကို ပြောပြ ရပါသည်။ ဖမ်းခေါ်သွားပြီးနောက် ဘယ်နေရာမှာထားသည်၊ ဘယ်အမှု အပြစ်ရှိ၍ ဖမ်းဆီးသည်ကို သိလို ကြောင်း မေးမြန်းစုံစမ်းပေးရန် အပူကပ်ရပါသည်။ ဘုန်းတော်ကြီး ဦးနာဂါအီလည်း ဂျပန်စစ်ဘက်မှာ သူ၏ ကျောင်းနှင့် ဆက်သွယ်ပေးထားသော တယ်လီဖုန်းကို ကောက်ကိုင်ကာ သုံးလေးနေရာ ဆက်၍ မေးမြန်း ပါတော့သည်။ ဂျပန်ဘာသာစကားနှင့်မေးမြန်း ပြောဆိုနေသဖြင့် ဘာမှနားမလည်ပါ အတန်ကြာမှ တယ်လီဖုံးခွက် ကို ချလိုက်ပါသည်။
ကျမသည် ဘုန်းတော်ကြီး ပြောပြမည့် အဖြေကိုသာ နားစွင့်ရပါသည်။ ဦးနာဂါအီက မေးမြန်းလို့ ရပြီ ဖြစ်ကြောင်း၊ ရေဒီယိုလှိုင်း တို့ကို ခိုးနားထောင်မှုအပြင် အခြားမသင်္ကာဘွယ်ရာများ စစ်ဆေးလို၍ ကင်ပေတိုင် အဖွဲ့မှ ဘမ်းဆီးခြင်းဖြစ်သည်။ ထားသောနေရာမှာ ရန်ကုန်မြို့တွင်းရှိ ကင်ပေတိုင်အဖွဲ့မှ ဘမ်းဆီး ခြင်း ဖြစ်သည်။ ထားသောနေရာမှာ ရန်ကုန်မြို့တွင်းရှိ ကင်ပေတိုင် ဋ္ဌာနချုပ်ကြီးအဖြစ် ပြုလုပ် ထားသော ကန္နားရုံးကြီး ရောက်သွားသော အမှုမျိုးသည် အခြား အမှုမျိုးထက်ပို၍ အရေးကြီး တတ်သည်။ အခြေအနေ ဘယ်သို့ရှိမည် သိလိုကြောင်း ဘုန်းတော်ကြီးအား အကူအညီပေးနိုင်သမျှ ပေးစေလိုကြောင်း၊ ရေဒီယို ခိုးနားထောင် မှုမှတပါး အခြား၊ကြီးလေးသော အမှုကိစ္စများကို ပြုလုပ်သူမဟုတ်ကြောင်း ပြောပေး ရန် ထပ်မံနားပူရပြန်ပါသည်။
ဘုန်းတော်ကြီးဦးနာဂါအီသည် တတ်နိုင်သလောက် အကူအညီ ပေးပါမည်ဟု အာမခံရှာပါသည။် ၄င်းပြင် မနက်ဖန် မနက် ၁၀နာရီခန့်သူ့ကျောင်းသို့ လာခဲ့ရန် သူနှင့်အတူ ကန္နားရုံးကြီးရှိ ကင်ပေတိုင်ဋ္ဌာနချုပ်သို့ လိုက်ခဲ့ရန် ခေါ်သည်။ လာသောအခါ အ၀တ်လဲစရာပို့သည့်အနေနှင့် အ၀တ်သစ်တစုံကို ယူခဲ့ရန်မှာ လိုက်ပါသည်။
ထိုခေတ် ထိုအချိန်က ရန်ကုန်ကန္နားရုံးကြးတ၀ိုက်မှာ ဂျပန်ဘက်ဌာနဆိုင်ရာတို့သာ နေထိုင်သော အရေး ကြီး လှသည့် တားကက်ခေါ် ရပ်ကွက်ဖြစ်၍ လေကြောင်း ဒုက္ခပေးအခံရဆုံးဖြစ်ပြီး ကင်ပေတိုင် ရပ်ကွက် အချက်အခြာဋ္ဌာနဖြစ်သောကြောင့်လည်း အနီးအပါးသို့ပင် မည်သူမျှ မသီမကပ်ဝံ့ပါ၊ သွားလာခွင့် လည်း မပြုဘဲ အထူးသဖြင့် ကြပ်တည်းစွာ အစောင့်အထပ်ထပ်ချခထား၍ ဂျပန်စစ်တပ်သား တို့ လှံစွပ်ကြီး တကားကားနှင့် လမ်းသလားနေသောနေရာဖြစ်ပါသည်။ နေ့စဉ်နှင့်အမျှ အင်္ဂလိပ်ဗုံးကြဲလေယာဉ်များ လာတတ်သော အချိန်မျိုး ဖြစ်နေပြန်ရာ မနက်ဖြန်မှာ အသက်ကို ကမ္မသကာ ထား၍ အခြေအနေသို့ ရောက်ရှိ နေပါသည်။
ကြာကူရီ ဇာတ်ခင်းနေသူတွေ ဆက်ရန်
.
3 comments:
မေဓာဝီ said...
မရွှေစင်တင်ပေးနေတဲ့ ၂ ပုဒ်လုံးက နောက်ခံအချိန်တူတူတွေနော်။ တော်တော်လေး တိုက်ဆိုင်တာ ဖတ်ရင်းနဲ့ သတိထားမိတယ်။ ဟိုရှေ့ အပိုင်းတွေမှာကတည်းက အင်္ဂလိပ်ခေတ်၊ ဗိုလ်ချုပ်အကြောင်း၊ ဂျပန်ခေတ်၊ အကုန် တူတူပဲနော်။
ပြီးတော့ အမျိုးသမီးတယောက်အနေနဲ့ ရုန်းကန်ရတာတွေ ... အဖြစ်အပျက်ချင်း မတူပေမဲ့ အရမ်းတိုက်ဆိုင်တယ်။
တကူးတက တင်ပေးတဲ့ မရွှေစင်ကို သိပ်ကျေးဇူးတင်တာပဲ။
Anonymous said...
အမြန်ဖတ်ချင်လှပီ..အမရေ...။
ဟယ်လင်ရော.. ခင်ခင်ရော..။
Anonymous said...
အပေါ်က ... ကျနော်..အမ.. နာမည်မထည့်လိုက်လို့။ အမ ရေ... ဖတ်ရတာ တငွေ့ငွေ့နဲ့ အပီးကိုဖတ်ပစ်ချင်တယ်..အဟုတ်။
အမခြိမ်းခြောက်သလို.. အမသာ ဆက်မရေးပေးတော့ဘူးဆိုရင် အိမ်မြှောင်အမြှီးပြတ်..ငါးရံ့ပြာလူး ဖြစ်နေမှာ မြင်ယောင်မိပါသေး..